Sunday, March 22, 2015

တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူ -




ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္̔ဒမာလာဘိဝံသ

အပိုင်း (၁)

တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူလို့ ဆိုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်မှုကို လောကမှာ မြတ်နိုးတဲ့သူဟာ ဘယ်သူလဲဆိုရင် ဗုဒ္ဓအရှင်မြတ်ဘုရားပဲဖြစ်တယ်။ မြတ်စွာဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက်မှုကို အလွန်မြတ်နိုးတော်မူတယ်။ လောကသားတွေက ဆူညံတာကို နှစ်သက်ကြတယ်။ ဒါကြောင့်မို့လို့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာ အလွန်ရှားပါးတဲ့ နေရာတစ်ခုဖြစ်တယ်။

ဗုဒ္ဓကို ကိုးကွယ်မြတ်နိုးတဲ့ ဗုဒ္ဓဘာသာနိုင်ငံလို့ ပြောကြတဲ့ မြန်မာနိုင်ငံမှာ ဆူညံမှုက အလွန်များတယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဥရောပကနိုင်ငံတွေတို့၊ အမေရိကန်နိုင်ငံတို့၊ ရောက်ဖူးတဲ့သူတွေ သိပါလိမ့်မယ်။ ဘယ်နေရာသွားသွား တိတ်ဆိတ်ငြိမ်သက်နေတာပဲ။ အိမ်ထဲမှာဆိုရင် လူရှိတယ်လို့တောင် မထင်ရဘူး။ Supermarket တွေထဲ ၀င်သွားရင်လည်း လူရှိတယ်လို့တောင် မထင်ရဘူး။ အင်မတန်မှ ငြိမ်သက်ကြတယ်။ ရုံးပြင်ကနားတွေမှာလည်း အင်မတန်မှ ငြိမ်သက်တယ်။ ဆူဆူညံညံစကားပြောနေတာ မရှိသလောက်ကို အံ့သြဖွယ်ရာ တွေ့ရတယ်။

သို့သော် ဗုဒ္ဓဘာသာလို့ အမည်ခံတဲ့ မြန်မာနိုင်ငံမှာ တိတ်ဆိတ်တဲ့နေရာဆိုတာ အလွန့်ကိုရှားတယ်။ ဒါလည်း ဆင်ခြင်စဉ်းစားစရာ အင်မတန်မှကောင်းတယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က တိတ်ဆိတ်ငြိမ်သက်မှုကို အလွန့်ကိုမြတ်နိုးတယ်။ ဒါကြောင့်မို့ ပါဠိစာပေမှာ ဗုဒ္ဓကိုချီးကျူးတဲ့ စကားလုံးလေးတွေရှိတယ်။ အဲဒါကို ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ သိတဲ့ပုဂ္ဂိုလ်လည်းသိမယ်၊ မသိတဲ့ပုဂ္ဂိုလ်လည်း မသိသေးဘူး။ သို့သော် သိအောင်ပြောရမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကို ချီးမွှမ်းတဲ့စကားလုံးတွေထဲမယ် ဒါက တခြားဘာသာဝင်တွေကပါ ချီးမွှမ်းတဲ့စကားလုံး။ မြတ်စွာဘုရားကို ချီးမွှမ်းတဲ့အခါမှာ “အသံတိတ်ဆိတ်မှုကို လိုလားတယ်” တဲ့။ မြတ်စွာဘုရားဟာ အသံတိတ်ဆိတ်မှုကို လိုလားတယ်ဆိုတာ တခြားဘာသာဝင်တွေကပါ သိတယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားကို ခပ်လှမ်းလှမ်းက မြင်လိုက်တာနှင့်ပဲ စကား ကျယ်လောင်ကျယ်လောင်ပြောဆိုမှုတွေကို ထိန်းချုပ်ပြီးတော့ ငြိမ်ငြိမ်လေးနေကြတယ်။ ဒီအကျင့်ဟာ စာပေကျမ်းဂန်ထဲမှာ မကြာခဏ ထိုထိုသုတ္တန်တွေထဲမှာ တွေ့ရတယ်။ တခါ မြတ်စွာဘုရားဟာ တပည့်သာဝကတွေကို တိတ်ဆိတ်ငြိမ်သက်စွာနေတတ်ဖို့ ဆုံးမသွန်သင်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ တိတ်ဆိတ်ငြိမ်သက်မှုရဲ့  ဂုဏ်ကျေးဇူး ချီးမွှမ်းစကားကို ပြောကြားတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ တခြားဘာသာဝင်တွေကပါ ချီးမွှမ်းထောမနာမှုပြုကြတယ်။

