Sunday, May 13, 2018

သင့်အတွက်.... (၁)





(၁) တခြားသူတွေက ကိုယ့်အပေါ်ဘယ်လိုသဘောထားနေမှာလဲလို့ အမြဲစိုးရိမ်နေတဲ့ သင့်အတွက်........

သင့်အနေနှင့် လေလေးတစ်ချက်လည်တာလောက်ကိုတောင်မှ အခြားသူတစ်ယောက်နှင့် အလဲအလှယ်လုပ်လို့မရပါဘူး။လူတိုင်းလူတိုင်း၊ လူတစ်ယောက်စီ တစ်ယောက်စီတိုင်းဟာ ကိုယ့်ကိုယ်ပိုင်ဘ၀နှင့်ကိုယ် နေထိုင်နေကြတာပါ။ ဘယ်သူက ပိုပြီး ပါရမီပိုကောင်းတယ်၊ အရည်အသွေးပိုမြင့်တယ်ဆိုတာတွေ စဉ်းစားပြီး အချိန်ဖြုန်းမနေသင့်ဘူး။

မျက်လုံးတွေကလည်း “ငါတို့က အောက်ဘက်မှာရှိနေပေမယ့် ပိုမြင်နိုင်ခွင့်ရှိတယ်“ လို့ ဘယ်တော့မှ မပြောသလို၊ မျက်ခုံးတွေကလည်း “ငါတို့က ဘာမှ မမြင်ရပေမယ့် ပိုမြင့်တဲ့နေရာမှ နေနေရတာပါကွာ“ လို့ ပြန်တုံ့ပြန်လေ့မရှိပါဘူး။

မြတ်စွာဘုရားရှင်ရဲ့  အဆုံးအမတရားတော်နှင့်အညီ နေထိုင်တယ်ဆိုတာမျိုးက ကိုယ်ဘာလုပ်နေတယ်ဆိုတာကို တခြားသူတွေသိအောင် လုပ်နေဖို့မဟုတ်ပဲ ကိုယ်လုပ်စရာ၊ ဖြည့်ဆည်းစရာရှိတာတွေကို ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းနေဖို့ပါပဲ။

တောင်တန်းကြီးက သူဟာမြင့်မားပါတယ်ဆိုတာကို မသိပါဘူး။ ပင်လယ်ကြီးက သူဟာ ကျယ်ပြန့်နက်ရှိုင်းပါတယ်ဆိုတာကို မသိပါဘူး။ ကမ္ဘာလောကစကြ၀ဠာကြီးအတွင်းမှာရှိနေတဲ့ အရာတစ်ခုစီတိုင်းဟာ သူတို့ဘာဖြစ်နေတယ်ဆိုတာကို မသိပေမယ့်လို့လည်း အသက်ဝင်လှုပ်ရှားနေကြတာပါပဲ။

ငှက်လေးရဲ့ သီချင်းဆိုသံရယ် ပန်းလေးရဲ့ ရယ်မောလိုက်သံတွေဟာ ကျောက်ကမ်းပါးရဲ့ အောက်မှာ ထိုင်ပြီး တရားရှုမှတ်နေတဲ့သူနှင့် ဘာမှပတ်သက်ဆက်နွှယ်မှုမရှိပဲ သဘာဝအတိုင်းထွက်ပေါ်နေတာသာဖြစ်တယ်။

ငှက်လေးက တရားရှုမှတ်နေတဲ့သူကို ဂုဏ်ပြုချီးကျူးဖို့အတွက်ဆိုပြိး သီချင်းသီကျူးနေတာမဟုတ်ဘူး။ ပန်းလေးကလည်း သူ့ရဲ့ အလှနှင့် တရားရှုမှတ်နေသူကို အံ့သြသွားအောင်လုပ်ဖို့ဆိုပြီး ဖူးပွင့်နေတာ မဟုတ်ပါဘူး။ အဲဒီအတိုင်းပါပဲ။ တရားအားထုတ်နေသူတစ်ဦးဟာလည်း တရားထူးအသိဉာဏ်ရဖို့ဆိုတဲ့ စိတ်မျိုးနှင့် တရားအားထုတ်နေတာမဟုတ်ဘူး။ အသက်ရှင်နေတဲ့ အချိန်တစ်ခုဆီတိုင်းမှာ အတ္တဆိုတဲ့အရာကို ထိုးထွင်းသိမြင်သဘောပေါက်နားလည်သွားဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဘာသာတရားဆိုတာဟာ အလုံးစုံသန့်ရှင်းသစ်လွင်လန်းဆန်းပြီး တခြားဘယ်သူနှင့်မှ မစပ်ဆိုင်ပဲ ကိုယ့်ဘ၀နှင့်ကိုယ် ရပ်တည်နေထိုင်နိုင်ခြင်းပဲဖြစ်ပါတယ်။

