Monday, June 18, 2018

လိင်တူချင်းအာရုံခံစားမှုအပေါ် ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ အမြင်





ကျွနု်ပ်တို့အနေနှင့် ဒီလူ့အမူအကျင့်ရဲ့  အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ လိင်တူချင်းအာရုံခံစားမှုဆိုတာကို ရှက်စရာကောင်းတဲ့ကိစ္စတစ်ခုလိုမျိုး၊ အချိန်ကြာကြာလေး မသိချင်ယောင်ဆောင်ထားလိုက်ရင် သူ့အလိုလို ပျောက်ကွယ်သွားမှာပဲ ဆိုတာလိုမျိုးတွေ ဆက်လက်ပြီး ဟန်ဆောင်နေလို့ မရတော့ပါဘူး။

အခုလက်ရှိ သဘောထားတွေဟာ ၁၉ ရာစု ၀ိတိုရိယခေတ်က အင်္ဂလန်နိုင်ငံမှာ သမ္မာကျမ်းစာအုပ်ထဲကနေ တစိတ်တဒေသ ခွဲထွက်သွားတဲ့ ဘာသာရေး သဘောထားကျဉ်းမြောင်းတဲ့ တူဒါ-ခရစ်ယာန်ပုံစံ ချဉ်းကပ်မှုရဲ့  သြဇာလွှမ်းမိုးမှုကို ကြီးကြီးမားမားခံရတာကနေ စတင်လာခဲ့တာဖြစ်ပါတယ်။

အာရှမှာ၊ အထူးသဖြင့်တော့ အိန္ဒိယနှင့် တရုတ်နိုင်ငံတွေမှာ ကာမဂုဏ်ခံစားမှုဆိုတာဟာ ကာယကံရှင်တွေကြား သိုသိုသိပ်သိပ်သာ မွေ့လျော်ပျော်ပါးကြရတဲ့ ညစ်ညမ်းတဲ့အရာမျိုး၊ မျိုးဆက်ပျံ့ပွားရေးသက်သက်အတွက်သာ ရည်ရွယ်တဲ့အရာမျိုး အဖြစ် ဘယ်တော့မှမမြင်ခဲ့ကြပါဘူး။ အိန္ဒိယမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ တွေ့ရတဲ့ ကျောက်သားပန်းပုလက်ရာတွေက ဘာကိုသက်သေခံနေလဲဆိုရင် တစ်ကိုယ်ရည်အာသာဖြေခြင်း အပါအ၀င် လိင်ပိုင်းဆိုင်ရာအလေ့အထအားလုံးဟာ သူတော်ကောင်းတွေကျင့်သုံးကြတဲ့ တရားဓမ္မကျင့်ဝတ်စည်းကမ်းတွေရဲ့  အကန့်အသတ်ဘောင်အတွင်းမှာသာ ၀င်နေမယ်ဆိုရင် လက်ခံနိုင်တဲ့ အာရုံခံစားမှုတွေဖြစ်တယ်ဆိုတဲ့အချက်ကို သက်သေခံနေပါတယ်။

လူသားတွေဖြစ်တဲ့အတွက် ကျွနု်ပ်တို့ ရရှိထားတဲ့ ခန္ဓာကိုယ်တွေဟာ ကာမဂုဏ်ကိစ္စရပ်တွေကိုသာမကပဲ တခြားသော အစားအသောက်၊ အမွှေးနံ့ သာ၊ အသံစတဲ့ သာယာဖွယ်အာရုံအားလုံးအပေါ်မှာပါ ညွှတ်နူးလိုက်စားစွဲလန်းတတ်ပါတယ်။ ဒီလိုဖြစ်တာကို မကောင်းမှုတွေအဖြစ်နှင့် အတင်းကာရော ထိန်းချုပ်ငြင်းပယ်လိုက်တဲ့အခါမှာတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ သဘာဝဗီဇစိတ်တွေကို ဖိနှိပ်လိုက်သလိုဖြစ်သွားစေတယ်။ သက်ရှိဆိုတာဟာ မသိမှုအ၀ိဇ္ဖာနှင့် မာယာရဲ့  သားကောင်ပါ။ သူဟာ ခန္ဓာကိုယ်ဆိုတာကို တကယ့်အရှိတရား အစစ်အမှန်အဖြစ်နဲ့ပဲ မြင်တတ်မှာဖြစ်တယ်။ ဒါကြောင့်လည်း သူ့ရဲ့ ကာမလိုဘ ပြည့်ဝနိုင်ဖို့အတွက် တောင့်တရှာဖွေနေမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီပုဂ္ဂိုလ်ဟာ အသိဉာဏ်တဖြေးဖြေးရင့်ကျက်လာချိန်မှာတော့ မာယာရဲ့ နေရာမှာ သိမှုဝိဇ္ဖာနှင့် ပညာက နေရာယူသွားပါတယ်။ အဲဒီအခါမှာတော့ ခန္ဓာဆိုတာကို အတုအယောင်အဖြစ်သိမြင်လာပြီး ဒီပုဂ္ဂိုလ်ဟာ သူ့အလိုလိုပဲ ငြိတွယ်စွဲလန်းမှုကနေ လွတ်မြောက်သွားပါတော့တယ်။ ဒီနေရာမှာ အသိဉာဏ်ရင့်ကျက်သွားကြတဲ့ သူတော်စင်တွေအနေနှင့် ကာမဂုဏ်ခံစားမှုတွေကို စွန့်ခွာသွားမှုဟာ ကလေးငယ်တစ်ယောက်လူကြီးဖြစ်သွားတဲ့အခါ အရုပ်တွေနှင့်ကစားနေရာကနေ ရပ်လိုက်သလိုမျိုးလို့ နားလည်နိုင်ပါတယ်။

ကာမဂုဏ်ခံစားမှုဟာ ဘာမှမှားယွင်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ မှားယွင်းနေတာက ကာမဂုဏ်လိုက်စားခြင်းဟာ အဆုံးစွန်ပျော်ရွှင်မှုကို ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ပြီး သူ့အပေါ်မှာ ငြိတွယ်တာရယ်၊ ကာမဂုဏ်ခံစားမှုရဲ့  ကျေးကျွန်ဖြစ်သွားတာရယ်ပဲဖြစ်ပါတယ်။ အဲဒီကနေဖြစ်လာတဲ့ပြဿနာကတော့ ဒီနေ့ခေတ်မှာ ကာမကိုဦးစားပေးတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ အုံနဲ့ကျင်းနဲ့ ပေါက်ပေါက်လာတာ ဖြစ်တယ်။ ကာမဂုဏ်ခံစားမှုကသာ ရေရှည်စစ်မှန်တဲ့ပျော်ရွှင်မှုကို ဖြစ်စေနိုင်တယ်ဆိုတဲ့ ယုံတမ်းစကားတွေ ဖြစ်လာပါတော့တယ်။

ဗုဒ္ဓဘာသာဝင်တွေ နေ့တိုင်းရွတ်ဆိုစောင့်တည်နေကြတဲ့ ငါးပါးသီလရဲ့  တတိယသိက္ခာပုဒ်ဟာ ကာမဂုဏ်ကို မှားယွင်းစွာ ကျင့်ကြံမှုကနေ ရှောင်ကျဉ်ဖို့အတွက် “တာဝန်ယူတာ” ဖြစ်ပါတယ်။ ပထမသတိထားဖို့က ဒါက မဖြစ်မနေစောင့်ထိန်းခိုင်းထားလို့ စောင့်ထိန်းရတာမျိုးမဟုတ်ဘူး။ ဘုရားရဲ့  ဥပဒေတော်ကို ချိုးဖောက်လို့ အပြစ်ပေးခံရမှာကို ကြောက်ရွံ့ ပြီး စောင့်ထိန်းရမှာမျိုး မဟုတ်ဘူး။ ကာမဂုဏ်မှာ ငြိတွယ်မှုကြောင့် ဖြစ်လာမယ့် အန္တရာယ်ကို နားလည်သဘောပေါက်တဲ့အတွက် ဒီအမူအကျင့်ကနေ လွတ်မြောက်ချင်လို့ ဒီသီလကို စောင့်ထိန်းလိုက်နာတာဖြစ်တယ်။ ဒါကို “တာဝန်ယူတယ်“လို့ ပြောချင်တာဖြစ်ပါတယ်။

နောက်တစ်ခု သတိထားဖို့က “ကာမဂုဏ်မှာ မှားယွင်းစွာကျင့်ကြံမှု” ဆိုတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ ဒီနေရာမှာ အတိအကျ ပြောထားတာက ကာမဂုဏ်မှာ မှားယွင်းစွာကျင့်သုံးမှု ဖြစ်တယ်။ ကာမဂုဏ်ခံစားမှု အားလုံးကို မဆိုလိုပါဘူး။ ဗြဟ္မာ့စရိယအကျင့်ကို ကျင့်သုံးဖို့ ရွေးချယ်ထားတဲ့သူတွေကလွဲလို့ ကျန်တဲ့သူတွေကို ကာမဂုဏ်မခံစားရဘူးလို့ မတားမြစ်ထားပါဘူး။ ဘုန်းကြီးတွေ၊ သီလရှင်တွေ မဟုတ်တဲ့သူတွေအပေါ် ဒီစည်းကမ်းဥပဒေက သပ်ရောက်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

ဘုန်းကြီးနှင့် သီလရှင်တွေအနေနှင့်ကတော့ သူတို့ရဲ့  တရားအသိဉာဏ်ဖွံ့ဖြိုးမှုအတွက် ပိုကောင်းတဲ့သမာဓိတွေရရှိလာနိုင်အောင် ကာမဂုဏ်ခံစားမှုကနေ ရှောင်ကြဉ်တာကို သူတို့ကိုယ်တိုင် ကျေနပ်လက်ခံယူထားကြတာပါ။ မှားယွင်းစွာကျင့်ကြံမှုဆိုတာမှာ ဒီအမှုကိစ္စကို လွန်ကျူးသူ သို့မဟုတ် အခြားတဘက်ကသူအပေါ် ထိခိုက်နစ်နာစေတဲ့ အပြုအမူမျိုးကို ဆိုလိုပါတယ်။

ဒီသီလက တကယ်လို့ ကာယကံရှင် နှစ်ဦးမှာ အရွယ်လည်းရောက်နေပြီ၊ တခြားသူ တစ်ဦးဦးနှင့် ဥပဒေအရဖြစ်ဖြစ်၊ တခြားတနည်းနည်းနှင့် ဖြစ်ဖြစ် ပတ်သက်ဆက်နွှယ်နေမှု ရှိမနေဘူးဆိုရင် ထိခိုက်နစ်နာမှုမရှိတဲ့ နည်းလမ်းလို့ ဆိုလိုပါတယ်။

ဘုရားသခင်ရဲ့  ပညတ်တော်တွေကို ဖောက်ဖျက်ကျူးလွန်တာကို မကောင်းတဲ့အပြုအမူအဖြစ်နှင့် ဗုဒ္ဓဘာသာမှာတော့ မယူဆပါဘူး။ ကျွနု်ပ်တို့ဟာ မသိမှုကြောင့် မှားယွင်းစွာပြုကျင့်မိတတ်တယ်။ ဒါကို အကုသိုလ်လို့ခေါ်ပြီး ဒီအကုသိုလ်က ကျွန်ုပ်တို့ရဲ့  တရားအသိဉာဏ်တိုးတက်မှုမှာ နှောင့်နှေးစေတယ်။ သို့မဟုတ် အနှောက်အယှက်ဖြစ်စေတယ်။ တရားအသိဉာဏ်ရှုထောင့်ဘက်က ကြည့်တဲ့အမြင်နှင့်ဆိုရင်တော့ ကျွန်ုပ်တို့တတွေဟာ ရုပ်နာမ်ခန္ဓာရဲ့ သဘာဝအစစ်အမှန်ကို မသိမှုကြောင့် ကိုယ့်အတွက်အန္တရာယ်ဖြစ်စေတတ်တဲ့ ကိစ္စတွေကို လုပ်မိကြတယ်။

မှန်ကန်တဲ့နားလည်မှုနှင့် မှန်ကန်တဲ့အသိဉာဏ်က ကျွနု်ပ်တို့ကို ခန္ဓာကိုယ်မှာရော၊ စိတ်မှာပါ ထိခိုက်စေတတ်တဲ့ အပြုအမူတွေကနေ ရှောင်ကြဉ်နိုင်ဖို့အတွက် အထောက်အကူပေးပါတယ်။

