Sunday, February 18, 2018

ဘာတွေကို ဘယ်လို ဝေမျှကြမလဲ






ဝေမျှခြင်း (sharing) ဆိုတဲ့ စကားလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ပြောပါဆိုရင်တော့ ပေးကမ်းခြင်း (giving) ဆိုတဲ့သဘောပါပဲ။ မြန်မာစကားမှာ အခြေအနေ၊ အချိန်အခါနှင့် ဆက်ဆံရတဲ့သူပေါ်မူတည်ပြီး အသုံးအနှုန်းပြောင်းသွားတာမျိုးတွေရှိတတ်ပါတယ်။ ပေးတယ်ဆိုတာကိုပဲ စွန့်ကြဲတယ်၊ ဝေမျှတယ်၊ လှူဒါန်းတယ်၊ ဆက်ကပ်တယ် စသဖြင့် အမျိုးမျိုး သုံးစွဲကြပါတယ်။

ဒီစကားလုံးဟာ ကျွန်တော်တို့ မြန်မာလူမှုအသိုင်းအ၀ိုင်းမှာတော့ စိမ်းတဲ့ စကားလုံးမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး နေ့စဉ်လိုလိုပဲ ကိုယ့်ပတ်ဝန်းကျင်ကို တစ်ခုမဟုတ် တစ်ခု ပေးကမ်းဝေမျှနေတတ်ကြတာပါပဲ။

ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာ၊ ဘယ်လူမျိုးမှာမဆို ပေးကမ်းခြင်းကို မလုပ်ဖူးကြတဲ့သူရယ်လို့တော့ ရှိမယ်မထင်ပါဘူး။ အားလုံးတစ်နည်းနည်းနှင့်တော့ ပေးကမ်းဖူးကြပါလိမ့်မယ်။

ပေးကမ်းခြင်းကိုပဲ ဗုဒ္ဓဘာသာဝင်တွေဆိုရင် ဒါန လို့ အားလုံးနားလည်ထားကြပြီးသား ဖြစ်နေပါပြီ။ ကိုယ့်မှာရှိတဲ့၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ သက်ရှိ၊ သက်မဲ့ပစ္စည်းဝတ္ထု တစ်ခုခုကို သူတစ်ပါးကို ပေးလိုက်တိုင်းမှာ ဒါနဖြစ်နေတာပါပဲ။

ဒီပေးကမ်းစွန့်ကြဲတဲ့ ဒါနဆိုတာဟာ ပေါ့သေးသေးကိစ္စတော့ မဟုတ်ပါဘူး။ ဘုရားအစရှိတဲ့ ပါရမီရှင်သူတော်ကောင်းကြီးတွေအားလုံးဟာ သူတို့ရည်မှန်းရာဖြစ်တဲ့ ဆုထူးဆုမြတ်တွေ ရရှိပိုင်ဆိုင်ကြဖို့အရေး ဘ၀ပေါင်းများစွာ ပါရမီ (၁၀) ပါး ကြိုးပမ်းဖြည့်ဆည်းကြရတဲ့အခါမှာ ဒါနပါရမီကပဲ စတင်လို့ဖြည့်ကျင့်ကြရတာဖြစ်ပါတယ်။

ဒါနပါရမီမှာမှ စွန့်လှူရတဲ့ ပစ္စည်းအမျိုးအစားနှင့် ခက်ခဲမှုပေါ်မူတည်ပြီး မိမိရဲ့ ခန္ဓာကိုယ်ပြင်ပ ပစ္စည်းဥစ္စာတွေနှင့် သက်ရှိတွေကို စွန့်လှူတဲ့ ဒါနပါရမီ၊ မိမိရဲ့  ခန္̕ဓာကိုယ်အစိတ်အပိုင်းတွေကို စွန့်လှူတဲ့ ဒါနဥပပါရမီ၊ မိမိရဲ့  အသက်ကိုပါစွန့်လှူတဲ့ ဒါနပရမတ္တပါရမီ ဆိုပြီး ကွဲပြားသွားပါတယ်။