အဲဒီတော့ ဒါတွေဟာ ဘုရားရဲ့ အကြိုက်ပြောရမယ်ဆိုလို့ရှိရင် တိတ်ဆိတ်ငြိမ်သက်မှု၊ အသံတိုးတိတ်မှုဟာ အင်မတန်မှ အရေးကြီးတယ်လို့။ အခုလို တရားပွဲတွေ ကျင်းပနေတဲ့အခါမှာ ဆူညံတဲ့အသံတွေဟာ ဘယ်လိုမှ တရားဟောလို့ မဖြစ်နိုင်ဘူး။ နာတဲ့ပုဂ္ဂိုလ်ကလည်း နားထဲမှာ နှစ်သံဝင်နေသည့်အတွက်ကြောင့် သမာဓိမရနိုင်ဘူး။ ဟောတဲ့ပုဂ္ဂိုလ်အနေနှင့်ကလည်း သမာဓိမရနိုင်ဘူး။ မရနိုင်သည့်အတွက်ကြောင့် တရားထူးတရားမြတ်ရဖို့ဆိုတာ ဝေးလေစွပဲ။ တရားထူးတရားမြတ်ရဖို့ မပြောနှင့်။ ဟောတဲ့တရားမှတ်မိဖို့တောင်မှ ခဲယဉ်းတယ်နော်။

အဲဒီတော့ ဘုရားတရားတော်ဆိုတာ Profound Dhamma လို့ဆိုသည့်အတိုင်း အလွန်လေးနက်တယ်။ ဂမ္ဘီရ - နက်နဲတယ်။ နက်နဲတယ်ဆိုတဲ့တရားကို မြတ်စွာဘုရားကဟောတိုင်း ဟောတိုင်း တပည့်သာဝကတွေကို ဘယ်လိုသတိပေးသလဲဆိုရင် နားစိုက်ထောင်ကြပါ။ စိတ်ထဲမှာ နှလုံးသွင်းထားကြပါလို့။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားရဲ့  အဆုံးအမတစ်ခု ပြည့်ပြည့်၀၀နှင့် ရင်ထဲနှလုံးထဲ ရောက်ဖို့ဆိုတာဟာ အင်မတန်ကောင်းကောင်း နှလုံးသွင်းမှုပေါ်မှာမူတည်တယ်။ ကောင်းကောင်းနှလုံးသွင်းနိုင်မှ မြတ်စွာဘုရားတရားတော်ဟာ ရင်ထဲရောက်မယ်။ အသိဉာဏ်ထဲကို ရောက်လာနိုင်မယ်။ နို့မဟုတ်လို့ရှိရင်တော့ မြတ်စွာဘုရားတရားတော်ဟာ ရင်ထဲနှလုံးထဲရောက်လာဖို့ အင်မတန်မှ ခဲယဉ်းတယ်။

ဒါက သီချင်းဆိုတာလည်း မဟုတ်ဘူး။ Stage Show ပြတာလည်း မဟုတ်ဘူး။ အဲဒီတော့ ဘုရားတရားတော်ဆိုတာ အလွန် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုး ရွေးချယ်သင့်တယ်။ တိတ်ဆိတ်ငြိမ်သက်စွာ နာယူသင့်တယ်။ ဓမ္မဂါရ၀ဆိုတာနှင့် ပတ်သက်ပြီး ပြောတဲ့နေရာမှာ တရားဟောတဲ့နေရာမှာ တိုးတိုးတိုးတိုး စကားပြောခြင်းဟာ တရားကို မလေးစားရာရောက်တယ်လို့ စာပေကျမ်းဂန်မှာ ဒီလိုဆိုတယ်။ ဒါကြောင့်မို့လို့ ဘုရားရဲ့  တပည့်သား သာဝကတွေဟာ အင်မတန်မှ ယဉ်ကျေးသိမ်မွေ့တဲ့ ဓမ္မဂါရ၀ - တရားတော်ကို လေးစားစွာ နာယူမှတ်သားကြရတယ်။

ဒါကပညာရပ်တစ်ခုကို နာယူနေတာ။ တရားနာတယ်ဆိုတာ တကယ်ကတော့ အပျော်နာတာ မဟုတ်ဘူး။ ဘ၀သံသရာမှာ တို့တတွေ ဘယ်လို အဖြေမှန်ထုတ်နိုင်မလဲ။ ဘ၀ရဲ့  အကြောင်းကို ဘယ်လိုသိအောင်လုပ်ရမလဲ။ဘ၀မှာ ပျော်စရာဆိုတာ ဘာရှိသလဲ။ ထိုဘ၀ကြီးရဲ့  အပြစ်အနာအဆာဆိုတာ ဘာရှိသလဲ။ ဘ၀ကြီးက ထွက်မြောက်ဖို့ လမ်းကြောင်းရော ရှိရဲ့ လား ဆိုတာတွေ အသေးစိတ်နားလည်အောင် တရားဓမ္မကို နာယူကြရတာဖြစ်တယ်။ အဲဒီလို နာယူနိုင်မှ ဘ၀ရဲ့  သာယာမှုဆိုတာလည်း တွေ့အောင်ရှာနိုင်တယ်။ သာယာမှုတင်ရှိသလားဆိုတော့ မဟုတ်ဘူး။ ဘ၀မှာ အပြစ်အနာအဆာတွေ မြောက်မြားစွာရှိတယ်။ အဲဒီအပြစ်အနာအဆာတွေမြောက်မြားစွာရှိတဲ့ ဘ၀ကြီးက လွတ်ချင်တယ်ဆိုရင်ကော ထွက်ပေါက်ရှိရဲ့ လားဆိုတော့ ထွက်ပေါက်ကိုပြတယ်။

အဲဒီလို ဘ၀နှင့်ပတ်သက်တဲ့ ရှုမြင်သုံးသပ်မှု၊ ရှုထောင့်သုံးခုကနေ မြတ်စွာဘုရားက သုံးသပ်ဆင်ခြင်ပြီးတော့ ပြထားတယ်။ ဒီတော့ အဲဒီလောက် လေးနက်တဲ့တရား၊ နက်နဲတယ်၊ မြင်ဖို့အင်မတန်ခက်တယ်၊ တရားဟာ အင်မတန်မှ သိမ်မွေ့တယ်။ သိမ်မွေ့တဲ့အရာ၊ သေးငယ်တဲ့အရာဆိုတာ အားကုန်စိုက်မှ မြင်နိုင်မယ်၊ သိနိုင်မယ်ပေါ့။ သာမန်ပုဂ္ဂိုလ်တွေ နားမလည်နိုင်ဘူး။ ပညာရှိတဲ့ ပုဂ္ဂိုလ်သာ နားလည်နိုင်တယ်လို့ မြတ်စွာဘုရားကိုယ်တိုင်က အကြိမ်ကြိမ်ထုတ်ဖော်ပြောရတဲ့ ဒီတရားမျိုးဟာ အင်မတန်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမျိုးမှာနာရမှသာ။

ဒါကြောင့်မို့လို့ လောကမှာ တိတ်ဆိတ်ငြိမ်သက်မှုကို အမြတ်နိုးဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲဆိုရင် မြတ်စွာဘုရားပဲဖြစ်တယ်။ ဘာ့ကြောင့် ဒီစကားကို ပြောရတာလဲ ဆိုလို့ရှိရင် တုံဏှိဘာဝ ဆိုတဲ့ စကားလုံးလေးရှိတယ်။ တုံဏှိ ဆိုတာ စကားမပြောဘူးဆိုတဲ့ အဓိပ္ပါယ်။ စကားဟာ လိုအပ်တဲ့အခါမှာ ပြောတယ်။ အသံထွက်အောင် မလုပ်ဘူး။

မြတ်စွာဘုရားကို တစ်စုံတစ်ယောက်က ဆွမ်းပင့်တာမှာဖြစ်စေ၊ တခြားကိစ္စအရ ပင့်ဖိတ်တာပဲဖြစ်စေ မြတ်စွာဘုရားက လက်ခံတယ်ဆိုလို့ရှိရင် နှုတ်ကနေပြီးတော့ အေး...လာခဲ့မယ်လို့ ဘယ်တော့မှ မပြောဘူးနော်။ တိတ်ဆိတ်ငြိမ်သက်စွာ နေပြခြင်းဖြင့် လက်ခံတယ်။ သံဃာတွေကိုလည်း ဒီစနစ်ပေးထားတယ်။ ၀ိနည်းကိစ္စဆောင်ရွက်တဲ့အခါမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က သဘောတူ၊ မတူ မေးမြန်းတဲ့အခါမှာ နှုတ်ကနေ ထုတ်ပြောနေစရာမလိုဘူး။ ရဟန်းခံတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ တခြားသံဃာ့ကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ် သံဃာပရိတ်သတ်ဟာ တိတ်ဆိတ်ငြိမ်သက်နေရမယ်။ ဒါကြောင့်မို့လို့ စကတည်းက အရှင်ဘုရားတို့၊ သံဃာဟာ တပည့်တော်ပြောတာ နားစိုက်ထောင်ပါ။ နားထောင်တယ်ဆိုတာ ဆူညံနေလို့ရှိရင် ဘယ်လိုလုပ် နားထောင်မတုန်း။

(ဆက်ရန်)
 
ဆက်လက်ဖတ်ရှုရန်

Saturday, March 21, 2015

ကျောခိုင်းသွားဖို့ အချိန်ရောက်လာရင်.....






