Wednesday, January 3, 2018

အဆုံးသတ်ခွင့်မပေးတဲ့ အတိတ်ကခြေရာများ




♦️♦️ အဆုံးသတ်ခွင့်မပေးတဲ့ အတိတ်ကခြေရာများ ♦️♦️

ပြောချင်တဲ့အကြောင်းအရာကို ခဏခဏကြားဖူးထားနေကြ ဇင်ပုံပြင်တစ်ပုဒ်နဲ့ပဲ စလိုက်ချင်ပါတယ်။

တခါက ဇင်ကိုယ်တော်နှစ်ပါးဟာ ခရီးတစ်ခုကိုသွားရင်း ချောင်းလေးတစ်ခုအနားကို ရောက်လာကြတယ်။ အဲဒီအချိန်မှာပဲ အမျိုးသမီးငယ်တစ်ယောက်က ချောင်းကို ဖြတ်ကူးဖို့လုပ်ရင်း ရေစီးသန်တာကြောင့်ရယ်၊ ရေနက်တာကြောင့်ရယ် မဖြတ်ကူးနိုင်ပဲ အခက်အခဲဖြစ်နေတာကို သူတို့ တွေ့လိုက်ကြရတယ်။ ဒါကိုမြင်တော့ ပထမကိုယ်တော်ဟာ အမျိုးသမီးငယ်ကို ပွေ့ချီလိုက်ပြီး ဟိုဘက်ကမ်းဆီကိုရောက်အောင် ခေါ်သွားပေးလိုက်တယ်။ ဒါကို ဒုတိယကိုယ်တော်က တစ်လမ်းလုံး စိတ်ထဲက မကျေမနပ်ဖြစ်လာခဲ့တယ်။ ကျောင်းရောက်တော့ ဒုတိယကိုယ်တော်က ဖြစ်စဉ်ကို ကျောင်းထိုင်ဆရာတော်ကိုပြန်တိုင်လိုက်တယ်။ ဆရာတော်က ပထမကိုယ်တော်ကို ခေါ်ယူစစ်ဆေးတဲ့အခါမှာ ပထမကိုယ်တော်ပြောလိုက်တာက ”တပည့်တော်က အမျိုးသမီးငယ်ကို ချောင်းရဲ့  ဒီဘက်ကမ်းပါးဆီမှာပဲ ချထားပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒုတိယကိုယ်တော်ကတော့ အမျိုးသမီးကို အဲဒီချောင်းကမ်းပါးနေရာကနေ ကျောင်းရောက်လာတဲ့အထိ ပွေ့ချီမလာခဲ့သူ ဖြစ်ပါတယ်” တဲ့။

ဒီပုံပြင်မှာ ကျွန်တော်တို့တတွေဟာ ပထမကိုယ်တော်ရဲ့  စိတ်ဖြတ်နိုင်မှုအပေါ် ချီးကျူးမှုတွေပြုရင်းပဲ အများစုက ပြီးလိုက်ကြတယ်။ အခု ကျွန်တော်ပြောကြည့်ချင်တာက ဒုတိယကိုယ်တော်အကြောင်း ဖြစ်ပါတယ်။

