Sunday, May 27, 2018

Thich Nhat Hanh Collection





အာရုံစိုက်နားထောင်ပေးတာဟာ အခြားလူတစ်ယောက်ရဲ့  စိတ်မသက်မသာဖြစ်နေမှုကို သက်သာလျှော့နည်းသွားဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါကို ကရုဏာဖြင့် နားထောင်ခြင်း လို့ နာမည်တပ်ချင်လည်း တပ်ပေါ့။ နားထောင်တဲ့အခါ တစ်ခုတည်းသော ရည်ရွယ်ချက်က သူ (သို့) သူမရဲ့  စိတ်နှလုံးသား ရှင်းလင်းပေါ့ပါးသွားစေဖို့သာ ဖြစ်ပါတယ်။

TNH

ဆက်လက်ဖတ်ရှုရန်

Friday, May 25, 2018

Thich Nhat Hanh Collection





ခံစားမှုတိုင်းဟာ စွမ်းအင်ကိုမွေးထုတ်ပေးနိုင်တဲ့ ကွင်းပြင်ကြီးတစ်ခုပါပဲ။ ကောင်းတဲ့ခံစားမှုလေးက စိတ်ကို အားဖြည့်ရွှင်လန်းစေတယ်။ အလိုမကျဒေါသဖြစ်တဲ့ခံစားမှုက ဖျက်ဆီးပစ်တတ်တယ်။ သတိဆိုတဲ့ အလင်းရောင်အောက်မှာ အလိုမကျဒေါသဖြစ်မှုကဖြစ်ပေါ်လာတဲ့စွမ်းအင်ကို စိတ်ကိုပြုစုထောက်ပံ့တဲ့ စွမ်းအင်အဖြစ် အသွင်ပြောင်းလဲပစ်နိုင်ပါတယ်။

TNH

ဆက်လက်ဖတ်ရှုရန်

နာမကျန်းဖြစ်နေတဲ့ လူ့အဖွဲ့အစည်း





လွန်ခဲ့တဲ့ အနှစ် အစိတ်လောက်တုန်းက ဆရာဦးအောင်သင်းရဲ့ စာပေဟောပြောပွဲတစ်ခု နားထောင်ခဲ့ဖူးတယ်။ အဲဒီထဲမှာ ဆရာက မြန်မာပြည်လူ့အဖွဲ့အစည်းဟာ Curse Society ဖြစ်လာနေတဲ့အကြောင်းထည့်ပြောသွားတာ မှတ်မိသေးတယ်။ လူတွေက စကားပြောရင် အဆဲလေးတွေ ညှပ်ညှပ်ပြီး ထည့်ပြောကြတယ်။ ဘက်စ်ကားစီးရင်း ဆဲသံတွေကြားရတတ်တယ်။ ဘောလုံးပွဲဆိုရင်လည်း ဆဲသံတွေကြားရတယ်။ လက်ဘက်ရည်ဆိုင်ထိုင်ရင်လည်း ဆဲသံတွေပဲ ကြားနေရတတ်တယ်။ တခြားနိုင်ငံတွေမှာ လူကြားသူကြားမှာဆိုရင် အများအားဖြင့် ယဉ်ကျေးတဲ့စကားအသုံးအနှုန်းမျိုးတွေပဲ ကြားရတတ်ပေမယ့် မြန်မာလူ့အဖွဲ့အစည်းအတွင်းမှာတော့ လူကြားထဲနေရင် ဆဲသံတွေပဲ ကြားရတတ်တာများတယ် ဆိုတဲ့အကြောင်း ပြောသွားတာလေး မှတ်မိနေမိတယ်။

ဒီအကြောင်းနှင့် ဆက်စပ်ပြီး ဆရာမဂျူးရေးခဲ့တဲ့ “ဆဲတတ်သူများနှင့် တညနေ” ဆိုတဲ့ ၀တ္ထုတိုလေးကိုလည်း ပြေးအမှတ်ရမိတယ်။ ဘောလုံးပွဲတစ်ပွဲသွားကြည့်ခဲ့တဲ့အကြောင်း ရေးထားတာပါ။ အဲဒီမှာ ဘောလုံးပွဲကိုလာအားပေးကြတဲ့ ပရိတ်သတ်တွေ ဘောလုံးသမားတွေကိုလည်းဆဲ၊ ပရိတ်သတ် အချင်းချင်းလည်း ဆဲပြီး အားပေးကြတဲ့အကြောင်း ရေးထားတာလေးပါ။

ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် ဆဲတတ်တဲ့သူတွေ ရှိပေမယ့်လို့ ဒီလောက်မများဘူး။ မူလတန်းစတက်တော့ ကျောင်းက သူငယ်ချင်းတွေထဲမှာ ဆဲတတ်တဲ့သူတွေ ရှိတယ်။ သူတို့ဆဲတာကို ဘာမှန်းညာမှန်းမသိ အိမ်မှာ လိုက်ပြောမိတော့ အမေက နောင်ဒါမျိုးပြောရင် ပါးစပ်ကို အပ်နှင့် ထိုးပစ်မယ် လို့ ကြိမ်းတာ ခံရပြီးကတည်းက နောက် ဘယ်တော့မှ မပြောဖြစ်ခဲ့ဘူး။ ဆဲတဲ့ စကားလုံးတွေရဲ့  အဓိပ္ဗါယ်တွေကိုပါ နားလည်လာတော့ အမေအပ်နှင့်ထိုးမှာ ကြောက်လို့မဟုတ်တော့ပဲ ကိုယ်တိုင်ကို ဒီစကားတွေ ဘာလို့ ပြောမှာလဲ ဆိုတဲ့ အသိနှင့် ရှောင်ဖြစ်ခဲ့တယ်။

ဆယ်စုနှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ သက်တမ်းတလျှောက်မှာ ဆဲတတ်တဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ဒီလိုပဲ နေလာခဲ့ပါတယ်။ ကျွန်တော်တို့ မိဘတွေ၊ အဖိုးအဖွားတွေလက်ထက်နှင့် ကျွန်တော်တို့လက်ထက်မှာ ဆဲကြတဲ့သူ ရာခိုင်နှုန်းဟာ သိပ်ကွဟလိမ့်မယ်လို့မထင်ဘူး။ ကျွန်တော်တို့ဆိုလည်း တော်ရုံတန်ရုံ ဆဲသံတွေလောက်ကတော့ နားယဉ်ပြီး ထူးဆန်းမနေသလောက်ပါပဲ။

အင်တာနက်ကို ဆက်တိုက်သုံးဖြစ်လာတဲ့ ဒီဘက်ဆယ်စုနှစ်တစ်ခုအတွင်းမှာတော့ မြန်မာတွေရဲ့  ဆဲတတ်တဲ့အမူအကျင့်ဟာ အရင်တုန်းကနဲ့မတူ တမူထူးခြား တိုးတက်လာတာကို သတိထားမိလာတယ်။ အရင်ကဆို သူငယ်ချင်းတွေကြား ပြောကြဆိုကြရင် ဆဲသံလေးတွေစွက်ပြီး ပြောတာမျိုး၊ တခါတလေ စိတ်ဆိုးရန်ဖြစ်ကြတဲ့အခါ မအေ၊နှမ ကိုင်တုတ်ဆဲတာမျိုးက သမာရိုးကျ ကြားနေကြဆဲသံမျိုးတွေပါ။

ဒီဘက်နှစ်တွေမှာ အင်တာနက်အသုံးများလာကြတော့ အရင်ဆုံးသတိထားမိတာက ယောကျာ်းလေးတွေအများစုဝင်ကြည့်တတ်တဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖြစ်ပါတယ်။ အကြောင်းအရာ မယ်မယ်ရရမရှိပဲ ပျစ်ပျစ်နှစ်နှစ် အပြန်အလှန်တွေဆဲကြတယ်။ အဲဒီကနေ တဖြေးဖြေးနှင့် သတင်းစာမျက်နှာတွေဆီမှာ သတင်းတွေအောက်မှာ ဆဲကြပြန်တယ်။ ရေးထားတဲ့ အကြောင်းအရာနှင့် ဆိုင်တာပဲဖြစ်ဖြစ်၊ မဆိုင်တာပဲ ဖြစ်ဖြစ် ဆဲကြတယ်။

တခါ Facebook အသုံးများလာကြတော့ နိုင်ငံရေးအကြောင်းရေးတင်ကြတဲ့သူတွေဆီမှာ တန်းစီဆဲကြတယ်။ နောက်တခါ နာမည်ကြီးတဲ့ မင်းသား၊ မင်းသမီး၊ အဆိုတော်တွေ၊ ဆယ်လီတွေရဲ့  ပို့စ်တွေအောက်မှာဆဲကြပြန်တယ်။ ပို့စ်တင်တဲ့ တချို့ ဆယ်လီတွေကလည်း ဆဲတဲ့စကားအသုံးအနှုန်းတွေကို မြိန်ရည်ယှက်ရည် ရေးတင်ကြတယ်။ နောက်ပိုင်း ရုပ်ရှင်တွေနှင့် သီချင်းတွေမှာပါ ဆဲတဲ့အသုံးအနှုန်းတွေကို ထည့်သုံးလာကြတယ်။ တီဗွီလိုင်းတွေက အင်တာနက်ပေါ်မှာ Live လွှင့်တဲ့ အစီအစဉ်တွေအောက်မှာလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် ဆဲကြပြန်တယ်။

ဟိုးအရင်ကဆို မြန်မာလူ့အသိုင်းအ၀ိုင်းမှာ လူတွေကြားထဲဆဲတယ်ဆိုတာမျိုးဟာ ယောကျာ်းလေးတွေအများစုလောက်သာ လုပ်တတ်ကြတာမျိုးဖြစ်ပေမယ့်၊ အခုဆိုရင် အမျိုးသမီးတွေကလည်း ယောကျာ်းတွေနှင့် တန်းတူ လူကြားမှာ ဆဲနိုင်ကြတာကို တွေ့လာရတယ်။ ဆယ်ကျော်သက်ကျောင်းသားကျောင်းသူလေးတွေကလည်း ဆဲရေးရေးတဲ့ status တွေ တင်လာကြတယ်။ ဆဲတာလေးနှင့် ရေးတင်မှာ ဂေါ်တယ် လို့ သူတို့ကိုယ်သူတို့ ထင်တဲ့ခေတ်ကို ရောက်လာတယ်။

တချို့ တွေက အွန်လိုင်းမှာ Live လွှင့်ပြီး သူ့ဆီလာကြည့်နေတဲ့သူတွေနှင့် အပြန်အလှန် ပျစ်ပျစ်နှစ်နှစ်တွေ ဆဲကြတယ်။ တနေ့က အွန်လိုင်းဟာသသရုပ်ဆောင်တစ်ယောက် တင်ထားတာ ဟာသဗွီဒီယိုဖိုင် တစ်ခုမှာ ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်တစ်ယောက်က ပျစ်ပျစ်နှစ်နှစ် ဆဲတာကို ရိုက်ပြထားတယ်။ အဲဒီဗွီဒီယိုပို့စ်ရဲ့  အောက်မှာ ရေးထားတဲ့ ကွန်မန့်တွေကို လိုက်ဖတ်ကြည့်လိုက်တော့ အဲဒီဆဲတဲ့အခန်းကို ဘယ်လိုကောင်းကြောင်း အမွှန်းတင်ပြီး ရေးထားကြတာ၊ အဲဒီသရုပ်ဆောင် ဆဲထားသလို ပြန်ဆဲပြထားတာတွေကို တန်းစီပြီး ဖတ်လိုက်ရတော့ တော်တော်လေး အံ့သြမိတယ်။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်၊ အစိတ်က ဆရာဦးအောင်သင်းပြောသွားခဲ့တဲ့ Curse Society ဆိုတာ တကယ်ဖြစ်လာပြီလား။ လူတွေဘာလို့ အဲလောက်တောင် ဆဲနေကြတာလဲ။ ဆဲဆိုနေတဲ့အပေါ်မှာ ဘာတွေကို အရသာတွေ့နေကြတာလဲ။ ဆဲဆိုရတာအပေါ်မှာ အရမ်းစွဲလန်းသွားကြပြီလား။ အွန်လိုင်းပေါ်မှာတောင် ဒီလောက်ဆဲနေကြရင် အပြင်လောက သူတို့ရဲ့ နေ့စဉ်ဘ၀မှာဆိုရင်ရော သူတို့တွေ ဘယ်လောက်တောင် ဆဲနေကြမှာလဲ။ သူတို့တွေရဲ့ စိတ်ထဲမှာရော လူတွေမကြားနိုင်တဲ့ ဆဲဆိုသံတွေနှင့် ဘယ်လောက်တောင် ဆူညံပွက်လောရိုက်နေမလဲ။ သူတို့က ဆင်းသက်လာမယ့် နောင်မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းပေးမယ့်အမွေတွေထဲမှာ ဒီဆဲတာတွေ ပါလာမှာလား။ ခေါင်းထဲမှာ စဉ်းစားစရာတွေ တပုံကြီးဖြစ်လာပါတယ်။