ဟေ့ မိတ်ဆွေ။ ဘာကြည့်နေတာလဲ။ အခုပြောနေတာ သင့်အကြောင်းတွေ ဆိုတာကို မသိဘူးလား။

ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ စအိုပေါက်ကလည်း သူစအိုပေါက်ဖြစ်နေရတဲ့အတွက်ကို ရှက်နေဖို့မလိုပါဘူး။ ခြေထောက်တွေကလည်း သူတို့ ခြေထောက်တွေဖြစ်နေရတဲ့အတွက် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြတောင်းဆိုဖို့ အကြောင်းမရှိဘူး။ ဦးခေါင်းကလည်း အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုမဟုတ်သလို ချက်ကလည်း သူဟာ အရာအားလုံးရဲ့  ဖခင်တစ်ယောက်အဖြစ် စိတ်ကူးယဉ်နေမှာမဟုတ်ပါဘူး

ထူးဆန်းဖို့ကောင်းတာက လူတွေက ၀န်ကြီးချုပ် (နိုင်ငံ့အကြီးအကဲ) တစ်ယောက်ကို တကယ်အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်လိုမျိုး ကြည့်တတ်ကြတယ်။ နှာခေါင်းက မျက်လုံးတွေနှင့် အစားထိုးလို့မရသလို၊ ပါးစပ်ကလည်း နားရွက်နှင့် အစားထိုးလို့မရပါဘူး။ စကြာဝဠာကြီးထဲမှာ အရာအားလုံးဟာ တစ်ခုက တစ်ခုထက်သာလွန်တယ်ဆိုတာမျိုး မရှိနေပါဘူး။သူ့ဟာနှင့်သူ ကိုယ်ပိုင်ရပ်တည်မှု၊ တန်ဖိုး ဆိုတာရှိပါတယ်။

တချို့ ကလေးတွေ ကြွက်တစ်ကောင်ကိုဖမ်းမိလိုက်တဲ့အခါ အဲဒီကြွက်က ထောင်ချောက်ထဲမှာ ရုန်းကန်လှုပ်ရှားပြီး တွန်းထိုးနေတတ်တယ်။ ကလေးတွေက အဲဒီကြွက်ရဲ့ နှာခေါင်းကနေ သွေးတွေထွက်လာတဲ့အထိ အဆက်မပြတ်ကုပ်ခြစ်နေတာ၊ အမြီးစုတ်ပြတ်သွားတာတွေကိုကြည့်ပြီး သဘောကျနေတတ်ကြတယ်။ နောက်ဆုံးမှာတော့ သူတို့တွေက အဲဒီကြွက်ကို ကြောင်ကို အစာအဖြစ်ကျွေးလိုက်ကြတယ်။

တကယ်လို့များ ငါသာ ကြွက်ထောင်ချောက်ထဲမှာ ထိုင်နေခဲ့ရမယ်ဆိုရင်တော့ “ဟေ့ အသုံးမကျတဲ့လူတွေ၊ ငါ့ကိုကြည့်ပြီး သဘောကျနေစရာ ဘာအကြောင်းမှမရှိဘူး“ လို့ ကိုယ့်ဖာသာပြောလိုက်မှာပဲ။ ပြီးရင်တော့ ရိုးရိုးရှင်းရှင်းလေးပဲ တရားရှုမှတ်ပြီး ထိုင်နေလိုက်မိမယ်။

(ဆက်ရန်....)

Kōdō Sawaki Rōshi

No comments:

Post a Comment