Friday, May 25, 2018

နာမကျန်းဖြစ်နေတဲ့ လူ့အဖွဲ့အစည်း





လွန်ခဲ့တဲ့ အနှစ် အစိတ်လောက်တုန်းက ဆရာဦးအောင်သင်းရဲ့ စာပေဟောပြောပွဲတစ်ခု နားထောင်ခဲ့ဖူးတယ်။ အဲဒီထဲမှာ ဆရာက မြန်မာပြည်လူ့အဖွဲ့အစည်းဟာ Curse Society ဖြစ်လာနေတဲ့အကြောင်းထည့်ပြောသွားတာ မှတ်မိသေးတယ်။ လူတွေက စကားပြောရင် အဆဲလေးတွေ ညှပ်ညှပ်ပြီး ထည့်ပြောကြတယ်။ ဘက်စ်ကားစီးရင်း ဆဲသံတွေကြားရတတ်တယ်။ ဘောလုံးပွဲဆိုရင်လည်း ဆဲသံတွေကြားရတယ်။ လက်ဘက်ရည်ဆိုင်ထိုင်ရင်လည်း ဆဲသံတွေပဲ ကြားနေရတတ်တယ်။ တခြားနိုင်ငံတွေမှာ လူကြားသူကြားမှာဆိုရင် အများအားဖြင့် ယဉ်ကျေးတဲ့စကားအသုံးအနှုန်းမျိုးတွေပဲ ကြားရတတ်ပေမယ့် မြန်မာလူ့အဖွဲ့အစည်းအတွင်းမှာတော့ လူကြားထဲနေရင် ဆဲသံတွေပဲ ကြားရတတ်တာများတယ် ဆိုတဲ့အကြောင်း ပြောသွားတာလေး မှတ်မိနေမိတယ်။

ဒီအကြောင်းနှင့် ဆက်စပ်ပြီး ဆရာမဂျူးရေးခဲ့တဲ့ “ဆဲတတ်သူများနှင့် တညနေ” ဆိုတဲ့ ၀တ္ထုတိုလေးကိုလည်း ပြေးအမှတ်ရမိတယ်။ ဘောလုံးပွဲတစ်ပွဲသွားကြည့်ခဲ့တဲ့အကြောင်း ရေးထားတာပါ။ အဲဒီမှာ ဘောလုံးပွဲကိုလာအားပေးကြတဲ့ ပရိတ်သတ်တွေ ဘောလုံးသမားတွေကိုလည်းဆဲ၊ ပရိတ်သတ် အချင်းချင်းလည်း ဆဲပြီး အားပေးကြတဲ့အကြောင်း ရေးထားတာလေးပါ။

ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် ဆဲတတ်တဲ့သူတွေ ရှိပေမယ့်လို့ ဒီလောက်မများဘူး။ မူလတန်းစတက်တော့ ကျောင်းက သူငယ်ချင်းတွေထဲမှာ ဆဲတတ်တဲ့သူတွေ ရှိတယ်။ သူတို့ဆဲတာကို ဘာမှန်းညာမှန်းမသိ အိမ်မှာ လိုက်ပြောမိတော့ အမေက နောင်ဒါမျိုးပြောရင် ပါးစပ်ကို အပ်နှင့် ထိုးပစ်မယ် လို့ ကြိမ်းတာ ခံရပြီးကတည်းက နောက် ဘယ်တော့မှ မပြောဖြစ်ခဲ့ဘူး။ ဆဲတဲ့ စကားလုံးတွေရဲ့  အဓိပ္ဗါယ်တွေကိုပါ နားလည်လာတော့ အမေအပ်နှင့်ထိုးမှာ ကြောက်လို့မဟုတ်တော့ပဲ ကိုယ်တိုင်ကို ဒီစကားတွေ ဘာလို့ ပြောမှာလဲ ဆိုတဲ့ အသိနှင့် ရှောင်ဖြစ်ခဲ့တယ်။

