Sunday, March 10, 2019

Robot ဘုန်းကြီးနှင့် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးရဲ့  အခန်းကဏ္ဍ





ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန်မှာ ဘုန်းကြီးအစားထိုး စက်ရုပ်အသုံးပြုတဲ့သတင်းကို
 လူတွေစိတ်ဝင်တစား ပြောနေ၊ ရှယ်နေကြတာ၊ စိုးရိမ်တဲ့စိတ်၊ အလိုမကျတဲ့စိတ်တွေဖြစ်နေကြတာ သတိထားမိတယ်။ ဒီအကြောင်းကို မိတ်ဆွေတစ်ယောက်ကဘယ်လိုသဘောရလဲလို့ လှမ်းမေးလာတယ်။ သူ့ကို ကျွန်တော်တွေးမိတာလေးပြောပြဖြစ်တယ်။ အခုအဲဒါလေး ရေးပြချင်လို့ပါ။

ဘာလို့ စက်ရုပ်နှင့် ဘုန်းကြီးကို အစားထိုးကြတာလဲဆိုတော့ လုပ်လို့ရတဲ့ အခြေအနေမျိုးရှိနေလို့ ဂျပန်တွေလုပ်ကြတာလို့ပဲမြင်ပါတယ်။ ဂျပန်ရဲ့  ဘာသာရေး အခြေအနေကို နဲနဲ အကြမ်းဖျင်းလေး သိထားရင် စဉ်းစားကြည့်လို့ရပါတယ်။

ဂျပန်မှာ ကောက်ထားတဲ့ စာရင်းတွေအရကတော့ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေဟာ လူဦးရေ သန်း၉၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ အများစုက မဟာယာနဗုဒ္ဓဘာသာတွေပါ။ ဒါက မြန်မာပြည်မှာလိုပြောရရင် မှတ်ပုံတင်ထဲမှာ၊ လျှောက်လွှာစာရွက်တွေမှာ ကိုးကွယ်သည့်ဘာသာဆိုပြီး ဖြည့်ကြရင် ဖြည့်သလိုမျိုးပဲနေပါလိမ့်မယ်။ တကယ် အပြင်မှာ မြင်နေတွေ့နေဆက်ဆံနေရတဲ့သူအများစုကို လိုက်မေးကြည့်ရင်တော့ ဘာသာရေးကို စိတ်မ၀င်စားတဲ့သူ၊ ဘာသာမဲ့တဲ့သူတွေက ပိုများပါတယ်။ ဗုဒ္ဓဘာသာလို့ပြောလာကြရင်လည်း သူတို့ကို ဘာသာရေးအကြောင်း ဆက်မေးကြည့်။ ဘာမှ မယ်မယ်ရရ သိပ်မဖြေတတ်တာက များပါတယ်။

လူငယ်တွေကြားမှာ ဟာသလိုပြောနေကြပေမယ့် တကယ်လည်း မှန်နေသလိုဖြစ်နေတာရှိတယ်။ ဘာလဲဆိုတော့ ခရစ်ယာန်လို မင်္ဂလာဆောင်ပြီး ဗုဒ္ဓဘာသာလို သေမယ်တဲ့။ ခရစ်ယာန်တွေဘုရားကျောင်းမှာ မင်္ဂလာဆောင်ကြတာက ဘယ်နိုင်ငံ၊ ဘယ်နေရာမှာမဆို ကြည့်လိုက်ရင် စိတ်ဝင်စား ရင်ခုန်စရာကောင်းတယ်မဟုတ်လား။ ဒီတော့ မင်္ဂလာဆောင်တဲ့အချိန်မှာ ခရစ်ယာန်ခဏလုပ်လိုက်မယ်ပေါ့။ ဒီမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက သင်္ချိုင်းမြေနေရာတွေ ပိုင်ထားတတ်ကြပြီး၊ သေသူအတွက် ဘ၀ကူးကောင်းအောင် ဆုတောင်းပေးတာ ဘာညာတွေကို သူတို့ဆီ အပ်ထားရင် နှစ်ပေါင်းများစွာ ပိုက်ဆံယူပြီး ပုံမှန်လုပ်ပေးကြတော့ သေတဲ့အခါ ဘ၀ကူးကောင်းအောင်က ဗုဒ္ဓဘာသာဘုန်းကြီးကို အပ်လိုက်ရင် ပြီးတာပါဘဲ။ ကျန်တဲ့ ဘ၀တစ်လျှောက်လုံးကတော့ ကိုယ့်ဖာသာ ကြိုးစား၊ အလုပ်လုပ်၊ စီးပွားရှာ ပျော်အောင်နေရုံရှိတာဘဲ။