မိတ်ဆွေအချို့ ကတော့ ပြောတယ်။ ဒါဟာ မြန်မာလူ့အဖွဲ့အစည်းကြီး နာမကျန်းဖြစ်နေတာပါတဲ့။ ဒါဆိုရင် ဆေးကုပေးဖို့တော့ လိုအပ်နေပြီထင်ပါတယ်။ တတ်သိနားလည်ကျွမ်းကျင်ကြတဲ့ လူမှုရေး၊ ပညာရေးပညာရှင်တွေ၊ ဆေးပညာရှင်တွေ၊ စိတ်ပညာရှင်တွေ အနေနှင့် ရောဂါမကျွမ်းခင် လူ့အဖွဲ့အစည်းကြီးကို ပြန်လည် နလံထူလာအောင် တစ်ခုခု အမြန်ဆုံး ကုသပေးစေချင်ပါတယ်။ မဟုတ်ရင်တော့ သိပ်မကြာခင်မှာ ရောဂါကျွမ်းပြီး ဘာမှသုံးစားမရတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုအဖြစ်နဲ့ ကမ္ဘာပေါ်မှာ သမိုင်းတင်ကျန်ရစ်ခဲ့မှာကို စိုးရိမ်ကြောင့်ကြမိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Thursday, May 24, 2018

နားလည်ပေးလို့ရတယ်။ လက်ခံပေးလို့တော့ မရဘူး။

ဒီမနက် FB ပေါ် တက်တက်ချင်း ဘာသာရေးနှင့်ဆိုင်တဲ့ ပို့စ် နှစ်ခုဖတ်ဖြစ်တယ်။
တစ်ခုက မိတ်ဆွေညီမတစ်ယောက်ရေးတင်ထားတာ။ ဘုန်းကြီးလူထွက်ကိုယူမယ်ဆိုပြီး ရေးထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့  status တစ်ခုအောက်မှာ ဘုန်းကြီးတွေ အများကြီး နောက်သလို၊ ပြောင်သလိုတွေနဲ့ရော၊ အချို့  အတည်ပေါက်တွေနဲ့ပါ ကွန်မန့်တွေ ရေးထားတာကိုမြင်ပြီး မသင့်တော်တဲ့အကြောင်း။
နောက်တစ်ခုဖတ်ဖြစ်တာကတော့ ရန်ကုန်မှာ နာမည်ရနေပြီဖြစ်တဲ့ နိုင်ငံခြားပြန် တရားပြဆရာတစ်ယောက်က ယောဂီမယ်သီလရှင် နှစ်ပါးနှင့် ဓါတ်ပုံအရိုက်ခံထားတာမှာ သူက အပေါ်ကထိုင်နေပြီး၊ သီလရှင်နှစ်ပါးက အောက်ကထိုင် လက်အုပ်ချီထားတဲ့ပုံ တွေ့လိုက်ရတယ်။ (သိပ်မကြာသေးတဲ့ လများဆီတုန်းကလည်း တရားပြဆရာမတစ်ယောက် ဒီလိုမျိုးပဲ လုပ်ခဲ့ဖူးပါသေးတယ်။)
ပထမအကြောင်းအရာနဲ့ပတ်သက်ပြီး စဉ်းစားမိတာက ရဟန်းသံဃာတွေကြားမှာ ဟိုးအရင်ကတည်းက သာသနာကိုတကယ်ကြည်ညိုပြီး ၀တ်လာကြတဲ့သူတွေရှိသလို၊ အခြေအနေအကြောင်းကြောင်းတွေကြောင့် ကိုရင်၊ ရဟန်းဖြစ်လာကြပေမယ့် သာသနာမှာနေရတာ ငြီးငွေ့နေကြတဲ့သူတွေကလည်း အများကြီးရှိပါတယ်။
အရင်ကဆိုရင်တော့ ဒီိလိုငြီးငွေ့နေကြတဲ့သူတွေကို အနီးနေ ရဟန်းအချင်းချင်းနှင့် သူနှင့်ရင်းနှီးကျွမ်းဝင်တဲ့ ဒကာ၊ ဒကာမတွေလောက်ကပဲ ရိပ်မိနိုင်ခဲ့ကြပေမယ့် အခုလို အင်တာနက်တွေ၊ ဆိုရှယ်မီဒီယာတွေကို သုံးလာကြတဲ့နောက်ပိုင်းမှာတော့ သူတို့ရဲ့  စိတ်ခံစားမှုတွေ အွန်လိုင်းပေါ်အထိ ပျံ့ နှံ့ ရောက်လာပြီး လူတွေ ပိုသိလာနိုင်ကြတာမျိုး ဖြစ်လာတာပါ။
ရဟန်းသံဃာတွေဆိုပင်မယ့်လည်း အသက်အရွယ်အားဖြင့် ဆယ်ကျော်သက်လူငယ်တွေပဲဆိုတော့ ငယ်ရွယ်သူတွေလုပ်လေ့လုပ်ထရှိတဲ့အတိုင်း သူတို့စိတ်ခံစားမှုကို လူငယ်အထာနှင့် ဖွင့်ထုတ်လို့ရတဲ့ နေရာမှာ ဖွင့်ထုတ်ကြတာကို လူ့သဘာဝတစ်ခုအနေနှင့် နားလည်ပေးလို့ရပေမယ့် လူ့ဘောင်အဖွဲ့အစည်းတစ်ခုအတွင်းမှာ လိုက်နာဖို့သတ်မှတ်ထားတဲ့ လူ့ကျင့်ဝတ်၊ ရဟန်းကျင့်ဝတ်တွေနှင့် ချိန်ထိုးကြည့်တဲ့အခါမှာတော့ လက်ခံပေးဖို့ အခက်အခဲရှိတယ်လို့ပဲပြောရမှာ ဖြစ်ပါတယ်။ နားလည်ပေးလို့ရတယ်။ လက်ခံပေးလို့မရဘူး လို့ ပြောချင်တာပါ။
နောက် ကိစ္စကလည်း အဲဒီသဘောတရားအတိုင်းပါပဲ။
ဝိပဿနာတရားဆိုတာ ပညတ်နယ်ကိုကျော်ပြီး ပရမတ်နယ်ကို သွားဖို့ကြိုးစားကြရတာမို့ လောကီနယ်က အလေးထားတန်ဖိုးသတ်မှတ်နေကြတဲ့ ပညတ်ချက်တွေကို အနှစ်သာရမရှိဘူး။ ဘာမှမဟုတ်ဘူး။ အသုံးမကျဘူး လို့ အသိအမြင်ရှင်းလင်းအောင် လုပ်ကြရမယ်ဆိုတာမှန်ပါတယ်။
ဒါပေမယ့် လူ့အဖွဲ့အစည်းအတွင်းမှာနေနေကြရင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံပြောဆိုကြတဲ့အခါမှာ လိုက်နာပြုကျင့်ရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို မြတ်စွာဘုရားရှင်ကိုယ်တိုင်တောင်မှ လူတွေ၊ ရဟန်းသံဃာတွေအတွက် သတ်မှတ်မှာကြားခဲ့တာရှိပြီးသားပါ။
ဒါကို လောကီပညတ်ချက်တွေ၊ ဘာမှ အလေးထားနေဖို့မလိုဘူး။ အဓိက သိထားတဲ့ တရားက သူတို့ထက်သာရင် အလေးအမြတ်ပြုနေစရာ မလိုဘူး လို့ လုပ်လို့မရပါဘူး။ မနေ့တစ်နေ့ကမှ သာသနာ့ဘောင်ဝင်လာတဲ့ ကိုရင်ပေါက်စလေးကိုတောင် လူဝတ်ကြောင် အရိယာတွေက ရှိခိုးအရိုအသေပေးရမယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားကြပြီးသားကျင့်ဝတ်လို့ထင်ပါတယ်။
နောက်တစ်ခုက လူတစ်ယောက်မှာ တကယ်တရားစစ်တရားမှန်တွေ ကိန်းလာလေလေ၊ မာန်မာနက လျှော့ကျလေလေသာဖြစ်ပါတယ်။ အခြားလူတစ်ယောက်ကို အရိုအသေအလေးအမြတ်ပြုဖို့ဆိုတာဟာ အဲဒီတရားပြည့်ဝနေတဲ့သူအတွက် ၀န်လေးတဲ့ ကိစ္စတစ်ခုမဟုတ်တော့ပါဘူး။
နောက်ပြီး တကယ်တရားကိုနားလည်လာလေလေ ဘုရားရှင်အဆုံးအမကို ပိုပိုလိုက်နာလာလေလေသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရဟန္တာပုဂ္ဂိုလ်တွေ ၀ိနည်းကို မကျူးလွန်မဖောက်ဖျက်ကြတော့ဘူးလို့ ပြောကြတာပေါ့။ လူဆိုရင်လည်း တရားအသိဉာဏ်မြင့်လာလေ၊ ဘုရားရှင်ရဲ့  ပညတ်ထားချက်တွေအပေါ်မှာ ပိုတန်ဖိုးထားလေ ဖြစ်လာရမှာဖြစ်ပါတယ်။
အခုတော့ ဗုဒ္ဓဘာသာဝင်တွေအချင်းချင်း ကြည့်လိုက်ရင်တောင် အမြင်မတင့်တယ်၊ မအပ်စပ်တဲ့ အပြုအမူအနေအထိုင်မျိုးကို တရားပြဆရာတစ်ယောက်အနေနှင့် (လုံးဝ) မလုပ်သင့်ဘူးလို့ပဲ သုံးသပ်မိပါတယ်။
ဒါတွေဟာ ပညတ်ချက်တွေပါ။ ဘာမှ တန်ဖိုးမရှိပါဘူး။ အဓိက အကုသိုလ်မဖြစ်ဖို့က အရေးကြီးတာပါလို့ စောဒက တက်ကြပါလိမ့်မယ်။ အဲဒီလိုပြောကြရင် အဲဒီလိုပြောတဲ့စကားအပေါ်မှာ နားလည်ပေးလို့ရပါတယ်။ လက်ခံပေးလို့တော့ မရပါဘူးလို့ပဲ ပြောချင်ပါတယ်။
သာသနာပြုလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေကြတဲ့သူတွေ အနေနှင့် ကိုယ့်အနေအထိုင်၊ အပြောအဆိုတွေကြောင့် မြတ်စွာဘုရားရှင်နှင့် သာသနာတော်အပေါ်မှာ လူတွေ အကြည်အညိုမဲ့သွားစေတာမျိုး မလုပ်မိကြဖို့ လိုအပ်တယ်လို့မြင်မိပါတယ်။ သာသနာတော်ကို စောင့်ရှောက်ကြပါ။ ဘုရားရှင် ရဲ့  အဆုံးအမတော်တွေကိုလည်း ဦးထိပ်ပန်ဆင်ကြပါလို့။

ဆက်လက်ဖတ်ရှုရန်

Wednesday, May 23, 2018

သင့်အတွက်.... (၄)





(၄) ဘ၀အပေါ် စတင်ပြီး စိုးရိမ်ပူပန်စိတ်များလာနေတဲ့ သင့်အတွက်....

လူရယ်လို့မွေးဖွားလာပြီးမှတော့ ဘ၀တစ်လျှောက်လုံး ကြောင့်ကြစိုးရိမ်စိတ်တွေနှင့် ရှင်သန်နေထိုင်သွားရမယ်ဆိုရင် ဘယ်လောက်များရှက်ဖို့ကောင်းလိမ့်မလဲ။ လူရယ်လို့ဖြစ်လာမှတော့ စိတ်ချမ်းမြေ့ပြီး ပျော်ပျော်ရွှင်ရွှင် နေလို့ရတဲ့နေရာတစ်ခုဆီကိုတော့ ခင်ဗျားရောက်အောင်သွားသင့်တာပေါ့။

မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း....ဒီဘယ်လိုမှငြင်းမရနိုင်အောင် ဖြစ်နေတတ်တဲ့ အရာတွေကိုတော့ ကျွန်တော်တို့ဟာ ရူးချင်ယောင်ဆောင်ပြီး ရှောင်လွှဲလို့မရနိုင်ဘူးပေါ့။ အမှန်စင်စစ်က သူတို့တွေကို ကျင်ကျင်လည်လည်နှင့် ကိုင်တွယ်ထိန်းကျောင်းတတ်ဖို့ရာသာ ကျွန်တော်တို့ရဲ့  ရည်မှန်းချက်ပန်းတိုင်ပါ။ ဒီဖြစ်စဉ်ကြီးတွေထဲမှာပဲ ကပ်ငြိနေပြီး ရုန်းမထွက်နိုင်အောင် ဖြစ်မနေသင့်ပါဘူး။

လူတစ်ယောက်တလေကမှ သူတို့ရဲ့  ဘ၀နှင့်ပတ်သက်ပြီး သေသေချာချာဂဃနဏ မစဉ်းစားတတ်ကြတာ အံသြစရာကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်တို့တွေဟာ မချက်ပြုတ်ထားရသေးတဲ့ အစားအစာတွေကို သယ်ဆောင်ရင်း လျှောက်သွားနေကြသလိုမျိုးပါပဲ။ တခြားသူတွေလည်း ကိုယ်လိုပါပဲလို့ ဖြေတွေးတွေးရင်း ကိုယ့်ကိုယ်ကိုလည်း နှစ်သိမ့်ထားကြပါသေးတယ်။ ဒါကြောင့်ပဲ ဒီလိုမျိုး တခြားသူတွေလည်း ကိုယ်လိုပါပဲလို့ တွေးတတ်ကြတာကို ကျွန်တော်က “အုပ်စုလိုက် အသုံးမကျမှု“ လို့ နာမည်တပ်ရတာပါ။

