Sunday, March 22, 2015

တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူ -




ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္̔ဒမာလာဘိဝံသ

အပိုင်း (၁)

တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူလို့ ဆိုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်မှုကို လောကမှာ မြတ်နိုးတဲ့သူဟာ ဘယ်သူလဲဆိုရင် ဗုဒ္ဓအရှင်မြတ်ဘုရားပဲဖြစ်တယ်။ မြတ်စွာဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက်မှုကို အလွန်မြတ်နိုးတော်မူတယ်။ လောကသားတွေက ဆူညံတာကို နှစ်သက်ကြတယ်။ ဒါကြောင့်မို့လို့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာ အလွန်ရှားပါးတဲ့ နေရာတစ်ခုဖြစ်တယ်။

ဗုဒ္ဓကို ကိုးကွယ်မြတ်နိုးတဲ့ ဗုဒ္ဓဘာသာနိုင်ငံလို့ ပြောကြတဲ့ မြန်မာနိုင်ငံမှာ ဆူညံမှုက အလွန်များတယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဥရောပကနိုင်ငံတွေတို့၊ အမေရိကန်နိုင်ငံတို့၊ ရောက်ဖူးတဲ့သူတွေ သိပါလိမ့်မယ်။ ဘယ်နေရာသွားသွား တိတ်ဆိတ်ငြိမ်သက်နေတာပဲ။ အိမ်ထဲမှာဆိုရင် လူရှိတယ်လို့တောင် မထင်ရဘူး။ Supermarket တွေထဲ ၀င်သွားရင်လည်း လူရှိတယ်လို့တောင် မထင်ရဘူး။ အင်မတန်မှ ငြိမ်သက်ကြတယ်။ ရုံးပြင်ကနားတွေမှာလည်း အင်မတန်မှ ငြိမ်သက်တယ်။ ဆူဆူညံညံစကားပြောနေတာ မရှိသလောက်ကို အံ့သြဖွယ်ရာ တွေ့ရတယ်။

သို့သော် ဗုဒ္ဓဘာသာလို့ အမည်ခံတဲ့ မြန်မာနိုင်ငံမှာ တိတ်ဆိတ်တဲ့နေရာဆိုတာ အလွန့်ကိုရှားတယ်။ ဒါလည်း ဆင်ခြင်စဉ်းစားစရာ အင်မတန်မှကောင်းတယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က တိတ်ဆိတ်ငြိမ်သက်မှုကို အလွန့်ကိုမြတ်နိုးတယ်။ ဒါကြောင့်မို့ ပါဠိစာပေမှာ ဗုဒ္ဓကိုချီးကျူးတဲ့ စကားလုံးလေးတွေရှိတယ်။ အဲဒါကို ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ သိတဲ့ပုဂ္ဂိုလ်လည်းသိမယ်၊ မသိတဲ့ပုဂ္ဂိုလ်လည်း မသိသေးဘူး။ သို့သော် သိအောင်ပြောရမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကို ချီးမွှမ်းတဲ့စကားလုံးတွေထဲမယ် ဒါက တခြားဘာသာဝင်တွေကပါ ချီးမွှမ်းတဲ့စကားလုံး။ မြတ်စွာဘုရားကို ချီးမွှမ်းတဲ့အခါမှာ “အသံတိတ်ဆိတ်မှုကို လိုလားတယ်” တဲ့။ မြတ်စွာဘုရားဟာ အသံတိတ်ဆိတ်မှုကို လိုလားတယ်ဆိုတာ တခြားဘာသာဝင်တွေကပါ သိတယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားကို ခပ်လှမ်းလှမ်းက မြင်လိုက်တာနှင့်ပဲ စကား ကျယ်လောင်ကျယ်လောင်ပြောဆိုမှုတွေကို ထိန်းချုပ်ပြီးတော့ ငြိမ်ငြိမ်လေးနေကြတယ်။ ဒီအကျင့်ဟာ စာပေကျမ်းဂန်ထဲမှာ မကြာခဏ ထိုထိုသုတ္တန်တွေထဲမှာ တွေ့ရတယ်။ တခါ မြတ်စွာဘုရားဟာ တပည့်သာဝကတွေကို တိတ်ဆိတ်ငြိမ်သက်စွာနေတတ်ဖို့ ဆုံးမသွန်သင်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ တိတ်ဆိတ်ငြိမ်သက်မှုရဲ့  ဂုဏ်ကျေးဇူး ချီးမွှမ်းစကားကို ပြောကြားတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ တခြားဘာသာဝင်တွေကပါ ချီးမွှမ်းထောမနာမှုပြုကြတယ်။

