Sunday, January 28, 2018

ကြွက်ကုန်သည် (၃)




🐭 ကြွက်ကုန်သည် 🐭

(၃)

တပတ်လောက်အကြာမှာတော့ သူသတင်းတစ်ခုရတယ်။ အဲဒါကတော့ မြင်းအရောင်းအဝယ်လုပ်သူတဦးဟာ မြင်းကောင်ရေ ၅၀ဝ နဲ့ အဲဒီမြို့ကို မြင်းရောင်းဖို့ လာမယ်ဆိုတာပဲ ဖြစ်တယ်။ ဒီတော့ သူဟာ မြက်ရိတ်သမားတွေကို ပြန်ဆက်သွယ်ပြီး သူ့ကို မြက်တစ်ထုံးဆီ ပေးဖို့ ပြောလိုက်တယ်။ သူ့ဆီကမြက်တွေ အရင်ရောင်းလို့ ကုန်သွားတဲ့အချိန်အထိ မြင်းကုန်သည်ကို မြက်တွေ သွားမရောင်းဖို့ကိုလည်း မှာထားတောင်းဆိုလိုက်တယ်။ အဲဒီနည်းနဲ့ သူဟာ မြက်တွေကို ဈေးကောင်းကောင်းနဲ့ ရောင်းလိုက်နိုင်ခဲ့တယ်။

ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့ လျားသွားပြီး တစ်ရက်မှာတော့ သူ့ စားသောက်ဆိုင်လေးကို လာနေကျ ဖောက်သည်တွေက သတင်းပေးလိုက်တယ်။ ဆိပ်ကမ်းမှာ တိုင်းတပါးက သင်္ဘောသစ်ကြီးတစ်စင်း အခုတင် ကျောက်ချရပ်နားလိုက်တယ် ဆိုတာပဲ ဖြစ်တယ်။ ဒါဟာ သူ့အတွက် အခွင့်အလမ်းလို့ သူမြင်လိုက်တယ်။ ဒီလိုအနေအထားကို သူစောင့်နေခဲ့ရတာပဲမဟုတ်လား။ ဘာလုပ်ရင်ကောင်းမလဲလို့ တစ်ခုပြီး တစ်ခုစဉ်းစားရင်း နောက်ဆုံးမှာ တကယ် ကောင်းမွန်တဲ့ စီးပွားရေးအစီအစဉ်တစ်ခုကို ရလိုက်တယ်။

ပထမဦးဆုံးအနေနဲ့ သူက ရတနာဆိုင်ရှင် မိတ်ဆွေတစ်ဦးဆီ သွားပြီး သိပ်လှတဲ့ ပတ္တမြားပါတဲ့အဖိုးတန် ရွှေလက်စွပ်တစ်ကွင်းကို ဈေးသက်သက်သာသာနဲ့ ဝယ်လိုက်တယ်။ သူသိထားတာက ဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့ သင်္ဘောကြီးလာခဲ့တဲ့ တိုင်းပြည်မှာ ပတ္တမြားတွင်းထွက်မရှိဘူးဆိုတာပဲ ဖြစ်တယ်။ နောက်ပြီး အဲဒီနိုင်ငံမှာ ရွှေကလည်း အင်မတန်ဈေးကြီးတာကိုသိထားတယ်။ အဲဒါနဲ့ သူဝယ်လာတဲ့ လှပတဲ့လက်စွပ်ကို သင်္ဘောကပ္ပတိန်ကို ကြိုတင် ကော်မရှင်အနေနဲ့ ပေးလိုက်တယ်။ သူပေးတဲ့ ကော်မရှင်ကို လက်ခံထားလိုက်ပြီးတဲ့နောက်မှာ ကပ္ပတိန်ကလည်း သူ့ခရီးသည်တွေအားလုံးကို အဲဒီသူဟာ ကုန်သွယ်စီးပွား အကျိုးဆောင်တစ်ယောက်ပါပဲလို့ မိတ်ဆက်ပြီး အလုပ်လုပ်ဖို့ ပြောပေးလိုက်တယ်။ အဲဒီနောက်မှာတော့ သူဟာ ခရီးသည်တွေကို ဦးဆောင်ပြီး မြို့ ထဲက အကောင်းဆုံး ဆိုင်တွေ၊ လုပ်ငန်းတွေဆီကို ခေါ်ဆောင်သွားပေးတယ်။ အပြန်အလှန်အနေနဲ့ ဖောက်သည်တွေ ခေါ်လာပေးလို့ ဆိုပြီး ကုန်သည်တွေ၊ ဆိုင်ရှင်တွေဆီက သူက ကော်မရှင်ပြန်တောင်းတယ်။

အဲဒီလို အလယ်ကနေ ဆက်သွယ်ပေးရတဲ့ သူအဖြစ်နဲ့လုပ်ကိုင်ရင်း ဆိပ်ကမ်းမှာလည်း တိုင်းတပါးက သင်္ဘောတွေတော်တော်များများအတွက် အကျိုးဆောင်ပေးရာက သူဟာ သိပ်ကို ချမ်းသာလာတော့တယ်။ ဒီလိုသူ့အောင်မြင်မှုအတွက် သူ့ဘာသာ ကျေနပ်နေရင်း အလုပ်စလုပ်ဖြစ်ဖို့ စကားကြားမိပြီး တွန်းအားဖြစ်စေခဲ့တဲ့ တခါတုန်းက ဘုရင့်အကြံပေးပညာရှိကြီးကို ပြန်သတိရလာတော့တယ်။ ဒါကြောင့်မို့ ပညာရှိကြီးကို လက်ဆောင်အနေနဲ့ ရွှေဒင်္ဂါးတစ်သိန်း လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီပမာဏဟာ သူ ချမ်းသာသမျှရဲ့ တဝတ်လောက်ရှိတာပေါ့။ လိုအပ်တာတွေ စီစဉ်ပြီးတဲ့နောက်မှာ သူဆုံးဖြတ်ထားတဲ့အတိုင်း ပညာရှိကြီးကို သွားရောက် တွေ့ဆုံပြီး လက်ဆောင်ပေးရင်း ကျေးဇူးတင်စကားကိုလည်း ကျိုးကျိုးနွံနွံနဲ့ ပြောကြားဖြစ်ခဲ့တယ်။

ဘုရင့်အကြံပေးပညာရှိကြီးခမျာ အံ့အားသင့်နေရှာတယ်။ ”ဒီလောက်ကြွယ်ဝချမ်းသာလာပြီး ဒီလို ရက်ရက်ရောရော လက်ဆောင်မျိုးတွေ ပေးနိုင်အောင် ဘယ်လိုရှာဖွေခဲ့သလဲ” လို့ မေးလိုက်တယ်။ သူက ဒါတွေဟာ သိပ်မကြာသေးတဲ့ ကာလတစ်ခုက အကြံပေးပညာရှိကြီးကိုယ်တိုင် ပြောပြသွားတဲ့ စကားတွေကို ကြားလိုက်ရာကနေ စခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြတယ်။ အဲဒီကနေ စတင်ပြီး ကြိုးစားသွားလိုက်တာမှာ ကြွက်သေတစ်ကောင်၊ ဆာလောင်နေတဲ့ ကြောင်၊ မုန့်ချိုတွေ၊ ပန်းစည်းတွေ၊ မုန်တိုင်းဒဏ်ခံရတဲ့ သစ်ကိုင်းတွေ၊ ပန်းခြံထဲမှာ ကစားနေတဲ့ ကလေးတွေ၊ ဘုရင်မင်းမြတ်ရဲ့ အိုးထိန်းသည်၊ အစားအသောက်ရောင်း ဆိုင်ငယ်လေး၊ မြင်းငါးရာ အတွက် မြက်ရောင်းတာတွေ၊ ပတ္တမြားနဲ့ ရွှေလက်စွပ်တစ်ကွင်း၊ စီးပွားရေးလုပ်ဖို့အတွက် အဆက်အသွယ်ကောင်းတွေနှင့် နောက်ဆုံးမှာ ကြွယ်ဝချမ်းသာခြင်းအထိ ဖြစ်လာတယ်လို့ ပြောပြလိုက်တယ်။

