Wednesday, August 10, 2016

Driver Marks In Japan



ဂျပန်ကလမ်းမတွေပေါ်မှာ သွားလာမောင်းနှင်နေကြတဲ့ ကားတွေမှာ အမြဲလို မြင်တွေ့ရတတ်တဲ့ ကားမောင်းသူတွေအနေနဲ့ သတိထားရမယ့် အမှတ်အသားလေးတွေအကြောင်းကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။
ကားတွေရဲ့  အရှေ့ မျက်နှာစာ မှန်ပေါ်မှာ (သို့) ဘောနက်ဖုံးပေါ်မှာဖြစ်ဖြစ်၊ အနောက်ဘက် မှန် (သို့) နောက်ဖုံးပေါ်မှာ ဖြစ်ဖြစ် တခြားကားက လှမ်းကြည့်လိုက်ရင် ထင်သာမြင်သာရှိအောင် ကပ်ထားတတ်ကြတဲ့ အမှတ်အသားတွေရှိပါတယ်။ ဒီအမှတ်အသားကို မြင်လိုက်တာနှင့် ဒီကားကိုမောင်းနှင်လာသူဟာ မိမိတို့အနေနှင့် နားလည်မှုနှင့် ဦးစားပေးကြရမှာ ဖြစ်ကြောင်းကို အနီးအနားကားတွေပေါ်က ယာဉ်မောင်းသူတွေကို အလိုလို သဘောပေါက်စေပါတယ်။

ပထမ အမှတ်အသားက အ၀ါရောင်နှင့်အစိမ်းရောင်ခြယ်ထားတဲ့ ဗွီပုံသဏ္ဍာန် သစ်ရွက်ပုံ အမှတ်အသားဖြစ်ပါတယ်။ ဒီအမှတ်အသားက ဂျပန်မှာ ယာဉ်မောင်းလိုင်စင် စရရချင်း ယာဉ်မောင်းသူများ လိုင်စင်ရပြီး တစ်နှစ်အတွင်း မဖြစ်မနေ တပ်ဆင်အသုံးပြုကြရတဲ့အမှတ်အသားဖြစ်ပါတယ်။ ဒီအမှတ်အသားကိုမြင်လိုက်တာနှင့် တခြားကားက ယာဉ်မောင်းသူတွေက ဒီကားသမားအနေနှင့် ယာဉ်မောင်းဝါနုသေးတဲ့အတွက် အမှားအယွင်းတစ်ခုခု အချိန်မရွေးလုပ်နိုင်တယ်ဆိုတာကို သတိပြုမိစေပြီး သတိနှင့် မောင်းနှင်ဖို့ အထောက်အကူဖြစ်စေပါတယ်။


ဒုတိယ အမှတ်အသားက အနီနှင့်အ၀ါခြယ်ထားတဲ့ မေပယ်ရွက်အမှတ်အသား (သို့) လေးရောင်ခြယ် ကလိုဗာအရွက် အမှတ်အသားဖြစ်ပါတယ်။ ဒီအမှတ်အသားကိုတော့ အသက် (၇၅)နှစ် နှင့် အထက် ရှိပြီဖြစ်တဲ့ ယာဉ်မောင်းသူတွေအနေနှင့် မဖြစ်မနေ တပ်ဆင်အသုံးပြုကြရတာ ဖြစ်ပါတယ်။ ဒီအမှတ်အသားကို မြင်ရင်လည်း တခြားကားက ယာဉ်မောင်းသူအနေနှင့် အသက်အရွယ်ကြီးတဲ့ယာဉ်မောင်းသူမောင်းနှင်လာတဲ့ကားဖြစ်နေတာကြောင့် သတိထားရမယ်၊ ဦးစားပေးရမယ် ဆိုတာကို အသိဖြစ်စေပါတယ်။