“ဆာတိုးရီ“ ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ဖန်တီးပြုပြင် တည်ဆောက်ယူတာကို ပြောတာပါ။ “အုပ်စုလိုက် အသုံးမကျမှု“ ကနေ နိုးထလာတာကို ဆိုလိုပါတယ်။

မန်ချူရီးယားအရပ်မှာ ဟိုးအရင်က လှည်းတွေကို ခွေးအကြီးကြီးတွေကို ဆွဲခိုင်းကြတယ်။ လှည်းမောင်းသမားက အသားတုံးလေးကို ခွေးရဲ့  နှာခေါင်းရှေ့ နားမှာ တွဲလောင်းချိတ်ထားတယ်။ ဒီအခါမှာ ခွေးခမျာ ဒီအသားတုံးကို စားရဖို့အရေး အရူးလိုပဲ ပြေးရတော့တယ်။ ဒါပေမယ့်လည်း ကျိန်းသေတာပေါ့။ သူဘယ်စားလို့ရနိုင်မလဲ။ နောက်ဆုံး လှည်းက လိုရာခရီးကို ရောက်သွားတော့မှ သူ့ကို အဲဒီအသားတုံးကို ပစ်ပေးလိုက်တယ်။ အဲဒီအခါမှာ သူဟာ တစ်လုပ်ထဲနှင့် အဲဒီအသားတုံးကို မျိုချပစ်လိုက်တယ်။

ဒါဟာ လူတွေရယ်၊ သူတို့တွေရဲ့ လစာငွေရယ်နှင့် သဘာတရားချင်း အတိအကျ တူပါတယ်။ လမကုန်မချင်း သူတို့ဟာ သူတို့နှာခေါင်းထိပ်မှာ တွဲလောင်းချပေးထားတဲ့ လစာနောက်ကို ပြေးလိုက်ကြတယ်။ လစာရပြီဆိုတာနှင့် အဲဒီငွေကို တစ်ခါတည်း သုံးပစ်လိုက်ကြတယ်။ အဲဒီနောက်မှာတော့ သူတို့လက်ထဲ ပိုက်ဆံက ပြတ်သွားတယ်။ ဒီလိုနဲ့ နောက်တစ်ခါ လစာထုတ်ရက်နောက်ကို တခါ ပြေးလိုက်ကြပြန်တယ်။

ဘယ်သူကမှ သူတို့နှာခေါင်းတဆုံးကိုလွန်ပြီး မမြင်နိုင်ကြဘူး ဖြစ်နေတယ်။ လူတိုင်းလူတိုင်းကတော့ သူတို့ဘ၀တွေဟာ တစ်နည်းနည်းနှင့် အဓိပ္ဗါယ်ပြည့်စုံနေတယ်ရယ်လို့ ထင်နေတတ်ကြပေမယ့် တကယ်က သူတို့တွေဟာ ပျံလွှားငှက်တွေနှင့် ဘာမှ သိပ်မကွာကြဘူး။ အထီးတွေက အစာရှာတယ်။ အမတွေက ဥ၀ပ်တယ်။

လူအများစုဟာ ဘ၀လမ်းကို ရှင်းရှင်းလင်းလင်း မချဉ်းကပ်နိုင်ကြဘူး။ ရေတိုနည်းလမ်းတွေသုံးပြီး ဘ၀ကို ခက်ခက်ခဲခဲရုန်းကန်နေကြရတယ်။ အကြောတက်နေတဲ့ ပုခုံးပေါ်မှာ ဆေးလိမ်းနေကြသလို ဖြစ်နေတယ်။

မေးချင်တာက.... ခင်ဗျားက ဘာလို့ နှာဖူးကြောကြီးကို ဒီလောက်တောင် ရှုံ့ ထားရတာလဲ။

ဒါကို ဂရုမစိုက်ပဲနေမယ်ဆိုရင်တော့ ခင်ဗျားဟာ ဘ၀တစ်လျှောက်လုံး ဘာမှ မယ်မယ်ရရ လုပ်ဖြစ်တော့မှာမဟုတ်ဘူး။ ဒါ့အပြင် ခင်ဗျားရဲ့  သူလိုငါလိုမျှော်လင့်ချက်တွေ တစ်နေ့နေ့မှာ ပြည့်စုံလာမလားရယ်လို့ စောင့်စားရင်းနှင့်ပဲ အချိန်တွေကုန်ဆုံးသွားရမှာဖြစ်တယ်။

(ဆက်ရန်....)

Kōdō Sawaki Rōshi


ဆက်လက်ဖတ်ရှုရန်

Tuesday, May 22, 2018

သင့်အတွက်....  (၃)





(၃) ကိုယ့်ရဲ့ အိမ်ထောင်ဖက်နှင့် စိတ်ဆိုးရန်ဖြစ်ပြီး ခြေကုန်လက်ပန်းကျနေတဲ့ သင့်အတွက်.....

မေးခွန်းက ဘယ်သူကမှန်လဲဆိုတာမျိုး မဟုတ်ဘူး။ သင်ဟာ အရာကိစ္စတွေအပေါ်မှာ ကြည့်နေကျမဟုတ်တဲ့ မတူတဲ့ရှုထောင့်ကနေ ကြည့်ရုံလေး ကြည့်နေလိုက်ဖို့ပါပဲ။

တစ်ခုခု ထူးထူးခြားခြားဖြစ်လာအောင် လုပ်နေတာမျိုးကို ရပ်ပစ်လိုက်ပါ။ ဖြစ်နေတဲ့အတိုင်းလေးအတိုင်းပဲ နေလိုက်ပါ။ အပြစ်တင်ဝေဖန်နေတာတွေကို ရပ်လိုက်ပါ။ ထိုင်သာနေလိုက်ပါ။

အားလုံးက “ငါ“ ဆိုတာကနေ မြစ်ဖျားခံလာတာတွေပါ။ နောက်ပိုင်းဆက်ပြီး ဖြစ်လာမှာတွေက မရှိတာကို အရှိလုပ်၊ မဟုတ်တာကို အဟုတ်လုပ်ပြီး ထင်ယောင်ထင်မှားဖြစ်လာခြင်းတွေပါပဲ။

လူတိုင်းတွေးထင်နေကြတာက သူတို့ရဲ့  အတ္တလိုအင်ဆန္ဒ ဆိုတာဟာ ပြောင်းလဲလို့မရနိုင်တဲ့၊ ရွေ့ လျားဖို့ မလွယ်ကူတဲ့အရာတစ်ခု၊ သူ့ကို ဗဟိုပြုပြီး ကျန်တာတွေမှန်သမျှက လည်ပတ်ပေးနေရတာမျိုးလို့ ထင်တတ်ကြတယ်။ တခါတုန်းက လူတစ်ယောက်က ပြောတယ်။ “ကြည့်စမ်း။ ငါကလွဲလို့ ကျန်တဲ့သူတွေ သေကုန်ကြပြီ။“တဲ့။ အဲလို ပြောခဲ့တဲ့သူကိုယ်တိုင်ဟာလည်း အခုမရှိတော့ဘူး။

လူတွေက အချစ်မေတ္တာကြောင့် လက်ထပ်ကြတယ်လို့ဆိုတယ်။ တကယ့်တကယ်က တဏှာပေမကို အခြေခံပြီးမှ လက်ထပ်တဲ့အထိဖြစ်လာကြတယ်ဆိုတာမျိုးတော့ ဘယ်သူမှ မပြောကြဘူး။

ဘာကိုမှ ကောင်းကောင်းနားမလည်ထားတဲ့ ယောကျာ်းတစ်ယောက်ဟာ သူလိုပဲ ဘာမှနားမလည်တဲ့ အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်လိုက်ကြတာပဲ။ လူတွေက ဒါကို “ဂုဏ်ယူဝမ်းသာပါတယ်“ ဆိုပြီး ကောင်းချီးပေးကြသေးတယ်။ အဲဒီအချက်ကို ငါ့အနေနဲ့ကတော့ နားကိုမလည်နိုင်ဘူးဖြစ်နေတယ်။

မိသားစုဆိုတာမျိုးဟာ တခါတလေမှာ ကျိုးကြောင်းမတိုက်ဆိုင်ရင် မိဘရယ်၊ သားသမီးရယ်၊ ဇနီးရယ်၊ ခင်ပွန်းသည်ရယ် အားလုံး အချင်းချင်း အပြန်အလှန် တစ်ဦးနှင့်တစ်ဦး စိတ်တိုအောင်၊ စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မိတတ်တဲ့ နေရာမျိုးဖြစ်တယ်။

သားသမီးက ကလန်ကဆန်လုပ်လာခဲ့လို့ရှိရင် မိဘတွေက “နင်တို့ ဘာနားလည်လို့လဲ“ ဆိုပြီး မြည်တွန်တောက်တီးတတ်ကြတယ်။ ဒါပေမယ့် ဒါဟာ မိဘတွေမှာလည်း မှန်နေတာပဲ မဟုတ်လား။ သူတို့ကရော အကုန် နားလည်ထားကြတာမို့လို့လား။ တကယ်က အားလုံးဟာ မသိမှုအမိုက်မှောင်ထဲမှာ လမ်းပျောက်နေကြတာပဲ မဟုတ်လား။

လူတိုင်းက ပညာရေးအကြောင်း ပြောတတ်ကြတယ်။ ဒါပေမယ့် ငါတို့ ပညာတတ်ဖြစ်လာရင်ကော ဘာဖြစ်မှာလဲ။ သူလိုငါလို နိုင်ငံသားတစ်ယောက်ပဲ ဖြစ်လာမှာပဲ မဟုတ်လား။ ဒီထက်မပိုလှပါဘူး။

ဒီလို အထိန်းအကွပ်မရှိ ဖြစ်ချင်တိုင်း ဖြစ်နေကြတဲ့လူတွေကို စောင့်ကြည့်နေရတာဟာ တိရစ္ဆာန်ရုံထဲက မျောက်တွေကိုကြည့်ရတာထက် ပိုရယ်စရာကောင်းသေးတော့တယ်။

(ဆက်ရန်....)

Kōdō Sawaki Rōshi

ဆက်လက်ဖတ်ရှုရန်

Unlock Your Mind





တခါတလေ ကျွန်တော်တို့ အကျီဝတ်တဲ့အခါ အတွင်းနှင့်အပြင် ပြောင်းပြန်မှားဝတ်မိတာမျိုး၊ ကြယ်သီးအပေါ်အောက် မှားတပ်မိတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ အပြင်သွားဖို့အတွက် ဖိနပ်စီးတဲ့အခါ တောင်တစ်ဘက်၊ မြောက်တစ်ဘက် ကောက်စွတ်ပြီး ထွက်လာမိတာမျိုး၊ ဘောင်းဘီဇစ်မတပ်မိပဲ ထွက်လာခဲ့မိတာမျိုးတွေလည်း ကြုံဖူးကြပါလိမ့်မယ်။

အဲဒီလိုဖြစ်တဲ့အခါမျိုးမှာ ကိုယ့်အိမ်မှာရှိနေတဲ့သူ တစ်ယောက်ယောက်ကပဲဖြစ်ဖြစ်၊ အပြင်မှာ လမ်းသွားလမ်းလာတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ကျွန်တော်တို့လွဲနေတာကို မြင်မိသွားရင် လှမ်းသတိပေးတတ်ကြပါတယ်။ အဲဒီလို သတိပေးလိုက်တာနဲ့ ကျွန်တော်တို့ ချက်ချင်းပဲ ကိုယ်မှားနေတာ၊ လွဲနေတာကို ပြင်ကြတယ်။ ချက်ချင်းပြင်လို့အဆင်မပြေသေးလည်း ကိုယ်လွဲနေပြီဆိုတာကိုတော့ သိသွားပြီး အဆင်ပြေတာနဲ့ ပြင်နိုင်ဖို့ ကြိုးစားကြတာပဲ မဟုတ်လားဗျာ။

ဒီလိုသတိပေးစကားပြောခံရတဲ့အခါမှာ မင်းက ဘာမို့လို့ ငါ့လာပြောရတာလဲ၊ ငါ့ဖာသာ ဘယ်လိုဝတ်ထား ၀တ်ထား ဘယ်သူ့ဂရုစိုက်ရမှာလဲ။ ငါဝတ်ထားတာ မနာလိုလို့ လာပြောနေတာပါ ဆိုပြီး မပြင်ပဲနေမယ့်သူ မရှိသလောက် ရှားမှာပါ။

