Sunday, March 31, 2019

3R ဖြင့် ၀ိပဿနာ ရှုပွားခြင်း





Your body is your first home: 


"Breathing in, I arrive in my body. 

Breathing out, I am home."

Thích Nhất Hạnh

ဗီယက်နမ်ဘုန်းတော်ကြီး ဆရာတော်သစ်နက်ဟန် (Thích Nhất Hạnh) ကို မြန်မာပြည်မှာ အများစုကတော့ ဇင်ဘုန်းတော်ကြီးတစ်ပါးအနေနှင့်ပဲ သိထားကြတာများပါတယ်။ ဇင် လို့ကြားလိုက်တာနဲ့ကိုဘဲ ဒါဟာ ငါတို့လက်ခံယုံကြည်ထားတဲ့ ထေရ၀ါဒမဟုတ်ဘူး၊ ငါတို့နှင့် မဆိုင်ပါဘူးရယ်လို့ တန်းပြီးလည်း တွေးထင်သွားတတ်ကြတာများပါတယ်။

ဒါပေမယ့် ဆရာတော် TNH ရဲ့  ဟောကြားထားတဲ့ တရားတွေ၊ ရေးသားထားတဲ့ စာတွေကို လေ့လာကြည့်ကြည့်မယ်ဆိုရင်တော့ အများစုက ထေရ၀ါဒက လက်ခံယုံကြည်ထားတဲ့ တရားတွေနှင့် သိပ်ပြီး မကွဲလွဲတာကို တွေ့ရမှာပါ။ အထူးသဖြင့်တော့ သတိနှင့် ၀င်လေထွက်လေကို ရှုမှတ်တတ်ဖို့နှင့် အမူအရာတိုင်းမှာ သတိနှင့် နေတတ်ဖို့သင်ကြားပြသရာမှာ မဟာသတိပဋ္ဌာနသုတ်တော်ထဲကအတိုင်းပဲ သင်ကြားပေးသွားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဆရာတော် TNH သင်ပြတဲ့ တရားရှုမှတ်နည်းအချို့ ဟာ မြန်မာပြည်မှာ အရင်က ကြားဖူးနေကျမဟုတ်တဲ့ ရှုနည်း၊ မှတ်နည်းမျိုးတွေဖြစ်နေတတ်တော့ ရုတ်တရတ်ကြားလိုက်ရရင် တချို့ တွေအတွက်တော့ နားလည် လက်ခံပေးဖို့ရာ အခက်အခဲဖြစ်ကြမှာ အမှန်ပါဘဲ။ 

အထူးသဖြင့် ဆရာတော်သင်ပေးတတ်တာက ၀င်လေထွက်လေရှုမှတ်နည်းကို လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး၊ စိတ်ခံစားမှုပေါ်မူတည်ပြီး ပုံစံ အမျိုးမျိုးနှင့် ပြောင်းမှတ်ခိုင်းတာမျိုး၊ ပြုံးဖို့ သင်ပေးတာမျိုး၊ မုဒိတာပွားတဲ့ ရှုမှတ်နည်း၊ ကရုဏာပွားတဲ့ရှုမှတ်နည်း၊ နောက်ပြီး ကိုယ်နာကျင်မှုနှင့် စိတ်နာကျင်မှုတွေဖြစ်တဲ့အခါ ဝေဒနာအပေါ် ရှုမှတ်နည်းတွေဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့  နားမှာ ခပ်စိမ်းစိမ်းလို ဖြစ်နေမှာ အသေအချာပါဘဲ။

ဒါပေမယ့် အခုဒီဘက်နှစ်ပိုင်းတွေမှာတော့ Oxford ဆရာတော်ရဲ့  တရားတွေကို လူတွေသဘောကျနှစ်သက်လက်ခံလာကြပြီး ဟောထားတဲ့ တရားတွေနာလာကြတာ၊ ရေးထားတဲ့ စာအုပ်တွေဖတ်လာကြတာကို သတိထားမိလာပါတယ်။ 

ဆရာတော်က လူအများစု သိထား၊ နားလည်ထားပြီးသားဖြစ်တဲ့ မေတ္တာကမ္မဋ္ဌာန်းကို ဦးတည်မဟောပဲ ကရုဏာနှင့် မုဒိတာ ကမ္မဋ္ဌာန်းကို ဦးတည်ဟောတတ်ပါတယ်။ Positive Emotion, Positive Thinking, Positive Psychology စသဖြင့် ခေါင်းစဉ်တွေတပ်ပေးပြီး ကရုဏာနှင့် မုဒိတာကိုပွားတတ်အောင် ပုံစံအမျိုးမျိုးနှင့်သင်ပေးပါတယ်။

