Saturday, May 14, 2016

နှစ်သုံးဆယ်ကြာမှ ဖတ်ဖြစ်တဲ့ စာအုပ် (သို့) ၀ိပဿနာရှာပုံတော်





ဒီစာအုပ်ကိုစပြီးသတိထားမိတာက အမေ့အိပ်ယာခေါင်းရင်းဘေးက စာအုပ်ပုံမှာပါ။ အမေက နေ့ ခင်းထမင်းစားပြီးချိန်နှင့် ညဘက်အိပ်ခါနီးဆိုရင် ကုတင်ပေါ်လှဲရင်း ခေါင်းရင်းစာအုပ်ပုံထဲက စာအုပ်တစ်အုပ်အုပ်ကို ယူဖတ်တတ်တဲ့ အကျင့်ရှိတယ်။
အမေ့ကို တစ်ယောက်ယောက်က ဒီစာအုပ်ကို လက်ဆောင်ပေးခဲ့ပုံရပါတယ်။ ကိုယ်ကလည်း စာအုပ်ဆိုရင် စပ်စုချင်တတ်တဲ့ဝါသနာကရှိနေတော့ အမေ ဘာစာအုပ်တွေများဖတ်နေလဲ သွားသွားကြည့်တတ်တယ်။ အမေဖတ်လက်စ စာအုပ်ကို ယူကြည့်ရင်း စာရေးတဲ့သူဘယ်သူလဲလို့  ဖတ်ကြည့်လိုက်တော့ ကိုယ့်ကို ကိုရင်ဝတ်ပေးခဲ့တဲ့ဆရာတော်ဖြစ်နေတယ်။ စာအုပ်ကို ဟိုလှန်ဒီလှန် လျှောက်ဖတ်ကြည့်ရင်း အမေ့ကို ဆရာတော်ဘာအကြောင်းရေးထားတာလဲလို့ မေးလိုက်တယ်။ အမေက ဆရာတော် သူစပြီးတရားအားထုတ်ဖြစ်ပုံရယ်၊ သန်လျင်တောရကို ဘယ်လို ရောက်လာဖြစ်တယ်ဆိုတဲ့အကြောင်းတွေ ရေးထားတာလို့  ပြန်ဖြေတယ်။
အဲဒီအချိန်တုန်းက အသက်အရွယ်က ငယ်နေသေးလို့ ဖြစ်မယ်ထင်ပါတယ်။ ဒီလိုစာအုပ်မျိုးကို ဖတ်ဖို့ သိပ်အာရုံကမရခဲ့ဘူး။ ဒါနဲ့ ပဲ စာအုပ်ကို ဟိုလှန်ဒီလှန် အဆင့်ထက်ကျော်ပြီး မဖတ်ဖြစ်မိခဲ့ဘူး။

ဆရာတော်ဟာ ကျွန်တော့်ရဲ့  ငယ်ဘ၀တစ်လျှောက်လုံးမှာ ဘာသာရေးနှင့်ပတ်သက်လာရင် Role Model တစ်ဦးပါပဲ။ ပထမဆုံးအကြိမ် ကိုရင်စ၀တ်တဲ့အချိန်မှာ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ကို သီလကို ကြိုးစား ထိန်းသိမ်း စောင့်ရှောက်ချင်လာအောင်ဆုံးမပေးခဲ့သလို၊ အသွားအလာအနေအထိုင်တွေမှာလည်း လူကြည်ညိုဖွယ်ဖြစ်အောင် နေတတ်သွားတတ်ဖို့ သင်ပေးခဲ့တယ်။ ဘုရားရှိခိုး၊ မေတ္တာပို့ကစလို့ တရားထိုင်တတ်အောင်ပါ သင်ပေးခဲ့တယ်။ ဆရာတော့်ဆီ စာသင်သွားရတိုင်း စာပေထဲမှာပါတဲ့ သုတ်တော်တွေထဲက ကောင်းနိုးရာရာအကြောင်းအရာလေးတွေကို ပုံပြင်လိုမျိုး စိတ်ဝင်စားစရာကောင်းအောင် ပြောပြတတ်တယ်။ မှတ်မှတ်ရရ ကမ္ဘာပျက်ပုံ၊ ကမ္ဘာတည်ပုံအကြောင်း၊ ဗြဟ္မာကနေ လူဖြစ်လာပုံ အဆင့်ဆင့်ကို ပြောပြတုန်းက ကလေးတစ်ယောက်အနေနှင့် ဒီအကြောင်းကို စပြီးသိရတာဆိုတော့ တော်တော်အံ့သြခဲ့ရတယ်။