သူတို့တွေအနေနှင့် ဘုန်းကြီးကျောင်းဆိုတာ မင်္ဂလာဆောင်တဲ့အချိန်၊ အသုဘရှိတဲ့အချိန်၊ နှစ်သစ်ကူးတဲ့အချိန်၊ တမြို့ တနယ်ခရီးထွက်အပန်းဖြေတဲ့အချိန်မျိုးမှာ သွားပြီး ဆုတောင်းဝတ်ပြုတတ်ကြတာကလွဲလို့ အားအားယားယား သွားတတ်ကြတဲ့ နေရာမျိုးလည်း မဟုတ်ဘူးလေ။

ဂျပန်ဘုန်းကြီးတွေဆိုတာကလည်း အဲဒီလို အခမ်းအနားတစ်ခုခုရှိတဲ့အချိန်၊ ဧည့်သည်တွေလာတဲ့အချိန်မှာမှ ပရိတ်သတ်ရှေ့  ထွက်လာပြီး ဘုရားစာဆို၊ ၀တ်ပြုဆုတောင်း၊ blessing ပေးလုပ်ကြရုံရှိတာကို။

၂၀၁၇ လောက်တုန်းက ကျိုတိုမှာ ဘုန်းကြီးကနေ ဘုန်းကြီးကျောင်းအမှုဆောင်အဖွဲ့ကို တရားစွဲတာတစ်ခုဖြစ်သွားခဲ့သေးတယ်။ ကျိုတိုဆိုတာက ဂျပန်ရဲ့  မြို့ တော်ဟောင်း။ ရှေးဟောင်းဘုန်းကြီးကျောင်းတွေက တော်တော်လေးပေါတယ်။ ခရီးသွားဧည့်သည်တွေကလည်း သူတို့ ဂျပန်တွေရော၊ နိုင်ငံခြားသားတွေရောနှင့် တစ်နှစ်ပတ်လုံး အမြဲစည်ကားနေတဲ့မြို့ ။ ဂျပန်တွေက ကျန်တဲ့အချိန်သာ ဘာသာရေးနှင့် ကင်းကွာတတ်ကြပေမယ့် ခရီးသွားတဲ့အခါမျိုးဆိုရင်တော့ နာမည်ကြီးဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ၀င်ပြီး ဆုတောင်းဘုရားရှိခိုးလုပ်တတ်ကြတာကိုး။ ဘယ်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း ကြည့်ကြည့် ဧည့်သည်က မပြတ်ရှိနေတတ်တာ။

အဲဒီမှာ ခုနကဘုန်းကြီးက သူ့မှာ တစ်နေ့တစ်နေ့ မိုးလင်းကနေမိုးချုပ်တဲ့အထိ နားချိန်စားချိန်မရှိပဲ လာသမျှဧည့်သည်တွေအတွက် ဘုရားစာဆို၊ ဆုတောင်းပေးနေရတာ ကြာလာတော့ သည်းမခံနိုင်တော့ပဲ ကျောင်းအုပ်ချုပ်ရေးကို တရားစွဲတာ။ အဲဒါနဲ့ အခုနောက်ပိုင်းတော့ ကျောင်းကနေ အဲဒီ ဘုန်းကြီးကို လစာပေးရပြီး ဂျပန်က ၀န်ထမ်းတစ်ယောက်အနေနှင့် ရသင့်ရထိုက်တဲ့ အကျိုး ခံစားခွင့်တွေအတိုင်း ထောက်ပံ့ပေးလိုက်ရတယ်။

