Wednesday, October 11, 2017

သတိဖြင့်နေထိုင်ခြင်း (By Thich Nhat Hanh)





ငြိမ်ငြိမ်လေး ထိုင်ပြီး တရားမှတ်နေတဲ့ အချိန်တစ်ခုတည်းမှာသာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် သတိကပ်ပြီး နေလို့ရတာမျိုး မဟုတ်ပါဘူး။ မတ်တပ်ရပ်နေတဲ့အချိန်၊ လှဲလျောင်းနေတဲ့အချိန်၊ လမ်းလျှောက်နေတဲ့အချိန် နှင့် အလုပ်လုပ်နေရတဲ့ အချိန်တွေမှာတောင် စိတ်ကို ငြိမ်းချမ်းအောင်ထားထားလို့ရပါတယ်။ ဘယ်လိုအရာကများ သတိဆိုတဲ့ အလင်းနေရောင်ခြည်ကို လမ်းလျှောက်နေတဲ့အချိန်၊ လက်ဖက်ရည်၊ ကော်ဖီ ဖျော်နေတဲ့အချိန်၊ အ၀တ်လျှော်နေတဲ့အချိန်မျိုးတွေမှာ ၀င်လာလို့မရအောင် တားထားနိုင်မှာလဲ။
ဘုန်းကြီးကျောင်းမှာ ကိုရင်အဖြစ်နှင့် စရောက်တဲ့ အချိန်တွေတုန်းက ဥယျဉ်ထဲက အပင်တွေကို ပေါင်းသင်ရတာ၊ ကန်ပတ်လည်တစ်လျှောက် သစ်ပင်ပေါ်က သစ်ရွက်တွေကို သပ်ရပ်အောင်လို့ ဖြတ်ရတာ၊ မီးဖိုချောင်ထဲက ပန်းကန်တွေကို ဆေးရတာ စတဲ့ လုပ်ဆောင်မှုတိုင်းမှာ သတိနှင့် လုပ်တတ်ဖို့ကို လေ့ကျင့်ခဲ့ရပါတယ်။ နေ့စဉ်သတိနှင့်လုပ်ဆောင်တတ်ဖို့ ပြဋ္ဌာန်းထားတဲ့ သင်ရိုးစာအုပ်လေးအတိုင်း လေ့ကျင့်ခဲ့ရတယ်။ ဒီစာအုပ်လေးက ညွှန်ကြားတဲ့အတိုင်း လှုပ်ရှားမှုတိုင်းမှာ သတိလိုက်ကပ်ပေးရတယ်။ အိပ်ယာက နိုးနိုးချင်း နိုးပြီဆိုတာကို သိပေးရတယ်။ အင်္ကျီကို ကြယ်သီးတပ်နေတဲ့အချိန်မှာဆိုရင် ကြယ်သီးတပ်နေတာကို သိနေရတယ်။ လက်တွေကို သန့်ရှင်းအောင် ဆေးကြောနေချိန်မှာလည်း လက်ဆေးနေတာလေးကို သိနေရတယ်။ ဒီလို လက်ဆေးနေတဲ့အချိန်၊ ကြယ်သီးတပ်နေတဲ့အချိန်တွေမှာ သတိပိုခိုင်မြဲအောင်လို့ သင်ရိုးစာအုပ်လေးထဲမှာပါတဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းနှင့် သက်ဆိုင်တဲ့ လင်္ကာအတိုလေးတွေကို လိုက်ပြီး ပါးစပ်ကနေ ရွတ်ဆိုပေးရတယ်။
ဥပမာအနေနှင့် အင်္ကျီကြယ်သီးတပ်နေတဲ့အချိန်မှာ ဒီကဗျာလေးကို ရွတ်ရတယ်။
အင်္ကျီကြယ်သီး တပ်နေချိန်
အားလုံး သတ္တ၀ါတွေ
စိတ်နှလုံး နွေးထွေးလုံခြုံ ရှိကြပါစေ။