ဘုရားရှင်လက်ထက်က ဘုရားရှင်ကို သူတို့သားအရင်းတစ်ယောက်လိုသဘောထားပြီး သိပ်ချစ်ကြတဲ့ နကုလပိတာသူကြွယ်လင်မယားနှစ်ယောက်အကြောင်းကို ပိဋကတ်စာပေလေ့လာဖူးကြတဲ့သူတွေဆို ရင်းရင်းနှီးနှီးကို သိကြမှာပါ။ ဒီသူကြွယ်ကြီးအတွက် ရည်ရွယ်ပြီး ဘုရားရှင်ဟောခဲ့တဲ့ “ကိုယ်သာနာပါစေ၊ စိတ်မနာပါစေနဲ့” ဆိုတဲ့ တရားဆိုရင် ၀ိပဿနာတရားအားထုတ်နေကြတဲ့ ယောဂီတွေ အကြိမ်ပေါင်းများစွာ၊ ထပ်ခါထပ်ခါ ကြားဖူး၊ နာဖူး၊ ဖတ်ဖူးပြီးသား တရားတစ်ပုဒ်လို့ ပြောမယ်ဆိုရင်မလွဲနိုင်ပါဘူး။

ဒီသူကြွယ်လင်မယားကို အကြောင်းပြုပြီး မြတ်စွာဘုရားရှင်ဟောခဲ့တဲ့ သုတ်တော်တွေထဲက အိမ်ထောင်ရှင်လင်မယားတွေရဲ့ ကြားမှာ အတုယူအားကျပြီး ကြိုးစားပြုလုပ်သင့်တဲ့ အချက်တွေပါတဲ့၊ လူအများကြား သိပ်ကြားဖူးနေကြမဟုတ်တဲ့ သုတ်တော်တစ်ခုကို အိမ်ထောင်သည်ဓမ္မမိတ်ဆွေတွေအတွက် ဝေမျှပြောပြချင်ပါတယ်။ သိပြီးသား မိတ်ဆွေများကတော့ နာဖူးထပ်မံဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကိုယ့်ရဲ့  ဇနီးခင်ပွန်းသည်လုပ်သူဟာ တစ်ချိန်ချိန်မှာ အနာရောဂါနှိပ်စက်လာလို့ လူ့လောကကို ကျောခိုင်းစွန့်ခွာ ထွက်သွားရတော့မယ့် အချိန်တစ်ခုဟာ အိမ်ထောင်သည်တိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မဖြစ်မနေရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဘေးနားကပြုစုပေးနေတဲ့ ဇနီးခင်ပွန်းသည်ဟာ အဲဒီအချိန်မျိုးမှာ ပရိဒေ၀သောကမီးတွေ တောက်လောင်နေတတ်ကြပြီး မကြာမီအားလုံးကို စွန့်ခွာသွားတော့မယ့် ချစ်ခင်သူအတွက် အသိဉာဏ်နှင့်ယှဉ်တဲ့ လိုအပ်တဲ့ပြင်ဆင်တည့်မတ်ပေးမှုမျိုးကို လုပ်မပေးလိုက်နိုင်ကြတာများပါတယ်။ တချို့ အဆင်ခြင်ဉာဏ်နည်းကြတဲ့ လူမမာ ပြုစုပေးကြတဲ့ သူတွေကြောင့်တောင် သွားလေသူမှာ ပစ္စည်းသံယောဇဉ်၊ မိသားစုသံယောဇဉ်တွေနှင့်ငြိပြီး ဘ၀ကူးမကောင်းဖြစ်ကြရတဲ့ သာဓကတွေလည်း အများကြီး ပါပဲ။

အခုသုတ်တော်မှာလည်း တစ်ချိန်တော့ နကုလပိတာသူကြွယ်ကြီးဟာ အကြီးအကျယ်နာမကျန်းဖြစ်ပါတော့တယ်။ ဒီအခါမှာ လူမမာယောကျာ်းကို ပြုစုပေးနေတဲ့ ဇနီးဖြစ်သူ သူကြွယ်မဟာ သူ့ယောကျာ်းရဲ့  ဘေးကနေ ပြောပေးခဲ့တဲ့ အားပေးစကားလေးတွေကို ကျွန်တော်တို့ လေ့လာ အတုယူမှတ်သားကြည့်ရအောင်ပါ။

သူကြွယ်မက သူ့ယောကျာ်းလူမမာကို ဘယ်လိုတွေ ပြောပေးလဲဆိုတော့....