ဂျပန်မှာက ခုနအပေါ်မှာ ပြောခဲ့သလို မင်္ဂလာဆောင်တွေ၊ အသုဘတွေနှင့် အခြားအခမ်းအနားပွဲတွေလုပ်တော့မှ ဘုန်းကြီးပင့်လေ့ရှိပြီးတော့ ဘုန်းကြီးတွေကို ပေးရ (လှူရ) တဲ့ ငွေကြေးပမာဏကလည်း မြန်မာငွေနှင့်တွက်ကြည့်မယ်ဆို သိန်းပေါင်းများစွာကုန်ကျတတ်တယ်။ ဒါကို စီးပွားရေးအကွက်မြင်တဲ့ Amazon က "Rent-A-Monk" ဆိုတဲ့ အွန်လိုင်းဝန်ဆောင်မှူတစ်ခုကို အပြင်ကုမ္ပဏီတစ်ခုနှင့်ပေါင်းပြီး၂၀၀၉ လောက်တုန်းက ဂျပန်မှာလုပ်ခဲ့သေးတယ်။ ပွဲတစ်ခုခုမှာ ဘုန်းကြီးပင့်ချင်ရင် Amazon မှာဝင်ပြီး ဘာအတွက်ပင့်မယ်၊ ဘယ်နှစ်ပါးပင့်မယ်၊ ဘယ်နေရာ၊ ဘယ်အချိန်ပင့်မယ်ဆိုပြီး ပြောလိုက်ရုံနှင့် ဘုန်းကြီးတွေက ကိုယ်ရှိတဲ့နေရာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာမျိုး။ ငွေချေတာက Amazon ထုံးစံ Online Payment ဆိုတော့ ဘာပဲဖြစ်ဖြစ် ပိုက်ဆံမရှိသေးရင်တောင် Credit Card နှင့် ရှင်းထားလို့ရတယ်။

အဲဒီ Service နှင့် ချိတ်ထားတဲ့ ဘုန်းကြီးတွေက ဘုန်းကြီးငှားတဲ့သူပေါ်လာရင် Third Party ချိတ်ထားတဲ့ ကုမ္ပဏီကနေတဆင့် လှမ်းအကြောင်းကြားပေးမယ်။ အဲဒီအချိန်ကျ သူသွားခိုင်းတဲ့နေရာသွားရုံဘဲ။ ငွေကို အဲဒီကုမ္ပဏီကပဲ ရှင်းပေးလိမ့်မယ်။ ဒီစနစ်က ဘုန်းကြီးကျောင်း တိုက်ရိုက်သွားပြီး ဘုန်းကြီးပင့်တာထက် အများကြီး ကုန်ကျစရိတ်သက်သာစေတဲ့ ၀န်ဆောင်မှုဆိုတော့ customer ဘက်ကကြည့်ရင်တော့ အတော်ကောင်းကောင်းဘဲ။ ဒါပေမယ့် ဂျပန်ဗုဒ္ဓဘာသာအသင်းက ဒါက ဂျပန်နိုင်ငံရဲ့  ဘာသာရေးဂုဏ်သိက္ခာကျဆင်းစေတာမို့ ရပ်တန့်ပေးဖို့ Amazon ကို စာရေးအကြောင်းကြားကန့်ကွက်တာနှင့် Amazon က အဲဒီဝန်ဆောင်မှုကို ရပ်ပေးခဲ့တယ်။

စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခုအနေနှင့်ကတော့ ဘယ်နေရာ၊ ဘယ်လုပ်ငန်းမဆို အတတ်နိုင်ဆုံး manpower ကို သုံးမယ့်အစား ကွန်ပျူတာတွေ၊ စက်ရုပ်တွေ၊ စက်ပစ္စည်းတွေနှင့် အစားထိုးဖို့စဉ်းစားကြတာ မဆန်းဘူး။ ဒီလူတစ်ယောက်ရဲ့  သူလုပ်ဆောင်နေရတဲ့ အခန်းကဏ္ဍကို စောင့်ကြည့်ပြီး ဒီနေရာမှာ လူသုံးဖို့မလိုဘူး။ စက်သုံးလို့ဖြစ်တယ်ဆိုရင် စက်ကို အစားထိုးမှာဘဲ။ လူက တခြားပိုတန်ဖိုးရှိတဲ့၊ ပိုဦးနှောက်သုံးရတဲ့ နေရာတွေအတွက် အသုံးပြုရမှာကိုး။

