Sunday, February 5, 2017

ပရိယတ္တိကိုလည်း မမေ့ကြဖို့




ဒီနှစ်ပိုင်းတွေထဲ Facebook ပေါ်မှာ တရားအားထုတ်ထားကြတဲ့ ယောဂီတွေတင်နေကြတဲ့ ပို့စ်တွေ၊ တရားဆွေးနွေး (ငြင်းခုံရန်ဖြစ်) နေကြတာတွေကို လိုက်ဖတ်ကြည့်ဖြစ်ရင်း သာသနာတော်မှာ ပရိယတ္တိရဲ့ အခန်းကဏ္ဍဟာ တော်တော်လေး အရေးကြီးတယ်ဆိုတာကို ရှေးကထက် ပိုပိုသဘောပေါက်လာပါတယ်။

မိမိတို့ကို တရားပြသပေးလိုက်တဲ့ ဆရာသမားတွေအနေနှင့် ပရိယတ္တိစာပေကို ကောင်းကောင်း မသင်ကြားခဲ့ဖူးတဲ့ တောထွက်ရဟန်းတော်တွေဖြစ်ချင်လည်း ဖြစ်မယ်။ လူဝတ်ကြောင်ယောဂီတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီအပေါ်မှာ မိမိတို့ဘက်က ငါ့ဆရာလည်း စာပေတတ်ကျွမ်းနှံ့စပ်တာမဟုတ်ဘူး။ ဒါပေမယ့် ခန္ဓာနှင့် တရားကို နားလည်သဘောပေါက်ထားတယ်။ ဒါကြောင့် ငါတို့လည်း စာပေတွေ လေ့လာနေဖို့မလိုဘူး။ တရားကို လက်တွေ့ကျင့်ကြံအားထုတ်ထားပြီးသား။ စာပေနှင့် လက်တွေ့ တစ်ထပ်တည်းကျဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆိုတဲ့အမြင်မျိုး ကိုင်စွဲထားကြပြီး စာပေအပေါ်အထင်မကြီးတဲ့စိတ်တွေ ဖြစ်နေတာ သတိထားမိပါတယ်။

ဒီနေရာမှာ သတိပြုမိစေချင်တာက ဆရာကြီးဦးဘခင်တို့၊ ဆရာကြီးဦးဂိုအင်ကာတို့ဟာ အစပိုင်းမှာ တရားကို လက်တွေ့အားထုတ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ပရိယတ္တိစာပေတွေကို ထဲထဲဝင်ဝင်လေ့လာခဲ့ကြပြီး တရားပြဆရာတွေအဖြစ်နှင့် မြန်မာနှင့် ကမ္ဘာမှာ ရပ်တည်ခဲ့ကြတာကို မမေ့စေချင်ပါဘူး။

လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က လူရင်းထဲက တစ်ယောက်က သူနှင့်ရင်းနှီးတဲ့ စာတတ်ဦးဇင်းလေးတစ်ပါးကို သူအားထုတ်ထားတဲ့ တရားအတွေ့အကြုံတွေလျှောက်ပါတယ်။ ဒီအခါမှာ အဲဒီကိုယ်တော်က အဘိဓမ္မာကို လေ့လာဖူးလားလို့ ပြန်မေးပါတယ်။ မလေ့လာဖူးဘူးလို့ ပြန်ဖြေတော့ ဒါဆိုရင် အဘိဓမ္မာကို လေ့လာကြည့်စေချင်ပါတယ်လို့ မိန့်ကြားဖူးတယ်လို့ သူ ပြန်ပြောပြတာကို စိတ်ထဲမှာ မှတ်မှတ်သားသား ဖြစ်နေခဲ့တယ်။ အခု အဲဒီအကြောင်းအရာကို  ပြန်စဉ်းစားကြည့်တော့ ဒီကိုယ်တော်ဟာ သွယ်ဝိုက်တဲ့နည်းနှင့် ပညာသားပါပါလေး သတိပေးသွားတာပါလား ဆိုတာကို မြင်လာမိတယ်။