အဲဒီဥပမာလိုမျိုးပါပဲ။ အခုလည်း တရားသမားမိတ်ဆွေတချို့ ကို ပြောချင်တာက ကိုယ်အားထုတ်နေတဲ့ တရားနည်းဟာ လွဲနေတယ်။ ကိုယ်သိထားတဲ့ တရားဟာ ဘုရားဟောနှင့်မကိုက်ညီဘူးဖြစ်နေတယ်။ ကိုယ်ကိုးကွယ်ဆည်းကပ်နေတဲ့ ဆရာသမားဟာ ပရိယတ္တိနှင့်ဘောင်ဝင်အောင် သင်ကြားပြသနေတာမျိုး မဟုတ်လို့ သတိထားယုံကြည်သင့်တယ် စသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်ယောက်မကတဲ့ မိတ်ဆွေတွေက ၀ိုင်းဝန်း ပြောဆိုသတိပေးနေကြပြီဆိုရင် ကိုယ်ကိုယ်ကို ပြန်သတိထားဆင်ခြင်သင့်ပါတယ်

ငါ ဘာများလွဲနေလဲ။
ငါ ဘာများ ပြန်ပြင်ဆင်ဖို့ လိုနေလဲ။
သူတို့တွေ ငါ့ကို သတိပေးတယ်ဆိုတာ ဘယ်သူ့အကျိုးအမြတ်အတွက် ရည်ရွယ်ပြီး ပြောနေတာလဲ။

ဆိုပြီး ပြန်စမ်းစစ်ကြည့်သင့်ပါတယ်။

တစ်ယောက်မက တူညီတဲ့ထောက်ပြမှုတွေနှင့် ၀ိုင်းပြောနေကြပြီဆိုရင်တော့ မဖြစ်မနေပြင်သင့်တာ တစ်ခုခု ရှိနေလို့ပဲဖြစ်မယ် ဆိုတာမျိုးကို လက်ခံ နားလည်သင့်ပါတယ်။

အဲဒါကိုမှ သူတို့တွေ ဘာနားလည်လို့ ငါ့ကိုလာထောက်ပြဝေဖန်နေရတာလဲ။ သူတို့တွေက ငါနှင့်ငါ့ဆရာသမားအပေါ် မနာလိုမရှုစိမ့်ဖြစ်နေကြတာ။ ငါတို့ သိနေ၊ ရောက်နေတဲ့ တရားအသိဉာဏ်မျိုးကို အကျင့်မပါပဲ စာပေနှင့်လာတိုင်းလို့ ရမတဲ့လား။ ငါ့ဖာသာ ဘယ်လိုအားထုတ်အားထုတ် ဒင်းတို့အပူပါလား ဆိုပြီး အမှားကို မဆင်ခြင်ပဲ ဒီလိုပဲ နေကြမယ်ဆိုရင်တော့ အ၀တ်အစားမှားဝတ်တာထက်ဆိုးတဲ့ ကိုယ်ကျိုးနည်း၊ အရှက်ကွဲရတဲ့ အဖြစ်မျိုး သံသရာနှင့်ချီပြီး ကြုံရနိုင်တယ်ဆိုတာကို အပြုသဘောဆောင်တဲ့ စေတနာအပြည့်နှင့် သတိပေးစကားပြောလိုက်ရပါတယ်ဗျာ။

ဆက်လက်ဖတ်ရှုရန်

Friday, May 18, 2018

Unlock Your Mind





သတိထားမိသလောက် ပြောကြည့်ပါမယ်။

တရားအားထုတ်တဲ့ယောဂီတစ်ယောက်ဟာ ဘယ်လိုရည်ရွယ်ချက်မျိုးနှင့်ပဲ အားထုတ်၊ အားထုတ် နောက်ပိုင်း တရားစစ်၊ တရားမှန်ကို သိသွားတဲ့အချိန်မှာ သူ့အရင်က သဘောထား လွဲမှားနေမှုတွေပြောင်းလဲသွားနိုင်တယ် ဆိုတဲ့ စကားကို မူအားဖြင့် ကျွန်တော် လက်ခံပါတယ်။

အဲဒီလိုဖြစ်ဖို့ရာမှာ လိုအပ်တာတွေက
(၁) အဲဒီယောဂီအားထုတ်တဲ့ တရားနည်းဟာလည်း နည်းမှန်၊ လမ်းမှန်ဖြစ်ရပါမယ်။
(၂) သင်ပြပေးတဲ့ ဆရာသမားကလည်း ဒီနည်းလမ်းအမှန်ကို ကျင့်သုံးထားပြီးသူ၊ တပည့်ယောဂီအပေါ်မှာ လိမ္မာကျွမ်းကျင်မှုအပြည့်နှင့် သင်ကြားပြသပေးနိုင်တဲ့သူမျိုး ဖြစ်ရပါမယ်။
(၃) ယောဂီအနေနှင့်ကလည်း ဆရာသင်ပြညွှန်ကြားတဲ့အတိုင်း ကြိုးစားအားထုတ်နိုင်တဲ့သူ၊ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲဖို့ ၀န်မလေးသူဖြစ်ရပါမယ်။

ဒါဆိုရင် သူအရင်က ဘယ်လိုသဘောထားအမှားတွေပဲရှိနေခဲ့ ရှိနေခဲ့၊၊ နောက်ပိုင်း အကောင်းဘက်ကို ပြောင်းလဲသွားဖို့ ရာခိုင်နှုန်း အများကြီး ရှိပါတယ်။

ဒါပေမယ့် အဲဒီ သဘောထားမမှန်၊ ရည်ရွယ်ချက် လွဲနေတဲ့ ယောဂီဟာ
(၁) ဘုရားရှင် အဆုံးအမတော်နှင့် ကိုက်ညီမှုမရှိတဲ့ နည်းလမ်းမျိုးပြသနေတဲ့ ရိပ်သာမျိုးကို ကံဆိုးစွာနှင့် ရောက်ခဲ့မယ်။
(၂) သင်ကြားပြသတဲ့ ဆရာသမားဆိုသူတွေကလည်း ယောဂီရဲ့  သည်းခြေကြိုက် မက်လုံးတွေဖြစ်တဲ့ တရားထူးတွေ၊ မဂ်တွေ၊ ဖိုလ်တွေ၊ အရိယာဆိုတဲ့ စကားလုံးတွေကို ရွှမ်းရွှမ်းဝေအောင်ပြောပြီး မဂ္ဂင်ရှစ်ပါးအကျင့်တရားနှင့် မလျှော်ညီတဲ့ တရားနည်းတွေကို ပြသသင်ကြားပေးမယ်။
(၃) ယောဂီအနေနှင့် မိမိအတွင်းကိလေသာ လျှော့နည်းမှု၊ ကုန်ဆုံးပပျောက်သွားမှုကို ကိုယ်တိုင် စိစစ်ဝေဖန်ခွဲခြားနိုင်ခြင်းမရှိပဲ ဆရာ့စကားမှာပဲ လမ်းဆုံးမယ်။
(၄) ယောဂီက ကိုယ့်ကိုယ်ကို သိသွားပြီလို့ ထင်ထားတဲ့တရားကို တကယ်စစ်မှန်မှုရှိမရှိ ပိဋကတ်စာပေတွေ၊ တခြားတရားပြဆရာသမားတွေ၊ ကျမ်းဂန်တတ်ပညာရှင်တွေရဲ့  အဆုံးအမ၊ သြ၀ါဒအာဘော်တွေနှင့် တိုက်ဆိုင်ညှိနှိုင်းမှုမျိုး ရိပ်သာကထွက်လာပြီး နောက်ပိုင်းမှာ မလုပ်ခဲ့ဘူးဆိုရင်

အဲဒီလိုယောဂီမျိုးဟာ အစကတည်းကလည်း တရားအပေါ်ထားတဲ့ သူ့ သဘောထားဟာ မမှန်ခဲ့သလို၊ တရားရိပ်သာဝင်ပြီးသွားချိန် နောက်ပိုင်းမှာလည်း ပြောင်းလဲမသွားနိုင်ပါဘူး။ ရိပ်သာက ထွက်လာပြီးမှ ပိုတောင် အခြေအနေဆိုးသွားနိုင်ပါသေးတယ်။

သူမှားနေတာကို မှားမှန်းမသိလို တောက်လျှောက်လည်း အမှားနည်းကိုပဲ အမှန်ထင်ကျင့်သုံးပါလိမ့်မယ်။ သူ့ကို တရားအားထုတ်ဖို့ လာတိုင်ပင်တဲ့သူ၊ အကြံဉာဏ်တောင်းတဲ့သူတွေကိုလည်း သူလိုမျိုးဘဲ ကျင့်ဖို့၊ သူ့ရိပ်သာကို မဖြစ်မနေသွားဖို့ တိုက်တွန်းပါလိမ့်မယ်။

ဒီလိုနှင့် သူနှင့်တကွ သူနှင့်နီးစပ်တဲ့ အသိုင်းအ၀ိုင်းတစ်ခုလုံးမှာ သဘောထားအမှားတွေနှင့် အတ္တအခြေခံပန်းတိုင်တွေကို စံအဖြစ်သတ်မှတ်၊ တရားအမှားတွေကို ကျင့်သုံးရင်း ပျော်မွေ့နေကြတဲ့ Environment မျိုးကို ဖန်တီးဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Unlock Your Mind





အခုနှစ်ပိုင်းတွေ့နေရတဲ့ တရားလိုက်စားတဲ့သူအချို့ မှာတော့ သံဝေဂဉာဏ်ကြောင့် တရားအားထုတ်ချင်စိတ်ဖြစ်လာတာမျိုးထက် တရားအားထုတ်တာကို ဂုဏ်တစ်ခုလိုမျိုး၊ ဘွဲ့ တံဆိပ်လိုမျိုး၊ အောင်လက်မှတ်တစ်ခုလိုမျိုး ဘ၀အတွက် ယူထားချင်ကြတဲ့ပုံပေါ်နေတာကို သတိထားမိပါတယ်။

တကယ်လို့များ စမ်းလို့ရမယ်ဆိုရင် တရားရိပ်သာနှစ်ခုရဲ့  တရားစခန်းကြော်ငြာပုံစံ နှစ်မျိုးလုပ်ပြီး စမ်းကြည့်ချင်တယ်။

ပထမရိပ်သာကြော်ငြာက.....
မဟာသတိပဋ္ဌာန်ဝိပဿနာကျင့်စဉ် တစ်လ တရားစခန်း
ဆွမ်းစရိတ် - အခမဲ့
ဘ၀တစ်လျှောက် သတိပဋ္ဌာန်တရားဖြင့် ကျင့်ကြံနေထိုင်သွားနည်းကို ဘုရားရှင် အဆုံးအမနှင့် အညီ လေ့ကျင့်သင်ကြားပေးသွားမည်။

ဒုတိယရိပ်သာကြော်ငြာက.....
အပါယ်တံခါးပိတ် နိဗ္ဗာန်တံခါးဖွင့် သုံးရက် အထူးတရားစခန်း
ဆွမ်းစရိတ် - တစ်ရက် ငါးသောင်းကျပ်
တရားစခန်းသုံးရက်ပြီးဆုံးပါက သံသရာခရီးအတွက် ပူပန်နေစရာမလိုအောင် ရိပ်သာမှ တာဝန်ယူပေးမည်။
(လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်စာရင်းပေးသွင်းပါရန်။)

ဒီကြော်ငြာနှစ်ခုမှာ ဘယ်ရိပ်သာကို လူတွေ စုပြုံသွားတိုးမယ်ထင်ပါသလဲ။ ဒုတိယရိပ်သာကို သွားတဲ့လူက ပိုများနေပါလိမ့်မယ်။

အဲဒါဘာဖြစ်လို့လဲဆိုရင် လူတွေက တရားကို ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ဖို့ထက် ဖြတ်လမ်းနည်းလိုက်ချင်တဲ့သူက ရာခိုင်နှုန်းပိုများနေလို့ပါ။ ကိုယ့်ကိုယ်ကို တာဝန်ယူဖို့ထက် သူများက ကိုယ့်ကို တာဝန်ယူပေးတာကို ပိုပြီးလိုချင်ကြလို့ပါ။ ကိုယ့်ကိလေသာ အတိမ်အနက်ကို ကိုယ့်ဖာသာစမ်းစစ်အဖြေရှာဖို့ထက် ဆရာသမားကနေ ဘယ်အဆင့်ရောက်နေပြီ၊ ဘာဖြစ်နေပြီလို့ ဆုံဖြတ်ပေးတာကို လိုချင်ကြလို့ပါ။

မိုးကုတ်ဆရာတော်ကြီး တရားတစ်ပုဒ်မှာ သတိပေးဖူးသလို တခါတလေလူတွေမှာ လောကဓံအဆိုးတွေကြောင့်လည်း စိတ်ဓါတ်ကျ၊ ငြီးငွေ့သလိုဖြစ်တာကို သံဝေဂလို့ထင်တတ်ကြတယ်တဲ့။

တကယ်သံဝေဂဖြစ်လို့အားထုတ်တဲ့သူတွေက သံသရာဒုက္ခကိုကြောက်တဲ့စိတ်နှင့် အစဉ်တစိုက် ကြိုးစားအားထုတ်ကြပါလိမ့်မယ်။ သူတို့အတွက်လည်း လမ်းကြောင်းက တဖြည်းဖြည်းပွင့်သွားမှာပါပဲ။

သံဝေဂအစစ်မဟုတ်ပဲ ပေါ်ပင်လိုက်တဲ့သူတွေကတော့ ကြော်ငြာနှစ်ခုထဲက ဒုတိယတရားရိပ်သာလိုမျိုးတွေလိုက်ရှာရင်း သူတို့ဘ၀မှာ သူများပေးတဲ့ အာမခံချက်တွေရအောင် ကြိုးစားကြပါလိမ့်မယ်။