“ယောကျာ်းရေ...။ မိန်းမကို ငဲ့ကွက်ပြီးတော့ မသေလိုက်ပါနဲ့။ အဲဒီလို ငဲ့ကွက်ပြီး သေရတာမျိုးဟာ မကောင်းပါဘူး။ ဘုရားရှင်ကလည်း ဒီလိုသေခြင်းမျိုးကို ကဲ့ရဲ့ ပါတယ် ယောကျာ်းရေ။”

“ယောကျာ်းရေ...။ ငါတကယ်လို့ သေရင် ငါ့မိန်းမတော့ သားတွေ၊ သမီးတွေနှင့် အိမ်ထောင်စီးပွားကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး လို့လည်း စိတ်ထဲမှာ တွေးပူမနေပါနဲ့။ ကျွန်မ ဗိုင်းငင်ချည်ရက်တဲ့အလုပ်ကို တတ်ကျွမ်းပါတယ်။ ဒီအလုပ်နှင့် သားတွေ၊ သမီးတွေကို ကောင်းကောင်း လုပ်ကျွေးစောင့်ရှောက်နိုင်ပါတယ်။ ဒါကြောင့် မိသားစုကို ငဲ့ကွက်တဲ့စိတ်နှင့်လည်း မသေလိုက်ပါနဲ့။ အဲဒီလိုသေရတာ မကောင်းပါဘူး။ ဘုရားရှင်လည်း မချီးမွှမ်းပါဘူး။”

“ယောကျာ်းရေ...။ ငါသေခဲ့ရင် ငါ့မိန်းမတော့ နောက်အိမ်ထောင်ပြုလိမ့်မယ်ထင်တယ် လို့လည်း စိတ်ပူမနေပါနဲ့။ ဗြဟ္မာ့စရိယအကျင့်ကို ကျင့်သုံးလာတာ အခုဆို တစ်ဆယ့်ခြောက်နှစ် ရှိလာပြီဆိုတာ ရှင်လည်းသိပါတယ်။ ကျွန်မလည်း သိပါတယ်။ နောက်အိမ်ထောင်ပြုမှာကို စိုးရိမ်တဲ့စိတ်နှင့်လည်း မသေပါနဲ့။ အဲဒီလိုသေရတာ မကောင်းပါဘူး။ ဘုရားရှင်လည်း မနှစ်သက်ပါဘူး။”

“ယောကျာ်းရေ...။ ငါသေပြီးတဲ့နောက် မိန်းမတော့ ဘုရားရှင်နှင့် သံဃာတော်တွေဆီ ဆည်းကပ်ပူဇော်တော့မှာ မဟုတ်ဘူး လို့လည်း တွေးမပူပါနဲ့။ တကယ်လို့ ရှင်မရှိတော့ရင် အချိန်တောင်ပိုရသွားတာမို့ မြတ်စွာဘုရားရှင်နှင့် သံဃာတော်တွေဆီကို အရင်ကထက်တောင် ပိုပြီး ဆည်းကပ်ပူဇော်လုပ်ကျွေးနိုင်အုံးမှာပါ။ ဒါကြောင့် ဒီကိစ္စကိုလည်း တွေးပူပြီး မသေလိုက်ပါနဲ့။ အဲဒီစိတ်နှင့် သေရတာ ဆင်းရဲလှပါတယ်။ ဘုရားရှင်လည်း ကဲ့ရဲ့ တော်မူပါလိမ့်မယ်။

“ယောကျာ်းရေ....။ တကယ်လို့ ငါသေသွားရင် မိန်းမတော့ သီလတွေကို လုံခြုံအောင်စောင့်ထိန်းတော့မှာ မဟုတ်ဘူးလို့လည်း တွေးမပူလိုက်ပါနဲ့။ သီလကို ဖြည့်ကျင့်စောင့်တည်တဲ့ ဘုရားရှင်ရဲ့  လူဝတ်ကြောင် တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။ မယုံရင် ဘုရားရှင်ကို မေးလျှောက်ကြည့်လို့ရပါတယ်။ ဒါကြောင့် ဒီကိစ္စကို အကြောင်းပြုပြီး တွေးပူပြီး မသေလိုက်ပါနဲ့။ ဒီလိုသေရတာ ဆင်းရဲသလို ဘုရားရှင်လည်း ကဲ့ရဲ့ ပါလိမ့်မယ်။”