ဒီလို ကဗျာလင်္ကာလေးတွေရဲ့  အကူအညီနှင့်ပဲ သတိအလင်းရောင်ဟာ ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုတွေမှာသာမကပဲ အတွေးတွေနှင့် စိတ်ခံစားမှုတွေအပေါ်မှာပါ လွယ်လွယ်ကူကူနှင့် ဖြာကျလာစေခဲ့ပါတယ်။
ငယ်ငယ်တုန်းက အမေက အမတွေကို မိန်းခလေးဆိုတာ သွားလာလှုပ်ရှားမှုတိုင်းမှာ သတိထားပြီး လုပ်ရမယ်လို့ ဆုံးမတာမျိုးကို ခဏခဏကြားရတတ်တယ်။ ဒီလို အမေက အမတွေကို ဆုံးမတဲ့အခါမျိုးမှာ ငါတော့ယောကျာ်းလေးဖြစ်နေလို့ သူတို့တွေလိုမျိုး သတိထားနေစရာမလိုဘူးလို့ တွေးပြီး ၀မ်းသာခဲ့ရဖူးတယ်။ ဒါပေမယ့် တရားကို စပြီး အားထုတ်တတ်တဲ့ အချိန်ရောက်လာတော့မှ ကိုယ့်ရဲ့  လှုပ်ရှားမှုတွေအပေါ်မှာ ထားရတဲ့သတိဟာ အမတွေ ထားခဲ့ရတဲ့ သတိထက် အဆရာထောင်မက ပိုပြီး ပေးရတယ်ဆိုတာကို သဘောပေါက်ခဲ့ရတော့တယ်။ လှုပ်ရှားမှုတွေမှာသာ မကပါဘူး၊ ကိုယ့်ရဲ့  အတွေးတွေနှင့် ခံစားမှုတွေ အပေါ်မှာပါ သတိက လိုက်ပြီး ထားပေးရပါတယ်။
လှုပ်ရှားမှုတိုင်းမှာ သတိလေးနှင့် လုပ်နေတဲ့ မိန်းခလေးတစ်ယောက်ဟာ ပိုပြီး ဣနြေ္ဒရလာတယ်၊ကျက်သရေရှိလာတယ် ဆိုတာကို အမေတွေက သိထားကြတယ်။ သူ့ရဲ့  လှုပ်ရှာမှုတွေဟာ ဟော့ဟော့ရမ်းရမ်း မဖြစ်တော့ဘူး၊ ပျာရိပျာယာမဖြစ်တော့ဘူး။ ဒီမိန်းခလေးဟာ သိမ်မွေ့ အေးချမ်းပြီး ကျက်သရေရှိလာတော့တယ်။ တကယ်တော့ အဲဒီအချိန်တွေတုန်းက အမေဟာ သတိမထားမိပဲ အမတွေကို တရားအားထုတ်နည်းစနစ်ကို သင်ကြားပေးနေခဲ့တာသာ ဖြစ်ပါတယ်။
ဒီနည်းအတိုင်းပါပဲ။ တစုံတစ်ယောက်ဟာ သတိနှင့် နေထိုင်တဲ့နည်းစနစ်ကို လေ့ကျင့်နေပြီဆိုရင် သူ့ကိုမြင်ရကြည့်ရတာဟာ အလွန်ကိုပဲ ကျက်သရေရှိလှပါတယ်။ တရားပြဆရာလုပ်သူအနေနှင့် မိမိတပည့်ရဲ့  တရားအဆင့်ကို သိဖို့အတွက်ဆိုရင် သူ ဘယ်လို ခေါင်းလောင်းထိုးနေသလဲ၊ တံမြက်စည်းကို ဘယ်လိုလှည်းနေသလဲ၊ စားသောက်ဖို့အတွက် စားပွဲဘယ်လိုပြင်ဆင်နေသလဲဆိုတာမျိုးတွေကို ကြည့်ပြီး ခန့်မှန်းသိရှိနိုင်ပါတယ်။ ဒီလှုပ်ရှားမှုပုံစံတွေဟာ သတိကိုလေ့ကျင့်ပျိုးထောင်ရာကနေ ထွက်ပေါ်လာတဲ့ သူ့ရဲ့  တရားရင့်ကျက်မှု အခြေအနေ (သို့မဟုတ်) သတိနှင့် နေထိုင်ခြင်းရဲ့  အသီးအပွင့်အနှစ်အရသာပဲဖြစ်ပါတယ်။
Thich Nhat Hanh
(From "The Sun My Heart")

No comments:

Post a Comment