ဒီလို လူအမျိုးအစား နှစ်ခုအတွက် နောက်ဆုံးရလဒ်ကို အချိန်က အဖြေပေးသွားမှာပါပဲ။

ဆက်လက်ဖတ်ရှုရန်

Thursday, May 17, 2018

Unlock Your Mind





ရိပ်သာတွေကနေ တရားအားထုတ်ပြီး ထွက်လာကြတဲ့ တချို့  ယောဂီဟောင်းတွေဟာ သူတို့ရိပ်သာ၊ သူတို့တရားနည်း၊ သူတို့တရားပြဆရာကို တစ်စုံတစ်ဦးက ထိပါးလာပြီလို့ယူဆကြရင် မပြီးနိုင်မစီးနိုင် တုံ့ပြန်ပြောဆိုနေကြတာကို အခုတလောမှာ သတိထားမိတယ်။

ကိုယ့်တရားနည်းမှန်ကန်ကြောင်း၊ ကိုယ့်ဆရာသမားဟာ ဓမ္မ၀ါဒီသာဖြစ်ကြောင်း အကျိုးသင့်အကြောင်းသင့် ရှင်းပြတာမျိုးက လုပ်သင့်တာဖြစ်ပေမယ့် ဒီထက်အလွန် သူတစ်ပါးကို ပြစ်တင်ပြောဆိုကြတာ၊ ကိုယ့်လောာက်မှ တရားအသိဉာဏ်မရှိကြတဲ့သူတွေ၊ လက်တွေ့အားမထုတ်ထားကြတဲ့သူတွေ၊ စာသမားသက်သက်တွေ၊ မျက်ကန်းတွေ၊ သေရင် ဂတိကောင်းမှာမဟုတ်တဲ့သူတွေစသဖြင့် တည့်တည့်တမျိုး၊ သွယ်ဝိုက်၍တဖုံ ရွဲ့ သလိုလို၊ ကျိန်စာတိုက်နေသလိုလို၊ ရန်စောင်ပြောဆိုနေကြတာတွေ မြင်ရတော့ နည်းနည်းစဉ်းစားမိလာတယ်။

တချို့ ယောဂီတွေဆိုရင် သူတို့ရိပ်သာရဲ့  သတ်မှတ်ချက်တွေအတိုင်း ရိပ်သာပြင်ပမှာကို နာရီပေါင်းအနည်းဆုံး နာရီ(၉၀) ကစလို့ နာရီပေါင်း (၁၂၀) ကို အကြိမ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာအားထုတ်ထားကြတဲ့သူတွေပါ။ သူတို့တွေဟာ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်လာတဲ့ နာတာ၊ ကျင်တာ၊ ကိုက်တာ၊ ခဲတာ စတာတွေကို အေးအေးသက်သာ ကျော်လွှားထားနိုင်ကြတဲ့သူတွေ ဖြစ်တယ်ဆိုတာကို ယုံကြည်ပေးလို့ရပေမယ့် တရားထိုင်ချိန်ပြင်ပမှာ ဖြစ်တတ်တဲ့ စိတ်မှာပေါ်တဲ့ ဒေါမနဿအာရုံတွေကို ဘာလို့ မဖြတ်ချနိုင်၊ မကျော်လွှားနိုင်ကြတာပါလိမ့်လို့ တွေးမိလာပါတယ်။

ကိုယ့်စိတ်ကို ပြန်ကြည့်တတ်တဲ့ အလေ့အထမှာ လေ့ကျင့်မှုအားနည်းနေကြသေးတာလားတော့ မပြောတတ်ပါဘူး။ တကယ်ကိုယ့်စိတ်ကိုယ်ပြန်ကြည့်နေကြယောဂီမျိုးဆိုရင် မပယ်နိုင်သေးလို့ ဒေါသကိလေသာ ထကြွသောင်းကျန်းလာရင်တောင်မှ ဒီဒေါသစိတ်ရဲ့  တိုက်တွန်းစေ့ဆော်မှုကို အလိုမလိုက်ပဲ တရားသတိနှင့် အထိုက်အလျှောက်တော့ ထိန်းထားနိုင်တတ်ကြပါတယ်။ အရိယာဖြစ်သွားရင် ကိလေသာဖြစ်ကြောတိုတယ်လို့ သတ်မှတ်ထားတာရှိပေမယ့် အရိယာမဖြစ်သေးရင်တောင် အတော်လေး ထိထိရောက်ရောက် အားထုတ်ထားပြီးသား ယောဂီတွေမှာဆိုရင်လည်း ကိလေသာဟာ သူ့အထိုက်အလျှောက်တော့ ဖြစ်ကြောတိုပါတယ်။

အခု တအား Aggressive ဖြစ်နေကြတဲ့ ယောဂီတချို့ ဆိုရင် သူတို့ထုတ်မပြောပေမယ့် သူတို့ကိုယ်သူတို့ အရိယာတွေလို့ ယုံကြည်ယူဆထားကြတဲ့သူတွေဆိုတာကို ခန့်မှန်းလို့ရပါတယ်။ သူတို့ရင်ထဲမှာ ဒေါသ၊ ဒေါမနဿတွေကြောင့် ပူလောင်နေတယ်ဆိုတာကို သတိထားကြည့်တတ်တဲ့ အပြင်လူက သိနေပေမယ့် သူတို့ကိုယ်တိုင်တော့ သူတို့ ဘာဖြစ်နေတယ်ဆိုတာကို သတိထားမိပုံ မပေါ်ပါဘူး။ ဒါဟာ ဘယ်လိုကြောင့်လဲတော့ မသိပါဘူး။

ကိုယ့်ရဲ့  နေပုံ၊ ထိုင်ပုံ၊ သွားပုံ၊ လာပုံ၊ ပြောပုံ၊ ဆိုပုံ ကို တခြားသူကမြင်လိုက်တာနှင့် ဒီလူမှာ တရားအငြိမ်းဓါတ် ဘယ်လောက်ကိန်းဝပ်နေတယ်ဆိုတာကို ခန့်မှန်းနားလည်သိရှိပြီး ငါလည်း သူသိထားတဲ့တရားမျိုး အားထုတ်ချင်လိုက်တာ၊ ကျင့်ကြံပွားများချင်လိုက်တာ ဆိုတဲ့ သဒ္ဓါဆန္ဒတွေ ဖြစ်ပွားလာအောင် လုပ်တာမျိုးကို သာသနာပြုတယ်လို့ ခေါ်ရမှာ ဖြစ်ပါတယ်။ နိဂြောဓသာမဏေကို ဖူးမြင်လိုက်ရုံနှင့် အသောကမင်းကြီး သဒ္ဓါကြည်ညိုစိတ် ဖြစ်ခဲ့သလိုမျိုးပါ။ ဒါကို တရားယောဂီဟောင်းများနှင့် ကိုယ့်ကိုယ်ကို အရိယာဖြစ်နေပြီလို့ သတ်မှတ်ယူဆနေကြတဲ့ပုဂ္ဂိုလ်များ ဆင်ခြင်စဉ်းစားနိုင်ကြပါစေ။ ကိုယ်ပြောတာဆိုတာ နေတာထိုင်တာကို မြင်ပြီး တရားမသိသေးတဲ့သူတွေ တရားသိမြင်ချင်စိတ်တွေ ဖြစ်လာအောင်၊ ဗုဒ္ဓသာသနာတော်အပေါ်မှာ ကြည်ညိုသဒ္ဓါစိတ်တွေ တိုးပွားလာအောင် စွမ်းဆောင်နိုင်ကြပါစေ။

==================

သင်တွေးလိုက်တဲ့အတွေးတိုင်း၊ ပြောလိုက်တဲ့စကားတိုင်း၊ လုပ်လိုက်တဲ့အပြုအမူတိုင်းဟာ သင့်ရဲ့  ကိုယ်ပိုင် အမှတ်လက္ခဏာ ဖြစ်လာစေပါတယ်။ သင်ဟာ ဖယောင်းတိုင် တစ်တိုင်လိုပါပဲ။ သင့်ဘေးပတ်ဝန်းကျင်ကို အလင်းရောင် ထုတ်လွှတ်ပေးနေတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ သင့်စကားအားလုံး၊ အတွေးအားလုံးနှင့် အပြုအမူအားလုံးဟာ အရပ်မျက်နှာပေါင်းများစွာကို ဖြန့်ကျက်ထွက်သွားကြတယ်။ တကယ်လို့ အကြင်နာတရားတွေပြည့်နေတဲ့ စကားတစ်ခုခုကို ပြောလိုက်တယ်ဆိုပါစို့။ သင့်ရဲ့  အကြင်နာတရားပြည့်နေတဲ့ စကားလုံးတွေဟာ အရပ်မျက်နှာပေါင်းများစွာကို ထွက်ခွာသွားကြတယ်။ သင်ကိုယ်တိုင်ဟာလည်းပဲ အဲဒီစကားလုံးတွေနှင့်အတူတူ လိုက်ပါလို့သွားပါတယ်။ ကျွနု်ပ်တို့ဟာ (မိမိပြုလိုက်တဲ့ ကံသုံးပါးဟာ) အချိန်တိုင်းမှာ ပုံစံတစ်မျိုးဆီအဖြစ် အသွင်ကူးပြောင်းပြီး အဆက်မပြတ်ရွေ့လျားသွားနေကြတာဖြစ်ပါတယ်။

~ Thich Nhat Hanh
 

ဆက်လက်ဖတ်ရှုရန်

Wednesday, May 16, 2018

သင့်အတွက်.... (၂)





(၂) တစ်ခုခုထဲမှာ ပါဝင်ပတ်သက်နေမှရလိမ့်မယ်လို့ တွေးနေတဲ့ သင့်အတွက်

သင်ဟာတစ်ယောက်ယောက်အပေါ်မှာ အမြဲတမ်းသွားမှီနေတတ်တယ်။ တစ်ယောက်ယောက်က အာလူးချောင်းကြော်စားနေရင် လိုက်စားချင်တယ်။ တစ်ယောက်ယောက် တုတ်ထိုးသကြားလုံးလေး စုပ်နေတာတွေ့ရင်လည်း လိုက်စားချင်တယ်။ တစ်ယောက်ယောက်က ပုလွေချောင်းလေးမှုတ်နေတာတွေ့ရင် “မေမေ။ သားကိုလည်း ပုလွေချောင်းလေးဝယ်ပေးပါ“ ဆိုပြီး ပူဆာတယ်။ ဒါက ကလေးတွေမှာချည်း ဖြစ်တတ်တာမျိုးမဟုတ်ဘူး။

နွေဦးရောက်လာပြီဆိုရင် နွေဦးက သင့်ရဲ့ စိတ်ကိုလွှမ်းမိုးခြယ်လှယ်နိုင်ဖို့ သင်ကခွင့်ပေးလိုက်တယ်။။ ဆောင်ဦးရောက်ပြီဆိုလည်း ဒီအတိုင်းပဲ။ လူတိုင်းဟာ တစ်စုံတစ်ခုက ကိုယ့်စိတ်ကို လွှမ်းမိုးခြယ်လှယ်ထားတာကို စောင့်မျှော်နေတတ်ကြတယ်။ တချို့ ဆို လူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်ဖို့ လုပ်ငန်းကြော်ငြာတွေပြုလုပ်ဖန်တီးပြီး အသက်မွေးဝမ်းကြောင်းတောင် လုပ်လိုက်ကြသေးတယ်။

လူတွေဟာ စိတ်ခံစားချက် ရှုပ်ရှုပ်ထွေးထွေးဖြစ်တာမျိုးကို သဘောကျတတ်ကြတယ်။ ရုပ်ရှင်ရုံရှေ့ က ကြော်ငြာပိုစတာကိုကြည့်ရုံလေးနဲ့တင် သူတို့မျက်နှာတွေမှာ ခံစားချက်တွေ ယောက်ရက်ခပ်သွားတာမျိုးဖြစ်ကြတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့  ဓမ္မတရားတော်က လူတွေ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေမှာ ကိုယ်တိုင် ဒူးထောက်အညံ့ခံနေရတာမျိုး မဖြစ်စေဖို့အတွက်ဖြစ်ပါတယ်။ အခြားတစ်ဘက်မှာလည်း လောကကြီးထဲမှာ ဘာမှ မဟုတ်တာတွေကို လူတွေက ဇာချဲ့ နေတတ်ကြတယ်။

ပုံမှန်လူသားတစ်ယောက်ဆိုရင် ဒီပုံစံအတိုင်းပဲ။ သူဟာ အသုံးမကျမှုတွေစုစည်းထားတဲ့ မျက်လုံးတွေနှင့်ပဲ ကြည့်မြင်နေတတ်တယ်။

