Tuesday, December 20, 2016

မိုးပြာဂိုဏ်းအကြောင်း ဗဟုသုတ

ဒီရက်ပိုင်း Blue Sky အဖွဲ့နှင့် ပတ်သက်ပြီး ဖတ်သင့်တယ်လို့ထင်မိတဲ့ ဆောင်းပါးလေး (၂) ပုဒ်ကို ရှယ်ပေးလိုက်ပါတယ်။ တစ်ပုဒ်ကတော့ နှစ်တော်တော်ကြာကြာက အဟောင်းလေးပါ။
ဒီအဖွဲ့အစည်းကို အရေးယူတာ၊ တရားစွဲတာတွေနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးရှုထောင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုရှုထောင့်၊ မြန်မာနိုင်ငံတရားစီရင်ရေးရှုထောင့်၊ သံဃာ့နာယကအဖွဲ့အစည်းတွေရဲ့  ဘာသာရေး စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရှိတယ်ဆိုတာတွေကို သေသေချာချာမသိလို့ မဝေဖန်ချင်ပေမယ့် ဒီခေါင်းဆောင်လုပ်တဲ့သူလည်း အသက်က တော်တော်လေးကြီးနေပြီမို့ သူ့ကို အရေးယူယူ၊ မယူယူ ဇာတ်လမ်းက သိပ်တော့ ထူးခြားမယ်တော့ မထင်ပါဘူး။ တခြား သူ့သာဝကကြီးတွေ အားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ရင်လည်း ပြဿနာကပြေလည်သွားမယ် မထင်ပါဘူး။
အဓိက ပြဿနာက ဒီအဖွဲ့အစည်းရဲ့  အတွေးအမြင်၊ အယူအဆတွေ လူတွေထဲ စိမ့်ဝင်နေတာကို ဘယ်လိုပြန်ဖြေရှင်းပေးမလဲ၊ ဘယ်လို ပညာပေးပြန်လုပ်ကြမလဲဆိုတာကိုပဲ မြန်မာပြည်မှာရှိနေတဲ့ ဘာသာရေးခေါင်းဆောင်တွေဘက်က အဖြေရှာကြရလိမ့်မယ်လို့ ထင်မိပါတယ်။
(မူရင်းဆောင်းပါးရှင်များအားလုံးကို Credit ပေးပါတယ်ခင်ဗျာ။)
--------------------------------------------
“ဒုတိယရှံကရ(သို့မဟုတ်)မိုးပြာဦးဥာဏ”
မြန်မာ့အလင်းသတင်းစာ (၃-၁၂-၂၀၁၆ရက် စနေနေ့ထုတ်)မှာ ဦးနေ၀င်းဆိုသူက မိုးပြာဦးဥာဏရဲ့ ပစ္စုပ္ဗန်ကမ္မ၀ါဒ အယူဝါဒရေးရာဆိုင်ရာ စာအုပ်စာတမ်း အသံသွင်းခွေများ ထုတ်ဝေမယ်၊ ကန့်ကွက်နိုင်တယ်ဆိုပြီးတော့ ကြေငြာခဲ့တယ်။ ညွှန်ကြားရေးမှူး (ရန်ကုန် တိုင်းဒေသကြီးသာသနာရေးမှူးရုံး)က ဥပဒေနဲ့အညီ ကန့်ကွက်ခဲ့တယ်။ လွှတ်တော်မှာ သာဝန်ကြီးကိုယ်တိုင်ကလည်း မိုးပြာဦးဥာဏကို တရားစွဲမယ်လို့ သတင်းထောက်တွေကို ထုတ်ပြောခဲ့တယ်။ ဒီအခါမှာ လစ်ဘရယ်သမားလို့ ကိုယ့်ကိုယ်ကိုယ်ကို သတ်မှတ်ထားသူ အချို့နဲ့ မိုးပြာဂိုဏ်းသားများက ဒီမိုရေစီခေတ်မှာ လွတ်လပ်စွာပြောရေးဆိုခွင့်မရှိဘူးလို့ အသံထွက်လာကြတယ်။ ဒါကြောင့် မိုးပြာဦးဥာဏနဲ့ သူ့အယူဝါဒနဲ့ပတ်သက်ပြီး ပြောပြချင် တာလေးတွေ ရှိလာတယ်။ 
သာသနာတော်နှစ် (၁၂၀၀)ကျော်သောအခါ အိန္ဒိယနိုင်ငံ ကေရလာပြည်နယ်တွင် ရှံကရ အမည်ရှိ ဗြဟ္မဏပဏ္ဍိတ်တယောက် ပေါ်ပေါက်ခဲ့တယ်။ ရှံကရဟာ ဗုဒ္ဓဘာသာရဟန်း တော်များဖြစ်ကြတဲ့ ဒိန္နာဂနဲ့ ဓမ္မကိတ္တိတို့ ရေးသားစီရင်ထားတဲ့ တက္ကဗေဒကျမ်းများကို တ ဖက်ကမ်းခတ် လေ့လာတတ်မြောက်ထားသူဖြစ်တယ်။ ဒါကြောင့် ရှံကရဟာ တက္ကဗေဒ နည်းကျ စကားစစ်ထိုးရာမှာ ကျွမ်းကျင်လိမ္မာသူဖြစ်တယ်။
ရှံကရဟာ ဗုဒ္ဓဘာသာဂိုဏ်းကွဲများဖြစ်တဲ့ ယောဂါစာရဂိုဏ်းနဲ့ မဇ္ဈိမိကဂိုဏ်းများက အတွေး အခေါ်သဘောတရားများကို ကူးယူပြီး အတ္တ၀ါဒ ဗြဟ္မဏ၀ါဒ ဖန်ဆင်းရှင်ဝါဒများကို ယုတ္တိ ရှိအောင် ပြုပြင်ရေးသားပေးခဲ့တယ်။ အချင်းချင်းဆန့်ကျင်ဘက်ဖြစ်နေတဲ့ အတ္တ၀ါဒဆိုင်ရာ ကျမ်းများကို ရှေ့နောက်ညီညွတ်အောင် ဖွင့်ဆိုချက်ကျမ်းများ ရေးသားပေးခဲ့တယ်။ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးကျောင်းများကို အတုယူပြီးတော့ ဟိန္ဒူဘုန်းကြီးများကို ကျောင်း တိုက်များနဲ့ တစုတဝေးထဲနေစေပြီး စနစ်တကျ အယူဝါဆိုင်ရာစာပေများ သင်ကြားပေးစေ ခဲ့တယ်။
ရှံကရဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်ရှိ ဘုရင်များကို သာသနာ့ဒါယကာအဖြစ် သိမ်း သွင်းပြီး သာသနာပိုင်ရဟန်းမင်းအဖြစ် ဟိန္ဒူဘုန်းကြီးကျောင်းများကို ကွပ်ကဲအုပ်ချုပ်ခဲ့ တယ်။
ရှံကရဟာ ဗုဒ္ဓဘာသာရဟန်းတော်များနဲ့ အယူဝါဒယှဉ်ပြိုင်ပွဲများ မကြာခဏပြုလုပ်ဆင်နွှဲ လေ့ရှိတယ်။ ရှံကရဟာ စကားပြောကျွမ်းကျင်သူဖြစ်တာကြောင့်ရယ်၊ ထိုအချိန်အခါက စာပေကျမ်းဂန် ကျွမ်းတတ်မြောက်တဲ့ရဟန်းတော်များ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ် များမှာ မရှိတော့တာကြောင့် ရှံကရကသာ အမြဲအနိုင်ရရှိတယ်။ ရှံကရဟာ သူအနိုင်ရရှိတဲ့ အခါမှာ ရှုံးတဲ့ရဟန်းတော်များကို ဗုဒ္ဓဘာသာကို စွန့်လွှတ်စေပြီး ဟိန္ဒူဘာသာကို ကိုးကွယ် ခိုင်းခဲ့တယ်။ ဟိန္ဒူဘာသာကို မကိုးကွယ်ပါက ပွက်ပွက်ဆူနေတဲ့ ထောပတ်အိုးကြီးထဲ နစ် သတ်စေခဲ့တယ်။
ရှံကရဟာ ဘာကြောင့် ဗုဒ္ဓဘာသာအပေါ် ဒါလောက် ရက်ရက်စက်စက် ပြုလုပ်ခဲ့ရတာပါ လဲ။ ရှံကရဟာ တချိန်က ဗုဒ္ဓဘာသာရဟန်းတော်တပါးဖြစ်ခဲ့တယ်။ သူဟာ ပါရာဇိကျတာ ကြောင့် ရဟန်းကောင်းများက သူ့ကို လူဝတ်လဲစေပြီး သာသနာ့ဘောင်ကနေ နှင်ထုတ်ခဲ့ တယ်။ ဒါကြောင့် ရှံကရဟာ ဗုဒ္ဓဘာသာအပေါ် အငြိုးတကြီး ချေမှုန်းတိုက်ခဲ့တာဖြစ် တယ်။
မြန်မာနိုင်ငံသာသနာ့သမိုင်းမှာလည်း ဒုတိယရှံကရတွေ အများအပြားပေါ်ပေါက်ခဲ့တယ်။ အထူးသဖြင့် ပါရာဇိကကျလို့ သာသနာတော်မောင်းထုတ်ခံရသူများ၊ ပါရာဇိကကျပြီး စိတ် မလုံမခြုံဖြစ်နေသူများဟာ ထေရ၀ါဒပိဋကစာပေများကို ပုံဖျက်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို အငြိုးတကြီး တိုက်ခိုက်တတ်ကြတယ်။ ယနေ့အချိန်မှာ ဒုတိယရှံကရအဖြစ် ထင်ရှားကျော် ကြားနေသူကတော့ မိုးပြာဦးဥာဏပဲဖြစ်တယ်။
မိုးပြာဦးဥာဏကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဂေါင်းကွဲကျေးရွာနေ ဦးမြဒင်+ဒေါ်လှ ထွန်းတို့က ၁၃၀၀ပြည့်နှစ် နယုန်လဆန်း(၃)ရက် အင်္ဂါနေ့မှာ မွေးဖွားခဲ့တယ်။ ၁၃၁၄ခုနှစ် မှာ ဂေါင်းကွဲရွာတောင်ကျောင်းဆရာတော် ဦးပညာထံမှာ ကိုရင်အဖြစ် သာသနာ့ဘောင် ၀င်ရောက်ခဲ့တယ်။ ဦးဥာဏဟာ စာပေကျမ်းဂန်များကို မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း ဂန္ထဓူရကျောင်းမှာ သင်ယူခဲ့တယ်။ ပထမငယ်တန်း ပထမလတ်တန်း ပထမကြီးတန်းများ အောင်မြင်ခဲ့တယ်။ ဓမ္မာစရိယတန်းကို မအောင်မြင်ခဲ့။ အသက်(၂၅)နှစ်ထိ ပညာသင်ယူ ပြီး အသက်(၂၅)နှစ်ကျော်တဲ့အခါမှာ တောထွက်ပြီး မန္တလေးတ၀ိုက်ရှိ တောရများမှာ တ ရားအားထုတ်ခဲ့တယ်။
