Monday, December 5, 2016

အလှူခံပုဂ္ဂိုလ်၏ ချမ်းသာမှုကို ရှေ့ ရှု၍




လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော် တက္ကသိုလ်ကျောင်းသားဘ၀တုန်းက
ပါ။ တစ်ရက်တော့ ကျောင်းမှာ သီတဂူဆရာတော်ကြီးတရားပွဲလုပ်ပါတယ်။ ဆရာတော်ကြီးကြွလာပြီးတရားဟောတော့ မာတိကာမာတာ အကြောင်းဟောသွားတာလေး အခုထိ မှတ်မိနေပါသေးတယ်။ တက္ကသိုလ်မှာဟောတာဆိုတော့ ဆရာတော်ကြီးက လူငယ်တွေနားလည်လွယ်အောင် ပေါ့ပေါ့ပါးပါး ခေတ်အသုံးတွေ၊ အင်္ဂလိပ်လိုတွေ များများညှပ်ထည့်ပြီး ဟောသွားခဲ့ပါတယ်။ ဆရာတော်ကြီးက အဲဒီနေ့ကတရားမှာ အဓိက အချက် (၂) ခုကို high light လုပ်ပြီးပောာပေးသွားတယ်။ ပထမတစ်ချက်က ရဟန်းတော်တွေရဲ့  အလိုနည်းမှု၊ ဒကာဒကာမတွေ မွေးမြူရလွယ်အောင် ကျင့်ကြံနေထိုင်တတ်မှုကို ချီးကျူးဟောကြားသွားခဲ့ပါတယ်။ ဒုတိယအချက်ကတော့ မာတိကာမာတာရဲ့  ရဟန်းတော်တွေအတွက် ဆွမ်းကိစ္စအဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမှုဟာ အင်မတန်အတုယူစရာကောင်းပြီး၊ စိတ်ကူးပုံ အင်မတန်ဆန်းကြယ်ကြောင်း၊ အခုခေတ်လိုဆိုရင် သူ့ရဲ့ ဆွမ်းစီမံဆက်ကပ်လှူဒါန်းပုံဟာ ဘူဖေးဆွမ်းဖြစ်ကြောင်း ဆရာတော်ကြီးက ရယ်ရယ်မောမောနှင့် ဟောသွားခဲ့တာ အခုထိ ကြားယောင်မိနေပါသေးတယ်။

ပြောရရင် အဲဒီအချိန်ကတည်းက ဘူဖေးဆွမ်းဆိုတာကို စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ရှိခဲ့ပြီး သဘောကျသွားခဲ့ပါတယ်။ ရဟန်းသံဃာတော်တွေအနေနှင့် အမြဲတမ်း ဆွမ်းခံစား၊ အလှူတွေမှာ ဒကာဒကာမတွေ ချက်ကပ်တဲ့ ဆွမ်းတွေချည်းစားနေရတော့ ဘာပဲဖြစ်ဖြစ် ကြာလာရင် ငြီးငွေ့ကြမှာပဲ။ တခါတလေ ဘူဖေးပုံစံ ကိုယ်နှ်စ်သက်တဲ့ ဆွမ်းဟင်းတွေကို စိတ်ကြိုက်ရွေးချယ် ဘုန်းပေးခွင့်ရကြရင် ဘာပဲဖြစ်ဖြစ် စိတ်အပြောင်းအလဲဖြစ်ကြမှာပဲလို့ အဲဒီကတည်းက တွေးနေမိခဲ့ဖူးပါတယ်။