ဒီလို ပေးကမ်းစွန့်ကြဲမျှဝေကြရမှာ ခြုံငုံပြီးပြောမယ်ဆိုရင်တော့ ပေးစရာ အမျိုးအစား (၂) မျိုးကွဲတယ်လို့ ပြောရင်ရနိုင်ပါတယ်။ မိမိမှာရှိတဲ့ အစားအစာကို ပေးလိုက်တာ၊ အ၀တ်အစားအိပ်ယာနေရာစတာတွေကိုပေးတာ၊ ရွှေငွေလက်ဝတ်လက်စား၊ မော်တော်ယာဉ်၊ တိရစ္ဆာန်၊ အခိုင်းအစေစတဲ့ အဖိုးတန် သက်ရှိသက်မဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပေးတာ၊ မိမိရဲ့  ရာထူးစည်းစိမ်၊ ခံစားစံစားခွင့်တွေကို ပေးလိုက်တာ စတဲ့ ပေးကမ်းစွန့်ကြဲဝေမျှမှုတွေမှာ ပေးလိုက်တဲ့ ၀တ္ထုပစ္စည်းတွေဟာ ထိတွေ့ကိုင်တွယ်လို့ရသလို လူတိုင်းလည်း မျက်စိနှင့်ကြည့်ရင် မြင်နိုင်တဲ့ အရာမျိုးတွေဖြစ်ပါတယ်။

နောက်ထပ်ကျွန်တော်တို့တွေ ပေးကမ်းဝေမျှတတ်ကြတာကတော့ ထိကိုင်စမ်းသပ်ကြည့်လို့မရနိုင်တဲ့၊ ပကတိမျက်စိနှင့်မြင်ကြည့်လို့မရနိုင်တဲ့ အရာတွေဖြစ်ကြပါတယ်။ အဲဒီ ကိုင်တွယ်ကြည့်လို့မရတဲ့ အရာတွေကို ကျွန်တော်တို့ဟာ သိသိနှင့်ရော၊ ကိုယ်တိုင်က သတိမထားမိပဲနဲ့ရော နေ့စဉ်လိုလို ဝေမျှဖြစ်နေကြပါတယ်။

ကျွန်တောတို့တွေ မနက်မိုးလင်းကနေစလို့ တစ်နေ့လုံးလိုလို ကိုယ့်ဘေးနားမှာ ရှိနေတဲ့ မိသားစုဝင်တွေ၊ လမ်းသွားရင်း တွေ့မြင်လိုက်ရတဲ့ အသိမိတ်ဆွေတွေ၊ ကျောင်းက သူငယ်ချင်းတွေ၊ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို မြင်မြင်ချင်းမှာပဲ ပြုံးပြနှုတ်ဆက်စကားဆိုတတ်ကြပါတယ်။ ဒါဟာကိုယ့်စိတ်ထဲက မေတ္တာတရား (တနည်းပြောမယ်ဆိုရင်) ရန်မလိုတတ်မှု နှင့် နှစ်လိုချစ်ခင်မှုကို တခြားတစ်ယောက်ဆီကို မျှဝေပေးကမ်းလိုက်တာ တစ်မျိုးပါပဲ။ ဘာသာရေးစကားနှင့် ပြောမယ်ဆိုရင် ဒါနပေးလိုက်တာပါပဲ။

အဲဒီလို မျှဝေကြရာမှာ ကျွန်တော်တို့တွေဟာ ကိုယ့်မှာရှိတဲ့အထဲက အကောင်းဆုံး ဒါမှမဟုတ် ကောင်းတာတွေကိုပဲ ရွေးချယ်ပြီး တခြားသူတွေဆီကို ဝေမျှပေးနိုင်အောင်တော့ ဂရုစိုက်သင့်ကြပါတယ်။ ကိုယ်စိတ်မကြည်မလင်ဖြစ်နေတဲ့အခြေအနေမျိုး၊ ဒေါသဖြစ်နေတဲ့အချိန်မျိးမှာ တခြားတစ်ယောက်ကို ဆက်ဆံပြောဆိုဖြစ်လိုက်မယ် ဆိုရင် ဆက်ဆံခံလိုက်ရသူဘက်က ဒါကို သဘောကျကျေနပ် လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။

