Monday, February 12, 2018

အရှင်မြတ် ကြွလာချီးမြှောက်တော်မူပြီ




🌺 အရှင်မြတ် ကြွလာချီးမြှောက်တော်မူပြီ 🌺

မနက်ခင်းလေးမှာ အိပ်ယာကထ၊ ဘုရားရှင်အတွက် သောက်တော်ရေ၊ သုံးတော်ရေတွေနှင့် မနက်စာဆွမ်းခဲဖွယ်ဘောဇဉ်တွေကို ပြင်ဆင်ကပ်လှူပူဇော်အပြီး မြတ်စွာဘုရားရှင်ရဲ့  ဂုဏ်တော်ကျေးဇူးတော်တွေကို အာရုံပြုနေမိတဲ့ အချိန်အခိုက်အတန့်မှာပေါ့။ စိတ်အစဉ်က စာပေတွေထဲမှာ ဖတ်ဖူးခဲ့တဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှား ရှိတော်မူစဉ်က အကြောင်းအရာအဖြစ်အပျက်တွေဆီ ရောက်သွားခဲ့တယ်။

အားလုံးသိထားကြတဲ့အတိုင်း ကိုယ်တော်မြတ်ကြီးဟာ နေ့စဉ်လိုလိုပဲ လောကမှာ ဒီနေ့အဖို့ရာအတွက် ခြွေချွတ်လို့ရမယ့် ပုဂ္ဂိုလ်တွေကို မဟာကရုဏာတော်နှင့် ကြည့်တော်မူပြီး ဘယ်လောက်ဝေးတဲ့အရပ်ပဲဖြစ်နေပါစေ။ အဲဒီသူရှိနေတဲ့အရပ်ဆီကို ရောက်အောင်သွားပြီး နည်းမျိုးစုံသုံး ဟောပြောဆုံးမသွန်သင်လို့ ကယ်တင်စောင့်ရှောက်တော် မူလေ့ရှိပါတယ်။ အများအားဖြင့်တော့ အခြေခံကနေ ဒါန၊ သီလတွေ ပြုလုပ်စောင့်ထိန်းတတ်အောင် နည်းလမ်းတွေကို ပြောပြပေးတာကနေ စလို့ သံသရာလွတ်မြောက်မှုကို ရရှိသွားစေနိုင်တဲ့လမ်းကြောင်းအထိ တရားအစဉ်အတိုင်း ဟောပြောဆုံးမတော်မူလေ့ရှိပါတယ်။

ဒါပေမယ့် တချို့ သောပုဂ္ဂိုလ်တွေကိုတော့ ထူးထူးခြားခြား တရားနှင့်စပ်ဆက်တဲ့စကားမဆိုထားနှင့်။ နှုတ်တော်ကနေတောင် စကားတစ်ခွန်းမှမိန့်တော်မမူပဲ ကယ်ချွတ်တော်မူခဲ့တာမျိုးတွေ ရှိခဲ့တာကိုလည်း သတိထားမိလိုက်တယ်။ လူနှစ်ယောက်အကြောင်း ခေါင်းထဲချက်ချင်းဆိုသလို ရောက်လာပါတယ်။ သူတို့အကြောင်းတော့ ကြားဖူးပြီးသားဖြစ်ကြမယ်လို့ ထင်ပါတယ်။

ပထမတစ်ယောက်က စဏ္ဍလီပုဏ္ဏေးမကြီးပါ။ သူက ရာဇဂြိုလ်မြို့ ထဲမှာ လမ်းတကာလည်တောင်းစားနေရတဲ့ သူတောင်းစားအမယ်အိုကြီးတစ်ယောက်ပေါ့။ တစ်ရက်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့  မဟာကရုဏာတော်စက်ကွင်းထဲမှာ သူ့ပုံပေါ်လာပါတော့တယ်။ အဲဒီနေ့က သူသေရတော့မယ့်နေ့ပါပဲ။ သူ့မှာ ဆည်းပူးပြုလုပ်စုဆောင်းထားတဲ့ ကောင်းမှုကုသိုလ်ဘာမှမရှိတာကြောင့် သေလွန်ပြီးရင် အပါယ်ဒုဂ္ဂတိဆင်းရဲကိုသွားရတော့မှာကို အရှင်မြတ်မြင်တော်မူခဲ့ပါတယ်။ ဒါကြောင့် နံနက်ခင်းမှာ နောက်ပါရဟန်းသံဃာအခြံအရံတွေနှင့် အမယ်အိုကြီးလာနေတဲ့လမ်းဘက်ကို ရှေးရှုလို့ ဆွမ်းခံကြွတော်မူပါတော့တယ်။