ပထမကိုယ်တော်ဟာ အမျိုးသမီးကို ပွေ့ချီခဲ့စဉ်တုန်းက သူဟာ အတွေ့အထိအပေါ်သာယာချင်တဲ့ အာသာဆန္ဒနှင့် အခွင့်အရေးယူခဲ့တာလား၊ မေတ္တာစိတ်စေတနာသန့်သန့်နှင့် ကူညီပေးခဲ့တာလားဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်ကသာ သိမှာဖြစ်ပေမယ့် ဒုတိယကိုယ်တော်ရဲ့  အမြင်မှာတော့ ပထမကိုယ်တော်ဟာ ၀ိနည်းစည်းကမ်းကို ချိုးဖောက်သူ၊ မလုပ်သင့်မလုပ်အပ်ရာကို လုပ်သူရယ်လို့ တွေးထင်မိသွားစေတယ်။ ဒါကြောင့်လည်း သူ့အမှားအတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံယူသင့်တယ်၊ ခံယူထိုက်တယ်လို့တွေးတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျွန်တော်အပါအ၀င် အတော်များများဟာ ဒုတိယကိုယ်တော်လို လူစားမျိုးတွေ ဖြစ်နေတတ်ကြတာများမယ်လို့ ထင်ပါတယ်။ ကိုယ့်အသိုင်းအ၀ိုင်းထဲ တစ်ယောက်ယောက်က တကယ်လို့များ အမှားကျူးလွန်မိခဲ့ပြီဆိုရင် အဲဒီလူအပေါ် နည်းအမျိုးမျိုးနှင့် ကဲ့ရဲ့ ပြစ်တင်၊ ဝေဖန်ရှုံ့ ချတတ်ကြတယ်။ နားလည်ခွင့်လွှတ်ပေးနိုင်ခဲတယ်။ သူ့ရဲ့  ပြုလုပ်လိုက်မိတဲ့အမှားအတွက် ပြစ်ဒဏ်တစ်ခုခု ကျခံပြီးခဲ့ရင်တောင်မှပဲ လူ့အသိုင်းအ၀ိုင်းထဲမှာ သူ့ဘ၀တစ်လျှောက်လုံး မပြီးနိုင်လောက်အောင် အလျှော်အစားပြန်လည် ပေးဆပ်ရတာမျိုးကို မျှော်လင့်တောင့်တနေမိတတ်ကြပါတယ်။

အခုကိစ္စနှင့် စပ်ဆက်ပြီးတော့ ဘုရားရှင်လက်ထက်က ထင်ရှားခဲ့တဲ့ အဂုင်္လိမာလ ကိုယ်တော်အကြောင်းကို ထပ်စဉ်းစားကြည့်မိတယ်။ အဂုင်္လိမာလဟာ ဘုရားရှင်နှင့် မတွေ့ဆုံမီအချိန်အထိ တောထဲမှာ တွေ့သမျှလူကို သတ်၊ လက်ညှိုးဖြတ်ပြီး နေလာခဲ့ရာက မြတ်စွာဘုရားရဲ့  အဆုံးအမကို ရပြီးနောက်ပိုင်းမှာတော့ နူးညံ့အေးဆေးတဲ့ ရဟန်းတော်တစ်ပါးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် လူတွေအမြင်မှာတော့ သူဟာ လူဆိုးတစ်ယောက်၊ လူသတ်သမားတစ်ယောက်၊ သူတို့ ချစ်ခင်ရတဲ့သူတွေကို သတ်ဖြတ်ခဲ့သူတစ်ယောက်သာ ဖြစ်နေခဲ့တယ်။

ဒါကြောင့်လည်း ရွာထဲ သူ ဆွမ်းခံဝင်တဲ့အချိန်တွေမှာ ခဲတွေနှင့်ပေါက်၊ တုတ်ဓါးတွေနှင့် ရိုက်နှက်ပြီး လက်စားချေခဲ့ကြတယ်။ အဲဒီလို လုပ်နေတဲ့အချိန်မှာ အင်္ဂုလိမာလကိုယ်တော်မှာတော့ ရဟန်းတရားတွေကို ကျင့်ကြံပွားများအားထုတ်နေတဲ့သူဖြစ်နေပြီမို့ သူ့ကို ၀ိုင်းဝန်းနှိပ်စက်နေကြတဲ့သူတွေအဖို့မှာ သူတော်ကောင်းကို စော်ကားမိတဲ့ ကံကြီးထိုက်တဲ့အမှုကို ကျူးလွန်နေကြသူတွေ ဖြစ်ကုန်ကြရတော့တယ်။