မိမိအားထုတ်လို့ သိမြင်ထားတဲ့တရားတွေဟာ ခန္ဓာနှင့်ရင်းပြီးသိထားတာမို့လို့ မမှန်ဘူးလို့တော့ မပြောလိုပါဘူး။ ဒါပေမယ့် အဲဒီကိုယ်သိထားတာတွေဟာ ဆရာသမားက သတ်မှတ်ထားတာ၊ ပြောထားတာနှင့် ကိုက်ညီနေလို့မို့၊ တခြား ကိုယ်လိုအားထုတ်နေတဲ့ ယောဂီတွေဖြစ်နေတာတွေနှင့် တစ်ထပ်တည်းကျ၊ တူညီတိုက်ဆိုင်နေလို့မို့ မှားစရာ မရှိနိုင်ဘူးလို့တော့ တစ်ထစ်ချမယူဆစေလိုပါဘူး။ 

ကိုယ်သိထားတာကို ကျမ်းဂန်နှင့်တိုက်စစ်နိုင်ရင်တိုက်စစ်၊ ဒါမှမဟုတ် စာပေကျွမ်းကျင်နှံ့စပ်တဲ့ ရဟန်းသံဃာတော်တွေနှင့် မေးမြန်းပြီး လမ်းကြောင်းမှန်မမှန်၊ တကယ်ပန်းတိုင်ရောက်တာ ဟုတ်မဟုတ် စီစစ်ကြည့်ကြစေချင်ပါတယ်။

တရားအားထုတ်ထားကြလို့ တရားအရှိန်နှင့် သဒ္ဓါတရားတွေထက်သန်ပြီး မိမိကတော့ ဘယ်လိုတရားတွေတွေ့ထားတယ်။ ဘယ်လိုဘယ်လောက်ခရီးပေါက်နေပြီ စသဖြင့် ကိုယ်နှင့်ရင်းနှီးတဲ့သူတွေကို ကိုယ်လိုမျိုးဖြစ်စေချင်တဲ့စေတနာနှင့် ပြောဆိုစည်းရုံးကြတာကို နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ကိုယ်သိထားပါတယ်လို့ ပြောနေတဲ့တရားဟာ စာပေနှင့် လွဲနေတဲ့အခါမျိုး၊ ကိုယ်ထင်သလို ခရီးမပေါက်သေးတာမျိုး ရှိနိုင်တယ်ဆိုတာကို သတိချပ်စေချင်တာပါပဲ။

အနောက်တိုင်းသားတွေထဲမှာလည်း စွဲစွဲမြဲမြဲ တရားအားထုတ်နေကြတဲ့သူတွေ၊ တရားပြနေကြတဲ့သူတွေ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ရှိနေပါတယ်။ သူတို့တွေ ဘယ်လို Enlightenment ရသွားခဲ့ပါတယ် ဆိုတာမျိုး ရေးကြသားကြ၊ ဓါတ်ပုံတွေရိုက်တင်ကြတာမျိုးတော့ အခုအချိန်အထိ မတွေ့မိသလောက်ပါပဲ။ သူတို့ဘယ်လို ကြိုးကြိုးစားစား အားထုတ်တယ်ဆိုတာမျိုးလောက်ပဲ ရေးတတ်ကြပါတယ်။ မြန်မာဓလေ့နှင့် နိုင်ငံခြားသားဓလေ့ မတူလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အဓိက တိုက်တွန်းချင်တာကတော့ တရားအားထုတ်ထားကြတဲ့ ယောဂီများအနေနှင့် ပရိယတ္တိစာပေကို နိုင်သလောက် လေ့လာကြစေချင်ပါတယ်။ အဘိဓမ္မာပိုင်းကိုလည်း အချိန်ပေးပြီး လေ့လာကြပါ။ တခြားသော ကိုယ်နှင့် အားထုတ်နည်းမတူတဲ့ ဆရာသမားတွေရဲ့  နည်းလမ်းတွေကိုလည်း လက်လှမ်းမီသလောက်လေ့လာကြပါ။ ကိုယ့်ဆရာသမားကို အလေးမထား စော်ကားပြစ်မှားတာ မဟုတ်ပေမယ့် သူပြောတာတစ်ခုတည်းချည်းပဲ အကြွင်းမဲ့ ယုံကြည်နေတာမျိုး မဖြစ်စေချင်ပါဘူး။ 

ငါ့မှာတရားရှိနေပြီဆိုပြီး တရားပိုင်ရှင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ရဲ့  စကားတွေကို မျက်ကွယ်ပြု ကျောခိုင်းပစ်ပယ်တော့ မထားလိုက်ကြပါနဲ့လို့ စေတနာအရင်းခံနှင့် သတိပေးစကားဆိုလိုက်ချင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment