Wednesday, March 4, 2015

Unlock Your Mind


ပြီးခဲ့တဲ့ ရက်ပိုင်းက တရားအားထုတ်ကြတဲ့သူတွေနှင့်ပတ်သက်ပြီး Status အချို့ တင်ခဲ့တာမှာ တချို့ က တရားရိပ်သာတွေကို အပုပ်ချတယ်၊ တရားအားထုတ်မယ့်သူတွေကို discourage လုပ်တယ်လို့ ထင်ကြတာ သတိထားမိပါတယ်။
ကျွန်တော်ပြောခဲ့တာမှာ ရိပ်သာတွေ မကောင်းကြောင်းကို ပြောတာမဟုတ်ပါဘူး။ မကောင်းတဲ့ ရိပ်သာတွေ ရှိနေတဲ့ အကြောင်းကိုပဲ ပြောခဲ့တာပါ။ တရားအားထုတ်နေတဲ့ ယောဂီတွေကို သဘောထားမမှန်ဘူးလို့ စွပ်စွဲတာလည်း မဟုတ်ပါဘူး။ သဘောထားမမှန်တဲ့ ယောဂီတွေ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်ဖို့အတွက် သတိထားမိအောင် ထောက်ပြရုံသက်သက်ပါ။
ကိုယ်ကိုယ်တိုင်လည်း ရိပ်သာတော်တော်များများနှင့် ကျွမ်းဝင်မှုရှိသလို၊ တရားပြဆရာတွေ၊ တစိုက်မက်မက်အားထုတ်နေကြတဲ့ ရိပ်သာအမျိုးမျိုးက ယောဂီတွေနှင့် ခင်မင်ရင်းနှီးနေတော့ ရိပ်သာတော်တော်များများရဲ့  တရားပြပုံ၊ ပြနည်း၊ တရားဆုံးဖြတ်ပေးပုံ၊ ယောဂီတွေရဲ့  တရားအပေါ်ထားတဲ့ သဘောထားအမျိုးမျိုးကို ထဲထဲဝင်ဝင်သိနေပါတယ်။
ဒါကြောင့် တရားကို နည်းစနစ်မှန်မှန်နှင့်ပြသပေးနေတဲ့ ရိပ်သာတွေ၊ တရားပြဆရာတွေရှိနေတာကို သိသလို၊ တရားကို သဘောထားမှန်မှန်နှင့် အားထုတ်နေကြတဲ့ ယောဂီသူတော်စင်တွေလည်း ရှိတယ်ဆိုတာကို ကောင်းကောင်းသိထားပါတယ်။
ရေးခဲ့တဲ့ Status တွေရဲ့  အဓိကဦးတည်ရည်ရွယ်တာကတော့ တရားအားထုတ်နေတဲ့ ယောဂီတချို့ ရဲ့  တရားအပေါ်ထားတဲ့ သဘောထားလွဲနေတာလေးကို ထောက်ပြချင်လို့ပါ။ နောက် တချို့ ရိပ်သာတွေကနေ တရားအားထုတ်ပြီး ထွက်လာကြတဲ့ နောက်ပိုင်း ဆရာသမားတွေကနေ အဆင့်တစ်ခုခု သတ်မှတ်ပေးလိုက်တာကြောင့် ကိုယ့်ကိုယ်ကို ငါတော့ဘာကြီး ဖြစ်ပြီလို့ ထင်နေကြတဲ့ ယောဂီတွေကို သတိပေးချင်လို့ပါ။
တချို့ ရိပ်သာတွေမှာ သမထကို ၀ိပဿနာလုပ်ပြီး အားထုတ်ခိုင်းနေကြတာမျိုးတွေ ရှိနေပါတယ်။ သမထအစွမ်းကြောင့် သမာဓိအားကောင်းပြီး ခန္ဓာကိုယ်မှာ ထူးခြားတာတွေဖြစ်လာတာ၊ လုပ်နိုင်လာတာတွေကို ၀ိပဿနာဉာဏ်ဖြစ်တယ်၊ တရားထူးရတယ်လို့ အထင်ရောက်အောင် ပြောကြတာမျိုးတွေ ရှိနေပါတယ်။
