Monday, December 25, 2017

ကျောက်တောင်ထက်က မျက်နှာ (၁၂)




(၁၂)

အဲဒီနောက်မှာ ဖြစ်လာပုံကတော့ … ကဗျာဆရာဖြစ်သူဟာ လွင်ပြင်ဒေသ အဝေးမှာ နေထိုင်နေသူ ဖြစ်ပေမယ့်လို့ အားနက်စ်အကြောင်းကို ကြားသိလာရုံသာမက၊ သူ့ရဲ့  ထူးခြားတဲ့ အကျင့်သိက္ခာကိုပါ သိလာခဲ့တယ်။ အားနက်စ်ဟာ ဆရာမရှိပေမယ့် ရှိနှင့်ပြီးသား ဉာဏ်ပညာနဲ့ သူ့ဘဝကို သူ မြင့်မြတ်ရိုးရှင်းစွာ နေထိုင်နေသူတစ်ယောက်ဖြစ်တယ်လို့ သူကြားသိထားတယ်။ အဲဒါကြောင့်ပဲ အားနက်စ် ကို သွားရောက်တွေ့ဆုံဖို့ ကြံစည် စိတ်အားသန်လာခဲ့တော့တယ်။

ဒီလိုနဲ့ နွေရာသီနံနက်ခင်းတစ်ခုမှာတော့ ကဗျာဆရာ ဖြစ်သူဟာ မီးရထားနဲ့ အားနက်စ်ရှိရာအရပ်ဆီကို စီးနင်းလိုက်ပါသွားတော့တယ်။ နေ့လည်နှောင်းပိုင်းမှာတော့ အားနက်စ် နေတဲ့ တိုက်ပုလေးရဲ့ ရှေ့ကို ရောက်သွားခဲ့တယ်။ အနီးအနားမှာ မစ္စတာ ဂဲသာဂိုးလ်အရင်ကနေထိုင်ခဲ့တဲ့ တကယ့်ကို အထက်တန်းကျလှတဲ့ ဟိုတယ်ကြီး ရှိနေပေမယ့်လို့ ကဗျာဆရာ ဖြစ်သူဟာ သူအိတ်လေးကို လက်ကြားညှပ်ရင်း ၊ အားနက်စ်နေထိုင်နေတဲ့အိမ်လေးမှာပဲ သူ့ကို ဧည့်သည်အဖြစ်လက်ခံပေးနိုင်မလားလို့ စုံစမ်းတော့တယ်။

တိုက်ငယ်လေးတံခါးကိုလည်း နီးလာရော ကဗျာဆရာ ဖြစ်သူဟာ အဖိုးအိုတစ်ဦးကို တွေ့လိုက်ရတယ်။ စာအုပ်တစ်အုပ်ကို လက်ထဲမှာ ကိုင်ထားလျက်ပေါ့၊ သူဖတ်နေတုန်းမို့နေပါလိမ့်မယ်။ သူ့လက်ချောင်းတွေကို စာရွတ်တွေကြားထဲမှာ ထိုးသွင်းပြီး မှတ်သားထားပုံရတယ်။ နောက်ပြီး ကျောက်သားမျက်နှာကြီးကိုလည်း အဖိုးအိုက သဘောတကျကြည့်နေလေရဲ့။

ကဗျာဆရာက နှုတ်ဆက်လိုက်တယ်။ "မင်္ဂလာပါ ခင်ဗျာ" "ခရီးသွားတစ်ယောက်အတွက် တစ်ညတာ နားခွင့်လေးများ ရနိုင်မလားခင်ဗျာ။"

"သိပ်ရတာပေါ့" အားနက်စ်က ပြန်ဖြေလိုက်တယ်။ တပြုံးပြုံနဲ့ ထပ်ဖြည့်ပြောလိုက်သေးတယ်။ "ကျောက်သားမျက်နှာကြီးက မျက်နှာစိမ်းတစ်ဦးကို ဖော်ဖော်ရွှေရွေ ကြည့်နေလိုက်တာများ ဒီလိုတခါမှ မမြင်ဖူးခဲ့ပါဘူး" တဲ့။

ကဗျာဆရာဖြစ်သူလည်း အားနက်စ်ဘေးမှာ ထိုင်ရင်း စကားတွေပြောခဲ့ကြတယ်။ သူ့ဘဝမှာ အားနက်စ်လောက် ဉာဏ်ပညာကြီးမားပြီး ကြင်နာတတ်သူ သိမ်မွေ့သူကို မတွေ့ခဲ့ဖူးဘူး၊ ဒီလိုပဲ တဖက်မှာလဲ အားနက်စ်ကလည်း ကဗျာဆရာ ရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ စိတ်ပုံရိပ်လွှာတွေကို သိပ်ကို နှစ်သက်စွာနဲ့ စီးမျောနားထောင်နေခဲ့တော့တယ်။ ကဗျာဆရာ ပြောလိုက်သမျှကို လိုက်ပါနားထောင်ရင်း သူ့စိတ်ထဲမှာ ကျောက်သားမျက်နှာကြီးကတောင် လာရောက် ညွှတ်ကိုင်းပြီး နားထောင်နေတယ်လို မြင်ယောင်လာမိတယ်။ ကဗျာဆရာရဲ့ မျက်ဝန်းတွေကို ငေးလို့ကြည့်နေရင်း အားနက်စ်ကမေးလိုက်တယ်။
.
"ငါ့ရဲ့ပါရမီရှင် ဧည့်သည်တော်ကြီးရေ။ မင်းက ဘယ်သူများ ဖြစ်နေမှာပါလိမ့်ကွယ်" တဲ့။

to be continued.....

Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။


ဆက်လက်ဖတ်ရှုရန်

Sunday, December 24, 2017

ကျောက်တောင်ထက်က မျက်နှာ (၁၁)




(၁၁)

အဲဒီလိုနေလာရင်းနဲ့ပဲ နှစ်ကာလတွေ ဆက်လက်ရွေ့လျားသွားခဲ့ပါပြီ။ အားနက်စ်ရဲ့ ခေါင်းပေါ်မှာ ဆံပင်ဖြူတွေ ပေါက်လာပြီး နဖူးမှာလည်း အရေတွေဟာ တွန့်လို့ ပါးပြင်တွေပေါ်မှာလည်း အရေးအကြောင်းတွေနဲ့ဖြစ်လာပြီ။ သူဟာ လူအိုတစ်ယောက်ဖြစ်သွားခဲ့ပြီ။ ဒါပေမယ့် အနှစ်သာရကင်းမဲ့နေတဲ့ လူအိုတော့မဟုတ်ခဲ့ဘူး။ သူ့ခေါင်းပေါ်မှာ ပေါက်နေတဲ့ ဆံပင်ဖြူအရေအတွက်တွေနဲ့အမျှကို သူ့စိတ်ထဲမှာ အသိအမြှော်အမြင်တွေ ဟာ ရှိနေခဲ့တယ်။
.
မထင်မရှားဘဝ မှာ သူနေလို့မရတော့ဘူး။ အများက လိုက်ရှာတွေ့ချင်နေရတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပြီ။ လွင်ပြင်ဒေသ နယ်နမိတ်ကို ကျော်လွန်ပြီး သူဟာ ကျော်ကြားလာခဲ့တော့တယ်။ ကောလိပ်က ပါမောက္ခတွေ၊ မြို့ ကြီးပြကြီးက ထင်ရှားတဲ့ တက်ကြွလှုပ်ရှား သူတွေကတောင် သူ့နဲ့တွေ့ဖို့၊ စကားပြောဖို့ အဝေးကလာခဲ့ကြရတယ်။ လာတွေ့သူတိုင်းကို အားနက်စ်က သိမ်မွေ့တဲ့ရိုးသားဖြူစင်မှုနဲ့သာ လက်ခံတွေ့ဆုံတယ်။ စိတ်ကူးထဲပေါ်လာတာပဲ ဖြစ်ဖြစ်၊ သူ့စိတ်ထဲမှာ သို့မဟုတ် သူတို့စိတ်ထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်ငြိနေတဲ့အကြောင်းအရာတွေကိုပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ဆွေးနွေးပြောဆိုဖြစ်ကြတယ်။ သူတို့ချင်း စကားပြောနေကြချိန်မှာဆို ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ရောင်ခြည်အောက်မှာ အားနက်စ်မျက်နှာဟာ တောက်ပလို့နေတတ်တယ်။ လာရောက်စကားပြောသူတို့အပေါ်မှာပါ မသိမသာ အလင်းရောင် ပေးထားသလိုမျိုးတောင် ရှိနေတတ်လေရဲ့။

အားနက်စ်အသက်အရွယ်ရလာချိန်မှာ ဘုရားသခင်က ကဗျာဆရာတစ်ယောက်ကို ကမ္ဘာမြေအတွက် ဖန်ဆင်းပေးတော်မူခဲ့တယ်။ အဲဒီကဗျာဆရာက တကယ်က လွင်ပြင်ဒေသကပဲ ဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ ချိုမြဂီတကိုအရင်းပြုရင်း ဘဝရဲ့ အချိန်ကာလ အများစုကို မြို့ ပြတွေမှာပဲ ဖျော်ဖြေပွဲတွေနဲ့ ကုန်ဆုံးလိုက်ရသူဖြစ်ခဲ့တယ်။ သူဟာ ဇာတိနဲ့ ဝေးနေပေမယ့် ကျောက်သားမျက်နှာကို မေ့မနေခဲ့ဘူး။ အဲဒီအကြောင်းကို သူ့ရဲ့  ကဗျာတွေမှာ တခမ်းတနားထည့်ရေးတတ်ခဲ့သူလည်း ဖြစ်တယ်။

အဲဒီကဗျာဆရာရဲ့ ကျောက်သားမျက်နှာနဲ့ ဆက်စပ်တဲ့ ကဗျာ တေးသွားတွေဟာ သူတို့ဘာသာ အားနက်စ် ဆီ ကို ဆိုက်ရောက်လာတယ်လို့ ပြောရမလားပဲ။ လုပ်နေကျ အလုပ်တွေနားချိန် သူ့တိုက်အိမ်လေးတံခါးနားက ခုံရှည်မှာ အားနက်စ်ဟာ ထိုင်လိုက်ရင်း အဲဒီကဗျာဆရာရဲ့ ကဗျာတွေကို သူဖတ်နေခဲ့တယ်။ ပြီးတော့ ကျောက်သားမျက်နှာကြီးရှိတဲ့နေရာဆီကို သူ့အကြည့်ကို ရွှေ့ လိုက်တယ်။
.
''ကျွန်တော့်ရဲ့မဟာသူငယ်ချင်းကြီးရေ '' … အားနက်စ်က ရေရွက်ရင်း ကျောက်သားမျက်နှာကြီးကို ပြောလိုက်တာက "ဒီကဗျာဆရာက ခင်ဗျားနဲ့ ဆင်မနေဘူးလားဗျာ" တဲ့။
.
ကျောက်သားမျက်နှာကြီးက ပြုံးယောင်ယောင်တော့ဖြစ်သွားပုံပဲ။ ဒါပေမယ့် တစ်ခွန်းမှတော့ ပြန်မဖြေခဲ့ဘူး။

to be continued.....

Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။

ဆက်လက်ဖတ်ရှုရန်

Saturday, December 23, 2017

ကျောက်တောင်ထက်က မျက်နှာ (၁၀)




(၁၀)

အဲဒီလိုနဲ့ အဲဒီ အထင်ကရနိုင်ငံရေးသမား ရောက်လာတဲ့နေ့မှာ မြင်းသည်တော်တွေကလည်း လမ်းတလျှောက် မြူးမြူးကြွကြွလှမ်းလို့ ဖုန်တွေတောင်တထောင်းထောင်းထနေတော့တယ်။ တိမ်လိုထူထပ်တဲ့ ဖုန်ထုက မြင်ကွင်းကိုတောင် ကွယ်သွားတာမို့ တောင်တန်းတွေကိုတောင် အားနက်စ် အနေနဲ့ မမြင်ရလောက်အောင် ဖြစ်သွားတယ်။ ဒေသရဲ့ လူကြီးလူကောင်းတွေကလည်း ကြိုဆိုတဲ့ လမ်းတလျှောက် နေရာယူထားပြီးပြီ။ စစ်သားတွေ၊ လွှတ်တော်အမတ်တွေ၊ ဒေသမှာရှိတဲ့ ရဲအရာရှိတွေ၊ သတင်းစာတိုက်က အယ်ဒီတာတွေပါမကျန်အောင် ကြိုဆိုနေကြတယ်။

အခုလိုမြင်ရတဲ့မြင်ကွင်းဟာ သိပ်ကို တောက်ပ ခမ်းနား တင့်တယ် လှပလွန်းလှတယ်။ အထူးသဖြင့်တော့ အဲဒီနိုင်ငံရေးသမားနဲ့ ကျောက်သားမျက်နှာကြီးတို့ရဲ့ ဆင်တူနေတဲ့ပုံတွေကို နှဖူးစည်းစာတမ်းတွေမှာပါ ရိုက်ပြီး လွှင့်တင်ထားကြတယ်။ အဲဒီပုံတွေအရတော့ သူတို့ နှစ်ဦးလုံး တူလိုက်တာ ညီရင်းအကိုတွေလို့တောင်ထင်ရတယ်။ အဲဒီလိုသာ အပြန်အလှန်ဆင်တူနေကြမယ်ဆိုရင် သိပ်ကို အံ့သြပျော်ရွှင်စရာကောင်းမှာပါပဲ။

ပြောပြဖို့ ကျန်နေသေးတာက တေးဂီတအဖွဲ့ပါသေးတယ် ဆိုတာပဲ ဖြစ်တယ်။ သူတို့တီးမှုတ်လိုက်တာတွေက ပဲ့တင်ထပ်လို့ တောင်တန်းတွေပါ မြူးပြီး၊ သံစဉ် အနိမ့်အမြင့်တွေကြားမှာ လွင်ပြင်ဒေသကြီးတစ်ခုလုံး ကိုယ့်တေးသံကိုယ် ပြန်ရှာတွေ့ပြီး ကြားနေရသလို လှပကြည်နူးစရာကောင်းနေတော့တယ်။ ကျောက်သားမျက်နှာကြီးကိုယ်တိုင်ပါ တေးသွားမှာ လိုက်ပါ စီးမျောလို့ နေနေပုံပဲ။ တီးနေတဲ့ တေးသွားကလည်း တဘောင်စကားအတိုင်း ကျောက်သားမျက်နှာ နဲ့ တူသူဟာ ဒေသကိုရောက်လာမှာရယ်လို့ သီဆို တီးမှုတ်နေကြတာကိုး။
.
အဲဒီတခဏအတွင်းမှာပဲ လူတွေက သူတို့တွေရဲ့  ဦးထုပ်တွေကို မြှောက်ပင့်ရင်း၊ ဝမ်းသာ ဂုဏ်ယူစွာ အော်လိုက်သံတွေကြားရပါတော့တယ်။ သိလိုဇောနဲ့ ရင်တွေပါ ခုန်ရင်း၊ အားနက်စ် ကိုယ်တိုင်လည်း သူ့ဦးထုပ်ကို မြှောက်လို့ အော်ဟစ်ကြိုဆိုနေတယ်။ သူ့အသံက အကျယ်ဆုံး ဖြစ်လောက်ပါရဲ့။ " ဟေး မဟာလူသားကွ၊ လူတော်ကြီးကွ၊ ဟေး ကျောက်သားမျက်နှာရှင်ကြီး" လို့အော်နေရှာတယ်။ တကယ်က အဲဒီလူကို အားနက်စ် မတွေ့ရသေးပါဘူး။ အဲဒီခဏမှာတင် လူတစ်ယောက်က ပြောလိုက်သံ သူကြားလိုက်တယ်၊
"အဲဒီမှာဟေ့ သူပဲ" ။
"ဟိုမှာလေ" "ဟိုမှာ"။
"ကြည့်လိုက်ကြစမ်းပါဗျာ"
"ကျောက်သားမျက်နှာရှင်ကြီး နဲ့ ကျောက်သားမျက်နှာတို့ ဆင်တူလိုက်ကြတာ"
"ညီအကိုလားတောင် ထင်ရတယ်"

အော်ဟစ်နေကြတဲ့လူအုပ်ကြီးရဲ့ အလယ်မှာ မြင်းဖြူလေးကောင်ကတဲ့ မြင်းရထားတစ်စီးပေါ်လာတယ်။ မြင်းရထားပေါ်မှာတော့ အထင်ကရနိုင်ငံရေးသမား ကျောက်သားမျက်နှာရှင်ကြီးကိုယ်တိုင် စီးနင်းလိုက်ပါလာတယ်။

အားနက်စ် ရဲ့ အိမ်နီးနားချင်းတစ်ယောက်က " ကျောက်သားမျက်နှာကြီး နဲ့ တူတဲ့ သူ ကို နောက်ဆုံးတော့ တွေ့ခဲ့ပြီ" လို့ သူ့ကိုလှမ်းပြောနေတယ်။
.
အားနက်စ် လှမ်းကြည့်လိုက်တဲ့အခါမှာတော့ နိုင်ငံရေးသမားရဲ့  ရုပ်ရည်သွင်ပြင်ဟာ ရဲရင့်မှုနှင့် စိတ်ဓါတ်ခိုင်မာမှုစတဲ့ အင်မတန်ထူးခြားကောင်းမွန်တဲ့ ကြန်အင်လက္ခဏာတွေကို ပိုင်ဆိုင်ထားပေမယ့် သူ့ စိတ်ထဲက အလွတ်ရနေပြီဖြစ်တဲ့ ကျောက်သားမျက်နှာကြီးနဲ့တူဖို့မှာတော့ တစ်စုံတစ်ခု ချွတ်ယွင်းနေတယ်။ ဘယ်လိုမှ မတူနိုင်ဘူးလို့ မြင်မိတယ်။

"ဟုတ်တယ်မဟုတ်လား"
"တူတယ်မဟုတ်လား၊ ဝန်ခံလိုက်။ သူသည်သာလျှင် ကျောက်သားမျက်နှာရဲ့ ပုံတူပဲ မဟုတ်လား။"

"မတူဘူး" ခပ်ပြတ်ပြတ်ပဲ အားနက်စ် က ပြန်ပြောလိုက်တယ်။
"ငါ မြင်တာကတော့ နည်းနည်းလေးတောင်မှမတူ၊ လုံးဝကို မတူဘူးကွယ်"

"အဲဒါဆိုရင်တော့ ကျောက်သားမျက်နှာအတွက် သတင်းဆိုးပဲ" အားနက်စ်ရဲ့ အိမ်နီးနားချင်းက ပြောရင်း ကျောက်သားမျက်နှာရှင်ကြီး ကို ကြိုဆို ဝမ်းသာကြောင်း ဆက်လက်အော်သွားလေရဲ့။


အားနက်စ်ကတော့ လှည့်ပြန်လာခဲ့ပြီ။ သူအလွန်ပဲ ဝမ်းနည်းနေတယ်။ သူက တဘောင်စကားမှန်လာဖို့ကို မျှော်လင့်နေခဲ့တာမို့ အခုလို မပြေလည်မှုအတွက် သိပ်ကို စိတ်မကောင်းဖြစ်မိတယ်။ စိတ်ပျက်လက်ပျက် ဖြစ်သွား
တယ်။ ကြိုဆိုနေတဲ့ လူအုပ်တွေ၊ အလံတွေ၊ တေးဂီတတွေ၊ မြင်းရထားတွေ ထွက်ခွာသွားကြပြီမို့ ဖုန်မှုန့်တွေငြိမ်သွားပြီ ဖြစ်တဲ့အတွက် ကျောက်သားမျက်နှာကြီး တဖန်ပြန်လို့ပေါ်လာပြီဖြစ်တယ်။ သူ့နှုတ်ဖျားကနေ အားနက်စ်ကို လှမ်းပြောသယောင် စိတ်ထဲထင်လိုက်ရတယ်။

"ဟေး အားနက်စ်ရေ။ ငါ ဒီမှာလေ" လို့ ခေါ်လိုက်လေသလားပဲ။

"မင်းစောင့်စားခဲ့ရတာထက်ကို ငါက ပိုစောင့်နေရတာပါကွာ။
ငါတောင်မှ စိတ်မပျက်သေးပါဘူးကွယ်။ ဘာမှစိတ်ပူပင်မနေပါနဲ့။ သူလာပါလိမ့်မယ်။"

to be continued.....

Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။

ဆက်လက်ဖတ်ရှုရန်

Friday, December 22, 2017

ကျောက်တောင်ထက်က မျက်နှာ (၉)




(၉)

လူတွေ တဖြေးဖြေးနဲ့သွေးအေးသွားတဲ့ အချိန်တစ်ခုကို ရောက်လာတဲ့အခါမှာတော့ စစ်သေနာပတိသွေးမိုးကြိုးကြီးနှင့် ကျောက်သားမျက်နှာကြီးတို့ တူတယ်လို့ သူတို့ ထင်မြင်ယူဆခဲ့မှုဟာ မှားယွင်းသွားခဲ့တယ်ဆိုတာကို သူတို့သိမြင်လာကြတယ်။ အဲဒီအချိန်မှာပဲ တခါထပ်ပြီး ဖြစ်လာတာက သတင်းစာတွေနဲ့ တဆင့်စကားတွေ အစီရင်ခံစာတွေမှာ ကျောက်သားမျက်နှာကြီးဟာ အထင်ကရ နိုင်ငံရေးသမားတစ်ယောက်နဲ့ တူတယ်လို့ ပြောနေကျပြန်တာ ဖြစ်တယ်။

မစ္စတာ ဂဲသာဂိုးလ် တို့၊ စစ်သေနာပတိ သွေးမိုးကြိုးတို့လိုပဲ။ အခု နိုင်ငံရေးသမား ဟာလည်း ဒီ လွင်ပြင်ဒေသမှာ မွေးဖွားလာသူဖြစ်ပြီး ဒီဒေသကနေ ငယ်စဉ်ကတည်းက ထွက်ခွာသွားခဲ့တာဖြစ်တယ်။ သူဟာ ကုန်သွယ်မှုဆိုင်ရာ ဥပဒေပညာတွေ၊ နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တွေကို လေ့လာခဲ့တယ်။ သူဟာ သိပ်ကို ထက်ထက်မြက်မြက်စကားပြောနိုင်တယ်၊ မိန့်ခွန်းချွေတတ်တယ်။ အလွန်ကောင်းတဲ့ သူ့ရဲ့ အဟော အပြောတွေကြောင့် သူသာ စကားဆိုရင် လူတိုင်းက ယုံကြည်သွားတတ်ကြတယ်။ သူ့ လျှာဟာ မှော်အောင်ထားတယ်လို့ တင်စားပြောရလောက်အောင် အစွမ်းထက်တယ်။ မိုးလိုချိန်းပြတတ်သလို တေးညည်းသလိုလည်း နားထောင်ကောင်းအောင် ပြောနိုင်တယ်။ စစ်ပွဲတစ်ခုလို မြည်ဟီးနိုင်သလို ငြိမ်းချမ်းရေးတေးလည်း သီဆိုနိုင်တယ်။ အဲဒီလို အခြေအနေတွေကြောင့် သူ့ကို သူ့အလုပ်မှာ စိတ်ရောကိုယ်ပါ ရင်းနှီးထားသူ၊ အလေးအနက်ထားတတ်သူတစ်ယောက်လို့ ထင်မြင်ယူဆတာကိုခံရတယ်။

ဟုတ်တိုင်းမှန်ရာ ပြောရရင်လည်း သူဟာ အံ့သြဖို့ကောင်းတဲ့ လူတစ်ယောက်ပါပဲ။ သူ့ရဲ့ နှုတ်ရေးစွမ်းရည် အစွမ်းပြလိုက်ပြီဆိုရင် အောင်မြင်သွားရတာပဲ။ သူပြောတဲ့စကားတွေကို ပြည်နယ်အဆင့်၊ နောက်တော့ မင်းညီမင်းသား နဲ့ ဘုရင့်သစ္စာခံ အမှုထမ်းတွေ ရှိတဲ့အဆင့်အသီးသီးက ကြားနာတယ်။ အဲဒီနောက်မှာတော့ သူ့ ကို တလောကလုံးက သိသွားကြတော့တယ်။ တစ်ဆင့်စကား တစ်ဆင့်နားကနေ အရပ်ဒေသတွေ ဖြတ်သန်းသွားရင်း နောက်ဆုံးမှာတော့ သူ့ကို နိုင်ငံတော်အကြီးအကဲအဖြစ် လုပ်ပေးဖို့ရန် ပြည်သူပြည်သားတွေက ထောက်ခံကြတော့တာပါပဲ။
.

အဲ့ဒီအချိန်မတိုင်ခင်ကတည်းက သူစတင်ကျော်ကြားလာပြီ ဆိုတာနဲ့ကို သူ့ကိုချစ်ခင်လေးစားသူတွေက သူ နဲ့ ကျောက်သားမျက်နှာ ဆင်တူတာကို တွေ့သွားခဲ့ကြတယ်။ အဲဒီတွေ့ရှိမှုကို သူတို့လက်ကိုင်ထားလိုက်ကြတော့တာပါပဲ။ အဲဒီနောက်မှာတော့ အဲဒီ အောင်မြင်ထင်ရှားသူ လူကြီးလူကောင်းကို လူတွေက "ကျောက်သားမျက်နှာရှင်ကြီး" ရယ်လို့ သိထားကြတော့တယ်။ အဲဒီလို ရည်ညွှန်းခေါ်ဆိုခံရတာဟာ သူ့ရဲ့ နိုင်ငံရေးအလားအလာအတွက်ပါ အလွန်ကောင်းတဲ့အနေအထားတစ်ခု ဖြစ်သွားတယ်။ နိုင်ငံရေးနယ်ပယ်မှာ အကြီးအမှူးဖြစ်လာမယ့်သူတိုင်းမှာ နာမည်ရင်းအပြင် တခြားနာမည်တစ်ခုခု ရှိတတ်ကြတာမျိုး မဟုတ်လား ။

အဲဒီလိုနဲ့ သူ့မိတ်ဆွေတွေက သူနိုင်ငံမှာအကြီးအမှူးဖြစ်လာရေးအတွက် လုံးပန်းနေဆဲ အချိန်မှာ သူဟာ သူ မွေးဖွားရာ လွင်ပြင်ဒေသကို တစ်ခါ တစ်ခေါက် အလည်ပြန်ဖြစ်ဖို့ စီစဉ်လိုက်တယ်။ အဲဒီကိုသွားပြီး ဒေသခံတွေကို နှုတ်ဆက်၊ တရင်းတနှီးရှိပြလိုက်ခြင်းက သူ့ရဲ့ နိုင်ငံရေး လမ်းကြောင်း တိုးတက်မှုအတွက် ကောင်းတဲ့ ပံ့ပိုးမှုဖြစ်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်အပြင် တခြားတော့ မရှိဘူး။

သူလိုအထင်ကရ အကြီးအကဲတစ်ယောက် ရောက်လာမယ် ဆိုတော့ သူ့ဂုဏ်အင်နဲ့ လိုက်ဖက်အောင် ကြိုဆိုဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ရတော့တာပေါ့။ မြင်းသည်တော်တွေက ပြည်နယ်အစမှာကတည်းက သူ့ကိုကြိုဆိုဖို့၊ လူတွေအနေနဲ့ကလည်း အဲဒီနေ့မှာ အလုပ်တွေ နားထားရင်း သူဖြတ်သွားမယ့် လမ်းတလျှောက် ကြိုဆိုဖို့တွေပါ ပါတယ်။

အဲဒီလို ကြိုကြမယ့်အထဲမှာ အားနက်စ် ကိုယ်တိုင်လည်း ပါဝင်တယ်။ တခါတုန်းက သူကြုံခဲ့ရတဲ့ အဖြစ်အပျက်က သူ့ကိုစိတ်ပျက်သွားစေခဲ့ပေမယ့် ဒီတစ်ကြိမ်ကို သူပြန်အားခဲထားတယ်၊ မျှော်လင့်နေတယ်၊ ယုံကြည်မှု ထားထားတယ်။ အားနက်စ်က အဲဒီလိုလူမျိုး။ သူဟာ သင့်လျှော် ကောင်းမွန်တဲ့ အရာတွေအပေါ်မှာ ယုံကြည်မျှော်လင့်ချက်ထားတတ်သူဖြစ်တယ်။ သူ့စိတ်နှလုံးသားက အကန့်အသတ်မထားတတ်ဘူး။ အမြဲပဲ ကောင်းတာကို လက်ခံယူနိုင်သူဖြစ်တယ်။ အခုတစ်ကြိမ်မှာလည်း သူဟာ သူသိချင် မြင်ချင်နေတဲ့ ကျောက်သားမျက်နှာကြီးနဲ့ ဆင်သူဟာ ဒီဒေသကို ရောက်လာမှာပဲ၊ ရောက်လာအောင် နတ်ဘုရားတို့ကူမှာပဲလို့ ယုံထားနေပြန်တယ်။

to be continued.....

Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။


ဆက်လက်ဖတ်ရှုရန်

Thursday, December 21, 2017

ကျောက်တောင်ထက်က မျက်နှာ (၈)




(၈)

ဒီလိုနဲ့ နှစ်ကာလများစွာဟာ လျှင်လျှင်မြန်မြန် တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ကုန်လွန်ဖြတ်သန်းသွားခဲ့တယ်။ အားနက်စ်ဟာလည်း သူ့ရဲဇာတိမြေ လွင်ပြင်ဒေသမှာ ဆက်လက် နေထိုင်ရင်း လူလတ်ပိုင်းအရွယ်ကို ရောက်လာခဲ့ပြီ ဖြစ်တယ်။

မသိလိုက်မသိဖာသာ အနေအထားကနေပဲ သူ့ကို လူတွေ တဖြေးဖြေး သိသိလာကြတယ်။ အဲဒီအချိန်ထိ သူဟာ သူအမြဲလုပ်လာခဲ့တဲ့အတိုင်း သူ့အားသူကိုး၊ သူ့ဝမ်းသူကျောင်းအသက်မွေးပြီး ရိုးရှင်းတဲ့ စိတ်နှလုံးသား ပိုင်ရှင်တစ်ယောက်ပါပဲ။ ဒါပေမယ့် သူဟာသိပ်ကိုသိမြင်ခံစားတတ်၊ ဆင်ခြင်သုံးသပ်တတ်လေ့ရှိတယ်။ ကြည့်ရတာမှာ သူဟာ ကောင်းကင်တမန်တွေနဲ့ပါ စကားစမြည်ပြောရင်း သူတို့ဆီက အမြော်အမြင်တွေ စိမ့်ဝင်ပူးပေါင်းထားများသွားသလားရယ်လို့တောင် ထင်မှတ်မှားမိစရာပါပဲ။

အားနက်စ်ဟာ လောကအကျိုးအတွက် အချိန်ပေးပြီး စဉ်းစားဆင်ခြင် မျှော်မှန်းထားတာတွေကို လူတွေကို မျှဝေပေးတတ်တယ်။ သူ့ရဲ့ နေ့စဉ်ဘဝမှာ လူတွေအပေါ် စိတ်သဘောထား မှန်မှန်နဲ့ အဘက်ဘက်က ရက်ရက်ရောရော မျှဝေကူညီတတ်တာဟာ မြင်သာ ထင်ရှားလှတယ်။ သူဟာ ထောင်လွှားမှုကင်းတယ်၊ သူ့ဘဝကိုသူရှင်သန်နေထိုင်တယ်။ သူလိုလူ ရှိနေလို့ လောကရဲ့နေ့ရက်တွေဟာ ပိုမိုကောင်းမွန်လာတယ်။ သူဟာ သူ့လမ်းနဲ့သူ မသွေမစောင်း လျှောက်လှမ်းတယ်။ အဲဒီလိုပဲ သူ့အနီးအနားလူတွေအပေါ် ကူညီစောင့်ရှောက်ခြင်းမှာလည်း မပျက်ကွက်ခဲ့ဘူး။ လာပြော နေမှမဟုတ်ပဲ လိုရင်လိုသလို သူ့ဘာသာသူ ကောင်းကျိုးဆောင်ကူညီပေးတာဖြစ်တယ်။ အဲဒီလိုနဲ့ပဲ အားနက်စ် ဟာ တရားဟောဆရာတစ်ဦး ဖြစ်လာခဲ့ပါတော့တယ်။