ဒီနေရာမှာ ထပ်ထည့်ပြောကြည့်ချင်တာက ကာလသုံးပါးနှင့် ပတ်သက်ပြီး သံသရာကနေလွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသူတွေအတွက် မြတ်စွာဘုရားရှင် ဟောကြားထားခဲ့တဲ့ ဒေသနာတော်တစ်ပုဒ်အကြောင်းဖြစ်ပါတယ်။

”အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပျောက်ပြီးပြီ၊ အနာဂတ်ခန္ဓာသည် ရောက်မလာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားတို့ကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာပညာဖြင့် အဖန်ဖန်ပွါး များရာ၏။”

လို့ မိန့်တော်မူထားပါတယ်။

ဒီဒေသနာတော်အရဆိုရင်တော့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တခြားသူတစ်ဦးဦးမှာပဲဖြစ်ဖြစ် အတိတ်က ပြုလုပ်ကျူးလွန်ခဲ့မိသမျှကိစ္စတွေအတွက် ပြန်တွေးပူဆွေးနေတာတွေ၊ ၀မ်းနည်းစိတ်ဆိုးစိတ်ပျက်ဖြစ်နေတာမျိုးတွေ လုပ်နေသမျှ၊ နောက်ပြီး ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းအရာတွေကို ကြိုမျှော်ပြီး ကြောင့်ကြစိုးရိမ်နေသမျှ လွတ်မြောက်မှုနှင့် ဝေးနေအုံးမှာပဲဖြစ်တယ်။ တကယ်လွတ်မြောက်မှုကို ရချင်ရင်တော့ အခုလက်ရှိပစ္စပ္ဗန်မှာ ဖြစ်နေတဲ့ အရာတွေအပေါ်မှာပဲ အာရုံထား စိတ်ဝင်စားပြီး တန်ဖိုးထား ပွားများပါလို့ အဓိပ္ဗါယ်သက်ရောက်ပါတယ်။

တကယ်လို့များ ကျွန်တော်တို့တွေရဲ့  နေ့စဉ်ဘ၀မှာ ကိုယ်ကိုယ်တိုင်မှာရော၊ သူတစ်ပါးမှာပါ အရင်က မသိလို့ပဲဖြစ်ဖြစ်၊ သိလျက်နဲ့ပဲဖြစ်ဖြစ် အပြစ်တွေ၊ အမှားတွေ လုပ်ဖူးထားခဲ့တာ အားလုံးကို သင်ပုန်းချေ နားလည်ခွင့်လွှတ်ပေးပြီး၊ သဘောထားကြီးကြီးနဲ့ ကိုယ့်ရဲ့  (သူတစ်ပါးရဲ့ ) ပစ္စုပ္ဗန်လတ်တလော ဖြစ်တည်နေမှု၊ လုပ်ဆောင်နေမှုတွေအပေါ်မှာသာ တန်ဖိုးထား အသိအမှတ်ပြုပြီး နေပေးသွားနိုင်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာပြီး ကြည်နူးပျော်ရွှင်စရာ ကောင်းနေမှာတော့ အမှန်ပဲဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်း လူ့အဖွဲ့အစည်းအတွင်းမှာ အမှားသို့မဟုတ် ပြစ်မှုတစ်ခုခု ကျူးလွန်ထားဖူးတဲ့သူတွေကို နားလည်ခွင့်လွှတ်ပေးပြီး အများနှင့်တန်းတူထား ဆက်ဆံနိုင်ဖို့ဆိုတဲ့ကိစ္စဟာ ဒီလောက် ရိုးရှင်းလွယ်ကူတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ခိုးမှုတစ်ခုခုနှင့် ထောင်ကျပြီး လွတ်မြောက်လာသူတစ်ဦးကို လူ့အသိုင်းအ၀ိုင်းက အများနှင့်တန်းတူ စီးပွားရေးနှင့် ငွေကြေးနှင့်ပတ်သက်တဲ့လုပ်ငန်းတွေမှာ ယုံကြည်စိတ်ချစွာနှင့် တာဝန်ပေးနိုင်မှာလား။ ဒေါသအလျှောက် လူသတ်မှုကျူးလွန်ထားဖူးသူတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင် ပေါင်းသင်းဆက်ဆံနိုင်မှာလား။ မုဒိန်းမှုကျူးလွန်ထားဖူးသူတစ်ဦးနှင့် ကိုယ့်ရဲ့  မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းထဲက အမျိုးသမီးတစ်ဦးဦး ခင်မင်ရင်းနှီးလာတဲ့အခါ စိတ်ချလက်ချထားနိုင်မှာလား။ အောက်ထစ်ဆုံးအနေနှင့် အရက်မူးလာရင် စိတ်လွတ်လက်လွတ် ရမ်းကားတတ်တဲ့သူတစ်ဦးနှင့် နောက်တစ်ကြိမ် အရက်အတူတူ တစ်ဝိုင်းတည်း ထိုင်သောက်ဖို့ဆိုတာမျိုး လုပ်နိုင်မှာလား။ ဒီမေးခွန်းတွေအတွက် အဖြေဟာ လွယ်လွယ်ကူကူ ရလာမှာတော့ မဟုတ်ပါဘူး။