ကလေးတွေကို သူတို့သဘောကျမယ့် ပုံပြင်လေးတွေပြောပြပေးတာမျိုး၊ ဘာသာရပ်တစ်ခုမှာဖြစ်ဖြစ်၊ ကိစ္စတစ်ခုနှင့် ပတ်သက်ပြီးပဲဖြစ်ဖြစ် မသိနားမလည်တဲ့သူကို နားလည်သဘောပေါက်အောင် ရှင်းပြပြောပြပေးတာမျိုး၊ အလုပ်မှာ ကိုယ့်ရဲ့  customer တွေအပေါ် စိတ်ရှည်ရှည်နှင့် သူသိချင်တာ၊ နားမလည်တာကို ရှင်းပြပေးလိုက်တာမျိုးဟာလည်း ဒါနလုပ်နေတာပါပဲ။

အခုဆိုရင် အင်တာနက်နှင့် Social Media တွေသုံးနေကြတော့ Share ဆိုတာကို လူတိုင်းသိနေ၊ လုပ်နေကြ ဖြစ်နေပါပြီ။ ကျွန်တော်တို့တွေဟာ နေ့စဉ် ဘယ်လိုအကြောင်းအရာတွေ၊ ဘယ်လိုပုံတွေ၊ ဘယ်လိုရုပ်သံဖိုင်တွေကို တခြားသူတွေဆီ ဝေမျှပေးဖြစ်ကြပါသလဲ။ ကိုယ်ဝေမျှလိုက်တဲ့ အကြောင်းအရာကြောင့် တခြားသူတွေရဲ့  စိတ်မှာ ဘယ်လို ရိုက်ခတ်မှုအပြောင်းအလဲတွေ ဖြစ်သွားစေနိုင်သလဲဆိုတာမျိုးကို ထည့်တွေးစဉ်းစားမိကြဖူးပါသလား။

တရားဝင် စည်းကမ်းဥပဒေအဖြစ် သတ်မှတ်ပြဌာန်းထားတာမျိုး မရှိပေမယ့်လည်း ကိုယ်ဝေမျှပေးလိုက်တာ တစ်ခုခုကြောင့် တခြားသူတစ်ယောက်ရဲ့  ကျန်းမာရေး၊ ပညာရေး၊ စိတ်ငြိမ်းချမ်းမှုနှင့် အသိဉာဏ်ကြီးထွားမှုကို ထိခိုက်ပျက်စီးသွားစေနိုင်တာမျိုး မဖြစ်သွားရအောင်
ကိုယ့်ဘက်က သတိထားပြီး ဝေမျှပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဥပမာ ဆေးလိပ်နှင့် အရက်သောက်ချင်စိတ်ဖြစ်အောင် တိုက်တွန်းသလိုဖြစ်စေတဲ့ ပုံတွေ၊ အကြောင်းအရာတွေ၊ ယဉ်ကျေးမှုနှင့်မကိုက်ညီတဲ့ အ၀တ်အစား ဆင်ယင်ထုံးဖွဲ့ထားတာမျိုးတွေ၊ တဏှာပေမစိတ်ကို ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာတွေ၊ ကိုယ်ချင်းစာ ညှာတာထောက်ထားတတ်တဲ့ စိတ်မျိုး နည်းပါးသွားအောင် ရေးသားထားတဲ့ အကြောင်းအရာမျိုးတွေ၊ ထိတ်လန့်ကြောက်ရွံ့ ဖွယ် အကြောင်းအရာတွေနှင့် ဓါတ်ပုံမျိုးတွေကို ကိုယ်တိုင်လည်း မရေးမိ မတင်မိအောင်၊ သူများရေးထားတာလည်း မဝေမျှမိအောင် ကိုယ့်ဘက်က ကိုယ်ပိုင်စည်းကမ်းလုပ်ပြီး ထိန်းသိမ်းရှောင်ကြဉ်သင့်ကြပါတယ်။

