Sunday, March 31, 2019

3R ဖြင့် ၀ိပဿနာ ရှုပွားခြင်း





Your body is your first home: 


"Breathing in, I arrive in my body. 

Breathing out, I am home."

Thích Nhất Hạnh

ဗီယက်နမ်ဘုန်းတော်ကြီး ဆရာတော်သစ်နက်ဟန် (Thích Nhất Hạnh) ကို မြန်မာပြည်မှာ အများစုကတော့ ဇင်ဘုန်းတော်ကြီးတစ်ပါးအနေနှင့်ပဲ သိထားကြတာများပါတယ်။ ဇင် လို့ကြားလိုက်တာနဲ့ကိုဘဲ ဒါဟာ ငါတို့လက်ခံယုံကြည်ထားတဲ့ ထေရ၀ါဒမဟုတ်ဘူး၊ ငါတို့နှင့် မဆိုင်ပါဘူးရယ်လို့ တန်းပြီးလည်း တွေးထင်သွားတတ်ကြတာများပါတယ်။

ဒါပေမယ့် ဆရာတော် TNH ရဲ့  ဟောကြားထားတဲ့ တရားတွေ၊ ရေးသားထားတဲ့ စာတွေကို လေ့လာကြည့်ကြည့်မယ်ဆိုရင်တော့ အများစုက ထေရ၀ါဒက လက်ခံယုံကြည်ထားတဲ့ တရားတွေနှင့် သိပ်ပြီး မကွဲလွဲတာကို တွေ့ရမှာပါ။ အထူးသဖြင့်တော့ သတိနှင့် ၀င်လေထွက်လေကို ရှုမှတ်တတ်ဖို့နှင့် အမူအရာတိုင်းမှာ သတိနှင့် နေတတ်ဖို့သင်ကြားပြသရာမှာ မဟာသတိပဋ္ဌာနသုတ်တော်ထဲကအတိုင်းပဲ သင်ကြားပေးသွားတာကို တွေ့ရမှာဖြစ်ပါတယ်။

ဆရာတော် TNH သင်ပြတဲ့ တရားရှုမှတ်နည်းအချို့ ဟာ မြန်မာပြည်မှာ အရင်က ကြားဖူးနေကျမဟုတ်တဲ့ ရှုနည်း၊ မှတ်နည်းမျိုးတွေဖြစ်နေတတ်တော့ ရုတ်တရတ်ကြားလိုက်ရရင် တချို့ တွေအတွက်တော့ နားလည် လက်ခံပေးဖို့ရာ အခက်အခဲဖြစ်ကြမှာ အမှန်ပါဘဲ။ 

အထူးသဖြင့် ဆရာတော်သင်ပေးတတ်တာက ၀င်လေထွက်လေရှုမှတ်နည်းကို လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး၊ စိတ်ခံစားမှုပေါ်မူတည်ပြီး ပုံစံ အမျိုးမျိုးနှင့် ပြောင်းမှတ်ခိုင်းတာမျိုး၊ ပြုံးဖို့ သင်ပေးတာမျိုး၊ မုဒိတာပွားတဲ့ ရှုမှတ်နည်း၊ ကရုဏာပွားတဲ့ရှုမှတ်နည်း၊ နောက်ပြီး ကိုယ်နာကျင်မှုနှင့် စိတ်နာကျင်မှုတွေဖြစ်တဲ့အခါ ဝေဒနာအပေါ် ရှုမှတ်နည်းတွေဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့  နားမှာ ခပ်စိမ်းစိမ်းလို ဖြစ်နေမှာ အသေအချာပါဘဲ။

ဒါပေမယ့် အခုဒီဘက်နှစ်ပိုင်းတွေမှာတော့ Oxford ဆရာတော်ရဲ့  တရားတွေကို လူတွေသဘောကျနှစ်သက်လက်ခံလာကြပြီး ဟောထားတဲ့ တရားတွေနာလာကြတာ၊ ရေးထားတဲ့ စာအုပ်တွေဖတ်လာကြတာကို သတိထားမိလာပါတယ်။ 

ဆရာတော်က လူအများစု သိထား၊ နားလည်ထားပြီးသားဖြစ်တဲ့ မေတ္တာကမ္မဋ္ဌာန်းကို ဦးတည်မဟောပဲ ကရုဏာနှင့် မုဒိတာ ကမ္မဋ္ဌာန်းကို ဦးတည်ဟောတတ်ပါတယ်။ Positive Emotion, Positive Thinking, Positive Psychology စသဖြင့် ခေါင်းစဉ်တွေတပ်ပေးပြီး ကရုဏာနှင့် မုဒိတာကိုပွားတတ်အောင် ပုံစံအမျိုးမျိုးနှင့်သင်ပေးပါတယ်။

အာနာပါနနှင့်တွဲပြီးလည်း ဒီ အနုဿတိကမ္မဋ္ဌာန်းတွေကို ပွားများတတ်အောင် သင်ပေးသွားတယ်။ နောက်ပြီး နာကျင်မှုဝေဒနာကို ကရုဏာနှင့် ဘယ်လိုကြည့်ရတယ် ဆိုတာမျိုးတွေ သင်ပြပေးတာ တွေ့ရပါတယ်။ 

Oxford ဆရာတော်ရဲ့  သင်ကြားပြသပေးတဲ့နည်းစနစ်တွေဟာ ဆရာတော် TNH ရဲ့  သင်ကြားပေးပုံတွေနှင့် နေရာတော်တော်များများမှာ တူနေတာကိုလည်းဘဲ သတိထားမိတယ်။ တကယ်တော့ ဆရာတော် နှစ်ပါးလုံးဟာ ပိဋကစာပေနှင့် မဆန့်ကျင်ပဲ လူအများနားလည်ကျင့်သုံးလွယ်မယ့် နည်းစနစ်တွေနှင့် သင်ကြားပေးသွားကြတာမျိုးလို့ဘဲ သုံးသပ်မိပါတယ်။ 

အခု Oxford ဆရာတော် သင်ပေးတဲ့ လူကြီးလူငယ်အားလုံး နားလည်လွယ်ပြီး၊ လိုက်လုပ်ကြည့်ဖို့လည်း မခဲယဉ်းတဲ့ လွယ်ကူရိုးရှင်းတဲ့ ၀ိပဿနာရှုမှတ်နည်းတစ်ခုကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

ဆရာတော်က ဒီနည်းကို 3R ရှုမှတ်နည်းလို့ပြောပါတယ်။ စစချင်းမှာ နှာသီးဝမှာ ၀င်လေထွက်လေကို မှတ်တာဘဲဖြစ်ဖြစ်၊ ၀မ်းဗိုက်မှာ ပိန်တယ်၊ ဖောင်းတယ်ကို မှတ်တာဘဲ ဖြစ်ဖြစ် တခြား မိမိတို့ နှစ်သက်ရာ သမာဓိထူထောင်တဲ့ နည်းစနစ်တစ်ခုခုကို အသုံးပြုပြီး တရားစတင်ရှုမှတ်ရမှာဖြစ်ပါတယ်။

အဲဒီလိုမှတ်နေရင်းက ခန္ဓာကိုယ်ပေါ်မှာ နာတာကျင်တာ၊ ကိုက်တာခဲတာ၊ ယားတာယံတာ စသဖြင့် တစ်ခုခုပေါ်လာတာဘဲဖြစ်ဖြစ်၊ နားကနေအသံတစ်ခုခုကြားတာ၊ နှာခေါင်းကနေ အနံ့တစ်ခုခုရတာ၊ အတွေးတစ်ခုခု ၀င်လာတာဘဲဖြစ်ဖြစ် အဲဒီဖြစ်လာတဲ့ အာရုံကို ချက်ချင်းသွားပြီး သိပေးရပါမယ်။