နောက်ပိုင်းတော့ အခါကြီးရက်ကြီးတွေမှာ ကျောင်းအလှူရှိတဲ့အချိန် ဆရာတော်တရားဟောတာလောက်ကိုပဲ နာခွင့်ဖူးခွင့်ကြုံတော့တယ်။ ဆရာတော်နှင့် အတော်လေး အဆက်ပြတ်သွားခဲ့ရတယ်။ ဆရာတော်စာအုပ်တွေ အများကြီးရေးပြီး ထုတ်နေတာသိပေမယ့် အကြောင်းမညီညွတ်တော့ ဘယ်စာအုပ်မှ ကောင်းကောင်း မဖတ်ဖြစ်ခဲ့မိဘူး။
နိုင်ငံရပ်ခြားကို ရောက်လာတော့မှပဲ တခါတလေငယ်ဘ၀ကိုလွမ်းမိရင်း ဆရာတော့်စာအုပ်တွေကို စိတ်ထဲက ဖတ်ချင်တဲ့အာသီသဖြစ်လာခဲ့မိတယ်။ ဒီလိုနှင့် အမ မ၀င်းဝင်းရီကောင်းမှုနှင့် ဒီစာအုပ်လေး ကျွန်တော့်ဆီပြန်ရောက်လာတော့တယ်။
အခုတော့ ကျွန်တော်လည်း အမေ့ပုံစံအတိုင်း အိပ်ယာဘေးမှာ ကိုယ်ဖတ်ချင်တဲ့စာအုပ်လေးတွေ စီထားပြီး အိပ်ခါနီးမှာ စာအုပ်တစ်အုပ်အုပ်ကို အချိန်နဲနဲပေးပြီး ဖတ်နေရတော့တယ်။
အခုဒီစာအုပ်မှာ တရားရှာဖို့ အတွက် စိတ်ဆန္ဒပြင်းပြနေတဲ့ ရဟန်းပျိုလေးတစ်ပါးရဲ့  ကြိုးစားအားထုတ်ခဲ့ရတဲ့ ပုံရိပ်တွေကို စာဖတ်နေရင်း စိတ်ထဲမှာ မြင်ယောင်မိလာစေတယ်။
၁၉၇၀ ၀န်းကျင်က ရန်ကုန်မြို့ ရဲ့  အခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး၊ လူတွေရဲ့  ပြောဆိုပြုမူဆက်ဆံကြပုံတွေကို ဆရာတော့်စာတွေက ထင်ဟပ်ပြတယ်။ အဲဒီအချိန်တွေတုန်းက တရားရှာကြသူတွေရဲ့  အနေအထား၊ ဘုန်းကြီးကျောင်းတွေ၊ ရိပ်သာတွေရဲ့  အခြေအနေတွေကိုလည်း လေ့လာခွင့်ရတယ်။
အထူးသဖြင့် ရွှေဥမင်ဆရာတော်ဘုရားကြီးအကြောင်းနှင့် ရွှေဥမင်ရိပ်သာအကြောင်းရေးထားတာဖတ်ရတော့ ဆရာတော်ကြီးရဲ့  ဂုဏ်ကျေးဇူးတော်တွေကို ပိုပြီးကြည်ညိုလေးစားမိတော့တယ်။ နောက်ပြီး အဲဒီအချိန်တွေကတည်းက ရိပ်သာရဲ့  စည်းစနစ်တကျရှိပုံကို သိရလို့ အံ့သြမိရတယ်။
အခုအချိန်မှာ လူသိအင်မတန်နည်းနေပြီဖြစ်တဲ့ သန်လျင်တောရဓမ္မ၀ါဒီဆရာတော်ကြီးအကြောင်းကို ဖတ်ရလို့ ကိုယ်လူမှန်းမသိသေးခင်အရွယ်မှာကတည်းက ပျံလွန်တော်မူသွားခဲ့ပြီဖြစ်တဲ့ ဆရာတော်ကြီးရဲ့ ပုံရိပ်ကို ခပ်ရေးရေးလေး မှန်းပြီး သိရှိကြည်ညိုခွင့်ရလိုက်တယ်။