လမ်းတစ်နေရာအရောက် အမယ်အိုနှင့် ရင်ဆိုင်ဆုံတွေ့လိုက်ချိန်မှာ ရှေ့ ဆက်မသွားတော့ပဲ အမယ်အိုရဲ့ အရှေ့ မှာ နောက်ပါရဟန်းတော်တွေနှင့်တကွ ရပ်တော်မူလိုက်ပါတယ်။ ရုတ်တရတ် အမယ်အိုဟာ ဘာလုပ်ရမှန်းမသိအောင် ကြောင်အမ်းအမ်းဖြစ်သွားရှာတယ်။ ဘုရားရှင်ရဲ့ နောက်ပါးက လိုက်ပါလာတဲ့ အရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးက ဘုရားရှင်ရဲ့ အလိုတော်ကို ရိပ်မိတော်မူတာကြောင့် ရှေ့ ထွက်လာပြီး အမယ်အိုကို စကားဆိုလိုက်တယ်။

“ဒကာမကြီး၊ လူနတ်တို့ရဲ့  ဆရာဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဒကာမကြီးကိုချီးမြှောက်တော်မူဖို့အတွက် ကြွလာတော်မူတာဖြစ်တယ်။ ဒကာမကြီးအနေနှင့် ကြည်ညိုဝမ်းမြောက်တဲ့စိတ်နှင့် ကိုယ်တော်မြတ်ကြီးကို ရှိခိုးဦးတင်ကန်တော့လိုက်ပါ။” လို့ သတိပေးတော်မူလိုက်ပါတယ်။

ဒီအခါ အမယ်အိုကြီးရဲ့  စိတ်ထဲမှာ လူမင်း၊ နတ်မင်းတွေတောင် ဖူးမြော်ချင်တိုင်း ဖူးမြော်ပူဇော်ခွင့် လွယ်လွယ်ကူကူမရနိုင်တဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါ့ကိုချီးမြှောက်ချင်လို့ ကိုယ်တော်တိုင်ကြွလာပြီး ငါ့အရှေ့ မှာ ရပ်တော်မူပေးနေတာပါလားဆိုတဲ့ ကြည်နူးဝမ်းသာလှိုက်လှဲတဲ့ အထွတ်အထိပ်စိတ်ခံစားမှုနှင့် ကိုယ်တော်မြတ်ကြီးကို ရိုသေမြတ်နိုးရှိခိုးဦးတင်ကန်တော့ လိုက်ပါတော့တယ်။

ဒီဖြစ်ပေါ်လာတဲ့ ကုသိုလ်စိတ်ရဲ့  အရှိန်အဟုန်အာနုဘော်ကြောင့် အမယ်အိုကြီးအနေနှင့် သူသေလွန်ပြီးရင်သွားရမယ့် အပါယ်ဒုဂ္ဂတိဘ၀တွေကနေ ဆန့်ကျင်ပြီး ကောင်းမွန်တဲ့အထက်ဘုံဘ၀တွေဆီကို သွားရဖို့ ခိုင်မာကျိန်းသေတဲ့အနေအထားရသွားတာ သေချာပြီဆိုတဲ့အချိန်မှာတော့ ကိုယ်တော်မြတ်ကြီးဟာ အမယ်အိုကြီးရှေ့ ကနေ ဖယ်ခွာလို့ ဆွမ်းခံလမ်းကိုဆက်ကြွလှမ်းတော် မူသွားပါတယ်။

