Sunday, December 17, 2017

ကျောက်တောင်ထက်က မျက်နှာ (၇)




(၇)

စစ်သေနာပတိကြီး ရောက်လာမယ့်နေ့မှာ၊ အားနက်စ် ရော လွင်ပြင်ဒေသကြီးမှာရှိကြတဲ့ တခြားလူတွေရောဟာ သူတို့ရဲ့ အလုပ်တွေကို ထားခဲ့ကြပြီး၊ တခမ်းတနားဂုဏ်ပြုကြိုဆိုပွဲအတွက် ပြင်ဆင်ထားတဲ့နေရာကို ရှေးရှုသွားခဲ့ကြတယ်။ စစ်သားတွေကစောင့်ကြပ်၊ အလံတွေဝှေ့ယမ်းလို့၊ လူတွေက သောင်းသောင်းဖြဖြနှင့် အော်ဟစ်ကြိုဆိုနေခဲ့ကြတယ်။ သွေးမိုးကြိုးကြီး ရဲ့ မျက်နှာကို မြင်တွေ့ရဖို့ဆို အတော်လေးလှမ်းတဲ့နေရာတစ်ခုမှာ အားနက်စ်က ရပ်နေတယ်။ ဒါပေမယ့် သူ အသံတွေကိုကြားနေရတယ်။

"မျက်နှာက တစ်ထေရာတည်းပဲ။" လူတစ်ယောက်က ပျော်လွန်းလို့ ကခုန်ရင်း အော်ပြောလိုက်တယ်။
.
"အဲဒီအတိုင်းပဲဟေ့။ ဒါပဲလေ အံ့သြကြည်နူးစရာပဲ။" တဲ့ တစ်ယောက်က ပြန်ပြောတယ်။

တတိယတစ်ယောက်ကလည်း "ဘာလို့ မပျော်မရှိရမလဲ။" လို့ အော်ပြောနေတယ်။ "ဒီနေရာမှာရော၊ တခြားအနေအထားတွေမှာရော သူဟာ အကြီးကျယ်အမြင့်မြတ်ဆုံးပဲ ဆိုတာ သံသယဖြစ်စရာကိုမရှိဘူး။"

နောက်ဆုံးမှာတော့ အားနက်စ်ဟာ စစ်သေနာပတိကြီးရဲ့ မျက်နှာကို တွေ
့လိုက်ရတယ်။ တပြိုင်တည်းအကြည့်မှာ သူဟာ ကျောက်သားမျက်နှာကြီးကိုပါ ဘေးအနေအထားကနေ မြင်နိုင်လိုက်တယ်။ လူအုပ်ကြီး ပြောနေကြသလိုမျိုး စစ်သေနာပတိကြီး နဲ့ ကျောက်သားမျက်နှာ ဆင်တူနေတယ်ဆိုရင်တော့ အားနက်စ် ကြည့်လိုက်ချိန်မှာကျ အဲဒါကို ဝန်ခံလိုက်ဖို့ဆိုတာ မလွယ်ကူဘူး ဖြစ်နေတယ်။
.
"အားနက်စ် ဘာမှ မစိုးရိမ်နဲ့ " လို့ ကျောက်သားမျက်နှာကြီးက တိုးတိုးလေးကပ်ပြီး ပြောလိုက်သလိုမျိုး သူ့စိတ်က ပြောလိုက်တယ်။
"အားနက်စ် ဘာမှ မစိုးရိမ်နဲ့။ သူ လာမှာပါကွယ်။"

to be continued...

Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။

No comments:

Post a Comment