တတိယအမှတ်အသားက အ၀ါရောင်လိပ်ပြာပုံအမှတ်အသားလေးဖြစ်ပါတယ်။ ဒါကတော့ အကြားအာရုံချို့ တဲ့ကြတဲ့သူတွေ မောင်းနှင်တဲ့ကားမှာ တပ်ဆင်အသုံးပြုကြရတာဖြစ်ပါတယ်။



စတုတ္ထတစ်ခုကတော့ အပြာခံအပေါ်မှာ အဖြူရောင် ကလိုဗာရွက်ပုံ အမှတ်အသားဖြစ်ပါတယ်။ ဒီအမှတ်အသားကတော့ ခန္ဓာကိုယ်မသန်မစွမ်းဖြစ်နေကြတဲ့ ယာဉ်မောင်းသူများ တပ်ဆင်အသုံးပြုကြရတာဖြစ်ပါတယ်။
ဒီအမှတ်အသားတွေကိုမြင်လိုက်တာနှင့် တခြားယာဉ်မောင်းသူတွေအတွက် မိမိတို့က ဒီအမှတ်အသားတပ်ထားတဲ့ ကားပေါ်ကယာဉ်မောင်းကို ဦးစားပေးရမယ်၊ နားလည်ပေးရမယ်၊ ကိုယ့်ဘက်က သတိထားမောင်းနှင်ရမယ်ဆိုတာကို အသိဖြစ်စေပါတယ်။
ယာဉ်မောင်းသူ လူသစ်တွေအတွက် သတ်မှတ်ထားတဲ့ အ၀ါအစိမ်းအမှတ်အသားကို ဂျပန်က ဧည့်သည်တွေကိုဝန်ဆောင်မှုပေးရတဲ့ တချို့ လုပ်ငန်းတွေမှာလည်း သုံးတတ်ကြတာတွေ့ရပါတယ်။ စားသောက်ဆိုင်တွေ၊ တယ်လီဖုန်းဆိုင်တွေ၊ စူပါမားကက်တွေစတဲ့ ၀န်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာ ၀န်ထမ်းအသစ်တွေရဲ့  ရင်ဘတ်မှာ ၀န်ထမ်းရဲ့  နာမည်နှင့်အတူ အ၀ါအစိမ်းအမှတ်အသားလေးကိုပါ တွဲပြီး ချိတ်ထားတတ်ပါတယ်။ ဒီအမှတ်အသားလေးကိုမြင်လိုက်တာနှင့် ဒီဝန်ထမ်း ဒီမှာ တာဝန်ထမ်းဆောင်နေတာ အချိန်မကြာမြင့်သေးတဲ့ အတွက် ၀န်ဆောင်မှုပေးရာမှာ အမှားအယွင်းရှိနိုင်တယ်ဆိုတာကို ဧည့်သည်တွေဘက်က ကြိုတင်သိရှိသွားစေနိုင်ပြီး ၀န်ထမ်းဘက်က အမှားလုပ်မိရင်လည်း ခွင့်လွှတ်ပေးတတ်ကြပါတယ်။
မြန်မာနိုင်ငံမှာရော ဒီလို ယာဉ်မောင်းရဲ့  အခြေအနေပေါ်မူတည်ပြီး အမှတ်အသားတပ်ဆင်မောင်းနှင်တဲ့ အလေ့အထ အခုအချိန်မှာ ရှိနေပြီလားတော့ သေချာမသိပါဘူး။ တကယ်လို့ မရှိသေးရင်တော့ ဂျပန်မှာ လုပ်သလိုမျိုး လုပ်ပေးနိုင်ရင် ကောင်းမလားလို့တော့တွေးမိပါတယ်။ ကားမောင်းနှင်ရာမှာသာမက တခြားဝန်ဆောင်မှုလုပ်ငန်းတွေမှာပါ ဒီအလေ့အထလေး သုံးကြည့်ကြရင် ဘာပဲဖြစ်ဖြစ် ရောင်းသူနှင့်ဝယ်သူတွေကြား တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှုတွေ ရှေးကထက် ပိုထားပေးလာနိုင်လိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။

ဆက်လက်ဖတ်ရှုရန်