အဲဒီတော့ ဒါတွေဟာ ဘုရားရဲ့ အကြိုက်ပြောရမယ်ဆိုလို့ရှိရင် တိတ်ဆိတ်ငြိမ်သက်မှု၊ အသံတိုးတိတ်မှုဟာ အင်မတန်မှ အရေးကြီးတယ်လို့။ အခုလို တရားပွဲတွေ ကျင်းပနေတဲ့အခါမှာ ဆူညံတဲ့အသံတွေဟာ ဘယ်လိုမှ တရားဟောလို့ မဖြစ်နိုင်ဘူး။ နာတဲ့ပုဂ္ဂိုလ်ကလည်း နားထဲမှာ နှစ်သံဝင်နေသည့်အတွက်ကြောင့် သမာဓိမရနိုင်ဘူး။ ဟောတဲ့ပုဂ္ဂိုလ်အနေနှင့်ကလည်း သမာဓိမရနိုင်ဘူး။ မရနိုင်သည့်အတွက်ကြောင့် တရားထူးတရားမြတ်ရဖို့ဆိုတာ ဝေးလေစွပဲ။ တရားထူးတရားမြတ်ရဖို့ မပြောနှင့်။ ဟောတဲ့တရားမှတ်မိဖို့တောင်မှ ခဲယဉ်းတယ်နော်။

အဲဒီတော့ ဘုရားတရားတော်ဆိုတာ Profound Dhamma လို့ဆိုသည့်အတိုင်း အလွန်လေးနက်တယ်။ ဂမ္ဘီရ - နက်နဲတယ်။ နက်နဲတယ်ဆိုတဲ့တရားကို မြတ်စွာဘုရားကဟောတိုင်း ဟောတိုင်း တပည့်သာဝကတွေကို ဘယ်လိုသတိပေးသလဲဆိုရင် နားစိုက်ထောင်ကြပါ။ စိတ်ထဲမှာ နှလုံးသွင်းထားကြပါလို့။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားရဲ့  အဆုံးအမတစ်ခု ပြည့်ပြည့်၀၀နှင့် ရင်ထဲနှလုံးထဲ ရောက်ဖို့ဆိုတာဟာ အင်မတန်ကောင်းကောင်း နှလုံးသွင်းမှုပေါ်မှာမူတည်တယ်။ ကောင်းကောင်းနှလုံးသွင်းနိုင်မှ မြတ်စွာဘုရားတရားတော်ဟာ ရင်ထဲရောက်မယ်။ အသိဉာဏ်ထဲကို ရောက်လာနိုင်မယ်။ နို့မဟုတ်လို့ရှိရင်တော့ မြတ်စွာဘုရားတရားတော်ဟာ ရင်ထဲနှလုံးထဲရောက်လာဖို့ အင်မတန်မှ ခဲယဉ်းတယ်။

ဒါက သီချင်းဆိုတာလည်း မဟုတ်ဘူး။ Stage Show ပြတာလည်း မဟုတ်ဘူး။ အဲဒီတော့ ဘုရားတရားတော်ဆိုတာ အလွန် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုး ရွေးချယ်သင့်တယ်။ တိတ်ဆိတ်ငြိမ်သက်စွာ နာယူသင့်တယ်။ ဓမ္မဂါရ၀ဆိုတာနှင့် ပတ်သက်ပြီး ပြောတဲ့နေရာမှာ တရားဟောတဲ့နေရာမှာ တိုးတိုးတိုးတိုး စကားပြောခြင်းဟာ တရားကို မလေးစားရာရောက်တယ်လို့ စာပေကျမ်းဂန်မှာ ဒီလိုဆိုတယ်။ ဒါကြောင့်မို့လို့ ဘုရားရဲ့  တပည့်သား သာဝကတွေဟာ အင်မတန်မှ ယဉ်ကျေးသိမ်မွေ့တဲ့ ဓမ္မဂါရ၀ - တရားတော်ကို လေးစားစွာ နာယူမှတ်သားကြရတယ်။