ပိုင်းလော့ဆရာတော်ကြီးရဲ့  ကံနှင့်ကံအကျိုးပေး တရားတွေမှာ အမြဲလိုလိုထည့်ထည့်ဟောတတ်တဲ့ တရုတ်ကြီးတစ်ယောက်အကြောင်းလည်း သဘောကျမိပါသေးတယ်။ အဲဒီတရုတ်ကြီးက ပြည်ကြီးကလာတဲ့ တရုတ်ဆိုတော့ မြန်မာစကားလည်း ကောင်းကောင်းမပြောတတ်၊ မြန်မာဓလေ့လည်း နားမလည်၊ ဘုန်းကြီးတွေနှင့် ဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာလည်း မသိဘူး။ ဒါပေမယ့် သူ့မှာ စိတ်ကောင်းနှလုံးကောင်းတော့ ရှိတယ်။ သူ့အိမ်ရှေ့ ကနေ အမြဲတမ်းဆွမ်းခံကြွနေတဲ့ သံဃာတော်တွေကို မြင်တော့ သနားလာတယ်။ ဒါနဲ့ တခါတော့ သူ့အိမ်မှာ ပင့်ပြီး ဘုန်းကြီးတွေကို ဆွမ်းကပ်တယ်။ ဆွမ်းစားနေတဲ့ အချိန်မှာ ဘေးကနေပြီး ယပ်တောင်နှင့် ယပ်ခပ်ပေး၊ ပါးစပ်ကလည်း စားကြ၊ စားကြ လို့ပြောပြီး ဆွမ်းထမင်းတွေ၊ ဟင်းတွေ အားရပါးရ လိုက်ထည့်ပေးသတဲ့။ သံဃာတော်တွေလည်း ဆွမ်းဘုန်းပေးပြီးသွားတဲ့အခါကျတော့ ချွေးတွေစို့နေကြပြီပေါ့။ ထုံးစံအတိုင်း ပရိတ်တရားနာ၊ ရေစက်ချ လုပ်ပေးရမယ့် အစီအစဉ်အတိုင်း တရားဟောဖို့ စပြင်တော့ တရုတ်ကြီးက နင်တို့ စားပြီးသောက်ပြီး အိုက်လို့ ပင်ပန်းနေကြပြီ။ သီချင်းဆိုမနေကြနဲ့တော့။ ကျောင်းပြန်အိပ်ကြတော့လို့ အတင်းနှင်လွှတ်တယ်တဲ့။ သူက သံဃာတော်တွေ ပရိတ်ရွတ်တာကို သီချင်းဆိုကြတယ်လို့ပဲ နားလည်ထားတာကိုး။

ဒီမှာ ဆရာတော်က တရုတ်ကြီးရဲ့  စိတ်ထားကို high light လုပ်ပြတာပါ။ အများစုက အလှူအတန်းတစ်ခုလုပ်ပြီ၊ ဆွမ်းကပ်ကြပြီဆိုရင် မွေးနေ့အတွက်ပါဘုရား၊ အိမ်တက်ဆွမ်းပါဘုရား၊ အန္တရာယ်ကင်းပရိတ်နာချင်လို့ပါဘုရား စသဖြင့် မိမိတို့အကျိုးကို ဦးတည်ရည်ရွယ်ကြပြီးမှ လှူကြတန်းကြ ဆွမ်းကပ်တတ်ကြတယ်။ တခါတလေ ဗေဒင်ယတြာတွေအစီအစဉ်နှင့် ဆွမ်းကပ်အလှူလုပ်ကြတာမျိုးတွေလည်း ရှိကြသေးတယ်။ ဒီတရုတ်ကြီးအလှူလုပ်တာကျတော့ သူ့အကျိုးအတွက် ဘာတစ်ခုမှမပါဘူး။ ဘုန်းကြီးတွေ နေပူမိုးရွာမရှောင် ပင်ပင်ပန်းပန်းဆွမ်းခံနေရတာကို သနားလို့ အိမ်ကိုပင့်ပြီး ဆွမ်းကပ်တယ်။ ဆွမ်းကပ်တော့လည်း သံဃာတွေ အားရပါးရ စားနိုင်ဖို့ကိုပဲ ကြောင့်ကြစိုက်ထုတ် စီစဉ်ပေးတယ်။ ဆွမ်းစားပြီးသွားတော့လည်း သံဃာတွေ ချွေးတလုံးလုံးနှင့် တရားဟောနေ၊ ပရိတ်ရွတ်နေရမှာကို မကြည့်ရက်လို့ ကျောင်းကို အတင်းပြန်ခိုင်းတယ်။ သံဃာတော်တွေချမ်းသာဖို့ကိုပဲ တောက်လျှောက်စဉ်းစားပြီး လှူတာမျိုးဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