မိုးပြာဦးဥာဏဟာ မင်းကွန်းရွာအနီး ရွှေမြင်တင်တောင်ထိပ်မှာ တပါးနေပြီး တရားအား ထုတ်တယ်။ ၁၉၈၃ခုနှစ်မှာ ရဟန္တာဖြစ်ပြီလို့ ကိုယ်တိုင်ကြေငြာခဲ့တယ်။ ဒါကြောင့် စစ် ကိုင်းမြို့နယ်သံဃနာယကအဖွဲ့က ၀ိနည်းဓိုရ်အဖွဲ့နဲ့ စစ်ဆေးတဲ့အခါမှာ ရဟန္တာမဟုတ် ကြောင်း စစ်ဆေးပေါ်ပေါက်လို့ စတုတ္ထပါရာဇိကကျတယ်ဆိုပြီး လူဝတ်လဲစေခဲ့တယ်။ တိုင်းဝိနည်းဓိုရ်အဖွဲ့နဲ့ ဗဟိုဝိနည်းဓိုရ်အဖွဲ့ကလည်း စတုတ္ထပါရာဇိကကျတယ်လို့ တညီတ ညွတ်ထဲ ဆုံးဖြတ်ခဲ့တယ်။
ဒါကြောင့် မိုးပြာဦးဥာဏက “အ၀ါဝတ်မှ ဘုန်းကြီးမဟုတ်ဘူး။ အပြာဝတ်လည်း ဘုန်းကြီး ဖြစ်တယ်ကွ” လို့ ကြွေးကြော်ပြီး အပြာရောင်ဝတ်စုံကို ၀တ်ဆင်ကာ ထေရ၀ါဒဗုဒ္ဓဘာသာ ကို စတင်တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ၁၉၈၃ခုနှစ်မှာ သာသနာတော်ဆိုင်ရာဥပဒေများနဲ့ စစ်ကိုင်းတိုင်းသာသနာရေးမှူးရဲ့ တရားစွဲဆိုခြင်းခံရပြီး ထောင်ကျခဲ့တယ်။ ၁၉၈၆ခုနှစ်မှာ တိပိဋကဓရမင်းကွန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာရပ်ခံပေးမှုအရ အစိုးရက ထောင်က နေလွှတ်ပေးခဲ့တယ်။ ထောင်ကနေလွတ်တဲ့အခါမှာလည်း မိုးပြာဦးဥာဏဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာကို အငြိုးတကြီးဆက်လက်တိုက်ခိုက်နေခဲ့တယ်။
မိုးပြာဦးဥာဏဟာ ထေရ၀ါဒပိဋကစာပေကျမ်းဂန်များကို လိုသလိုပုံဖျက်ပြီး ဗုဒ္ဓအလိုအရ ရှေ့ဘ၀နောက် ဘ၀မရှိ၊ သံသရာမရှိ၊ နိဗ္ဗာန်မရှိ၊ ကုသိုလ်ကောင်းမှုမပြုရ၊ ဥပုသ်သီလ ဆောက်တည်ခြင်းသည် အလကားအလုပ်၊ သုံးဆယ့်တဘုံမရှိ၊ အဘိဓမ္မာသည်ဘုရား ဟောမဟုတ်၊ လူကလွဲရင် ဘယ်သူ့ကိုမဆို သတ်ကောင်းတယ်၊ အများပိုင်ပစ္စည်း နိုင်ငံပိုင် ပစ္စည်းကို ခိုးကောင်းတယ် သီလမပျက်ဘူး၊ စေတနာကောင်းနဲ့လိမ်ရင် မုသာဝါဒကံမထိုက်ဘူး၊ ဘယ်အမျိုးသမီးကိုမဆို အလိုတူဆက်ဆံရင် ကာမေသုမိစ္ဆာစာရကံမထိုက်ဘူး အလိုဆန္ဒဖြည့်ပေးရာရောက်လို့ ကုသိုလ်တောင်ရသေးတယ်စသဖြင့် ဟောပြောပြီး ထေရ၀ါဒဗုဒ္ဓဘာသာကို တိုက်ခိုက်ခဲ့တယ်။
ဦးဥာဏဟာ ထောင်ကျလိုက် ပြန်လွှတ်လိုက် ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို တိုက်ခိုက် လိုက်နဲ့ ချာလည်လိုက်ရင်း အချိန်ကုန်နေခဲ့တယ်။ မိုးပြာဦးဥာဏဟာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ယခုအခါမှာ ထောင်ထဲကနေ ပြန်လွတ်လာခဲ့ ပြန်ပြီဖြစ်တယ်။ မိုး ပြာဦးဥာဏဟာ ဒီမိုကရေစီထီးရိပ်ခိုပြီး သူ့အယူဝါဒကို ထပ်မံအသက်သွင်းဖို့ ကြိုးစားလာ ပြန်တယ်။
ဘဒ္ဒန္တအဂ္ဂဥာဏဦးဆောင်တဲ့ ဆရာတော်ခြောက်ပါးက မိုးပြာအယူဝါဒကို ဓမ္မ အဓမ္မအဖြစ် စိစစ်ဆုံးဖြတ်ပေးဖို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို တိုင်ကြားခဲ့တာကြောင့် ၁၃၇၃ခု နှစ် ပြာသိုလပြည့်ကျော်(၉ )ရက် (၂၈-၁-၂၀၁၀) သောကြာနေ့မှာ နိုင်ငံတော်သံဃမဟာ နာယအဖွဲ့က နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁၇/၂၀၁၀)ကို ဖွဲ့စည်းပေးပြီး မိုး ပြာဝါဒကို ဓမ္မ အဓမ္မ၀ါဒအဖြစ် စိစစ်ဆုံးဖြတ်စေခဲ့တယ်။ တည်ဆဲဥပဒေအရ ၀ိနည်းဓိုရ်ရုံး မှာ စုဒိတက(စွပ်စွဲသူ)များရဲ့ စွပ်စွဲချက်များကို ပြန်လည်ဖြေရှင်းခွင့်ပေးခဲ့သော်လည်း လာ ရောက်ဖြေရှင်းခြင်း မပြုခဲ့ဘူး။
မိုးပြာဦးဥာဏဟာ အဓမ္မ၀ါဒအဖြစ်ကနေ ရှောင်လွှဲဖို့အတွက် သူ့အယူဝါဒသည် ထေရ၀ါဒ ဗုဒ္ဓဘာသာအယူဝါဒမဟုတ်၊ ပစ္စုပ္ဗန်ကမ္မ၀ါဒဗုဒ္ဓဘာသာဖြစ်တယ်လို့ ကြေငြာပြီး ဗုဒ္ဓဘာ သာဂိုဏ်းခွဲတခုအဖြစ် တည်ထောင်လိုက်တယ်။ သို့သော်လည်း ၁၉ ၈၀ပြည့်နှစ် ဖေဖ၀ါရီ လ(၁)ရက်နေ့မှာ ပြဋ္ဌာန်းထားတဲ့ သံဃအဖွဲ့အစည်းအခြေခံစည်းမျဉ်းဥပဒေ အခန်း(၂) အ ပိုဒ်(၄)အရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဂိုဏ်းခွဲ အသစ်ထပ်မံထူထောင်ခွင့် လုံးဝမရှိတော့ ဘူး။ ဥပဒေကိုလိုက်နာခြင်းမပြုပါက ထောင်ဒဏ်ကျခံရမှာဖြစ်တယ်။
မိုးပြာဦးဥာဏအနေနဲ့ သူ့အယူဝါဒဟာ ထေရ၀ါဒဗုဒ္ဓဘာသာအယူဝါဒမဟုတ်ဘူး။ ပစ္စုပ္ဗန် ကမ္မ၀ါဒဗုဒ္ဓဘာသာဖြစ်တယ်လို့ ဂိုဏ်းသီးခြားအဖြစ် ထမင်းရည်လျှာပူလွှဲ ကြေငြာခဲ့သော် လည်း ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကစာပေများကို လိုသလိုပုံဖျက်ပြီးတော့ ၀ါဒဖြန့်ချိန်နေခြင်း သာဖြစ်တယ်။
အကယ်၍ မိုးပြာဦးဥာဏအနေနဲ့ သင်္ဂါယနာတင် ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကစာပေကျမ်း ဂန်များကို ပုံဖျက်ပြီး အသုံးမပြုဘူးဆိုရင်၊ ဗုဒ္ဓဘာသာဂိုဏ်းခွဲမဟုတ်ပဲ ကိုယ်ပိုင်အယူအဆ အဖြစ် ရပ်တည်မယ်ဆိုရင် တည်ဆဲဥပဒေများနဲ့ ကင်းလွတ်ခွင့်ရမှာပဲဖြစ်တယ်။ ရှင်းရှင်း ပြောရမယ်ဆိုရင် မိုးပြာဦးဥာဏအနေနဲ့ ကရင်ပြည်နယ်က ဖိုးတခေတ်လို ဘာသာအယူဝါ ဒ အသစ်တခု ထူထောင်လိုက်မယ်ဆိုရင် ထေရ၀ါဒသံဃအဖွဲ့အစည်းက မည်သို့မှ ပြုလုပ် မှာ မဟုတ်တော့ဘူး။ သို့သော် မိုးပြာဦးဥာဏအနေနဲ့ ဖိုးတခေတ်လောက်တောင် သွေးရှိ ဟန်မတူပါ။
လစ်ဘရယ်ဆိုသူများက လွတ်လပ်စွာပြောရေးဆိုခွင့်ဟုဆိုကာ တစခန်းထကြပြန်ပါတယ်။ မိုးပြာဦးဥာဏသည် လွတ်လပ်စွာပြောဆိုနေတာ မဟုတ်ပါ။ အဖွဲ့အစည်းအတွင်းနေပြီး အဖွဲ့အစည်းရဲ့စည်းကမ်းကို ဖောက်ဖျက်နေခြင်းသာဖြစ်တယ်။ အဖွဲ့အစည်းအပြင်က ရပ် တည်နေသူဟု ဆိုပြန်ပါရင်လည်း သူတပါးအဖွဲ့အစည်းကို ဖျက်စီးတိုက်ခိုက်နေတဲ့သူသာ ဖြစ်တယ်။
နောက်ထပ် လစ်ဘရယ်သမားဆိုသူများ သတိမထားမိတာ တခုရှိတယ်။ အဲဒါကတော့ နိုင်ငံရေးကြောင့် ကွဲပြဲနေတဲ့နိုင်ငံကို ဘာသာရေးအကွဲနဲ့ ကွဲကြောင်းဆက်သွားရင် ဘယ် လောက်ထိ အန္တရာယ်ကြီးတယ်ဆိုတာကိုပါပဲ။ တချို့ကလည်း သတိထားတော့ ထားမိပါ လိမ့်မယ်။ သို့သော်လည်း အကျိုးစီးပွားတခုခုကြောင့် မျက်စိမှိတ်ပြီး ပြောနေကြတာဖြစ်ပါ လိမ့်မယ်။
ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းမှာသာမဟုတ် အဖွဲ့အစည်းတိုင်းမှာ သတ်မှတ်ချက် မူ ဘောင်စည်းကမ်းဆိုတာ ရှိတယ်။ မဟာယာနဗုဒ္ဓဘာသာအဖွဲ့အစည်းမှာ မူဘောင်စည်း ကမ်း(၅)ချက်ရှိတယ်။
၁။ အာလယ၀ိညာဉ် - ပြုသမျှသော ကုသိုလ်ကံ အကုသိုလ်ကံမျိုးစေ့များ၏ သိုမှီးသိမ်း စည်းရာဌာနဖြစ်သော အာလယ၀ိညာဉ်ခေါ် ခုနှစ်ခုမြောက်သတ္တမ၀ိညာဉ်ရှိ သဘောတ ရား။
၂။ တထတာ - အာလယ၀ိညာဉ်၏တည်မှီရာ မူရင်းအကြောင်းတရား တထတာကို ပရမတ္ထသစ္စာဟုခေါ်သည်။ နိဗ္ဗာန်ဆိုသည်မှာ တည်ငြိမ်နေသော တထတာကိုပင်ခေါ် သည်။