သူ့အတွေးအမြင်တွေဟာ စစ်မှန်တယ်၊ ရိုးရှင်းတယ်။ သူ့အလေ့အကျင့် လုပ်ရပ်တွေကလည်း ကောင်းမွန်တယ်။ အဲဒီလိုဖြစ်တည်မှုတွေဟာ သူဟောတဲ့တရားမှာ ကောင်းတဲ့သက်ရောက်မှုဖြစ်ပေါ်ဖို့အတွက် အကြောင်းတရားကောင်းတွေဖြစ်လာတော့တယ်။ သူပြောကြားခဲ့သမျှစကားတွေဟာ သူဟောပြောတာကိုနားထောင်သူတိုင်းရဲ့ ဘဝတွေကို ပြင်ဆင်ပုံဆောင်မှုပေးနိုင်ခဲ့တယ်။ ဖြစ်ထွန်းတိုးတတ်မှုရှိလာစေခဲ့တယ်။ အားနက်စ် ရဲ့ အနီးအပါးက လူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက အားနက်စ် ဟာ သာမန်လူမဟုတ်ဘူးဆိုတာကို ယုံမှားသံသယမရှိကြဘူး။ ဒါပေမယ့် အားနက်စ် ကိုယ်တိုင်ကတော့ သူ့ကိုသူ သာမန်လူတစ်ယောက်လို့ပဲ ယူဆထင်မြင်နေတတ်တယ်။

to be continued.....

Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။

ဆက်လက်ဖတ်ရှုရန်

Monday, December 18, 2017

The Splendid Torch





ဘဝရဲ့ ပျော်ရွှင်ခြင်းအစစ်အမှန် ဆိုတာ .......
မင်းကိုယ်မင်း အလွန်ပဲစွမ်းဆောင်နိုင်သူတစ်ယောက်ရယ်လို့ 
မင်းဘာသာ ပြန်အသိအမှတ်ပြုနိုင်တဲ့ အဖြစ်ပဲဖြစ်တယ်၊ .
အမှိုက်ပုံပေါ် မင်းကို ပစ်မတင်မီအချိန်ထိ
မင်းဟာ ရေကုန်ရေခန်းကြိုးပမ်းထားပြီးသားအဖြစ်ပဲဖြစ်တယ်၊ 
မင်းကိုယ်တိုင်ကိုက
သဘာဝရဲ့တွန်းအားဖြစ်နေတဲ့ အဖြစ်ပဲဖြစ်တယ်၊
စိတ်အညစ်အကြေးတွေနဲ့ - အလိုမကျမူတွေနဲ့
စိတ်အစိုင်အခဲတွေဖြစ်ပြီး အတွန့်တက်ရင်း၊
လောကဟာ သေချာအားစိုက်လို့
မင်း ပျော်ရွှင်စေရေး အတွက် လုပ်ပေးပါတော့လားလို့
ညီးညူနေသူ ဖြစ်နေမယ့်အစားပေါ့ …။
.

ငါ့ဘဝကို မျိုးနွယ်အသိုင်းအဝိုင်းတစ်ခုလုံးက
ပိုင်တယ်ဆိုတဲ့ ခံယူချက်မျိုး ငါ့မှာ ရှိတယ်။
အသက်ရှင်နေနိုင်သလောက်မှာ
တတ်စွမ်းသမျှ လုပ်ပေးသွားဖို့က
ငါ့ရဲ့ အထူးတလည် ရပိုင်ခွင့်ပဲ။
.

ငါကတော့ သေလွန်ချိန်အထိ
ရှင်သန်ချိန်ရှိသမျှ ကုန်စင်အောင်ကို
အကျိုးပြုသွားသူ ဖြစ်ချင်မိတယ်။
ဘာလို့လဲဆိုတော့ လုပ်စရာတွေကို
အင်တိုက်အားတိုက် လုပ်နေရလေလေ
ငါ့ရှင်သန်ရှိနေမှုက အရာရောက်လေလေ ဖြစ်လို့ပဲ။
ဘဝရဲ့ သူ့သဘောသူဆောင်မှုအပေါ်
ငါဟာ နှစ်သက်နေနိုင်ပါတယ် …။
.

ဘဝဆိုတာ
ငါ့အတွက်တော့ ဖယောင်းတိုင်တိုတိုလေး မဟုတ်ဘူး ။
သူဟာ အချိန်ကာလတစ်ခု အတွင်းမှာ
ငါ ကိုင်ဆောင်ထားရတဲ့
ထိန်ညီးနေတဲ့ မီးရူးတိုင်သာ ဖြစ်တယ်။
အဲဒီအချိန်မှာ သူ့ကို .....
အဖြစ်နိုင်ဆုံးသော တောက်ပလင်းကြည်မူအတွက်
ငါက လုပ်ပေးသွားချင်တယ် …
နောင်လာမယ့် မျိုးဆက်သစ်တွေလက်ထဲ
သူ့ကို ကမ်းမပေးခင် အထိပေါ့ ။
.

A Splendid Torch

.
This is the true joy in life,
the being used for a purpose
recognized by yourself as a mighty one;
the being thoroughly worn out
before you are thrown out on the scrap heap;
the being a force of Nature
instead of a feverish selfish little clod of ailments and grievances complaining that the world will not devote itself to making you happy.

I am of the opinion that
my life belongs to the whole community,
and as long as I live, it is my privilege
to do for it whatever I can.
I want to be thoroughly used up when I die -
for the harder I work, the more I live.
I rejoice in life for its own sake.

Life is no "brief candle" to me;
it is a sort of splendid torch
which I have got hold of for the moment,
and I want to make it burn as brightly as possible
before handing it on to future generations.

George Bernard Shaw

______________________________________

Translated By: Shwe Sin Tun Yee

ဆက်လက်ဖတ်ရှုရန်

Sunday, December 17, 2017

ကျောက်တောင်ထက်က မျက်နှာ (၇)




(၇)

စစ်သေနာပတိကြီး ရောက်လာမယ့်နေ့မှာ၊ အားနက်စ် ရော လွင်ပြင်ဒေသကြီးမှာရှိကြတဲ့ တခြားလူတွေရောဟာ သူတို့ရဲ့ အလုပ်တွေကို ထားခဲ့ကြပြီး၊ တခမ်းတနားဂုဏ်ပြုကြိုဆိုပွဲအတွက် ပြင်ဆင်ထားတဲ့နေရာကို ရှေးရှုသွားခဲ့ကြတယ်။ စစ်သားတွေကစောင့်ကြပ်၊ အလံတွေဝှေ့ယမ်းလို့၊ လူတွေက သောင်းသောင်းဖြဖြနှင့် အော်ဟစ်ကြိုဆိုနေခဲ့ကြတယ်။ သွေးမိုးကြိုးကြီး ရဲ့ မျက်နှာကို မြင်တွေ့ရဖို့ဆို အတော်လေးလှမ်းတဲ့နေရာတစ်ခုမှာ အားနက်စ်က ရပ်နေတယ်။ ဒါပေမယ့် သူ အသံတွေကိုကြားနေရတယ်။

"မျက်နှာက တစ်ထေရာတည်းပဲ။" လူတစ်ယောက်က ပျော်လွန်းလို့ ကခုန်ရင်း အော်ပြောလိုက်တယ်။
.
"အဲဒီအတိုင်းပဲဟေ့။ ဒါပဲလေ အံ့သြကြည်နူးစရာပဲ။" တဲ့ တစ်ယောက်က ပြန်ပြောတယ်။

တတိယတစ်ယောက်ကလည်း "ဘာလို့ မပျော်မရှိရမလဲ။" လို့ အော်ပြောနေတယ်။ "ဒီနေရာမှာရော၊ တခြားအနေအထားတွေမှာရော သူဟာ အကြီးကျယ်အမြင့်မြတ်ဆုံးပဲ ဆိုတာ သံသယဖြစ်စရာကိုမရှိဘူး။"

နောက်ဆုံးမှာတော့ အားနက်စ်ဟာ စစ်သေနာပတိကြီးရဲ့ မျက်နှာကို တွေ
့လိုက်ရတယ်။ တပြိုင်တည်းအကြည့်မှာ သူဟာ ကျောက်သားမျက်နှာကြီးကိုပါ ဘေးအနေအထားကနေ မြင်နိုင်လိုက်တယ်။ လူအုပ်ကြီး ပြောနေကြသလိုမျိုး စစ်သေနာပတိကြီး နဲ့ ကျောက်သားမျက်နှာ ဆင်တူနေတယ်ဆိုရင်တော့ အားနက်စ် ကြည့်လိုက်ချိန်မှာကျ အဲဒါကို ဝန်ခံလိုက်ဖို့ဆိုတာ မလွယ်ကူဘူး ဖြစ်နေတယ်။
.
"အားနက်စ် ဘာမှ မစိုးရိမ်နဲ့ " လို့ ကျောက်သားမျက်နှာကြီးက တိုးတိုးလေးကပ်ပြီး ပြောလိုက်သလိုမျိုး သူ့စိတ်က ပြောလိုက်တယ်။
"အားနက်စ် ဘာမှ မစိုးရိမ်နဲ့။ သူ လာမှာပါကွယ်။"

to be continued...

Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။


ဆက်လက်ဖတ်ရှုရန်

Friday, December 15, 2017

သမာဓိ




🔸 သမာဓိ 🔸

လေးပြိုင်ပွဲပေါင်းများစွာကို အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ စိတ်ကြီးဝင်နေတဲ့ လူငယ် လေးပစ်ချန်ပီယန်လေးဟာ တချိန်က လေးအတတ်နှင့် နာမည်ကျော်ကြားခဲ့ဖူးတဲ့ ဇင်ဘုန်းတော်ကြီးတစ်ပါးကို သူနှင့်အတူယှဉ်ပြိုင်ဖို့ စိန်ခေါ်လိုက်တော့တယ်။

လူငယ်လေးသမားက အဝေးခပ်လှမ်းလှမ်းမှာရှိတဲ့ ပစ်ကွင်းအလယ်မှတ်နေရာကို သူ့ရဲ့ ပထမမြားတံနှင့် တည့်တည့်ထိမှန်အောင်ပစ်လိုက်ပြီး၊ နောက်မှ ထပ်ပစ်လိုက်တဲ့ သူ့ရဲ့ ဒုတိယမြားတံနှင့် ပထမပစ်ခဲ့တဲ့မြားတံကို ထပ်ခြမ်းခွဲပြလိုက်တယ်။

“ကဲ...။ ခင်ဗျားဒါကို ပြိုင်ပစ်နိုင်၊ မပစ်နိုင် ကြည့်ကြမယ်” လို့ ဇင်ကိုယ်တော်ကို ပြောလိုက်တယ်။

ဇင်ကိုယ်တော်ဟာ သူ့ရဲ့  လေးကို ဆွဲမထုတ်သေးပဲ လူငယ်ကို သူနှင့်အတူလိုက်ခဲ့ဖို့ မျက်နှာရိပ်လှမ်းပြလိုက်ပြီး တောင်ကုန်းတစ်ခုဆီကို ထွက်သွားတယ်။ ဇင်ကိုယ်တော်ဘာလုပ်မယ်ဆိုတာကို အရမ်းသိချင်နေတဲ့လူငယ်လည်း သူ့နောက်ကနေလိုက်သွားလိုက်တာ တောင်ကုန်းမြင့်တစ်နေရာဆီကို ရောက်သွားကြတယ်။

အဲဒီနေရာမှာ နက်ရှိုင်းတဲ့ချောက်တစ်ခုရှိနေပြီး အဲဒီချောက်ရဲ့ အပေါ်မှာ သေးငယ်ပြီး ခနော်ခနဲ့နိုင်တဲ့ သစ်သားချောင်းတွေနဲ့ တံတားလေးခင်းထားတာရှိတယ်။ ဇင်ကိုယ်တော်ဟာ ဒီလှုပ်လီလှုပ်လဲ့နဲ့ မငြိမ်မသက်ဖြစ်နေတဲ့ ကြောက်စရာကောင်းတဲ့တံတားရဲ့  အလယ်ခေါင်နေရာရောက်တဲ့အထိ အေးအေးဆေးဆေးနဲ့ လှမ်းလျှောက်သွားလိုက်တယ်။ ပြီးမှ အဝေးတစ်နေရာမှာ ရှိတဲ့ သစ်ပင်တစ်ပင်ကို ပစ်မှတ်ထားလိုက်ပြီး သူ့ရဲ့ လေးနဲ့မြားကို ထုတ်လို့ ပစ်မှတ်ဆီချိန်ကာ အတိအကျတစ်ချက်တည်း လှမ်းပစ်လိုက်တယ်။

“ကဲ... အခု မင်းအလှည့်”

သူကလူငယ်ကို လှမ်းပြောလိုက်ရင်း တံတားအလယ်ကနေ မြေပြင်ဆီကို စိတ်အေးလက်အေးပဲ ပြန်ဆင်းလာလိုက်တယ်။

အောက်ခြေမြေကြီးကို လှမ်းကြည့်ရင်တောင် မမြင်ရတဲ့ အသူတစ်ရာနက်တဲ့ ချောက်ကို ကြည့်ရင်း လူငယ်ဟာ လေးပစ်ဖို့နေနေသာသာ တံတားပေါ်ကိုတောင် မတက်ရဲဘူးဖြစ်နေရှာတယ်။

အကျပ်ရိုက်နေရှာတဲ့ စိန်ခေါ်သူလူငယ်ချုန်ပီယံကို လှမ်းကြည့်ရင်း ဇင်ကိုယ်တော်က လှမ်းပြောလိုက်တယ်။

“မင်းက လေးအတတ်မှာတော့ အတော်ကိုကျွမ်းကျင်ပါတယ်။ ဒါပေမယ့် လေးထုက်ပြီး မပစ်နိုင်အောင် ဖြစ်သွားတဲ့ စိတ်အကျပ်အတည်းအတွက်ကျတော့ မင်းမှာ ကျွမ်းကျင်ပိုင်နိုင်မူ အတော်နည်းသကိုးကွ။”

ဆက်လက်ဖတ်ရှုရန်

Sunday, November 26, 2017

ရပ်နေတာ




🍀 ရပ်နေတာ

တခါက လူသုံးယောက် လမ်းလျှောက်ထွက်လာကြတယ်။ တနေရာအရောက် တောင်ကုန်းတစ်ခုပေါ်မှာ လူတစ်ယောက် မတ်တတ်ရပ်နေတာကို လှမ်းတွေ့လိုက်ကြတယ်။

ဒါနဲ့ တစ်ယောက်က "ဒီလူတောင်ကုန်းပေါ်မှာ ပျောက်နေတဲ့ နွားအုပ်ကို လိုက်ရှာနေတာဖြစ်မယ်။" လို့ ပြောလိုက်တယ်။

ဒီတော့ ဒုတိယတစ်ယောက်က "မဖြစ်နိုင်ဘူး။ ငါထင်တာတော့ သူ အလည်လွန်နေတဲ့ သူ့သူငယ်ချင်းတစ်ယောက်ယောက်ကို လိုက်ရှာနေတာ ဖြစ်မှာပါ။" လို့ ဝင်ပြောတယ်။

ဒီမှာ တတိယတစ်ယောက်က "မဟုတ်လောက်ဘူး။ သူလေညှင်းခံနေတာပဲ နေမှာပါ" လို့ ပြောလိုက်တယ်။

စိတ်ကျေနပ်လောက်တဲ့ အဖြေမရကြတာနဲ့ နောက်ဆုံး တောင်ကုန်းပေါ်တက်သွားကြပြီး အဲဒီလူကို သွားမေးကြည့်ကြတယ်။

"ခင်ဗျား နွားအုပ် လိုက်ရှာနေတာလား။"
"မဟုတ်ပါဘူး"

"ဒါဆို သူငယ်ချင်းကို ရှာနေတာ မဟုတ်လား"
"မဟုတ်ပါဘူးဗျာ"

"ခင်ဗျား လေညှင်းခံနေတာ မဟုတ်လား"
"မဟုတ်ဘူးဗျ"

"ဒါဆို တောင်ကုန်းပေါ်မှာ ဘာလုပ်နေတာလဲ"
"ရပ်နေတာလေ"

🔺

ဇင်ပုံပြင် "Just Standing" ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Friday, November 24, 2017

ကိုယ့်ရဲ့ လမ်း




🍂 ကိုယ့်ရဲ့လမ်း

မှန်းထားတဲ့ မနက်ဖြန်
ကိုယ်ထင်သလို မဖြစ်တတ်လည်း
ပူပင်မီးကို မမြှိက်
ဒီကနေ့ပဲ အစပြုတာ ကောင်းပါတယ်။

ဓားသွားထက်က ပျားရည်
ကိုယ့်ထိရှမယ် သိနေနှင့်လည်း
ချိုမြိန်'အခု'ကို တိမ်းမူး
မတွန့်ပဲ လျက်လိုက်တာ ကောင်းပါတယ်။

လျှောက်နေရတဲ့ ဤခရီး
မြေပုံညွှန်း လွင့်ကျခဲ့လည်း
ပြန်လှည့်လို့ မရတဲ့အခိုက်
မဆုတ်တမ်း ဆက်လျှောက်တာ ကောင်းပါတယ်။

~ 秋十七 ~ 🍂

ဆက်လက်ဖတ်ရှုရန်

Tuesday, October 31, 2017

ဒါလည်း ပြီးသွားအုံးမှာပါပဲလေ...




🔹ဒါလည်း ပြီးသွားအုံးမှာပါပဲလေ... 🔹

အခုတလော သတိရတိုင်း၊ အကြောင်းတစ်ခုခုတိုက်ဆိုင် ကြုံကြိုက်မိတိုင်း စိတ်ထဲက ရွတ်မိတဲ့ စာကြောင်းလေးတစ်ကြောင်း ရှိနေတယ်။ အဲဒါ ဂုဏ်တော်တွေလည်း မဟုတ်ဘူး၊ ဂါထာတွေလည်း မဟုတ်ဘူး။ အင်္ဂလိပ်စာနဲ့  ၀ါကျတိုလေးပါ။ "This, too, will pass." တဲ့။

ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိသတဲ့.....။
တစ်နေ့တော့ အဲဒီဘုရင်ကြီးဟာ သူ့ရဲ့ ပညာရှိအမတ်တွေကို ဆင့်ခေါ်လိုက်ပြီး မေးခွန်တစ်ခုကိုမေးတယ်။ ''အမတ်ကြီးတို့- အချိန်တိုင်း၊ နေရာတိုင်း၊ အခြေအနေတိုင်းမှာ အမြဲတမ်း အသုံးတည့်မယ့် မန္တန်ဖြစ်ဖြစ်၊ အကြံဉာဏ်ဖြစ်ဖြစ် တစ်ခုခုများ ရှိနိုင်မလား။ တကယ်လို့ ငါ့ရဲ့ အနားမှာ အကြံပေးမယ့်သူ၊ စောင့်ရှောက်မယ့်သူ တစ်ယောက်မှ မရှိတဲ့အချိန်မျိုးမှာ အဲဒီမန္တန်က ငါ့ကို စောင့်ရှောက်ပေးနိုင်ရမယ်။ အဲဒီလိုမန္တန်မျိုးရှိခဲ့ရင်ငါ့ကိုပေးကြစမ်းပါ အမတ်ကြီးတို့ '' လို့ အမိန့် ရှိတော်မူသတဲ့။

အမတ်တွေအားလုံးလည်း ဘုရင်ကြီးရဲ့  မေးခွန်းကြောင့် စဉ်းစားရကျပ်ကုန်ကြတယ်။ မေးခွန်းအားလုံးကို ပြေလည်စေမယ့် အဖြေတစ်ခု၊ နေရာတိုင်း အခြေအနေတိုင်းမှာ အသုံးတည့်မယ့် အရာတစ်ခု။ ပျော်ရွှင်မှုတိုင်းအတွက်၊ ပူလောင်စိုးရိမ်ရမှုတိုင်းအတွက်၊ ဆုံးရှုံးမှုတိုင်းအတွက်၊ အောင်မြင်မှုတိုင်းအတွက် အသုံးဝင်မယ့် အဆောင်တစ်ခု။ အမတ်တွေလည်း တစ်မျိုးပြီး တစ်မျိုး စဉ်းစားကြည့်ကြတယ်။ အချိန်အကြာကြီး ဆွေးနွေးအဖြေရှာကြပြီးတဲ့နောက်မှာတော့ ပညာရှိအဖိုးအိုတစ်ယောက်က ပြဿနာအားလုံးအတွက် ပြေလည်စေမယ့် အဖြေတစ်ခုကို ရှာတွေ့သွားခဲ့တယ်။