သူပြောပြတာ အားလုံးနားထောင်ပြီးသွားချိန်မှာတော့ ဘုရင့်အကြံပေးပညာရှိကြီးက သူ့ဖာသာ ဒီလို တွေးမိတယ်။ "ဒီလောက်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတော်လူကောင်းတစ်ယောက်ကို အဆုံးခံဖို့ မသင့်ဘူး။ ငါကိုယ်တိုင်လည်း ချမ်းသာရုံတင်မက ချစ်ရတဲ့ တစ်ဦးတည်းသော သမီးလေးကလည်း ရှိနေသေးတယ်။ ဒီလူငယ်က လူပျိုလူလွတ်မို့ သူ့ကို သမီး နှင့် လက်ဆက်ဖို့ သင့်လှတယ်။ ဒီလိုဆိုရင် ငါ့စည်းစိမ်ကိုလည်း အမွေဆက်ခံနိုင်ပြီး သူ့ကြွယ်ဝမှုကိုပါ ပေါင်းစည်း နိုင်ရုံတင်မကဘူး၊ ငါ့သမီးကိုပါ သူက ကောင်းကောင်း စောင့်ရှောက်ပေးသွားနိုင်မှာ ဖြစ်တယ်။"

အဲဒီသူတွေးမိတဲ့ အစီအစဉ်အတိုင်းပဲ ဘုရင့်အကြံပေးပညာရှိကြီးဟာ လုပ်ဆောင်ပေးခဲ့တယ်။ ဒီလိုနဲ့ အကြံပေးကြီးကွယ်လွန်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ ဒီလူဟာ မြို့ မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့တော့တယ်။ ဘုရင်မင်းမြတ်ကိုယ်တိုင်က သူ့ကို အကြံပေးရာထူးကို ပြန်လည်ချီးမြှောက်ခန့်ထားလိုက်တယ်။ ဒီလိုနဲ့ သူ အသက်ထင်ရှားရှိနေသမျှ ကျန်တဲ့ ဘ၀သက်တမ်းတစ်လျှောက်လုံးမှာ သူဟာ သူ့ရဲ့ ကြွယ်ဝချမ်းသာတဲ့ စည်းစိမ်ငွေကြေးတွေကို လူအများ ကောင်းရာ ကောင်းကျိုးအတွက် သဒ္ဓါတရားပြည့်ပြည့်၀၀နှင့် ပေးကမ်းသုံးစွဲခဲ့ပါတော့တယ်

🔺

(Ven. Kurunegoda Piyatissa ရဲ့  Buddhist Tales For Young & Old, Vol. 1, Prince Good Speaker မှ "Mouse Merchant" ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)

ဇာတက၊ ဧကကနိပါတ်၊ စူဠသေဋ္ဌိဇာတ်။


ဆက်လက်ဖတ်ရှုရန်

Saturday, January 27, 2018

ကြွက်ကုန်သည် (၂)




🐭 ကြွက်ကုန်သည် 🐭

(၂)

အဲဒီလို အရောင်းအဝယ် လုပ်ဖြစ်နေတာ ရက်နည်းနည်း ကြာလာပြီး တစ်ရက်မှာတော့ အဲဒီဒေသမှာ ကြောက်စရာမုန်တိုင်းကြီးတစ်ခု ဝင်မွှေပါတော့တယ်။ မိုးတွေအကြီးအကျယ်ရွာပြီး လေတွေပါ ထန်ခဲ့တယ်။ သူ ဘုရင့်ဥယျာဉ်ဘေးနားကနေ လမ်းဖြတ်လျှောက်တဲ့အချိန် ဥယျာဉ်ထဲမှာ သစ်ပင်တွေပေါ်ကနေ သစ်ကိုင်းတွေကျိုးကျပြီး မြေပေါ်မှာ ပျံ့ ကျဲကျနေတာကို မြင်လိုက်ရတယ်။ အဲဒီမှာတင် သူက ဥယျာဉ်မှူးကို ညှိတယ်။ ဥယျာဉ်မှူးကိုယ်စား ကျနေတဲ့ သစ်ကိုင်းတွေကို သူ ရှင်းပေးမယ်။ အဖိုးစားနားအနေနဲ့ အဲဒီ သစ်ကိုင်းတွေအကုန် သူယူချင်တယ် လို့ ပြောလိုက်တယ်။ ခပ်ပျင်းပျင်းဥယျာဉ်မှူးကလည်း မြန်မြန်ပဲ ဒါကို သဘောတူလက်ခံလိုက်တယ်။

လမ်းရဲ့ တစ်ဘက် ပန်းခြံထဲမှာ ကစားနေကြတဲ့ ကလေးတွေကို သူတွေ့သွားတယ်။ ဒါနဲ့ သူတို့လေးတွေဆီသွားပြီး သစ်ကိုင်းတွေကို အကုန် ကောက်ပေးပြီး ဥယျာဉ်ဝင်းဝကြီးကို ရှင်းပေးနိုင်မယ်ဆိုရင် တစ်ယောက်ကို မုန့်ချိုတစ်လုံးဆီ ပေးမယ်လို့ ပြောလိုက်တော့ ကလေးတွေကလည်း သဘောတူကြတယ်။

အဲဒီအချိန်မှာပဲ ဘုရင့်အိုးဖုတ်သမားတစ်ယောက်ဟာ သူ့ရဲ့ အိုးဖုတ်တဲ့မီးဖို မီးမပြတ်သွားဖို့အတွက် ထင်းရှာနေချိန်ဖြစ်နေတယ်။ ကလေးတွေ အခုလေးတင်ပဲ သစ်ကိုင်းတွေလိုက်ကောက်ပြီး စည်းထားတဲ့ ထင်းစည်းတွေကို မြင်တွေ့ သွားတော့ အိုးဖုတ်သမားက သူ့ဆီကနေ ထင်းတွေကို အသပြာကောင်းကောင်းပေးပြီး ဝယ်လိုက်တော့တယ်။ ငွေတင်သာမကပဲ သူလုပ်ပြီးသား အိုးတချို့ ကိုပါ ဈေးညှိပြီး သူ့ကို ပေးလိုက်တယ်။

ဒီလိုနဲ့ သူဟာ ပန်းရောင်းလို့ရတဲ့ အမြတ်ငွေတွေရယ်၊ ထင်းရောင်းလို့ရတဲ့ အမြတ်ငွေတွေရယ် စုပြီး အစားအသောက်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင် ဖွင့်လိုက်တယ်။ တစ်နေ့မှာတော့ မြို့ ကိုသွားကြမယ့် မြက်ရိတ်သမားတွေအားလုံးဟာ သူ့ဆိုင်မှာဝင်နားကြတယ်။ သူက အဲဒီလူတွေကို မုန့်ချိုတွေ နှင့် သောက်စရာရေ စတာတွေကို အလကားကျွေးမွေးဧည့်ခံတယ်။ သူ့ရဲ့ သဒ္ဓါတရားထက်သန်မှုကို အဲဒီမြက်ရိတ်သမားတွေက သိပ်အံ့ဩကြပြီး "ကျွန်တော်တို့ ဘာများ ခင်ဗျားကို ကူညီပေးလို့ရနိုင်ပါမလဲ" လို့ မေးကြတယ်။ အဲဒီအခါ သူက လောလောဆယ်မှာတော့ အကူအညီလိုနေတာမရှိသေးပါဘူး။ ဒါပေမယ့် နောင်မှာလိုအပ်လာတဲ့အခါ အသိပေးပါ့မယ်လို့ ပြန်ဖြေလိုက်တယ်။

to be continued....

(Ven. Kurunegoda Piyatissa ရဲ့  Buddhist Tales For Young & Old, Vol. 1, Prince Good Speaker မှ "Mouse Merchant" ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)

ဇာတက၊ ဧကကနိပါတ်၊ စူဠသေဋ္ဌိဇာတ်။


ဆက်လက်ဖတ်ရှုရန်

Tuesday, January 23, 2018

ကြွက်ကုန်သည် (၁)




🐭 ကြွက်ကုန်သည် 🐭

တခါတုန်းက ဘုရင်တစ်ပါးရဲ့  အထူးအရေးပေးအားထားခံရတဲ့ အကြံပေးပညာရှိကြီးတစ်ဦးဟာ ဘုရင်နှင့် အခြား အကြံပေးပုဂ္ဂိုလ်တွေကိုပါ တွေ့ဆုံဖို့အတွက်ရှိတာမို့ အိမ်ကနေ ထွက်လာခဲ့တယ်။ 

အဲဒီအချိန်မှာပဲ သူသွားနေတဲ့ လမ်းပေါ်မှာ သေနေပြီဖြစ်တဲ့ ကြွက် တစ်ကောင်ကို သူ မျက်လုံးဒေါင့်ကနေ လှမ်းပြီးတွေ့ လိုက်ရတယ်။ ဒီအခါ သူနှင့်အတူပါလာတဲ့သူတွေကို ပညာရှိကြီးက ''… ဒီလိုကြွက်သေလို သေးမွှား မပြောပလောက်ပါဘူးလို့ထင်ရတဲ့ မူလမြစ်ဖျားကနေတောင် လုံ့လရှိပြီး တက်ကြွကြိုးစားတဲ့ လူငယ်တစ်ယောက်ဟာ ဥစ္စာစီးပွား အမြောက်အများ ကို ရှာဖွေရယူနိုင်ဖို့ အခွင်အရေးကိုရနိုင်တယ်။ အလုပ်လည်း ကြိုးစားမယ်၊ ဉာဏ်ကိုလည်းအသုံးချမယ် ဆိုရင် သူဟာ သူ့ကိုယ်ပိုင် လုပ်ငန်းတစ်ခုကို အစပြုတည်ထောင်နိုင်ပြီးတော့သူ့ဇနီးနှင့် မိသားစုကိုပါ စောင့်ရှောက် ပံ့ပိုးပေးနိုင်လိမ့်မယ်။''လို့ ပြောလိုက်တယ်။

ပညာရှိကြီးပြောလိုက်တဲ့ မှတ်ချက်စကားကို အဲဒီလမ်းပေါ်ကနေ ဖြတ်လျှောက်သွားတဲ့ လူ တစ်ယောက်က ကြားသွားတယ်။ အဲဒီကြားသွားတဲ့သူက အခုပြောတဲ့ပုဂ္ဂိုလ်ဟာ ထင်ရှားတဲ့အကြံပေးပညာရှိကြီးတစ်ဦး ဆိုတာကိုပါ သိလိုက်တယ်။ ဒါ့ကြောင့်လည်း အဲဒီပုဂ္ဂိုလ်ရဲ့ စကားအတိုင်း ကြိုးစားလိုက်နာပြီး လုပ်ကြည့်ဖို့ကို သူ စိတ်ဆုံးဖြတ်လိုက်တော့တယ်။

ဒီလိုနဲ့ သူဟာ ကြွက်သေကို အမြီးကနေ ကောက်ကိုင်ပြီး ထွက်ခွာလာခဲ့တယ်။ အဲဒီလူ ကံသာနေချိန်မို့နေပါလိမ့်မယ်။ သူသွားလို့ လမ်းတစ်ပြလောက်မရောက်ခင်မှာပဲ ဆိုင်ပိုင်ရှင်တစ်ဦးက သူ့ကို ဆီးတားလိုက်တယ်။ '' ငါ့ကြောင်လေးကွာ၊ တမနက်လုံး ဘာမှမစားရသေးလို့ပါ။ ဒီမှာ ကြေးပြား၂ပြားယူလိုက်ပါ။ ဒီကြွက်ကို ရောင်းခဲ့ပေးပါ။'' လို့ ပြောတယ်။ သူလည်း ရောင်းခဲ့ပေးလိုက်တယ်။
.
ရရှိလာတဲ့ ကြေးနှစ်ပြားနဲ့ သူဟာ မုန့်ချိုတွေကို ဝယ်လိုက်တယ်။ အဲဒီနောက်တော့ သောက်ရေတွေနှင့်အတူ လမ်းရဲ့ တဖက်မှာ စောင့်ပြီးနေလိုက်တယ်။ သူမျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ပန်းကုံးတွေမှာ သီထည့်နိုင်ဖို့ ပန်းခူးသွားကြသူတချို့  အဲဒီအလုပ်ကနေ ပြန်လာကြတယ်။ သူတို့ခမြာ မောကလည်း မော၊ ဆာကလည်း ဆာနေကြပြီမို့ မုန့်ချိုနှင့်ရေ ကို မြင်လိုက်တာနဲ့ သူတို့မှာ ပါလာတဲ့ ပန်းစည်းတွေထဲက တစ်ယောက် တစ်စည်းနှုန်းပေးပြီး လူငယ်ဆီက မုန့်ချိုတွေနှင့်ရေ ကို ဖလှယ်ဝယ်ယူလိုက်ကြတယ်။ ရလာတဲ့ ပန်းစည်းတွေကို လူငယ်က ညနေစောင်းမှာ မြို့ ထဲသွားပြီးလိုက် ရောင်းတယ်။ ပန်းရောင်းလို့ရတဲ့ ငွေထဲကနေ တခါ မုန့်ချိုတွေကို ထပ်ဝယ်ပြီး နောက်တနေ့မှာ ပန်းခူ့းအလုပ်သမားတွေကိုပဲ သွားပြန်ရောင်းပြန်တယ်။

to be continued.....

(Ven. Kurunegoda Piyatissa ရဲ့  Buddhist Tales For Young & Old, Vol. 1, Prince Good Speaker မှ "Mouse Merchant" ကို ဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)

ဆက်လက်ဖတ်ရှုရန်

Friday, January 19, 2018

ဒေါသ




🔸ဒေါသ🔸

ကျောင်းသားတစ်ယောက် ဆရာဆီကိုရောက်လာပြီး အကြံဉာဏ်တောင်းတယ်။

”ဆရာ၊ တပည့်တော်မှာ ထိန်းချုပ်ဖို့ခက်ခဲတဲ့ အမျက်ဒေါသ ရှိနေပါတယ်။ အဲဒါကို ဘယ်လို ပျောက်ကင်းအောင် ကုသရမလဲဘုရား။”

“မင်းမှာ တကယ်ကိုထူးဆန်းတဲ့အရာ ဖြစ်နေတာပဲ။ ငါ့ကို ပြကြည့်စမ်းပါအုံး။” လို့ ဆရာက ပြန်ဖြေတယ်။

”အခုတော့ ပြလို့မရသေးဘူး ဆရာ။”

”ဒါဆို ဘယ်တော့ ငါ့ကိုပြနိုင်မလဲ။”

”သူက မထင်မှတ်ထားတဲ့အချိန်ကျမှ ဖြစ်တတ်တာဆရာ။”

”အင်း.....။ ဒါဆိုရင်တော့ ဒါဟာမင်းရဲ့  ကိုယ်ပိုင် စစ်မှန်တဲ့သဘာဝမဟုတ်လောက်ဘူး။ တကယ်မင်းပိုင်တာအမှန်ဆိုရင် ဘယ်အချိန်မဆို ငါ့ကိုပြလို့ရရမှာပေါ့ကွာ။ မင်းမွေးလာတုန်းကလည်း အဲဒါ ပါမလာခဲ့ဘူး။ မင်းမိဘတွေကလည်း မင်းကိုပေးလိုက်တာမဟုတ်ဘူး။ အဲဒါလေး ပြန်စဉ်းစားကြည့်လေ....။”

🔺

ဇင်ပုံပြင် "Temper" ကိုဆီလျှော်အောင် ဘာသာပြန်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Thursday, January 11, 2018

ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်မှ...




