Saturday, December 19, 2015

We are what we consume!






ဇင်ဘုန်းတော်ကြီး Thich Nhat Hanh က ပြောဖူးတယ်။

“လူတွေသာ တကယ်လို့များ သူတို့နေ့စဉ်စားသုံးနေကြတဲ့အသား၊ ငါး တွေရဲ့  စားသုံးမှုရာခိုင်နှုန်းကို ၅၀ရာခိုင်နှုန်းလောက်အထိ လျှော့ချလိုက်နိုင်မယ်ဆိုရင် ဒါဟာ မိမိတို့ကိုယ်တိုင်အတွက်နှင့် ကမ္ဘာလောကအတွက် တကယ်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားကို ပြသလိုက်တာပဲ ဖြစ်လိမ့်မယ်” တဲ့။

မြတ်စွာဘုရားရှင်ကတော့ အသား၊ ငါး မစားဖို့၊ သက်သတ်လွတ်စားဖို့ ပြောလာတဲ့ ရှင်ဒေ၀ဒတ်ရဲ့  ဆန္ဒကို မလိုက်လျောခဲ့ပဲ ငြင်းပယ်ခဲ့ဖူးတယ်။ ဆွမ်းခံပြီး ၀မ်းရေးကိစ္စကို ဖြေရှင်းကြရတဲ့ ရဟန်း၊ သံဃာတော်တွေအနေနှင့် ဒီကိစ္စဟာ ရေရှည်မှာ အခက်အခဲ ဖြစ်လာမှာကို ကြိုမြင်ခဲ့လို့ပဲဖြစ်တယ်။ နောက် သံသရာက ထွက်မြောက်ဖို့ ကြိုးစားကြရာမှာ မှီဝဲရတဲ့ အစားအသောက်က အဓိကမကျပဲ၊ ဒီအစားအသောက်ကို မှီပြီးဖြစ်တဲ့ ရသတဏှာ ကိလေသာကို ပယ်သတ်နိုင်ဖို့က ပိုပြီး အဓိကကျတာလည်း အကြောင်းတစ်ခုပါပဲ။ ဒီတော့ ရဟန်းတွေအတွက် ခဲဖွယ်ဘောဇဉ်ကို အယုတ်အလတ်အမြတ်မရွေး ဆွမ်းခံလို့ ရသမျှနဲ့ ရောင့်ရဲတင်းတိမ်ပြီး ဆွမ်းကိစ္စကို ပြီးစီးစေတော်မူခဲ့ပါတယ်။

ဘုရားရှင်ရဲ့  အဆုံးအမကို လိုက်နာကြတဲ့ လူဝတ်ကြောင်သာဝကတွေ အနေနဲ့လည်း ဒီလမ်းစဉ်အတိုင်းပဲ အစားအသောက်နှင့် ပတ်သက်လာရင် ရသတဏှာကို အကြောင်းပြုမမှီဝဲပဲ တင်းတိမ်ရောင့်ရဲတဲ့ စိတ်အခြေခံနှင့် မှီဝဲသုံးဆောင်နိုင်ကြမှသာလျှင် ဘုရားရှင် အလိုတော်ကျ ဖြစ်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ သာမန်လူဝတ်ကြောင်တွေအတွက် ထည့်စဉ်းစားဖို့ကောင်းတာတစ်ခုရှိနေပါတယ်။ မိမိတို့ရဲ့ ရသတဏှာကိလေသာ ခေါင်းပါးရေးအတွက် ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်အခြေခံနှင့် အစားအစာကို မှီဝဲစားသောက်ရမှာ ဖြစ်သလို၊ အခြားတစ်ဘက်ကလည်း မိမိရဲ့  အသက်ရှင်နေထိုင်ရပ်တည်ဖို့အတွက် တိရစ္ဆာန်အချို့ ရဲ့  အသက်နှင့် ဘ၀တွေ စတေးပေးနေကြရတာကို သတိထားမိဖို့ဖြစ်ပါတယ်။

မိမိတို့ အစာအဟာရဖြည့်တင်းဖို့အတွက် ကမ္ဘာနှင့်အ၀ှမ်းမှာ နေ့စဉ် တိရစ္ဆာန်တွေ သိန်းနှင့်ချီပြီး အသက်ဆုံးရှုံးနေကြရပါတယ်။ တကယ်လို့များ လူတစ်ယောက်ချင်းစီက မိမိတို့ နေ့စဉ်စားသုံးနေတဲ့ အသား၊ ငါး စားသုံးနှုန်းကို တတ်နိုင်သလောက်များ လျှော့ချပေးနိုင်ခဲ့မယ်ဆိုရင် တိရစ္ဆာန်တွေရဲ့  အသက်ရှင်သန်မှုကို တစ်ဘက်တစ်လမ်းကနေ အားပေးကူညီရာရောက်သွားမှာ ဖြစ်ပါတယ်။ ဇီဝိတဒါန လုပ်လိုက်သလို ဖြစ်သွားမှာပါ။

အစားအသောက်တစ်ခုတည်းတင် မဟုတ်ပါဘူး။ အ၀တ်အစားတွေ၊ ပိုက်ဆံအိတ်၊ ဖိနပ်၊ ခါးပတ်၊ ဇိမ်ခံပစ္စည်းတွေ နှင့် တခြားလူ့ အသုံးအဆောင်ပစ္စည်းတွေမှာ အသုံးပြုနေတဲ့ တိရစ္ဆာန်တွေရဲ့  ခန္ဓာကိုယ်အစိတ်အပိုင်းတွေနှင့် တန်ဆာဆင်ထားတဲ့ ပစ္စည်းတွေကို တတ်နိုင်သလောက် မသုံးပဲ၊ သုံးစွဲမှုရာခိုင်နှုန်းကို လျှော့ချပေးနိုင်မယ်ဆိုရင် ဒါဟာလည်း သူတို့တွေရဲ့  အသက်ကို တစ်ဘက်တစ်လမ်းက ကယ်တင်လိုက်တာ ဖြစ်သွားမှာပါပဲ။

တကယ်တော့ ဒီကမ္ဘာပေါ်မှာ လူ၊ တိရစ္ဆာန်၊ တောတောင်ရေမြေ၊ နှင့် ဓါတ်သတ္တုပစ္စည်းတွေဟာ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်စပ်ပြီး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပုံစံနှင့် တည်ရှိနေကြရတာပါ။ တစ်ခုခုက အလွန်အကျွံ ပျက်စီးဆုံးရှုံးရပြီဆိုရင် ဟန်ချက်ညီမှုပျက်ပြားပြီး အနှေးနဲ့ အမြန်ဆိုသလို တခြား အရာတွေပါ လိုက်ပါပျက်စီးကြမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တောတောင်ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြသလိုပဲ၊ မိမိတို့နှင့် တစ်မိုးတည်းအောက် အတူနေ အသက်ရှင်သန်နေကြရတဲ့ လူတွေရဲ့  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဖြစ်နေတဲ့ တိရစ္ဆာန်မျိုးစိတ်များကိုလည်း မေတ္တာ၊ ကရုဏာစိတ်နှင့် တတ်နိုင်သလောက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြပါစို့လို့ ဆန္ဒမွန်နှင့် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

No comments:

Post a Comment