၃။ တထာဂတ - သတ္တ၀ါသည် တထတာ၏အသွင်ပြောင်းမှုဖြစ်၍ တထတာမှပေါ်ထွက် လာ၍ တထာဂတမည်၏။ တနည်းအားဖြင့် သတ္တ၀ါသည် တထတာအဖြစ်သို့ ပြန်လည် ရောက်ရှိသွားသောကြောင့် တထာဂတမည်၏။ (လောကကြီးတခုလုံးဆိတ်ငြိမ်၍ တထ တာအဖြစ်သို့ရောက်သောအခါ သတ္တ၀ါသည်လည်း တထတာအဖြစ်သို့ ရောက်သွား သည်။)
၎။ တထာဂတဂဗ္ဘ - တထတာသည်ပင်လျှင် တထာဂတခေါ်သောသတ္တ၀ါ၏ မူလအစ ကိန်းအောင်ရာ တိုက်ခန်း(၀မ်းဗိုက်)ဖြစ်သောကြောင့် တထာဂတဂဗ္ဘလည်းမည်၏။
၅။ ဓမ္မဓာတု - တထတာမှ အသွင်းပြောင်းရန် လှုပ်ခတ်ချောက်ချားလာသောအခါ ပေါ် ထွက်လာသော လှုပ်ရှားမှု တစ်ခုစီ တစ်ခုစီတို့၏ လှုပ်ရှားမှုအားလုံးကို စုပေါင်းခေါ်ဝေါ် သော စကြာဝဠာလောကဓာတ်ကြီးသည် ဓမ္မဓာတုမည်၏။
အထက်ပါမူဘောင်စည်းကမ်းချက် ငါးခုကိုလိုက်နာလက်ခံမှ မဟာယာနဗုဒ္ဓဘာသာအဖြစ် မဟာယာနဗုဒ္ဓဘာသာအဖွဲ့အစည်းက အသိအမှတ်ပြုလက်ခံတာဖြစ်ပါတယ်။ ထိုမူဘောင် စည်းကမ်းချက်များနဲ့ မကိုက်ညီပဲ မဟာယာနဗုဒ္ဓဘာသာအဖွဲ့အစည်းအဖြစ် ကြေငြာရင် မဟာယာနဗုဒ္ဓဘာသာအဖွဲ့အစည်းက ထိုက်သင့်သလိုတုန့်ပြန်သွားမှာပဲဖြစ်ပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းမှာလည်းပဲ အခြေခံမူဘောင်စည်းကမ်းသုံးချက် ရှိပါ တယ်။ အဲဒါတွေကတော့ ၁။ ဘုရားရှင်ဟောကြားတာကိုလည်း မပယ်ရဘူး။ ၂။ ဘုရားရှင် မဟောကြားတာကိုလည်း ထည့်သွင်းခြင်းမပြုရဘူး။ ၃။ ဘုရားရှင်ဟောကြားချက်ကို မူလ အရှိပကတိအတိုင်း လိုက်နာလက်ခံရမယ်။ ဒီသုံးချက်နဲ့ မကိုက်ညီပဲ ထေရ၀ါဒဗုဒ္ဓဘာသာ အဖြစ် ကြေငြာခဲ့ရင် ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းက ထိုက်သင့်သလို တုန့်ပြန်သွားကြ မှာပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မိုးပြာဦးဥာဏအနေနဲ့ ထေရ၀ါဒပိဋကစာပေများ ဖျက်လို ဖျက်စီးမပြုလုပ်ရင်၊ ဗုဒ္ဓ၀ါဒထီးရိပ်မှာမခိုတော့ပဲ ကိုယ်ပိုင်ဘာသာအသစ်တခုအဖြစ် ရပ် တည်လိုက်မယ်ဆိုရင် ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းနဲ့ ထိပ်တိုက်မတွေ့တော့ဘူးဆို တာပါပဲ။
( မိုးသု - မန္တလေး )
-------------------------------------------------------------------
ပစ္စုပ္ပန်ကမ္မ၀ါဒနှင့် အယူဝါဒကွန်ရက်
“ပစ္စုပ္ပန်ကမ္မ၀ါဒ” ဆိုတာကို အင်တာနက်ပေါ်မှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က တွေ့ခဲ့ဖူးပါတယ်။ ဖတ်ပြီး ဝေဖန် သုံးသပ်ချက်တစ်ခုရေးဖို့ စဉ်းစားမိခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့ပါဘူး။ ကိုယ်လေးစားတဲ့ ပုဂ္ဂိုလ်ကို, ကိုယ်နှစ်သက်တဲ့ အယူအဆကို အပြစ်တင် ဝေဖန်ရှုတ်ချရင် မကျေမချမ်းဖြစ်တတ်ပါတယ်, ရန်ငြိုးဖွဲ့တတ်ပါတယ်။ ကိုယ်လေးစားတဲ့သူ, ကိုယ်နှစ်သက်တဲ့ အယူအဆကို ချီးမွမ်းပြောဆိုရင်လည်း နှစ်သက် ၀မ်းမြောက်တတ်ကြပါတယ်။ အမျက်ဒေါသထွက်နေသူဟာ တစ်ဖက်က ဝေဖန်မှုရဲ့ ကောင်းဆိုးမှားမှန်ကို မပိုင်းခြားနိုင်သလို၊ အဆင်ခြင်မဲ့ နှစ်သက် ၀မ်းမြောက်ပြီး မာန်တက်နေတာလည်း မကောင်းပါဘူး။ (ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်)။
အသေးစိတ်အချိန်ပေး မဖတ်နိုင် (မဖတ်လို) ပေမယ့် အနည်းဆုံး ပစ္စုပ္ပန်ကမ္မ၀ါဒဟာ ဘယ်လိုဝါဒမျိုးလဲလို့ အဓိပ္ပါယ်ပေါ်ယုံ သယံဝသီရဲ့ site http://sayamvasi.googlepages.com/toe-bookspage မှာတင်ထားတဲ့ စာအချို့ကို ဖတ်ခဲ့ပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒဟာ နိကာယ်ငါးရပ်က ဒေသနာတွေနဲ့ ဘယ်လို ကွဲပြားခြားနားနေသလဲဆိုတဲ့ အချက်တွေ၊ အနက်အဓိပ္ပါယ် ကောက်ယူမှု ကွဲလွဲချက်တွေကိုပဲ ဦးစားပေး ဖတ်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒီတွေက ဘာကြောင့် ဒီလိုယူဆရသလဲ, ဘယ်အယူအဆတွေရဲ့ သြဇာသက်ရောက်မှုရှိလဲဆိုတဲ့ အကြောင်းရင်းဇစ်မြစ်နဲ့ ရည်ရွယ်ချက်တွေကို ရှာကြည့်ခဲ့ပါတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ သိသာထင်ရှားပြီး အရေးပါတယ်လို့ ယူဆရတဲ့ အချက်တွေကတော့
၁။ နတ်, ဗြဟ္မာ, ငရဲ, ပြိတ္တာစတဲ့ ပရလောကကို လက်မခံပါ။
၂။ ရှေးဘ၀, နောက်ဘ၀ကို လက်မခံပါ။
၃။ ပစ္စုပ္ပန် မျက်မှောက်ဘ၀မှ ကိုယ်နှုတ်နှလုံးလှုပ်ရှားမှုကိုသာ ကံအဖြစ်သတ်မှတ်ပါတယ်။
၎။ ဒီမှာလည်း လူ-လူချင်းဆက်ဆံရေးမှ ကိုယ်နှုတ်နှလုံးလှုပ်ရှားမှုကိုသာ ကံအဖြစ်သတ်မှတ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်သတ်တာဟာ ပါဏာတိပါတ မဟုတ်၊ အစိုးရပစ္စည်းခိုးတာဟာ အဒိန္နာဒါနကံ မမြောက် စသဖြင့် ယူဆပါတယ်။
၅။ ကံ၏ အကျိုးဝိပါတ်ဆိုတာဟာ ကံကို ပြုစဉ်က ကိုယ်စိတ်တို့အတိုင်း ထပ်မံဖြစ်ပွားနေခြင်းလို့ ယူဆပါတယ်။
၆။ ရူပ, အရူပဆိုတဲ့ ဈာန်တရားတွေကို အတ္တကိလမထာနုယောဂ အစွန်းဟုသတ်မှတ်ထားပါတယ်။
၇။ ရုပ်နမ်တို့၏ ဖြစ်ပျက်ကို ရှုပွားခြင်းသည် တရားမဟုတ်။ ကိုယ်နှုတ်စိတ် အမှားမဖြစ်အောင် နေခြင်းကသာ တရားဖြစ်တယ်လို့ ယူဆပါတယ်။
၈။ သံသရာအတွင်းမှာ လူ-သတ္တ၀ါတို့ လည်ကြခြင်းမဟုတ်ပဲ လူ-သတ္တ၀ါအတွင်းမှာ သံသရာတို့ လည်ကြခြင်း ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ဟာ သုံးဘ၀လည်တာမဟုတ်။ ဒီဘ၀အတွင်းမှာ လည်တာသာ ဖြစ်တယ်။
၉။ ငါက အနတ္တမဟုတ်ဘူး၊ ငါတို့ ထင်ထားတဲ့ (လူဟု ထင်ထားသည့်) ပဉ္စုပါဒါနက္ခန္ဓာတွေကိုသာ အနတ္တလို့ဟောတာ။ သက္ကာယဒိဋ္ဌိပျောက်သွားရင် ငါသက်သက် (လူသက်သက်, အတ္တသက်သက်)ပဲ ကျန်တယ်လို့ ယူဆကြပါတယ်။
အခြားသော ကွဲပြားခြားနားမှုတွေ အများအပြားရှိသေးပေမယ့် ဒီအချက်တွေလောက်နဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ ကောက်ကြောင်း ပေါ်လောက်ပါတယ်။ (ထေရ၀ါဒ ရဟန်းတော်များနဲ့ ကမ္မဋ္ဌာန်းရိပ်သာများအပေါ် စွတ်စွဲဝေဖန်ထားမှုတွေရှိပေမယ့် အခြေအမြစ်သိပ်မရှိပဲ ပုဂ္ဂိုလ်ရေးဆန်ဆန်သာဖြစ်လို့ အကျိုးမများတဲ့အတွက် ပြန်လည်မဖော်ပြတော့ပါဘူး။ အယူဝါဒ သက်သက်အပေါ်မှာပဲ သုံးသပ်ပြလိုပါတယ်။)
