Sunday, October 15, 2017

ကျောက်တောင်ထက်က မျက်နှာ (၂)



ကြီးကျယ်မြင့်မြတ်တဲ့ ပုံပန်းသဏ္ဍာန်၊ ချစ်ခင်နှစ်လိုဖွယ်အပြည့်နှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထွေးယူပွေ့ဖက်လိုက်တော့မလားလို့ စိတ်မှာထင်ရလောက်အောင် အသက်ဝင်တဲ့ ဒီကျောက်တောင်ထက်က မျက်နှာကြီးရဲ့  အောက်မှာ ကလေးဘ၀ကနေ လူပျို၊ အပျိုတွေအဖြစ် အရွယ်ရောက် ကြီးပြင်းလာခွင့် ရခဲ့ကြတာဟာ ကလေးတွေအတွက်တော့ အင်မတန်ပျော်ရွှင်စရာကောင်းတဲ့ ကံထူးမှုဆုလဒ်ကြီးတစ်ခုလို ဖြစ်ကြရပါတယ်။ ဒီကျောက်သားမျက်နှာကြီးကို ကြည့်ရင်းကပဲ သူတို့တွေ ပညာသင်ယူခဲ့ကြရတယ်။ လူအများစုကတော့ ဒီတောင်ကြားလွင်ပြင်ကြီးမှာ အခုလို ဖွံ့ဖြိုးတိုးတက်လာတာ၊ တိမ်တွေအရောင်တောက်တာ၊ နေရောင်ခြည်တွေ နွေးထွေးစွာ ဖြာဆင်းနိုင်တာတွေဟာ ဒီကျောက်သားမျက်နှာကြီးကပဲ အမြဲသူ့ရဲ့  ကြင်နာသနားမှုတွေနှင့် စီစဉ်ပေးနေတာမို့ ကျေးဇူးတရား အင်မတန်ကြီးမားတယ်ဆိုပြီး ယုံကြည်လက်ခံထားကြတယ်။
အစမှာ ပြောခဲ့သလို သားအမိနှစ်ယောက်ဟာ သူတို့အိမ်ရဲ့  တံခါးပေါက်ဝလေးမှာ အတူတူထိုင်ကြရင်း ဒီကျောက်တောင်ထက်က မျက်နှာကြီးရဲ့ အကြောင်းကို ပြောနေကြတယ်။ ကောင်လေးရဲ့ နာမည်က အားနက်စ်လို့ ခေါ်တယ်။
“မေမေ၊ တကယ်လို့ ဒီမျက်နှာကြီးကသာ စကားပြောနိုင်မယ်ဆိုရင်လေ သူ့မျက်နှာက ကြင်နာသနားတတ်တဲ့ပုံပေါက်နေတော့ သူ့အသံကလည်း အရမ်းသာယာမှာပဲနော်။ တကယ်လို့သာ ဒီလိုမျက်နှာနှင့်လူမျိုးကို အပြင်မှာသာ တွေ့ခွင့်ရခဲ့ရင် သား တကယ်ကို ခင်မင်မိမှာပဲ” လို့ အမေဖြစ်သူကို သူ့စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်တယ်။
”တကယ်လို့ ရှေးကပြောလာကြတဲ့ တဘောင်စကားသာ မှန်ခဲ့မယ်ဆိုရင်တော့ မေမေတို့တွေ တချိန်ချိန်မှာ ဒီကျောက်သားမျက်နှာနှင့် တူတဲ့သူကို မြင်တွေ့ခွင့်ရလာကြလိမ့်မယ် သား။”
”ဘယ်လို တဘောင်စကားလဲ မေမေ၊ သားကို ပြောပြပါ။” လို့ အားနက်စ်လေးက အားတက်သရော သူ့အမေကို မေးလိုက်တယ်။ ဒီအခါ အမေလုပ်သူက သူကိုယ်တိုင် အားနက်စ်လေးထက်ပိုငယ်အုံးမယ့်အရွယ်လောက်တုန်းက သူ့ကို သူ့အမေက ပြောပြခဲ့ဖူးတဲ့ ပုံပြင်လေးအကြောင်းကို သူ့သားကို ပြန်ပြောပြတယ်။