တချို့ ရိပ်သာတွေမှာ တရားကိုတော့ နည်းမှန်လမ်းမှန်အတိုင်းပြသပေးပါတယ်။ ဒါပေမယ့် နောက်ဆုံး ယောဂီရဲ့  တရားအဆင့်ကို ရဲရဲတင်းတင်းသတ်မှတ်ပေးလိုက်တာမျိုးတွေ ရှိပါတယ်။ ရိပ်သာဘက်ကတော့ ကောင်းမွန်တဲ့ တခြားရည်ရွယ်ချက်တွေနှင့် လုပ်ပေးလိုက်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ယောဂီဘက်မှာကတော့ တရားနှင့်ပတ်သက်တဲ့ ဗဟုသုတပြည့်ပြည့်၀၀မရှိကြတဲ့အတွက် ဆရာ့စကားမှာ လမ်းဆုံးပြီး အန္တရာယ်တော်တော်လေးကြီးသွားနိုင်တာမျိုးတွေရှိတာ တွေ့နေရပါတယ်။
မြတ်စွာဘုရားက တကယ်ကြိုးကြိုးစားစားသာအားထုတ်ရင် မနက်အားထုတ်ရင် ညတရားရမယ်၊ ညအားထုတ်ရင် မနက်တရားရမယ်လို့ ပြောထားတာမို့ တကယ်လုပ်ရင် တကယ်ရတယ်ဆိုတာကို အကြွင်းမရှိ ယုံကြည်ထားပါတယ်။ ရိပ်သာတွေမှာ အားထုတ်ရင်း တကယ်ရသွားကြတဲ့သူတွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့် တကယ် တရားထူး ရမရဆိုတာကိုတော့ ယောဂီကိုယ်တိုင်ကသော်လည်းကောင်း၊ ဆရာကသော်လည်းကောင်း အဆောတလျင်း မဆုံးဖြတ်တာက ယောဂီအတွက် ပိုကောင်းဖို့ရှိပါတယ်။
တချို့ ရိပ်သာတွေမှာ တရားရမရကို အဓိဋ္ဌာန်တွေနှင့် စမ်းခိုင်းတာရှိပါတယ်။ တကယ်လို့ အဓိဋ္ဌာန်အောင်ရင် ကိုယ့်ကိုယ်ကို ရပြီလို့ ဆုံးဖြတ်ခိုင်းတတ်ကြပါတယ်။ ဒီနေရာမှာ သတိထားစေချင်တာတစ်ခုက သီလ၊ သမာဓိနှင့် ကျင့်ထားတဲ့ စိတ်မှာ သာမန်ရိုးရိုးအချိန်နှင့်မတူပဲ စွမ်းအားတမျိုးရနေတတ်ပါတယ်။ အရှေ့ ပိုင်းရက်တွေမှာ ကိုယ်ထူထောင်ထားခဲ့တဲ့ သီလ၊ သမာဓိတို့ရဲ့ အားအရှိန်ကြောင့် စိတ်ညွှတ်လိုက်ရင် ကိုယ်ဖြစ်ချင်တာ ဖြစ်လာတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ တခါက ရိပ်သာတစ်ခုမှာ နေရာအခက်အခဲကြောင့် ယောဂီသစ်နှင့် ယောဂီဟောင်းတွေ အတူတူရောထိုင်ကြရပါတယ်။ အဲဒီမှာ တရားပြဆရာက ယောဂီဟောင်းတွေကို တရားထူး ရမရနှင့် ပတ်သက်ပြီး အဓိဋ္ဌာန်တစ်ခုနှင့် ထိုင်ဖို့ ရှေ့ ကနေ တိုင်ပေးလိုက်ပါတယ်။ ဒီအချိန်မှာ အခန်းထဲမှာ အတူတူထိုင်အားထုတ်နေကြတဲ့ ယောဂီသစ်တွေထဲက သမာဓိအားကောင်းသူတချို့ ဟာ ဆရာတိုင်ပေးလိုက်တဲ့ အဓိဋ္ဌာန်အတိုင်း လိုက်ဖြစ်နေတာ တွေ့ရပါတယ်။