ဒါကို ဆရာတော်က 'Regisiter' လုပ်တယ်လို့ သုံးပါတယ်။ မှတ်ပုံတင်လိုက်တာ၊ တနည်းကတော့ Accept လုပ်လိုက်တာ၊ လက်ခံလိုက်တာပါလို့ ပြောပါတယ်။ ငါ့ကိုယ်မှာ၊ စိတ်ထဲမှာ ဒါလေးဖြစ်သွားပါလားဆိုတာကို သိပေးလိုက်တာပါ။ ဘာမှာ ကောင်းတယ်ဆိုးတယ်၊ မှန်တယ်မှားတယ်၊ ဖြစ်သင့်တယ်မဖြစ်သင့်ဘူး ဝေဖန်မနေပဲ သိရုံသက်သက်လေး သိပေးဖို့ပဲဖြစ်ပါတယ်။

ဒီလိုသိပေးလိုက်ပြီးရင်တော့ ဒီသိနေတဲ့ အာရုံလေးကို ပြန်လွှတ်ပေးလိုက်ရပါမယ်။ ဒါကို ဆရာတော်က 'Release' လုပ်တယ်လို့ သုံးပါတယ်။ ပြီးရင်တော့ မိမိပထမမှတ်နေတဲ့ ၀င်လေထွက်လေဖြစ်ဖြစ်၊ ၀မ်းဗိုက်ဖောင်းပိန်ဖြစ်ဖြစ်ဆီကို ပြန်လာပြီး အရင်အတိုင်းပဲ ပြန်လည်ပြီးရှုမှတ်ရပါမယ်။ ဒါကိုတော့ ဆရာတော်က 'Return Home' လုပ်တယ်လို့ သုံးနှုန်းပါတယ်။

ဒီလို Register, Release နှင့် Return Home လုပ်တဲ့ ရှုမှတ်နည်းကို 3R ရှုမှတ်နည်းလို့ ဆရာတော်က တင်စားနာမည်ပေးထားတာဖြစ်ပါတယ်။

အခုပြောတဲ့ Oxford ဆရာတော်ရဲ့ နည်းဟာ မဟာစည်ဆရာတော်ကြီး သင်ကြားပြသတဲ့ အမှတ် နှင့် အားထုတ်နည်းနှင့်လည်း သဘောတရားတူပါတယ်။ ဆရာတော်ကြီးက ၀မ်းဗိုက်မှာ ဖောင်းတယ်ပိန်တယ် မှတ်နေရင်း ခန္ဓာကိုယ်မှာ နာလာရင် နာတယ်၊ နာတယ် မှတ်၊ တစ်ခုခုကြားရင် ကြားတယ်၊ ကြားတယ် မှတ်၊ တစ်ခုခုတွေးနေရင် တွေးတယ်၊ တွေးတယ် မှတ်။ ပြီးရင်တော့ မူလချည်တိုင်ဖြစ်တဲ့ ဖောင်းတယ်ပိန်တယ်ဆီပြန်လာပြီး ဆက်မှတ်ဖို့ ပြောထားတာနှင့် သဘောတရားအတူတူပါဘဲ။

ဒီ 3R နည်းဟာ မိုးကုတ်ဆရာတော်ကြီးဟောခဲ့တဲ့ အိမ်သည်နှင့် ဧည့်သည် သဘောတရားနှင့်လည်း အတူတူဘဲဖြစ်ပါတယ်။ ၀င်လေထွက်လေကို သိတဲ့စိတ်ကို အိမ်သည်စိတ်လို့ပြောပြီး တခြား အာရုံဒွါရတွေမှာဖြစ်လာတာတွေကို သိတဲ့စိတ်ကို ဧည့်သည်စိတ် အဖြစ် တင်စားပြီး ဟောကြားထားခဲ့ပါတယ်။ ဧည့်သည်စိတ်တွေဖြစ်လာရင် အဲဒါတွေကို ဖြစ်ပျက်မှတ်ပစ်၊ ပြီးတာနဲ့ အိမ်သည်ဖြစ်တဲ့ ထွက်လေ၀င်လေစိတ်ကို ပြန်မှတ်လို့ ဆရာတော်ကြီး ဆုံးမထားတာရှိပါတယ်။ ဒါကိုဆရာတော်ကြီးက နားလည်လွယ်အောင် ပင့်ကူဥပမာပေးပြီးလည်း ဟောခဲ့ပါသေးတယ်။

တကယ်တော့ ဒီ ပင့်ကူဥပမာတရားဟာ မိလိန္ဒမင်းကြီးမေးလို့ အရှင်နာဂသိန်က ရှင်းပြပေးခဲ့တဲ့ မိလိန္ဒပဥှာထဲက အမေးပုစ္ဆာတစ်ပုဒ်ပါ။ ဆိုလိုရင်းကတော့ ပင့်ကူတစ်ကောင်ဟာ ပင့်ကူအိမ်တစ်ခုဆောက်ပြီးတဲ့အခါမှာ အလယ်မှာ ငြိမ်ပြီးနေတယ်။ တကယ်လို့များ သူ့ရဲ့ အိမ် ပင့်ကူမျှင်တွေဆီကို အကောင်တစ်ကောင် လာငြိပြီး မရုန်းနိုင်၊ ထွက်မပြေးနိုင် ဖြစ်ပြီဆိုရင် သူဟာ ပိုးမျှင်တွေလှုပ်ရှားမှုကနေ ချက်ချင်းသိလိုက်တယ်။ သိလိုက်တာနဲ့ အဲဒီအကောင်ရှိတဲ့ဆီကို သူနားနေရာ ပင့်ကူအိမ်အလယ်တည့်တည့်နေရာကနေသွားပြီး ကိုက်သတ်စားပါတယ်။ ပြီးရင်တော့ သူ့မူလ အလယ်နေရာကိုဘဲ ပြန်လာပြီး ပြန်နေနေပါတယ်။

တရားရှုမှတ်သူဟာလည်း ဒီပင့်ကူအတိုင်းပါဘဲ။ သူ့ရဲ့  မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ၀င်လေထွက်လေ (သို့) ပိန်တယ်ဖောင်းတယ် စသည်ကနေ ထင်ရှားပေါ်လာတဲ့ အာရုံရှိတဲ့ဆီကို စိတ်ကနေသွားပြီး သိပေးမှတ်ပေးလိုက်ပါတယ်။ အဲဒီအာရုံလေး ပျောက်သွားပြီ၊ မထင်မရှားဖြစ်သွားပြီ ဆိုရင်တော့ မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ထွက်လေ၀င်လေ (သို့) ပိန်တယ်ဖောင်းတယ် ဆီကို ပြန်လာပြီး အရင်လို ပြန်ဆက်မှတ်နေရုံဘဲဖြစ်ပါတယ်။

ဒီနေရာမှာ သတိပြုစရာတစ်ခုတော့ရှိပါတယ်။ တခါတရံမှာ ပင့်ကူအိမ်ထဲကို အိမ်ရှင် ပင့်ကူထက်ပိုပြီး အကောင်ကြီးတဲ့၊ အင်အားပိုတောင့်တင်းတဲ့ အကောင်မျိုးတွေ လာဝင်ငြိနေတတ်တာမျိုးလည်း ရှိပါတယ်။ ဒီလိုအခါမျိုးမှာ အိမ်ရှင်ပင့်ကူဟာ ဒီလိုသားကောင်ကြီးမျိုးကို ရင်ဆိုင်ရာမှာ တကြိမ်တည်းမရင်ဆိုင်ပါဘူး။ ပထမအကြိမ် သားကောင်ဆီသွားပါတယ်။ သားကောင်ရဲ့  လက်ခြေအင်္ဂါတစ်ခုခုကို နာကျင်အောင် ကိုက်လိုက်ပါတယ်။ ပြီးရင် သူ့နေရာဖြစ်တဲ့ အလယ်နေရာကို ပြန်သွားပါတယ်။ ခဏနေရင် သားကောင်ဆီ ထပ်သွားပါတယ်။ သားကောင်ရဲ့  အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို ထပ်ကိုက်ပါတယ်။ ပြီးတာနှင့် သူ့နေရာသူပြန်ပါတယ်။ ဒီလိုကြိမ်ဖန်များစွာလုပ်ရင်းနှင့် နောက်ဆုံးမှာ သားကောင်သေဆုံးသွားပါတော့တယ်။ အဲဒီအချိန်ကျမှ ပင့်ကူဟာ သားကောင်ကို ကိုက်ဖြတ်စားသောက်ပါတယ်။