အာနာပါနနှင့်တွဲပြီးလည်း ဒီ အနုဿတိကမ္မဋ္ဌာန်းတွေကို ပွားများတတ်အောင် သင်ပေးသွားတယ်။ နောက်ပြီး နာကျင်မှုဝေဒနာကို ကရုဏာနှင့် ဘယ်လိုကြည့်ရတယ် ဆိုတာမျိုးတွေ သင်ပြပေးတာ တွေ့ရပါတယ်။ 

Oxford ဆရာတော်ရဲ့  သင်ကြားပြသပေးတဲ့နည်းစနစ်တွေဟာ ဆရာတော် TNH ရဲ့  သင်ကြားပေးပုံတွေနှင့် နေရာတော်တော်များများမှာ တူနေတာကိုလည်းဘဲ သတိထားမိတယ်။ တကယ်တော့ ဆရာတော် နှစ်ပါးလုံးဟာ ပိဋကစာပေနှင့် မဆန့်ကျင်ပဲ လူအများနားလည်ကျင့်သုံးလွယ်မယ့် နည်းစနစ်တွေနှင့် သင်ကြားပေးသွားကြတာမျိုးလို့ဘဲ သုံးသပ်မိပါတယ်။ 

အခု Oxford ဆရာတော် သင်ပေးတဲ့ လူကြီးလူငယ်အားလုံး နားလည်လွယ်ပြီး၊ လိုက်လုပ်ကြည့်ဖို့လည်း မခဲယဉ်းတဲ့ လွယ်ကူရိုးရှင်းတဲ့ ၀ိပဿနာရှုမှတ်နည်းတစ်ခုကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

ဆရာတော်က ဒီနည်းကို 3R ရှုမှတ်နည်းလို့ပြောပါတယ်။ စစချင်းမှာ နှာသီးဝမှာ ၀င်လေထွက်လေကို မှတ်တာဘဲဖြစ်ဖြစ်၊ ၀မ်းဗိုက်မှာ ပိန်တယ်၊ ဖောင်းတယ်ကို မှတ်တာဘဲ ဖြစ်ဖြစ် တခြား မိမိတို့ နှစ်သက်ရာ သမာဓိထူထောင်တဲ့ နည်းစနစ်တစ်ခုခုကို အသုံးပြုပြီး တရားစတင်ရှုမှတ်ရမှာဖြစ်ပါတယ်။

အဲဒီလိုမှတ်နေရင်းက ခန္ဓာကိုယ်ပေါ်မှာ နာတာကျင်တာ၊ ကိုက်တာခဲတာ၊ ယားတာယံတာ စသဖြင့် တစ်ခုခုပေါ်လာတာဘဲဖြစ်ဖြစ်၊ နားကနေအသံတစ်ခုခုကြားတာ၊ နှာခေါင်းကနေ အနံ့တစ်ခုခုရတာ၊ အတွေးတစ်ခုခု ၀င်လာတာဘဲဖြစ်ဖြစ် အဲဒီဖြစ်လာတဲ့ အာရုံကို ချက်ချင်းသွားပြီး သိပေးရပါမယ်။

ဒါကို ဆရာတော်က 'Regisiter' လုပ်တယ်လို့ သုံးပါတယ်။ မှတ်ပုံတင်လိုက်တာ၊ တနည်းကတော့ Accept လုပ်လိုက်တာ၊ လက်ခံလိုက်တာပါလို့ ပြောပါတယ်။ ငါ့ကိုယ်မှာ၊ စိတ်ထဲမှာ ဒါလေးဖြစ်သွားပါလားဆိုတာကို သိပေးလိုက်တာပါ။ ဘာမှာ ကောင်းတယ်ဆိုးတယ်၊ မှန်တယ်မှားတယ်၊ ဖြစ်သင့်တယ်မဖြစ်သင့်ဘူး ဝေဖန်မနေပဲ သိရုံသက်သက်လေး သိပေးဖို့ပဲဖြစ်ပါတယ်။

ဒီလိုသိပေးလိုက်ပြီးရင်တော့ ဒီသိနေတဲ့ အာရုံလေးကို ပြန်လွှတ်ပေးလိုက်ရပါမယ်။ ဒါကို ဆရာတော်က 'Release' လုပ်တယ်လို့ သုံးပါတယ်။ ပြီးရင်တော့ မိမိပထမမှတ်နေတဲ့ ၀င်လေထွက်လေဖြစ်ဖြစ်၊ ၀မ်းဗိုက်ဖောင်းပိန်ဖြစ်ဖြစ်ဆီကို ပြန်လာပြီး အရင်အတိုင်းပဲ ပြန်လည်ပြီးရှုမှတ်ရပါမယ်။ ဒါကိုတော့ ဆရာတော်က 'Return Home' လုပ်တယ်လို့ သုံးနှုန်းပါတယ်။

ဒီလို Register, Release နှင့် Return Home လုပ်တဲ့ ရှုမှတ်နည်းကို 3R ရှုမှတ်နည်းလို့ ဆရာတော်က တင်စားနာမည်ပေးထားတာဖြစ်ပါတယ်။

အခုပြောတဲ့ Oxford ဆရာတော်ရဲ့ နည်းဟာ မဟာစည်ဆရာတော်ကြီး သင်ကြားပြသတဲ့ အမှတ် နှင့် အားထုတ်နည်းနှင့်လည်း သဘောတရားတူပါတယ်။ ဆရာတော်ကြီးက ၀မ်းဗိုက်မှာ ဖောင်းတယ်ပိန်တယ် မှတ်နေရင်း ခန္ဓာကိုယ်မှာ နာလာရင် နာတယ်၊ နာတယ် မှတ်၊ တစ်ခုခုကြားရင် ကြားတယ်၊ ကြားတယ် မှတ်၊ တစ်ခုခုတွေးနေရင် တွေးတယ်၊ တွေးတယ် မှတ်။ ပြီးရင်တော့ မူလချည်တိုင်ဖြစ်တဲ့ ဖောင်းတယ်ပိန်တယ်ဆီပြန်လာပြီး ဆက်မှတ်ဖို့ ပြောထားတာနှင့် သဘောတရားအတူတူပါဘဲ။

ဒီ 3R နည်းဟာ မိုးကုတ်ဆရာတော်ကြီးဟောခဲ့တဲ့ အိမ်သည်နှင့် ဧည့်သည် သဘောတရားနှင့်လည်း အတူတူဘဲဖြစ်ပါတယ်။ ၀င်လေထွက်လေကို သိတဲ့စိတ်ကို အိမ်သည်စိတ်လို့ပြောပြီး တခြား အာရုံဒွါရတွေမှာဖြစ်လာတာတွေကို သိတဲ့စိတ်ကို ဧည့်သည်စိတ် အဖြစ် တင်စားပြီး ဟောကြားထားခဲ့ပါတယ်။ ဧည့်သည်စိတ်တွေဖြစ်လာရင် အဲဒါတွေကို ဖြစ်ပျက်မှတ်ပစ်၊ ပြီးတာနဲ့ အိမ်သည်ဖြစ်တဲ့ ထွက်လေ၀င်လေစိတ်ကို ပြန်မှတ်လို့ ဆရာတော်ကြီး ဆုံးမထားတာရှိပါတယ်။ ဒါကိုဆရာတော်ကြီးက နားလည်လွယ်အောင် ပင့်ကူဥပမာပေးပြီးလည်း ဟောခဲ့ပါသေးတယ်။

တကယ်တော့ ဒီ ပင့်ကူဥပမာတရားဟာ မိလိန္ဒမင်းကြီးမေးလို့ အရှင်နာဂသိန်က ရှင်းပြပေးခဲ့တဲ့ မိလိန္ဒပဥှာထဲက အမေးပုစ္ဆာတစ်ပုဒ်ပါ။ ဆိုလိုရင်းကတော့ ပင့်ကူတစ်ကောင်ဟာ ပင့်ကူအိမ်တစ်ခုဆောက်ပြီးတဲ့အခါမှာ အလယ်မှာ ငြိမ်ပြီးနေတယ်။ တကယ်လို့များ သူ့ရဲ့ အိမ် ပင့်ကူမျှင်တွေဆီကို အကောင်တစ်ကောင် လာငြိပြီး မရုန်းနိုင်၊ ထွက်မပြေးနိုင် ဖြစ်ပြီဆိုရင် သူဟာ ပိုးမျှင်တွေလှုပ်ရှားမှုကနေ ချက်ချင်းသိလိုက်တယ်။ သိလိုက်တာနဲ့ အဲဒီအကောင်ရှိတဲ့ဆီကို သူနားနေရာ ပင့်ကူအိမ်အလယ်တည့်တည့်နေရာကနေသွားပြီး ကိုက်သတ်စားပါတယ်။ ပြီးရင်တော့ သူ့မူလ အလယ်နေရာကိုဘဲ ပြန်လာပြီး ပြန်နေနေပါတယ်။