🌸 ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်မှ... 🌸

တခါတုန်းက ကျွမ်းဘားကစားပြတဲ့သူ နှစ်ဦးရှိခဲ့တယ်။ တစ်ဦးက သနားစရာကောင်းတဲ့ မုဆိုးဖိုကြီးဖြစ်ပြီး၊ နောက်တစ်ဦး ကတော့ သူ့တပည့်မလေး- နာမည်က မီဒါ လို့ ခေါ်တယ်။ သူတို့နှစ်ဦးဟာ နေ့စဉ် လမ်းတကာလှည့် ကျွမ်းဘား ကစား ပြရင်း ဝင်ငွေရှာ အသက်မွေးဝမ်းကျောင်းပြုကြရတယ်။

သူတို့ရဲ့ ကျွမ်းဘားပြသမှုမှာ ပါဝင်တဲ့ သရုပ်ပြမှုတစ်ခုဟာဆိုရင် ဆရာဖြစ်သူက သူ့ခေါင်းပေါ်မှာ ဝါးလုံးရှည်တစ်ချောင်းကို ထိန်းညှိထားပြီး တပည့်ဖြစ်သူက ဝါးလုံးထိပ်ကို တရွေ့ရွေ့ တက်သွားရတယ်။ အဲဒီထိပ်ကို ရောက်တာနဲ့တပြိုင်နက်ထဲမှာ ဆရာဖြစ်သူက မြေပြင်မှာ လမ်းလျှောက်ပြရတယ်။

သရုပ်ပြသူနှစ်ဦးလုံးအတွက် စိတ်အာရုံ လုံးဝစူးစိုက်နိုင်မှုနဲ့ ဟန်ချက်မျှအောင် ထိန်းထားဖို့ဟာ လိုအပ်တယ်။ ဒါမှသာ သူတို့နှစ်ဦး သရုပ်ပြမှုမှာ ဘာထိခိုက်မှုမှမရှိပဲ ပြကွက်ပြီးဆုံးတဲ့အထိ ပြနိုင်မှာဖြစ်တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဆရာ ဖြစ်သူက သူ့တပည့်မလေးကို ပြောတယ်။

''ဒီလိုရှိတယ် မီဒါ။ မင်းကို ငါကစောင့်ရှောက်မယ်၊ မင်းကလည်း ငါ့ကို စောင့်ရှောက်ရမယ်ကွ။ ဒါမှသာ ငါတို့နှစ်ယောက်လုံး အာရုံ စူးစိုက်နိုင်အောင်ရယ်၊ ခန္ဓာကိုယ်ဟန်ချက်မပျက်အောင်ရယ် ထိန်းထားနိုင်မှာ။ မတော်တဆထိခိုက်မှုဆိုတာမျိုးမဖြစ်အောင်လုပ်နိုင်မှာ။ အဲဒီလိုဆိုရင် ငါတို့ ဒီကျွမ်းဘားသရုပ်ပြတဲ့အလုပ်နဲ့ စားဝတ်နေရေးအတွက် ကောင်းကောင်း ရှာဖွေစားသောက်နိုင်တော့မှာပေါ့ကွာ။''

အဲဒီမှာတင် စဉ်းစားမြော်မြင်တတ်သူ ကလေးမလေး ပြန်ပြောလိုက်တာက …

''ဆရာ… ကျွန်မ တွေးမိတာကတော့ …ကျွန်မတို့ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်ဖို့ အားထုက်တာက ပိုကောင်းမလားလို့ပါ။ ကိုယ်ကိုယ်တိုင်ကို စောင့်ရှောက်လိုက်တာမှာ ကျွန်မတို့နှစ်ယောက်လုံး အတွက်ပါ စောင့်ရှောက်ထားနိုင်တဲ့ သဘောပါသွားပြီပဲ မဟုတ်လား။ အဲဒီလိုနည်းနဲ့မှပဲ ကျွန်မတို့ဟာ မတော်တဆထိခိုက်မှုဆိုတာမျိုး မရှိအောင် ကျွမ်းဘားကစားပြရင်း စားဝတ်နေရေးအတွက် ကောင်းကောင်း ငွေရှာနိုင်မှာလေ။''

🔺

ဇင်ပုံပြင် ”BEFORE EVERYTHING ELSE, TAKE CARE OF YOURSELF” ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Wednesday, January 10, 2018

ဟုတ်ရင်လည်း ဟုတ်မှာပေါ့





♣️ ဟုတ်ရင်လည်း ဟုတ်မှာပေါ့ ♣️

ဟိုးရှေးရှေးတုန်းက လယ်သမားအဖိုးကြီး တစ်ယောက် ရှိသတဲ့။ သူဟာ နှစ်ပေါင်းများစွာ ကောက်ပဲသီးနှံတွေကို ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားသောက်နေသူပေါ့။ တနေ့မှာတော့ သူ့မြင်းက ထွက်ပြေးသွားပါလေရော … ။ မြင်းမရှိတော့တဲ့ သတင်းကို ကြားတဲ့ အိမ်နီးနားချင်းတွေက အဖိုးအို ကို စာနာစိတ်နဲ့ ”ဆိုးလိုက်တဲ့ကံပါလား ” လို့ လာပြောကြတယ်။

”ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ...” လို့ လယ်သမားအဖိုးအိုက ပြန်ဖြေလိုက်တယ်။

နောက်တနေ့ မနက်ကျတော့ သူ့ မြင်းက ပြန်ရောက်လာတယ်။ သူနဲ့အတူ မြင်းရိုင်း သုံးကောင်ကိုပါ အပါ ခေါ်လာတယ်။ "သိပ်ကို ကောင်းတဲ့အဖြစ်ပါလား" လို့ အိမ်နီးနားချင်းတွေက တအံ့တဩပြောကြပြန်တယ်။

”ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ...” လို့ပဲ အဖိုးအိုကတော့ ပြန်ဖြေတယ်။

နောက်ရက်တွေမှာ အဖိုးအိုရဲ့ သားဖြစ်သူက မလေ့ကျင့်ရသေးတဲ့ မြင်းကို တက်စီးဖို့ ကြိုးစားရင်း ပြုတ်ကျပါလေရော။ သူ့ရဲ့ ခြေထောက်ပါ ကျိုးသွားတော့တယ်။ အဲဒီမှာတင် အိမ်နီးနားချင်းတွေက အခုလို ကံဆိုးမှုအတွက် သူတို့က ကရုဏာသက်စာနာပါကြောင်း နောက်တစ်ကြိမ် လာပြောကြပြန်တယ်။

”ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ...” လို့သာ လယ်သမားအဖိုးအိုက ပြန်ဖြေတယ်။

နောက်တရက်မှာတော့ အဲ့ဒီဒေသက သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အသက်ပြည့်လူငယ်တွေကို စစ်မှုထမ်းဆောင်ဖို့ စစ်အရာရှိတွေက ရွာထဲအထိလာခေါ်ကြတယ်။ အဖိုးအိုရဲ့ သားဖြစ်သူက ခြေကျိုးနေတာမို့ သူ့ကိုခေါ်မသွားပဲ ချန်ထားရစ်ခဲ့တယ်။

ဒါကိုသိပြန်တော့ အိမ်နီးနားချင်းတွေက အဖိုးအိုကို ဝိုင်းပြီး ဝမ်းမြောက်ကြောင်းပြောကြပြန်တယ်။ အဲဒီလို စစ်ထဲမလိုက်ရဖို့အတွက် ကောင်းတဲ့အကြောင်း ဖန်လာတာပဲလို့ ဆိုကြတယ်။

အဖိုးအိုက ပြန်ပြောလိုက်တယ်။
”ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ...”