သူတို့တွေလည်း ဘုရင်ကြီးဆီ အခစားဝင်ကြပြီး သူတို့တွေ့ရှိထားတဲ့ အဖြေကို စာရွက်တစ်ရွက်ပေါ်မှာ ရေးပြီး ပေးလိုက်ကြတယ်။ ဒါပေမယ့် သူတို့က ဘုရင်ကြီးဆီကနေ သဘောတူညီမှုတစ်ခုကို တောင်းကြတယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရင်ကြီးက ဒီစာရွက်ထဲက အဖြေကို သိချင်ဇောနှင့် ဖွင့်မဖတ်ကြည့်ရဘူး။ တကယ်လို့ တစ်ချိန်ချိန် ဘုရင်ကြီးအန္တရာယ်တစ်ခုခု ကျရောက်လာတဲ့အချိန်၊ ဘေးမှာ ကူမယ့်ကယ်မယ့်သူလည်း တစ်ယောက်မှ မရှိတဲ့အချိန်မျိုးကျတော့မှ ဒီစာရွက်ကို ဖွင့်ဖတ်ကြည့်ရမယ် ဆိုတဲ့ သဘောတူညီမှုပဲဖြစ်တယ်။ ဘုရင်ကြီးကလည်း ဒါကို သဘောတူ လက်ခံလိုက်ပြီး စာရွက်ကို သူ့ရဲ့ စိန်လက်စွပ်အောက်ထဲမှာ ထည့်သိမ်းထားလိုက်တော့တယ်။

ရက်အနည်းငယ်အကြာမှာပဲ ဘုရင်ကြီးအုပ်ချုပ်တဲ့ တိုင်းပြည်ကို အိမ်နီးချင်းတိုင်းပြည်တစ်ခုကနေပြီး ကျူးကျော်တိုက်ခိုက်လာကြတယ်။ ရန်သူတွေဘက်က အမှတ်မထင်ဝင်ရောက်တိုက်ခိုက်လိုက်ကြတာဖြစ်တယ်။ ဘုရင်ကြီးနှင့် သူ့ရဲ့ စစ်တပ်ဟာ ရန်သူတွေကို ရွံ့ ရွံ့ ချွန်ချွန်ပြန်လည်တိုက်ခိုက်ခဲ့ကြပေမယ့်လို့ စစ်ပွဲမှာ ရှုံးနိမ့်သွားကြတယ်။ ဘုရင်ကြီးလည်း မြင်းတစ်စီးနှင့် အသက်လုပြီး ထွက်ပြေးခဲ့ရတယ်။ ရန်သူတွေကလည်း သူ့နောက်ကို ထပ်ကျပ်မကွာ လိုက်လာကြတယ်။ သူ့မြင်းဟာ အတော်ဝေးဝေးမှာရှိတဲ့ တောအုပ်တစ်ခုဆီိကို သူ့ကိုခေါ်ဆောင်သွားတယ်။ ဘုရင်ကြီးဟာ သူ့နောက်ကနေ ရန်သူ့မြင်းတပ်တွေလိုက်လာနေတဲ့အသံကို ကြားနေရပြီး အသံက ကျယ်သထက်ကျယ်လောင်လာနေတယ်။ သွားနေရင်း ရုတ်တရတ်ပဲ သူဟာ လမ်းတစ်ခုရဲ့  အဆုံးမှာ ရပ်နေမိတာကို သတိထားလိုက်မိတယ်။ လမ်းကဆုံးသွားပြီး ဆက်သွားစရာလမ်း မရှိတော့ဘူး။ ရပ်နေတဲ့နေရာကနေ ပေထောင်ပေါင်းများစွာမြင့်တဲ့ တောင်ရဲ့ အောက်ဘက်မှာတော့ ရွာလေးတစ်ရွာကို လှမ်းပြီး မြင်နေရတယ်။

တကယ်လို့ အရှေ့ ကိုဆက်သွားရင်တော့ ပြုတ်ကျပြီး သေဖို့ပဲရှိတယ်။ တကယ်လို့ နောက်ပြန်လှည့်မယ်ဆိုရင်လည်း ရန်သူမြင်းတပ်တွေက လျင်လျင်မြန်မြန်ပဲ အနီးကပ်လာနေကြပြီဖြစ်တယ်။ ဘုရင်ကြီးဟာ ဆောက်တည်ရာမဲ့ဖြစ်လာတယ်။ လွတ်မြောက်နိုင်ဖို့နီးလမ်းရယ်လို့ ဘာမှ ရှာမရတော့ဘူး။

ရုတ်တရတ်ဘုရင်ကြီးဟာ သူ့လက်စွပ်က စိန်ပွင့်လေး နေရောင်အောက်မှာ တလက်လက်ဖြစ်နေတာကို မြင်လိုက်ပြီး လက်စွပ်အောက်မှာထည့်ထားခဲ့တဲ့ စာရွက်လေးကို သတိရသွားတယ်။ ဒါနဲ့ သူလည်း လက်စွပ်အောက်က သိမ်းထားတဲ့စာရွက်လေးကို ထုတ်ပြီးဖတ်ကြည့်လိုက်တယ်။ စာကြောင်းလေးက တိုပင်မယ့် အဓိပ္ပါယ်က ထူးခြား လေးနက်တယ်။ ရေးထားတာကတော့ ''ဒါလည်း ပြီးသွားအုံးမှာပါပဲ။'' တဲ့။

ဘုရင်ကြီးဟာ အဲဒီစာကြောင်းလေးကို ဖတ်ကြည့်တယ်။ နောက်တစ်ကြိမ်ထပ်ဖတ်ကြည့်တယ်။ ရုတ်တရတ် ခေါင်းထဲမှာ အသိဉာဏ်လင်းလက်သလိုဖြစ်သွားတယ်။ ဟာ...ဟုတ်တယ်။ ဒါလည်း ပြီးသွားအုံးမှာပဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလေးတုန်းကပဲ ငါဟာ ဘုရင်တစ်ပါးရဲ့  ပျော်ရွှင်ချမ်းမြေ့မှုနှင့် မင်းစည်းစိမ်ကို ခံစားနေခဲ့ရတယ်။ ငါဟာ တခြားဘုရင်တွေအားလုံးထက် ဘုန်းတန်ခိုးအာနုဘော်ကြီးမားတဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဒီပျော်ရွှင်ချမ်းသာမှုတွေ၊ စည်းစိမ်တွေဆိုတာ မရှိတော့ဘူး။ အခုဆိုရင် ရန်သူလက်ကနေ လွတ်မြောက်နိုင်ဖို့အတွက် ကြိုးစားနေရတဲ့ အခြေအနေကျရောက်နေပြီ။ ဒါပေမယ့် စည်းစိမ်ဥစ္စာတွေ ခံစားစံစားနေရတာတွေ မရှိတော့သလိုပဲ၊ ဒီနေ့လို အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရတာမျိုးဟာလည်း ပြီးသွားအုံးမှာပဲဖြစ်တယ်။

သူ့မျက်နှာပေါ်မှာ အေးချမ်းကြည်လင်မှုတွေ ရောက်ရှိလာတယ်။ သူဟာ အဲဒီနေရာမှာပဲ ဆက်ပြီးရပ်နေမိတယ်။ သူလောလောဆယ်ရပ်နေတဲ့ နေရာ ပတ်ချာလည်ဟာ သဘာဝအလှတရားတွေနှင့် အင်မတန်သာယာလှပတယ်။ သူအုပ်ချုပ်နေတဲ့ တိုင်းပြည်ကြီးမှာ ဒီလိုသာယာလှပတဲ့နေရာမျိုး ရှိနေတယ်ဆိုတာကို သူအရင်က မသိခဲ့ရဘူး။ ဒီစာကြောင်းတိုလေးရဲ့  အဓိပ္ပါယ်နက်ရှိုင်းမှုဟာ ဘုရင်ကြီးအပေါ်မှာ အများကြီး သက်ရောက်သွားခဲ့တော့တယ်။ ဘုရင်ကြီးဟာ စိတ်သက်တောင့်သက်သာဖြစ်သွားပြီး အနောက်ကလိုက်လာတဲ့ ရန်သူတွေကိုပါ မေ့သွားတော့တယ်။ မိနစ်အနည်းငယ်အကြာမှာ သူ့အနောက်ကို လိုက်လာကြတဲ့ ရန်သူတွေရဲ့  မြင်းသံ၊ လူသံတွေဟာ တဖြေးဖြေး ပျောက်ကွယ်သွားတာကို သိလိုက်တယ်။ သူတို့တွေဟာ တောင်ကြီးရဲ့  အခြားနေရာတွေဘက်ကို ရောက်သွားကြပြီး သူရှိတဲ့ လမ်းဘက်ဆီကို ရောက်မလာကြတော့ဘူး။

ဘုရင်ကြီးဟာ အင်မတန်မှ ရဲစွမ်းသတ္တိနှင့်ပြည့်စုံတဲ့ မင်းတစ်ပါးပါပဲ။ သူဟာ စစ်သည်အင်အားကို ပြန်လည်စုဆောင်းပြီး ရန်သူတွေကို ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်။ ရန်သူတွေကိုတိုက်ခိုက်ချေမှုန်းပြီးတဲ့နောက်မှာ သူဟာ လက်လွတ်ဆုံးရှုံးသွားခဲ့ရတဲ့မင်းနေပြည်တော်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တော့တယ်။ စစ်ပွဲမှာအောင်မြင်ပြီး မင်းနေပြည်တော်ကို ပြန်လည်ဝင်ရောက်လာတဲ့ ဘုရင်ကြီးကို မြို့တံခါးဝကနေ ပြည်သူတွေက ၀မ်းပန်းတသာဆီးကြိုဂုဏ်ပြုကြတယ်။ စစ်ပွဲမှာအောင်မြင်ခဲ့တာကြောင့် မြို့တော်ကြီးတစ်ခုလုံး ၀မ်းသာပျော်ရွှင်နေကြတယ်။ သီဆိုကခုန်နေကြတယ်။ အိမ်တိုင်း၊ လမ်းထောင့်တိုင်းကနေ လူတွေက ဘုရင်ကြီးဆီကို ပန်းတွေကြဲချပြီး ဂုဏ်ပြုကြတယ်။

ဒီ တဒင်္ဂအချိန်လေးမှာ ဘုရင်ကြီးဟာ သူ့ကို ကြိုဆိုဂုဏ်ပြုနေကြတာတွေ၊ ဧည့်ခံနေကြတာတွေကြောင့် သူ့ရဲ့ ကိုယ်တွင်းထဲက အတ္တမာနဟာ ခေါင်းပြူထွက်လာပြီး ''ငါဟာ ရဲစွမ်းသတ္တိအရှိဆုံးနှင့် အကြီးကျယ်ဆုံးမင်းတစ်ပါးပဲ။ ငါ့ကို ဘယ်သူမှ လွယ်လွယ်နဲ့တော့ အနိုင်မယူနိုင်ဘူး။'' လို့ သူ့ကိုယ်သူတွေးလိုက်မိတယ်။

