Wednesday, May 2, 2018

တရားဘာလို့မတက်တာလဲ?





တပည့် - ဆရာ၊ ကျွန်တော် တရားအားထုတ်နေတာ တရားမတက်ဘူးဖြစ်နေတယ်။ ဘာဖြစ်လို့များလဲခင်ဗျာ။

ဆရာ - ညနေ နေ၀င်ဆည်းဆာ နေမင်းကြီး ၀င်လုလုဆဲဆဲအချိန် ဇင်ယော်လေးတစ်ကောင် ပျံသွားတော့ နောက်ခံနေမင်းကြီးကြောင့် သူ့ကိုယ်ကနေ မီးလျှံတွေ ထွက်နေသလို ဖြစ်နေတာ သတိထားမိသလား။

တပည့် - ဟုတ်ကဲ့။ သတိထားမိပါတယ်ခင်ဗျာ။

ဆရာ - ရေတံခွန်ကနေ အရှိန်နှင့်ကျလာတဲ့ရေတွေဟာ အောက်က ကျောက်သား၊ ကျောက်ဆောင်တွေနှင့် တိုက်မိတဲ့အခါ အဖြူရောင် ရေမှုန်ရေမွှားလေးတွေအဖြစ် လွှင့်စဉ်ထွက်လာတာကိုရော သတိထားမိသလား။

တပည့် - ဟုတ်ကဲ့။ သတိထားမိပါတယ်ခင်ဗျာ။

ဆရာ - ညဘက် လသာတဲ့အခါ လရောင်ဟာ အေးမြတဲ့ စမ်းချောင်းလေးရဲ့  ရေမျက်နှာပြင်ပေါ်မှာ အဖြူရောင်အရိပ်အဖြစ် ထင်နေတာကိုရော သတိထားမိသလား။

တပည့် - ဟုတ်ကဲ့။ သတိထားမိပါတယ်ခင်ဗျာ။

ဆရာ - မင်းကို တရားအားထုတ်ခိုင်းထားတာကို တရားအားမထုတ်ပဲ၊ အရည်မရ၊ အဖတ်မရ ဟာတွေ သွားပြီး သတိထားကြည့်နေတာကိုး။ တရား ဘယ်တက်မလဲ။

😃😄😂

အပေါ်က ဇင်ဆရာ၊ တပည့်နှစ်ယောက်ရဲ့  တရားအမေးအဖြေ ဟာသလေးကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ။

အဲဒီလိုမျိုး သဘောတရားချင်းဆင်ဆင်တူတဲ့ အဖြစ်အပျက်မျိုး တရားယောဂီတစ်ဦး ဖြစ်ခဲ့ဖူးတာရှိပါတယ်။

ရိပ်သာဆရာတော်ကြီးတစ်ပါးကို တပည့်ယောဂီက တရားလျှောက်ပါတယ်။

သမာဓိ အတော်အားကောင်းလာတဲ့သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ သဘာဝအတိုင်း အဲဒီယောဂီမှာလည်း ဖြစ်နေတာပါ။ သူက ဆရာတော်ကြီးကို သူအားထုတ်နေချိန်မှာ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုးထူးထူးဆန်းဆန်းတွေ ဖြစ်နေတယ်ဆိုတာကို ခံစားသိလာရတဲ့အကြောင်း၊ အာရုံနိမိတ်တွေ ထူးထူးခြားခြား သိမြင်လာတဲ့အကြောင်းတွေကို လျှောက်ပါတယ်။

ဒီအခါမှာ ဆရာတော်ကြီးက “ဒကာကြီးကို တရားမှတ်ခိုင်းထားတာ၊ ဒကာကြီးက လျှောက်လိုက်ကြည့်နေတာကိုး။လျှောက်ကြည့်မနေနှင့်။ ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူး။ မှတ်စရာရှိတာသာ သတိနှင့် ဆက်မှတ်နေ“ လို့ ဆုံးမတာခံခဲ့ရဖူးကြောင်း အဲဒီယောဂီပြန်ပြောပြတာကို နားထောင်ခဲ့ရဖူးပါတယ်။

No comments:

Post a Comment