အခုဂျပန်မှာ ဘုန်းကြီးအစား၊ စက်ရုပ်သုံးတယ်ဆိုတာ အဲဒီစဉ်းစားတဲ့ ပုံစံအတိုင်းသွားထားတာပါဘဲ။ ဂျပန်ဘုန်းကြီးတစ်ပါးအနေနှင့် ဧည့်သည်လာရင် ဘုရားစာဆိုပေး၊ ဆုတောင်းပေးရတာကို တစ်နေကုန် ထပ်ခါထပ်ခါလုပ်မယ့်အစား စက်ရုပ်ထဲ data ထည့်ပေးထားပြီး ရွတ်ခိုင်းလိုက်လည်း ရတာဘဲလို့ တွေးမိကြလို့ လုပ်တာပါ။

ဒီတော့ မြန်မာပြည်မှာလိုမျိုး ဘုန်းကြီးနှင့် ဒကာ၊ ဒကာမဆက်ဆံရေးပုံစံမျိုးနှင့် စဉ်းစားကြည့်ရင်တော့ အခုလို စက်ရုပ်အစားထိုးတယ်ဆိုတဲ့ကိစ္စဟာ လက်ခံချင်စရာမကောင်းဘူးပေါ့။ သူတို့မှာက ဘုန်းကြီးနှင့် ဒကာ၊ ဒကာမနှင့်ကြားမှာ in touch ဖြစ်စရာ အကြောင်းကိစ္စတွေ သိပ်မှ မလိုအပ်တာကိုး။

ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးနှင့် ဘာသာရေးအကြောင်း သိချင်တာ၊ နားမလည်တာမေးမယ်၊ ဆွေးနွေးမယ်။ ကျောင်း ဝေယျာဝစ္စလုပ် ကုသိုလ်ယူမယ် ဆိုတာမျိုး၊ ဆွမ်းခံကြွတဲ့ ဘုန်းကြီးကို ဆွမ်းလောင်းမယ်၊ သဒ္ဓါပေါက်ရင် ပေါက်သလို သံဃာတွေအိမ်ကို ဆွမ်းစားပင့်ပြီး တရားနာမယ်ဆိုတာမျိုး မြန်မာပြည်မှာလို လုပ်မှ မလုပ်ကြတာ။

နောက်ရှိသေးတယ်။ ဂျပန်တွေအနေနဲ့ မြန်မာဒကာ၊ ဒကာမတွေ အများစု လုပ်တတ်ကြသလိုမျိုး သူတို့ရဲ့  လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အိမ်တွင်းရေး ပြဿနာ ကြီးငယ်တွေကို ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးကို ရင်ဖွင့် အကြံဉာဏ်တောင်းတဲ့ အလေ့အကျင့်လည်း မရှိကြဘူးလေ။ ဒါတွေအတွက် သူတို့မှာ နားလည်တတ်ကျွမ်းတဲ့ ရှေ့ နေတွေ၊ စီးပွားရေးလူမှုရေးပညာရှင်တွေ၊ စိတ်ပညာရှင်၊ တတ်သိနားလည်တဲ့သူတွေဆီသွားပြီး အကြံဉာဏ်တောင်းတဲ့ အလေ့အထကလည်း သူ့ဟာနဲ့သူ အသားကျနေကြပြီးသား ဖြစ်နေပြီ။