တချို့ ရိပ်သာတွေမှာ တရားရမရကို ဖလသမာပတ်ဝင်စားတာ အချိန်ဘယ်လောက်ရပါစေ ဆိုတာမျိုးနှင့် အဓိဋ္ဌာန်ပြီး စမ်းတာရှိပါတယ်။ အဲဒီမှာ အရှေ့ ပိုင်းအားထုတ်စဉ်က သမထအားကောင်းခဲ့တဲ့သူတွေအနေနှင့် ဖလသမာပတ်မဟုတ်ပဲ ဈာန်နှင့်စပ်နွှယ်တဲ့ သမာပတ်တစ်ခုခု ၀င်သွားတာမျိုး ရှိတတ်ပါတယ်။ နောက်တစ်မျိုး ဖြစ်သွားနိုင်တာက ကိုယ့်ကိုယ်ကို စိတ်ညှို့  အိပ်မွေ့ချလိုက်တာမျိုးပါ။ ဒါကလည်း သမာဓိအားကောင်းနေတဲ့အချိန်မှာ လုပ်လို့ရတတ်တာမို့ သတိမထားမိပဲ ကိုယ့်ကိုယ်ကို စိတ်ညှို့ သလိုမျိုး လုပ်မိသွားတတ်ပါတယ်။ ဒါကြောင့် အဓိဋ္ဌာန်အချိန်အတိုင်း သမာပတ်ဝင်စားနိုင်တယ်ဆိုပေမယ့် ဒါ တကယ် တရားထူးကြောင့် ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ဆိုတာ အတော် ခက်ခဲပါတယ်။ (ဒီကိစ္စက တအားသိမ်မွေ့ပါတယ်။ ဆရာတော်ဦးဇောတိကကို ဒကာတစ်ယောက်က မေးလို့ ဒီကိစ္စ ရှင်းထားတာလေး နောက်များ အဆင်ပြေရင် တင်ပေးပါအုံးမယ်။)
ဒီလိုမျိုး တရားအဆုံးအဖြတ်ပေးတတ်တဲ့ ရိပ်သာတစ်ခုက အဓိဋ္ဌာန်အောင်ပြီး ထွက်လာတဲ့ ယောဂီဟောင်း အန်တီကြီးတစ်ယောက်နှင့် ခင်မင်ရင်းနှီးဖူးတယ်။ သူက ဟိုအရင် ရိပ်သာမ၀င်ခင်ကတည်းက နတ်တို့၊ ဘိုးတော်တို့ကို အိမ်မှာ ကျကျနနကိုးကွယ်ထားတယ်။ လောကီ အတိတ်၊ နိမိတ်တွေ၊ ဗေဒင်တွေလည်း ယုံကြည်တယ်။ ကိုယ်တိုင်လည်း တွက်တယ်။ ပြောမယ်ဆို အယူသည်းတတ်သူ တစ်ယောက်ပေါ့။ သူက အရင်ကတည်းက အဲဒီရိပ်သာကို သွားအားထုတ်ချင်တာမှာ အားထုတ်ပြီးရင် သောတာပန်ဖြစ်မယ်ဆိုတဲ့သတင်းကြောင့် သွားတာပါ။ အားထုတ်ပြီး ပြန်လာတော့ လူတွေကို သူသောတာပန်ဖြစ်သွားပြီ။ အပါယ်မကျတော့ဘူး လို့ ၀မ်းသာအားရပြောရှာပါတယ်။ ဒါပေမယ့် ရိပ်သာကပြန်လာပြီးနောက်ပိုင်းမှာ သူ့ရဲ့ ဘာသာရေးအသိအမြင် ဘာမှ တိုးတက်လာတာ မတွေ့ရဘူး။ ဘိုးတော်တွေ၊ နတ်တွေ၊ ဗေဒင်တွေနှင့် ဆက်ပြီးနှစ်ပါးသွားနေတာပါပဲ။ အယူလည်း အရင်လို သည်းနေတုန်းပဲ။
တချို့ ရိပ်သာထွက်တွေဆို သူတို့ကိုယ်ကို အပါယ်ပိတ်ပြီးသားသူတွေအဖြစ် ယုံကြည်ပြီး တရားလည်း ရှေ့ ဆက်အားမထုတ်တော့ဘူး။ မကောင်းမှုတွေကိုလည်း အထူးတလည် ရှောင်မနေတော့ပဲ လွယ်လင့်တကူ ပြုလုပ်တတ်ကြပါတယ်။ သူတို့ပြောလေ့ရှိတာက တို့က အညံ့စားသောတာပန်တွေ။ ဒါပေမယ့် သေရင် အပါယ်တော့လွတ်ပြီးသားလို့ ဆိုတတ်ကြပါတယ်။