♦️

ဇင်ပုံပြင် "Maybe" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sunday, January 7, 2018

ဘုရားသခင်ကို တွေ့ချင်သူ




💥 ဘုရားသခင်ကို တွေ့ချင်သူ 💥

မြစ်ကမ်းဘေးတစ်ခုမှာ ရသေ့သူတော်စင်တစ်ပါး တရားရှုမှတ်ပွားများနေတဲ့အချိန် လူငယ်တစ်ဦး ရောက်လာပြီး စကားဆိုတယ်။

”ဆရာအရှင်၊ အရှင်ဘုရားရဲ့ တပည့် ဖြစ်ချင်ပါတယ်။” လို့ လူငယ်က လျှောက်ထားလိုက်တယ်။

ဒီတော့ ရသေ့သူတော်စင်က ”ဘယ်လိုကြောင့်များလဲ ဒကာ” လို့ ပြန်ပြီး မေးတယ်။

လူငယ်က အတန်ကြာ စဉ်းစားလိုက်ပြီး “ဘုရားသခင်ကို ရှာတွေ့ချင်လို့ပါ။” လို့ ပြန်ဖြေလိုက်တယ်။

ရသေ့ဟာ ရုတ်တရတ် ခုန်ထလိုက်ပြီး လူငယ်ကို လည်ဂုတ်ကနေဆွဲကိုင်ကာ မြစ်ဆီကို ဆွဲခေါ်သွားလိုက်တယ်။ နောက်တော့ လူငယ်ရဲ့  ခေါင်းကိုရေထဲ ဆွဲနှစ်ပစ်လိုက်တယ်။

တစ်မိနစ်လောက် ကြာလာတော့ လူငယ်ဟာ သူ့ကိုယ်သူ လွတ်မြောက်ဖို့
ကန်ကြောက်ရုန်းကန်လာတာနဲ့ ရသေ့လည်း နောက်ဆုံးမှာ လူငယ်ရဲ့ ခေါင်းကို ရေထဲက ပြန်ဆွဲတင်ပြီး လွှတ်ပေးလိုက်တယ်။

လူငယ်ဟာ ရေမွှမ်းတာကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးရင်း အသက်ကို မောပန်းတကြီး ရှူနေရရှာတယ်။

နောက်ဆုံး သူငြိမ်ကျပြီး အခြေအနေပုံမှန်ပြန်ဖြစ်သွားတော့မှ ရသေ့က လူငယ်ကို မေးလိုက်တယ်။

”ဒကာ။ ရေထဲမှာ ရောက်နေတဲ့အချိန်မှာ ဘာကိုအလိုချင်ဆုံးလဲ ဆိုတာ ပြောစမ်းပါ။”

”လေ” လူငယ်က ပြန်ဖြေလိုက်တယ်။

”ဟုတ်ပြီ ဒကာ။ ဒါဆို အခုတော့ အိမ်ပြန်လိုက်ပါအုံး။ လေ ကို လိုချင်သလိုမျိုး ဘုရားသခင်ကို တွေ့ချင်လာတဲ့အခါကျတော့မှပဲ ဒီကို ပြန်လာခဲ့တော့ ဒကာရေ။”

♦️

ဇင်ပုံပြင် ”Wanting God" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Wednesday, January 3, 2018

အဆုံးသတ်ခွင့်မပေးတဲ့ အတိတ်ကခြေရာများ




♦️♦️ အဆုံးသတ်ခွင့်မပေးတဲ့ အတိတ်ကခြေရာများ ♦️♦️

ပြောချင်တဲ့အကြောင်းအရာကို ခဏခဏကြားဖူးထားနေကြ ဇင်ပုံပြင်တစ်ပုဒ်နဲ့ပဲ စလိုက်ချင်ပါတယ်။

တခါက ဇင်ကိုယ်တော်နှစ်ပါးဟာ ခရီးတစ်ခုကိုသွားရင်း ချောင်းလေးတစ်ခုအနားကို ရောက်လာကြတယ်။ အဲဒီအချိန်မှာပဲ အမျိုးသမီးငယ်တစ်ယောက်က ချောင်းကို ဖြတ်ကူးဖို့လုပ်ရင်း ရေစီးသန်တာကြောင့်ရယ်၊ ရေနက်တာကြောင့်ရယ် မဖြတ်ကူးနိုင်ပဲ အခက်အခဲဖြစ်နေတာကို သူတို့ တွေ့လိုက်ကြရတယ်။ ဒါကိုမြင်တော့ ပထမကိုယ်တော်ဟာ အမျိုးသမီးငယ်ကို ပွေ့ချီလိုက်ပြီး ဟိုဘက်ကမ်းဆီကိုရောက်အောင် ခေါ်သွားပေးလိုက်တယ်။ ဒါကို ဒုတိယကိုယ်တော်က တစ်လမ်းလုံး စိတ်ထဲက မကျေမနပ်ဖြစ်လာခဲ့တယ်။ ကျောင်းရောက်တော့ ဒုတိယကိုယ်တော်က ဖြစ်စဉ်ကို ကျောင်းထိုင်ဆရာတော်ကိုပြန်တိုင်လိုက်တယ်။ ဆရာတော်က ပထမကိုယ်တော်ကို ခေါ်ယူစစ်ဆေးတဲ့အခါမှာ ပထမကိုယ်တော်ပြောလိုက်တာက ”တပည့်တော်က အမျိုးသမီးငယ်ကို ချောင်းရဲ့  ဒီဘက်ကမ်းပါးဆီမှာပဲ ချထားပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒုတိယကိုယ်တော်ကတော့ အမျိုးသမီးကို အဲဒီချောင်းကမ်းပါးနေရာကနေ ကျောင်းရောက်လာတဲ့အထိ ပွေ့ချီမလာခဲ့သူ ဖြစ်ပါတယ်” တဲ့။

ဒီပုံပြင်မှာ ကျွန်တော်တို့တတွေဟာ ပထမကိုယ်တော်ရဲ့  စိတ်ဖြတ်နိုင်မှုအပေါ် ချီးကျူးမှုတွေပြုရင်းပဲ အများစုက ပြီးလိုက်ကြတယ်။ အခု ကျွန်တော်ပြောကြည့်ချင်တာက ဒုတိယကိုယ်တော်အကြောင်း ဖြစ်ပါတယ်။

ပထမကိုယ်တော်ဟာ အမျိုးသမီးကို ပွေ့ချီခဲ့စဉ်တုန်းက သူဟာ အတွေ့အထိအပေါ်သာယာချင်တဲ့ အာသာဆန္ဒနှင့် အခွင့်အရေးယူခဲ့တာလား၊ မေတ္တာစိတ်စေတနာသန့်သန့်နှင့် ကူညီပေးခဲ့တာလားဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်ကသာ သိမှာဖြစ်ပေမယ့် ဒုတိယကိုယ်တော်ရဲ့  အမြင်မှာတော့ ပထမကိုယ်တော်ဟာ ၀ိနည်းစည်းကမ်းကို ချိုးဖောက်သူ၊ မလုပ်သင့်မလုပ်အပ်ရာကို လုပ်သူရယ်လို့ တွေးထင်မိသွားစေတယ်။ ဒါကြောင့်လည်း သူ့အမှားအတွက် ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံယူသင့်တယ်၊ ခံယူထိုက်တယ်လို့တွေးတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျွန်တော်အပါအ၀င် အတော်များများဟာ ဒုတိယကိုယ်တော်လို လူစားမျိုးတွေ ဖြစ်နေတတ်ကြတာများမယ်လို့ ထင်ပါတယ်။ ကိုယ့်အသိုင်းအ၀ိုင်းထဲ တစ်ယောက်ယောက်က တကယ်လို့များ အမှားကျူးလွန်မိခဲ့ပြီဆိုရင် အဲဒီလူအပေါ် နည်းအမျိုးမျိုးနှင့် ကဲ့ရဲ့ ပြစ်တင်၊ ဝေဖန်ရှုံ့ ချတတ်ကြတယ်။ နားလည်ခွင့်လွှတ်ပေးနိုင်ခဲတယ်။ သူ့ရဲ့  ပြုလုပ်လိုက်မိတဲ့အမှားအတွက် ပြစ်ဒဏ်တစ်ခုခု ကျခံပြီးခဲ့ရင်တောင်မှပဲ လူ့အသိုင်းအ၀ိုင်းထဲမှာ သူ့ဘ၀တစ်လျှောက်လုံး မပြီးနိုင်လောက်အောင် အလျှော်အစားပြန်လည် ပေးဆပ်ရတာမျိုးကို မျှော်လင့်တောင့်တနေမိတတ်ကြပါတယ်။