ဒီဥပမာအတိုင်းပါဘဲ။ တခါတလေမှာ တရားရှုမှတ်သူအနေနှင့် မူလကမ္မဋ္ဌာန်းဖြစ်တဲ့ ၀င်လေထွက်လေ၊ ဖောင်းတယ်ပိန်တယ်မှတ်နေရင်း ပေါ်လာတဲ့ အာရုံဟာ ကိုယ့်မှာရှိတဲ့ သမာဓိအင်အားထက် ပိုအားကောင်းနေတာမျိုး ကြုံကြရမှာဖြစ်ပါတယ်။ ခန္̕ဓာကိုယ်မှာ အလွန်အမင်းနာကျင်ခံခက်နေတာမျိုး၊ စိတ်ထဲမှာဖြစ်နေတဲ့ အတွေးတွေ၊ ခံစားမှုတွေဟာ ထိန်းမနိုင် သိမ်းမရအောင် ရုန်းရင်းဆန်ခတ်ဗလောင်ဆူပွက်နေတာမျိုး၊ အတွေးတွေ ရပ်လို့မရနိုင်အောင် ဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေမှာ ခုနပင့်ကူရဲ့  နည်းစနစ်အတိုင်းဘဲ ပထမတစ်ကြိမ်မှတ်လိုက်၊ ထားခဲ့လိုက်၊ ပြီးရင် ကိုယ့်ရဲ့  မူလကမ္မဋ္ဌာန်းဆီ ပြန်လာလိုက်၊ နောက်တစ်ကြိမ် အာရုံဆီထပ်သွားမှတ်လိုက်နှင့် ကြိမ်ဖန်များစွာ ကြိုးစားမှတ်ပေးကြရမှာဖြစ်ပါတယ်။ ဒီလိုမှတ်ရင်း မှတ်ရင်းနဲ့ဘဲ ဒီ ရုပ်နာကျင်မှု၊ စိတ်နာကျင်မှုစတာတွေဟာ သူတို့ရဲ့  ပြင်းအားတွေ တဆတဆ ယုတ်လျော့သွားပြီး ဖြေးဖြေးချင်း ချုပ်ဆုံး ကွယ်ပျောက်သွားကြမှာဖြစ်ပါတယ်။

Oxford ဆရာတော်ပြောတဲ့ 3R ရှုမှတ်နည်းမှာပါတဲ့ Register ဆိုတဲ့စကားဟာ တရားရှုမှတ်နေတဲ့ပုဂ္ဂိုလ်အနေနဲ့ ရုပ်မှာဘဲဖြစ်ဖြစ်၊ စိတ်မှာဘဲဖြစ်ဖြစ် ပေါ်လာသမျှအာရုံတွေကို လက်ခံအသိအမှတ်ပြုပေး၊ သိပေး၊ နားလည်ပေးရမှာကိုဆိုလိုပါတယ်။ မကောင်းတဲ့ အာရုံတွေအပေါ်မှာ တွန်းကန်ဖယ်ရှားလိုက်ချင်တာမျိုး၊ ရှောင်ခွာထွက်ပြေးချင်တာမျိုး မလုပ်ရပါဘူး။ 

စိတ်ပညာမှာ ပြောထားတာက လူတွေမှာ သိစိတ် (Conscious Mind) နှင့် မသိစိတ် (Sub-Conscious Mind) ဆိုပြီး ရှိပါတယ်။ သိစိတ်ဟာ Short Term Memory နှင့်တူပြီးတော့ မသိစိတ် ဟာ Long Term Memory နှင့်တူပါတယ်။ သိစိတ်ထဲကို ၀င်လာတဲ့ အတွေးတွေ၊ အကြောင်းအရာတွေဟာ အသစ်အသစ်ဝင်လာတဲ့ အကြောင်းအရာတွေ များလာတဲ့အခါ အဟောင်းအဟောင်းတွေက သိပ်မကြာမီမှာပဲ ပျောက်ပျက်သွားတတ်ကြပါတယ်။ မသိစိတ်ထဲရောက်သွားတဲ့ အတွေးတွေ၊ အကြောင်းအရာတွေကတော့ ဘယ်တော့မှ မပျောက်ပျက်ပဲ တစ်သက်လုံးရှိနေမှာဖြစ်ပါတယ်။ 

တကယ်လို့ ကိုယ်မနှစ်သက်တဲ့ အာရုံတစ်ခုခုကို ရင်မဆိုင်ပဲ ရှောင်ခွာထွက်ပြေးလိုက်တဲ့အခါမှာ အဲဒီအကြောင်းအရာဟာ ပျောက်ပျက်မသွားပဲ မသိစိတ်ထဲကို တွန်းပို့လိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် ဒီကိုယ်တွန်းဖယ်ထား၊ မသိချင်ယောင်ဆောင်ထားလိုက်မိတဲ့ အကြောင်းအရာဟာ အမြဲတမ်းလိုလို အကြောင်းတိုက်ဆိုင်လာတာနဲ့ ပြန်ပြန်ပေါ်လာပြီး လူကိုဒုက္ခပေးပါတော့တယ်။

တကယ်လို့ ကိုယ်မနှစ်သက်တဲ့အတွေးတွေ၊ အာရုံတွေကို ပင့်ကူက ကိုယ့်ထက်ကြီးတဲ့ သားကောင်ကို ရင်ဆိုင်သလိုမျိုး သတိဦးဆောင်တဲ့ စိတ်က ပေါ်လာတဲ့ အာရုံကို သူပေါ်ပေါ်လာတိုင်း သိသိပေးမယ် (မှတ်ပေးမယ်)၊ လက်ခံပေးမယ်၊ Register လုပ်လုပ်ပေးလိုက်နိုင်မယ်ဆိုရင်တော့ တချိန်ချိန်မှာ ကိုယ်ရင်မဆိုင်ချင်တဲ့ အာရုံဟာ မသိစိတ်ကနေ အပြီးပြန်ထွက်လာပြီး သိစိတ်ဆီကိုရောက်လာကာ အချိန်တစ်ခုရောက်တဲ့အခါမှာ လုံးဝချုပ်ပျောက်သွားမှာဘဲဖြစ်ပါတယ်။

ဒီလို ကိုယ်မနှစ်သက်တဲ့ အာရုံတွေ စိတ်နှင့်ရုပ်မှာ ဖြစ်ပေါ်လာတာတွေကို ရှုမှတ်တဲ့အခါမှာ ဒေါသစိတ်မဖြစ်စေပဲ သူတို့အပေါ်မှာ မိခင်က နာကျင်ခံခက်လို့ ငိုကြွေးနေတဲ့ ကိုယ့်သားငယ်၊ သမီးငယ်လေးအပေါ်မှာ ထားတဲ့ ချစ်ခင်ယုယစိတ်၊ သနားကရုဏာစိတ်မျိုးနှင့် ကြည့်ပြီး အသိအမှတ်ပြုပေးပါလို့ Oxford ဆရာတော်က သတိပေးဆုံးမပါတယ်။ သတိနှင့် ကရုဏာနှင့် တွဲပြီး ရှုမှတ်စေလိုတာဖြစ်ပါတယ်။


“The function of mindfulness is, first, to recognize the suffering and then to take care of the suffering. The work of mindfulness is first to recognize the suffering and second to embrace it. A mother taking care of a crying baby naturally will take the child into her arms without suppressing, judging it, or ignoring the crying. Mindfulness is like that mother, recognizing and embracing suffering without judgement.  