အမယ်အိုကြီးခမျာ ကြည်နူးဝမ်းသာလွန်းတဲ့စိတ်နှင့် လက်အုပ်ချီရင်း ကျန်ရစ်ခဲ့ရှာတယ်။ ခဏအကြာမှာတော့ သားသည်နွားမတစ်ကောင်ခွေ့တာခံလိုက်ရပြီး အဲဒီဒဏ်ရာနှင့်ပဲ ဘ၀ကူးခဲ့ရတယ်။ လူ့ဘ၀ကနေ သေလွန်တာနှင့် တာဝတိံသာနတ်ပြည်မှာ စည်းစိမ်အခြွေအရံပေါင်းများစွာနှင့် စဏ္ဍလနတ်သမီးဆိုပြီး ဖြစ်သွားခဲ့ရပါတယ်။

နောက်တစ်ဦးကတော့ မဌကုဏ္ဍလီသတို့သားလေး ပါပဲ။ သူ့အကြောင်းကလည်း တော်တော်များများကတော့ ကြားဖူးပြီးသားဖြစ်ကြမယ်ထင်ပါတယ်။ အရမ်းကပ်စေးနှဲတဲ့ ဖခင်သူဌေးကြီးကြောင့် ရောဂါဖြစ်နေပေမယ့် ဆေးဆရာကောင်းတွေနှင့် ဆေးကုသခွင့်မရခဲ့ပဲ နောက်ဆုံးသေရတော့မယ့် အခြေအနေကို သူ့ခမျာရောက်လာခဲ့တယ်။ အဲဒီအခါမှာ ဖခင်သူဌေးကြီးက သူ့ကို အိမ်ထဲမှာမထားတော့ပဲ အိမ်အပြင်မှာ ထုတ်ပြီးထားခဲ့တယ်။

သူဆုံးမယ့် မနက်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့  ကရုဏာအ၀န်းအ၀ိုင်းမှာ သူပေါ်လာခဲ့တယ်။ ငယ်ရွယ်သူလည်းဖြစ်၊ ကုသိုလ်တရားတွေမှာလည်း ဆည်းပူးရကောင်းမှန်း မသိထားတာကြောင့် သေလွန်တဲ့အခါ ဘ၀ကူးမကောင်းနိုင်ဘူးဆိုတာကို အရှင်မြတ် မြင်တော်မူတယ်။ဒါကြောင့်ပဲ ကိုယ်တော်မြတ်ဟာ နောက်ပါသံဃာတော်တွေနှင့်အတူ ဆွမ်းခံကြွရင်း သူငယ်လေးရှိရာ သူဌေးကြီးခြံရှေ့ မှာ ရပ်တော်မူလိုက်တယ်။ ပြီးတော့ သူငယ်လေး မြင်သာအောင် ရောင်ခြည်တော်အစုံလွှတ်တော်မူတယ်။

အိမ်အပြင် ကုတင်ညောင်စောင်းမှာ ရောဂါဝေဒနာကိုခံစားရင်း မှေးစက်လဲလျောင်းနေရတဲ့ သူငယ်လေးဟာ ခြံပြင်ကနေ ထူးထူးခြားခြားဝင်ရောက်လာတဲ့ အလင်းရောင်တန်းတွေကြောင့် မျက်လုံးဖွင့်ပြီး ခြံပြင်ကိုလှမ်းကြည့်လိုက်မိတယ်။ ဒီအခါမှာ ရုပ်အဆင်းရူပကာ သန့်ရှင်းကြည်လင်ပြီး အင်မတန်တင့်တယ်ရှုချင်စဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် မျက်နှာအသွင်အပြင်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကို လှမ်းမြင်လိုက်ရတယ်။ ဘယ်သူဘယ်ဝါရယ်လို့ သေသေချာချာမသိပေမယ့် အလေးအမြတ်ပြုစရာပုဂ္ဂိုလ်တစ်ဦးရယ်လို့တော့ နားလည်လိုက်တာမို့ သူ့ရဲ့ ရှိစုမဲ့စုနောက်ဆုံးခွန်းအားလေးကို စုစည်းပြီး လက်နှစ်ဘက်ကိုယှက်တင်ကာ အိပ်လျက်နဲ့ပဲ ဦးတင်ကန်တော့လိုက်မိတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်လည်း ဒီသူငယ်ရဲ့  ကြည်ညိုသဒ္ဓါစိတ်ကနေဖြစ်ပေါ်လာတဲ့ ကုသိုလ်အရှိန်ကြောင့် ဘ၀ကူးကောင်းဖို့လုံလောက်စိတ်ချရတဲ့ အခြေအနေကိုရောက်ရှိသွားပြီ ဆိုတာကို သိလိုက်တာမို့လို့ ခြံရှေ့ ကနေ ဖယ်ခွာပြီး နောက်ပါသံဃာတော်တွေနှင့် ဆွမ်းခံခရီးကို ဆက်လက်ကြွချီတော်မူပါတယ်။

