Saturday, October 14, 2017

ကျောက်တောင်ထက်က မျက်နှာ (၁)



ညနေခင်းတစ်ခု....။
နေက တဖြေးဖြေးဝင်စပြုနေပြီ။
သားအမိနှ်စ်ယောက်ဟာ တိုက်အိမ်ငယ်လေးရဲ့  တံခါးဝတစ်ခုမှာ အတူတူထိုင်ကြရင်း ကျောက်တောင်ထက်က မျက်နှာကြီးရဲ့  အကြောင်းကို ပြောနေကြတယ်။ သူတို့နေရာကနေ ဟိုးမိုင်အတော်ဝေးဝေးနေရာကို လှမ်းကြည့်လိုက်ရင် ညနေခင်းရဲ့ နေရောင်အောက်မှာ လူတစ်ယောက်ရဲ့  မျက်နှာသွင်ပြင်လက္ခဏာတွေအတိုင်းဖြစ်နေတဲ့ ကျောက်သားမျက်နှာတစ်ခုကို မြင်နေကြရတယ်။
ကျောက်တောင်ထက်ကမျက်နှာဆိုတာ......?
အလွန်မြင့်မားတဲ့ တောင်စဉ်တောင်တန်းတွေ ကာရံလွှမ်းခြုံထားတဲ့ တောင်ကြားနေရာတစ်ခုမှာ ကြီးမားကျယ်ပြန့်တဲ့ လွင်ပြင်ချိုင့်ဝှမ်းကြီးတစ်ခုဟာ တည်ရှိနေတယ်။ အဲဒီနေရာလေးမှာ တွယ်မှီပြီး အခြေချနေထိုင်ကြသူတွေက အရေအတွက်အားဖြင့် ထောင်ချီရှိကြတယ်။ တချို့ တွေက မဲနက်နေတဲ့ မဟူရာ တောအုပ်ကြီးတွေ ၀ိုင်းရံထားတဲ့ မတ်စောက်ပြီး သွားလာရခက်ခဲတဲ့ တောင်နံရံတွေမှာ သစ်လုံးတဲအိမ်လေးတွေဆောက်ပြီး နေထိုင်ကြတယ်။ တချို့ ကတော့ တောင်စောင်း ပြေပြစ်ပြီး မြေသြဇာကောင်းတဲ့ တောင်ကြားလွင်ပြင်နေရာတွေမှာ လယ်တောအိမ်လေးတွေ အကျအနဆောက်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ပြီး နေထိုင်အသက်မွေးကြတယ်။ တချို့ တွေကတော့ အိမ်ခြေတွေ စုပေါင်းလိုက်ပြီး စည်ကားတဲ့ ရွာလေးတွေ တည်ပြီး နေလိုက်ကြတယ်။ ဟိုးတောင်ပေါ်ဒေသကနေ မြစ်ဖျားခံပြီးစီးဆင်းလာတဲ့ တောင်ကျချောင်းရေတွေကို သူတို့တွေရဲ့  ချည်ထည်လုပ်ငန်းစက်ရုံတွေမှာ စက်တွေလည်ပတ်ဖို့အတွက် သွယ်ယူစီမံအသုံးချကြတယ်။
ပြောရရင် ဒီတောင်ကြားချိုင့်ဝှမ်းကြီးမှာ အခြေချ နေထိုင်နေကြတဲ့သူတွေဟာ လူဦးရေလည်း များပြားသလို ဘ၀ပုံစံတွေလည်း အမျိုးမျိုးအဖုံဖုံ စုံလှတယ်။ ဒါပေမယ့် အဲဒီက ကလေး၊ လူကြီးအားလုံးဟာ ဒီ ကျောက်တောင်ထက်က မျက်နှာကြီးနှင့် ပတ်သက်လာရင်တော့ သဘာဝကပေးတဲ့ အင်မတန်ထူးခြားဆန်းပြားတဲ့ လက်ဆောင်မွန်ကို ပိုင်ဆိုင်ထားကြရသလိုမျိုး သူ့အပေါ်မှာ တနည်းနည်းနှင့် ရင်းနှီးကျွမ်းဝင်မှုရှိနေတတ်ကြတယ်။
ကျောက်တောင်ထက်က မျက်နှာကြီးဆိုတာကတော့ သဘာဝမိခင်က ထူးခြားဆန်းပြားစွာနှင့် ပုံဖော်ဖန်တီးပေလိုက်တဲ့ အရာတစ်ခုပေါ့။ ထောင့်မှန်ပုံတည့်မတ်နေတဲ့ တောင်နံရံတစ်ခုပေါ်မှာ ကြီးမားတဲ့ ကျောက်တုံးတွေကြောင့် ခပ်ဝေးဝေးကနေလှမ်းကြည့်လိုက်ရင် လူတစ်ယောက်ရဲ့  မျက်နှာပုံပန်းသွင်ပြင်အတိုင်း အတိအကျဖြစ်နေတဲ့ ကျောက်သားမျက်နှာတစ်ခုပါပဲ။ သူ့ပုံစံက အင်မတန်ကြီးမားတဲ့ သက်ရှိသတ္တ၀ါကြီးတစ်ဦးလိုလို၊ Titan နတ်ဘုရားကပဲ သူ့ပုံတူကို ဒီလိုမတ်စောက်တဲ့ ကျောက်နံရံပေါ်မှာ ထွင်းထုထားခဲ့သလိုလိုထင်ရတယ်။
ကြီးမားကျယ်ပြန့်တဲ့ အကွေးနေရာက နှဖူးပုံကို ဖြစ်စေပြီး၊ ပေတစ်ရာလောက် အမြင့်ရှိမယ့်နေရာက ရှည်လျားတဲ့နှာတံနေရာကို ဖြစ်စေတယ်။ ကြီးမားပြီး ကွေးညွတ်နေတဲ့ နှုတ်ခမ်းလွှာတွေက စကားသာပြောနိုင်ရင် ကျယ်လောင်ခန့်ငြားတဲ့ လေယူလေသိမ်းနှင့် တောင်ကြားဒီဘက်ကနေ ဟိုဘက်အထိကြားအောင် ပြောတော့မလိုလိုထင်ရတယ်။
တကယ်လို့ လေ့လာချင်သူတစ်ဦးဦးက ဒီကျောက်သားမျက်နှာကြီးရဲ့  အနီးဆုံးနေရာနားအထိ ချည်းကပ်ပြီး သွားကြည့်မယ်ဆိုရင်တော့ မြင်နေခဲ့ရတဲ့ မျက်နှာပုံပန်းသဏ္ဍာန်တွေဟာ ပျောက်ကွယ်သွားပြီး ကြီးမားလေးလံတဲ့ကျောက်တုံးကြီးတွေ မညီမညာတစ်တုံးပေါ်တစ်တုံးဆင့်ပြီး အပုံလိုက်ဖြစ်နေတာကိုပဲ တွေ့ရမှာပါ။ သူ့ခြေလှမ်းတွေကို တဖြေးဖြေးနောက်ပြန်ဆုတ်လိုက်ချိန်မှာတော့ အံ့သြစရာကောင်းတဲ့ ဒီမျက်နှာပုံစံကြီးကို တခါပြန်ပြီးမြင်ရပါလိမ့်မယ်။ အဲဒီနေရာကနေ ပိုပိုဝေးဝေးသွားလေလေ ဒီကျောက်သားမျက်နှာကြီးဟာ နတ်ဘုရားတွေကိုယ်တိုင် ဖန်ဆင်းထုလုပ်ထားတဲ့ လူသားတစ်ယောက်ရဲ့  အသက်ဝင်နေတဲ့မျက်နှာသွင်ပြင်တစ်ခုလိုမျိုး တောင်စဉ်တောင်တန်းတွေအလယ်က မြူခိုးတိမ်ဆိုင်တွေရဲ့ ကြားမှာ တဖြေးဖြေး မှိန်ဖျော့ပျောက်ကွယ်သွားတဲ့အထိ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

to be continued..... 

Nathaniel Hawthorne ရဲ့  The Great Stone Face ကို လက်တည့်စမ်း၍ ပြန်ဆိုပါသည်။

No comments:

Post a Comment