Sunday, April 12, 2015

မမြဲတဲ့သဘောကို နှလုံးသွင်း၍ နေထိုင်ခြင်း




လူသားများအတွက် မိမိတို့ ဦးနှောက်အသိဉာဏ်နှင့် တွေးခေါ်မြော်မြင်နိုင်သလောက် ဆင်ခြင်စဉ်းစားမှုတွေဟာ အရာရာတိုင်းအတွက် အမြဲမှန်ကန်မှု မရှိနိုင်ပါဘူး။ လူအများစုဟာ ဘာလုပ်သင့်တယ်၊ ဘာတွေဖြစ်လာမယ်ဆိုတာကို သိထားကြပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့ သိထားသလို မလုပ်ဖြစ်တတ်ကြတာများပါတယ်။ ဒါကြောင့် ကိုယ်တကယ်သိထားတဲ့အတိုင်း လက်တွေ့မှာလည်း တကယ်ကျင့်သုံးနိုင်ဖို့ဆိုရင် အလေ့အကျင့်လုပ်ယူမှသာ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။

ဥပမာအနေနှင့်ပြောရရင် အရာရာမမြဲဘူးဆိုတာကို လူတိုင်းသိထားကြ၊ လက်ခံထားကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ လူတွေဟာ အရာရာကို မြဲနေသယောင် ပုံစံမျိုး သဘောထားပြီး လုပ်ကိုင်ပြောဆိုဆောင်ရွက်နေတတ်ကြပါတယ်။ တကယ်လို့များ မမြဲခြင်းတရားကို အမြဲ နှလုံးသွင်းဆင်ခြင်နိုင်ကြမယ်ဆိုရင် မိမိကိုယ်တိုင်ရော၊ တခြားသူတွေကိုပါ စိတ်ချမ်းသာမှု ပျက်စီးသွားစေမယ့် လုပ်ဆောင်မှုမျိုးတွေကို လုပ်ဆောင်ကြတော့မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအားလုံးပါ စိတ်နှလုံးအေးချမ်းပျော်ရွှင်စေမယ့် ကိစ္စတွေကိုသာ အတတ်နိုင်ဆုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားလုပ်ဆောင်လာကြမှာ ဖြစ်ပါတယ်။

လူတွေဟာ ကိုယ်ချစ်ခင်ရတဲ့သူတစ်ဦးဦးက ကိုယ့်ကို စွန့်ခွာသွားတဲ့အခါ၊ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုကြုံရတဲ့အခါမျိုးတွေမှာ ၀မ်းနည်းပူဆွေးကြ၊ မျက်ရည်ကျတတ်ကြတယ်။ တကယ်တမ်း အဲဒီမိမိချစ်ခင်ရတဲ့သူ ကိုယ့်အနီးမှာရှိနေတဲ့အချိန်တွေမှာတော့ ဒီပုဂ္ဂိုလ်ကို စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင် ထားဖို့ စိတ်မကူးမိကြဘူး။ သူ့အပေါ် တန်ဖိုးထားရကောင်းမှန်းလည်းမသိကြဘူး။

ဒါကြောင့် မမြဲခြင်း အနိစ္စတရားဆိုတာကို စာသိ သိရုံ၊ တွေးတောကြံစည်ပြီးသိရုံ၊ ပါးစပ်က တဖွဖွ ရွတ်ဆိုတတ်ရုံလောက်နှင့် ကျေနပ်တင်းတိမ်ရောင့်ရဲမနေသင့်ပဲ ဘာဝနာမယဉာဏ်အဆင့်နှင့် နေ့စဉ်ဘ၀မှာ အချိန်တိုင်း မမြဲခြင်းတရားကို နှလုံးသွင်းပွားများပြီး နေထိုင်နိုင်တဲ့ သမာဓိအဆင့်မျိုး ရောက်တဲ့အထိ ကျင့်ကြံကြိုးကုတ် အားထုတ်သင့်လှပါတယ်။