”ယောကျာ်းရေ....။ စိတ်ထဲမှာ မိန်းမကတော့ အတွင်းစိတ်နှလုံးငြိမ်းချမ်းအောင် သမထဘာဝနာတစ်ခုခုစီးဖြန်းပြီး နေနိုင်သူ မဟုတ်သေးဘူးလို့လည်း မတွေးလိုက်ပါနဲ့။ အတွင်းစိတ်နှလုံးငြိမ်းချမ်းအောင် သမထဘာဝနာစီးဖြန်းပြီး နေနိုင်တဲ့ ဘုရားရှင်ရဲ့  တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ မယုံဘူးဆိုရင် ဘုရားရှင်ကိုသာ မေးလျှောက်ကြည့်ပါ။ ဒီကိစ္စကို တွေးပူပြီးတော့လည်း မသေလိုက်ပါနဲ့။ ဒီလိုသေရခြင်းဟာ ဆင်းရဲပါတယ်။ ဘုရားရှင်လည်း ချီးမွှမ်းတော် မမူပါဘူး။”

“ယောကျာ်းရေ...။ ငါ့မိန်းမကတော့ ဘုရားရှင်ရဲ့  သာသနာတော်မှာ သို့လော သို့လော သံသယတွေ မကင်းသေးတဲ့၊ အယူအမြင် မစင်ကြယ်သေးတဲ့၊ မြတ်စွာဘုရားရှင်မှတစ်ပါး တခြားအားကိုးရာ ရှိနိုင်သေးတယ်လို့ ထင်တတ်တဲ့သူမျိုးပဲ ဖြစ်နေလိမ့်အုံးမယ်လို့လည်း မထင်လိုက်ပါနဲ့။ မြတ်စွာဘုရားရှင်ရဲ့  သာသနာတော်မှာ ထောက်တည်ရာရပြီးဖြစ်တဲ့ လူဝတ်ကြောင်တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ တကယ်လို့ မယုံကြည်ရင် မြတ်စွာဘုရားရှင်ကို မေးလျှောက်ကြည့်နိုင်ပါတယ်။ ဒီကိစ္စကြောင့်လည်း စိတ်မဖြောင့်ပဲ မသေလိုက်ပါနဲ့။ ဒီလိုသေရတာမျိုးဟာ ဆင်းရဲပါတယ်။ ဘုရားရှင်လည်း ကဲ့ရဲ့ တော်မူပါလိမ့်မယ်။”

ဒီလိုမျိုးစကားတွေကို လူမမာ သူကြွယ်ယောကျာ်းရဲ့  ဘေးကနေပြုစုလုပ်ကျွေးရင်း မိန်းမလုပ်တဲ့သူက ပြောပေးလိုက်တော့ ယောကျာ်းလုပ်သူခမျာ စိတ်နှလုံးငြိမ်းအေးသက်သာရာရသွားပြီး ခံစားနေရတဲ့ အနာရောဂါတွေဟာလည်း ခဏချင်းပဲ သက်သာသွားခဲ့ပါတယ်။

ဒီအကြောင်းကို ပြန်ကြားသိရတဲ့ မြတ်စွာဘုရားရှင်ကလည်း နကုလပိတာသူကြွယ်ကို “ဒီလို ဇနီးမယားမျိုးကို ရထားတဲ့ ဒကာကြီးဟာ အရတော်လိုက်တာ၊ လူဖြစ်ရကျိုးနပ်လိုက်တာ” လို့ ချီးမွှမ်းစကား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီနေရာမှာ မကျန်းမမာဖြစ်နေတဲ့ နကုလပိတာသူကြွယ်ဟာ သေချိန်မကျသေးလို့ အနာရောဂါတွေ သက်သာပျောက်ကင်းပြီး ပြန်လည်နလန်ထလို့ ချမ်းသာရာရသွားခဲ့တယ်လို့ ဆိုစေအုံး။ တကယ်သေရတော့မယ့် လူမမာတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်လည်း အခုလိုသတိပေးစကားမျိုးတွေသာ ကြားခွင့်ရမယ်ဆိုရင် ဘယ်လောက် စိတ်တင်းကျပ်နေတာတွေ၊ စိုးရိမ်ထိတ်လန့်နေရတာတွေ လျှော့ကျသွားမလဲဆိုတာ စဉ်းစားကြည့်လို့ရနိုင်ပါတယ်။ တရားနှလုံးသွင်းဖို့ မေ့နေတဲ့ လူမမာတောင်မှ ကိုယ့်ဇနီးခင်ပွန်းရဲ့  ဒီလို သတိပေးစကားမျိုးကို ကြားရရင် တရားအားရုံဘက်ကို စိတ်က ညွှတ်သွားစေနိုင်တဲ့ ခွန်အားကိုဖြစ်စေတဲ့ အနေအထားမျိုးပါပဲ။