ရုတ်တရတ်ပဲ သူ့လက်စွပ်ဆီက စိန်ပွင့်လေးဟာ နေရောင်မှာ အရောင်လက်လာပြီး စာကြောင်းတိုလေးကို သတိရမိသွားစေတယ်။ စာရွက်လေးကိုနောက်တစ်ခါထုတ်ပြီးဖတ်ကြည့်လိုက်တယ်။ ဒါလည်း ပြီးသွားအုံးမှာပါပဲလေ။ သူဟာ ဆိတ်ငြိမ်ကျသွားတယ်။ သူ့ရဲ့မျက်နှာအသွင်အပြင်ဟာ ထောင်ကြွားမာနတက်နေရာကနေ နှိမ့်ချမှုဘက်ဆီကို ကူးပြောင်းလို့သွားတော့တယ်။

တကယ်လို့ ဒါလည်းပြီးသွားအုံးမှာပဲဆိုရင် ဒါဟာ မင်းရဲ့ ပိုင်ဆိုင်မှုအစစ်မဖြစ်နိုင်တော့ဘူး။
ကျရှုံးမှုဟာလည်း မင်းပိုင်ဆိုင်တာမဟုတ်သလို၊ အောင်မြင်မှုဆိုတာလည်း မင်းပိုင်ဆိုင်တာမဟုတ်ဘူး။

တကယ်တော့ မင်းဟာ စောင့်ကြည့်သူတစ်ယောက်သက်သက်မျှပဲ။ အရာအားလုံးဟာ မင်းရှေ့ ကနေ ဖြတ်သန်းစီးဆင်း သွာနေကြတာ...

ပုံပြင်လေးကတော့ ဒီမျှပါပဲ။

ဖြတ်သန်းခဲ့ရတဲ့ ဘ၀ရဲ့  အဖြစ်အပျက်တွေကို ပြန်တွေးကြည့်မိရင် ဘ၀မှာ ပျော်စရာတွေ၊ အောင်မြင်မှုဆိုတာတွေလည်း အများကြီးကြုံဖူးခဲ့သလို၊ စိတ်ညစ်စရာတွေ၊ ၀မ်းနည်းစိတ်ပျက်စရာတွေလည်း ကြုံလာခဲ့ရတာ ဒုနှင့်ဒေးပါပဲ။ ဒါတောင် အခုအသက်အရွယ်နှင့်မို့လို့ ဒီလောက်ပဲရှိသေးတာ။ တကယ်လို့ အသက်နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ထပ်ရှင်သန်နေခွင့် ရအုံးမယ်ဆိုရင် နောက်ထပ် အသစ်အသစ်သော အတွေ့အကြုံတွေ၊ ခံစားမှုတွေ တစ်ပုံတစ်ပင်ကြီး ထပ်ရဖို့ရှိနေသေးတယ်။

ကြုံခဲ့ရတဲ့ အဖြစ်အပျက်တိုင်းကို သေသေချာချာသတိထားကြည့်ရင် ဖြစ်နေတဲ့ အချိန်လေးအတွင်းမှာတော့ အဲဒီကိစ္စလောက် အရေးကြီးတာ၊ သေရေးရှင်ရေးဖြစ်တာ မရှိတော့သလိုပါပဲ။ နောက်တော့လည်း ဒီအဖြစ်အပျက်က ပြီးဆုံးသွားပြီး နောက်ထပ်အသစ် နောက်ထပ်အသစ်တွေက သူ့လိုပဲ အရေးကြီးနေ၊ သေရေးရှင်ရေးဖြစ်နေပြန်တာပါပဲ။ သေချာတာတော့ တွေ့ကြုံခဲ့ရသမျှအဖြစ်အပျက်တိုင်းက ပြီးတော့လည်း ပြီးသွားခဲ့တာပါပဲလေ။ နောင်ကြုံတွေ့အုံးမယ့် အဖြစ်အပျက်တွေကလည်း ဒီနည်းအတိုင်းပဲ လာကြဦးမှာပါပဲ။

ဒီတော့ ဘာကိုများ အသည်းအသန် ဖက်တွယ်လို့ နေချင်စရာ ရှိဦးမှာလဲ။
ဘာကိုများ ခါးခါးသီးသီး လက်မခံနိုင်အောင် ငြင်းဆန်နေစရာ လိုဦးမှာလဲ။

ကြည်နူးပျော်ရွှင်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ဝမ်းနည်းစိတ်ညစ်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
အဆင်ပြေနေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
အဆင်မပြေဖြစ်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ရင်ခုန်နေရတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
တမ်းတမ်းတတ သတိရနေတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
သူရှိမှ (ဒါလေးရှိမှ) ပြည့်စုံမှာပါလေ ဆိုတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ခါးခါးသီးသီး ဖြစ်နေရတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
တက်ကြွလန်းဆန်းနေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငြီးငွေ့စိတ်ကုန်ဖြစ်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
စိတ်ပူစိုးရိမ်နေရတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ဒီလိုလုပ်ခဲ့မိရင် အကောင်းသားလို့ မချင့်မရဲဖြစ်နေတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
သို့လော သို့လော အတွေးတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ချီးမွှမ်းနေကြတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ကဲ့ရဲ့ နေကြတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငါ့လိုလူကိုများ ရာရာစစ လို့ ဖြစ်နေတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငါ့ကျမှ ဘာကြောင့်ဒီလို ဖြစ်နေရတယ် ဆိုတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငါရှိမှ ဖြစ်မှာပါလေ ဆိုတာမျိုးတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ငါရှိနေဖို့ မလိုပါဘူးလေ ဆိုတာမျိုးတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
ရုပ်တရား၊ နာမ်တရားတွေအပေါ် အာရုံယူဖို့ကြိုးစားရင်း မခံသာတာတွေ ဖြစ်လာတာလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။
တရားနှလုံးသွင်းရာက ငြိမ့်၊ ငြိမ်၊ ငြိမ်းရင်း ကောင်းမှကောင်း ဖြစ်နေတာတွေလည်း အချိန်တန်တော့ ပြီးသွားမှာပဲ။

နောက်ဆုံး ဘယ်လိုမှ မပြီးသေးရင်တောင် သေရင်တော့ အလိုလို အားလုံးပြီးသွားမှာပါပဲ။

အခု ဒီစာကို ဖတ်နေတဲ့ မိတ်ဆွေလည်း စာကိုဖတ်ရင်းက ခံစားမှုပေါင်းများစွားနှင့် အမျိုးမျိုး စဉ်းစားနေမိမှာပါပဲ။ ဒါလည်း အချိန်တန်တော့ ပြီးသွားမှာပါပဲ။

အားလုံး... အားလုံးဟာ အချိန်တန်တော့ ပြီးသွားမှာပါပဲလေ....။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ

9.1.12 (Mon.)

(အင်္ဂလိပ်ပုံပြင်ကို အင်တာနက်မှ ကူးယူ၍ ဘာသာပြန် ဖော်ပြပါသည်။)

ဆက်လက်ဖတ်ရှုရန်

Sunday, October 22, 2017

DIED BUT NOT DEAD




DIED BUT NOT DEAD
___

In the end the man fell
never to rise again 
But his pen defied death
to resurrect a flame.
The little words were his blood
the little lines his veins.
All he wrote and nobly did
would ever serve his aims.
We see him clear, we hear him well 
we feel him within us.
We know his pen has rightly said
"My master died but not dead."
_

Moe Hein(Son)
Journal Kyaw 22-7-2000
_____

ရှင်သန်နေဆဲ တမလွန်
...
အဆုံးမှာ
ထာဝရ သူလဲလျောင်းခဲ့တယ်
သူ့ရဲ့ ကလောင်ကတော့ 
ရှင်သန်ထမြောက်နေဆဲ
စာလုံးတိုင်းက သူ့အသွေးအသား
စာကြောင်းတိုင်းက သူ့အသိတရားနဲ့
သူရေးခဲ့သမျှတွေ
သူပြုခဲ့သမျှ မွန်မြတ်ခြင်းတွေ
သူ့ရဲ့ဆန္ဒဆီ ခရီးဆက်နှင့်လျက်
သူ့ကို ကျွန်တော်တို့
ထင်ရှားပကတိ မြင်နေရဆဲ
သူ့ရဲ့အသံ ကျွန်တော်တို့
ထင်ရှားပကတိ ကြားနေရဆဲ
ကျွန်တော်တို့သိပါတယ်
သူ့ရဲ ဘောလ်ပင်လေးက
"ငါ့သခင်က တမလွန်က ရှင်သန်နေဆဲ"
လို့ပြောနေဦးမှာ........
___ 