So the practice is not to fight or suppress the feeling, but rather to cradle it with a lot of tenderness. When a mother embraces her child, that energy of tenderness begins to penetrate into the body of the child. Even if the mother doesn't understand at first why the child is suffering and she needs some time to find out what the difficulty is, just her act of taking the child into her arms with tenderness can already bring relief. If we can recognize and cradle the suffering while we breathe mindfully, there is relief already.” 
 

― Thích Nhất Hạnh, No Mud, No Lotus: The Art of Transforming Suffering



ဒီ 3R တရားရှုမှတ်နည်းဟာ အခြေခံ သမာဓိထူထောင်တာကနေ စလို့ သတိပဋ္ဌာန် လေးပါးလုံး အလုံးစုံပါဝင်တဲ့ တရားအားထုတ်ရှုမှတ်နည်းဖြစ်ပါတယ်။ ဒီနည်းကိုပဲ ကြည်ညိုလေးစား တန်ဖိုးထားရတဲ့ ဆရာတော်အရှင်သူမြတ်ကြီးများကလည်း ကိုယ်တိုင် ရှုမှတ်ပွားများသွားခဲ့ကြသလို၊ သူတို့ရဲ့  တပည့်ဒကာ၊ ဒကာမတွေကိုလည်း သင်ကြားပြသပေးတော်မူသွားခဲ့ကြပါတယ်။ 

ဝိပဿနာကို အခုမှစအားထုတ်ကြမယ့် အခြေခံအဆင့်ယောဂီတွေ၊ တရားစိတ်ဝင်စားသူတွေ၊ ကမ္မဋ္ဌာန်းတစ်ခုခုကို စမ်းသပ်လုပ်ကြည့်ချင်သူတွေကနေစလို့ အဆင့်မြင့်တရားတွေကိုအားထုတ်နေကြတဲ့ ယောဂီသူတော်စင်တွေအထိ အသုံးတည့်တဲ့ ရှုမှတ်နည်းတစ်ခုလည်းဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းပြီး လိုက်လုပ်ကြည့်ဖို့ မခဲယဉ်းတာမို့ ဓမ္မမိတ်ဆွေများ စိတ်ဝင်စားရင် စမ်းကြည့်လို့ရအောင် ပြန်လည်ရေးသား ဝေမျှပေးလိုက်ရပါတယ်။ 

"I have arrived, I am home" is the shortest Dharma Talk I have ever given. "I have arrived, I am home" means "I don't want to run anymore." You need that insight in order to be truly established in the here and now, and to embrace life with all its wonders. 

Thích Nhất Hạnh

လေးစားစွာဖြင့်

ဝိမုတ္တိသုခ

၃၁၊ ၃၊ ၂၀၁၉။

ဆက်လက်ဖတ်ရှုရန်

Friday, March 29, 2019

The Stranger - Billy Joel


Well, we all have a face
That we hide away forever
And we take them out and show ourselves
When everyone has gone
Some are satin some are steel
Some are silk and some are leather
They're the faces of the stranger
But we love to try them on

Well, we all fall in love
But we disregard the danger
Though we share so many secrets
There are some we never tell
Why were you so surprised
That you never saw the stranger
Did you ever let your lover see
The stranger in yourself?

Don't be afraid to try again
Everyone goes south
Every now and then
You've done it, why can't someone else?
You should know by now
You've been there yourself


❄️
ငါတို့အားလုံးမှာ အစဉ် ဖုံးကွယ်ထားတတ်တဲ့ မျက်နှာတစ်စုံ ရှိစမြဲဘဲ
ဘယ်သူမှ မရှိချိန်ကျမှ သူတို့ကို ဆွဲထုတ်လို့ ကိုယ့်ဘာသာ ပြန်ကြည့်ကြရတယ်
တချို့က စေတန်
တချို့ က မာကြောတဲ့စတီးလ်
တချို့ က ပိုးသား ဖြစ်နေပြီး
တချို့က သားရေသားလေ
သူတို့တတွေဟာ သူစိမ်းတစ်ယောက်ပိုင်ထားတဲ့ မျက်နှာအစုံစုံအလားပါပဲ
ဒါပေမယ့် သူတို့ကို တပ်ထားရတာကိုဘဲ ငါတို့တွေက ခုံမင်နေတတ်ကြတယ်
❄️
အန္တရယ်ကို မျက်ကွယ်ပြုလို့
ငါတို့တတွေဟာ အချစ်ကြီး ချစ်ကြသေးသတဲ့
ဘယ်သူမှမသိတဲ့လျှို့ ဝှက်ချက်တွေ
ဘယ်လောက်များများ ငါတို့ချင်းမျှဝေဖြစ်သည်ဖြစ်စေ
ဘယ်တော့မှ ပြောမပြဖြစ်မယ့် တချို့အကြောင်းအရာတွေလည်း ရှိနေတုန်းပဲ
သူစိမ်းရှိနေတာကို မင်းလုံးဝ မမြင်လိုက်ပါဘူးရယ်လို့
ဘာလို့များ ဒီလောက်အံ့ဩနေရတာလဲ
မင်းထဲက သူစိမ်းကို မင်းချစ်ရသူကိုရော
မြင်ခွင့်ပေးခဲ့လို့လား
❄️
ကိုယ်တို့အားလုံး မကြာခဏ မှားယွင်းနေကျ
နောက်တကြိမ် ပြန်ကြိုးစားဖို့
မင်းကြောက်မနေပါနဲ့
မင်းလုပ်ခဲ့ပြီးပြီ
တခြားတစ်ယောက်ရော ဘာလို့ မဖြစ်နိုင်ရမှာလဲ
မင်းကိုယ်တိုင် အဲဒီနေရာကို
ရောက်ခဲ့ပြီမို့
မင်းဘာသာ အခု နားလည်သင့်ပါပြီ


❄️

ဆက်လက်ဖတ်ရှုရန်

Sunday, March 10, 2019

Robot ဘုန်းကြီးနှင့် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးရဲ့  အခန်းကဏ္ဍ





ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန်မှာ ဘုန်းကြီးအစားထိုး စက်ရုပ်အသုံးပြုတဲ့သတင်းကို
 လူတွေစိတ်ဝင်တစား ပြောနေ၊ ရှယ်နေကြတာ၊ စိုးရိမ်တဲ့စိတ်၊ အလိုမကျတဲ့စိတ်တွေဖြစ်နေကြတာ သတိထားမိတယ်။ ဒီအကြောင်းကို မိတ်ဆွေတစ်ယောက်ကဘယ်လိုသဘောရလဲလို့ လှမ်းမေးလာတယ်။ သူ့ကို ကျွန်တော်တွေးမိတာလေးပြောပြဖြစ်တယ်။ အခုအဲဒါလေး ရေးပြချင်လို့ပါ။

ဘာလို့ စက်ရုပ်နှင့် ဘုန်းကြီးကို အစားထိုးကြတာလဲဆိုတော့ လုပ်လို့ရတဲ့ အခြေအနေမျိုးရှိနေလို့ ဂျပန်တွေလုပ်ကြတာလို့ပဲမြင်ပါတယ်။ ဂျပန်ရဲ့  ဘာသာရေး အခြေအနေကို နဲနဲ အကြမ်းဖျင်းလေး သိထားရင် စဉ်းစားကြည့်လို့ရပါတယ်။

ဂျပန်မှာ ကောက်ထားတဲ့ စာရင်းတွေအရကတော့ ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေဟာ လူဦးရေ သန်း၉၀ ကျော်ရှိတယ်လို့ဆိုပါတယ်။ အများစုက မဟာယာနဗုဒ္ဓဘာသာတွေပါ။ ဒါက မြန်မာပြည်မှာလိုပြောရရင် မှတ်ပုံတင်ထဲမှာ၊ လျှောက်လွှာစာရွက်တွေမှာ ကိုးကွယ်သည့်ဘာသာဆိုပြီး ဖြည့်ကြရင် ဖြည့်သလိုမျိုးပဲနေပါလိမ့်မယ်။ တကယ် အပြင်မှာ မြင်နေတွေ့နေဆက်ဆံနေရတဲ့သူအများစုကို လိုက်မေးကြည့်ရင်တော့ ဘာသာရေးကို စိတ်မ၀င်စားတဲ့သူ၊ ဘာသာမဲ့တဲ့သူတွေက ပိုများပါတယ်။ ဗုဒ္ဓဘာသာလို့ပြောလာကြရင်လည်း သူတို့ကို ဘာသာရေးအကြောင်း ဆက်မေးကြည့်။ ဘာမှ မယ်မယ်ရရ သိပ်မဖြေတတ်တာက များပါတယ်။