သူရဲကောင်းတွေရဲ့ ဝန်းကျင်မှာနေနေရတာကြောင့် သတ္တိဗျတ္တိအပိုင်းအစတွေနှင့် ကိုယ့်ကိုယ်ကို သူရဲကောင်းဆိုတဲ့ ဇာတ်ရုပ်တစ်ခုကို ကပြဖို့ပါပဲ။ တကယ်က ဒါဟာလည်း သူရဲကောင်းဆန်တာမျိုးမှ မဟုတ်တာ။ အဖေလုပ်တဲ့ သူခိုးကြီးက သူ့သားကို ပြောတယ်။ “မင်းရဲ့ အသုံးမကျတဲ့ရိုးသားမှုကို ချက်ချင်းရပ်မပစ်လိုက်ဘူးဆိုရင်တော့ မင်းဟာငါ့လို လေးစားခံရလောက်တဲ့ သူခိုးတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ မင်းဟာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ်မှာ မထေမဲ့မြင် လုပ်လိုက်တာပဲဖြစ်တယ်“ တဲ့။

လူတွေဟာ လူတတ်ကြီးဆိုတဲ့ မျက်နှာပေးတွေနှင့် ကမ္ဘာမြေကြီးအပေါ်မှာ မင်းမူနေတဲ့ အရှင်သခင်ဖြစ်တဲ့အကြောင်း ပြောကြတယ်။ တချိန်တည်းမှာပဲ ကိုယ့်ဟာကို ဘယ်ကနေစလုပ်ရမယ်မှန်းတောင် မသိကြဘူး။ တီဗွီကလာနေတဲ့ အားကစားပွဲတွေကို ကြည့်နေပြီး တခြားသူတွေလည်း သူလိုပဲ ကြည့်ကြတာလို့ ကိုယ့်အတွက်ကိုယ် ကာကွယ်ပြောဆိုတတ်ကြတယ်။

ငါတို့တတွေဟာ ဒီလို အုပ်စုလိုက်အသုံးမကျမှုမှာ နေထိုင်ကြတယ်။ ဒီလို ရူးကြောင်ကြောင်ဖြစ်မှုတွေကိုပဲ စစ်မှန်တဲ့ အတွေ့အကြုံတွေရယ်လို့ ထင်မှတ်မှားကြတယ်။ သင်ဟာ အမှန်ကို အမှန်အတိုင်း ကိုယ့်ဖာသာ သိလာအောင်လုပ်ဖို့နှင့် ဒီရူးသွပ်မှုကနေ နိုးထလာဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ တရားဘာဝနာပွားများအားထုတ် တယ်ဆိုတာ အုပ်စုကနေစွန့်ခွာထွက်ပြီး ကိုယ့်ခြေထောက်နှစ်ဘက်နှင့် ကိုယ့်လမ်းကိုယ်လျှောက်ဖို့ဖြစ်တယ်။

တစ်ယောက်တည်းဆိုရင်တော့ လူတွေက တောင့်ခံထားနိုင်ကြပေမယ့်လို့၊ အုပ်စုဖွဲ့မိသွားကြပြီဆိုရင်တော့ သူတို့ရဲ့  အသုံးမကျမှုကို စတင်ကြတော့တာပါပဲ။ အုပ်စုလိုက် အသုံးမကျမှုထဲ စီးမျှောလိုက်ကြတော့တာပဲ။ သူတို့ဟာ ဒီလိုအုပ်စုလိုက် အသုံးမကျဖို့အတွက်လည်း ဆုံးဖြတ်ချက်တွေခိုင်မာကြတယ်။ ကလပ်တွေထောင်ကြတယ်။ အဖွဲ့ဝင်ကြေးတွေတောင် ပေးကြသေးတယ်။ တရားဘာဝနာပွားများအားထုတ် တယ်ဆိုတာဟာ အုပ်စုလိုက် အသုံးမကျမှုကနေ စွန့် ခွာ ခွဲထွက်လာလိုက်တာကို ခေါ်ပါတယ်။

(ဆက်ရန်....)

Kōdō Sawaki Rōshi

ဆက်လက်ဖတ်ရှုရန်

Sunday, May 13, 2018

Thich Nhat Hanh Collection





စိတ်ဆိုတာက ထောင်ချီတဲ့ အရပ်မျက်နှာတွေဆီ ထင်သလို သွားလို့ရနိုင်ပေမယ့် ဒီလှပခန့်ညားတဲ့ လမ်းကြောင်းပေါ်မှာတော့ ငါဟာ ငြိမ်းအေးစွာနဲ့ပဲ လျှောက်လှမ်းနေမိတယ်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းမှာ လေနုအေးက တိုက်ခတ်တယ်။ ခြေလှမ်းတစ်လှမ်းစီနှင့်အတူ ပန်းတစ်ပွင့်စီက ဖူးပွင့်ကြတယ်။

TNH

ဆက်လက်ဖတ်ရှုရန်

သင့်အတွက်.... (၁)





(၁) တခြားသူတွေက ကိုယ့်အပေါ်ဘယ်လိုသဘောထားနေမှာလဲလို့ အမြဲစိုးရိမ်နေတဲ့ သင့်အတွက်........

သင့်အနေနှင့် လေလေးတစ်ချက်လည်တာလောက်ကိုတောင်မှ အခြားသူတစ်ယောက်နှင့် အလဲအလှယ်လုပ်လို့မရပါဘူး။လူတိုင်းလူတိုင်း၊ လူတစ်ယောက်စီ တစ်ယောက်စီတိုင်းဟာ ကိုယ့်ကိုယ်ပိုင်ဘ၀နှင့်ကိုယ် နေထိုင်နေကြတာပါ။ ဘယ်သူက ပိုပြီး ပါရမီပိုကောင်းတယ်၊ အရည်အသွေးပိုမြင့်တယ်ဆိုတာတွေ စဉ်းစားပြီး အချိန်ဖြုန်းမနေသင့်ဘူး။

မျက်လုံးတွေကလည်း “ငါတို့က အောက်ဘက်မှာရှိနေပေမယ့် ပိုမြင်နိုင်ခွင့်ရှိတယ်“ လို့ ဘယ်တော့မှ မပြောသလို၊ မျက်ခုံးတွေကလည်း “ငါတို့က ဘာမှ မမြင်ရပေမယ့် ပိုမြင့်တဲ့နေရာမှ နေနေရတာပါကွာ“ လို့ ပြန်တုံ့ပြန်လေ့မရှိပါဘူး။

မြတ်စွာဘုရားရှင်ရဲ့  အဆုံးအမတရားတော်နှင့်အညီ နေထိုင်တယ်ဆိုတာမျိုးက ကိုယ်ဘာလုပ်နေတယ်ဆိုတာကို တခြားသူတွေသိအောင် လုပ်နေဖို့မဟုတ်ပဲ ကိုယ်လုပ်စရာ၊ ဖြည့်ဆည်းစရာရှိတာတွေကို ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းနေဖို့ပါပဲ။

တောင်တန်းကြီးက သူဟာမြင့်မားပါတယ်ဆိုတာကို မသိပါဘူး။ ပင်လယ်ကြီးက သူဟာ ကျယ်ပြန့်နက်ရှိုင်းပါတယ်ဆိုတာကို မသိပါဘူး။ ကမ္ဘာလောကစကြ၀ဠာကြီးအတွင်းမှာရှိနေတဲ့ အရာတစ်ခုစီတိုင်းဟာ သူတို့ဘာဖြစ်နေတယ်ဆိုတာကို မသိပေမယ့်လို့လည်း အသက်ဝင်လှုပ်ရှားနေကြတာပါပဲ။

ငှက်လေးရဲ့ သီချင်းဆိုသံရယ် ပန်းလေးရဲ့ ရယ်မောလိုက်သံတွေဟာ ကျောက်ကမ်းပါးရဲ့ အောက်မှာ ထိုင်ပြီး တရားရှုမှတ်နေတဲ့သူနှင့် ဘာမှပတ်သက်ဆက်နွှယ်မှုမရှိပဲ သဘာဝအတိုင်းထွက်ပေါ်နေတာသာဖြစ်တယ်။

ငှက်လေးက တရားရှုမှတ်နေတဲ့သူကို ဂုဏ်ပြုချီးကျူးဖို့အတွက်ဆိုပြိး သီချင်းသီကျူးနေတာမဟုတ်ဘူး။ ပန်းလေးကလည်း သူ့ရဲ့ အလှနှင့် တရားရှုမှတ်နေသူကို အံ့သြသွားအောင်လုပ်ဖို့ဆိုပြီး ဖူးပွင့်နေတာ မဟုတ်ပါဘူး။ အဲဒီအတိုင်းပါပဲ။ တရားအားထုတ်နေသူတစ်ဦးဟာလည်း တရားထူးအသိဉာဏ်ရဖို့ဆိုတဲ့ စိတ်မျိုးနှင့် တရားအားထုတ်နေတာမဟုတ်ဘူး။ အသက်ရှင်နေတဲ့ အချိန်တစ်ခုဆီတိုင်းမှာ အတ္တဆိုတဲ့အရာကို ထိုးထွင်းသိမြင်သဘောပေါက်နားလည်သွားဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဘာသာတရားဆိုတာဟာ အလုံးစုံသန့်ရှင်းသစ်လွင်လန်းဆန်းပြီး တခြားဘယ်သူနှင့်မှ မစပ်ဆိုင်ပဲ ကိုယ့်ဘ၀နှင့်ကိုယ် ရပ်တည်နေထိုင်နိုင်ခြင်းပဲဖြစ်ပါတယ်။

ဟေ့ မိတ်ဆွေ။ ဘာကြည့်နေတာလဲ။ အခုပြောနေတာ သင့်အကြောင်းတွေ ဆိုတာကို မသိဘူးလား။

ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ စအိုပေါက်ကလည်း သူစအိုပေါက်ဖြစ်နေရတဲ့အတွက်ကို ရှက်နေဖို့မလိုပါဘူး။ ခြေထောက်တွေကလည်း သူတို့ ခြေထောက်တွေဖြစ်နေရတဲ့အတွက် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြတောင်းဆိုဖို့ အကြောင်းမရှိဘူး။ ဦးခေါင်းကလည်း အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုမဟုတ်သလို ချက်ကလည်း သူဟာ အရာအားလုံးရဲ့  ဖခင်တစ်ယောက်အဖြစ် စိတ်ကူးယဉ်နေမှာမဟုတ်ပါဘူး

ထူးဆန်းဖို့ကောင်းတာက လူတွေက ၀န်ကြီးချုပ် (နိုင်ငံ့အကြီးအကဲ) တစ်ယောက်ကို တကယ်အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်လိုမျိုး ကြည့်တတ်ကြတယ်။ နှာခေါင်းက မျက်လုံးတွေနှင့် အစားထိုးလို့မရသလို၊ ပါးစပ်ကလည်း နားရွက်နှင့် အစားထိုးလို့မရပါဘူး။ စကြာဝဠာကြီးထဲမှာ အရာအားလုံးဟာ တစ်ခုက တစ်ခုထက်သာလွန်တယ်ဆိုတာမျိုး မရှိနေပါဘူး။သူ့ဟာနှင့်သူ ကိုယ်ပိုင်ရပ်တည်မှု၊ တန်ဖိုး ဆိုတာရှိပါတယ်။

တချို့ ကလေးတွေ ကြွက်တစ်ကောင်ကိုဖမ်းမိလိုက်တဲ့အခါ အဲဒီကြွက်က ထောင်ချောက်ထဲမှာ ရုန်းကန်လှုပ်ရှားပြီး တွန်းထိုးနေတတ်တယ်။ ကလေးတွေက အဲဒီကြွက်ရဲ့ နှာခေါင်းကနေ သွေးတွေထွက်လာတဲ့အထိ အဆက်မပြတ်ကုပ်ခြစ်နေတာ၊ အမြီးစုတ်ပြတ်သွားတာတွေကိုကြည့်ပြီး သဘောကျနေတတ်ကြတယ်။ နောက်ဆုံးမှာတော့ သူတို့တွေက အဲဒီကြွက်ကို ကြောင်ကို အစာအဖြစ်ကျွေးလိုက်ကြတယ်။

တကယ်လို့များ ငါသာ ကြွက်ထောင်ချောက်ထဲမှာ ထိုင်နေခဲ့ရမယ်ဆိုရင်တော့ “ဟေ့ အသုံးမကျတဲ့လူတွေ၊ ငါ့ကိုကြည့်ပြီး သဘောကျနေစရာ ဘာအကြောင်းမှမရှိဘူး“ လို့ ကိုယ့်ဖာသာပြောလိုက်မှာပဲ။ ပြီးရင်တော့ ရိုးရိုးရှင်းရှင်းလေးပဲ တရားရှုမှတ်ပြီး ထိုင်နေလိုက်မိမယ်။

(ဆက်ရန်....)

Kōdō Sawaki Rōshi

ဆက်လက်ဖတ်ရှုရန်

Friday, May 11, 2018

အုပ်စုလိုက် အသုံးမကျမှု





လူရယ်လို့မွေးဖွားလာပြီးမှတော့ ဘ၀တစ်လျှောက်လုံး ကြောင့်ကြစိုးရိမ်စိတ်တွေနှင့် ရှင်သန်နေထိုင်သွားရမယ်ဆိုရင် ဘယ်လောက်များရှက်ဖို့ကောင်းလိမ့်မလဲ။ လူရယ်လို့ဖြစ်လာမှတော့ စိတ်ချမ်းမြေ့ပြီး ပျော်ပျော်ရွှင်ရွှင် နေလို့ရတဲ့နေရာတစ်ခုဆီကိုတော့ ခင်ဗျားရောက်အောင်သွားသင့်တာပေါ့။

မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း....ဒီဘယ်လိုမှငြင်းမရနိုင်အောင် ဖြစ်နေတတ်တဲ့ အရာတွေကိုတော့ ကျွန်တော်တို့ဟာ ရူးချင်ယောင်ဆောင်ပြီး ရှောင်လွှဲလို့မရနိုင်ဘူးပေါ့။ အမှန်စင်စစ်က သူတို့တွေကို ကျင်ကျင်လည်လည်နှင့် ကိုင်တွယ်ထိန်းကျောင်းတတ်ဖို့ရာသာ ကျွန်တော်တို့ရဲ့  ရည်မှန်းချက်ပန်းတိုင်ပါ။ ဒီဖြစ်စဉ်ကြီးတွေထဲမှာပဲ ကပ်ငြိနေပြီး ရုန်းမထွက်နိုင်အောင် ဖြစ်မနေသင့်ပါဘူး။

လူတစ်ယောက်တလေကမှ သူတို့ရဲ့  ဘ၀နှင့်ပတ်သက်ပြီး သေသေချာချာဂဃနဏ မစဉ်းစားတတ်ကြတာ အံသြစရာကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျွန်တော်တို့တွေဟာ မချက်ပြုတ်ထားရသေးတဲ့ အစားအစာတွေကို သယ်ဆောင်ရင်း လျှောက်သွားနေကြသလိုမျိုးပါပဲ။ တခြားသူတွေလည်း ကိုယ်လိုပါပဲလို့ ဖြေတွေးတွေးရင်း ကိုယ့်ကိုယ်ကိုလည်း နှစ်သိမ့်ထားကြပါသေးတယ်။ ဒါကြောင့်ပဲ ဒီလိုမျိုး တခြားသူတွေလည်း ကိုယ်လိုပါပဲလို့ တွေးတတ်ကြတာကို ကျွန်တော်က “အုပ်စုလိုက် အသုံးမကျမှု“ လို့ နာမည်တပ်ရတာပါ။

“ဆာတိုးရီ“ ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်ဘ၀ကို ကိုယ်ကိုယ်တိုင် ဖန်တီးပြုပြင် တည်ဆောက်ယူတာကို ပြောတာပါ။ “အုပ်စုလိုက် အသုံးမကျမှု“ ကနေ နိုးထလာတာကို ဆိုလိုပါတယ်။

Kōdō Sawaki Rōshi

ဆက်လက်ဖတ်ရှုရန်

မရှုပ်ရင် မနေနိုင်တာကလွဲလို့ ...





“ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်။“

ဒီနေ့ အလုပ်လုပ်ရင်း ခဏနားလိုက်တဲ့အချိန် ခေါင်းထဲဝင်လာတဲ့ စာကြောင်းလေးပါ။ ဘာသာရေးလေ့လာနေကြသူတိုင်း ဒီ အဆုံးအမလေးကို ကြားဖူးမြင်ဖူးကြပါတယ်။ မိုးကုတ်ဆရာတော်ကြီးရဲ့  သြ၀ါဒ စကားလေး။

အင်း... ငါဟာ သေရတော့မှာပဲ။ သေဖို့ က ကျိန်းသေနေတာဘဲ။ ဘယ်တော့သေမယ်သာ မသိတယ်။ သေတာတော့ တကယ်ကို သေရမှာပဲ။ ငါဘာလို့  ဒါကို မေ့မေ့နေတာပါလိမ့်။ သေရမယ့်ဟာများ အခု ငါဘာတွေ လျှောက်လုပ်နေတာပါလိမ့်။ သေဖို့ ပြင်မယ်ဆင်မယ်မရှိဘဲ အရေးမကြီးတာတွေ လုပ်နေမိပြီထင်တယ်။

ငါဘာလုပ်ရမလဲ။ လုပ်နေတာတွေအားလုံး အခုရပ်လိုက်ပြီး သေရမယ့်ကိစ္စ အရင် ပြင်ဆင်ရင် ကောင်းမလား။

အင်း.....အဲ.... အဲဒီလို လုပ်လို့ တော့ မဖြစ်သေးပါဘူးလေ။

စိတ်ထဲက တောက်လျှောက်စဉ်းစားလိုက်မိတဲ့ အတွေးအမျှင်တန်းကြီး တစ်ခုပါ။ နောက်ဆုံးတော့ အဲဒီလို လုပ်လို့ တော့ မဖြစ်သေးပါဘူးလေ နဲ့ ဆုံးသွားရှာပါတယ်။

“လူတွေက ရှင်းနေတာကို ရှုပ်အောင်လုပ်တယ်။ ပြီးတော့ အဲဒီရှုပ်နေတာကို ပြန်ရှင်းဖို့ ကြိုးစားကြတယ်” တဲ့။ ဘီးအီးဒီအောင်သိုက် ကရုပ်ရှင်ကား တစ်ကားမှာ ပြောခဲ့တဲ့ စကားလေးပါ။

ကျွန်တော် တို့ တွေ အခု လူ့ ဘ၀ကြီးရလာတယ်။ မွေးလာပြီ။ ကဲ...မောင်မင်းသေရမယ်။ သေဖို့ ပြင်တော့။ ဒီလို ဇာတ်လမ်းက ဇာတ်ညွှန်းအတိအကျဆွဲထားပြီးသား။ အဲဒါကို သေစရာရှိ သေဖို့ မပြင်ဘဲ ကျွန်တော်တို့ တွေက ဝေ့ပြီး ဟိုဟာလေးလုပ်လိုက်၊ လက်စသပ်ဖို့ ကြိုးစားလိုက်၊ ဒီဟာလေးလုပ်လိုက်။ လက်စသပ်ဖို့ ကြိုးစားလိုက်နဲ့ ။ အသက်တွေ ကြီးကြီးလာ၊ သေဖို့ နီးနီးလာ။ ပြီးတော့ သတိမထားလိုက်မိခင်ဘဲ သေကြရရော။ ဘာမှ သေဖို့ မပြင်လိုက်ကြရဘူး။ လူနည်းစု တကယ့်ကို နဲနဲလေး တချို့ သာ အချိန်မီ ပြင်ဆင်ချိန်ရပြီး သေမင်းလာခေါ်ချိန် အဆင်သင့်ပြင်ထားလိုက်နိုင်ကြတာ။

မွေးလာပြီး လူမှန်းစသိတတ်တဲ့ အရွယ်ကစလို့  ကျွန်တော်တို့ တွေမှာ ရှုပ်လိုက်တဲ့အလုပ်။ ငယ်တုန်းမှာဆို ဟိုဟာသင်ရ။ ဒီဟာသင်ရ။ သင်လို့ ကို မပြီး။ သင်လို့ တော်တော်တတ်လာတော့ အသက်မွေးဖို့ ဆိုပြီး လုပ်ကြပြန်ရော။ အသက်မွေးလို့ အဆင်မပြေတဲ့သူကလည်း အဆင်ပြေမယ်ထင်တာတွေ လျှောက်လုပ်။ အဆင်ပြေတဲ့သူကလည်း နောက်ထပ်အဆင်ပြေမယ်ထင်ပြီး ထပ်တိုးလုပ်။ ဒီကြားထဲ လူဆိုတာ တကိုယ်တည်း အထီးတည်း မနေသင့်တဲ့ သတ္တ၀ါ ဆိုတဲ့ စကားတစ်ခုအခြေပြုလို့  အထီးတည်းမဖြစ်အောင် ဟိုလူနဲ့ ပေါင်း ဒီလူနဲ့ ပေါင်းရာကနေ လင်မယားတို့ ၊ မိသားစုတို့ ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတို့ ၊ အသင်းအဖွဲ့ တို့  စတာ စတာတွေ တိုးပွားလာပါရော။ တစ်ခါ အဲဒီကိုယ်ပါဝင်တဲ့ အဖွဲ့ အစည်းအတွက် ကိုယ့်ရဲ့ ယူရမယ့်တာဝန်ဆိုတာကြီး ရှိလာပြန်တာနဲ့  အဲဒီ တာဝန်ဆိုတာကြီးကို ကျေပွန်ဖို့  လုပ်ကြပြန်ပါရော။

တခါ အဲဒီလို ငယ်စဉ်ပညာသင်ရာကစ အသက်မွေးဝမ်းကျောင်းအလုပ်တွေလုပ် အဆွေခင်ပွန်း မိတ်ဆွေ လုပ်ဖော်ကိုင်ဘက်တွေနဲ့  ဆက်ဆံပတ်သက်ရာကနေ လူ့ ရဲ့  စက်ရုပ်မဟုတ်တဲ့ လူပီသတဲ့ အသွင်အပြင်တစ်ခုဖြစ်တဲ့ ခံစားမှုဆိုတာက ၀င်ပါလာပြန်ရော။ ကိုယ်ကချစ်ရတာနဲ့ ၊ သူက ကိုယ့်ကို ချစ်ရတာနဲ့ ။ ကိုယ်က အမြင်ကပ်တာနဲ့ ။ သူက ကိုယ့်ကို အဖက်လုပ် မဆက်ဆံတာနဲ့ ။ အားပါးပါး...အဲဒီမှာ ခံစားချက်ပေါင်း ကုဋေကုဋာတွေနဲ့  လူ့ ဘ၀ကို နေ့ စဉ်ဖြတ်သန်းကြရရှာတဲ့ ကျွန်တော်တို့  လူသားတွေပါ။ အဲဒီခံစားချက်တွေကို တုံ့ ပြန်ပုံပေါ်မူတည်ပြီးပဲ ဘာသာရေးရှုထောင့်ကနေစဉ်းစားတော့ ကုသိုလ်တွေ အကုသိုလ်တွေ လုပ်မိ၊ ပြုမိ၊ ရမိပြန်ပါရောလား။ ရှုပ်လိုက်တဲ့ လူ့ ဘ၀။ ဆရာတော် ဦးဇောတိက ကတော့ အရှုပ်ထဲမှာ ရှင်းအောင်နေ လို့  ဆိုထားသော်လည်းပဲ ကျွန်တော်တို့ မှာ နေ့ စဉ်နဲ့ အမျှ တစ်နေ့ ပြီးတစ်နေ့ ပိနေတဲ့ ခံစားချက် အရှုပ်ထုပ်တွေ၊ တာဝန်ဝတ္တရား အကြွေးထုပ်ကြီးတွေနဲ့ မို့  ရှင်းအောင်နေဖို့ ရာက ထင်သလောက် မလွယ်ပါလားနော်။

“အသက်တစ်ရာ မနေပေမယ့် အခက်တစ်ရာ ပွေနိုင်သေးတယ်။ ဒီ့ထက်မကရင်လည်း တွေ့ ရမယ်။ မရေနိုင်တော့ပြီပဲ” တဲ့။ ကိုတိုးကြီး (ခင်မောင်တိုး) သီချင်းထဲက စာသားလေးပါ။ မှန်လိုက်တာ။ တိန်ကနဲနဲ့ ကိုနေတာပဲဗျာ။ ကျွန်တော်တို့ မှာတော့ လုပ်လိုက်တိုင်း ကောင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ လုပ်တော့လုပ်လိုက်တာပဲ။ ဒါပေမယ့် အသိဉာဏ်မပြည့်စုံတာတွေ၊ မောဟဖုံးနေတာတွေ၊ အကွက်ကျော် မမြင်နိုင်မှုတွေ၊ ခံစားချက်ကို ဦးစားပေးမိတာတွေ စတာစတာတွေကြောင့် ဆုံးဖြတ်ချက်အမှားတွေကို ချခဲ့မိခဲ့တာ မွေးကတည်းကနေ အခုအချိန်ထိဆို အကြိမ်ပေါင်းကမနဲတော့ဘူး။ အဲဒီဆုံးဖြတ်ချက်အမှားတွေရဲ့ ဒဏ်ကို ပြန်ခံရတာ၊ ပြန်ပေးဆပ်နေရတာတွေကလည်း အကြိမ်ပေါင်းမရေနိုင်တော့ဘူး။ အခုလည်း မှားနေတုန်း၊ အခုထိလည်း ပေးဆပ်နေရတုန်း။ နောင်လည်း မှားအုံး၊ ပေးဆပ်နေရအုံးမှာပါဘဲ။ “To err is human” မှားတတ်တာဟာ လူ ဆိုတဲ့ စကားကိုပဲ ရေလဲသုံးရင်း ကိုယ်မှားတာတွေက လူပီသလို့ ဆိုပြီး ဂုဏ်ယူတတ်ရင်တော့လည်း တစ်မျိုးကျေနပ်စရာတော့ ဖြစ်လောက်ပါရဲ့ လေ။