တရားရှုမှတ်သူဟာလည်း ဒီပင့်ကူအတိုင်းပါဘဲ။ သူ့ရဲ့  မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ၀င်လေထွက်လေ (သို့) ပိန်တယ်ဖောင်းတယ် စသည်ကနေ ထင်ရှားပေါ်လာတဲ့ အာရုံရှိတဲ့ဆီကို စိတ်ကနေသွားပြီး သိပေးမှတ်ပေးလိုက်ပါတယ်။ အဲဒီအာရုံလေး ပျောက်သွားပြီ၊ မထင်မရှားဖြစ်သွားပြီ ဆိုရင်တော့ မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ထွက်လေ၀င်လေ (သို့) ပိန်တယ်ဖောင်းတယ် ဆီကို ပြန်လာပြီး အရင်လို ပြန်ဆက်မှတ်နေရုံဘဲဖြစ်ပါတယ်။

ဒီနေရာမှာ သတိပြုစရာတစ်ခုတော့ရှိပါတယ်။ တခါတရံမှာ ပင့်ကူအိမ်ထဲကို အိမ်ရှင် ပင့်ကူထက်ပိုပြီး အကောင်ကြီးတဲ့၊ အင်အားပိုတောင့်တင်းတဲ့ အကောင်မျိုးတွေ လာဝင်ငြိနေတတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုအခါမျိုးမှာ အိမ်ရှင်ပင့်ကူဟာ ဒီလိုသားကောင်ကြီးမျိုးကို ရင်ဆိုင်ရာမှာ တကြိမ်တည်းမရင်ဆိုင်ပါဘူး။ ပထမအကြိမ် သားကောင်ဆီသွားပါတယ်။ သားကောင်ရဲ့  လက်ခြေအင်္ဂါတစ်ခုခုကို နာကျင်အောင် ကိုက်လိုက်ပါတယ်။ ပြီးရင် သူ့နေရာဖြစ်တဲ့ အလယ်နေရာကို ပြန်သွားပါတယ်။ ခဏနေရင် သားကောင်ဆီ ထပ်သွားပါတယ်။ သားကောင်ရဲ့  အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို ထပ်ကိုက်ပါတယ်။ ပြီးတာနှင့် သူ့နေရာသူပြန်ပါတယ်။ ဒီလိုကြိမ်ဖန်များစွာလုပ်ရင်းနှင့် နောက်ဆုံးမှာ သားကောင်သေဆုံးသွားပါတော့တယ်။ အဲဒီအချိန်ကျမှ ပင့်ကူဟာ သားကောင်ကို ကိုက်ဖြတ်စားသောက်ပါတယ်။

ဒီဥပမာအတိုင်းပါဘဲ။ တခါတလေမှာ တရားရှုမှတ်သူအနေနှင့် မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ၀င်လေထွက်လေ၊ ဖောင်းတယ်ပိန်တယ်မှတ်နေရင်း ပေါ်လာတဲ့ အာရုံဟာ ကိုယ့်မှာရှိတဲ့ သမာဓိအင်အားထက် ပိုအားကောင်းနေတာမျိုး ကြုံကြရမှာဖြစ်ပါတယ်။ ခန္̕ဓာကိုယ်မှာ အလွန်အမင်းနာကျင်ခံခက်နေတာမျိုး၊ စိတ်ထဲမှာဖြစ်နေတဲ့ အတွေးတွေ၊ ခံစားမှုတွေဟာ ထိန်းမနိုင် သိမ်းမရအောင် ရုန်းရင်းဆန်ခတ်ဗလောင်ဆူပွက်နေတာမျိုး၊ အတွေးတွေ ရပ်လို့မရနိုင်အောင် ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေမှာ ခုနပင့်ကူရဲ့  နည်းစနစ်အတိုင်းဘဲ ပထမတစ်ကြိမ်မှတ်လိုက်၊ ထားခဲ့လိုက်၊ ပြီးရင် ကိုယ့်ရဲ့  မူလကမ္မဋ္ဌာန်းဆီ ပြန်လာလိုက်၊ နောက်တစ်ကြိမ် အာရုံဆီထပ်သွားမှတ်လိုက်နှင့် ကြိမ်ဖန်များစွာ ကြိုးစားမှတ်ပေးကြရမှာဖြစ်ပါတယ်။ ဒီလိုမှတ်ရင်း မှတ်ရင်းနဲ့ဘဲ ဒီ ရုပ်နာကျင်မှု၊ စိတ်နာကျင်မှုစတာတွေဟာ သူတို့ရဲ့  ပြင်းအားတွေ တဆတဆ ယုတ်လျော့သွားပြီး ဖြေးဖြေးချင်း ချုပ်ဆုံး ကွယ်ပျောက်သွားကြမှာဖြစ်ပါတယ်။

