Thursday, February 15, 2018

ဟိုဘက်ကမ်း 




🛑 ဟိုဘက်ကမ်း 🛑

တစ်ရက်မှာ လူငယ်လေးတစ်ယောက်ဟာ အိမ်ပြန်ခရီးကိုနှင်ရင်း မြစ်ပြင်ကျယ်ကြီးတစ်ခုရဲ့  ကမ်းဘေးကို ရောက်ရှိလာခဲ့တယ်။ သူ့အရှေ့ မှာရှိနေတဲ့ ကြီးမားလှတဲ့ အဟန့်အတားကြီးကို မျှော်လင့်ချက်မဲ့စွာနှင့် ငေးကြည့်ရင်း ဒီအခက်အခဲကို ဘယ်လိုကျော်လွှားလို့ရနိုင်မလဲဆိုပြီး နာရီပေါင်းများစွာ စဉ်းစားတယ်။ သူရှေ့ ဆက်သွားရမယ့်ခရီးအတွက် လက်လျှော့လိုက်တော့မလို့ ဆုံးဖြတ်လိုက်တော့မယ့်ဆဲဆဲမှာပဲ ဟိုးတစ်ဘက်ကမ်းမှာ ပညာရှိတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။

“ဆရာကြီးခင်ဗျာ။ ဟိုဘက်ကမ်းကိုရောက်အောင် ဘယ်လိုများသွားလို့ ရနိုင်မလဲဆိုတာ ပြောပြပေးပါလားဗျာ” ဆိုပြီး လူငယ်က လှမ်းအော်မေးလိုက်တယ်။

ပညာရှိကြီးက ခဏလောက် မြစ်ကြီးကို အထက်အောက် စုန်ဆန်ကြည့်စဉ်းစားရင်း ပြန်အော်ပြောလိုက်တယ်။

“သားရေ။ မင်းက အခု ဟိုဘက်ကမ်းမှာပဲလေ။”

လူတွေဟာ အမြဲဆိုသလိုပဲ တစ်နေရာရာကို ရောက်ဖို့အတွက် ကြိုးစားနေတတ်ကြတယ်။ ပစ္စည်းဥစ္စာတွေ ပိုပိုင်ဆိုင်နိုင်ဖို့၊ အလုပ်အကိုင်တွေ ပိုကောင်းလာဖို့၊ နောက်တခါထပ် အနားယူအပန်းဖြေခရီးထွက်နိုင်ဖို့ စသဖြင့် ဒီပုံပြင်ထဲက လူငယ်လေးလို အခြားတစ်ဘက်ကမ်းတစ်ခုခုကိုရောက်ဖို့အတွက် ကြိုးစားနေတတ်ကြတယ်။

“ဟိုနေရာကို ဘယ်လိုရောက်အောင် သွားရမလဲ” ဆိုပြီး လောကကြီးကို အော်ဟစ်ပြောနေသလိုမျိုးပေါ့။ ပိုအတိအကျပြောရမယ်ဆိုရင် “အခုလက်ရှိရောက်နေတဲ့နေရာက ငါတို့အတွက် မလုံလောက်သေးဘူး။ ဒါကြောင့် ဟိုနေရာကို ဘယ်လိုရောက်အောင် သွားလို့ရနိုင်မလဲ” လို့ ပြောနေသလိုပါပဲ။

ဒီပုံပြင်လေးကပေးလိုက်တဲ့ လှပတဲ့ သင်ခန်းစာက အဲဒီနေရာမှာ။ သူပြောတာက “တို့တတွေဟာ တကယ်တော့ ရောက်နှင့်နေပြီးသား။ ထပ်သွားနေဖို့ မလိုတော့ပါဘူး” တဲ့။

ဘ၀ဟာ အခု လက်ရှိရောက်နေတဲ့ နေရာမှာ လှပနေတာပါပဲ။ အခုအချိန်လေးက သူရှိနေတဲ့ပုံစံလေးအတိုင်း ပြီးပြည့်စုံနေပါတယ်။ ဘ၀က သူ့ရဲ ပြောင်းလဲတိုးတက်နေတဲ့အတိုင်းလေးကို လှစ်ဟပြနေတယ်။ လောကကိုဘယ်လိုသုံးသပ်လိုက်တယ်၊ ဘယ်လိုစပ်ဆက်ပြင်ဆင်ယူလိုက်တယ်ဆိုတာတွေက ကိုယ့်ရဲ့  အတွေ့အကြုံတွေ ဖြစ်လာလိမ့်မယ်။ အိုင်းစတိုင်းကပြောဖူးတယ်။ လူတွေအတွက် အကြီးကျယ်ဆုံးမေးခွန်းက လူတွေက လောကကို ချစ်ခင်ကြင်နာစရာလို့ ရှုမြင်သုံးသပ်မှာလား၊ မကောင်းဆိုးဝါးအဖြစ် ရှုမြင်လိုက်မှာလား ဆိုတာပဲဖြစ်တယ်တဲ့။