လူငယ်တွေကြားမှာ ဟာသလိုပြောနေကြပေမယ့် တကယ်လည်း မှန်နေသလိုဖြစ်နေတာရှိတယ်။ ဘာလဲဆိုတော့ ခရစ်ယာန်လို မင်္ဂလာဆောင်ပြီး ဗုဒ္ဓဘာသာလို သေမယ်တဲ့။ ခရစ်ယာန်တွေဘုရားကျောင်းမှာ မင်္ဂလာဆောင်ကြတာက ဘယ်နိုင်ငံ၊ ဘယ်နေရာမှာမဆို ကြည့်လိုက်ရင် စိတ်ဝင်စား ရင်ခုန်စရာကောင်းတယ်မဟုတ်လား။ ဒီတော့ မင်္ဂလာဆောင်တဲ့အချိန်မှာ ခရစ်ယာန်ခဏလုပ်လိုက်မယ်ပေါ့။ ဒီမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေက သင်္ချိုင်းမြေနေရာတွေ ပိုင်ထားတတ်ကြပြီး၊ သေသူအတွက် ဘ၀ကူးကောင်းအောင် ဆုတောင်းပေးတာ ဘာညာတွေကို သူတို့ဆီ အပ်ထားရင် နှစ်ပေါင်းများစွာ ပိုက်ဆံယူပြီး ပုံမှန်လုပ်ပေးကြတော့ သေတဲ့အခါ ဘ၀ကူးကောင်းအောင်က ဗုဒ္ဓဘာသာဘုန်းကြီးကို အပ်လိုက်ရင် ပြီးတာပါဘဲ။ ကျန်တဲ့ ဘ၀တစ်လျှောက်လုံးကတော့ ကိုယ့်ဖာသာ ကြိုးစား၊ အလုပ်လုပ်၊ စီးပွားရှာ ပျော်အောင်နေရုံရှိတာဘဲ။

သူတို့တွေအနေနှင့် ဘုန်းကြီးကျောင်းဆိုတာ မင်္ဂလာဆောင်တဲ့အချိန်၊ အသုဘရှိတဲ့အချိန်၊ နှစ်သစ်ကူးတဲ့အချိန်၊ တမြို့ တနယ်ခရီးထွက်အပန်းဖြေတဲ့အချိန်မျိုးမှာ သွားပြီး ဆုတောင်းဝတ်ပြုတတ်ကြတာကလွဲလို့ အားအားယားယား သွားတတ်ကြတဲ့ နေရာမျိုးလည်း မဟုတ်ဘူးလေ။

ဂျပန်ဘုန်းကြီးတွေဆိုတာကလည်း အဲဒီလို အခမ်းအနားတစ်ခုခုရှိတဲ့အချိန်၊ ဧည့်သည်တွေလာတဲ့အချိန်မှာမှ ပရိတ်သတ်ရှေ့  ထွက်လာပြီး ဘုရားစာဆို၊ ၀တ်ပြုဆုတောင်း၊ blessing ပေးလုပ်ကြရုံရှိတာကို။

၂၀၁၇ လောက်တုန်းက ကျိုတိုမှာ ဘုန်းကြီးကနေ ဘုန်းကြီးကျောင်းအမှုဆောင်အဖွဲ့ကို တရားစွဲတာတစ်ခုဖြစ်သွားခဲ့သေးတယ်။ ကျိုတိုဆိုတာက ဂျပန်ရဲ့  မြို့ တော်ဟောင်း။ ရှေးဟောင်းဘုန်းကြီးကျောင်းတွေက တော်တော်လေးပေါတယ်။ ခရီးသွားဧည့်သည်တွေကလည်း သူတို့ ဂျပန်တွေရော၊ နိုင်ငံခြားသားတွေရောနှင့် တစ်နှစ်ပတ်လုံး အမြဲစည်ကားနေတဲ့မြို့ ။ ဂျပန်တွေက ကျန်တဲ့အချိန်သာ ဘာသာရေးနှင့် ကင်းကွာတတ်ကြပေမယ့် ခရီးသွားတဲ့အခါမျိုးဆိုရင်တော့ နာမည်ကြီးဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ၀င်ပြီး ဆုတောင်းဘုရားရှိခိုးလုပ်တတ်ကြတာကိုး။ ဘယ်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း ကြည့်ကြည့် ဧည့်သည်က မပြတ်ရှိနေတတ်တာ။

အဲဒီမှာ ခုနကဘုန်းကြီးက သူ့မှာ တစ်နေ့တစ်နေ့ မိုးလင်းကနေမိုးချုပ်တဲ့အထိ နားချိန်စားချိန်မရှိပဲ လာသမျှဧည့်သည်တွေအတွက် ဘုရားစာဆို၊ ဆုတောင်းပေးနေရတာ ကြာလာတော့ သည်းမခံနိုင်တော့ပဲ ကျောင်းအုပ်ချုပ်ရေးကို တရားစွဲတာ။ အဲဒါနဲ့ အခုနောက်ပိုင်းတော့ ကျောင်းကနေ အဲဒီ ဘုန်းကြီးကို လစာပေးရပြီး ဂျပန်က ၀န်ထမ်းတစ်ယောက်အနေနှင့် ရသင့်ရထိုက်တဲ့ အကျိုး ခံစားခွင့်တွေအတိုင်း ထောက်ပံ့ပေးလိုက်ရတယ်။

ဂျပန်မှာက ခုနအပေါ်မှာ ပြောခဲ့သလို မင်္ဂလာဆောင်တွေ၊ အသုဘတွေနှင့် အခြားအခမ်းအနားပွဲတွေလုပ်တော့မှ ဘုန်းကြီးပင့်လေ့ရှိပြီးတော့ ဘုန်းကြီးတွေကို ပေးရ (လှူရ) တဲ့ ငွေကြေးပမာဏကလည်း မြန်မာငွေနှင့်တွက်ကြည့်မယ်ဆို သိန်းပေါင်းများစွာကုန်ကျတတ်တယ်။ ဒါကို စီးပွားရေးအကွက်မြင်တဲ့ Amazon က "Rent-A-Monk" ဆိုတဲ့ အွန်လိုင်းဝန်ဆောင်မှူတစ်ခုကို အပြင်ကုမ္ပဏီတစ်ခုနှင့်ပေါင်းပြီး၂၀၀၉ လောက်တုန်းက ဂျပန်မှာလုပ်ခဲ့သေးတယ်။ ပွဲတစ်ခုခုမှာ ဘုန်းကြီးပင့်ချင်ရင် Amazon မှာဝင်ပြီး ဘာအတွက်ပင့်မယ်၊ ဘယ်နှစ်ပါးပင့်မယ်၊ ဘယ်နေရာ၊ ဘယ်အချိန်ပင့်မယ်ဆိုပြီး ပြောလိုက်ရုံနှင့် ဘုန်းကြီးတွေက ကိုယ်ရှိတဲ့နေရာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာမျိုး။ ငွေချေတာက Amazon ထုံးစံ Online Payment ဆိုတော့ ဘာပဲဖြစ်ဖြစ် ပိုက်ဆံမရှိသေးရင်တောင် Credit Card နှင့် ရှင်းထားလို့ရတယ်။