တရားအားထုတ်တဲ့ ရည်ရွယ်ချက်သဘောထား မမှန်တဲ့အခါမှာ တခါတလေ ကိုယ့်မှန်းချက်နှင့် မကိုက်ဖြစ်တတ်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ တခါက အမျိုးသမီးကြီး တစ်ယောက်နှင့် ကြုံဖူးတယ်။ သူက နောက်ဘ၀ကျရင် ဗြဟ္မာဖြစ်ချင်တယ်လို့ပြောတယ်။ ကျွန်တော်က ဗြဟ္မာဖြစ်ဖို့ဆိုရင် အနာဂါမ်သော်လည်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဈာန်တစ်ခုခုကို ရထားရင်တော့ ဖြစ်နိုင်ပါတယ်လို့ သူ့ကိုပြောဖြစ်တယ်။ ဒီလိုနှင့် သူလည်း ခပ်ပြင်းပြင်း အားထုတ်ရတဲ့ ရိပ်သာတစ်ခုမှာ စခန်း သွားဝင်တယ်။ ရိပ်သာကလည်းထွက်လာပြီးရော သူ့ဆီက တရားအားထုတ်ဖို့ဆိုတဲ့ စကား နောက်ထပ် ထပ်မကြားရတော့ဘူး။ တကယ်တော့ အဲဒီအမျိုးသမီးဟာ ၃၁ဘုံမှာ အမြင့်ဆုံးဟာ ဗြဟ္မာ့ဘုံလို့ ကြားဖူးထားလို့ အမြင့်ဆုံးဆိုတာကို လိုချင်ရုံသက်သက်ပါ။ သူထင်တာက ဒါနကောင်းမှုလောက်လုပ်၊ သီလစောင့်တည်၊ ဘာဝနာကို အထိုက်အလျှောက်လောက် ပွားရင် ဗြဟ္မာ့ဘုံရောက်နိုင်လောက်တယ်လို့ တွက်ထားတဲ့ပုံပါပဲ။ တကယ်နင်လား၊ ငါလား ဇွဲနှင့် အားထုတ်ရတဲ့ ရိပ်သာမျိုး သွားဝင်မိတော့ သူထင်ထားတာမျိုး မဟုတ်မှန်း သိသွားပုံရပါတယ်။ ဗြဟ္မာဖြစ်ချင်တယ်လို့လည်း နောက်ထပ်ပြောသံမကြားရတော့ပါဘူး။
ဒီတော့ နောက်ဆုံးပိတ်ပြောချင်တာကတော့ တရားအားထုတ်မယ့်သူတွေအနေနှင့် သဘောထား မှန်မှန်လေးနှင့် တရားကို ချစ်တဲ့စိတ်နှင့် အားထုတ်တတ်ဖို့ ကြိုးစားပေးကြပါ။
တရားစခန်းဝင်ဖို့ ရိပ်သာ ရွေးချယ်ရာမှာ သေသေချာချာ မေးမြန်းစုံစမ်း စိစစ်ပြီးမှာ ၀င်ကြပါ။ ဒီရိပ်သာဝင်ပြီးသွားရင်တော့ သောတာပန်ဖြစ်ပြီ၊ အပါယ်တံခါးပိတ်ပြီဆိုပြီး ဘာမှမစူးစမ်းပဲ ၀င်လိုက်တာမျိုး မဖြစ်မိဖို့ သတိထားကြပါ။
ရိပ်သာတစ်ခုခုကထွက်လာပြီးလို့ ကိုယ့်ကိုယ်ကို အရိယာဖြစ်ပြီလို့ ထင်ခဲ့ရင်သော်လည်းကောင်း၊ ဆရာသမားက အရိယာဖြစ်ပြီလို့ သတ်မှတ်ပေးလိုက်ရင်သော်လည်းကောင်း အဲဒီနေရာမှာတင် ကျေနပ်ပြီး ရပ်မနေပါနဲ့။ တခြား စာပေတတ်ကျွမ်းတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ၊ တခြားရိပ်သာက တရားပြဆရာသမားတွေ၊ တကယ်အားထုတ်ထားတဲ့ ၀ါရင့်ယောဂီတွေနှင့် ထပ်ဆင့် မေးမြန်းညှိနှိုင်း တိုက်စစ်ယူကြပါ။