Oxford ဆရာတော်ပြောတဲ့ 3R ရှုမှတ်နည်းမှာပါတဲ့ Register ဆိုတဲ့စကားဟာ တရားရှုမှတ်နေတဲ့ပုဂ္ဂိုလ်အနေနဲ့ ရုပ်မှာဘဲဖြစ်ဖြစ်၊ စိတ်မှာဘဲဖြစ်ဖြစ် ပေါ်လာသမျှအာရုံတွေကို လက်ခံအသိအမှတ်ပြုပေး၊ သိပေး၊ နားလည်ပေးရမှာကိုဆိုလိုပါတယ်။ မကောင်းတဲ့ အာရုံတွေအပေါ်မှာ တွန်းကန်ဖယ်ရှားလိုက်ချင်တာမျိုး၊ ရှောင်ခွာထွက်ပြေးချင်တာမျိုး မလုပ်ရပါဘူး။ 

စိတ်ပညာမှာ ပြောထားတာက လူတွေမှာ သိစိတ် (Conscious Mind) နှင့် မသိစိတ် (Sub-Conscious Mind) ဆိုပြီး ရှိပါတယ်။ သိစိတ်ဟာ Short Term Memory နှင့်တူပြီးတော့ မသိစိတ် ဟာ Long Term Memory နှင့်တူပါတယ်။ သိစိတ်ထဲကို ၀င်လာတဲ့ အတွေးတွေ၊ အကြောင်းအရာတွေဟာ အသစ်အသစ်ဝင်လာတဲ့ အကြောင်းအရာတွေ များလာတဲ့အခါ အဟောင်းအဟောင်းတွေက သိပ်မကြာမီမှာပဲ ပျောက်ပျက်သွားတတ်ကြပါတယ်။ မသိစိတ်ထဲရောက်သွားတဲ့ အတွေးတွေ၊ အကြောင်းအရာတွေကတော့ ဘယ်တော့မှ မပျောက်ပျက်ပဲ တစ်သက်လုံးရှိနေမှာဖြစ်ပါတယ်။ 

တကယ်လို့ ကိုယ်မနှစ်သက်တဲ့ အာရုံတစ်ခုခုကို ရင်မဆိုင်ပဲ ရှောင်ခွာထွက်ပြေးလိုက်တဲ့အခါမှာ အဲဒီအကြောင်းအရာဟာ ပျောက်ပျက်မသွားပဲ မသိစိတ်ထဲကို တွန်းပို့လိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီကိုယ်တွန်းဖယ်ထား၊ မသိချင်ယောင်ဆောင်ထားလိုက်မိတဲ့ အကြောင်းအရာဟာ အမြဲတမ်းလိုလို အကြောင်းတိုက်ဆိုင်လာတာနဲ့ ပြန်ပြန်ပေါ်လာပြီး လူကိုဒုက္ခပေးပါတော့တယ်။

တကယ်လို့ ကိုယ်မနှစ်သက်တဲ့အတွေးတွေ၊ အာရုံတွေကို ပင့်ကူက ကိုယ့်ထက်ကြီးတဲ့ သားကောင်ကို ရင်ဆိုင်သလိုမျိုး သတိဦးဆောင်တဲ့ စိတ်က ပေါ်လာတဲ့ အာရုံကို သူပေါ်ပေါ်လာတိုင်း သိသိပေးမယ် (မှတ်ပေးမယ်)၊ လက်ခံပေးမယ်၊ Register လုပ်လုပ်ပေးလိုက်နိုင်မယ်ဆိုရင်တော့ တချိန်ချိန်မှာ ကိုယ်ရင်မဆိုင်ချင်တဲ့ အာရုံဟာ မသိစိတ်ကနေ အပြီးပြန်ထွက်လာပြီး သိစိတ်ဆီကိုရောက်လာကာ အချိန်တစ်ခုရောက်တဲ့အခါမှာ လုံးဝချုပ်ပျောက်သွားမှာဘဲဖြစ်ပါတယ်။

