Wednesday, April 25, 2018

နဲနဲတော့ ခါးမယ်....






လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ဖြစ်မယ်လို့ထင်ပါတယ်။ “အနောက်ကိုရွေ့ ၊ အရှေ့ ကိုမျှော်“ ဆိုတဲ့ ၀တ္ထုကိုရေးခဲ့တဲ့ ဆရာ ဒေါက်တာရဲနိုင်ရဲ့  ဘာသာရေးနှင့်ဆိုင်တဲ့ ဆောင်းပါးတစ်ပုဒ် သတင်းစာမှာ ပါလာခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဖတ်ဖူးခဲ့တဲ့သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။

ဆရာက ဘာအကြောင်းရေးထားလဲဆိုတော့ သူတစ်ခါမှာ ရန်ကုန်မှာရှိတဲ့ International Meditation Center တစ်ခုမှာ တရားဝင်အားထုတ်ဖြစ်ခဲ့ကြောင်း။ အဲဒီရိပ်သာမှာ ၀စီပိတ်အဓိဋ္ဌာန်နှင့်အားထုတ်ရတာမျိုးဖြစ်ကြောင်း။ အားထုတ်ရတာ အစစအရာရာ အဆင်ပြေကြောင်း။ တစ်ရက်မှာတော့ ခန်းမထဲ တရားထိုင်နေကြတုန်း ဘေးနားကယောဂီတစ်ယောက် ၀က်ရူးပြန်သလိုလို၊ တစ်ခုခုဝင်ပူးသလိုလိုဖြစ်ကြောင်း။ ယောဂီထိန်းတွေက ၀ိုင်းဝန်းပြုစုထိန်းပေးနေကြပေးမယ့် အဆင်မပြေကြောင်း။ နောက်ဆုံးသူမနေနိုင်တော့တာနဲ့ တရားထိုင်နေတာကိုဖြုတ်၊ ၀စီပိတ်အဓိဋ္ဌာန်ကိုလည်း ဖျက်လိုက်ပြီး အဲဒီယောဂီကို လိုအပ်တဲ့ စောင့်ရှောက်ကုသမှုလုပ်ပေးခဲ့တဲ့အကြောင်း။ အဲဒီယောဂီဟာ တရားမှတ်နေရင်း ခန္ဓာကိုယ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် level ကျသွားတာမို့ ဖြစ်ကြောင်း၊ ဖြစ်နိုင်ချေက အသက်ရှူတဲ့ပုံစံ ပုံမှန်မဟုတ်တာကနေ စဖြစ်တာဖြစ်နိုင်ကြောင်း စသဖြင့် ရေးထားတာ ဖတ်ဖူးခဲ့ပါတယ်။

အဲဒီဆောင်းပါး သတင်းစာမှာပါတဲ့အချိန်က ပုဂံမြို့ နားက နာမည်ကြီးရိပ်သာတစ်ခုမှာ ယောဂီတွေတရားအားထုတ်ရာကနေ ခန္ဓာကိုယ်အနေအထားအမျိုးမျိုးတွေဖြစ်ကြတာနှင့်ပတ်သက်ပြီး ဗွီဒီယိုဖိုင်တွေထွက်၊ နောက် မန္တလေးက အခုနာမည်ကြီးနေတဲ့ အမျိုးသားရေးဆရာတော်က အဲဒီအကြောင်းစာအုပ်ထုတ်ပြီး ရှင်းနေတဲ့အချိန်လို့ ခန့်မှန်းမိပါတယ်။

အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ယောဂီတွေတရားအားထုတ်ရင်း ခန္ဓာကိုယ်တွေက မြင်ရတဲ့သူ အဆင်မပြေ၊ မတင့်တယ်အောင် ဖြစ်ခဲ့ကြတဲ့ကိစ္စဟာ ကြားထဲမှာ နှစ်တော်တော်ကြာ ငြိမ်နေခဲ့ပြီး၊ အခု ဒီနှစ်ပိုင်းထဲရောက်တော့မှ ရိပ်သာတချို့ ကယောဂီတွေရဲ့  ဗွီဒီယိုဖိုင်တွေ၊ ဓါတ်ပုံတွေ အွန်လိုင်းမှာ ပြန်တက်လာတာကနေ တခါ လူပြောများလာပြန်ပါတယ်။ ပြောကြတဲ့သူတွေထဲမှာ ဒါမဖြစ်သင့်ဘူးလို့ ပြောကြတဲ့သူတွေရှိသလို၊ ဒါဟာ တရားကြောင့်ဖြစ်တာ၊ ယောဂီရဲ့  စရိုက်ကြောင့်ဖြစ်တာ စသဖြင့် အကောင်းဘက်ကနေ ပြောနေကြတဲ့သူတွေလည်း ရှိနေတာတွေ့ရပါတယ်။

တရားကြောင့်ဖြစ်တာ ဟုတ်၊ မဟုတ်။ ယောဂီရဲ့  စရိုက်ကြောင့် ဖြစ်တာ ဟုတ်မဟုတ်ဆိုတာကိုကတော့ မြတ်စွာဘုရားရှင်ဟောခဲ့တဲ့ ပိဋကတ်ပါဠိတော်ထဲကတရားတော်တွေ၊ အဋ္ဌကထာ၊ ဋီကာ တွေမှာ ကိုယ်တိုင်လိုက်ရှာဖတ်နိုင်ရင်လည်း ဖတ်၊ မဖတ်နိုင်ရင်လည်း ပါချုပ်ဆရာတော်တို့၊ ဖားအောက်ဆရာတော်တို့၊ ယောဆရာတော်တို့၊ ဆရာတော်ဦးဇောတိက၊ Oxford ဆရာတော် တို့လို ပရိယတ်၊ ပဋိပတ်ရော၊ တခြား ဘာသာတွေရဲ့  အယူဝါဒကျင့်စဉ်တွေ၊ အနောက်တိုင်းစိတ်ပညာနှင့် ဆေးပညာ ဗဟုသုတပါပြည့်စုံကြတဲ့ ဆရာတော်ဘုရားကြီးတွေဆီကို လူကိုယ်တိုင်ဖြစ်ဖြစ်၊ စာနှင့်ဖြစ်ဖြစ် ချဉ်းကပ်ပြီး မေးလျှောက်ကြည့်ကြရင် အဖြေမှန်သိကြရမယ်လို့ ယုံကြည်ပါတယ်။

အခုပြဿနာကို ဘာကြောင့်ဖြစ်ရတယ်ဆိုတာနှင့်ပတ်သက်ပြီး ဆေးပညာရှုထောင့်ကနေ သိချင်တာနဲ့ မိတ်ဆွေဆရာဝန်တစ်ယောက်နှင့်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲဒီမိတ်ဆွေနှင့် မေးမြန်းဆွေးနွေးထားတာတွေထဲကနေ တချို့ ကို ထုတ်နုတ်ပြောပြချင်ပါတယ်။ မိတ်ဆွေရှင်းပြတာက

- ဆေးပညာမှာ လူနာက အသက်ရှူ အရမ်းမြန်အောင်လုပ်ရင် (၁ မိနစ်ကို အခါ ၅၀-၆၀ လောက် လုပ်ရှူတာမျိုး) ဒီလို ၁၅မိနစ်ကျော် ကြာလာရင် ကိုယ်ထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် လယ်ဗယ် ကျသွားပြီး ထိုသူမှာ နှလုံးခုန်အရမ်းမြန်တာ၊ လက်တွေ ခြေတွေ အကြောကပ်ကုန်တာ၊
ချွေးစေးပျံ မူးဝေတာတွေ ဖြစ်တတ်ပါတယ်၊၊

