Friday, February 22, 2019

သမထ နှင့် ဝိပဿနာ



မေး ။ ။ သမထနှင့် ဝိပဿနာ ဘာကွာသလဲဆိုတာ ပြောပြပေးနိုင်မလား။
ဖြေ။ ။ သမထဆိုတာက စိတ်အေးချမ်းသွားဖို့အတွက် အားထုတ်တာ၊ အတွေးတွေရပ်သွားဖို့အတွက် အားထုတ်တာ၊ စိတ်ငြိမ်အောင် လုပ်တာဖြစ်တယ်။ စိတ်ငြိမ်သက်သွားတဲ့အခါ လူက ပျော်ရွှင်အေးချမ်းလာတယ်။ ဒါက တရားအားထုတ်တာရဲ့ ပထမအဆင့်ဘဲ။ ဒီအဆင့်ကို ပိုင်နိုင်သွားတဲ့အခါ ဝိပဿနာလို့ခေါ်တဲ့ ဒုတိယအဆင့်ကို တက်ကြရပါမယ်။ ဝိပဿနာဆိုတာက သမထအဆင့်မှာတုန်းက ရရှိထားခဲ့တဲ့ ငြိမ်းအေးမှုကို ကာကွယ်စောင့်ရှောက်ဖို့အတွက်ပဲဖြစ်တယ်။

တကယ်လို့ ဝိပဿနာကို အားမထုတ်ဘူးဆိုရင် ဖြစ်လေ့ရှိတာက သမာဓိကျသွားတဲ့အခါ သင့်စိတ်က အတွေးတွေ ပြန်လည်စတင်ဝင်ရောက်လာပြီး ဝတ္ထုအာရုံတွေအပေါ်မှာ ငြိတွယ်မှုတွေ စဖြစ်လာတတ်တယ်။ အဲဒီအခါ သမထအားထုတ်ထားတုန်းကရထားတဲ့ ငြိမ်းအေးမှုတွေအားလုံး ပျောက်ကွယ်ကုန်ရော။တကယ်လို့ သမထအားထုတ်တုန်းက ရထားခဲ့တဲ့ စိတ်ရဲ့ ငြိမ်းအေးမှုကို ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့ ကမ္မဋ္ဌာန်းဖြုတ်လိုက်တဲ့အချိန်မှာ ဝိပဿနာကို သုံးရလိမ့်မယ်။

ဝိပဿနာဆိုတာက အမှန်ကို အမှန်အတိုင်း ကြည့်တာ၊ ဝတ္ထုအာရုံတွေအပေါ် ကိုယ်ထင်နေသလိုမဟုတ်ပဲ သူတို့အရှိကို အရှိအတိုင်း ကြည့်တာဖြစ်တယ်။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ဝတ္ထုအာရုံတွေရဲ့ တကယ့်အရှိနဲ့ ဆန့်ကျင်ဘက်ကိုဘဲ တွေးထင်တတ်ကြတယ်။ ကျွန်ုပ်တို့ လိုချင်တာမှန်သမျှ ကောင်းတယ်လို့ထင်တတ်ကြတယ်။ အရာရာတိုင်းကို မြဲတယ်လို့ထင်တယ်။ ကိုယ့်မှာရှိတဲ့အရာရာတိုင်းကို ကိုယ်ပိုင်ဆိုင်တယ်လို့ထင်တတ်ကြတယ်။ ဒါပေမယ့် တကယ့်အမှန်တရားကတော့ ဆန့်ကျင်ဘက်ပါဘဲ။ အရာရာတိုင်ဟာ အမြဲ မတည်ရှိနိုင်လို့ မကောင်းကြပါဘူး။ အရာရာတိုင်းကို ကိုယ်တချိန်လုံး ပိုင်ဆိုင်မထားနိုင်ပါဘူး။ အဲဒီကိုယ်ပိုင်ဆိုင်တဲ့အရာတွေ ပျက်စီးပျောက်ကွယ်သွားတဲ့အခါ ပျော်ရွှင်မှုတွေအစား ဝမ်းနည်းစိတ်မကောင်းရမှုတွေ ဖြစ်ရပါလိမ့်မယ်။

ဒါကြောင့် ဝိပဿနာလို့ ခေါ်တဲ့တရားအားထုတ်နည်းဟာ သင်လိုချင်စွဲလမ်းငြိတွယ်နေတဲ့အရာတွေဟာ သင့်အတွက်မကောင်းဘူးဆိုတာကို စိတ်ကို အမှန်အတိုင်း သင်ကြားပေးတာဖြစ်တယ်။ သူတို့ဟာ နောက်ဆုံးမှာ သင့်ကိုနာကျင်ထိခိုက်စေနိုင်ပါတယ်။ ဘာကိုမှ မလိုလားမတောင့်တတာက ပိုကောင်းပါတယ်။ အမှန်တရားကို သင်မြင်လာတဲ့အခါမှာ ဘာကိုမှ သင်ရယူပိုင်ဆိုင်ချင်တော့မှာ မဟုတ်ဘူး။ ကမ္မဋ္ဌာန်းတရားအားထုတ်ပြီး စိတ်အေးချမ်းမှုကနေ ပျော်ရွှင်ချမ်းမြေ့မှုကိုဘဲ သင်ရှာဖွေလာတော့မယ်။ အာသာဆန္ဒတွေနှင့် လိုချင်တပ်မက်မှုတွေတိုင်းကို ဒီပုံစံအတိုင်းလုပ်နိုင်လာပြီဆိုရင် နောက်ဆုံးမှာတော့ သင့်စိတ်ထဲမှာ ငြိတွယ်မှုဆိုတာ ရှိတော့မှာမဟုတ်ဘူး။ သမထအားထုတ်လို့ ရထားတဲ့ စိတ်အေးချမ်းမှုဟာလည်း ပျက်ဆီးဆုံးရှုံးစရာဘာမှ မရှိတော့ဘူး။ ဒီ့နောက်မှာတော့ “နိဗ္ဗာန်”ဆိုတဲ့ အမြဲတမ်းချမ်းသာကို သင်ရရှိခံစားရတော့တယ်။

Ajahn Suchart Abhijāto

No comments:

Post a Comment