ကိုယ့်ဘ၀ထဲမှာ အမြဲအသက်ဝင်နေပြီး စိတ်ဝင်တစားနှင့် လေ့လာလိုက်စားနေတဲ့ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေ၊ အတွေးအခေါ်တွေ၊ နည်းပညာရပ်တွေ၊ ကျန်းမာရေးဆိုင်ရာ မှတ်သားစရာတွေ၊ အနုပညာဖန်တီးမှုတွေ၊ စိတ်ငြိမ်းချမ်းအောင် နေထိုင်နိုင်ဖို့နည်းလမ်းတွေ၊ လူအချင်းချင်း လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းမျိုးတွေကို တခြားသူတွေ သိရှိနားလည်အောင် တနည်းနည်းနှင့် ဝေမျှပေးတာမျိုးဟာလည်း ဒါနပေးတာပဲဖြစ်ပါတယ်။

တချို့ တချို့ သော သူတွေမှာ Personal Power လို့ခေါ်တဲ့ ကိုယ်ပိုင်စွမ်းအင်ဟာ လူတကာထက်ကိုပိုပြီး ထင်ထင်ရှားရှားပဲ ကြီးမားကြပါတယ်။ သူတို့ရဲ့  နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံ၊ လုပ်ပုံကိုင်ပုံတွေ အားလုံးဟာ အများအတုယူလေးစားအားကျကြပြီး သူတို့ပြောတဲ့အတိုင်း၊ သူတို့လုပ်တဲ့အတိုင်း လိုက်ပြီးလုပ်ချင်လာအောင် စွမ်းဆောင်နိုင်တဲ့ စွမ်းရည်မျိုးတွေ သူတို့မှာ ရှိနေတတ်ကြပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့အနုပညာသည်တွေနှင့် ဘာသာရေးခေါင်းဆောင်တွေမှာ ဒီလိုစွမ်းဆောင်ရည်မျိုးတွေကို တွေ့နိုင်ပါတယ်။ သူတို့အားလုံးဟာလည်း တကယ်တော့ သူတို့ရဲ့  လူအချင်းချင်း အမူအကျင့်ကိုကူးစက်ပေးနိုင်တဲ့ စွမ်းဆောင်ရည်နှင့် လူတွေကို ဒါနလုပ်နေကြတာမျိုးပဲဖြစ်ပါတယ်။

ရှေးခေတ်အဆက်ဆက်ကစလို့ အခုခေတ်တိုင်အောင် သိပ္ပံပညာရှင်တွေ၊ နည်းပညာသမားတွေ၊ တွေးခေါ်ပညာရှင်တွေ၊ ဆေးပညာရှင်တွေနှင့် အနုပညာသမားတွေဟာ သူတို့ရှာဖွေ့တွေ့ရှိလိုက်တဲ့ နည်းပညာပစ္စည်းအသစ်တွေ၊ စက်ပစ္စည်းအသစ်တွေ၊ အတွေးအခေါ်၊ အယူအဆတွေ၊ ဖော်မြူလာတွေ၊ ဆေးဝါးတွေနှင့် အနုပညာလက်ရာအမွန်အမြတ်တွေကို တစ်ကမ္ဘာလုံးက လူသားမျိုးနွယ်ကြီးတစ်ခုလုံး သုံးစွဲခံစားနိုင်အောင် ကြိုးပမ်းပေးသွားကြပါတယ်။ သူတို့အားလုံးဟာလည်း သူတို့ရဲ့  အသိဉာဏ်ကို ဒါနပြုသွားကြတာပါပဲ။