သတိနှင့် ပစ္စုပ္ပါန် အချိန်တိုင်းကို နေနိုင်အောင် ကြိုးစားဖို့ လိုအပ်လှပါတယ်။ တကယ်လို့သာ သတိရှိနေမယ်ဆိုရင် လက်ရှိပစ္စုပ္ပာန်မှာ မိမိနှင့် ထိတွေ့ဆက်ဆံနေရတဲ့ အရာဝတ္ထုတွေအပေါ်၊ လူပုဂ္ဂိုလ်တွေအပေါ်မှာ တန်ဖိုးထားပြီး လေးလေးနက်နက် ထိတွေ့ ဆက်ဆံနိုင်လာပါလိမ့်မယ်။ သတိတရားမှာ ဒီလိုလုပ်ဆောင်နိုင်တဲ့ စွမ်းရည်သတ္တိတွေ ရှိနေပါတယ်။ စိတ်ထဲမှာ သတိရှိနေတဲ့အခါမှာ မိမိလတ်တလော တွေ့ကြုံနေရတဲ့ အခြေအနေအပေါ် အမှန်အတိုင်း သိမြင်သုံးသပ်နိုင်တဲ့ အသိဉာဏ် ဖြစ်ပေါ်လာမှာဖြစ်ပြီး ဒီထက်မကတဲ့ မမြဲတဲ့သဘာဝတရား၊ အရာဝတ္ထုတစ်ခုနှင့်တစ်ခုကြား၊ သက်ရှိတစ်ဦးနှင့်တစ်ဦးကြားအပြန်အလှန် ကျိုးကြောင်းစပ်ဆက်ပတ်သက်နေတဲ့ သဘာဝတရား၊ မိမိအလိုကျမဟုတ်ပဲ သူ့သဘောသူဆောင်နေတတ်တဲ့ သဘာဝတရားတွေကိုပါ သိမြင်နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။

ဆရာတော် Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်

Sunday, April 5, 2015

သတိဖြင့် ဒေါသထွက်ခြင်း






ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဒေါသတရားကို မိခင်က မိမိရဲ့ ရင်သွေးငယ်လေးကို ကိုင်တွယ်ကြည့်ရှုစောင့်ရှောက်သလိုမျိုးလေး သဘောထားကြည့်လိုက်ပါ။ ဘာလို့လဲဆိုတော့ မေတ္တာတရားဆိုတာဟာ ကိုယ့်ရဲ့  ရင်တွင်းမှာ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတစ်ခုဖြစ်သလို၊ ဒေါသတရားဆိုတာဟာလည်း စိတ်ထဲမှာ အကြောင်းတိုက်ဆိုင်လာရင် ဖြစ်ပေါ်လာတတ်တဲ့ သဘာဝတရားတစ်ခုပါပဲ။

ဒါကြောင့် စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ သဘာဝတရားတစ်ခုက အခြားသဘာဝတရားတစ်ခုကို ဂရုတစိုက် စောင့်ကြည့်ခြင်းသဘောပါပဲ။ ဒေါသတရားဆိုတာ ကိုယ်တွင်းက ထွက်ပေါ်လာတဲ့ စွမ်းအင်တစ်ခုဖြစ်သလို၊ မေတ္တာတရား (သတိတရား) ဆိုတာဟာလည်း စွမ်းအင်တစ်ခုပါပဲ။

ဒါကြောင့် ခန္ဓာကိုယ်မှာ ဒေါသတရားဖြစ်ပေါ်လာပြီဆိုရင် သတိစွမ်းအင် (သို့) မေတ္တာစွမ်းအင်ကို ဒေါသဖြစ်နေတဲ့နေရာဆီကို ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ဖို့အတွက် သူ့ကို ဖိတ်ခေါ်ပေးလိုက်ပါ။

ပြီးတဲ့အခါမှာတော့ သတိကပ်ပြီး အသက်ကို မှန်မှန်ရှူသွင်း၊ ရှူထုတ်တာကို ဆက်တိုက်ပြုလုပ်လိုက်ပါ။ ဒီလိုပြုလုပ်တာဟာ ဖြစ်ပေါ်နေတဲ့ ဒေါသကို မသိကျိုးကျွန်ပြုလိုက်တာမဟုတ်ပဲ လက်တွေ့ကျကျ သတိနှင့် လက်ခံ စောင့်ကြည့်လိုက်တာသာ ဖြစ်ပါတယ်။

~ “ငါဟာ ဒေါသဖြစ်နေတာကို သိနေတယ်” လို့ နှလုံးသွင်းပြီး လေကို ရှူသွင်းလိုက်ပါ။
~ “ငါဟာ ဒေါသကို သတိနှင့် လက်ခံစောင့်ကြည့်နေတယ်” လို့ နှလုံးသွင်းရင်း လေကို ပြန်ရှူထုတ်လိုက်ပါ။