မြတ်စွာဘုရားရှင်က “အပ္ပကိစ္စောစ သလ္လဟုက၀ုတ္တိ။ သန္တိနြ္ဒိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။“ စသည်ဖြင့် ဟောထားခဲ့ပါတယ်။ အပ္ပကိစ္စော တဲ့။ အမှုကိစ္စနည်းအောင်နေရမယ်တဲ့။ နိဗ္ဗာန်မဂ်ဖိုလ်ကို ရောက်ဖို့ အတွက် ပြည့်စုံရမယ့် လိုအပ်ချက် အင်္ဂါတစ်ခုအနေနှင့် မှတ်သားမိခဲ့တာလေးပေါ့။ ဘုန်းကြီးအပြီးဝတ်ချင်တယ်လို့  ခဏခဏပြောတတ်တဲ့ ဘလော့ဂ်ဂါညီလေးတစ်ယောက်အကြောင်း စဉ်းစားမိရင်းက ရှင်တော်ဘုရားက အမှုကိစ္စနည်းဖို့ အရေး ရဟန်းတော်တွေကို အဓိကရှေ့ တန်းတင်ပြီး ဟောထားတာဆိုတော့ တကယ်လို့ များ ရဟန်းဝတ်လိုက်ရင် ကိစ္စတကယ်နဲသွားမှာလား။ အရှုပ်တွေ ရှင်းသွားမှာလား။ အင်း သိတဲ့ အွန်လိုင်းကဘုန်းဘုန်းတွေ ဒီတစ်ခါ တွေ့ မှ မေးကြည့်ရအုံးမယ်။ ဘုန်းဘုန်းတို့ တွေ ကိစ္စတကယ်နည်းကြရဲ့ လားလို့ ။

သေဖို့ အရေးမေ့မေ့နေတတ်တော့ ဘာပဲဖြစ်ဖြစ် ကုသိုလ်လေးဖြစ်အောင် ဘာသာရေးဘလော့ဂ်လေးလုပ်ပြီး တရားနဲ့ မဝေးအောင်နေအုံးမှလို့  ဘလော့ဂ်ရေးမိတော့။ အင်း....ဒါလည်း ရှုပ်ပြန်တာပါဘဲ။ တစ်နေ့ တစ်နေ့ ကိုယ့်ဘလော့ဂ်ကို ဘယ်လို အလှပြင်ရပါ့။ ပို့ စ်အသစ် ဘာတင်ရင်ကောင်းမလဲ တွေးရ။ စီဘောက်စ်ကို ဘယ်သူတွေ ဘာရေးသွားလဲစစ်ရ။ ကွန်မန့်တွေ ဘာပေးလဲ ဖတ်ရ။ ဘလော့ဂ်ကနေခင်တဲ့ အွန်လိုင်း မိတ်ဆွေတွေနဲ့ ချက်တင်ပစ်ရ။ ဒါလည်းဘဲ ရှင်းနေတာကို ရှုပ်အောင်လုပ်မိတဲ့ ဇာတ်ထုပ်တစ်ခုပါဘဲ။ ကိုယ်ဇာတ်နဲ့ ကိုယ်၊ က,သာက, ပေတော့ ဇာတ်ဆရာရေ..လို့  ကိုယ့်ဖာသာ သြဘာပေးရုံရှိတော့တာပေါ့လေ။

“တာဝန်ကိုသိတဲ့သူမှာ တာဝန်ရှိသည်” တဲ့။
ဒီစကားအရ ကိုယ်က တာဝန်မယူရင် တာဝန်ကို မသိတတ်ရာ၊ အသုံးမကျရာ၊ ထမင်းရည်ပူ လျှာလွှဲလုပ်ရာ၊ မျက်နှာလွဲ ခဲပစ်လုပ်ရာ ကျတော့မယ်ဆိုတာမျိုး။ တာဝန်တွေဆိုတာကလည်း အမျိုးမျိုးရယ်။ သမိုင်းပေးတာဝန်တို့ ၊ အမျိုးသားရေးတာဝန်တို့ ကနေစလို့  မိသားစုတာဝန်တို့ ၊ ရည်းစားကပေးတဲ့တာဝန်တို့ ၊ မယားပေးတာဝန်တို့ ၊ သမီးပေးတာဝန်တို့ ၊ မြေးပေးတာဝန်တို့ ၊ အလုပ်ကပေးတဲ့တာဝန်တို့ ၊ ဘော်ဒါကပေးတဲ့တာဝန်တို့ ၊ စသည် စသည်ဖြင့် မရေမတွက်နိုင်အောင်များတယ်။ ဒီကြားထဲကမှ ကိုယ့်ဟာကို မလုပ်ဘဲနေရင်ရရဲ့ သားနဲ့ မနေနိုင်မထိုင်နိုင်သွားလုပ်ပြီး ကိုယ့်ဟာကိုယ် ယူထားတဲ့တာဝန်ဆိုတာမျိုးတွေက ရှိသေး။ လူမှုရေးအသင်းတွေ၊ ဘာသာရေးအသင်းတွေမှာ ၀င်ပါပြီး ယူထားတဲ့တာဝန်မျိုးတွေလည်း အဲဒီထဲမှာပါတာပဲပေါ့။ ကောင်းတာတွေလုပ်နေတာပဲလို့ ဆိုဦးတော့။ ဘာပဲဖြစ်ဖြစ် အဲဒါတွေကလည်း အရှုပ်သံသရာလည်စေတာပါပဲလေ။

မနက်မိုးလင်းလို့  မျက်စိနှစ်လုံးပွင့်၊ အိပ်ယာကနိုးပြီဆိုတာနဲ့  ယနေ့ လုပ်စရာဆိုတာတွေက ကွန်ပျူတာမှာ တစ်နေရာကနေ တစ်နေရာကို File Transfer လုပ်သလို ဘယ်နေရာကမှန်း မသိတဲ့ဆီကနေ ခေါင်းထဲကို အစီအရီဝင်လာပါရော။ ခဏနေပါဦး။ ဆရာသမားတွေက မိုးလင်းလင်းချင်း တရားသတိနဲ့  တစ်နေ့ တာစရမယ်လို့  မှာထားတယ်လို့  ပြောလည်း မရ။ အတင်းကာရောကို ၀င်လာတော့တာပါပဲ။ အဲဒါနဲ့ ပဲ အချိန်လေး မဖြစ်စလောက်ကို စိတ်ငြိမ်းချမ်းမှုဖြစ်အောင် ခြစ်ကုပ်ကြိုးစားပြီး ဇောကပ်နေတဲ့ စိတ်ခန္ဓာအစဉ်နဲ့  တစ်နေ့ တာအတွက် အရှုပ်ဇာတ်တွေ စခင်းရပြန်ပါရောလား။ ဒီလိုနဲ့ နေ၀င်မိုးချုပ် ကိုယ့်အိမ်ကိုပြန်ရောက်တော့မှ ဇောကပ်နေတဲ့ အင်ဂျင်စက်ကို တစ်စချင်း တစ်စချင်း အရှိန်သပ် ရပ်နိုင်ဖို့  ကြိုးစားရပြန်ပါတယ်။ ဒီအချိန် ခန္ဓာကလည်း ညောင်း စိတ်အင်ဂျင်ကလည်း ဒေါင်းပြီမို့  မယ်မယ်ရရ သိပ်မစဉ်းစားနိုင်၊ အိပ်ကွင်း အိပ်ကွက် သာဖို့ ကိုသာ ချောင်းရပါတော့တယ်။ တစ်နေ့ သာကုန်ရော။ သေခြင်းတရားဆိုတာကြီး ငါဘယ်နား မေ့ထားမိပါလိမ့်။ စိတ်ကူးထဲ အတွေးထဲကို လမ်းချော်ပြီးများတောင် ၀င်မလာပါလားနော်။ တစ်နေကုန် အလုပ်တွေရှုပ်တာလား အရှုပ်တွေလုပ်တာလား။ ကိုယ့်ဟာကိုယ်လည်း မသဲကွဲတော့။ အင်း....လူဖြစ်ရတဲ့ ဒုက္ခ လို့  မျိုးကျော့မြိုင် လို ညဉ်းရတော့မှာပါဘဲ။

အဓိကနှင့် သာမညကို ခွဲသိပါ။ အရေးကြီးတာကို အရင်ဆုံးလုပ်ပါ။ စသည်ဖြင့် ပညာရှင်တွေ သူတော်စင်တွေက ပုံစံအမျိုးမျိုးနဲ့ သတိပေးဆုံးမနေကြပေမယ့်လည်း အကြိမ်တော်တော်များများမှာ အခြေအနေတွေက သာမညကို အဓိကနေရာထားဖို့ က ဖြစ်ဖြစ်လာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ စိတ်ထားခိုင်ခိုင်မာမာနဲ့ ငါ ဒီအရေးမကြီးတာတွေ တန်ဖိုးမရှိတာတွေကို မလုပ်တော့ဘူး။ အရေးကြီးတာပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချနိုင်တာက များနေတော့ ကြုံရာကျပမ်း ပေါ်လာသမျှ ကိစ္စတွေကို အရေးကြီးတာကော အရေးမကြီးတာကော လုပ်ရင်းနဲ့  နဂိုက ရှင်းနေတဲ့ ဘ၀က တဖြည်းဖြည်းရှုပ်လာ၊ ရှုပ်တာတွေကို ပြန်ရှင်းရင်းက အချိန်တွေကကုန်၊ အသက်တွေက ကြီး။ ဒီလိုနဲ့ ဘဲ သေဖို့ တစ်ရက်နီးတော့ ဖြစ်ပြီပေါ့ဗျာ။ မတတ်နိုင်ဘူးလေ။ ကိုယ်က ရှုပ်ချင်နေသေးတာကိုး။ ထွန်းအိန္ဒြာဗိုလ်ရဲ့  သီချင်းကို ကိုယ့်ဖာသာ ပြန်ပြင်ဆိုရင်းက တွေးလက်စ အတွေးကို ဖြတ်ပြီး လုပ်လက်စ အလုပ်ကိုပဲ ဆက်လုပ်လိုက်မိပါတော့တယ်။

🎶 မရှုပ်ရင် မနေနိုင်တာကလွဲလို့ ... ၊ 🎶 🎶 ကိုယ် မရှုပ်ရင် မနေနိုင်တာက လွဲလို့ ....။ 🎶🎶

(စကားချပ်။ ။ ဤဆောင်းပါးကို ဘာသာရေးဆောင်းပါးလို့  မယူဆစေလိုပါ။ ကိုယ်တွေးချင်ရာတွေးမိတာကို စိတ်ကူးတည့်သလို ရေးမိရေးရာ ရေးထားခြင်းမျှသာဖြစ်ပါကြောင်း..ခင်ဗျား။)

လေးစားစွာဖြင့်

ဝိမုတ္တိသုခ
မတ်လ ၂၂၊ ၂၀၁၀။

(ဘလော့ဂ်လက်ထက် လွန်ခဲ့တဲ့ (၈) နှစ်တုန်းက ရေးခဲ့တဲ့ ပို့စ်အဟောင်းလေးပါ။ အရင်က ကျွန်တော့်ရဲ့ လက်ရာလေး မြည်းစမ်းဖတ်ကြည့်လို့ရအောင်လို့ ပြန်တင်လိုက်ပါတယ်ခင်ဗျာ။)


ဆက်လက်ဖတ်ရှုရန်

Thursday, May 10, 2018

ပျော်ရွှင်စိတ်ချမ်းမြေ့မှုဆိုတာဟာ





ပျော်ရွှင်စိတ်ချမ်းမြေ့မှုဆိုတာဟာ ခံစားခွင့်အကျိုးရလဒ်တစ်မျိုးမဟုတ်ပါဘူး။ ရွေးချယ်မှုတစ်ခုသာဖြစ်ပါတယ်။ သင်ကိုယ်တိုင် ပျော်ရွှင်စိတ်ချမ်းမြေ့ဖို့ကို မရွေးချယ်ဘူးဆိုရင် ဘယ်အရာကမှ သင့်ကို ပျော်ရွှင်စိတ်ချမ်းသာလာအောင် လုပ်ပေးလို့ မရပါဘူး။ မိမိဖာသာ စိတ်ချမ်းသာအောင်နေဖို့ စိတ်ဆုံးဖြတ်မထားဘူးဆိုရင် ဘယ်သူကမှ သင့်ကို စိတ်ချမ်းသာလာအောင် လုပ်မပေးနိုင်ပါဘူး။ သင်ခံစားရမယ့်ပျော်ရွှင်ချမ်းမြေ့စရာတွေဟာ သင့်ဆီကို တခြားကနေရောက်လာတတ်တာမျိုးမဟုတ်ဘူး။ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာဟာ သင့်ဆီကနေပဲ ပေါက်ဖွားထွက်ပေါ်လာရတာမျိုးပါ။

Ralph Harston

ဆက်လက်ဖတ်ရှုရန်

Monday, May 7, 2018

Thich Nhat Hanh Collection





မြတ်စွာဘုရားရှင်က ဆင်းရဲခြင်းတရားရှိနေတယ်ဆိုတာကို ဘယ်လို သတိထားမိအောင် လုပ်ရမယ်၊ အသိအမှတ်ပြုလက်ခံရမယ်ဆိုတာကို သင်ကြားပေးခဲ့သလို ဆင်းရဲချုပ်ငြိမ်းခြင်းဆိုတာကိုလည်း သင်ကြားပေးခဲ့ပါတယ်။ တကယ်လို့ ဆင်းရဲချုပ်ငြိမ်းဖို့အတွက် ဖြစ်နိုင်ချေသာ ရှိမနေခဲ့ဘူးဆိုရင် တရားအားထုတ်နေလို့ရော ဘာထူးအုံးမှာလဲ။

- Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်