ဒီစပ်ဆက်မှုအရပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာအနေနှင့် ထိမ်းမြားလက်ထပ်တယ်ဆိုတာဟာ ကာမဂုဏ်ခံစားခွင့်ကို ရုတ်ချည်းဆိုသလို ခွင့်ပြုလိုက်တဲ့ ဘုရားသခင် ကောင်းချီးပေးတဲ့ အထိမ်းအမှတ်အခမ်းအနားတစ်ခုအဖြစ် အသိအမှတ်မပြုပါဘူး။ ကာမဂုဏ်ကိစ္စဆိုတာဟာ လူတွေရဲ့  အမူအကျင့်ကိစ္စသာဖြစ်ပြီး နတ်ပြည် ငရဲပြည်တွေနှင့် ဘာမှ မပတ်သက်ပါဘူး။ ကာမဂုဏ်နှင့်ပတ်သက်ပြီး ထိန်းရမှာက ငါးပါးသီလထဲက တစ်ခုတည်းသော သီလသာဖြစ်တယ်ဆိုတာ သတိထားမိကြမှာပါ။

ပါဏာတိပါတကံဆိုတာ သူတစ်ပါးကို ရက်ရက်စက်စက် နာကျင်မှုတွေဖြစ်စေနိုင်တဲ့အတွက် ပိုပြီးတောင် ပြင်းထန်တယ်လို့ဆိုနိုင်ပါတယ်။ အစားအသောက်မှာ တပ်မက်တာ၊ အရက်စွဲတာ၊ ဆေးစွဲတာ၊ ပစ္စည်းဥစ္စာမက်တာ၊ အာဏာရူးတာ စတာတွေလိုပဲ ကာမဂုဏ်ဟာလည်း ငြိတွယ်မှုကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ဒီအရာတွေကို ငြိတွယ်သမျှ အကုသိုလ်ကံပါဘဲ။ ဗုဒ္ဓဘာသာအနေနှင့် ဒီလိုငြိတွယ်မှုအားလုံးကို အားမပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ ကျွန်ုပ်တို့ကို သံသရာကနေ ရုန်းထွက်လွတ်မြောက်ခွင့်မရအောင် ချည်နှောင်ဆွဲချနေကြတဲ့ အရာတွေဖြစ်နေလို့ပါဘဲ။ ဒီလိုပါဘဲ။ ကာမဂုဏ်မှာ စိတ်ကိုအလိုလိုက်တာဟာလည်း မကောင်းမှုဒုစရိုက်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။

ဒီလိုဆိုရင် ဗုဒ္ဓဘာသာအနေနှင့် လိင်တူချင်းအာရုံခံစားတာကို မှားတယ်လို့ မမြင်သလို ဆန့်ကျင်ဘက်လိင်နှင့်အာရုံခံစားတာကိုလည်း မှန်တယ်လို့ မမြင်ဘူးဆိုတာကို သဘောပေါက်နိုင်ပါတယ်။ ဒီနှစ်ခုစလုံးဟာ ခန္ဓာကိုယ်ကိုအသုံးချရတဲ့ ကာမဆိုင်ရာအပြုအမူတွေဖြစ်ပြီး နှစ်ခုလုံးဟာ ရာဂထကြွမှုရဲ့  အားကြီးတဲ့ ပုံဖော်မှုတွေသာဖြစ်ကြပါတယ်။ ဒါတွေဟာ ဘ၀အပေါ် ခုံမင်မှုကိုတိုးပွားလာစေပြီး သံသရာခရီးမှာ ပိုကြာအောင် ထောင်ချောက်ဆင်ခံရတာတွေသာဖြစ်ပါတယ်။ ယောကျာ်းနှစ်ယောက်ပဲဖြစ်ဖြစ်၊ ယောကျာ်းမိန်းမစုံတွဲပဲဖြစ်ဖြစ် ချစ်ခင်စုံမက်ကြတာဟာ တူညီတဲ့ လူသားနှစ်ဦးရဲ့  အကန့်အသတ်ထဲကပဲ ထွက်ပေါ်လာကြတာဖြစ်ပြီး ခန္̕ဓာကိုယ်အပေါ်မှာ အမှန်တရားကို အဆုံးစွန်အထိ မသိမမြင်နိုင်ကြသေးလို့ပဲဖြစ်ပါတယ်။