ဒီလို ကိုယ်မနှစ်သက်တဲ့ အာရုံတွေ စိတ်နှင့်ရုပ်မှာ ဖြစ်ပေါ်လာတာတွေကို ရှုမှတ်တဲ့အခါမှာ ဒေါသစိတ်မဖြစ်စေပဲ သူတို့အပေါ်မှာ မိခင်က နာကျင်ခံခက်လို့ ငိုကြွေးနေတဲ့ ကိုယ့်သားငယ်၊ သမီးငယ်လေးအပေါ်မှာ ထားတဲ့ ချစ်ခင်ယုယစိတ်၊ သနားကရုဏာစိတ်မျိုးနှင့် ကြည့်ပြီး အသိအမှတ်ပြုပေးပါလို့ Oxford ဆရာတော်က သတိပေးဆုံးမပါတယ်။ သတိနှင့် ကရုဏာနှင့် တွဲပြီး ရှုမှတ်စေလိုတာဖြစ်ပါတယ်။


“The function of mindfulness is, first, to recognize the suffering and then to take care of the suffering. The work of mindfulness is first to recognize the suffering and second to embrace it. A mother taking care of a crying baby naturally will take the child into her arms without suppressing, judging it, or ignoring the crying. Mindfulness is like that mother, recognizing and embracing suffering without judgement.  

So the practice is not to fight or suppress the feeling, but rather to cradle it with a lot of tenderness. When a mother embraces her child, that energy of tenderness begins to penetrate into the body of the child. Even if the mother doesn't understand at first why the child is suffering and she needs some time to find out what the difficulty is, just her act of taking the child into her arms with tenderness can already bring relief. If we can recognize and cradle the suffering while we breathe mindfully, there is relief already.” 
 

― Thích Nhất Hạnh, No Mud, No Lotus: The Art of Transforming Suffering



ဒီ 3R တရားရှုမှတ်နည်းဟာ အခြေခံ သမာဓိထူထောင်တာကနေ စလို့ သတိပဋ္ဌာန် လေးပါးလုံး အလုံးစုံပါဝင်တဲ့ တရားအားထုတ်ရှုမှတ်နည်းဖြစ်ပါတယ်။ ဒီနည်းကိုပဲ ကြည်ညိုလေးစား တန်ဖိုးထားရတဲ့ ဆရာတော်အရှင်သူမြတ်ကြီးများကလည်း ကိုယ်တိုင် ရှုမှတ်ပွားများသွားခဲ့ကြသလို၊ သူတို့ရဲ့  တပည့်ဒကာ၊ ဒကာမတွေကိုလည်း သင်ကြားပြသပေးတော်မူသွားခဲ့ကြပါတယ်။ 

ဝိပဿနာကို အခုမှစအားထုတ်ကြမယ့် အခြေခံအဆင့်ယောဂီတွေ၊ တရားစိတ်ဝင်စားသူတွေ၊ ကမ္မဋ္ဌာန်းတစ်ခုခုကို စမ်းသပ်လုပ်ကြည့်ချင်သူတွေကနေစလို့ အဆင့်မြင့်တရားတွေကိုအားထုတ်နေကြတဲ့ ယောဂီသူတော်စင်တွေအထိ အသုံးတည့်တဲ့ ရှုမှတ်နည်းတစ်ခုလည်းဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းပြီး လိုက်လုပ်ကြည့်ဖို့ မခဲယဉ်းတာမို့ ဓမ္မမိတ်ဆွေများ စိတ်ဝင်စားရင် စမ်းကြည့်လို့ရအောင် ပြန်လည်ရေးသား ဝေမျှပေးလိုက်ရပါတယ်။ 

"I have arrived, I am home" is the shortest Dharma Talk I have ever given. "I have arrived, I am home" means "I don't want to run anymore." You need that insight in order to be truly established in the here and now, and to embrace life with all its wonders. 

Thích Nhất Hạnh

လေးစားစွာဖြင့်

ဝိမုတ္တိသုခ

၃၁၊ ၃၊ ၂၀၁၉။

No comments:

Post a Comment