ဒါကပညာရပ်တစ်ခုကို နာယူနေတာ။ တရားနာတယ်ဆိုတာ တကယ်ကတော့ အပျော်နာတာ မဟုတ်ဘူး။ ဘ၀သံသရာမှာ တို့တတွေ ဘယ်လို အဖြေမှန်ထုတ်နိုင်မလဲ။ ဘ၀ရဲ့  အကြောင်းကို ဘယ်လိုသိအောင်လုပ်ရမလဲ။ဘ၀မှာ ပျော်စရာဆိုတာ ဘာရှိသလဲ။ ထိုဘ၀ကြီးရဲ့  အပြစ်အနာအဆာဆိုတာ ဘာရှိသလဲ။ ဘ၀ကြီးက ထွက်မြောက်ဖို့ လမ်းကြောင်းရော ရှိရဲ့ လား ဆိုတာတွေ အသေးစိတ်နားလည်အောင် တရားဓမ္မကို နာယူကြရတာဖြစ်တယ်။ အဲဒီလို နာယူနိုင်မှ ဘ၀ရဲ့  သာယာမှုဆိုတာလည်း တွေ့အောင်ရှာနိုင်တယ်။ သာယာမှုတင်ရှိသလားဆိုတော့ မဟုတ်ဘူး။ ဘ၀မှာ အပြစ်အနာအဆာတွေ မြောက်မြားစွာရှိတယ်။ အဲဒီအပြစ်အနာအဆာတွေမြောက်မြားစွာရှိတဲ့ ဘ၀ကြီးက လွတ်ချင်တယ်ဆိုရင်ကော ထွက်ပေါက်ရှိရဲ့ လားဆိုတော့ ထွက်ပေါက်ကိုပြတယ်။

အဲဒီလို ဘ၀နှင့်ပတ်သက်တဲ့ ရှုမြင်သုံးသပ်မှု၊ ရှုထောင့်သုံးခုကနေ မြတ်စွာဘုရားက သုံးသပ်ဆင်ခြင်ပြီးတော့ ပြထားတယ်။ ဒီတော့ အဲဒီလောက် လေးနက်တဲ့တရား၊ နက်နဲတယ်၊ မြင်ဖို့အင်မတန်ခက်တယ်၊ တရားဟာ အင်မတန်မှ သိမ်မွေ့တယ်။ သိမ်မွေ့တဲ့အရာ၊ သေးငယ်တဲ့အရာဆိုတာ အားကုန်စိုက်မှ မြင်နိုင်မယ်၊ သိနိုင်မယ်ပေါ့။ သာမန်ပုဂ္ဂိုလ်တွေ နားမလည်နိုင်ဘူး။ ပညာရှိတဲ့ ပုဂ္ဂိုလ်သာ နားလည်နိုင်တယ်လို့ မြတ်စွာဘုရားကိုယ်တိုင်က အကြိမ်ကြိမ်ထုတ်ဖော်ပြောရတဲ့ ဒီတရားမျိုးဟာ အင်မတန်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမျိုးမှာနာရမှသာ။

ဒါကြောင့်မို့လို့ လောကမှာ တိတ်ဆိတ်ငြိမ်သက်မှုကို အမြတ်နိုးဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲဆိုရင် မြတ်စွာဘုရားပဲဖြစ်တယ်။ ဘာ့ကြောင့် ဒီစကားကို ပြောရတာလဲ ဆိုလို့ရှိရင် တုံဏှိဘာဝ ဆိုတဲ့ စကားလုံးလေးရှိတယ်။ တုံဏှိ ဆိုတာ စကားမပြောဘူးဆိုတဲ့ အဓိပ္ပါယ်။ စကားဟာ လိုအပ်တဲ့အခါမှာ ပြောတယ်။ အသံထွက်အောင် မလုပ်ဘူး။

မြတ်စွာဘုရားကို တစ်စုံတစ်ယောက်က ဆွမ်းပင့်တာမှာဖြစ်စေ၊ တခြားကိစ္စအရ ပင့်ဖိတ်တာပဲဖြစ်စေ မြတ်စွာဘုရားက လက်ခံတယ်ဆိုလို့ရှိရင် နှုတ်ကနေပြီးတော့ အေး...လာခဲ့မယ်လို့ ဘယ်တော့မှ မပြောဘူးနော်။ တိတ်ဆိတ်ငြိမ်သက်စွာ နေပြခြင်းဖြင့် လက်ခံတယ်။ သံဃာတွေကိုလည်း ဒီစနစ်ပေးထားတယ်။ ၀ိနည်းကိစ္စဆောင်ရွက်တဲ့အခါမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က သဘောတူ၊ မတူ မေးမြန်းတဲ့အခါမှာ နှုတ်ကနေ ထုတ်ပြောနေစရာမလိုဘူး။ ရဟန်းခံတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ တခြားသံဃာ့ကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ် သံဃာပရိတ်သတ်ဟာ တိတ်ဆိတ်ငြိမ်သက်နေရမယ်။ ဒါကြောင့်မို့လို့ စကတည်းက အရှင်ဘုရားတို့၊ သံဃာဟာ တပည့်တော်ပြောတာ နားစိုက်ထောင်ပါ။ နားထောင်တယ်ဆိုတာ ဆူညံနေလို့ရှိရင် ဘယ်လိုလုပ် နားထောင်မတုန်း။

(ဆက်ရန်)
 

No comments:

Post a Comment