သိပ္ပံထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာဝင်များအကြား ကာလာမသုတ်လို ဒေသနာမျိုးတွေ ရေပန်းစားလာပါတယ်။ ရှေးရိုးစဉ်လာ ယုံကြည်မှုတွေကို စိန်ခေါ်ချင် လာကြပါတယ်။ အထူးသဖြင့် အနောက်တိုင်းစာပေနဲ့ ထိတွေ့ခွင့်ရသူတွေက ဘာသာတရားကို သိပ္ပံပညာဆိုတဲ့ ပေတံနဲ့ တိုင်းထွာ ကြည့်ချင်လာကြပါတယ်။ ဥရောပမှာ ဘုရားကျောင်းတွေနဲ့ ထာရ၀ဘုရားသခင်ရဲ့ လောင်းရိပ်အောက်က လူသားတန်ဖိုးကို ဆွဲထုတ်ပြီး လူသားဝါဒကို ကြွေးကြော်ခဲ့ကြတယ်။ ဒီလို လှုပ်ရှားမှုမျိုးတွေကို အတုယူချင် လာကြပါတယ်။ ရှင်ဥက္ကဋ္ဌရဲ့ “လူသေလူဖြစ်ဝါဒ” ဟာ သိပ္ပံပညာက ဒြဗ်ထုတည်မြဲမှုနိယာမ, ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ, လူသားဝါဒ စတာတွေကို ဗုဒ္ဓ၀ါဒနဲ့ ပေါင်းစပ်ဖို့ ကြိုးပမ်းရင်း သိပ္ပံနည်းလည်းမကျ၊ ဗုဒ္ဓ၀ါဒမှလည်း သွေဖီသွား ပါတယ်။
ယခုပစ္စုပ္ပန်ကမ္မ၀ါဒမှာလည်း “လူသားဝါဒ”ကို ရှေ့တန်းတင်လိုတဲ့ သဘောမျိုး တွေ့ရပါတယ်။ တကယ်တော့ ဗုဒ္ဓ၀ါဒဟာ ဖန်ဆင်းရှင်ကို လက်ခံတဲ့ဝါဒမျိုး မဟုတ်တဲ့အပြင် ရခဲလှတဲ့ လူသားရဲ့ ဘ၀တန်ဖိုးကို အလွန် အလေးထားတဲ့အတွက် အထူးတလည် လူသားဝါဒကို ပွဲထုတ်နေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ပစ္စုပ္ပန်ကမ္မ၀ါဒမှာ လူကို လွန်လွန်ကျုးကျုး နေရာပေးထားတာ တွေ့ရပါတယ်။ လူ-လူချင်း ဆက်ဆံရာမှာ ပြုမူတဲ့လှုပ်ရှားမှုတွေကသာ ကံအစစ်ဖြစ်တယ်။ လူမဟုတ်တဲ့ တိရစ္ဆာန်သတ်ခြင်းဟာ ပါဏာတိပါတမဟုတ် စသဖြင့် ခံယူထားပါတယ်။
လူသေလူဖြစ်ဝါဒလို သိပ္ပံပညာက သဘောတရားတွေကို ယူသုံးမထားပေမယ့် ပစ္စုပ္ပန်ကမ္မ၀ါဒတစ်ခုလုံးဟာ Common Sense ဆိုတဲ့ သဘောတရားကို အခြေခံထားတာတွေ့ ရပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒက “မည်သည့်ဘာသာဝါဒ, ဒဿနကမှ မှီခို ကူးချ ယူဆောင် ထုတ်နှုတ်ထားခြင်းမဟုတ်တဲ့ ကိုယ်တိုင် သိမြင်ချက်များ” လို့ ကြေညာပြီး၊ “သာမညသဘောတရားကျမ်း” ကို အကျယ်တ၀င့် ရေးသားထားပါတယ်။ ဒဿနဆန်ဆန် ဝေါဟာရအသုံးအနှုန်းတွေ သုံးပြီး စာမျက်နှာ ၁၀၀ ကျော် ရေးသွားပေမယ့် အာရုံခံအင်္ဂါငါးပါးနှင့် ကိုယ်တိုင်သိသော သာမညအသိဆိုတဲ့ Common Sense ပါပဲ။ Common Sense ကိုသာ ဦးစားပေးတဲ့ ၀ါဒကို ဒဿနလောကမှာ Naïve Realism လို့ခေါ်ပါတယ်။ အထူးအဆန်း မဟုတ်ပါဘူး။ မြက်ဟာ စိမ်းတယ်, ကျောက်ခဲဟာ မာတယ်, နှင်းဟာ အေးတယ်စတဲ့ ခပ်ရိုးရိုးမြင်တဲ့ လူပြိန်းအမြင်မျိုးကို ဆိုတာပါ။ ယေဘုယျအားဖြင့် ကြည့်ရင် ဒီလို ခပ်ရိုးရိုး မြင်ခြင်းဟာ မလွဲနိုင်တဲ့ ပစ္စက္ခဖြစ်တယ်, ဒိဋ္ဌဓမ္မအမြင် ဖြစ်တယ်လို့ ယူဆရပေမယ့် Quantum Mechanics ပေါ်လာတဲ့ ဒီနေ့ခေတ်မှာ သာမာန် ပဉ္စာရုံသိဟာ ပကတိအရှိတရားနဲ့ အလှမ်းကွာသွားပြီလို့ သိပ္ပံပညာရှင်တွေက လက်ခံကြပါတယ်။ ဒီဝါဒနဲ့ ပတ်သက်ပြီး Bertrand Russell က “Naive realism က ရူပဗေဒကို ဦးဆောင်တယ်။ ရူပဗေဒက Naive realism မှားကြောင်း ပြခဲ့တယ်။ ဒါကြောင့် Naive realism က မှားပါတယ်” လို့ An Inquiry Into Meaning and Truth ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ဖူးတယ်။ သိပ္ပံပညာဟာ စဉ်းစားဆင်ခြင်တွေးခေါ်မှုမပါပဲ အာရုံသိသက်သက်နဲ့တော့ ရှေ့ဆက် မတိုးနိုင်ပါဘူး။ မြတ်စွာဘုရားဟာ ဒီ Common Sense ပေါ်အခြေခံပြီး ဟောကြားထားတဲ့ (ဥပမာ ကာလာမသုတ်, အပဏ္ဏကသုတ်တို့လို) သုတ္တန်တွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ဒီလိုသုတ္တန်အများစုဟာ အဆင့်မြင့်တဲ့ သစ္စာလေးပါးတရားတွေကို လက်ခံနိုင်စွမ်းမရှိသေးတဲ့ (တွေဝေနေသေးတဲ့) သူတွေကို ဟောကြားခဲ့တာ များပါတယ်။ ဒီသုတ္တန်တွေမှာလည်း တမလွန်ဘ၀ကို လက်ခံခြင်းဟာ အကျိုးမယုတ်ကြောင်းကို ဟောကြားခဲ့ပါတယ်။ အာရုံခံအင်္ဂါငါးပါးဖြင့် သိမြင်တဲ့ သာမာန်အသိထက် မနောဝိညာဏ်ဖြင့်သိတဲ့ အသိမျိုးကိုပဲ ဗုဒ္ဓဘာသာက ဦးစားပေး ပါတယ်။ ပညာဟာ မနောဝိညာဏ်ပေါ်မှာ ဖြစ်ပေါ်ပြီး ထိုးထွင်းသိခြင်း, ပိုင်းခြားသိခြင်း, ကိလေသာကို ပယ်သတ်ခြင်းစတဲ့ အကျိုးတွေရှိတယ်လို့ ရှင်သာရိပုတ္တရာမထေရ် ဟောကြားခဲ့ပါတယ်။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠယမက၀ဂ်၊ မဟာဝေဒလ္လသုတ်)
ပစ္စုပ္ပန်ကမ္မ၀ါဒဟာ ဘာကြောင့် Common Sense ကိုရွေးချယ်ခဲ့ပါ သလဲ။ ဗုဒ္ဓက ဓမ္မဟာ စဉ်းစားတွေးခေါ်ခြင်း၏ ကျက်စားရာမဟုတ် “အတက္ကာဝစာရော” လို့ ဟောကြားခဲ့တာကြောင့် တစ်ကြောင်း၊ သာမာန်အာရုံသိနဲ့ မမြင်နိုင်တဲ့ ရှေ့ဘ၀, နောက်ဘ၀, နတ်, ဗြဟ္မာ, ငရဲ စတာတွေကို ငြင်းပယ်လိုတာကြောင့် တစ်ကြောင်းလို့ ယူဆရပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်ကံဟာ “ထုံးပုံးထဲ လက်နှိုက်ရင် ဖြူပြီး၊ ကတ္တရာပုံးထဲ လက်နှိုက်ရင် မဲသလို” ပစ္စုပ္ပန်မှာပဲ အကျိုးပေးတယ်လို့ ယူဆပါတယ်။ စင်စစ် ပစ္စုပ္ပန်ကမ္မ၀ါဒဟာ လူသေပြီး လူမဖြစ်တော့တာကလွဲရင် လူသေလူဖြစ်ဝါဒရဲ့ ကံအယူအဆနဲ့ ခပ်ဆင်ဆင် တူပါတယ်။ တကယ်တော့ အနောက်တိုင်းသား အများစုဟာလည်း ဗုဒ္ဓအဆုံးအမကို လက်ခံလိုကြပေမယ့် ဘ၀တစ်ဖန်ဖြစ်ခြင်းဆိုတဲ့ အယူအဆကို ငြင်းပယ်လိုကြပါတယ်။ သို့မှသာ Common Sense နဲ့ကိုက်ညီပြီး သဘာဝကျတဲ့ ကမ္မ၀ါဒဖြစ်မယ်လို့ ယူဆကြပါတယ်။ သဘာဝလွန် နတ်ဗြဟ္မာလောကတွေကို လက်မခံ, သေလွန်ပြီး ပြန်ဖြစ်သောဘ၀ကို လက်မခံတဲ့ ပစ္စုပ္ပန်ကံဝါဒမျိုးဟာ ဗြဟ္မဏ၀ါဒနဲ့ ဂျိန်းဝါဒတို့ရဲ့ ကံဝါဒထက်တော့ ပိုပြီးသင့်တော် လိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓက ဘာသာအယူဝါဒအကျင့်တွေကို ဝေဖန်ပြတဲ့အခါ ပရလောကကို ငြင်းပယ်တဲ့ဝါဒတွေကို မမြတ်သောဘာသာတရား (အဗြဟ္မစရိယ) တနည်းအားဖြင့် မှားယွင်းတဲ့ ဘာသာတရား False Religion လို့ သတ်မှတ်ပါတယ်။ ဒီအယူဝါဒမျိုးကို စွဲမြဲစွာ ကျင့်သုံးခဲ့ရင် မဂ်ဖိုလ်မရနိုင်၊ သေလွန်လျှင် မုချ အပါယ်သို့လားစေမည့် နိယတမိစ္ဆာဒိဋ္ဌိ အမြင်ဖြစ်တယ်။ ဗြာဟ္မဏ၀ါဒနဲ့ နိဂဏ္ဍနာဋပုတ္တရဲ့ ဂျိန်းဝါဒတွေကိုတော့ သက်သာရာ မရစေနိုင်တဲ့ ဘာသာတရား (အနဿာသိက ဗြဟ္မစရိယ) Unsatisfactory Religion လို့သာ ဟောကြားခဲ့ပါတယ် (မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ သန္ဒကသုတ်)။
ပစ္စုပ္ပန်ကမ္မ၀ါဒဟာ Common Sense နဲ့ “လူ” ဇောင်းပေးလွန်းတဲ့အတွက် ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်းကို အပိုအလုပ်လို့ မြင်ပါတယ်။ စိတ်တည်ငြိမ်အောင် ချုပ်တည်းတဲ့ ဈာန်တရားတွေကို အတ္တကိလမထာနုယောဂလို့ သတ်မှတ်ပါတယ်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်ရှုပွားခြင်းဟာ တရား မဟုတ်ဘူးလို့ ယူဆပါတယ်။