ဆေးရုံမှာ ဒီလို လူနာမျိုးတွေကို တွေ့ ရတတ်တယ်။ အထူးသဖြင့် မိန်းခလေးငယ်တွေ၊ Gay တွေ နဲ့ attention seekers တွေ မှာ ဖြစ်လေ့ရှိတယ်၊၊ စာမေးပွဲ​ကြီးတွေ​နီးရင် ဆေးရုံကို လာတတ်ကြတယ်၊၊ လူနာက လူတွေ ၀ိုင်းနေလေ ပိုလုပ်ပြလေပဲ။ တစ်ယောက်ထဲ အဲဒီလူနာကို အခန်းထဲမှာ ထားလိုက်ရင် ရပ်သွားရော၊၊ hysterical outcry လို့ လည်း ခေါ်ပါတယ်၊၊

- တကယ်လို့  အသက်ရှူ အရမ်းနှေးပြီး ကိုယ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်များလာရင် respiratory acidosis လို့ ခေါ်ကာ လူနာမှာ ခေါင်း အရမ်းကိုက်ခြင်း၊ မှတ်ဉာဏ်ပျက်ဆီးခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်၊၊

မိတ်ဆွေပြောတာနှင့်စပ်ဆက်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်၊ နှစ်နှစ်လောက်က မြန်မာပြည် အရပ်ဒေသတချို့ က ကျောင်းတွေမှာ ကျောင်းသူတွေကိုသရဲဝင်ပူးတာ၊ စက်ရုံဝန်ထမ်း အမျိုးသမီးတချို့  သရဲပူးခံရတာ၊ နောက် အမျိုးသမီးတွေကို နဂါးဝင်ပူးတာတွေ တော်တော်များများ ဖြစ်လိုက်သေးတာကို မှတ်မိကြမယ်ထင်ပါတယ်။ သံဃာတော်တွေ ပရိတ်ရွတ်ပေးပေမယ့်လို့ မသက်သာကြတာတွေ ရှိခဲ့တယ်။ ဒီလိုကိစ္စမျိုးတွေမှာ ဘာသာရေးကိုချည်း အားမကိုးပဲ၊ ဆေးပညာနှင့် စိတ်ပညာကျွမ်းကျင်သူတွေရဲ့  အကူအညီနှင့် အကြံဉာဏ်ကိုလည်း ယူသင့်တယ်လို့ အဲဒီတုန်းကတည်းက တွေးမိပါသေးတယ်။

မိတ်ဆွေ ဆက်လက် သုံးသပ်ပြတာက -

ဒါကြောင့် အချို့ အထိုင်ပြိုင်ပွဲ လုပ်တဲ့ရိပ်သာတွေမှာ ကိုယ်-ခြေ-လက် နာကျင်တာကို အာရုံလွှဲဖို့ အတင်း မြန်မြန်ရှူတာတွေ လုပ်ကြတဲ့အခါ
(၁) နဂိုကလည်း သမာဓိ အခံကမရှိ
(၂) နာကျင်နေလို့  ဒေါသကလည်း ထွက်နေ
(၃) ဘေးနားက လူတွေ ၀ိုင်းကြည့်နေတာကိုလည်း သိနေ
(၄) နာတာကိုလည်း မပြောင်းမပြင်ရဲ
(၅) သူများတွေလို ရတယ်လို့သိအောင် attention ရှာ (hysterical outcry)
(၆) နာကျင် ဒေါသထွက်နေတော့ — sympathaetic ဟိုမုန်းတွေ အလွန်အကျွံထွက်ပြီး -
နှလုံးခုန်မြန်- ချွေးပြန်၊ ရုတ်ရင်း ကြမ်းတမ်းတဲ့ ပုံထွက်၊ တွန့် လိမ်ကောက်ကွေး၊ သူငယ်အိမ်ကျယ်၊ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ် နီရဲလာပြီး ပေါတောတောရူးကြောင်ကြောင် အပြုအမူတွေဖြစ်ကြတာလို့  ထင်ပါတယ်၊၊

အများစု အနာခံထိုင်ခိုင်းကြတဲ့ သူတွေမှာ ဖြစ်တတ်တာက - respiratory alkalosis ဖြစ်ရင်း နောက်ပိုင်း နာတာမခံနိုင်၊ စိတ်တိုလာတော့ sympathetic overdrive ဖြစ်ကာ အူတူတူ တွေ ဖြစ်တာနဲ့  ဘ၀ဆုံးကြတာလို့  ထင်တယ်၊၊ သူတို့ မှာ ဘာသမာဓိမှ မဖြစ်တော့ neuropeptide ကလဲ မထွက်ဘူး။