ဆယ်စုနှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ သက်တမ်းတလျှောက်မှာ ဆဲတတ်တဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ဒီလိုပဲ နေလာခဲ့ပါတယ်။ ကျွန်တော်တို့ မိဘတွေ၊ အဖိုးအဖွားတွေလက်ထက်နှင့် ကျွန်တော်တို့လက်ထက်မှာ ဆဲကြတဲ့သူ ရာခိုင်နှုန်းဟာ သိပ်ကွဟလိမ့်မယ်လို့မထင်ဘူး။ ကျွန်တော်တို့ဆိုလည်း တော်ရုံတန်ရုံ ဆဲသံတွေလောက်ကတော့ နားယဉ်ပြီး ထူးဆန်းမနေသလောက်ပါပဲ။

အင်တာနက်ကို ဆက်တိုက်သုံးဖြစ်လာတဲ့ ဒီဘက်ဆယ်စုနှစ်တစ်ခုအတွင်းမှာတော့ မြန်မာတွေရဲ့  ဆဲတတ်တဲ့အမူအကျင့်ဟာ အရင်တုန်းကနဲ့မတူ တမူထူးခြား တိုးတက်လာတာကို သတိထားမိလာတယ်။ အရင်ကဆို သူငယ်ချင်းတွေကြား ပြောကြဆိုကြရင် ဆဲသံလေးတွေစွက်ပြီး ပြောတာမျိုး၊ တခါတလေ စိတ်ဆိုးရန်ဖြစ်ကြတဲ့အခါ မအေ၊နှမ ကိုင်တုတ်ဆဲတာမျိုးက သမာရိုးကျ ကြားနေကြဆဲသံမျိုးတွေပါ။

ဒီဘက်နှစ်တွေမှာ အင်တာနက်အသုံးများလာကြတော့ အရင်ဆုံးသတိထားမိတာက ယောကျာ်းလေးတွေအများစုဝင်ကြည့်တတ်တဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖြစ်ပါတယ်။ အကြောင်းအရာ မယ်မယ်ရရမရှိပဲ ပျစ်ပျစ်နှစ်နှစ် အပြန်အလှန်တွေဆဲကြတယ်။ အဲဒီကနေ တဖြေးဖြေးနှင့် သတင်းစာမျက်နှာတွေဆီမှာ သတင်းတွေအောက်မှာ ဆဲကြပြန်တယ်။ ရေးထားတဲ့ အကြောင်းအရာနှင့် ဆိုင်တာပဲဖြစ်ဖြစ်၊ မဆိုင်တာပဲ ဖြစ်ဖြစ် ဆဲကြတယ်။

တခါ Facebook အသုံးများလာကြတော့ နိုင်ငံရေးအကြောင်းရေးတင်ကြတဲ့သူတွေဆီမှာ တန်းစီဆဲကြတယ်။ နောက်တခါ နာမည်ကြီးတဲ့ မင်းသား၊ မင်းသမီး၊ အဆိုတော်တွေ၊ ဆယ်လီတွေရဲ့  ပို့စ်တွေအောက်မှာဆဲကြပြန်တယ်။ ပို့စ်တင်တဲ့ တချို့ ဆယ်လီတွေကလည်း ဆဲတဲ့စကားအသုံးအနှုန်းတွေကို မြိန်ရည်ယှက်ရည် ရေးတင်ကြတယ်။ နောက်ပိုင်း ရုပ်ရှင်တွေနှင့် သီချင်းတွေမှာပါ ဆဲတဲ့အသုံးအနှုန်းတွေကို ထည့်သုံးလာကြတယ်။ တီဗွီလိုင်းတွေက အင်တာနက်ပေါ်မှာ Live လွှင့်တဲ့ အစီအစဉ်တွေအောက်မှာလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် ဆဲကြပြန်တယ်။

ဟိုးအရင်ကဆို မြန်မာလူ့အသိုင်းအ၀ိုင်းမှာ လူတွေကြားထဲဆဲတယ်ဆိုတာမျိုးဟာ ယောကျာ်းလေးတွေအများစုလောက်သာ လုပ်တတ်ကြတာမျိုးဖြစ်ပေမယ့်၊ အခုဆိုရင် အမျိုးသမီးတွေကလည်း ယောကျာ်းတွေနှင့် တန်းတူ လူကြားမှာ ဆဲနိုင်ကြတာကို တွေ့လာရတယ်။ ဆယ်ကျော်သက်ကျောင်းသားကျောင်းသူလေးတွေကလည်း ဆဲရေးရေးတဲ့ status တွေ တင်လာကြတယ်။ ဆဲတာလေးနှင့် ရေးတင်မှာ ဂေါ်တယ် လို့ သူတို့ကိုယ်သူတို့ ထင်တဲ့ခေတ်ကို ရောက်လာတယ်။