ဒီတော့ ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ လာရာလမ်းကြောင်းကို ပြန်ကောက်ရရင် သာမညအသိ (၀ါ) သာမာန်လူပြိန်း အသိနဲ့ လူကသာ ပဓာနကျတယ်ဆိုတဲ့အချက်ကို အခြေခံထားတဲ့ ဥစ္ဆေဒ၀ါဒ, နိတ္ထိက၀ါဒ နိယတမိစ္ဆာ အယူအဆသာ ဖြစ်ပါတယ်။ တမလွန်ဘ၀နဲ့ သံသရာကို လက်မခံတဲ့အတွက် ဗုဒ္ဓအဆုံးအမသာသနာရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ သံသရာမှ ထွက်မြောက်ခြင်း ချမ်းသာ (၀ိမုတ္တိသုခ) ကိုလည်း မရနိုင်ပါ။ တမလွန်တွင် အပါယ်ဘေးမှ လွန်မြောက်သော ချမ်းသာ (သမ္ပရာယိကသုခ) ကိုလည်း မရနိုင်ပါ။ အစိုးရပစ္စည်း ခိုးယူခြင်းသည် အဒိန္နာဒါနာကံ မမြောက် စသဖြင့်ခံယူတဲ့အတွက် မျက်မှောက်ဘ၀ ကိုယ်ကျင့်သီလ စာရိတ္တမဏ္ဍိုင်ကိုတောင် အထောက်အကူ မပြုနိုင်ပါဘူး။ သူတော်ကောင်းတို့ ကဲ့ရဲ့ရှုတ်ချမှုကိုလည်း မလွတ်နိုင်ပါဘူး။ သမာဓိနဲ့ ၀ိပဿနာကိုလည်း ပစ်ပယ်ထားတဲ့အတွက် ဗုဒ္ဓ၀ါဒရဲ့ သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာသုံးရပ်လုံးနဲ့ ဆန့်ကျင်နေပါတယ်။
***** ******
ဗုဒ္ဓ၀ါဒနှင့် နှိုင်းယှဉ်ချက်
ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ အယူအဆများဟာ ဗုဒ္ဓ၀ါဒနဲ့ ကွဲပြားခြားနားကြောင်းကို အထက်ကပြောခဲ့တဲ့ အချက် (၉) ချက်ပေါ်မူတည်ပြီး (အဋ္ဌကထာအဖွင့်များ မပါပဲ) ဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့တဲ့ မူရင်းနိကာယ်ငါးရပ်မှ အကျဉ်းချုပ် ကောက်နှုတ်ချက်များနှင့် နှိုင်းယှဉ်ပြပါမယ်။
တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယ ဒုဂ္ဂတိံ ၀ိနိပါတံ နိရယံ ဥပပန္နာ။
တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂ လောကံ ဥပပန္နာ။
နိကာယ်ငါးရပ်လုံးထဲက သုတ္တန်အတော်များများမှာ “အကြင်သူသည် ကိုယ်ပျက်စီး၍ သေလွန်သော် အပါယ် မကောင်းသောလားရာ (ဒုဂ္ဂတိ) သို့ ကျရောက်၍ ငရဲ၌ ဖြစ်ရ၏”… “အကြင်သူသည် ကိုယ်ပျက်စီး၍ သေလွန်သော် ကောင်းရာ (သုဂတိ) နတ်လောက၌ ဖြစ်ရ၏” ဆိုတဲ့ ၀ါကျများ တွေ့ရပါတယ်။ “ကိုယ်ပျက်စီး၍ သေလွန်ပြီးနောက် (ကာယဿ ဘေဒါ ပရံ မရဏာ)” ဆိုတဲ့ အသုံးအနှုန်းအရ အပါယ်ကျခြင်း, နတ်ဖြစ်ခြင်းတို့ဟာ ဒီမျက်မှောက်လူ့ဘ၀မှာပဲ ဆင်းရဲခြင်း, ချမ်းသာခြင်းတွေကို တင်စားပြောနေဆိုခြင်း မဟုတ်ကြောင်း ထင်ရှားပါတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒီတို့ကိုးကားတဲ့ မဟာသီဟနာဒသုတ်မှာလည်း ဒီအသုံးအနှုန်း ပါဝင်ပါတယ်။ အဲဒီသုတ်ထဲမှာ ငရဲ (နိရယ), တိရစ္ဆာန်, ပြိတ္တာ (ပေတ္တိဝိသယ), လူ (မနုဿ), နတ် (ဒေ၀ါ) ဆိုတဲ့ ဂတိငါးမျိုးကို ဖော်ပြထားပြီး ဒီဂတိငါးမျိုးဟာ သေလွန်ပြီးမှ ရောက်ရတယ်ဆိုတာ အထင်အရှား ဖော်ပြထားပါတယ်။ ဒီလို လားရာဂတိတွေကို ရောက်သွားပြီး ဆင်းရဲချမ်းသာကို ခံစားနေရတာကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုဉာဏ်ရှိကြောင်း ဟောကြားထားပါတယ်။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ သီဟနာဒ၀ဂ်၊ မဟာသီဟနာဒသုတ်) ဒါကြောင့် ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ “သုံးဆယ့်တစ်ဘုံဆိုတာ ပစ္စုပ္ပန်လူ့ဘ၀ထဲမှာပဲ ကျင်လည်နေရတာ” ဆိုတဲ့ အယူအဆတွေဟာ ဗုဒ္ဓ၀ါဒနဲ့ မကိုက်ညီပါဘူး။
အနမတဂ္ဂေါယံ, ဘိက္ခဝေ, သံသာရော။ ပုဗ္ဗာ ကောဋိ န ပညာယတိ အ၀ိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။ (နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်၊ အနမတဂ္ဂသံယုတ်မှ သုတ္တန်များ)
ရဟန်းတို့… ဤသံသရာ၏ အစကို မသိနိုင်၊ အ၀ိဇ္ဇာဖြင့် ပိတ်ဖုံးကာ တဏှာဖြင့် နှောင်ဖွဲ့ထား၍ သံသရာကို ကျင်လည်နေကြသော သတ္တ၀ါတို့၏ အစဦးအစွန်းသည် မထင်။
နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် အနမတဂ္ဂသံယုတ်မှာ သံသရာသည် အစမထင်ဟု ဟောကြားခဲ့ပါတယ်။ အကယ်၍ ပစ္စုပ္ပန်ကမ္မ၀ါဒက ယူဆထားသည့်အတိုင်း “လူသည် သံသရာတွင်ကျင်လည်ခြင်း မဟုတ်ပဲ၊ သံသရာသည် လူပေါ်တွင် ကျင်လည်နေကြခြင်း” သာမှန်ပါက သံသရာသည် အစမထင်သော အနမတဂ္ဂတရားလို့ ဟောမှာ မဟုတ်ပါဘူး။ အဲ့ဒီအပြင် အနမတဂ္ဂသံယုတ်မှာ “မရေတွက်နိုင်သော အမိ, အဖ တော်ခဲ့ဖူးသူများ ရှိခဲ့သည်။ သမုဒ္ဒရာလေးစင်းမကသော မျက်ရည်တို့ ကျခဲ့ဖူးသည်။ မရေတွက်နိုင်သော ကမ္ဘာပေါင်းများစွာမက သံသရာရှည်ကာ သချိုင်းမြေပုံတို့ တိုးခဲ့ဖူးသည်” စတဲ့ ဥပမာများနဲ့ ဟောကြား ထားပါတယ်။ အနမတဂ္ဂသံယုတ် တစ်ခုတည်းနဲ့တင် ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ သံသရာအယူအဆဟာ ဗုဒ္ဓ၀ါဒ မဟုတ်ကြောင်း ထင်ရှားလောက်ပါတယ်။
“အရာရာဟာ ရှေးဘ၀ကပြုခဲ့တဲ့ ကံတွေကြောင့်ဖြစ်ရတာ, ယခုဘ၀မှာ အရင်ဘ၀က ကံတွေက အကျိုးပေးနေကြတာ”လို့ ယူဆတာမျိုးကို ဗုဒ္ဓက အယူမှား ပုဗ္ဗေကတဟေတုဒိဋ္ဌိ (ရှေးကပြုသော အကြောင်းဟူသည့် အယူ)လို့ ဟောကြားခဲ့တာ မှန်ပါတယ်။ ဒီလို အယူဝါဒရှိသူတွေဟာ “မိမိတို့ လုပ်သင့်သည်တို့အား လုပ်ဆောင်ရန်၊ မလုပ်သင့်သည်တို့အား မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးပမ်းအားထုတ်မှုတို့ ဖြစ်ပေါ်မလာနိုင်။ လုပ်သင့်, မလုပ်သင့်ကိုလည်း မှန်ကန်စွာ မသိမြင်၍၊ သတိထား စောင့်ထိန်းခြင်းလည်း ပြုမည် မဟုတ်တော့။” လို့ ဗုဒ္ဓက မိန့်ကြားခဲ့ဖူးပါတယ် (အံ-၃-၆၂၊ အင်္ဂုတ္တရနိကာယ်၊ မဟာဝဂ်၊ တိတ္ထာယတနသုတ်)။ ဒါဟာ မျက်မှောက်ဘ၀မှာပြုတဲ့ ပစ္စုပ္ပန်ကံတွေ, ကြိုးစားအားထုတ်မှုတွေ, အခြားသောအကြောင်းတရားတွေကို ငြင်းပယ်ရာ ရောက်လို့ ဖြစ်ပါတယ်။ အရာရာဟာ ကံရဲ့ အကျိုးဝိပါက်တွေ မဟုတ်ပါဘူး။ ရောဂါတစ်ခုရတာဟာ ကံကြောင့် ဖြစ်နိုင်သလို၊ ရာသီဥတုဖောက်ပြန်လို့, သွေး လေ သည်းခြေ ဖောက်ပြန်လို့, ကိုယ့်ကိုကိုယ် ဂရုမစိုက်လို့, သူတစ်ပါးက လုပ်ကြံလို့ စတဲ့ အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရာရာ ဖြစ်ပျက်သမျှမှာ ကံကို ပုံချတာဟာ ပုဗ္ဗေကတဟေတုဝါဒပဲလို့ ဗုဒ္ဓက ဟောကြားထားပါတယ် (သံ-၄-၂၆၉၊ သဠာယတန၀ဂ္ဂသံယုတ်၊ ဝေဒနာသံယုတ်၊ အဋ္ဌသတပရိယာယ၀ဂ်၊ သီဝကသုတ်)။