အခုကိစ္စနှင့် စပ်ဆက်ပြီးတော့ ဘုရားရှင်လက်ထက်က ထင်ရှားခဲ့တဲ့ အဂုင်္လိမာလ ကိုယ်တော်အကြောင်းကို ထပ်စဉ်းစားကြည့်မိတယ်။ အဂုင်္လိမာလဟာ ဘုရားရှင်နှင့် မတွေ့ဆုံမီအချိန်အထိ တောထဲမှာ တွေ့သမျှလူကို သတ်၊ လက်ညှိုးဖြတ်ပြီး နေလာခဲ့ရာက မြတ်စွာဘုရားရဲ့  အဆုံးအမကို ရပြီးနောက်ပိုင်းမှာတော့ နူးညံ့အေးဆေးတဲ့ ရဟန်းတော်တစ်ပါးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် လူတွေအမြင်မှာတော့ သူဟာ လူဆိုးတစ်ယောက်၊ လူသတ်သမားတစ်ယောက်၊ သူတို့ ချစ်ခင်ရတဲ့သူတွေကို သတ်ဖြတ်ခဲ့သူတစ်ယောက်သာ ဖြစ်နေခဲ့တယ်။

ဒါကြောင့်လည်း ရွာထဲ သူ ဆွမ်းခံဝင်တဲ့အချိန်တွေမှာ ခဲတွေနှင့်ပေါက်၊ တုတ်ဓါးတွေနှင့် ရိုက်နှက်ပြီး လက်စားချေခဲ့ကြတယ်။ အဲဒီလို လုပ်နေတဲ့အချိန်မှာ အင်္ဂုလိမာလကိုယ်တော်မှာတော့ ရဟန်းတရားတွေကို ကျင့်ကြံပွားများအားထုတ်နေတဲ့သူဖြစ်နေပြီမို့ သူ့ကို ၀ိုင်းဝန်းနှိပ်စက်နေကြတဲ့သူတွေအဖို့မှာ သူတော်ကောင်းကို စော်ကားမိတဲ့ ကံကြီးထိုက်တဲ့အမှုကို ကျူးလွန်နေကြသူတွေ ဖြစ်ကုန်ကြရတော့တယ်။

ဒီနေရာမှာ ထပ်ထည့်ပြောကြည့်ချင်တာက ကာလသုံးပါးနှင့် ပတ်သက်ပြီး သံသရာကနေလွတ်မြောက်ဖို့ အားထုတ်ကြိုးပမ်းနေသူတွေအတွက် မြတ်စွာဘုရားရှင် ဟောကြားထားခဲ့တဲ့ ဒေသနာတော်တစ်ပုဒ်အကြောင်းဖြစ်ပါတယ်။

”အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ၊ အတိတ်ခန္ဓာသည် ချုပ်ပျောက်ပြီးပြီ၊ အနာဂတ်ခန္ဓာသည် ရောက်မလာသေး။

ပစ္စုပ္ပန်ဖြစ်သော သဘောတရားတို့ကို ထိုထိုဖြစ်ဆဲခဏ၌သာလျှင် ဝိပဿနာပညာဖြင့် အဖန်ဖန်ပွါး များရာ၏။”

လို့ မိန့်တော်မူထားပါတယ်။

ဒီဒေသနာတော်အရဆိုရင်တော့ ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ တခြားသူတစ်ဦးဦးမှာပဲဖြစ်ဖြစ် အတိတ်က ပြုလုပ်ကျူးလွန်ခဲ့မိသမျှကိစ္စတွေအတွက် ပြန်တွေးပူဆွေးနေတာတွေ၊ ၀မ်းနည်းစိတ်ဆိုးစိတ်ပျက်ဖြစ်နေတာမျိုးတွေ လုပ်နေသမျှ၊ နောက်ပြီး ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းအရာတွေကို ကြိုမျှော်ပြီး ကြောင့်ကြစိုးရိမ်နေသမျှ လွတ်မြောက်မှုနှင့် ဝေးနေအုံးမှာပဲဖြစ်တယ်။ တကယ်လွတ်မြောက်မှုကို ရချင်ရင်တော့ အခုလက်ရှိပစ္စပ္ဗန်မှာ ဖြစ်နေတဲ့ အရာတွေအပေါ်မှာပဲ အာရုံထား စိတ်ဝင်စားပြီး တန်ဖိုးထား ပွားများပါလို့ အဓိပ္ဗါယ်သက်ရောက်ပါတယ်။

တကယ်လို့များ ကျွန်တော်တို့တွေရဲ့  နေ့စဉ်ဘ၀မှာ ကိုယ်ကိုယ်တိုင်မှာရော၊ သူတစ်ပါးမှာပါ အရင်က မသိလို့ပဲဖြစ်ဖြစ်၊ သိလျက်နဲ့ပဲဖြစ်ဖြစ် အပြစ်တွေ၊ အမှားတွေ လုပ်ဖူးထားခဲ့တာ အားလုံးကို သင်ပုန်းချေ နားလည်ခွင့်လွှတ်ပေးပြီး၊ သဘောထားကြီးကြီးနဲ့ ကိုယ့်ရဲ့  (သူတစ်ပါးရဲ့ ) ပစ္စုပ္ဗန်လတ်တလော ဖြစ်တည်နေမှု၊ လုပ်ဆောင်နေမှုတွေအပေါ်မှာသာ တန်ဖိုးထား အသိအမှတ်ပြုပြီး နေပေးသွားနိုင်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာပြီး ကြည်နူးပျော်ရွှင်စရာ ကောင်းနေမှာတော့ အမှန်ပဲဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်း လူ့အဖွဲ့အစည်းအတွင်းမှာ အမှားသို့မဟုတ် ပြစ်မှုတစ်ခုခု ကျူးလွန်ထားဖူးတဲ့သူတွေကို နားလည်ခွင့်လွှတ်ပေးပြီး အများနှင့်တန်းတူထား ဆက်ဆံနိုင်ဖို့ဆိုတဲ့ကိစ္စဟာ ဒီလောက် ရိုးရှင်းလွယ်ကူတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ခိုးမှုတစ်ခုခုနှင့် ထောင်ကျပြီး လွတ်မြောက်လာသူတစ်ဦးကို လူ့အသိုင်းအ၀ိုင်းက အများနှင့်တန်းတူ စီးပွားရေးနှင့် ငွေကြေးနှင့်ပတ်သက်တဲ့လုပ်ငန်းတွေမှာ ယုံကြည်စိတ်ချစွာနှင့် တာဝန်ပေးနိုင်မှာလား။ ဒေါသအလျှောက် လူသတ်မှုကျူးလွန်ထားဖူးသူတစ်ဦးနှင့် ရင်းနှီးကျွမ်းဝင် ပေါင်းသင်းဆက်ဆံနိုင်မှာလား။ မုဒိန်းမှုကျူးလွန်ထားဖူးသူတစ်ဦးနှင့် ကိုယ့်ရဲ့  မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းထဲက အမျိုးသမီးတစ်ဦးဦး ခင်မင်ရင်းနှီးလာတဲ့အခါ စိတ်ချလက်ချထားနိုင်မှာလား။ အောက်ထစ်ဆုံးအနေနှင့် အရက်မူးလာရင် စိတ်လွတ်လက်လွတ် ရမ်းကားတတ်တဲ့သူတစ်ဦးနှင့် နောက်တစ်ကြိမ် အရက်အတူတူ တစ်ဝိုင်းတည်း ထိုင်သောက်ဖို့ဆိုတာမျိုး လုပ်နိုင်မှာလား။ ဒီမေးခွန်းတွေအတွက် အဖြေဟာ လွယ်လွယ်ကူကူ ရလာမှာတော့ မဟုတ်ပါဘူး။