ကျွန်တော်တို့အားလုံးဟာ ကိုယ်ချစ်တဲ့ သူတွေနှင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ နောက်ဆုံး သေကွဲကွဲရမှာက ရှောင်လွှဲလို့မရတဲ့ အမှန်တရားတစ်ခုပါ။ ဒါကို ခေါင်းအေးအေးထားလက်ခံနိုင်ဖို့နှင့် ရောက်လာမယ့် အဲဒီအချိန်အတွက် ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ၊ ကိုယ့်ကိုယ်ကို ဘာတွေ ကြိုတင်ပြင်ဆင်ထားကြမလဲဆိုတာကို အခုကတည်းက စနစ်တကျကြိုတင်လေ့ကျင့်ထားသင့်ကြပါတယ်။

ဇနီးကပဲ အရင်စွန့်ခွာစွန့်ခွာ၊ ခင်ပွန်းသည်ကပဲ အရင်စွန့်ခွာစွန့်ခွာ ဘယ်သူကပဲဖြစ်ဖြစ် နောက်ဆုံး ကျောခိုင်းနှုတ်ဆက်ရတော့မယ့်အချိန်မှာ သွားမယ့်သူ စိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်စေဖို့ ကိုယ်ကိုယ်တိုင်က သူစိတ်ဖြောင့်နိုင်မယ့် အခြေအနေ၊ အနေအထားမျိုး ဖြစ်နေအောင် ကြိုးစားထားသင့်ကြပါတယ်။

ဒါမှသာ အခု နကုလမာတာသူကြွယ်မကြီးက သူယောကျာ်းကို ပြောသလို သတိပေးစကားမျိုးတွေ ကိုယ့်ဇနီးခင်ပွန်းလုပ်တဲ့သူကို အားပေးပြောကြားနိုင်ပါလိမ့်မယ်။ မဟုတ်ရင် လူမမာဘေးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ မျက်ရည်တွေ ဒရဟောကျ၊ သူတော့ သေတော့မှာပဲ ဆိုတဲ့ အပူရုပ်ကြီးနှင့် လူမမာကို ကြည့်နေမိရင် အကြည့်ခံရတဲ့သူရဲ့  စိတ်ထဲမှာလည်း ဘယ် အဆင်ပြေနိုင်ပါ့မလဲ။ ဒီလိုနှင့် ဘာကောင်းရာကောင်းကြောင်းမှ နှလုံးမသွင်းနိုင်ပဲ သေကြရတော့ လားရာဂတိလည်း ကောင်းလာနိုင်စရာ အကြောင်းမရှိတော့ဘူးပေါ့။

အခုသုတ်တော်လာ အကြောင်းအချက်တွေကို အတုယူအားကျဆင်ခြင်ပြီး အချိန်မနှောင်းသေးခင် အားလုံး ကိုယ်စီ တစ်ယောက်ကို တစ်ယောက် ရဲရဲရင့်ရင့် အားပေးစကားပြောကြားနိုင်တဲ့ အခြေအနေမျိုးထိ ရောက်အောင် ကိုယ်တိုင် ကြိုးစားအားထုတ်သွားကြပါလို့ ခင်မင်ရတဲ့ မိတ်ဆွေများအားလုံးကို မေတ္တာဖြင့် တိုက်တွန်းသတိပေးရင်း ဓမ္မစကားလက်ဆောင်ပါးလိုက်ရပါတယ်ခင်ဗျာ။

(အဂုင်္တ္တရနိကာယ်၊ ဆက္ကနိပါတ်၊ နကုလပိတုသုတ်တော်မှ ထုတ်နုတ်ရေးသားပူဇော်ပါသည်။)

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၁၊ ၃၊ ၂၀၁၅။ (စနေနေ့)

ဆက်လက်ဖတ်ရှုရန်

Wednesday, March 18, 2015

ပြောလည်း ပြောချင်တယ်။ ပြောလည်း မပြောရဲဘူး။




အခုရက်တွေထဲ Facebook မှာ Hot ဖြစ်နေတဲ့ သတင်းတစ်ခုနှင့်ပတ်သက်ပြီး သူများတွေတင်တဲ့ status တွေ လိုက်ဖတ်ရင်း ကိုယ်တိုင်က လောလောဆယ် Noise Pollution Campaign ကို လုပ်မိနေတော့ ဒါနှင့် စပ်ဆက်ပြီး အတွေးဝင်မိတယ်။