သို့သော်လည်း အတိတ်ကံတွေကို လုံးဝပစ်ပယ်ခြင်း မပြုပါဘူး။ အတိတ်ကံဟောင်းတွေက မျက်မှောက်ဘ၀ပေါ်မှာ လွမ်းမိုးမှုရှိသလို ပစ္စုပ္ပန်ကံသစ်တွေက မျက်မှောက်ဘ၀နဲ့ နောင်ဘ၀များအတွက် လွှမ်းမိုးမှုရှိပါတယ်။ သတ္တ၀ါတွေကို ညှင်းဆဲတဲ့သူဟာ သေလွန်ပြီးရင် အပါယ်, ငရဲ ကျရောက်ရတယ်။ မရောက်ခဲ့လို့ လူဖြစ်ရင် အသက်တိုမယ်။ အနာရောဂါများမယ်။ တမလွန်ဘ၀မှာ အသက်, စည်းစိမ်ချမ်းသာ, အချွေအရံစသဖြင့် ကွဲပြားခြားနားမှုတွေဟာ မျက်မှောက်ဘ၀ ကံတွေရဲ့ အကျိုးပေးတွေပါ။ (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ၀ိဘင်္ဂ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်) ထို့အတူပဲ မျက်မှောက်ဘ၀ကံတွေရဲ့ အကျိုးကို မျက်မှောက်ဘ၀မှာဖြစ်စေ, နောက်ဘ၀၌ဖြစ်စေ, အခြားသောဘ၀များ၌ ဖြစ်စေ ခံစားရတယ်လို့ ဟောကြားထားပါတယ် (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ၀ိဘင်္ဂ၀ဂ်၊ မဟာကမ္မ၀ိဘင်္ဂသုတ်)။ ဒါကြောင့် ပစ္စုပ္ပန်မှာပြုမူတဲ့ လှုပ်ရှားမှုများကသာ ကံဖြစ်တယ်။ ပစ္စုပ္ပန်ကံရဲ့ အကျိုးကို ပစ္စုပ္ပန်ဘ၀မှာပဲ ခံစားရတယ်ဆိုတဲ့ ပစ္စပ္ပန်ကမ္မ၀ါဒအယူဟာ ဒီသုတ္တန်တွေနဲ့ လျော်ညီမှု မရှိပါဘူး။
‘ကမ္မ’ဆိုတာဟာ ကိုယ်နှုတ်နှလုံးသုံးပါရဲ့ ပြုမူလှုပ်ရှားမှုတွေကို ခေါ်တာမှန်ပေမယ့် စင်စစ်ကတော့ ဒီအပြုအမူတွေကို စေ့ဆော်နေတဲ့ ‘စေတနာ’ သည်သာ ကံဖြစ်ပါတယ်။ စေတနာနဲ့ စေ့ဆော်ပြီးမှသာ ကိုယ်ဖြင့် ပြုမူ, နှုတ်ဖြင့် ပြောဆို, စိတ်ဖြင့် ကြံစည်ကြလို့ ဖြစ်ပါတယ်။ (အံ-၆-၆၃၊ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ မဟာဝဂ်၊ နိဗ္ဗေဓိကပရိယာယသုတ်) ဒီတော့ ကံကောင်း ကံဆိုးဟာ စေတနာကောင်း စေတနာဆိုးပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အပြုအမူတွေကို စေ့ဆော်တဲ့ စေတနာက ဒီအပြုအမူတွေ သက်ရောက်ခံရမယ့် လူ, တိရစ္ဆာန်, အဖွဲ့အစည်း, ရုပ်ဝတ္ထုပစ္စည်းတွေထက် ပိုပြီး ပဓာနကျပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ လူ-လူချင်းဆက်ဆံရာမှာ ကိုယ်နှုတ်နှလုံး လှုပ်ရှားမှုကိုသာ ကံလို့သတ်မှတ်ချက်ဟာ နိဗ္ဗေဓိကပရိယာယသုတ်ကို ဆန့်ကျင်ပါတယ်။ ဥပမာ ရာသီဥတုပူတာကို ဒေါသထွက်နေခဲ့ရင်လည်း ဗုဒ္ဓ၀ါဒအရ ဒေါသစိတ် (ဒေါသနှင့်ယှဉ်တဲ့ စေတနာ) ကြောင့် အကုသိုလ်ကံမြောက်ပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒကတော့ လူ-လူချင်းဆက်ဆံတာ မဟုတ်လို့ ကံမမြောက်ဘူးလို့ ယူဆပါတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒီတွေက ဘုရားအလောင်းတော်ရဲ့ ဒုက္ကရစရိယာအကျင့်ကို ရူပဈာန်, အရူပဈာန်လို့ မှားယွင်းစွာ ဖော်ပြထားပါတယ်။ ထို့အတူပဲ စိတ်ကိုချုပ်တည်းတဲ့ ဈာန်တရားတွေဟာ မိမိကိုယ်ကို ညှင်းဆဲတဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေလို့ မှားယွင်းစွာ ယူဆထားပါတယ်။ စင်စစ် အလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့်ကို ပယ်စွန့်ဖို့ အကြံဖြစ်တာဟာ “မိမိငယ်စဉ်ဘ၀ သပြေပင်အောက်မှာ ရခဲ့ဖူးတဲ့ ပဌမဈာန်ဟာ ဗောဓိဉာဏ်ကိုရဖို့ အကျင့်လမ်းဖြစ်မယ်, ပဌမဈာန်ချမ်းသာဟာ ကာမဂုဏ်တရားနဲ့ အကုသိုလ်တရားတွေကို ပယ်စွန့်ထားတဲ့ ချမ်းသာဖြစ်တဲ့အတွက် မှီဝဲအားထုတ်ရမှာကို (တွန့်ဆုတ်) ကြောက်ရွံ့နေစရာလိုကြောင်း” စဉ်းစားမိလို့ပါ။ ဒီအကြောင်းကို ဗုဒ္ဓကိုယ်တိုင် သစ္စကပရိဗိုဇ်ကို ပြန်ပြောခဲ့ပါတယ် (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မဟာယမက၀ဂ်၊ မဟာသစ္စကသုတ်)။ ဈာန်ချမ်းသာဟာ မှီဝဲပွားများအပ်တဲ့ (အာသေ၀ိတဗ္ဗ ဘာဝေတဗ္ဗ ဗာဟုလီကာတဗ္ဗ) တရားတွေ ဖြစ်တယ်။ သို့သော်လည်း တွယ်ငြိနေရန်မဟုတ်ပဲ ထိုထက်ပို၍ အဆင့်မြင့်သော တရားများအတွက် ပယ်စွန့်ရပါတယ် (မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ်၊ လဋုကိကောပမသုတ်)။ “သမ္မာသမာဓိ” ဆိုတာ ပဌမဈာန်, ဒုတိယဈာန် စသဖြင့် ဈာန်တရားလေးပါးဖြင့်ယှဉ်တဲ့ စိတ်တည်ကြည်မှု သမာဓိကို ခေါ်ကြောင်း နိကာယ်ငါးရပ်မှ ဒေသနာမြောက်မြားစွာမှာ ဟောကြားထားပါတယ်။ ဒါကြောင့် ဈာန်တရားများကို ရှုတ်ချခြင်း, ပစ်ပယ်ပြောဆိုခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးက သမ္မာသမာဓိကို ငြင်းပယ်ရာရောက်ပါတယ်။ အချို့က ဈာန်တရားကို မြေလျှိုးမိုးပျံစတဲ့ တန်ခိုးတွေနဲ့ ရောနှော ရှုပ်ထွေးနိုင်ပါတယ်။
ဓမ္မစကြာသုတ်အပါအ၀င် အခြားသောဒေသနာများက ဒုက္ခသစ္စာရဲ့ အကျဉ်းချုပ်အဓိပ္ပါယ်ကို ပဉ္စုပါဒါနက္ခန္ဓာ (ဥပါဒါန်ဖြင့် စွဲယူထားသော ခန္ဓာငါးပါး) လို့ ဖွင့်ဆိုပါတယ်။ စွဲလမ်းမှု ဥပါဒါန်နဲ့ ပဉ္စုပါဒါနက္ခန္ဓာဟာ သီးခြားမဟုတ်သလို အတူတူလည်း မဟုတ်ပါဘူး။ ခန္ဓာငါးပါးပေါ်မှာ စွဲလမ်းကပ်ငြိတဲ့ ဆန္ဒရာဂကို ဥပါဒါန်လို့ခေါ်ပါတယ် (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဒေ၀ဒဟ၀ဂ်၊ မဟာပုဏ္ဏမသုတ်)။ ဒီဥပါဒါန်ကြောင့် “ငါ ရှိတယ်” လို့ထင်တဲ့ အထင် (အသ္မိမာန) ဖြစ်ပါတယ် (ခန္ဓ၀ဂ္ဂသံယုတ်၊ ခန္ဓသံယုတ်၊ ထေရ၀ဂ်၊ အာနန္ဒသုတ်)။ ရေမှာ ထင်တဲ့ ပုံရိပ်လို ဥပါဒါန်ရှိနေတဲ့ ပုထုဇဉ်အတွက် ရုပ်, ဝေဒနာ, သညာ, သင်္ခါရာ, ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးကို စွဲပြီး ငါရှိတယ်လို့ ထင်တာပါ။ ပုထုဇဉ်ကတော့ ဒီပုံရိပ်ကိုပဲ တကယ် ရှိတယ်လို့ ယူဆပါတယ်။ ဒါကလည်း ခန္ဓာငါးပါးကို “မြဲတယ်, ချမ်းသာတယ်, ငါပဲ” လိုထင်နေတဲ့ နိစ္စသညာ, သုခသညာ, အတ္တသညာကြောင့်ဖြစ်တာပါ။ ဒါကြောင့် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တလို့ မြင်အောင်ရှုရမယ်လို့ အနတ္တလက္ခဏာသုတ်အပါအ၀င် ဒေသနာအများပြားမှာ ဟောကြားထားပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒယူဆသလို “ပဉ္စုပါဒါနက္ခန္ဓာကသာ အနတ္တဖြစ်ပြီး, ပဉ္စက္ခန္ဓာက အတ္တ၊ (လူလို့ထင်နေတဲ့ စွဲလမ်းမှုတွေက အနတ္တဖြစ်ပြီး လူသက်သက်ကတော့ အတ္တ) သက္ကာယဒိဋ္ဌိကို ပယ်သတ်လိုက်ရင် လူသက်သက်, အတ္တသက်သက်ပဲ ကျန်မယ်” ရယ်လို့ မြတ်စွာဘုရား မဟောကြားခဲ့ပါ။ ဗုဒ္ဓက “သဗ္ဗေ ဓမ္မာ အနတ္တာ”လို့ ဟောပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒက လူဆိုတဲ့ အတ္တ၀ါဒကို လက်ခံထားတဲ့ အတွက် ရုပ်နာမ် သင်္ခါရတရားတွေပေါ် “အနိစ္စ, ဒုက္ခ, အနတ္တ” ရှုပွားဖို့ ငြင်းပယ်ထားပါတယ်။
ဧရာ (မန္တလေး)