ဒီတော့ မြန်မာဘုန်းကြီးတွေလိုမျိုး သူတို့ ဘုန်းကြီးတွေအနေနဲ့ ဒကာ၊ ဒကာမတွေ ကျောင်းလာပြီး သူတို့ရဲ့  ပြဿနာပေါင်း သောင်းခြောက်ထောင် လာရင်ဖွင့်သမျှ ထိုင်နားထောင်ပေးစရာ၊ နှစ်သိမ့်ဆွေးနွေးပေးစရာ မလိုဘူးလေ။ နောက် သူတို့မှာက သူတစ်ပါးရဲ့  အချိန်ကို ကိုယ့်အတွက်နှင့် အနှောက်အယှက်မဖြစ်ရအောင် အရမ်းသတိထားနေတတ်ကြတာလည်း ပါတာပေါ့။ ဒီတော့ ဘုန်းကြီးကျောင်းသွားရင် ဘုရားစာရွတ်ပေး၊ blessing ပေးဖို့အတွက် လူဘုန်းကြီး မရှိလည်း ဖြစ်တာပါဘဲ။ ဘုရားစာရွတ်တတ်တဲ့ စက်ရုပ်ရှိနေလည်း အလုပ်ဖြစ်တယ်။ မဟုတ်ဘူးလား။

မြန်မာပြည်မှာရော။ တိုင်းပြည် ချမ်းသာလာတဲ့ တစ်နေ့ ဘုန်းကြီးတွေနေရာမှာ စက်ရုပ်တွေ အစားထိုး ၀င်လာနိုင်ချေရှိများ ရှိနိုင်သလား။ အဲဒါလေး စဉ်းစားကြည့်ရအောင်။

မြန်မာပြည်က တချို့ ဘုန်းကြီးကျောင်းတွေရယ်၊ နိုင်ငံခြားက တချို့  မြန်မာကျောင်းတွေရယ်၊ တခြားထေရ၀ါဒနိုင်ငံတွေက ဘုန်းကြီးကျောင်းတွေမှာလည်း ဘုရားလာဖူးတဲ့သူ၊ ဘုန်းကြီးကျောင်းလာတဲ့သူတွေကို "သဗ္ဗီတိယော ၀ိဝဇ္ဇန္တု " ဂါထာလေးရွတ်ပေးပြီး လက်ကိုပရိတ်ကြိုးချည်ပေး၊ ပရိတ်ရေကို သပြေရွက်၊ ကြာဖူးတွေနှင့် တို့တို့ပြီး ခေါင်းကို သပ်ပေး၊ အန္တရာယ်ကင်းပရိတ်ချည်တို့၊ ဖယောင်းတိုင်တို့ ပေးတာတွေ မြင်ဖူးတယ်။

ပြီးခဲ့တဲ့နှစ်က အချိန်အားရတာနှင့် ဒီက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဒုလ္လဘ ခဏ၀တ်ဖြစ်တယ်။ မြန်မာဘုန်းကြီးနဲတဲ့အရပ်ဒေသမှာ ဖြစ်ချင်တော့ ဘာသာရေးအခမ်းအနားပွဲတွေလုပ်တဲ့အချိန်နှင့် သွားတိုက်ဆိုင်နေတယ်။ နောက် အလုပ်ပိတ်ရက်တွေမှာ အိမ်ပင့်ဆွမ်းကပ်တာတွေ၊ ဘုရားအနေကဇာတင်တာတွေ ဖိတ်တာနှင့်သွားကြုံတယ်။ ဒါနဲ့ ကိုယ်လည်း ကျောင်းနေသံဃာအနေနှင့် ပင့်တော့ ရောယောင်လိုက်သွားပေးရတာပေါ့။ အဲဒီမှာ ဆွမ်းစားကွမ်းစားလိုက်ရင်း သတိထားမိပြီး စဉ်းစားချင်စရာလေးတွေသွားတွေ့တယ်။