တလောက နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ဦးဇင်းလေးတစ်ပါး တင်ထားတဲ့ status လေး ဖတ်ဖြစ်ပြီး ရယ်လိုက်ရပါသေးတယ်။ အဲဒီ ဦးဇင်းလေး မြန်မာပြည်ခဏပြန်ကြွတုန်း သူနှင့် ရင်းနှီးတဲ့ ဒကာမတွေက သိပ်မကြာခင်ကမှ မြန်မာပြည်မှာလာဖွင့်တဲ့ KFC ဆိုင်မှာ ဆွမ်းကပ်မလို့စီစဉ်တာကို ဦးဇင်းက KFC ဆိုရင်တော့ ကပ်မနေပါနဲ့တော့ ဒကာမတို့ရယ်၊ အဲဒီဆိုင်ကို ကျောင်းတက်နေရတဲ့ အချိန်တစ်လျှောက်လုံး သွားသွားစားနေရလို့ စားချင်စိတ်ကို ကုန်နေပါပြီ ဆိုတာလေး ရေးထားတာ တွေ့လိုက်ရလို့ပါ။ ဒကာ၊ ဒကာမတွေဘက်ကတော့ အခုမှ ရောက်လာတဲ့ နိုင်ငံခြားကဖွင့်တဲ့ဆိုင်မှာ ထူးထူးခြားခြားအနေနှင့် ဆွမ်းကပ်ဖို့ စီစဉ်ကြပေမယ့် KFC တို့ Mc Donald`s တို့ ဆိုတာ နိုင်ငံခြားနေနေရတဲ့သူတွေအတွက်တော့ ပုံမှန်လက်ဘက်ရည်ဆိုင်တွေမျိုးပါပဲ။ ကျောင်းတက်နေရတဲ့ ဘုန်းဘုန်းတွေဆိုရင် သူတို့ရဲ့  နေ့ဆွမ်းအတွက် ဈေးသက်သက်သာသာနှင့် မြန်မြန်ဆန်ဆန် မှာယူလို့ရတဲ့ အဲဒီလိုဆိုင်လိုမျိုးတွေနှင့် ကျောင်းသွားရတဲ့ နေ့တိုင်းနီးပါးမှာ နှစ်ပါးသွားနေကြရတာ မဟုတ်လား။ တခါတလေ အလှူရှင်ဘက်ကတော့ အထူးတလည်အဖြစ်နှင့် လှူဒါန်းချင်ပေမယ့် အလှူခံဘက်ကကျတော့ အဆင်မပြေ ဖြစ်တတ်တာလေးတွေလည်း ရှိတတ်တဲ့သဘောမျိုးပါ။

အခုနောက်ပိုင်းတော့ ဆွမ်းကပ်ဖို့ အကြောင်းညီညွတ်လာတိုင်း ဆရာတော်တွေကို အရင်ဆုံး ဘုန်းဘုန်းတို့ ဘာမဘုန်းပေးတာရှိလဲဘုရား ဆိုပြီး ကြိုတင်မေးလျှောက်ပါတယ်။ အရင်က ကြုံဖူးတဲ့ အလှူအတွေ့အကြုံတွေမှာ တခါတလေ အသားကြီးငါးကြီးရှောင်တဲ့ ကိုယ်တော်တွေ၊ သက်သတ်လွတ်ပဲ ဘုန်းပေးတဲ့ ကိုယ်တော်တွေ ပါလာခဲ့ရင် ကိုယ်ပြင်ဆင်ထားတဲ့ဆွမ်းဟင်းတွေနှင့် အဆင်မပြေဖြစ်တတ်တာတွေ ရှိခဲ့ဖူးပါတယ်။ တအားရင်းနှီးတဲ့ ဆရာတော်တွေဆိုရင်တော့ ဘုန်းဘုန်းတို့ အထူးတလည် ဘာဘုန်းပေးချင်တာရှိလဲ၊ တပည့်တော် ဒါတွေ ဒါတွေ ချက်ဖို့ စီစဉ်ထားပါတယ်။ အဆင်ပြေမလားဘုရား။ ဘာထပ်ထည့်ပေးရမလဲ၊ ဘာဖြုတ်ပေးရမလဲ ဆိုတာမျိုးမေးပြီးမှ ဆွမ်းကပ်ပါတယ်။