အခြားတစ်ဘက်မှာလည်း အတိတ်က အမှားတွေကျူးလွန်ခဲ့မိပြီး အခုလက်ရှိအချိန်မှာ အသိတရားရလို့ ကိုယ့်ဘ၀ကိုယ် အသစ်ကနေ ပြန်လည်ထူထောင် ရုန်းထွက်ချင်ကြပေမယ့်လည်း လူ့အသိုင်းအ၀ိုင်းကြီးက မညှာမတာ ချိုးချိုးနှိမ်နှိမ် လျစ်လျူရှုဆက်ဆံတာကို ခံကြရလို့ အစွန့်ပယ်ခံဘ၀မှာပဲ ဆင်းဆင်းရဲရဲ ညှိုးညှိုးငယ်ငယ်နေနေကြရတဲ့ ဘ၀တွေကရော ဘယ်လောက်တောင်များ ရှိနေမလဲ။ တချို့ လည်း ဘ၀သစ်မထူထောင်နိုင်တော့မယ့်အတူတူ မထူးဇာတ်ခင်းပြီး အရင်ဘ၀ဟောင်းဆီကိုပဲ ပြန်ရောက်သွားကြရတာမျိုးတွေ ရှိနေအုံးမှာပါပဲ။ သူတို့တွေအတွက်တော့ လူ့အဖွဲ့အစည်းကြီးရဲ့  သံသယစံနှုန်းသတ်မှတ်ချက်ဟာ ရက်စက်လွန်းရာကျနေမှာ အမှန်ပဲဖြစ်ပါတယ်။

တကယ်တမ်းတော့ ကျွန်တော်တို့တွေဟာ ဇင်ပုံပြင်ထဲက ဒုတိယကိုယ်တော်ကို အပြစ်တင်ကဲ့ရဲ့ ခဲ့ကြပေမယ့်လည်း ကျွန်တော်တို့ကိုယ်တိုင် ဒုတိယကိုယ်တော်ဖြစ်ဖြစ်သွားကြရတဲ့ အကြိမ်ပေါင်းဟာ မနဲတော့သလို၊ အင်္ဂုလိမာလဇာတ်လမ်းထဲက ရွာသားတွေကို သူတော်ကောင်းကိုပြစ်မှားမိကြတဲ့သူတွေလို့ ပြောတတ်ကြပေမယ့် ကိုယ်တိုင်လည်း အဲဒီရွာသားတွေလို ပြုမူမိခဲ့တဲ့ အကြိမ်ပေါင်းဟာ ဒီတစ်သက် ရေတွက်လို့ ကုန်မယ်မထင်ဘူး မဟုတ်ပါလားဗျာ။

ဝိမုတ္တိသုခ
3.1.2018

No comments:

Post a Comment