ဘာသာပြန်ဆိုသူ (ဆရာ)ဇဗ္ဗူကို

ဆက်လက်ဖတ်ရှုရန်

သရဲနှင်ခြင်း





👻 သရဲနှင်ခြင်း 👻
တခါတုန်းက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိခဲ့တယ်။ တစ်နေ့မှာ မယားဖြစ်သူဟာ သေလောက်တဲ့ရောဂါနဲ့ နေမကောင်းဖြစ်တယ်။ ဒီလိုနဲ့ သေခါနီးဆဲဆဲအချိန်ရောက်တော့ '' ယောကျာ်းရယ်။ ကျမရှင့်ကို သိပ်ချစ်တယ်။ ကျမရှင့်ကို မခွဲနိုင်ဘူး။ နောက်ပြီး ရှင် ကျမအပေါ်မှာလည်း သစ္စာမဖောက်စေချင်ဘူး။ တကယ်လို့ကျမသေသွားခဲ့ရင် ရှင်နောက်ထပ်မိန်းမ ထပ်မယူတော့ပါဘူးလို့ ကတိပေးစမ်းပါ။ ကတိမတည်ရင်တော့ ကျမရှင့်ဆီ ပြန်လာပြီး သရဲခြောက်ရလိမ့်မယ်။'' လို့ မှာခဲ့တယ်။
ဒီလိုနဲ့ မိန်းမသေဆုံးပြီး လပေါင်းများစွာကြတဲ့အချိန်အထိ ယောကျာ်းဖြစ်သူဟာ မိန်းမတွေနှင့် မပတ်သက်ပဲ ရှောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိန်းခလေးတစ်ယောက်ကို တွေ့ဆုံပြီး ချစ်မိသွားတော့တယ်။ ဒီလိုနဲ့ သူတို့စေ့စပ်ပြီးတဲ့ည ရောက်တဲ့အချိန်မှာတော့ သေဆုံးသွားပြီဖြစ်တဲ့ မယားဟောင်းဟာ သရဲမအဖြစ်ပြန်ပေါ်လာခဲ့တယ်။
အဲဒီ သရဲမဟာ သူ့ယောကျာ်းကို ကတိမတည်တဲ့အတွက် အပြစ်တင်ကြိမ်းမောင်းပြောဆိုတယ်။ အဲဒီနေ့ကစလို့ ညတိုင်းလိုလို သရဲမဟာ ရောက်ရောက်လာပြီး သူယောကျာ်းကို ပြစ်တင်မောင်းမဲပြောဆိုနေတော့တယ်။
သရဲမဟာ သူ့ယောကျာ်းနှ်င့် သူလက်ထပ်တော့မယ့်မိန်းကလေးတို့ နှစ်ယောက်ကြား တစ်နေ့စာ တွေ့ဆုံ ပြောထားဆိုထားကြသမျှ၊ လုပ်သမျှတွေကို '၏သည်မလွဲ' အကုန်ပြန်ပြန်ပြောပြနိုင်တယ်။ ကြာလာတော့ ယောကျာ်းဖြစ်သူဟာ စိတ်ဆင်းရဲပြီး စားမ၀င်၊ အိပ်မပျော်ဖြစ်လာတော့တယ်။
စိတ်တွေဆောက်တည်ရာမရဖြစ်လာတဲ့ ယောကျာ်းဖြစ်သူဟာ နောက်ဆုံးမှာ ရွာနားမှာ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီးဆီ သွားရောက်လျှောက်ထားပြီး အကြံဉာဏ်တောင်းယူရတော့တယ်။ ယောကျာ်းဖြစ်တဲ့သူလျှောက်ထားသမျှကို နားထောင်ပြီးတဲ့နောက်မှာတော့
''ဒီသရဲမဟာ တော်တော်ဉာဏ်ကောင်းတဲ့ သရဲမပဲ ဒကာကြီး'' လို့ ဆရာတော်က မှတ်ချက်ပြုတယ်။
''မှန်လှပါ ဘုရား။ သူက တပည့်တော် လုပ်သမျှ၊ ပြောသမျှ အကုန်လုံးကို တစ်လုံးမကျန် သိသိနေပါတယ်ဘုရား'' လို့ ယောကျာ်းဖြစ်သူက ပြန်လျှောက်တယ်။ ဒီအခါမှာ ဆရာတော်က ပြုံးပြီး
''ဒီလိုသရဲမျိုးကတော့ တကယ် လေးစားလောက်တယ် ဒကာကြီး။ ဒါပေမယ့် နောက်တစ်ခါသူလာတဲ့အချိန်ကျရင်တော့ ဘုန်းကြီး မှာတဲ့အတိုင်း လုပ်ပါ။'' လို့ ဘာလုပ်ရမယ်ဆိုတာကို ပြောပြလိုက်တယ်။
အဲဒီည သရဲမရောက်လာတဲ့အခါမှာတော့ ယောကျာ်းဖြစ်သူဟာ ဆရာတော်မှာထားတဲ့အတိုင်း သရဲမကို ပြန်လည်တုံ့ပြန်ပြောဆိုလိုက်တယ်။
''နင်ဟာ တကယ်တော်တဲ့သူတစ်ယောက်ပဲ။ ငါဟာ နင်နှင့်ဆိုရင် ဘာမှကို ဖုန်းကွယ်လျှို့ ဝှက်ထားလို့မရပါလား။ ငါနင့်ကို မေးခွန်းတစ်ခုလောက် မေးကြည့်ချင်တယ်။ တကယ်လို့ နင်ဖြေနိုင်ခဲ့တယ်ဆိုရင် ငါအခုစေ့စပ်ထားတာကို ဖျက်သိမ်းပစ်ပြီး တစ်သက်လုံး တစ်ယောက်ထဲပဲနေပါတော့မယ်။''
''နင်ဘာမေးမလို့လဲ။ မေးလေ'' သရဲမက ပြန်ပြောတယ်။
ယောကျာ်းဖြစ်သူဟာ ကြမ်းပြင်ပေါ်မှာရှိတဲ့ အိတ်ကြီးတစ်လုံးထဲကနေပြီး ပဲစေ့လက်တစ်ဆုပ်စာကို နှိုက်ယူလိုက်တယ်။ ပြီးတော့ သရဲမကို လှမ်းပြီး ''အခု ငါ့လက်ထဲမှာ ပဲစေ့ ဘယ်လောက်ရှိလဲ။ မှန်အောင်ဖြေပါ။'' လို့ မေးလိုက်တယ်။
အဲဒီအချိန်ကစလို့ သရဲမဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး နောက်လည်း ဘယ်တော့မှ ထပ်ပြန်ပေါ်မလာခဲ့တော့ဘူး။
--------------------------------
ဇင်ပုံပြင်တွေကို စိတ်ဝင်စားတတ်တဲ့မိတ်ဆွေများအတွက် Banishing a ghost ပုံပြင်ကို ဆီလျှော်အောင် ဘာသာာပြန်ပါသည်။

ဆက်လက်ဖတ်ရှုရန်

ကျောက်တောင်ထက်က မျက်နှာ (၆)



ယခင်နေ့မှ အဆက်

(၆)
လွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာကြာလောက်က ဒီအရပ်ဒေသမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ စစ်မှုထမ်းရင်း စစ်သားတစ်ယောက်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲပေါင်းများစွာ စွန့်စွန့်စားစား ဆင်နွှဲအောင်မြင်ခဲ့ပြီးတဲ့နောက်မှာတော့ သူဟာ နာမည်ကြီး စစ်သေနာပတိကြီးတစ်ယောက် ဖြစ်လာခဲ့တော့တယ်။ သူ့နာမည်အရင်းကို သမိုင်းမှာ တမျိုးမျိုး ဖော်ပြထားတာ ရှိကောင်းရှိနိုင်ပေမယ့် တပ်စခန်းချတဲ့နေရာတွေ၊ ရှေ့ တန်းတိုက်ပွဲတွေမှာတော့ သူ့ကို ''သွေးမိုးကြိုးကြီး'' လို့ နာမည်ပေးထားကြတယ်။ ဒီစစ်သေနာပတိကြီးဟာ အသက်အရွယ်အိုမင်းလာတာကြောင့်ရော၊ စစ်မှုထမ်းဘ၀ကို ငြီးငွေ့လာတာတွေကြောင့်ရော နောက်ဆုံးမှာ သူ့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ တောင်ကြားဒေသဆီကိုပဲ ပြန်အနားယူ နေထိုင်တော့ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဒီဒေသမှာ နေထိုင်နေကြတဲ့သူတွေ၊ မိတ်ဆွေဟောင်းတွေနှင့် သူတို့ရဲ့ သားသမီးတွေက ပြန်ရောက်လာမယ့် နာမည်ကြီးစစ်သေနာပတိကြီးကို ဂုဏ်ပြုညစာစားပွဲတစ်ခုနဲ့ ခန်းခန်းနားနားတည်ခင်းဧည့်ခံပြီး ကြိုဆိုဖို့စီစဉ်ကြတယ်။ ဒါထက်ပိုပြီး စိတ်အားထက်သန်နေကြတာကတော့ ကျောက်သားမျက်နှာနှင့်တူတဲ့သူဟာ နောက်ဆုံးမှာ ပေါ်ပေါက်လာပြီဖြစ်ပြီး အဲဒီသူဟာ အခုဒီဒေသကို ပြန်ရောက်လာမယ့် စစ်သားကြီးဖြစ်တယ်ရယ်လို့ အခိုင်အမာ ပြောနေကြတာပဲဖြစ်တယ်။
စစ်သေနာပတိကြီးရဲ့  ကျောင်းနေဘက်သူငယ်ချင်းတွေ၊ ရင်းနှီးတဲ့မိတ်ဆွေဟောင်းတွေကလည်းပဲ သူတို့ကလေးဘ၀ကတောင် တခါမှ ဒီအကြောင်း မတွေးဖူး၊ မစဉ်းစားဖူးခဲ့ကြပေမယ့်လို့ အခုအချိန်မှာတော့ သူတို့သူငယ်ချင်းဟာ ဒီကျောက်သားမျက်နှာကြီးနှင့် ကလေးဘ၀မှာကတည်းကတောင် ဘယ်လိုမျိုးတူတယ်ဆိုတဲ့အကြောင်းကို ကျိန်ဆိုပြောဆိုဖို့၊ သက်သေခံဖို့အတွက်ကို အဆင်သင့်ဖြစ်နေကြတယ်။ လွင်ပြင်ကြီးတစ်ကြောမှာ ရှိနေကြတဲ့ လူပေါင်းများစွာဟာ ဟိုအရင်နှစ်ပေါင်းများစွာကြာတာတောင်မှ တစ်ခါလောက်တောင် ကျောက်တောင်ကြီးကို သေသေချာချာ ကြည့်ဖို့ စိတ်ကူးမရှိကြပေမယ့် အခုတော့ စစ်သေနာပတိကြီးရဲ့ မျက်နှာဟာ ဒီကျောက်သားမျက်နှာကြီးနှင့် ဘယ်နေရာတွေမှာ အတိအကျတူတယ်ဆိုတာကို သိနိုင်ဖို့အတွက် စိတ်ထက်သန်စွာနှင့် ကျောက်တောင်ကြီးဆီကို အချိန်ပေးပြီး ငေးမောကြည့်နေကြလေရဲ့ ။
to be continued...
Nathaniel Hawthorne ရဲ့  The Great Stone Face ကို ဆီလျှော်အောင်ဘာသာ ပြန်ဆိုပါသည်။ 

ဆက်လက်ဖတ်ရှုရန်

Epilogue




Epilogue

See
the man is blowing air

into the balloon to inflate.
Nothing much to care
though some effort it takes.

But
the balloon can easily burst
or later on deflate.
So shall the man,
his dreams and thirst.

Only
the thoughts and deeds
of his head and heart
will remain to pervade.

Moe Hein
Harmony Of Head And Heart


ဆက်လက်ဖတ်ရှုရန်

A Lotus




A LOTUS

In the heat
in the cold
out he goes
with an alms-bowl
making his rounds.

Bareheaded
barefooted
in a saffron robe
gives blessings
and love profound.

No more a layman
he cuts all cords to
status, wealth and family.
A ''Beikkhu'' he is
on a moral path
liberation his destiny.

With 'sila' he purifies deeds
with 'samadhi' he calms the mind
with 'panna' he enlightens himself
a righteous life he leads.

Be he in forest
be he on mountain
be he at any place.

In solitude or in company
he truly is a solace.

In him
there glows light
From him
there flows love.

Noble one!
I lay my head on your feet
A lotus above water.

Moe Hein
Poems On The Three Gems

(From Harmony Of Head And Heart)

ဆက်လက်ဖတ်ရှုရန်