သူက alkalosis ဖြစ်စေ- acidosis ဖြစ်စေ ဖြစ်ရင် နောက်ဆုံး sympathetic over drive နဲ့  ပေါင်းကာ မျက်စေ့ သူငယ်အိမ်ကျယ်လာတယ် (ဆေးခြောက်သမားလို)၊ body balance မထိန်းနိုင်ဘူး။ dystonic posture ပါ၊၊ အခန့် မသင့်ရင် စိတ်ရောဂါတောင် ဖြစ်နိုင်တယ် လို့  ထင်ပါတယ် ဆိုပြီး ရှင်းပြသွားပါတယ်။

မိတ်ဆွေဆရာဝန်က ဒီနေ့ခေတ် တရားအားထုတ်နေကြသူတွေနှင့် ပတ်သက်ပြီး သူ့ထင်မြင်ချက်ကို ဆက်ပြောတာက - “တရားအားထုတ်သူတွေ များလာကြတာမှန်ပေမယ့် induction course နဲ့  သေချာ အကြံပေးမယ့် ကလျာဏမိတ်ကောင်းတွေ မရှိကြတော့ လဲရာထိုင်ဘ၀ ဖြစ်နေကြရတယ်၊၊ သူတို့ ကို အသေတတ်ပြီ၊ ရပြီလို့  ဆရာကပြောလွှတ်လိုက်တော့ သူတို့ ခမျာမယ် ဘာမှ မသိသေးမှန်းအချို့ က သိပေမယ့် ရိပ်သာကိုလည်း ပြန်မသွားရဲ။ ပြန်သွားရင် နာမှာကိုး။ နာတာကို သေမလောက်ကြောက်သွားရတာနဲ့  ဘ၀ဆုံးကြရတယ်၊၊ ဆရာကို တရား ပြန်မေးတဲ့သူတွေ ​အဆူခံကြရတယ်၊၊ တော်တော် သနားစရာကောင်းပါတယ်။“ လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်ကျော်၊ ငါးနှစ်လောက်ကပါ။ ပရိယတ်စာပေကျွမ်းကျင်နှံ့စပ်တဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ ဆရာတော်လေးတစ်ပါးဟာ အခု မြန်မာပြည်မှာ အရမ်းနာမည်ကြီးနေတဲ့ ထိုင်နည်းပုံစံတစ်ခုနှင့် ယောဂီတွေကို နာရီအကြာကြီးထိုင်ခိုင်းတတ်တဲ့ ရိပ်သာမှာ သူတို့ သတ်မှတ်ထားတဲ့ ရက်အတိုင်း အဓိဋ္ဌာန်အောင်မြင်တဲ့အထိ ထိုင်နိုင်ခဲ့ပါတယ်။ သူ့ကို ရိပ်သာနှင့်ပတ်သက်တဲ့ အတွေ့အကြုံတွေမေးကြည့်တဲ့အခါမှာတော့ အံ့သြတကြီးဖြစ်ခဲ့ရပါသေးတယ်