ဒါကိုပဲ “သတိဖြင့် ဒေါသထွက်ခြင်း” လို့ ခေါ်ချင် ခေါ်လို့ရနိုင်ပါတယ်။ တကယ်တော့ ဒီလုပ်ငန်းစဉ်ဟာ သတိရဲ့ စွမ်းအင်ကို အသုံးပြုပြီး ဒေါသကို ကိုင်တွယ်ဖြေရှင်းနေတာ ဖြစ်ပါတယ်။ ဒီလို အသက်ရှူတာလေးမှာ ဆက်တိုက်သတိကပ်ရင်း အချိန်တစ်ခုကြာလာတဲ့အခါမှာတော့ ဖြစ်ပေါ်နေတဲ့ ဒေါသဟာ အသွင်ကူးပြောင်းသွားပါလိမ့်မယ်။

ဘာနှင့် ဥပမာတူလဲဆိုရင် မနက်ခင်းအစောပိုင်း နေအလင်းရောင် ထွက်ပေါ်မလာသေးခင်မှာ ပန်းဖူးလေးတစ်ခုရဲ့  ပွင့်ချပ်တွေဟာ ပွင့်အာမလာကြသေးပါဘူး။ နေရောင်ထွက်ပေါ်လာပြီးတဲ့နောက် နေရောင်ခြည်က ပန်းဖူးလေးရဲ့  အပေါ်ကို တဖြေးဖြေးကျရောက်လို့လာပါတယ်။ နေရောင်ခြည်နှင့်အတူပါလာတဲ့ အနွေးဓါတ်ဟာ ပန်းဖူးလေးရဲ့  အပြင်ပိုင်းပတ်ချာလည်ကိုသာ မကပဲ၊ ဟိုးအတွင်းပိုင်း အထဲထိကို တစ်စတစ်စနှင့် စိမ့်ဝင်လို့သွားပါတယ်။ ဒီလိုနှင့် အချိန်တစ်ခုရောက်တဲ့အခါမှာတော့ ဒီပန်းဖူးလေးဟာ ပွင့်ချပ်တွေပွင့်အာလာပြီး ပန်းပွင့်လေးတစ်ပွင့်အဖြစ် အသွင်ကူးပြောင်းသွားပါတော့တယ်။

ပန်းဖူးလေးဟာ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါသတရားကို ကိုယ်စားပြုပြီး နေရောင်ခြည်ဆိုတာကတော့ သတိစွမ်းအားပဲပေါ့။

ဒေါသတရားကို စွမ်းအင်တစ်ခုအနေနှင့် အသုံးပြုပြီး ပြဿနာဖြေရှင်းကြတာကို တချို့ တွေက နည်းလမ်းတစ်ခုအနေနှင့် အသုံးပြုတတ်ကြတယ်။ ဒေါသဟာ စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပေမယ့် ဒီစွမ်းအင်ကို အသုံးပြုတာဟာ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ ဒေါသနှင့် ပြောသမျှ၊ လုပ်သမျှအရာတိုင်းဟာ ပျက်စီးမှုတွေဆီကို ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့် ဒေါသစွမ်းအင်အစား တခြားစွမ်းအင်အမျိုးအစားတွေဖြစ်တဲ့ ကရုဏာစွမ်းအင်နှင့် နားလည်ပေးနိုင်မှုစွမ်းအင်တွေကို အသုံးပြုပြီး ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။

သိပ္ပံသဘောအရ စွမ်းအင်တွေဟာ အမျိုးအစားတစ်ခုကနေ အခြားတစ်ခုကို ပြောင်းလဲပစ်လို့ရသလိုမျိုးပါပဲ။ ဒေါသစွမ်းအင်ကိုလည်း ကရုဏာစွမ်းအင်နှင့် နားလည်ပေးနိုင်မှုစွမ်းအင်တွေအဖြစ် ပြောင်းလဲပေးလို့ ရပါတယ်။ ဒီလိုပြောင်းလဲဖို့အတွက်ဆိုရင် ဒေါသကို စွန့်ပစ်လိုက်ဖို့ မလိုပါဘူး။ မိမိတို့အနေနှင့် စွမ်းအင်ပုံစံတစ်မျိုးကနေ နောက်စွမ်းအင်ပုံစံတစ်မျိုးကို ဘယ်လိုပြောင်းလဲလို့ရတယ်ဆိုတဲ့ နည်းစနစ်ကို သိရှိထားဖို့ပဲ လိုအပ်ပါတယ်။


ဆက်လက်ဖတ်ရှုရန်