နိုင်ငံရပ်ခြားမှာ သီတင်းသုံးနေရတဲ့ ကိုယ်တော်တွေအနေနှင့် ကျောင်းကို ဒကာဒကာမတွေလာကပ်တာဘုန်းလိုက်၊ ဆွမ်းကပ်မယ့်သူမရှိတဲ့နေ့မျိုးဆိုရင် ကျောင်းမှာရှိတဲ့ အခြောက်အခြမ်းလေးတွေနှင့် အဆင်ပြေသလိုဘုန်းလိုက် နှင့် စခန်းသွားကြရတာ များပါတယ်။ အိမ်ပင့်ပြီး ဆွမ်းကပ်ကြတဲ့အခါလည်း မြန်မာထမင်းဟင်းတွေပဲ များသောအားဖြင့် ချက်ကပ်ကြတာကို ဘုန်းပေးကြရတာဆိုတော့ တခါတလေ ကိုယ်တော်တွေလည်း ငြီးငွေ့ကြမှာပါပဲ။ ဒါကြောင့် ရင်းနှီးနေတဲ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်ဖြစ်ရင် ဘုန်းဘုန်းတို့ အိမ်ချက်ဘုန်းချင်လား၊ ဆိုင်မှာ ကပ်ရမလား။ တရုတ်စာဘုန်းချင်လား၊ ကုလားစာဘုန်းချင်လား၊ ဥရောပစာဘုန်းမလား၊ ဘူဖေးဘုန်းချင်လား လို့ နောက်နောက်ပြောင်ပြောင်ပဲ မေးပြီး ကပ်ပါတယ်။

ပြောရရင် ဘူဖေးဆိုင်မှာ ဆွမ်းကပ်ရတာကို သဘောကျပါတယ်။ ကိုယ့်ဖာသာအိမ်မှာချက်မယ်ဆိုရင် ဟင်းအမယ်လေးငါးခြောက်မျိုးထက်ပိုပြီး ချက်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဘူဖေးဆိုင်မှာဆိုရင်တော့ ဟင်းအမယ် နှစ်ဆယ်၊ သုံးဆယ်လောက် ကို ကပ်ခွင့်ရပါတယ်။ အချိုပွဲကအစ သောက်စရာ အပူ၊ အအေးကအဆုံး အားလုံး အလျှံပယ်ပါပဲ။ ဘုန်းဘုန်းတွေလည်း သူတို့ အာသီသရှိရာကို စိတ်ကြိုက်ရွေးချယ် ဘုန်းပေးသုံးဆောင်ခွင့်ရကြပါတယ်။

ဘုန်းဘုန်းတွေဘက်က သူတို့ ဘယ်လို ၀ိနည်းနှင့်လျှော်ညီအောင် ဘုန်းပေးသုံးဆောင်ရမယ်ဆိုတာ ကိုယ်တွေထက် ပိုနားလည်ပါတယ်။ သူတို့အတွက် ဘယ်လို စီစဉ်ဆောင်ရွက်ပေးရမယ်ဆိုတာ ဒကာဒကာမကို အမိန့်ရှိလာပါလိမ့်မယ်။ သူတို့ပြောလာတဲ့အတိုင်း စီစဉ်ပေးလိုက်ရုံပါပဲ။ ဘူဖေးဆွမ်းကပ်လို့ ရဟန်းတော်တွေကို အာပတ်သင့်စေတာကြောင့် ဒကာဒကာမတွေက မကပ်သင့်ဘူးဆိုတဲ့ အယူအဆမျိုး မထားစေချင်ပါဘူး။

ဆွမ်းအလှူမှရယ်မဟုတ်ပါဘူး။ ဒါနကုသိုလ်ကို ပါရမီမြောက်တဲ့ ဒါနဖြစ်အောင်ဖြည့်ဆည်းတော့မယ်ဆိုရင် ဘယ်လို ဒါနမျိုးမှာပဲဖြစ်ဖြစ် အလှူခံပုဂ္ဂိုလ်ဘက်ကိုပဲ ကြည့်ရမှာလို့ သူတော်ကောင်းကြီးများ ဆုံးမကြပါတယ်။ အလှူခံပုဂ္ဂိုလ်ရဲ့  ကောင်းကျိုးချမ်းသာကိုပဲ ရှေ့ ရှုစဉ်းစားပေးရမှာ ဖြစ်ပါတယ်။ သူ့ရဲ့  လိုအပ်နေတာလေးကို ကိုယ့်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ မိမိဖြည့်ဆည်းဆောင်ရွက်ပေးလိုက်မှုကြောင့် တစ်ဘက်သား ပြည့်စုံသွားတာ၊ ချမ်းသာပျော်ရွှင်သွားတာလေးကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ရတာဟာ ဒါနရဲ့  လက်ငင်းအကျိုးပါပဲ။ ကျန်တာတော့ နိဗ္ဗာန်ရတဲ့အချိန်အထိ အကြောင်းအားလျော်စွာ လိုက်အကျိုးပေးနေမှာမို့ ပူနေစရာမလိုပါဘူးလေ။

No comments:

Post a Comment