စိတ်ဝင်စားဖို့ကောင်းတာကတော့ ဓါတ်ကမ္မဋ္ဌာန်းကိုအခြေခံပြီး သတိပဋ္ဌာန်လေးပါးလုံးကို အဆင့်ဆင့်စနစ်တကျ ခွဲခြားစိတ်ဖြာရှုပွားပုံကို overview ရေးထားတာကတော့ တော်တော်လေးကို ဓမ္မဗဟုသုတတိုးပွားစေပါတယ်။ စာဖတ်နေရင်း သိချင်လာတာတွေ၊ မေးချင်လာတာတွေ တစ်ခုပြီးတစ်ခု ထွက်ထွက်လာပါတယ်။ စိတ်ထဲမှာ အော်.. ငါဒီစာအုပ်ကို ဟိုးအစောကြီးကတည်းက ဖတ်မိရင် ကောင်းသား။ ဆရာတော်တို့၊ တရားပြပေးတဲ့ ဆရာသမားတွေနှင့် နီးနီးကပ်ကပ်နေခွင့်ရနေခဲ့တုန်းက ဒီလို သိချင်တာတွေ၊ မေးချင်ခဲ့တာတွေ ပေါ်မလာခဲ့ဖူးဘူး ဆိုပြီး ကိုယ့်ကိုယ်ကို မချင့်မရဲ ဖြစ်နေမိတော့တယ်။
ဆရာတော်ဒီစာအုပ်ကိုရေးတဲ့အချိန်မှာ သက်တော်လေးဆယ်ကျော်ဝန်းကျင်လောက်တော့ရှိနေပြီထင်ပါတယ်။ သန်လျင်တောရရဲ့  ဒုတိယ ပဓာနနာယကဆရာတော်လည်း ဖြစ်နေပြီ။ စာအုပ်ထဲမှာတော့ သူငယ်ငယ် သက်တော် အစိတ်ဝန်းကျင်က အကြောင်းတွေကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပဲရေးထားတယ်။ အခုဆို ဆရာတော် သက်တော် (၇၀)ကို တော်တော်လေးကျော်လောက်ပြီ။
ဆရာတော်ရဲ့  တခြားရေးထားတဲ့ စာအုပ်တွေလည်း အခွင့်အရေးရရင် ရှာဖတ်ရအုံးမယ်။ နောက် ဓမ္မ၀ါဒီဆရာတော်ကြီးရဲ့  စာအုပ်တွေလည်း ပြန်ရှာဖတ်ရမယ်။ အဲဒီခေတ်အခါက တရားရိပ်သာတွေကြား ၀ိဝါဒကွဲပြားမှုတွေရှိကြပေမယ့်လို့ အားလုံးဟာ သူတော်ကောင်းတရားတွေကို ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး ပြန့်ပွားအောင်လုပ်ခဲ့ကြသူတွေပဲမို့ ဘာပဲဖြစ်ဖြစ် ကြည်ညိုလေးစားဖို့ ကောင်းကြပါတယ်။
ဆရာတော် သက်ရှည်ကျန်းမာလို့ သာသနာပြုလုပ်ငန်းတွေ ရှေ့ ဆက်လက် တိုးတက် အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။
ငယ်ဘ၀ကို အောက်မေ့တမ်းတရင်း.....
ဆုံးသွားတာ (၁၆)နှစ် ရှိပြီဖြစ်တဲ့ မာတာမိခင်ကိုလည်း သတိရရင်း....
ဆရာတော့်ဆီလည်း တစ်ခါတစ်ခေါက်လောက် အရောက်သွား ဖူးမြော်ပြီး သိချင်တာလေးတွေ မေးချင်တဲ့ ဆန္ဒပြင်းပြရင်း......
ဒီစာအုပ်ကို လက်ဆောင်ပေးတဲ့ အမ မ၀င်းဝင်းရီကိုလည်း ကျေးဇူးအထူးတင်ရင်း....
ဒီစာလေး အမှတ်တရ ရေးပါတယ်။
ဝိမုတ္တိသုခ
၁၃၊ မေ၊ ၂၀၁၆။

ဆက်လက်ဖတ်ရှုရန်