ဆက်လက်ဖတ်ရှုရန်

Monday, December 5, 2016

အလှူခံပုဂ္ဂိုလ်၏ ချမ်းသာမှုကို ရှေ့ ရှု၍




လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော် တက္ကသိုလ်ကျောင်းသားဘ၀တုန်းက
ပါ။ တစ်ရက်တော့ ကျောင်းမှာ သီတဂူဆရာတော်ကြီးတရားပွဲလုပ်ပါတယ်။ ဆရာတော်ကြီးကြွလာပြီးတရားဟောတော့ မာတိကာမာတာ အကြောင်းဟောသွားတာလေး အခုထိ မှတ်မိနေပါသေးတယ်။ တက္ကသိုလ်မှာဟောတာဆိုတော့ ဆရာတော်ကြီးက လူငယ်တွေနားလည်လွယ်အောင် ပေါ့ပေါ့ပါးပါး ခေတ်အသုံးတွေ၊ အင်္ဂလိပ်လိုတွေ များများညှပ်ထည့်ပြီး ဟောသွားခဲ့ပါတယ်။ ဆရာတော်ကြီးက အဲဒီနေ့ကတရားမှာ အဓိက အချက် (၂) ခုကို high light လုပ်ပြီးပောာပေးသွားတယ်။ ပထမတစ်ချက်က ရဟန်းတော်တွေရဲ့  အလိုနည်းမှု၊ ဒကာဒကာမတွေ မွေးမြူရလွယ်အောင် ကျင့်ကြံနေထိုင်တတ်မှုကို ချီးကျူးဟောကြားသွားခဲ့ပါတယ်။ ဒုတိယအချက်ကတော့ မာတိကာမာတာရဲ့  ရဟန်းတော်တွေအတွက် ဆွမ်းကိစ္စအဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးမှုဟာ အင်မတန်အတုယူစရာကောင်းပြီး၊ စိတ်ကူးပုံ အင်မတန်ဆန်းကြယ်ကြောင်း၊ အခုခေတ်လိုဆိုရင် သူ့ရဲ့ ဆွမ်းစီမံဆက်ကပ်လှူဒါန်းပုံဟာ ဘူဖေးဆွမ်းဖြစ်ကြောင်း ဆရာတော်ကြီးက ရယ်ရယ်မောမောနှင့် ဟောသွားခဲ့တာ အခုထိ ကြားယောင်မိနေပါသေးတယ်။

ပြောရရင် အဲဒီအချိန်ကတည်းက ဘူဖေးဆွမ်းဆိုတာကို စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ရှိခဲ့ပြီး သဘောကျသွားခဲ့ပါတယ်။ ရဟန်းသံဃာတော်တွေအနေနှင့် အမြဲတမ်း ဆွမ်းခံစား၊ အလှူတွေမှာ ဒကာဒကာမတွေ ချက်ကပ်တဲ့ ဆွမ်းတွေချည်းစားနေရတော့ ဘာပဲဖြစ်ဖြစ် ကြာလာရင် ငြီးငွေ့ကြမှာပဲ။ တခါတလေ ဘူဖေးပုံစံ ကိုယ်နှ်စ်သက်တဲ့ ဆွမ်းဟင်းတွေကို စိတ်ကြိုက်ရွေးချယ် ဘုန်းပေးခွင့်ရကြရင် ဘာပဲဖြစ်ဖြစ် စိတ်အပြောင်းအလဲဖြစ်ကြမှာပဲလို့ အဲဒီကတည်းက တွေးနေမိခဲ့ဖူးပါတယ်။

ပိုင်းလော့ဆရာတော်ကြီးရဲ့  ကံနှင့်ကံအကျိုးပေး တရားတွေမှာ အမြဲလိုလိုထည့်ထည့်ဟောတတ်တဲ့ တရုတ်ကြီးတစ်ယောက်အကြောင်းလည်း သဘောကျမိပါသေးတယ်။ အဲဒီတရုတ်ကြီးက ပြည်ကြီးကလာတဲ့ တရုတ်ဆိုတော့ မြန်မာစကားလည်း ကောင်းကောင်းမပြောတတ်၊ မြန်မာဓလေ့လည်း နားမလည်၊ ဘုန်းကြီးတွေနှင့် ဘယ်လိုပြောဆိုဆက်ဆံရမယ်ဆိုတာလည်း မသိဘူး။ ဒါပေမယ့် သူ့မှာ စိတ်ကောင်းနှလုံးကောင်းတော့ ရှိတယ်။ သူ့အိမ်ရှေ့ ကနေ အမြဲတမ်းဆွမ်းခံကြွနေတဲ့ သံဃာတော်တွေကို မြင်တော့ သနားလာတယ်။ ဒါနဲ့ တခါတော့ သူ့အိမ်မှာ ပင့်ပြီး ဘုန်းကြီးတွေကို ဆွမ်းကပ်တယ်။ ဆွမ်းစားနေတဲ့ အချိန်မှာ ဘေးကနေပြီး ယပ်တောင်နှင့် ယပ်ခပ်ပေး၊ ပါးစပ်ကလည်း စားကြ၊ စားကြ လို့ပြောပြီး ဆွမ်းထမင်းတွေ၊ ဟင်းတွေ အားရပါးရ လိုက်ထည့်ပေးသတဲ့။ သံဃာတော်တွေလည်း ဆွမ်းဘုန်းပေးပြီးသွားတဲ့အခါကျတော့ ချွေးတွေစို့နေကြပြီပေါ့။ ထုံးစံအတိုင်း ပရိတ်တရားနာ၊ ရေစက်ချ လုပ်ပေးရမယ့် အစီအစဉ်အတိုင်း တရားဟောဖို့ စပြင်တော့ တရုတ်ကြီးက နင်တို့ စားပြီးသောက်ပြီး အိုက်လို့ ပင်ပန်းနေကြပြီ။ သီချင်းဆိုမနေကြနဲ့တော့။ ကျောင်းပြန်အိပ်ကြတော့လို့ အတင်းနှင်လွှတ်တယ်တဲ့။ သူက သံဃာတော်တွေ ပရိတ်ရွတ်တာကို သီချင်းဆိုကြတယ်လို့ပဲ နားလည်ထားတာကိုး။