သူငယ်ဟာ ဘုရားရှင်ကို ကြည်ညိုတဲ့စိတ်တွေနှင့် ကျန်ခဲ့ပြီး သိပ်မကြာခင်အချိန်တိုလေးအတွင်းမှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ပြီးတာနှင့် ချက်ချင်းဆိုသလိုပဲ နတ်ပြည်မှာ ခမ်းနားကြီးကျယ်တဲ့ဗိမာန်တွေ၊ အခြွေအရံတွေနှင့်တကွ နတ်သားသွားဖြစ်ပါတယ်။

ဒီဖြစ်စဉ်နှစ်ခုလုံးမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သူခြွေချွတ်ရမယ့်သူနှစ်ဦးလုံးကို နှုတ်တော်ကနေ စကားတစ်ခွန်းမှ မဆိုပဲ ချီးမြှောက်စောင့်ရှောက်တော်မူသွားတာကို တွေ့ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ အများစုဟာ ကိုယ်နေထိုင်နေတဲ့အိမ်၊ ဒါမှမဟုတ် အခန်းရဲ့  မြင့်တဲ့ မြတ်တဲ့နေရာတစ်ခုခု၊ ဒါမှမဟုတ် အခန်းတစ်ခုခုမှာ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကိုပဲဖြစ်ဖြစ်၊ ပုံတော်ပန်းချီကားကိုပဲဖြစ်ဖြစ် ထားရှိပြီး အလေးအမြတ် ပူဇော်ထားတတ်ကြပါတယ်။ အခြေအနေအရ အဲဒီလိုမျိုး နေရာပေး မပူဇော်နိုင်ခဲ့ရင်တောင် ကိုယ်အိပ်တဲ့အိပ်ယာနေရာရဲ့  ခေါင်းရင်းဘက်မှာ ပုံတော်ကိုဖြစ်ဖြစ်၊ တရားစာအုပ်ကိုဖြစ်ဖြစ်၊ စိတ်ပုတီးကိုဖြစ်ဖြစ် ထားရှိပြီး ပူဇော်တတ်ကြပါတယ်။ နောက် အဆင်ပြေရင်ပြေသလို၊ အချိန်ပေးနိုင်ရင် ပေးနိုင်သလို ပန်း၊ ဆီမီး၊ ရေချမ်း၊ ဆွမ်းခဲဖွယ်ဘောဇဉ်တွေကို အလျဉ်းသင့်သလို ကပ်လှူပူဇော်တတ်ကြပါသေးတယ်။

တကယ်တော့ ဒီဆင်းတုတော်တွေ၊ ပုံတော်တွေ၊ တရားစာအုပ်တွေဆိုတာ ဘုရားရှင်နှင့်ကျွန်တော်တို့ကြားမှာ ချိတ်ဆက်ပေးထားတဲ့ ကြားခံမီဒီယာတွေပဲ ဖြစ်ကြပါတယ်။ ကျွန်တော်တို့တွေက ဒီပုံတော်၊ ဆင်းတုတော်တွေကို ဖူးမြော်ရတာကနေတဆင့် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တွေကို စိတ်ထဲကနေ အာရုံပြုရည်စူးရည်မှန်း ပူဇော်ရှိခိုးဂါရ၀ပြုနေကြရတာမျိုး မဟုတ်လား။