မြန်မာလူမျိုးတွေဆိုတာက မွေးကတည်းက ဘာသာရေးနှင့် အမြဲတမ်း ထိတွေ့လက်ပွန်းတတီးနေနေကြတဲ့သူတွေဆိုတော့ သဒ္ဓါတရားတွေက ထက်သန်ကြတယ်။ ဘယ်နေရာဘယ်ဒေသရောက်ရောက် ဘုရား စေတီပုထိုး၊ ဘုန်းကြီးကျောင်းရှိတဲ့အရပ်ဆို အရောက်သွားလိုက်ရမှ၊ အလှူဒါနလေးပြုလိုက်ရမှ နေသာထိုင်သာရှိတတ်ကြတာမဟုတ်လား။ ရဟန်းသံဃာဆို ဆွမ်းခဲဖွယ်ဘောဇဉ်ကို အလျှံပယ်လှူဒါန်းချင်ကြတယ်။ ငွေကြေးဝတ္ထုဆိုလည်း ရက်ရက်ရောရောကို လှူဒါန်းတတ်ကြတယ်။

ဆွမ်းစားပင့်လို့သွားရပြီဆို အဲဒီအလှူရှင်ရှိတဲ့နေရာမှာ ပေးရတဲ့အချိန်က ၁နာရီခွဲ ၂နာရီလောက်တော့ရှိမယ်။ သူတို့ကပ်တဲ့ဆွမ်းကိုဘုန်း၊ တရားဟော၊ ရေစက်ချ။ အလာပသလ္လာပစကားနဲနဲပြော။ ၀တ္ထုငွေနှင့် လှူဖွယ်ပစ္စည်းကပ်တာလက်ခံ။ ပြီးရင်တော့ ကျောင်းပြန်ပေါ့။ ကျောင်းရောက်လို့ သူတို့လှူလိုက်တဲ့ ၀တ္ထုငွေကိုကြည့်မိပြီး မျက်လုံးပြူးရတယ်။ ဒီမှာ ပုံမှန်အလုပ်သမားတစ်ယောက် တစ်နေ့တာ ၁၀နာရီ၊ ၁၂နာရီလောက်လုပ်မှရနိုင်တဲ့ ငွေကြေးပမာဏမျိုးကို အနည်းဆုံးအနေလောက်နှင့် ရဟန်းတစ်ပါးကို လှူဒါန်းနိုင်ကြတယ်။ ပြောရရင် ၁နာရီ ၁နာရီခွဲလောက် အချိန်ပေးလိုက်ရုံနဲ့ ပုံမှန်လူ အလုပ်လုပ်တဲ့ တစ်ရက်စာ အေးအေးလူလူဝင်တယ်။ မြတ်စွာဘုရားထားခဲ့တဲ့ သာသနာတော်ရဲ့  အရှိန်အ၀ါဟာ အင်မတန်ကြီးမားတာပါလားလို့ တွေးမိလိုက်တယ်။

ဘာဆက်စဉ်းစားမိလဲဆိုတော့ ပုံမှန် သာရေးနာရေး ဘာသာရေးအခမ်းအနားတစ်ပွဲမှာ ဘုန်းကြီးတစ်ပါးအတွက် သီလပေး၊ ပရိတ်ရွတ်၊ တရားဟော၊ ရေစက်ချလုပ်တာ နာရီဝက်ကနေ ၄၅မိနစ်၊ တစ်နာရီအတွင်းအချိန်မှာ အားလုံးပြီးအောင်လုပ်နိုင်ပါတယ်။ အဲဒီလို အခမ်းအနားမျိုးတွေသီးသန့်အတွက်ပဲ ဟောနိုင်၊ ပြောနိုင်၊ ပရိတ်ရွတ်နိုင်ဖို့အတွက် လေ့ကျင့်မယ်ဆိုရင် ဘာမှ ဘာသာရေး background အခြေခံမရှိတဲ့သူတောင် နှစ်ပတ်ကနေ တစ်လလောက် လေ့ကျင့်လိုက်ရင် ပြောလို့ဟောလို့ရနိုင်တယ်။