နာရီရှည်ကို သူတို့သတ်မှတ်ထားတဲ့ အထိုင်ပုံစံအတိုင်းထိုင်နေကြတဲ့အချိန်အတွင်းမှာ အဲဒီထိုင်နေတဲ့ယောဂီဟာ တကယ်လို့ တံတွေး၊ သလိပ်စသည် ထွေးချင်ရင် ယောဂီထိန်းကို လှမ်းခေါ်ပြီး ထွေးလို့ရပါတယ်တဲ့။ ရေသောက်ချင်ရင်လည်း ရေတောင်းသောက်လို့ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုခွင့်ပြုထားတော့ ယောဂီ တော်တော်များများက တရားထိုင်တာကြာလာလို့ ခန္ဓာကိုယ် ညောင်းလာ၊ နာလာတဲ့အခါမှာ တံတွေးထွေးချင်ချင်၊ မထွေးချင်ချင်၊ ရေသောက်ချင်ချင်၊ မသောက်ချင်ချင် ယောဂီထိန်းတွေကို ခဏခဏခေါ်ပြီး တံတွေးထွေး၊ ရေတောင်းသောက်လုပ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ခဏမှာ ခန္ဓာကိုယ်ကို မသိမသာနဲနဲလှူပ်ရှားလို့ရတဲ့အတွက် ညောင်းတာ၊ နာတာ သက်သာကြတာမို့ပါ။ ရိပ်သာပြီးလို့ တရားအတွေ့အကြုံကို ဆရာတော်က ပရိတ်သတ်တွေကြားမေးတဲ့အခါမှာလည်း မေးခွန်းအများစုက Leading Question တွေဖြစ်နေတတ်ပြီး ဖြေတဲ့ယောဂီက မလူးသာမလွန့်သာနှင့် ဆရာတော် ဖြေစေချင်တဲ့ အဖြေကိုပဲ ဖြေပေးလိုက်ကြရတာ များတယ်လို့ဆိုပါတယ်။

လေ့လာကြည့်မယ်ဆိုရင် မြတ်စွာဘုရားရှင်က တရားအားထုတ်တဲ့နေရာမှာ ထိုင်ပုံထိုင်နည်းနှင့်ပတ်သက်လို့ ဘယ်လိုပုံစံနှင့်ထိုင်ရမယ်ဆိုပြီး သတ်သတ်မှတ်မှတ်ဟောထားခဲ့တာဆိုလို့ အာနာပါနကမ္မဋ္ဌာန်းတစ်ခုပဲရှိပါတယ်။ ကျန်တဲ့ကမ္မဋ္ဌာန်းနည်းတွေမှာ ဘယ်လိုထိုင်ရမယ်ဆိုတာမျိုး ဘာမှပြောမထားခဲ့ပါဘူး။ အချိန်သတ်မှတ်ချက်နှင့် ပတ်သက်ပြီးလည်း အချိန်ဘယ်လောက်ကြာကြာထိုင်အားထုတ်ရမယ်လို့ မမှာခဲ့ပေမယ့် ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါအားထုတ်ရမယ်လို့ မိန့်တော်မူခဲ့တာမျိုးပဲရှိတာကို အားလုံးသိကြမှာပါ။

အခုခေတ်မှာ တရားပြတဲ့ ဆရာသမားတွေက မိမိတို့ နှစ်သက်သဘောကျတဲ့ ထိုင်ပုံထိုင်နည်း
ပုံစံတွေကို တီထွင်၊ စည်းကမ်းသတ်မှတ်ပြီး ယောဂီတွေကို တရားပြသနေကြပေမယ့် ဒါတွေဟာ ယောဂီတစ်ဦးချင်းစီတိုင်းအတွက် အံဝင်ခွင်ကျဖြစ်မယ်၊ မဖြစ်မယ်ဆိုတာ ပြောရခက်လှပါတယ်။

ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မိတ်ဆွေတစ်ယောက်က အွန်လိုင်းမှာ တွေ့နေရတဲ့ ယောဂီတွေ တရားအားထုတ်ရင်း ကို့ရို့ ကားယားပုံတွေဖြစ်နေတာနှင့်ပတ်သက်ပြီး ဘာလို့ လူတွေ အဲလိုတွေဖြစ်ကုန်ကြတာလဲလို့မေးပါတယ်။ လူတွေတရားအားထုတ်ကြတာမှာ သဘောထားမှားနေကြလို့၊ အတ္တတွေပါနေကြလို့ပါ လို့ ခပ်တိုတိုပဲ ပြန်ဖြေဖြစ်လိုက်ပါတယ်။

