Saturday, March 31, 2018

တရားသံဆူညံမှုပြဿနာ

တနေ့က နာဖြစ်လိုက်တဲ့ မူလဓမ္မဆရာတော်တရားထဲမှာ ဆရာတော်က သူစဉ်းစားပုံလေးကိုပြောပြထားတယ်။

နောင်ဆို ရွာမှာရိပ်သာတရားစခန်းဖွင့်ရင် တရားဟောတဲ့အခါ လော်စပီကာကြီးတွေနှင့် တစ်ရွာလုံးကြားအောင် မလုပ်တော့ပဲ ကိုယ့်ကျောင်းထဲမှာပဲ တရားလာအားထုတ်ကြတဲ့ ယောဂီတွေ ကြားလောက်ရုံ ရိုးရိုးစပီကာလေးနဲ့ပဲ ဟောတော့မယ်လို့တွေးမိတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားရှင်တောင်မှ တရားဟောတဲ့အခါ ကိုယ်တော်မြတ်ရဲ့ အသံတော်ကို သူကြားစေလိုတဲ့ တရားနားပရိတ်သတ်ကလွဲရင် တခြား အပြင်ဘက်က မဆိုင်တဲ့သူတွေဆီကို ရောက်မသွားအောင် တန်ခိုးတော်နှင့်ထိန်းတော်မူခဲ့တယ်။ ဒါကို အတုယူရမယ်လို့ ဆရာတော်က မိန့်တော်မူတယ်။

တရားတစ်ခုဟာ ဘယ်လောက်ကြီးကောင်းနေပါစေ။ နှစ်သက်တဲ့သူရှိမယ်။ မနှစ်သက်တဲ့သူလည်းရှိမယ်။ နားလည်တဲ့သူရှိမယ်။ နားမလည်တဲ့သူလည်းရှိမယ်။ ကြားလိုက်ရလို့ သဒ္ဓါပညာဖြစ်လာတဲ့သူရှိမယ်။ အကုသိုလ်ဖြစ်သွားမယ့်သူလည်းရှိမယ်။ ဒါကြောင့် မဆိုင်တဲ့သူတွေ ၊ မလိုအပ်တဲ့သူတွေ မကြားရပဲနေတာက ပိုအဆင်ပြေပါတယ်တဲ့။

ဒီဘက်ခေတ်မှာ ဘာသာရေးအကြောင်းပြပြီး အသံချဲ့ စက်ကို နေ့ညမရှောင် မဆင်မခြင်ဖွင့်နေကြတာတွေ ပိုပိုဆိုးလာတာ သတိထားမိတယ်။ အသံမဆဲပဋ္ဌာန်းလိုမျိုးကစလို့၊ အကြောင်းအမျိုးမျိုးနှင့် အလှူခံတာတွေ၊ တရားပွဲကျင်းပတာတွေ၊ ရာသီအလိုက် ဘာသာရေးအခမ်းအနားလုပ်မှာမို့ သီချင်းဖွင့်တာတွေ အားလုံးမှာ အသံကို ပွဲကျင်းပနေတဲ့နေရာပြင်ပကို မရောက်ရအောင် ထိန်းသိမ်းဆင်ခြင်ပေးနိုင်ကြရင် အတော်ကောင်းမှာပဲလို့ တွေးမိတယ်။

နာမကျန်းတဲ့လူနာတွေနှင့် သက်ကြီးရွယ်အိုတွေအတွက် ပရိတ်၊ ပဋ္ဌာန်းပင်ဖြစ်ပါစေ။ ဒါတွေကို ကျယ်ကျယ်လောင်လောင်ကြားရတဲ့အခါမှာ ကုသိုလ်စိတ်ဖြစ်လာဖို့ထက် အကုသိုလ်စိတ်ဖြစ်သွားဖို့က ရာခိုင်နှုန်းပိုများတယ်ဆိုတာ ကြုံဖူးသူတိုင်းသိကြမှာပါ။ ဗုဒ္ဓဘာသာဝင်တွေတောင် စိတ်ညစ်ကြရင် တခြားဘာသာကိုးကွယ်ကြတဲ့သူတွေဆို ပိုဆိုးဖို့ပဲရှိပါတယ်။ ကိုယ့်လုပ်ရပ်က ကိုယ့်ဘာသာရဲ့ ပုံရိပ်ကိုလည်း ထိခိုက်သွားနိုင်စေသလို ကိုယ်ကိုးကွယ်တဲ့ ဘုရားကို လူမုန်းများအောင် လုပ်မိစေတာမျိုး မဖြစ်အောင် အထူးဂရုပြုဆင်ခြင်သင့်လှတယ်လို့ ထင်ပါတယ်။

No comments:

Post a Comment