အဲဒီ Service နှင့် ချိတ်ထားတဲ့ ဘုန်းကြီးတွေက ဘုန်းကြီးငှားတဲ့သူပေါ်လာရင် Third Party ချိတ်ထားတဲ့ ကုမ္ပဏီကနေတဆင့် လှမ်းအကြောင်းကြားပေးမယ်။ အဲဒီအချိန်ကျ သူသွားခိုင်းတဲ့နေရာသွားရုံဘဲ။ ငွေကို အဲဒီကုမ္ပဏီကပဲ ရှင်းပေးလိမ့်မယ်။ ဒီစနစ်က ဘုန်းကြီးကျောင်း တိုက်ရိုက်သွားပြီး ဘုန်းကြီးပင့်တာထက် အများကြီး ကုန်ကျစရိတ်သက်သာစေတဲ့ ၀န်ဆောင်မှုဆိုတော့ customer ဘက်ကကြည့်ရင်တော့ အတော်ကောင်းကောင်းဘဲ။ ဒါပေမယ့် ဂျပန်ဗုဒ္ဓဘာသာအသင်းက ဒါက ဂျပန်နိုင်ငံရဲ့  ဘာသာရေးဂုဏ်သိက္ခာကျဆင်းစေတာမို့ ရပ်တန့်ပေးဖို့ Amazon ကို စာရေးအကြောင်းကြားကန့်ကွက်တာနှင့် Amazon က အဲဒီဝန်ဆောင်မှုကို ရပ်ပေးခဲ့တယ်။

စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်ခုအနေနှင့်ကတော့ ဘယ်နေရာ၊ ဘယ်လုပ်ငန်းမဆို အတတ်နိုင်ဆုံး manpower ကို သုံးမယ့်အစား ကွန်ပျူတာတွေ၊ စက်ရုပ်တွေ၊ စက်ပစ္စည်းတွေနှင့် အစားထိုးဖို့စဉ်းစားကြတာ မဆန်းဘူး။ ဒီလူတစ်ယောက်ရဲ့  သူလုပ်ဆောင်နေရတဲ့ အခန်းကဏ္ဍကို စောင့်ကြည့်ပြီး ဒီနေရာမှာ လူသုံးဖို့မလိုဘူး။ စက်သုံးလို့ဖြစ်တယ်ဆိုရင် စက်ကို အစားထိုးမှာဘဲ။ လူက တခြားပိုတန်ဖိုးရှိတဲ့၊ ပိုဦးနှောက်သုံးရတဲ့ နေရာတွေအတွက် အသုံးပြုရမှာကိုး။

အခုဂျပန်မှာ ဘုန်းကြီးအစား၊ စက်ရုပ်သုံးတယ်ဆိုတာ အဲဒီစဉ်းစားတဲ့ ပုံစံအတိုင်းသွားထားတာပါဘဲ။ ဂျပန်ဘုန်းကြီးတစ်ပါးအနေနှင့် ဧည့်သည်လာရင် ဘုရားစာဆိုပေး၊ ဆုတောင်းပေးရတာကို တစ်နေကုန် ထပ်ခါထပ်ခါလုပ်မယ့်အစား စက်ရုပ်ထဲ data ထည့်ပေးထားပြီး ရွတ်ခိုင်းလိုက်လည်း ရတာဘဲလို့ တွေးမိကြလို့ လုပ်တာပါ။

ဒီတော့ မြန်မာပြည်မှာလိုမျိုး ဘုန်းကြီးနှင့် ဒကာ၊ ဒကာမဆက်ဆံရေးပုံစံမျိုးနှင့် စဉ်းစားကြည့်ရင်တော့ အခုလို စက်ရုပ်အစားထိုးတယ်ဆိုတဲ့ကိစ္စဟာ လက်ခံချင်စရာမကောင်းဘူးပေါ့။ သူတို့မှာက ဘုန်းကြီးနှင့် ဒကာ၊ ဒကာမနှင့်ကြားမှာ in touch ဖြစ်စရာ အကြောင်းကိစ္စတွေ သိပ်မှ မလိုအပ်တာကိုး။

ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးနှင့် ဘာသာရေးအကြောင်း သိချင်တာ၊ နားမလည်တာမေးမယ်၊ ဆွေးနွေးမယ်။ ကျောင်း ဝေယျာဝစ္စလုပ် ကုသိုလ်ယူမယ် ဆိုတာမျိုး၊ ဆွမ်းခံကြွတဲ့ ဘုန်းကြီးကို ဆွမ်းလောင်းမယ်၊ သဒ္ဓါပေါက်ရင် ပေါက်သလို သံဃာတွေအိမ်ကို ဆွမ်းစားပင့်ပြီး တရားနာမယ်ဆိုတာမျိုး မြန်မာပြည်မှာလို လုပ်မှ မလုပ်ကြတာ။

နောက်ရှိသေးတယ်။ ဂျပန်တွေအနေနဲ့ မြန်မာဒကာ၊ ဒကာမတွေ အများစု လုပ်တတ်ကြသလိုမျိုး သူတို့ရဲ့  လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အိမ်တွင်းရေး ပြဿနာ ကြီးငယ်တွေကို ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးကို ရင်ဖွင့် အကြံဉာဏ်တောင်းတဲ့ အလေ့အကျင့်လည်း မရှိကြဘူးလေ။ ဒါတွေအတွက် သူတို့မှာ နားလည်တတ်ကျွမ်းတဲ့ ရှေ့ နေတွေ၊ စီးပွားရေးလူမှုရေးပညာရှင်တွေ၊ စိတ်ပညာရှင်၊ တတ်သိနားလည်တဲ့သူတွေဆီသွားပြီး အကြံဉာဏ်တောင်းတဲ့ အလေ့အထကလည်း သူ့ဟာနဲ့သူ အသားကျနေကြပြီးသား ဖြစ်နေပြီ။

ဒီတော့ မြန်မာဘုန်းကြီးတွေလိုမျိုး သူတို့ ဘုန်းကြီးတွေအနေနဲ့ ဒကာ၊ ဒကာမတွေ ကျောင်းလာပြီး သူတို့ရဲ့  ပြဿနာပေါင်း သောင်းခြောက်ထောင် လာရင်ဖွင့်သမျှ ထိုင်နားထောင်ပေးစရာ၊ နှစ်သိမ့်ဆွေးနွေးပေးစရာ မလိုဘူးလေ။ နောက် သူတို့မှာက သူတစ်ပါးရဲ့  အချိန်ကို ကိုယ့်အတွက်နှင့် အနှောက်အယှက်မဖြစ်ရအောင် အရမ်းသတိထားနေတတ်ကြတာလည်း ပါတာပေါ့။ ဒီတော့ ဘုန်းကြီးကျောင်းသွားရင် ဘုရားစာရွတ်ပေး၊ blessing ပေးဖို့အတွက် လူဘုန်းကြီး မရှိလည်း ဖြစ်တာပါဘဲ။ ဘုရားစာရွတ်တတ်တဲ့ စက်ရုပ်ရှိနေလည်း အလုပ်ဖြစ်တယ်။ မဟုတ်ဘူးလား။

မြန်မာပြည်မှာရော။ တိုင်းပြည် ချမ်းသာလာတဲ့ တစ်နေ့ ဘုန်းကြီးတွေနေရာမှာ စက်ရုပ်တွေ အစားထိုး ၀င်လာနိုင်ချေရှိများ ရှိနိုင်သလား။ အဲဒါလေး စဉ်းစားကြည့်ရအောင်။

မြန်မာပြည်က တချို့ ဘုန်းကြီးကျောင်းတွေရယ်၊ နိုင်ငံခြားက တချို့  မြန်မာကျောင်းတွေရယ်၊ တခြားထေရ၀ါဒနိုင်ငံတွေက ဘုန်းကြီးကျောင်းတွေမှာလည်း ဘုရားလာဖူးတဲ့သူ၊ ဘုန်းကြီးကျောင်းလာတဲ့သူတွေကို "သဗ္ဗီတိယော ၀ိဝဇ္ဇန္တု " ဂါထာလေးရွတ်ပေးပြီး လက်ကိုပရိတ်ကြိုးချည်ပေး၊ ပရိတ်ရေကို သပြေရွက်၊ ကြာဖူးတွေနှင့် တို့တို့ပြီး ခေါင်းကို သပ်ပေး၊ အန္တရာယ်ကင်းပရိတ်ချည်တို့၊ ဖယောင်းတိုင်တို့ ပေးတာတွေ မြင်ဖူးတယ်။

