Thursday, May 24, 2018

နားလည်ပေးလို့ရတယ်။ လက်ခံပေးလို့တော့ မရဘူး။

ဒီမနက် FB ပေါ် တက်တက်ချင်း ဘာသာရေးနှင့်ဆိုင်တဲ့ ပို့စ် နှစ်ခုဖတ်ဖြစ်တယ်။
တစ်ခုက မိတ်ဆွေညီမတစ်ယောက်ရေးတင်ထားတာ။ ဘုန်းကြီးလူထွက်ကိုယူမယ်ဆိုပြီး ရေးထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့  status တစ်ခုအောက်မှာ ဘုန်းကြီးတွေ အများကြီး နောက်သလို၊ ပြောင်သလိုတွေနဲ့ရော၊ အချို့  အတည်ပေါက်တွေနဲ့ပါ ကွန်မန့်တွေ ရေးထားတာကိုမြင်ပြီး မသင့်တော်တဲ့အကြောင်း။
နောက်တစ်ခုဖတ်ဖြစ်တာကတော့ ရန်ကုန်မှာ နာမည်ရနေပြီဖြစ်တဲ့ နိုင်ငံခြားပြန် တရားပြဆရာတစ်ယောက်က ယောဂီမယ်သီလရှင် နှစ်ပါးနှင့် ဓါတ်ပုံအရိုက်ခံထားတာမှာ သူက အပေါ်ကထိုင်နေပြီး၊ သီလရှင်နှစ်ပါးက အောက်ကထိုင် လက်အုပ်ချီထားတဲ့ပုံ တွေ့လိုက်ရတယ်။ (သိပ်မကြာသေးတဲ့ လများဆီတုန်းကလည်း တရားပြဆရာမတစ်ယောက် ဒီလိုမျိုးပဲ လုပ်ခဲ့ဖူးပါသေးတယ်။)
ပထမအကြောင်းအရာနဲ့ပတ်သက်ပြီး စဉ်းစားမိတာက ရဟန်းသံဃာတွေကြားမှာ ဟိုးအရင်ကတည်းက သာသနာကိုတကယ်ကြည်ညိုပြီး ၀တ်လာကြတဲ့သူတွေရှိသလို၊ အခြေအနေအကြောင်းကြောင်းတွေကြောင့် ကိုရင်၊ ရဟန်းဖြစ်လာကြပေမယ့် သာသနာမှာနေရတာ ငြီးငွေ့နေကြတဲ့သူတွေကလည်း အများကြီးရှိပါတယ်။
အရင်ကဆိုရင်တော့ ဒီိလိုငြီးငွေ့နေကြတဲ့သူတွေကို အနီးနေ ရဟန်းအချင်းချင်းနှင့် သူနှင့်ရင်းနှီးကျွမ်းဝင်တဲ့ ဒကာ၊ ဒကာမတွေလောက်ကပဲ ရိပ်မိနိုင်ခဲ့ကြပေမယ့် အခုလို အင်တာနက်တွေ၊ ဆိုရှယ်မီဒီယာတွေကို သုံးလာကြတဲ့နောက်ပိုင်းမှာတော့ သူတို့ရဲ့  စိတ်ခံစားမှုတွေ အွန်လိုင်းပေါ်အထိ ပျံ့ နှံ့ ရောက်လာပြီး လူတွေ ပိုသိလာနိုင်ကြတာမျိုး ဖြစ်လာတာပါ။
ရဟန်းသံဃာတွေဆိုပင်မယ့်လည်း အသက်အရွယ်အားဖြင့် ဆယ်ကျော်သက်လူငယ်တွေပဲဆိုတော့ ငယ်ရွယ်သူတွေလုပ်လေ့လုပ်ထရှိတဲ့အတိုင်း သူတို့စိတ်ခံစားမှုကို လူငယ်အထာနှင့် ဖွင့်ထုတ်လို့ရတဲ့ နေရာမှာ ဖွင့်ထုတ်ကြတာကို လူ့သဘာဝတစ်ခုအနေနှင့် နားလည်ပေးလို့ရပေမယ့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုအတွင်းမှာ လိုက်နာဖို့သတ်မှတ်ထားတဲ့ လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်တွေနှင့် ချိန်ထိုးကြည့်တဲ့အခါမှာတော့ လက်ခံပေးဖို့ အခက်အခဲရှိတယ်လို့ပဲပြောရမှာ ဖြစ်ပါတယ်။ နားလည်ပေးလို့ရတယ်။ လက်ခံပေးလို့မရဘူး လို့ ပြောချင်တာပါ။
နောက် ကိစ္စကလည်း အဲဒီသဘောတရားအတိုင်းပါပဲ။
ဝိပဿနာတရားဆိုတာ ပညတ်နယ်ကိုကျော်ပြီး ပရမတ်နယ်ကို သွားဖို့ကြိုးစားကြရတာမို့ လောကီနယ်က အလေးထားတန်ဖိုးသတ်မှတ်နေကြတဲ့ ပညတ်ချက်တွေကို အနှစ်သာရမရှိဘူး။ ဘာမှမဟုတ်ဘူး။ အသုံးမကျဘူး လို့ အသိအမြင်ရှင်းလင်းအောင် လုပ်ကြရမယ်ဆိုတာမှန်ပါတယ်။