ကျွန်တော်တို့ လူတွေအချင်းချင်းမှာလည်း နေ့စဉ် တစ်ယောက်ကိုတစ်ယောက် ဆက်ဆံရာမှာ
ရိုးရိုးသားသားဆက်ဆံတာ၊ ခင်ခင်မင်မင်ဆက်ဆံတာ၊ မလိမ်မညာဆက်ဆံတာ၊ တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်နှင့် ဆက်ဆံတာ၊ အခွင့်အရေးယူချင်၊ အသုံးချချင်တဲ့စိတ်မျိုးမရှိပဲ စိတ်အရိုးခံအတိုင်းဆက်ဆံလိုက်တိုင်းဟာလည်း ကိုယ့်ရဲ့  ရိုးသားတဲ့စိတ်ကို ဒါနပြုနေတာပဲဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ဆိုပြီး မိန့်တော်မူခဲ့ပါတယ်။ အလှူဒါနတွေအားလုံးမှာ ဓမ္မကို ပေးလှူတာဟာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တယ် လို့ ဆိုလိုပါတယ်။ ဓမ္မကိုပေးလှူတယ် ဆိုတဲ့နေရာမှာ ကျင့်သုံးသူရဲ့  ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး အဆင့်ဆင့်ကွဲပြားသွားနိုင်တယ်လို့ထင်ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစု နေ့စဉ်လိုလို အများဆုံးလုပ်ကြတာကတော့ ပတ္တိဒါနလို့ခေါ်တဲ့ ကိုယ်ပြုလုပ်ဆည်းပူးထားသမျှ ကုသိုလ်ကောင်းမှုအစုစုကို ဝေနေယျသတ္တ၀ါတွေကို အမျှပေးဝေတတ်ကြတာ ဖြစ်ပါတယ်။

တချို့ က တရားတော်တွေကို မိမိကနေ တခြားတစ်ယောက်ဆီရောက်ရှိသွားအောင် သင်ကြားပေးတာ၊ ဟောပြောပို့ချပေးတာ၊ တရားစာပေရေးသားတာ၊ ဖြန့်ဝေတာ၊ တရားပွဲတွေ စီစဉ်ပေးတာ၊ တရားနာယူကျင့်သုံးလို့ရမယ့် နေရာဌာနတွေဆီရောက်အောင် လူတွေကို ကူညီပို့ဆောင်ပေးတာ စသဖြင့်လည်း လုပ်ပေးတတ်ကြပါတယ်။

ဒီ့ထက်ပိုပြီး တဆင့်တက်မယ်ဆိုရင်တော့ တရားဓမ္မကိုကိုယ်တိုင်ကျင့်သုံးပြီး ပတ်ဝန်းကျင်ကို ကျေးဇူးပြုတဲ့ ဒါနမျိုးကို ပြောရမှာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားထားခဲ့တာမှာ ရှောင်ကျဉ်ရမယ့် သီလဆိုတာရှိသလို၊ စောင့်ထိန်းလိုက်နာရမယ့် သီလဆိုတာလည်း ပါပါတယ်။ ဒီသီလတရားတွေကို ကိုယ်တတ်နိုင်သလောက်လိုက်နာစောင့်ထိန်းပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ကိုယ့်ကြောင့် တခြားသူ စိတ်အနှောင့်အယှက်မဖြစ်အောင်၊ ဒုက္ခမရောက်အောင် ကိုယ်ချင်းစာစိတ်နှင့် နေထိုင်တာဟာလည်း ဓမ္မကိုဝေမျှလိုက်တဲ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်မှာ ဘုရားရှင်သင်ကြားဆုံးမပေးခဲ့တဲ့ သမထ၊ ၀ိပဿနာ ဘာဝနာတစ်ခုခုကို အလျင်းသင့်သလို ကျင့်သုံးစီးဖြန်းနေပြီး ကိုယ်နှင့်ထိတွေ့ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ကိုယ့်ဆီကနေတဆင့် တရားဓမ္မရဲ့ အေးငြိမ်းမှုအရှိန်နှင့် အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းမှုရအောင် ပြုမူ နေထိုင်နေတာဟာလည်း ဓမ္မကိုဝေမျှလိုက်တဲ့ ဒါနပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်က တရားကိုကျင့်သုံးစောင့်တည်ပြီး ကိုယ်ရရှိ၊ သိရှိလိုက်တဲ့ တရားအသိအတိုင်း ကိုယ်တိုင်လည်း နေပြသလို၊ ကိုယ့်ပတ်ဝန်းကျင်က စိတ်ဝင်စားတဲ့သူတွေကိုလည်း ဆရာစားမချန်ပဲ ကိုယ်သိသလိုသိအောင် ပြန်လည်သင်ပြပေးတာမျိုးဟာလည်း ဓမ္မဒါနလုပ်လိုက်တာပဲဖြစ်ပါတယ်။ အသိဉာဏ်ကိုဝေမျှတာဟာ ဖယောင်းတိုင်မီးကို တစ်တိုင်ကနေ တစ်တိုင်ကို မီးအလင်းရောင် ဝေမျှကူးပေးလိုက်သလိုဖြစ်သွားတာမျိုးမို့ အတိုင်ရေများလာလေ ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံး ပိုပိုလင်းလက်လာလေဖြစ်ပါတယ်