ပြီးခဲ့တဲ့နှစ်က အချိန်အားရတာနှင့် ဒီက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဒုလ္လဘ ခဏ၀တ်ဖြစ်တယ်။ မြန်မာဘုန်းကြီးနဲတဲ့အရပ်ဒေသမှာ ဖြစ်ချင်တော့ ဘာသာရေးအခမ်းအနားပွဲတွေလုပ်တဲ့အချိန်နှင့် သွားတိုက်ဆိုင်နေတယ်။ နောက် အလုပ်ပိတ်ရက်တွေမှာ အိမ်ပင့်ဆွမ်းကပ်တာတွေ၊ ဘုရားအနေကဇာတင်တာတွေ ဖိတ်တာနှင့်သွားကြုံတယ်။ ဒါနဲ့ ကိုယ်လည်း ကျောင်းနေသံဃာအနေနှင့် ပင့်တော့ ရောယောင်လိုက်သွားပေးရတာပေါ့။ အဲဒီမှာ ဆွမ်းစားကွမ်းစားလိုက်ရင်း သတိထားမိပြီး စဉ်းစားချင်စရာလေးတွေသွားတွေ့တယ်။

မြန်မာလူမျိုးတွေဆိုတာက မွေးကတည်းက ဘာသာရေးနှင့် အမြဲတမ်း ထိတွေ့လက်ပွန်းတတီးနေနေကြတဲ့သူတွေဆိုတော့ သဒ္ဓါတရားတွေက ထက်သန်ကြတယ်။ ဘယ်နေရာဘယ်ဒေသရောက်ရောက် ဘုရား စေတီပုထိုး၊ ဘုန်းကြီးကျောင်းရှိတဲ့အရပ်ဆို အရောက်သွားလိုက်ရမှ၊ အလှူဒါနလေးပြုလိုက်ရမှ နေသာထိုင်သာရှိတတ်ကြတာမဟုတ်လား။ ရဟန်းသံဃာဆို ဆွမ်းခဲဖွယ်ဘောဇဉ်ကို အလျှံပယ်လှူဒါန်းချင်ကြတယ်။ ငွေကြေးဝတ္ထုဆိုလည်း ရက်ရက်ရောရောကို လှူဒါန်းတတ်ကြတယ်။

ဆွမ်းစားပင့်လို့သွားရပြီဆို အဲဒီအလှူရှင်ရှိတဲ့နေရာမှာ ပေးရတဲ့အချိန်က ၁နာရီခွဲ ၂နာရီလောက်တော့ရှိမယ်။ သူတို့ကပ်တဲ့ဆွမ်းကိုဘုန်း၊ တရားဟော၊ ရေစက်ချ။ အလာပသလ္လာပစကားနဲနဲပြော။ ၀တ္ထုငွေနှင့် လှူဖွယ်ပစ္စည်းကပ်တာလက်ခံ။ ပြီးရင်တော့ ကျောင်းပြန်ပေါ့။ ကျောင်းရောက်လို့ သူတို့လှူလိုက်တဲ့ ၀တ္ထုငွေကိုကြည့်မိပြီး မျက်လုံးပြူးရတယ်။ ဒီမှာ ပုံမှန်အလုပ်သမားတစ်ယောက် တစ်နေ့တာ ၁၀နာရီ၊ ၁၂နာရီလောက်လုပ်မှရနိုင်တဲ့ ငွေကြေးပမာဏမျိုးကို အနည်းဆုံးအနေလောက်နှင့် ရဟန်းတစ်ပါးကို လှူဒါန်းနိုင်ကြတယ်။ ပြောရရင် ၁နာရီ ၁နာရီခွဲလောက် အချိန်ပေးလိုက်ရုံနဲ့ ပုံမှန်လူ အလုပ်လုပ်တဲ့ တစ်ရက်စာ အေးအေးလူလူဝင်တယ်။ မြတ်စွာဘုရားထားခဲ့တဲ့ သာသနာတော်ရဲ့  အရှိန်အ၀ါဟာ အင်မတန်ကြီးမားတာပါလားလို့ တွေးမိလိုက်တယ်။

ဘာဆက်စဉ်းစားမိလဲဆိုတော့ ပုံမှန် သာရေးနာရေး ဘာသာရေးအခမ်းအနားတစ်ပွဲမှာ ဘုန်းကြီးတစ်ပါးအတွက် သီလပေး၊ ပရိတ်ရွတ်၊ တရားဟော၊ ရေစက်ချလုပ်တာ နာရီဝက်ကနေ ၄၅မိနစ်၊ တစ်နာရီအတွင်းအချိန်မှာ အားလုံးပြီးအောင်လုပ်နိုင်ပါတယ်။ အဲဒီလို အခမ်းအနားမျိုးတွေသီးသန့်အတွက်ပဲ ဟောနိုင်၊ ပြောနိုင်၊ ပရိတ်ရွတ်နိုင်ဖို့အတွက် လေ့ကျင့်မယ်ဆိုရင် ဘာမှ ဘာသာရေး background အခြေခံမရှိတဲ့သူတောင် နှစ်ပတ်ကနေ တစ်လလောက် လေ့ကျင့်လိုက်ရင် ပြောလို့ဟောလို့ရနိုင်တယ်။

သိတဲ့အတိုင်း ပရိတ်ဆိုလည်း ပရိတ်ကြီး ၁၁ သုတ်လုံး အလွတ်ရနေဖို့မှ မလိုတာ။ နတ်ပင့်၊ မေတ္တာသုတ်ရွတ်၊ ဂုဏ်တော်တွေရွတ်၊ ယံဒုန္နိမိတ္တံ ၃ဂါထာရွတ်နိုင်ရင်ရနေပြီ။ ဘုရားအနေကဇာတင်အတွက်ဆို အနေကဇာတိသံသာရံဂါထာတွေ အလွတ်ကျက်ပေါ့။ ပြီးရင် သီလပေးရေစက်ချ အလွတ်ကျက်။ ဟောမယ့်ပြောမယ့် တရားကို သာရေးနာရေးနှင့် စပ်ဆက်ပြီး ဘုရားဟောဇာတ်လမ်းတွေထဲက သင့်လျှော်ရာ ဇာတ်လမ်း ၁၅ပုဒ် အပုဒ်၂၀လောက် ထုတ်နုတ်ပြီး ဖတ်ထားမှတ်ထားနိုင်ရင် အိုကေပြီ။ ဒီဘက်ခေတ်မှာဆို ပါဠိတွေလည်း သိပ်ရွတ်ပြနေစရာမလိုတော့ ပါဠိဂါထာတွေ ကျက်နေဖို့လည်း သိပ်မလိုလှဘူး။ လူရှိန်အောင် အနည်းအကျဉ်း စကားထဲမှာ ညှပ်ညှပ်ပြီး ထည့်ပြောပေးနိုင်ရုံလောက်ဆို အလုပ်ဖြစ်နေပြီ။

ပြောချင်တာက သာသနာ့အရိပ်ခိုပြီး လွယ်လွယ် လုပ်စားချင်တယ်ဆိုရင် လုပ်စားဖို့ မခက်ခဲဘူးဆိုတာကိုပါ။ ဒါကြောင့်လည်း အခုဒီဘက်နှစ်တွေမှာ သင်္ကန်းဝတ်ပြီး မထော်မနန်းလုပ်နေကြတဲ့သူတွေ ရှေးကထက် ပိုပိုများလာတာ သတိထားမိကြမှာပါပဲ။ ပင်ပင်ပန်းပန်း ရှာဖွေစားသောက် အလုပ်မလုပ်ချင်ဘူးလား။ သာသနာ့အရိပ်အောက်မှာ သဒ္ဓါအားကောင်းကြတဲ့ ဒကာ၊ ဒကာမတွေကို သူတော်ကောင်းယောင်ဆောင်ပြီး လိမ်စားလို့ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်။