အခြားတစ်ဘက်မှာလည်း အတိတ်က အမှားတွေကျူးလွန်ခဲ့မိပြီး အခုလက်ရှိအချိန်မှာ အသိတရားရလို့ ကိုယ့်ဘ၀ကိုယ် အသစ်ကနေ ပြန်လည်ထူထောင် ရုန်းထွက်ချင်ကြပေမယ့်လည်း လူ့အသိုင်းအ၀ိုင်းကြီးက မညှာမတာ ချိုးချိုးနှိမ်နှိမ် လျစ်လျူရှုဆက်ဆံတာကို ခံကြရလို့ အစွန့်ပယ်ခံဘ၀မှာပဲ ဆင်းဆင်းရဲရဲ ညှိုးညှိုးငယ်ငယ်နေနေကြရတဲ့ ဘ၀တွေကရော ဘယ်လောက်တောင်များ ရှိနေမလဲ။ တချို့ လည်း ဘ၀သစ်မထူထောင်နိုင်တော့မယ့်အတူတူ မထူးဇာတ်ခင်းပြီး အရင်ဘ၀ဟောင်းဆီကိုပဲ ပြန်ရောက်သွားကြရတာမျိုးတွေ ရှိနေအုံးမှာပါပဲ။ သူတို့တွေအတွက်တော့ လူ့အဖွဲ့အစည်းကြီးရဲ့  သံသယစံနှုန်းသတ်မှတ်ချက်ဟာ ရက်စက်လွန်းရာကျနေမှာ အမှန်ပဲဖြစ်ပါတယ်။

တကယ်တမ်းတော့ ကျွန်တော်တို့တွေဟာ ဇင်ပုံပြင်ထဲက ဒုတိယကိုယ်တော်ကို အပြစ်တင်ကဲ့ရဲ့ ခဲ့ကြပေမယ့်လည်း ကျွန်တော်တို့ကိုယ်တိုင် ဒုတိယကိုယ်တော်ဖြစ်ဖြစ်သွားကြရတဲ့ အကြိမ်ပေါင်းဟာ မနဲတော့သလို၊ အင်္ဂုလိမာလဇာတ်လမ်းထဲက ရွာသားတွေကို သူတော်ကောင်းကိုပြစ်မှားမိကြတဲ့သူတွေလို့ ပြောတတ်ကြပေမယ့် ကိုယ်တိုင်လည်း အဲဒီရွာသားတွေလို ပြုမူမိခဲ့တဲ့ အကြိမ်ပေါင်းဟာ ဒီတစ်သက် ရေတွက်လို့ ကုန်မယ်မထင်ဘူး မဟုတ်ပါလားဗျာ။

ဝိမုတ္တိသုခ
3.1.2018

ဆက်လက်ဖတ်ရှုရန်

Tuesday, January 2, 2018

ကျောက်တောင်ထက်က မျက်နှာ (၁၃)




(၁၃)

ကဗျာဆရာဖြစ်သူက အားနက်စ် ဖတ်နေတဲ့ စာအုပ်ကို လက်ညှိုးညွှန်ပြရင်း "ခင်ဗျား ဒီကဗျာတွေကို ဖတ်နေတယ်ဆိုရင် ကျွန်တော့်ကို သိမှာပါ၊ သူတို့ကို ကျွန်တော်ရေးခဲ့တာမို့ပါ" လို့ ပြောလိုက်တယ်။ 

အဲဒီမှာ အားနက်စ်ဟာ ကဗျာဆရာရဲ့ မျက်နှာသွင်ပြင်ကို စူးစမ်းကြည့်ရှုရင်း ကျောက်သားမျက်နှာကြီးရှိတဲ့ဆီကို လှည့်လိုက်တယ်။ ခေါင်းကို ခါယမ်းရင်း သက်မကိုလည်း ချလိုက်တယ်။

ကဗျာဆရာက "ဘာကိုစိတ်မကောင်းဖြစ်သွားတာလဲဗျာ" လို့ မေးလိုက်တယ်။

အားနက်စ်က "ငါ့ဘဝတလျှောက်လုံးမှာ တဘောင်ထဲမှာ ပြောထားတဲ့အတိုင်း ပြီးပြည့်စုံတဲ့သူကို မြင်ချင်လာခဲ့တယ်။ မင်းရေးတဲ့ ကဗျာတွေ ဖတ်လိုက်ရချိန်မှာတော့ မင်းဟာ တဘောင်ထဲကအတိုင်းဖြစ်လာမယ့်သူလို့ မျှော်လင့်မိခဲ့တယ်။"

"ခင်ဗျား က မျှော်လင့်စောင့်စားနေခဲ့တယ်ပေါ့" ကဗျာဆရာက ပြောလိုက်တယ်။ ခပ်ယဲ့ယဲ့ပြုံးရင်း "ကျွန်တော့်ကို ကျောက်သားမျက်နှာကြီး နဲ့ ဆင်တူတဲ့သူလို့ ဖြစ်စေချင်တာလား။ ကျွန်တော်ဟာ အဲဒီလို တူညီဖို့အတွက် မထိုက်တန်ပါဘူးဗျာ။"

"ဘာဖြစ်လို့ အဲဒီလိုမဖြစ်နိုင်ရမှာလဲ။" အားနက်စ်က ဆိုတယ်။ စာအုပ်ကိုပြရင်း "ဒီအရေးအသား အတွေးအခေါ်တွေက မထိုက်တန်ဘူးတဲ့လား။"

"ဒါတွေဟာ အဝေးတစ်နေရာ ကောင်းကင်ဘုံက တေးသွားကို ကဗျာတွေထဲကနေပြီး ကြားလိုက်ရသလို ခံစားရတာမျိုး ဖြစ်ချင်ဖြစ်နေလိမ့်မယ်။" "ဒါပေမယ့် ကျွန်တော့်ဘဝမှာကျတော့ အားနက်စ်ရေ၊ ကျွန်တော်ဟာ ကိုယ့်အတွေးအခေါ်အတိုင်း ကိုက်ညီအောင်မနေဖြစ်ခဲ့ပါဘူးဗျာ။ ကျွန်တော့်မှာလေ တကယ်ပဲ ကြီးမြတ်ခမ်းနားတဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီအိပ်မက်တွေဟာ အိပ်မက်အတိုင်းသာ ရှိနေရစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်ကူးစိတ်သန်းတွေအတွက် ကျွန်တော့်မှာ ယုံကြည်ချက် ရှိမနေခဲ့ဘူး။ အဲဒီလိုလူတစ်ယောက်ကို ကောင်းမြတ်တဲ့အမှန်တရားတွေရှာဖွေနေသူ ခင်ဗျားအနေနဲ့ အဲဒီ ကျောက်သားမျက်နှာကြီးနဲ့ ဆင်တူပါတယ်လို့ ပြောနိုင်အုံးမှာလားဗျာ။" လို့ ကဗျာဆရာက ပြောလိုက်တယ်။