လုပ်ဆောင်ဖို့ အခက်ခဲဆုံးဖြစ်နိုင်တဲ့ ဓမ္မဒါနနောက်တစ်ခုကတော့ ကိုယ်နှင့်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်ကို သတိပါတဲ့စိတ်လေးနှင့် ပြောဆိုဆက်ဆံခြင်းဖြစ်ပါတယ်။ ကိုယ်နှင့်တခြားလူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်တစ်ကောင်ကောင်နှင့်ပဲဖြစ်ဖြစ် ထိတွေ့ပြောဆိုဆက်ဆံနေတဲ့ အချိန်မှာ ကိုယ်နှင့်ဆက်ဆံနေရတဲ့သူအပေါ်မှာ အယုတ်အလတ်အမြတ်ရွေးမနေပဲ တန်ဖိုးထားလေးစားချစ်ခင်တဲ့စိတ်နှင့် ပစ္စုပ္ပန်မှာပဲ စိတ်ကိုထားပြီး ကိုယ့်ရဲ့ အကောင်းဆုံးဆိုတဲ့ စိတ်နေသဘောထားနှင့် ကိုယ့်ရဲ့  လောလောဆယ် ရှင်သန်ဖြစ်တည်နေမှုတစ်ခုလုံးကို အဲဒီသူဆီမှာ ပေးပြီး ဆက်ဆံတာမျိုး ဖြစ်ပါတယ်။

ဆရာဝန်က လူနာကို စမ်းသပ်စစ်ဆေးနေတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ရှေ့ နေက ကိုယ့်အမှုသည်နှင့် စကားပြောနေရတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ ဆရာက ကျောင်းသားကို စာသင်ပေးနေရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ဗေဒင်ဆရာက ကိုယ့်ဆီကံကြမ္မာလာမေးသူကို ဟောပြောပေးနေရတဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ်၊ ဈေးရောင်းသူက ဈေးဝယ်သူကို ဆက်ဆံပြောဆိုနေတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ ဘုန်းတော်ကြီးတစ်ပါးက ကိုယ့်ဆီရောက်လာတဲ့ ဒကာ၊ ဒကာမနှင့် ဆက်ဆံပြောဆိုနေချိန်မှာပဲဖြစ်ဖြစ်၊ မိတ်ဆွေအချင်းချင်း အလ္လာပသလ္လာပလိုစကားမျိုး ပြောဆိုနေချိန်မှာပဲဖြစ်ဖြစ်၊ မိသားစုဝင်အချင်းချင်း ပြောဆိုဆက်ဆံနေတုန်းမှာပဲဖြစ်ဖြစ်၊ ခွေးလေးကြောင်လေးတွေကို ထိတွေ့ပွတ်သပ်ပေးနေတုန်းအခိုက်မှာပဲဖြစ်ဖြစ် ကိုယ်ဆက်ဆံနေရသူဆီမှာ ကိုယ့်ရဲ့  စိတ်တစ်ခုလုံး ပုံအပ်ပြီး ဆက်ဆံပေးလိုက်တာဟာ ဒါနပြု ဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်။