တကယ်လို့များ တစ်ယောက်ယောက်က သူအခုလောလောဆယ်ရောက်နေတဲ့ ဘ၀အခြေအနေ၊ အနေအထားနှင့်ပတ်သက်ပြီး မကျေမနပ်ပြောနေတာ ကြားရရင် သူ့ကို “အဲဒါဆို ဘာဆက်ဖြစ်မှာလဲ“ ဆိုတဲ့ ရိုးရှင်းတဲ့ မေးခွန်းလေးကို ကျွန်တော် မေးကြည့်တတ်တယ်။

ဥပမာဆိုပါတော့။

လူတစ်ယောက်။ ။ တကယ်လို့များ တခြားအလုပ်တစ်ခုခုများ ရခဲ့လို့ကတော့။
ကျွန်တော်။ ။ အဲဒါဆို ဘာဆက်ဖြစ်မှာလဲ။
လူတစ်ယောက်။ ။ ဒါဆို ငွေပိုရှာနိုင်မှာပေါ့။
ကျွန်တော်။ ။ အဲဒါဆို ဘာဆက်ဖြစ်မှာလဲ။
လူတစ်ယောက်။ ။ ဒါဆို အိမ်ဝယ်တာတို့၊ ကားဝယ်တာတို့၊ အပျော်ခရီးတို့သွားလို့ရပြီလေ။
ကျွန်တော်။ ။ အဲဒါဆို ဘာဆက်ဖြစ်မှာလဲ။
လူတစ်ယောက်။ ။ ဒါဆို ပျော်စရာကောင်းပြီပေါ့။

ရုပ်ရှင်မင်းသား ဂျင်မ်ကာရေး တခါကပြောဖူးတယ်။ “ကျွန်တော် လူတိုင်းကို ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ အတွေ့အကြုံကို ရကြစေချင်တယ်။ အဲဒါမှ ဒါတွေဟာ အရာရာတိုင်းအတွက် အဖြေမဟုတ်ဘူးဆိုတာ သူတို့ နားလည်သွားကြလိမ့်မယ်“ တဲ့။

ဟိုဘက်ကမ်းဆိုတာဟာ အဖြေတစ်ခုမဟုတ်ပါဘူး။ တစ်နေရာရာကို ရောက်ဖို့အတွက် အသည်းအသန်ကြိုးစားနေကြရတာကို ရပ်လိုက်တာနှင့်ပဲ လည်ပတ်နေတဲ့ ဘ၀ချားရဟတ်မှာ ကိုယ်တိုင်မရပ်မနားပြေးလွှားလိုက်ပါနေရတဲ့အဖြစ်ကနေ ရပ်နားဆင်းသက်နိုင်လိုက်မှာဖြစ်ပါတယ်။ အဲဒီအခါ ကိုယ်တကယ်ပိုင်ဆိုင်ခွင့်ရထားတဲ့ ငြိမ်းချမ်းမှုနှင့် ငြိမ်းအေးမှုဆိုတာတွေကို အခုလက်ငင်း ပစ္စုပ္ဗန်အချိန်လေးမှာပဲ ရှာဖွေတွေ့ရှိသွားကြမှာဖြစ်ပါတော့တယ်။

လက်တွေ့စမ်းသပ်လုပ်ကြည့်ဖို့ -

- ရပ်နားလိုက်ပါ။ အသက်ကို ရှူပါ။ တခြားဘယ်ကိုမှ ရောက်အောင် သွားစရာ ရှိမနေဘူးဆိုတာကို သဘောပေါက်လက်ခံလိုက်ပါ။ အခုလက်ရှိရောက်နေတဲ့ ပစ္စုပ္ဗန်အချိန်ကပဲ ပြည့်စုံလုံလောက်နေပါပြီ။

- ဘ၀ချားရဟတ်ပေါ်ကနေ ဆင်းလိုက်ပါ။ ဒီဘယ်တော့မှ မရပ်တဲ့ ဘီးပေါ်မှာတုန်းက အကြောင်းတွေကိုချရေး မှတ်သားထားပါ။ အခု လက်ရှိအချိန်လေးကို ကျေးဇူးတင်ဝမ်းမြောက်နေလိုက်ပါ။

- မေတ္တာစိတ်ဖြင့်နေပါ။

(Thomas D. Craig ရဲ့ The Other Side ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။)

No comments:

Post a Comment