များသောအားဖြင့် ရိပ်သာကနေ ထွက်လာပြီးချိန်မှာ ပါလာတဲ့ သမာဓိအရှိန်တွေကြောင့် တော်ရုံကိလေသာအကြမ်းစားတွေက မိမိစိတ်အစဉ်မှာ မပေါ်ပဲ အခိုက်အတန့်အားဖြင့် မြုံနေတတ်တာမို့ အရိယာတွေရဲ့  အင်္ဂါရပ်တွေနှင့် ညီနေသလိုမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုး ကိုယ့်မှာဖြစ်နေပြီဆိုရင် လယ်တီဆရာတော်ဘုရားကြီး ဆုံးမထားတာလေးကို သတိရပေးပါ။ ကိုယ့်ကိုယ်ကို တရားထူးရပြီလို့ ထင်ရင် (၇) နှစ် စောင့်ကြည့်ပါတဲ့။ အဲဒီ (၇)နှစ်အတွင်းမှာ ဆိုင်ရာကိလေသာတွေ တကယ်ထပ်မပေါ်လာတော့ဘူးဆိုမှ ၀န်ခံပါတဲ့။
ရိပ်သာတွေဘက်က ယောဂီကို တရားအဆင့်သတ်မှတ်ပေးလိုက်မိတဲ့ ဆိုးကျိုးတွေကတော့ ယောဂီက ကိုယ့်ကိုယ်ကို ငါအရိယာ ဖြစ်ပြီဆိုပြီး မာန်တက်သွားတတ်တာရယ်၊ ငါဘာလုပ်လုပ် အပါယ်မကျတော့ဘူးလို့ တွေးထင်ယုံကြည်ပြီး မကောင်းမှုအကုသိုလ်တွေကို လက်ရဲရဲနှင့် လုပ်ဖြစ်သွားတတ်ကြတာရယ်၊ တရားအလုပ်ကို ဆက်မလုပ်လည်း ရနေပြီလို့ အတွေးဝင်ပြီး ဘယ်ဘာဝနာအလုပ်ကိုမှ ထိထိရောက်ရောက် မလုပ်ကြတော့တာရယ်တွေကို သတိထားမိပါတယ်။ ဒါကြောင့် ရိပ်သာတွေဘက်က ယောဂီကို ဖြစ်နိုင်ရင် တရားအဆုံးအဖြတ် ဘာမှမပြောပဲထားတာ ယောဂီအတွက် ပိုကောင်းဖို့ရှိပါတယ်။ (ဉာဏ်စဉ်တရား နာခိုင်းတာကို မဆိုလိုပါ။)
တရားအားထုတ်နေတဲ့သူတွေအနေနှင့် တရားကိုရှုမှတ်ပွားများခြင်းဖြင့် မြတ်စွာဘုရားရှင်ကို တရားနှင့် ပူဇော်မယ်၊ တရားကို ချစ်တဲ့စိတ်နှင့် အားထုတ်မယ် ဆိုတဲ့ စိတ်အခြေခံမျိုးမွေးပြီး လေးလေးစားစား ကြိုးစားအားထုတ်ကြမယ်ဆိုရင်၊ တရားပြဆရာများဘက်ကလည်း ယောဂီရဲ့  တရားတိုးတက်မှုအပေါ် အဆောတလျင် အဆင့်သတ်မှတ်ပေးလိုက်တာမျိုးမလုပ်ပဲ အချိန်ယူကာ သတိနှင့် စောင့်ကြည့်တည့်မတ် စောင့်ရှောက်ပေးကြမယ်ဆိုရင် နှစ်ဦးနှစ်ဘက်အတွက် ပိုမိုအကျိုးရှိမှာမို့ မေတ္တာရှင်ဆရာတော်စကားယူသုံးပြောရရင် ဒါဟာ “အရှုံးမရှိတဲ့ဒဿန” ဖြစ်မှာပါပဲလို့ ပြောလိုက်ချင်ပါတယ်။

No comments:

Post a Comment