တချို့ တွေက အွန်လိုင်းမှာ Live လွှင့်ပြီး သူ့ဆီလာကြည့်နေတဲ့သူတွေနှင့် အပြန်အလှန် ပျစ်ပျစ်နှစ်နှစ်တွေ ဆဲကြတယ်။ တနေ့က အွန်လိုင်းဟာသသရုပ်ဆောင်တစ်ယောက် တင်ထားတာ ဟာသဗွီဒီယိုဖိုင် တစ်ခုမှာ ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်တစ်ယောက်က ပျစ်ပျစ်နှစ်နှစ် ဆဲတာကို ရိုက်ပြထားတယ်။ အဲဒီဗွီဒီယိုပို့စ်ရဲ့  အောက်မှာ ရေးထားတဲ့ ကွန်မန့်တွေကို လိုက်ဖတ်ကြည့်လိုက်တော့ အဲဒီဆဲတဲ့အခန်းကို ဘယ်လိုကောင်းကြောင်း အမွှန်းတင်ပြီး ရေးထားကြတာ၊ အဲဒီသရုပ်ဆောင် ဆဲထားသလို ပြန်ဆဲပြထားတာတွေကို တန်းစီပြီး ဖတ်လိုက်ရတော့ တော်တော်လေး အံ့သြမိတယ်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်၊ အစိတ်က ဆရာဦးအောင်သင်းပြောသွားခဲ့တဲ့ Curse Society ဆိုတာ တကယ်ဖြစ်လာပြီလား။ လူတွေဘာလို့ အဲလောက်တောင် ဆဲနေကြတာလဲ။ ဆဲဆိုနေတဲ့အပေါ်မှာ ဘာတွေကို အရသာတွေ့နေကြတာလဲ။ ဆဲဆိုရတာအပေါ်မှာ အရမ်းစွဲလန်းသွားကြပြီလား။ အွန်လိုင်းပေါ်မှာတောင် ဒီလောက်ဆဲနေကြရင် အပြင်လောက သူတို့ရဲ့ နေ့စဉ်ဘ၀မှာဆိုရင်ရော သူတို့တွေ ဘယ်လောက်တောင် ဆဲနေကြမှာလဲ။ သူတို့တွေရဲ့ စိတ်ထဲမှာရော လူတွေမကြားနိုင်တဲ့ ဆဲဆိုသံတွေနှင့် ဘယ်လောက်တောင် ဆူညံပွက်လောရိုက်နေမလဲ။ သူတို့က ဆင်းသက်လာမယ့် နောင်မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းပေးမယ့်အမွေတွေထဲမှာ ဒီဆဲတာတွေ ပါလာမှာလား။ ခေါင်းထဲမှာ စဉ်းစားစရာတွေ တပုံကြီးဖြစ်လာပါတယ်။

မိတ်ဆွေအချို့ ကတော့ ပြောတယ်။ ဒါဟာ မြန်မာလူ့အဖွဲ့အစည်းကြီး နာမကျန်းဖြစ်နေတာပါတဲ့။ ဒါဆိုရင် ဆေးကုပေးဖို့တော့ လိုအပ်နေပြီထင်ပါတယ်။ တတ်သိနားလည်ကျွမ်းကျင်ကြတဲ့ လူမှုရေး၊ ပညာရေးပညာရှင်တွေ၊ ဆေးပညာရှင်တွေ၊ စိတ်ပညာရှင်တွေ အနေနှင့် ရောဂါမကျွမ်းခင် လူ့အဖွဲ့အစည်းကြီးကို ပြန်လည် နလံထူလာအောင် တစ်ခုခု အမြန်ဆုံး ကုသပေးစေချင်ပါတယ်။ မဟုတ်ရင်တော့ သိပ်မကြာခင်မှာ ရောဂါကျွမ်းပြီး ဘာမှသုံးစားမရတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုအဖြစ်နဲ့ ကမ္ဘာပေါ်မှာ သမိုင်းတင်ကျန်ရစ်ခဲ့မှာကို စိုးရိမ်ကြောင့်ကြမိပါတယ်။

No comments:

Post a Comment