ဒါပေမယ့် လူ့အဖွဲ့အစည်းအတွင်းမှာနေနေကြရင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံပြောဆိုကြတဲ့အခါမှာ လိုက်နာပြုကျင့်ရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို မြတ်စွာဘုရားရှင်ကိုယ်တိုင်တောင်မှ လူတွေ၊ ရဟန်းသံဃာတွေအတွက် သတ်မှတ်မှာကြားခဲ့တာရှိပြီးသားပါ။
ဒါကို လောကီပညတ်ချက်တွေ၊ ဘာမှ အလေးထားနေဖို့မလိုဘူး။ အဓိက သိထားတဲ့ တရားက သူတို့ထက်သာရင် အလေးအမြတ်ပြုနေစရာ မလိုဘူး လို့ လုပ်လို့မရပါဘူး။ မနေ့တစ်နေ့ကမှ သာသနာ့ဘောင်ဝင်လာတဲ့ ကိုရင်ပေါက်စလေးကိုတောင် လူဝတ်ကြောင် အရိယာတွေက ရှိခိုးအရိုအသေပေးရမယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားကြပြီးသားကျင့်ဝတ်လို့ထင်ပါတယ်။
နောက်တစ်ခုက လူတစ်ယောက်မှာ တကယ်တရားစစ်တရားမှန်တွေ ကိန်းလာလေလေ၊ မာန်မာနက လျှော့ကျလေလေသာဖြစ်ပါတယ်။ အခြားလူတစ်ယောက်ကို အရိုအသေအလေးအမြတ်ပြုဖို့ဆိုတာဟာ အဲဒီတရားပြည့်ဝနေတဲ့သူအတွက် ၀န်လေးတဲ့ ကိစ္စတစ်ခုမဟုတ်တော့ပါဘူး။
နောက်ပြီး တကယ်တရားကိုနားလည်လာလေလေ ဘုရားရှင်အဆုံးအမကို ပိုပိုလိုက်နာလာလေလေသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရဟန္တာပုဂ္ဂိုလ်တွေ ၀ိနည်းကို မကျူးလွန်မဖောက်ဖျက်ကြတော့ဘူးလို့ ပြောကြတာပေါ့။ လူဆိုရင်လည်း တရားအသိဉာဏ်မြင့်လာလေ၊ ဘုရားရှင်ရဲ့  ပညတ်ထားချက်တွေအပေါ်မှာ ပိုတန်ဖိုးထားလေ ဖြစ်လာရမှာဖြစ်ပါတယ်။
အခုတော့ ဗုဒ္ဓဘာသာဝင်တွေအချင်းချင်း ကြည့်လိုက်ရင်တောင် အမြင်မတင့်တယ်၊ မအပ်စပ်တဲ့ အပြုအမူအနေအထိုင်မျိုးကို တရားပြဆရာတစ်ယောက်အနေနှင့် (လုံးဝ) မလုပ်သင့်ဘူးလို့ပဲ သုံးသပ်မိပါတယ်။
ဒါတွေဟာ ပညတ်ချက်တွေပါ။ ဘာမှ တန်ဖိုးမရှိပါဘူး။ အဓိက အကုသိုလ်မဖြစ်ဖို့က အရေးကြီးတာပါလို့ စောဒက တက်ကြပါလိမ့်မယ်။ အဲဒီလိုပြောကြရင် အဲဒီလိုပြောတဲ့စကားအပေါ်မှာ နားလည်ပေးလို့ရပါတယ်။ လက်ခံပေးလို့တော့ မရပါဘူးလို့ပဲ ပြောချင်ပါတယ်။
သာသနာပြုလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေကြတဲ့သူတွေ အနေနှင့် ကိုယ့်အနေအထိုင်၊ အပြောအဆိုတွေကြောင့် မြတ်စွာဘုရားရှင်နှင့် သာသနာတော်အပေါ်မှာ လူတွေ အကြည်အညိုမဲ့သွားစေတာမျိုး မလုပ်မိကြဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။ သာသနာတော်ကို စောင့်ရှောက်ကြပါ။ ဘုရားရှင် ရဲ့  အဆုံးအမတော်တွေကိုလည်း ဦးထိပ်ပန်ဆင်ကြပါလို့။

No comments:

Post a Comment