အပေါ်က ၀တ္ထုကြောင်းနှစ်ခုမှာဆိုရင် ကိုယ်တော်မြတ်ကြီးဟာ လူသားနှစ်ဦးရဲ့  ကောင်းကျိုးချမ်းသာအတွက် သူတို့ရှိတဲ့နေရာ၊ သူတို့ရှိတဲ့ အိမ်အရပ်ဆီကို ကိုယ်တော်တိုင် တကူးတကကြွရောက်ပြီး ချီးမြှောက်စောင့်ရှောက်ခဲ့တာကို သတိထားမိပါလိမ့်မယ်။

တကယ်လို့များ ကျွန်တော်တို့အိမ်က ဘုရားကျောင်းဆောင်မှာ သီတင်းသုံးနေတဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ဒါမှမဟုတ် ပုံတော်ကို ဖူးမြင်လိုက်ရတဲ့အခါတိုင်းမှာ တကယ်သက်တော်ထင်ရှား ကိုယ်တော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုနေရသလိုမျိုး နှလုံးသွင်းကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ်တော်မြတ်ကြီးဟာ ကျွန်တော်တို့ကို ချီးမြှောက်စောင့်ရှောက်တော်မူဖို့အတွက် ကျွန်တော်တို့ရှိရာအရပ်ဆီကို ကြွလာတော်မူပေး နေသလိုမျိုးပဲ မဟုတ်ပါလားဗျာ။

နှုတ်တော်ကနေ တရားစကားတော်တွေ မြွတ်ကြားချီးမြှင့်ပေးဖို့အထိ မျှော်လင့်နေစရာမလိုပါဘူး။ ကိုယ်တော်မြတ်ကြီးရဲ့  လက္ခဏာတော်ကြီး၊ လက္ခဏာတော်ငယ်တွေနှင့် ပြည့်စုံတဲ့ ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးနေတဲ့ ရူပကာယတော်ကို စိတ်ထဲကနေ အာရုံညွှတ်ပူဇော်ကန်တော့ကြည့်ရအောင်ပါ။

ဘုရားရှင်လက်ထက်တော်အခါက အတိုင်းတိုင်းအပြည်ပြည်က ရှင်ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ သူကြွယ်ပုဏ္ဏားတွေ၊ လူပညာရှိတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နတ်သားနတ်သမီးတွေ၊ နတ်မင်းတွေ၊ ဗြဟ္မာမင်းတွေဟာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ကြည်ညိုဖူးမြော်ခွင့်ရဖို့ အထူးတလည်အချိန်ပေး၊ တချို့ ဆိုဘ၀တွေပေးပြီး ကြိုးစားခဲ့ကြရပါတယ်။ မြတ်စွာဘုရားရှင်နှင့် တစ်ကြိမ်တစ်ခါ ကြုံဆုံလို့ဖူးမြော်ခွင့်ရဖို့ဆိုတာ အင်မတန် ရတောင့်ရခဲတဲ့ အခွင့်အရေးမျိုးပါ။ ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်နေတာကို သတင်းသာကြားပြီး တွေ့ဆုံဖူးမြော်ခွင့်မရလိုက်ကြရတဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။

အခု ကျွန်တော်တို့မှာတော့ ကိုယ်တော်မြတ်ကြီးဟာ ကျွန်တော်တို့အိမ်ဂေဟာရဲ့ ၊ နေအိမ်အခန်းရဲ့  မြင့်မြတ်တဲ့ နေရာတစ်ခုမှာ သီတင်းသုံးစံမြန်းတော်မူနေပါပြီ။ လူနတ်တို့ရဲ့  ပူဇော်အထူးကိုခံတော်မူထိုက်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ကျွန်တော်တို့ကို ချီးမြှောက်စောင့်ရှောက်တော်မူဖို့အတွက် ကိုယ်တော်တိုင် ကျွန်တော်တို့ရှိရာအရပ်ဆီ ကြွလာတော်မူပါပြီ။ ကျွန်တော်တို့ အားလုံး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရိုသေကြည်ညိုစွာနှင့် ဦးနှိမ်ရို့ ကျိုးပြီး ရှိခိုးကန်တော့လိုက်ကြရအောင်လားခင်ဗျား။

ဝိမုတ္တိသုခ
၁၂၊ ၂၊ ၂၀၁၈။

No comments:

Post a Comment