သိတဲ့အတိုင်း ပရိတ်ဆိုလည်း ပရိတ်ကြီး ၁၁ သုတ်လုံး အလွတ်ရနေဖို့မှ မလိုတာ။ နတ်ပင့်၊ မေတ္တာသုတ်ရွတ်၊ ဂုဏ်တော်တွေရွတ်၊ ယံဒုန္နိမိတ္တံ ၃ဂါထာရွတ်နိုင်ရင်ရနေပြီ။ ဘုရားအနေကဇာတင်အတွက်ဆို အနေကဇာတိသံသာရံဂါထာတွေ အလွတ်ကျက်ပေါ့။ ပြီးရင် သီလပေးရေစက်ချ အလွတ်ကျက်။ ဟောမယ့်ပြောမယ့် တရားကို သာရေးနာရေးနှင့် စပ်ဆက်ပြီး ဘုရားဟောဇာတ်လမ်းတွေထဲက သင့်လျှော်ရာ ဇာတ်လမ်း ၁၅ပုဒ် အပုဒ်၂၀လောက် ထုတ်နုတ်ပြီး ဖတ်ထားမှတ်ထားနိုင်ရင် အိုကေပြီ။ ဒီဘက်ခေတ်မှာဆို ပါဠိတွေလည်း သိပ်ရွတ်ပြနေစရာမလိုတော့ ပါဠိဂါထာတွေ ကျက်နေဖို့လည်း သိပ်မလိုလှဘူး။ လူရှိန်အောင် အနည်းအကျဉ်း စကားထဲမှာ ညှပ်ညှပ်ပြီး ထည့်ပြောပေးနိုင်ရုံလောက်ဆို အလုပ်ဖြစ်နေပြီ။

ပြောချင်တာက သာသနာ့အရိပ်ခိုပြီး လွယ်လွယ် လုပ်စားချင်တယ်ဆိုရင် လုပ်စားဖို့ မခက်ခဲဘူးဆိုတာကိုပါ။ ဒါကြောင့်လည်း အခုဒီဘက်နှစ်တွေမှာ သင်္ကန်းဝတ်ပြီး မထော်မနန်းလုပ်နေကြတဲ့သူတွေ ရှေးကထက် ပိုပိုများလာတာ သတိထားမိကြမှာပါပဲ။ ပင်ပင်ပန်းပန်း ရှာဖွေစားသောက် အလုပ်မလုပ်ချင်ဘူးလား။ သာသနာ့အရိပ်အောက်မှာ သဒ္ဓါအားကောင်းကြတဲ့ ဒကာ၊ ဒကာမတွေကို သူတော်ကောင်းယောင်ဆောင်ပြီး လိမ်စားလို့ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်။

အဲဒီလို လုပ်စားတဲ့ ဘုန်းကြီးတွေ များလာရင်တော့ ကြာရင် လူတွေကလည်း ရိပ်မိလာကြမှာပါဘဲ။ ဒကာ၊ ဒကာမတွေစိတ်ထဲမှာ ဘုန်းကြီးဆိုတာ ပရိတ်ရွတ်ပေးရုံ၊ သဗ္ဗီတိယော ၀ိဝဇ္ဇန္တု ဆိုပြီး ပရိတ်ကြိုးချည်ပေးရုံလောက်ပဲ လုပ်ပေးကြပြီး ငါတို့က အလှူငွေထည့်နေရတာပါလားလို့ မြင်လာကြလိမ့်မယ်။ အဲလိုမြင်လာတဲ့သူတွေ များလာတဲ့ တစ်နေ့ရောက်လာရင်တော့ တိုင်းပြည်မှာ စက်မှုနည်းပညာတွေ အရမ်းတိုးတက်နေရင်တော့ ကိုယ်ပိုင်စက်ရုပ်ပေါ့။ မတိုးတက်သေးရင်တော့လည်း ဂျပန်ကနေ စက်ရုပ်မှာပြီး ဘုန်းကြီးတွေအစား Robot သုံးတဲ့အနေအထား ရောက်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲလေ။

သာသနာတော်ကို ကြည်ညိုလေးစားတဲ့ ဒကာဒကာမတွေ အတွက် ဗုဒ္ဓဘာသာရဟန်းတစ်ပါးရဲ့ အခန်းကဏ္ဍ အနာဂတ်မှာ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိနေမလဲဆိုတာကတော့ အခုလက်ရှိခေတ် ရဟန်းသံဃာတော်တွေရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာပဲ အဓိကမှီတည်နေမယ်လို့ တွေးထင်မိပါတယ်။

No comments:

Post a Comment