အဲဒီလို လုပ်စားတဲ့ ဘုန်းကြီးတွေ များလာရင်တော့ ကြာရင် လူတွေကလည်း ရိပ်မိလာကြမှာပါဘဲ။ ဒကာ၊ ဒကာမတွေစိတ်ထဲမှာ ဘုန်းကြီးဆိုတာ ပရိတ်ရွတ်ပေးရုံ၊ သဗ္ဗီတိယော ၀ိဝဇ္ဇန္တု ဆိုပြီး ပရိတ်ကြိုးချည်ပေးရုံလောက်ပဲ လုပ်ပေးကြပြီး ငါတို့က အလှူငွေထည့်နေရတာပါလားလို့ မြင်လာကြလိမ့်မယ်။ အဲလိုမြင်လာတဲ့သူတွေ များလာတဲ့ တစ်နေ့ရောက်လာရင်တော့ တိုင်းပြည်မှာ စက်မှုနည်းပညာတွေ အရမ်းတိုးတက်နေရင်တော့ ကိုယ်ပိုင်စက်ရုပ်ပေါ့။ မတိုးတက်သေးရင်တော့လည်း ဂျပန်ကနေ စက်ရုပ်မှာပြီး ဘုန်းကြီးတွေအစား Robot သုံးတဲ့အနေအထား ရောက်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲလေ။

သာသနာတော်ကို ကြည်ညိုလေးစားတဲ့ ဒကာဒကာမတွေ အတွက် ဗုဒ္ဓဘာသာရဟန်းတစ်ပါးရဲ့ အခန်းကဏ္ဍ အနာဂတ်မှာ ဘယ်အတိုင်းအတာအထိ သက်ရောက်မှုရှိနေမလဲဆိုတာကတော့ အခုလက်ရှိခေတ် ရဟန်းသံဃာတော်တွေရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာပဲ အဓိကမှီတည်နေမယ်လို့ တွေးထင်မိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Thursday, March 7, 2019

သင့်အတွက်.... (၁၁)





၁၁။ စိတ်စွမ်းအားတိုးလာဖို့ ကမ္မဋ္ဌာန်းကနေ အားဖြည့်လိုသူ မင်းအတွက် 


"ကမ္မဋ္ဌာန်းကနေ မင်းရဲစိတ်စွမ်းအား ပွားတိုးလာစေမယ်။"

ဒီလို မှတ်သိထားခဲ့မိရင်တော့ တကယ်စစ်မှန်တဲ့ သမာဓိနှင့် စစ်မှန်တဲ့ ကမ္မဋ္ဌာန်းဖြစ်လာဖို့ အကြောင်းမရှိတော့ပါဘူး။

စိတ်စွမ်းအင်တွေ တိုးပွားလာဖို့ တချို့လူတွေက ကမ္မဋ္ဌာန်းကနေ သွားလိုကြတယ်။ ဒါမှသာ အခွန်အခတွေ လာကောက်တဲ့သူတွေကို မှင်နဲ့ မောင်းနဲ့ ဟိန်းဟောက်လိုက်မယ်ပေါ့။ ဒီလောက်အတွက်နဲ့တော့ ကမ္မဋ္ဌာန်းကျင့်နေဖို့ မလိုပါဘူး။ တကယ့် လူတွေလိုသာ အရက်သောက်ပြီး ရမ်းပြလိုက်ရင်လည်း ဖြစ်ပါတယ်။

"ဇင် နဲ့ မင်းရဲ့ စိတ်စွမ်းအင်သတ္တိကို ပြုစုပျိုးထောင်ခြင်း အနုပညာ" ဆိုတဲ့စာအုပ်မျိုးတွေ အနားမှာတင် ရှိတတ်ကြတယ်။ အဲဒီလိုမျိုး သမာဓိတည်ထောင်တဲ့ဓလေ့မျိုးက မင်းကိုယ်မင်း ထုံပေပေ ဖြစ်သွားအောင်ပဲ လုပ်ပေးနိုင်ဖို့ရှိတယ်။

တချို့ကျတော့ ကြံ့ကြံ့ခံတဲ့ စိတ်ထားရဖို့ ကမ္မဋ္ဌာန်းထိုင်ကြပြန်တယ်။

စစ်မှန်တဲ့သမာဓိကို တိုးပွားအောင်ထူထောင်တယ်ဆိုတာမှာ ပုဂ္ဂိုလ်ရေး လိုအင်တွေ ဘေးချထားရပါတယ်။

အသေးမွှားဆုံးသော ပုဂ္ဂိုလ်ရေးအကြောင်းခြင်းရာ ဖြစ်စေဦးတော့။ ထူထောင်တဲ့ ကမ္မဋ္ဌာန်းဟာ မစင်ကြယ်တော့ဘူး၊ မသန့်စင်တော့ပါဘူး။ ကျွန်ုပ်တို့ ကျင့်ကြံအားထုတ်ရမှာက ရိုးသားပြီး စစ်မှန်တဲ့ ကမ္မဋ္ဌန်းမျိုးပဲ ဖြစ်ပါတယ်။ အားကစားလိုအရာမျိုးတွေဖြစ်စေ၊ ဉာဏ်အလင်းပွင့်ရေးဖြစ်စေ၊ ဘာဆိုဘာနဲ့မှ ရောနှော မနေသင့်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အယူအဆတွေ ရောပါလာမိတဲ့အခါ၊ အနည်းငယ်မျှသော ပမာဏဖြစ်ပါစေဦး။ ဗုဒ္ဓရဲ့ဓမ္မ မဖြစ်နိုင်တော့ပါဘူး။

စကားအနေနဲ့ပြောရရင် ဗုဒ္ဓဘာသာဆိုတာ ငါစွဲမရှိတာ။ "ငါစွဲမရှိ" လို့ ပြောတဲ့သဘောက၊ ငါ ဆိုတာ သပ်သပ်တည်နေတဲ့အရာမဟုတ်ပဲ လောကဓာတ် တခွင်လုံးနဲ့ ပတ်သက်စပ်ဆက်နေလို့ဖြစ်တယ်။ အဲဒီလို လောကဓာတ်တစ်ခုလုံး ငါနဲ့ဆိုင်တယ်ဆိုတဲ့ သဘောတရားကိုပဲ အမှန်တရား အနေနဲ့ ပြဌာန်းပေးထားပါတယ်။

စစ်မှန်တဲ့ဓမ္မမှာ ရယူစရာ ဘာမှမရှိဘူး။ ရစရာတစ်ခုခုတော့ ရှိနေတယ်ဆိုရင် အယူတိမ်းနေတဲ့ဓမ္မပဲ ဖြစ်တယ်။

ဗုဒ္ဓရဲ့လမ်းစဉ်ဟာ ဘာကိုမှ ရှာဖွေစရာ မရှိသလို၊ ဘာကိုမှ ရှာတွေ့စရာလည်းမရှိပါဘူး။ တကယ်လို့ တစ်ခုခုကို ရှာတွေ့သွားပြီလို့ ဖြစ်လာရင်တော့ ကျွန်ုပ်တို့ ဘယ်လောက်ပဲ ကျင့်ကြံ အားထုတ်ထားသည် ဖြစ်နေပါစေ၊ အဲဒါဟာ ဗုဒ္ဓ ရဲ့ဓမ္မ မဟုတ်တော့ပါဘူး။ ဘာမှ ရှာတွေ့စရာ မရှိဘူးဆိုတာကမှသာ အဲဒါဟာ ဗုဒ္ဓ ရဲ့ဓမ္မပါ။

(ဆက်ရန်....)

Kōdō Sawaki Rōshi




ဆက်လက်ဖတ်ရှုရန်