ဗုဒ္ဓဘာသာအနေနှင့် လိင်တူချင်းအာရုံခံစားမှုအပေါ်မှာ ရှုံ့ ချပြစ်တင်မှာမဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ စစ်မှန်တဲ့သဘာဝတရားတွေအပေါ်မှာ မသိမှုအခြေခံနှင့် ဆက်ဆံပြုမူတတ်ကြတဲ့အတွက်ကြောင့် အကုသိုလ်ကံရဲ့  အကျိုးပေးခြင်းကို ခံရပါမယ်။ တခြားသူတွေရဲ့  အပြုအမူတွေအပေါ်မှာ ကျွန်ုပ်တို့အနေနှင့် ကဲ့ရဲ့ ရှုံ့ ချပိုင်ခွင့် ရှိမနေပါဘူး။

ကျွန်ုပ်တို့ရဲ့ တာဝန်က တခြားသူတွေအနေနှင့် မသိမှုနှင့်လုပ်ဆောင်နေကြတာကနေလွန်မြောက်ပြီး စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မှုကိုဘယ်လိုရရှိနိုင်တယ်ဆိုတာကို ပြသပေးဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကျနု်ပ်တို့ကိုယ်တိုင်ကိုက တခြားသောကာမဂုဏ်အာရုံတွေရဲ့  ကျေးကျွန်တွေ ဖြစ်နေတဲ့အချိန်မှာ ကိုယ်လိုမတွေးမကြံ၊ ကိုယ်လိုမပြုမူတဲ့ တခြားသူတွေကို သွားပြီး ပြစ်တင်ရှုံချနေခွင့် မရှိပါဘူး။ သိထားရမှာက ကိုယ်က လက်ညှိုးတစ်ချောင်း သူများကိုထိုးရင်၊ ကျန်တဲ့သုံးချောင်းက ကိုယ့်ကိုပြန်ထိုးနေတယ်ဆိုတာပဲဖြစ်ပါတယ်။

အကျဉ်းချုပ်ရမယ်ဆိုရင်တော့ လိင်တူချင်း အာရုံခံစားတာဟာ ဆန့်ကျင်ဘက်လိင်နှင့်အာရုံခံစားတာလိုမျိုးပါပဲ။ မသိမှုအ၀ိဇ္ဖာကနေ စတင်ပေါက်ဖွားလာတာပါ။ ဒါကြောင့် တခြားဘာသာအချို့ ကမြင်သလို မကောင်းမှုဒုစရိုက်တစ်ခု မဖြစ်တာတော့ ကျိန်းသေပါတယ်။ ကာမဂုဏ်ခံစားမှုတိုင်းဟာ ရာဂလည်း များလာစေတယ်။ ငြိတွယ်မှုလည်း များလာစေတယ်။ ခန္ဓာကိုယ်အပေါ်မှာ စွဲလန်းမှုလည်း တိုးလာစေပါတယ်။

ဒီငြိတွယ်မှုတွေကနေ လွတ်မြောက်ဖို့ကြိုးစားနိုင်တဲ့ အသိဉာဏ်ပညာနှင့်အတူ လိင်တူချင်းအာရုံခံစားတာကိုလည်း မှားယွင်းမှု၊ မကောင်းမှုဒုစရိုက်အဖြစ် အပြစ်တင် မရှုံ့ ချသလို၊ ဒါကို အားပေးအားမြှောက်လည်း ပြုမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါတွေဟာ တခြားကာမဂုဏ်ခံစားမှုတွေနည်းတူ သံသရာကနေလွတ်မြောက်ဖို့ရာမှာ နှောင့်နှေးကြန့်ကြာစေလို့ပဲဖြစ်ပါတယ်။

ဆရာတော် ဒေါက်တာ ကေ ရှရီ ဓမ္မနန္ဒ

(Dhamma Wheel မှာ ၂၀၁၅ ခု၊ ဇွန်လ ၃၀ ရက်နေ့က ဖော်ပြထားတဲ့ Ven. Dr K Sri Dhammananda ရဲ့  “A Buddhist view of homosexuality“ ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။)

No comments:

Post a Comment