”ဒီပုံပြင်က ဖြစ်ပြီးသားအကြောင်းအရာမျိုးမဟုတ်ပဲ ဖြစ်မလာသေးတဲ့ ပုံပြင်တစ်ပုဒ်ပေါ့။ ဒီလွင်ပြင်ကြီးမှာ ဟိုး အစောဆုံးအခြေချနေထိုင်သွားကြတဲ့ အင်ဒီယန်းလူမျိုးတွေက သူတို့ရဲ့  ဘိုးဘေးတွေကနေတဆင့် ဒီအကြောင်းကို သေသေချာချာ ကြားနာမှတ်သားခဲ့ရတာမျိုးပေါ့။ အဲဒီတဘောင်စကားကို စီးဆင်းနေတဲ့ တောင်ကျစမ်းရေတွေ၊ ဟိုးသစ်ပင်ထိပ်ဖျားမှာ တိုက်ခတ်သွားတဲ့ လေနုအေးလေးတွေက တီးတိုးလေးရွတ်ဆိုသွားခဲ့ကြတယ်လို့ ဆိုတယ်။ အနာဂတ်တချိန်ချိန်မှာ ဒီအရပ်ဒေသမှာ လူတစ်ယောက်မွေးဖွားလာလိမ့်မယ်။ သူဟာ အဲဒီခေတ်ရဲ့  အကြီးကျယ်ဆုံး၊ အမြင့်မြတ်ဆုံး လူသားတစ်ယောက်ဖြစ်လာလိမ့်မယ်။ နောက်ပြီး သူ့ရဲ့ မျက်နှာပုံပန်းသွင်ပြင်ဟာ ဒီကျောက်သားမျက်နှာကြီးအတိုင်း ကွက်တိကို တူလိမ့်မယ်တဲ့ သားရေ။
ရှေးရိုးစွဲလူတွေသာမဟုတ်ပဲ လူငယ်လူလတ်ပိုင်းတွေကအစ ဒီတဘောင်စကားအပေါ်မှာ အခိုင်အမာယုံကြည်မျှော်လင့်ခဲ့ကြတာပေါ့။ ဒီနယ်မြေလေးကနေ တခြား အပြင် ကမ္ဘာအရပ်ရပ်ကို ရောက်ဖူးခဲ့ကြတဲ့သူတွေ အချို့ ကတော့ ဒီတဘောင်အပေါ် လူတွေ ပင်ပန်းစိတ်ကုန်သွားကြမယ့် အချိန်ကို စောင့်နေကြတာပဲ။ ဒီလိုကျောက်သားမျက်နှာနှင့် တူတဲ့သူလည်း တစ်ယောက်မှပေါ်မလာသေး၊ လူတွေကလည်း တစ်ယောက်နှင့်တစ်ယောက်က ကိုယ့်အိမ်နီးချင်းတွေနှင့်တောင် သူမသာ၊ ကိုယ်မသာ အရည်အချင်းတွေနှင့်လူတွေချည်းပဲဆိုတော့ ဒီတဘောင်စကားဟာ ဖြစ်လာနိုင်ဖို့မလွယ်ကူတဲ့ ပုံပြင်တစ်ပုဒ်လို့ပဲ သူတို့က ယူဆထားလိုက်ကြတော့တယ်။ ပြောရရင်တော့ ဒီတဘောင်ထဲက အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့လူသားဟာ အခုအချိန်အထိ ပေါ်မလာသေးဘူးပေါ့ကွယ်။”
”အို မေမေရယ်၊ သား ဒီလူကြီးကို မြင်ရတဲ့အချိန်အထိ အသက်ရှည်ရှည်နေချင်လိုက်တာ” လို အားနက်စ်လေးက သူ့လက်နှစ်ဖက်ကို ခေါင်းပေါ်ယှက်ရင်း အားတက်သရော ဆုတောင်းလိုက်တော့တယ်။
အမေလုပ်သူဟာ စဉ်းစားဉာဏ်အတွေးအခေါ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာမို့ သူ့သားလေးရဲ့  အားတက်သရော ဖြစ်နေတဲ့ဆန္ဒလေးကို စိတ်ပျက်သွားအောင် မတားဆီးလိုက်ချင်တာနဲ့ ”သားဆန္ဒအတိုင်း ဖြစ်လာမှာပေါ့ သားရယ်။” လို့ ပဲ ပြောလိုက်တော့တယ်။
to be continued.....
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။

No comments:

Post a Comment