ဒီမှာ ဆရာတော်က တရုတ်ကြီးရဲ့  စိတ်ထားကို high light လုပ်ပြတာပါ။ အများစုက အလှူအတန်းတစ်ခုလုပ်ပြီ၊ ဆွမ်းကပ်ကြပြီဆိုရင် မွေးနေ့အတွက်ပါဘုရား၊ အိမ်တက်ဆွမ်းပါဘုရား၊ အန္တရာယ်ကင်းပရိတ်နာချင်လို့ပါဘုရား စသဖြင့် မိမိတို့အကျိုးကို ဦးတည်ရည်ရွယ်ကြပြီးမှ လှူကြတန်းကြ ဆွမ်းကပ်တတ်ကြတယ်။ တခါတလေ ဗေဒင်ယတြာတွေအစီအစဉ်နှင့် ဆွမ်းကပ်အလှူလုပ်ကြတာမျိုးတွေလည်း ရှိကြသေးတယ်။ ဒီတရုတ်ကြီးအလှူလုပ်တာကျတော့ သူ့အကျိုးအတွက် ဘာတစ်ခုမှမပါဘူး။ ဘုန်းကြီးတွေ နေပူမိုးရွာမရှောင် ပင်ပင်ပန်းပန်းဆွမ်းခံနေရတာကို သနားလို့ အိမ်ကိုပင့်ပြီး ဆွမ်းကပ်တယ်။ ဆွမ်းကပ်တော့လည်း သံဃာတွေ အားရပါးရ စားနိုင်ဖို့ကိုပဲ ကြောင့်ကြစိုက်ထုတ် စီစဉ်ပေးတယ်။ ဆွမ်းစားပြီးသွားတော့လည်း သံဃာတွေ ချွေးတလုံးလုံးနှင့် တရားဟောနေ၊ ပရိတ်ရွတ်နေရမှာကို မကြည့်ရက်လို့ ကျောင်းကို အတင်းပြန်ခိုင်းတယ်။ သံဃာတော်တွေချမ်းသာဖို့ကိုပဲ တောက်လျှောက်စဉ်းစားပြီး လှူတာမျိုးဖြစ်တဲ့အကြောင်း ရှင်းပြပါတယ်။

တလောက နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ဦးဇင်းလေးတစ်ပါး တင်ထားတဲ့ status လေး ဖတ်ဖြစ်ပြီး ရယ်လိုက်ရပါသေးတယ်။ အဲဒီ ဦးဇင်းလေး မြန်မာပြည်ခဏပြန်ကြွတုန်း သူနှင့် ရင်းနှီးတဲ့ ဒကာမတွေက သိပ်မကြာခင်ကမှ မြန်မာပြည်မှာလာဖွင့်တဲ့ KFC ဆိုင်မှာ ဆွမ်းကပ်မလို့စီစဉ်တာကို ဦးဇင်းက KFC ဆိုရင်တော့ ကပ်မနေပါနဲ့တော့ ဒကာမတို့ရယ်၊ အဲဒီဆိုင်ကို ကျောင်းတက်နေရတဲ့ အချိန်တစ်လျှောက်လုံး သွားသွားစားနေရလို့ စားချင်စိတ်ကို ကုန်နေပါပြီ ဆိုတာလေး ရေးထားတာ တွေ့လိုက်ရလို့ပါ။ ဒကာ၊ ဒကာမတွေဘက်ကတော့ အခုမှ ရောက်လာတဲ့ နိုင်ငံခြားကဖွင့်တဲ့ဆိုင်မှာ ထူးထူးခြားခြားအနေနှင့် ဆွမ်းကပ်ဖို့ စီစဉ်ကြပေမယ့် KFC တို့ Mc Donald`s တို့ ဆိုတာ နိုင်ငံခြားနေနေရတဲ့သူတွေအတွက်တော့ ပုံမှန်လက်ဘက်ရည်ဆိုင်တွေမျိုးပါပဲ။ ကျောင်းတက်နေရတဲ့ ဘုန်းဘုန်းတွေဆိုရင် သူတို့ရဲ့  နေ့ဆွမ်းအတွက် ဈေးသက်သက်သာသာနှင့် မြန်မြန်ဆန်ဆန် မှာယူလို့ရတဲ့ အဲဒီလိုဆိုင်လိုမျိုးတွေနှင့် ကျောင်းသွားရတဲ့ နေ့တိုင်းနီးပါးမှာ နှစ်ပါးသွားနေကြရတာ မဟုတ်လား။ တခါတလေ အလှူရှင်ဘက်ကတော့ အထူးတလည်အဖြစ်နှင့် လှူဒါန်းချင်ပေမယ့် အလှူခံဘက်ကကျတော့ အဆင်မပြေ ဖြစ်တတ်တာလေးတွေလည်း ရှိတတ်တဲ့သဘောမျိုးပါ။

အခုနောက်ပိုင်းတော့ ဆွမ်းကပ်ဖို့ အကြောင်းညီညွတ်လာတိုင်း ဆရာတော်တွေကို အရင်ဆုံး ဘုန်းဘုန်းတို့ ဘာမဘုန်းပေးတာရှိလဲဘုရား ဆိုပြီး ကြိုတင်မေးလျှောက်ပါတယ်။ အရင်က ကြုံဖူးတဲ့ အလှူအတွေ့အကြုံတွေမှာ တခါတလေ အသားကြီးငါးကြီးရှောင်တဲ့ ကိုယ်တော်တွေ၊ သက်သတ်လွတ်ပဲ ဘုန်းပေးတဲ့ ကိုယ်တော်တွေ ပါလာခဲ့ရင် ကိုယ်ပြင်ဆင်ထားတဲ့ဆွမ်းဟင်းတွေနှင့် အဆင်မပြေဖြစ်တတ်တာတွေ ရှိခဲ့ဖူးပါတယ်။ တအားရင်းနှီးတဲ့ ဆရာတော်တွေဆိုရင်တော့ ဘုန်းဘုန်းတို့ အထူးတလည် ဘာဘုန်းပေးချင်တာရှိလဲ၊ တပည့်တော် ဒါတွေ ဒါတွေ ချက်ဖို့ စီစဉ်ထားပါတယ်။ အဆင်ပြေမလားဘုရား။ ဘာထပ်ထည့်ပေးရမလဲ၊ ဘာဖြုတ်ပေးရမလဲ ဆိုတာမျိုးမေးပြီးမှ ဆွမ်းကပ်ပါတယ်။

နိုင်ငံရပ်ခြားမှာ သီတင်းသုံးနေရတဲ့ ကိုယ်တော်တွေအနေနှင့် ကျောင်းကို ဒကာဒကာမတွေလာကပ်တာဘုန်းလိုက်၊ ဆွမ်းကပ်မယ့်သူမရှိတဲ့နေ့မျိုးဆိုရင် ကျောင်းမှာရှိတဲ့ အခြောက်အခြမ်းလေးတွေနှင့် အဆင်ပြေသလိုဘုန်းလိုက် နှင့် စခန်းသွားကြရတာ များပါတယ်။ အိမ်ပင့်ပြီး ဆွမ်းကပ်ကြတဲ့အခါလည်း မြန်မာထမင်းဟင်းတွေပဲ များသောအားဖြင့် ချက်ကပ်ကြတာကို ဘုန်းပေးကြရတာဆိုတော့ တခါတလေ ကိုယ်တော်တွေလည်း ငြီးငွေ့ကြမှာပါပဲ။ ဒါကြောင့် ရင်းနှီးနေတဲ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်ဖြစ်ရင် ဘုန်းဘုန်းတို့ အိမ်ချက်ဘုန်းချင်လား၊ ဆိုင်မှာ ကပ်ရမလား။ တရုတ်စာဘုန်းချင်လား၊ ကုလားစာဘုန်းချင်လား၊ ဥရောပစာဘုန်းမလား၊ ဘူဖေးဘုန်းချင်လား လို့ နောက်နောက်ပြောင်ပြောင်ပဲ မေးပြီး ကပ်ပါတယ်။

ပြောရရင် ဘူဖေးဆိုင်မှာ ဆွမ်းကပ်ရတာကို သဘောကျပါတယ်။ ကိုယ့်ဖာသာအိမ်မှာချက်မယ်ဆိုရင် ဟင်းအမယ်လေးငါးခြောက်မျိုးထက်ပိုပြီး ချက်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။ ဘူဖေးဆိုင်မှာဆိုရင်တော့ ဟင်းအမယ် နှစ်ဆယ်၊ သုံးဆယ်လောက် ကို ကပ်ခွင့်ရပါတယ်။ အချိုပွဲကအစ သောက်စရာ အပူ၊ အအေးကအဆုံး အားလုံး အလျှံပယ်ပါပဲ။ ဘုန်းဘုန်းတွေလည်း သူတို့ အာသီသရှိရာကို စိတ်ကြိုက်ရွေးချယ် ဘုန်းပေးသုံးဆောင်ခွင့်ရကြပါတယ်။

ဘုန်းဘုန်းတွေဘက်က သူတို့ ဘယ်လို ၀ိနည်းနှင့်လျှော်ညီအောင် ဘုန်းပေးသုံးဆောင်ရမယ်ဆိုတာ ကိုယ်တွေထက် ပိုနားလည်ပါတယ်။ သူတို့အတွက် ဘယ်လို စီစဉ်ဆောင်ရွက်ပေးရမယ်ဆိုတာ ဒကာဒကာမကို အမိန့်ရှိလာပါလိမ့်မယ်။ သူတို့ပြောလာတဲ့အတိုင်း စီစဉ်ပေးလိုက်ရုံပါပဲ။ ဘူဖေးဆွမ်းကပ်လို့ ရဟန်းတော်တွေကို အာပတ်သင့်စေတာကြောင့် ဒကာဒကာမတွေက မကပ်သင့်ဘူးဆိုတဲ့ အယူအဆမျိုး မထားစေချင်ပါဘူး။

ဆွမ်းအလှူမှရယ်မဟုတ်ပါဘူး။ ဒါနကုသိုလ်ကို ပါရမီမြောက်တဲ့ ဒါနဖြစ်အောင်ဖြည့်ဆည်းတော့မယ်ဆိုရင် ဘယ်လို ဒါနမျိုးမှာပဲဖြစ်ဖြစ် အလှူခံပုဂ္ဂိုလ်ဘက်ကိုပဲ ကြည့်ရမှာလို့ သူတော်ကောင်းကြီးများ ဆုံးမကြပါတယ်။ အလှူခံပုဂ္ဂိုလ်ရဲ့  ကောင်းကျိုးချမ်းသာကိုပဲ ရှေ့ ရှုစဉ်းစားပေးရမှာ ဖြစ်ပါတယ်။ သူ့ရဲ့  လိုအပ်နေတာလေးကို ကိုယ့်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ မိမိဖြည့်ဆည်းဆောင်ရွက်ပေးလိုက်မှုကြောင့် တစ်ဘက်သား ပြည့်စုံသွားတာ၊ ချမ်းသာပျော်ရွှင်သွားတာလေးကို ကြည့်ပြီး ကြည်နူးပီတိဖြစ်ရတာဟာ ဒါနရဲ့  လက်ငင်းအကျိုးပါပဲ။ ကျန်တာတော့ နိဗ္ဗာန်ရတဲ့အချိန်အထိ အကြောင်းအားလျော်စွာ လိုက်အကျိုးပေးနေမှာမို့ ပူနေစရာမလိုပါဘူးလေ။

ဆက်လက်ဖတ်ရှုရန်