ဝမ်းနည်းစွာနဲ့ ကဗျာဆရာက ပြောနေရင်း မျက်ရည်တွေစီးကျလာတယ်။ အားနက်စ်လည်း အတူတူပဲ ငိုနေတော့တယ်။

ညနေစောင်းဆည်းဆာချိန်ရောက်လာတဲ့အခါမှာတော့ အဲဒီဒေသမှာ အချိန်တော်တော်ကြာကြာကတည်းက ဖြစ်လာခဲ့တဲ့ ဓလေ့ထုံးစံအတိုင်း အားနက်စ်ဟာ အနီးအပါးကလူတွေကို ကွင်းပြင်တစ်ခုထဲမှာ တွေ့ဆုံပြီးစကားပြောပေးရတယ်။ အားနက်စ်နှင့် ကဗျာဆရာတို့ဟာ တစ်ယောက်လက်မောင်းကို တစ်ယောက်က တွဲရင်း စကားတပြောပြောနဲ့ ဆုံရပ်ရှိတဲ့နေရာဆီကို လျှောက်လာကြတယ်။ အဲဒီနေရာကနေဆို ကျောက်သားမျက်နှာကြီးကိုလည်း ကောင်းကောင်း မြင်နေရတယ်။

ပရိသတ်ကိုမြင်တော့ အားနက်စ်ဟာ သူကြည့်နေကြအတိုင်း မေတ္တာအကြင်နာတွေ ထုံမွှန်းထားတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့ စိတ်နှလုံးသားထဲမှာ အမြဲရှိနေနှင့်ပြီးသားအကြောင်းအရာတွေနှင့် သူတို့တွေကို စကားစပြောဖို့ ပြင်လိုက်တယ်။

သူ့စကားလုံးတွေမှာ ခွန်အားရှိနေတယ်၊ ဘာလို့လဲဆိုတော့ သူ့စကားလုံးတွေဟာ သူ့အတွေးစိတ်ကူးတွေနဲ့ တစ်ထပ်တည်းကျနေလို့ပဲဖြစ်တယ်။ နောက်ပြီး သူ့အတွေးစိတ်ကူးတွေဟာ အမှန်တရား နှင့် လေးနက်မှုတွေ ပါဝင်ပေါင်းစပ်နေတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုရင် သူ့အတွေးအခေါ်စိတ်ကူးစိတ်သန်းတွေဟာ သူအမြဲနေထိုင်နေတဲ့ တကယ့်ဘဝနဲ့ အံဝင်ခွင်ကျလိုက်ဖက်အောင် ညှိထားပြီးသားဖြစ်နေလို့ပဲဖြစ်တယ်။ တရားဟောဆရာတစ်ယောက်ရဲ့ နှုတ်ကမြွတ်ကြားလိုက်တဲ့ စကားလုံးသက်သက်သာ မဟုတ်ပဲ ဘဝရဲ့ စကားလုံးတွေဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ဘ၀မှာနေထိုင်ဖို့ ကောင်းတဲ့အကျင့်အကြံတွေ၊ အတ္တမပါတဲ့ ချစ်ခြင်းမေတ္တာတရားတွေက အဲဒီစကားလုံးတွေထဲမှာ ပေါင်းစည်းပျော်ဝင်နေသေးတာကြောင့်ပဲဖြစ်တယ်။

ကဗျာဆရာဟာ အားနက်စ် စကားပြောနေတာကို နားထောင်နေရင်းနဲ့ အားနက်စ်ရဲ့ အကျင့်ဂုဏ်အင်နဲ့ ဘဝကိုယ်တိုင်ကိုက သူရေးသားခဲ့ပြီးသမျှ ကဗျာတွေထက် ပိုလို့ ထူးကဲမြင့်မြတ်နေတဲ့ ကဗျာရှည်တစ်ပုဒ်ပါလားလို့ ခံစားလိုက်မိတော့တယ်။

ကဗျာဆရာရဲ့  မျက်ဝန်းမှာ မျက်ရည်တွေပြည့်လာတယ်။ အားနက်စ်ကို ငေးစိုက်ကြည့်ရင်း "ဘဝမှာ ဒီလောက် သိမ်မွေ့ပြီး စိတ်သဘောထားလည်း ပြည့်ဝ၊ အသိဉာဏ်ပါ ကုံလုံပြည့်စုံနေတဲ့ ဒီလိုပညာရှိမျိုးကို ငါ မတွေ့ဖူးခဲ့ပါလား။ မဖီးမသင်ပဲထားတဲ့ ဆံပင်တွေကလည်း ဝေ့ဝဲလို့ ဉာဏ်ပညာကြောင့် ဂုဏ်ကျက်သရေတင့်တယ်မှုမှာ ပံ့ပိုးပေးနေလေရဲ့” လို့ သူ့ဘာသာ တစ်ကိုယ်တည်း ပြောနေမိတယ်။

ညနေစောင်းရဲ့ ရွှေရောင်အလင်းတန်းအောက်မှာ ကျောက်သားမျက်နှာကြီးကို ခပ်လှမ်းလှမ်းရှိနေပေမယ့်လို့ ကဗျာဆရာဟာ သေသေချာချာကိုမြင်နေရတယ်။ မြူတွေကလည်း ကျောက်သားမျက်နှာကြီးရဲ့  ပတ်ချာလည်မှာ ဆိုင်းလို့နေတယ်။ အားနက်စ် ရဲ့ နှဖူးပေါ်က ဝဲကျနေတဲ့ အဖြူရောင်ဆံပင်တွေနဲ့တောင် သွားပြီး ဆင်တူနေသေးတော့တယ်။ မျက်နှာကြီးရဲ့  ကြင်နာရက်ရောတတ်တဲ့ သွင်ပြင်အမူအရာဟာ ကမ္ဘာလောကကြီးတစ်ခုလုံးကို ပွေ့ဖက်လိုက်တော့မယ့်အလား ထင်ယောင်မိစေတယ်။

အဲဒီ တဒင်္ဂ အခိုက်အတန့်မှာ ကဗျာဆရာဖြစ်သူဟာ မြင့်မြတ်ခမ်းနားမှု တစ်ခုခုကို တွေ့လိုက်ရတဲ့အလား မျက်နှာမှာ အရိပ်အယောင် ထင်ရှားလာပြီး၊ သူ့လက်တွေကို ဝှေ့ရမ်းကာ အော်ပြောလိုက်တယ်။ " မြင်လား" " မြင်ကြလား" "အားနက်စ် ကိုယ်တိုင်ကိုက ကျောက်သားမျက်နှာနဲ့ ဆင်တူနေတာပဲဟေ့။"

လူတွေအကုန်လုံး ကဗျာဆရာ ပြောတာကို လိုက်ကြည့်ကြပြီး သူပြောတာမှန်တယ်လို့ ထောက်ခံကြတယ်။ တဘောင်စကားဟာ မှန်သွားခဲ့ပြီဖြစ်တယ်။

ဒါပေမယ့် အားနက်စ် ကတော့ သူပြောစရာရှိတာတွေကို ပြီးအောင်ပြောတယ်။ အဲဒီနောက် ကဗျာဆရာရဲ့ လက်ကို ပြန်တွဲပြီး သူ့အိမ်ဘက်ကိုသာ ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်သွားတယ်။

သူ့စိတ်ထဲမှာတော့ သူ့ထက်လည်း ပိုတော်၊ သူ့ထက်လည်း ဉာဏ်အမြော်အမြင်ပိုရှိတဲ့ ကျောက်သားမျက်နှာနှင့် ဆင်တူသူ ပေါ်လာလိမ့်အုံးမှာပဲလို့ မျှော်လင့်လျက်ရှိနေသေးတုန်း ဖြစ်ပါတော့တယ်။

ပြီးပါပြီ။

Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။

ဆက်လက်ဖတ်ရှုရန်