တကယ်တော့ ဝေမျှပေးကမ်းတယ်ဆိုတဲ့ အပြုအမူဟာ စိတ်ရှည်သည်းခံတာ၊ ဘယ်အရာကိုမှ စွဲလန်းဆုပ်ကိုင်မထားတာ၊ ဘာကိုမှ ဝေဖန်ထင်မြင်ချက်ပေး၊ အကဲဖြတ်တာမျိုးတွေ မလုပ်တာ၊ ယုံကြည်သက်ဝင်တာ စတဲ့ အရည်အသွေးတွေလို သတိနှင့်နေထိုင်နိုင်ဖို့အတွက် လေ့ကျင်ပျိုးထောင်ရာမှာ အရေးပါတဲ့ စိတ်ရဲ့  အရည်အသွေးတစ်ခုဖြစ်ပါတယ်။

ဒီလို ဝေမျှပေးကမ်းတတ်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်နိုင်ဖို့အတွက်ဆိုရင် စတင်လေ့ကျင့်ရမယ့် ပထမဆုံးသောသူဟာ ကိုယ်ကိုယ်တိုင်ကိုပဲ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် အသုံးပြုဖို့အတွက် တခါတလေမှာ ပစ္စည်းလေးတွေဝယ်ပေးလိုက်တာမျိုး၊ ကိုယ့်ဖာသာ ပြုလုပ်မိလိုက်တဲ့ မကောင်းတဲ့ အမူအကျင့်တွေ၊ အမှားတွေကို နားလည်လက်ခံခွင့်လွှတ်ပေးလိုက်တာမျိုးကနေ စတင်လေ့ကျင့်ယူကြရမှာဖြစ်ပါတယ်။ အဲဒီလို လေ့ကျင့်ယူနေတဲ့အခါမျိုးမှာ ကိုယ်ဝယ်လာတဲ့ပစ္စည်းအပေါ်မှာ တကယ်ကိုယ်နှင့်ထိုက်တန်လို့ ရလိုက်တဲ့လက်ဆောင်မွန်အဖြစ်သဘောထားပြီး စိတ်အနှောင်အဖွဲ့ကင်းကင်းနှင့် အားရ၀မ်းသာ သုံးစွဲလိုက်ပါ။

ကိုယ့်ကိုယ်ကို ပြန်ပြီး ဝေမျှပေးကမ်းမှုတစ်ခုခု လုပ်လိုက်ချိန်မှာလည်း ဖြစ်ပေါ်လာတဲ့ ကိုယ်ကိုယ်တိုင်ရဲ့  ၀မ်းသာကျေနပ်သွားတဲ့ စိတ်ခံစားမှုလေးကို စံနမူနာအဖြစ် မှတ်သားထားပြီး ဒီလို စိတ်ကြည်နူးမှုမျိုး တခြားသူတွေဆီမှာပါ ဖြစ်လာနိုင်အောင် ကိုယ်နှင့် ထိစပ်နေတဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေကနေစလို့ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးဆီ တတ်နိုင်သလောက် ဝေမျှပေးကမ်းနိုင်တဲ့ အလေ့အကျင့်ကောင်းကို တဖြေးဖြေးချင်း ပြုစုပျိုးထောင်ယူသွားဖို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

“Practice sharing the fullness of your being, your best self, your enthusiasm, your vitality, your spirit, your trust, your openness, above all, your presence. Share it with yourself, with your family, with the world.”

― Jon Kabat-Zinn, Wherever You Go, There You Are: Mindfulness Meditation in Everyday Life

ဝိမုတ္တိသုခ
၁၈၊ ၂၊ ၂၀၁၈။

No comments:

Post a Comment