နိဗ္ဗာန်မဂ်ဖိုလ်ကို အချိန်တိုတို၊ ရက်တိုတိုနှင့် ရချင်ကြတာ ကောင်းပေမယ့် သံဝေဂကို အခြေမခံပဲ အတ္တကို အခြေခံမိကြတယ်လို့ထင်ပါတယ်။ သေဖို့အတွက် ပြင်ဆင်ကြတာ ကောင်းတယ်လို့ ဆိုလို့ရပေမယ့် ဒုက္ခဝေဒနာကို နားလည်အောင်လုပ်ဖို့ထက် နာတာကျင်တာကိုက်တာခဲတာတွေ မဖြစ်ချင်တဲ့ အတ္တတွေနှင့် အားထုတ်နေကြတယ်လို့ ထင်ပါတယ်။ ဆရာသမားတွေဘက်ကလည်း ယောဂီကို သဘောထားမှန်မှန်နှင့်အားထုတ်တတ်အောင်၊ ပညာအလင်းပွင့်အောင် တဖြေးဖြေးချင်း လမ်းပြပေးဖို့ထက် တစ်မဂ်တစ်ဖိုလ်ရဖို့၊ နာတာကိုကျော်ပြီး အသေတတ်ဖို့ဆိုတဲ့ မက်လုံးတွေနှင့် တစ်ပတ်၊ ဆယ်ရက်၊ နှစ်ပတ် စခန်းတွေနှင့် အမြန်နည်းသင်ကြားနေကြတာကိုလည်း သတိထားမိပါတယ်။

ဗုဒ္ဓတရားတော်တွေကို စိတ်ဝင်စားနေတဲ့ ဘာသာခြား (နိုင်ငံခြားသား) တစ်ယောက်သာ အခု ရက်ပိုင်း အွန်လိုင်းမှာ ပျံ့ နေတဲ့ ယောဂီတွေရဲ့ ပုံကို မြင်သွားမယ်ဆိုပါစို့။ ဗုဒ္ဓဘာသာဆိုတာ ဒီလိုမျိုးတွေကျင့်ရတာပါလားလို့ တွေးပြီး လန့်သွားမှာ၊ အထင်အမြင်သေးသွားမှာ ကျိန်းသေသလောက် ရှိပါတယ်။

တရားအသိဉာဏ်ရသွားတယ်၊ အင်္ဂလိပ်လို Enlightenment ရသွားတယ်ဆိုတာ စိတ်ရဲ့ အလုပ်၊ တနည်းပြောရင် ဉာဏ်ရဲ့ အလုပ်ပါ။ ရုပ်က ဘယ်လိုဣရိယာပုဒ်နဲ့ပဲနေနေ စိတ်မှာ အသိဉာဏ်ဖြစ်နေဖို့လိုရင်းပါပဲ။ ငယ်ငယ်က အလီပေါင်း ကျက်ခဲ့သလိုပါပဲ။ ထိုင်ရက်နှင့်လည်း ကျက်တယ်။ လမ်းလျှောက်ရင်းလည်းကျက်တယ်။ ရပ်ရင်းလည်းကျက်တယ်။ အိပ်နေရင်လည်း ကျက်တယ်။ အခုအချိန်မှာ ၂ အလီ၊ ၃ အလီကို ဘယ်အချိန်လာမေးမေး၊ ဘယ်လိုလာမေးမေး ဖြေလို့ရသလိုမျိုးပါ။ ထိုင်နေမှ ဖြေတတ်မယ်။ ရပ်နေမှ ဖြေတတ်မယ် ဆိုတာမျိုး မရှိပါဘူး။ ကိုယ်ရထားတဲ့ အလီပေါင်းဟာ ခန္̕̕ဓာကိုယ် Posture နှင့် ဘာမှမဆိုင်ပါဘူး။ တရားဆိုတာလည်း ဒီသဘောအတိုင်းပါပဲ။ ဒါကြောင့် ထိုင်တာကြီးကိုလည်း တအားကြီး စွဲမနေကြပါနဲ့၊ ခန္ဓာကိုယ်တွေ တရားထိုင်ရင်း ကို့ရို့ ကားယားတွေ ဖြစ်နေကြတာလည်း တရားအသိဉာဏ်အလင်းပွင့်ဖို့နှင့် ဘယ်လိုမှ မပတ်သက်ပါဘူးလို့ပဲ ပြောလိုက်ပါရစေဗျာ။

No comments:

Post a Comment