ပြဿနာတက်သွားရတဲ့ ပုံထဲမှာ ဘုရားပုံနှင့်အတူ တခြားစာတွေပါ ရောပါနေတော့ အမှုက ငြင်းဖို့ခက်သွားတဲ့ အနေအထားဖြစ်သွားတယ်။ တကယ်လို့များ ဘုရားခေါင်းတော်မှာ Headphone ချည်း သက်သက်ပဲ တပ်ထားတဲ့ ပုံတော်မျိုးသာဆို ခုခံချေပစရာအကြောင်းတွေ ရှိလာနိုင်တယ်။

တကယ်တော့ မြန်မာပြည်ကလူတွေအများစုစိတ်ထဲမှာ စွဲနေတာက Headphone ဆိုတာ သီချင်းနားထောင်တဲ့အခါ (အခုနောက်ပိုင်းတော့ ဖုန်းပြောတဲ့အခါ) လောက်မှာပဲ တပ်ရတဲ့ ကိရိယာတစ်ခုလို့ မှတ်ယူမိနေကြလို့ပါပဲ။ ဒါကလည်း အားလုံးရဲ့  မျက်စိထဲမှာ လူတွေသီချင်းနားထောင်ရင် Headphone တပ်ပြီး နားထောင်တတ်ကြတာ အမြဲတမ်းလို တွေ့မြင်နေကြ မြင်ကွင်းဖြစ်နေတာကိုး။ ဒါကို အပြစ်မဆိုသာပါဘူး။

မြန်မာအများစုအတွက် Headphone ကို သီချင်းနားထောင်တာအပြင် တခြားနေရာတွေမှာလည်း သုံးတတ်တယ်ဆိုတာကို မြင်တွေ့နေကြမဟုတ်တော့ ထည့်မစဉ်းစားဖြစ်ကြတော့ဘူး။ Headphone အမျိုးအစားတွေက အမျိုးမျိုးရှိပြီး အခြေအနေပေါ်မူတည်ပြီး သုံးရတာတွေရှိပါတယ်။

ပြောရရင် အသံဆူညံတဲ့နေရာတွေမှာ အလုပ်လုပ်ကြရတဲ့သူတွေအတွက် Soundproof Protective Headphones ဆိုတာမျိုးကို မဖြစ်မနေ၀တ်ဆင်ခိုင်းကြရတာတွေရှိပါတယ်။ အထူးသဖြင့် မော်တော်ကားစက်ရုံလိုမျိုး၊ သဘောင်္ကျင်းတွေလိုမျိုး တချိန်လုံး စက်သံတွေ၊ထုရိုက်သံတွေ ဆူညံနေတဲ့စက်မှုလုပ်ငန်းကြီးတွေမှာ အလုပ်လုပ်ကြရတဲ့သူတွေအတွက် ဒီ Headphone က မရှိမဖြစ်လိုအပ်ပါတယ်။ နောက် တစ်ခု အလွယ်တကူ မြင်တွေ့နိုင်တာက လေယာဉ်ကွင်းတွေမှာ အလုပ်လုပ်နေကြတဲ့သူတွေရဲ့  နားမှာ တပ်ထားတာမျိုး လေဆိပ်ကို ရောက်ကြရင် သတိထားမိကြမယ် ထင်ပါတယ်။

ဒီ Headphone အမျိုးအစားက သီချင်းနားထောင်ဖို့အတွက် မဟုတ်ပဲ အသံဆူညံမှုကို ကာကွယ်ဖို့၊ နားကို အန္တရာယ်မဖြစ်အောင်လို့ ဆူညံသံကို လျှော့ချပစ်ဖို့ တပ်ဆင်ကြရတဲ့ ကျန်းမာရေးအတွက် အရမ်းအရေးကြီးတဲ့ ကိရိယာဖြစ်ပါတယ်။ မြန်မာပြည်က အလုပ်သမားတွေအတွက် Safety နှင့် ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုသတ်မှတ်ပေးထားတယ် မသိပေမယ့် ဒီနိုင်ငံမှာတော့ အလုပ်သမားတွေ Soundproof Headphone တပ်ပြီး အလုပ်လုပ်ဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာ မတပ်ပဲ အလုပ်လုပ်နေတာကို စစ်ဆေးရေးဝင်လို့ မိခဲ့ရင် ကုမ္ပဏီအနေနှင့် ပြဿနာအကြီးအကျယ်တက်နိုင်ပါတယ်။

အခုပြဿနာဖြစ်ခဲ့တဲ့ပုံလိုမျိုးကို Noise Pollution Campaign တစ်ခုခုအတွက်သာ သုံးခဲ့မယ်ဆိုရင် အဓိပ္ပါယ်က တစ်မျိုးတမည်သက်ရောက်သွားမှာ ကျိန်းသေပါတယ်။ မြတ်စွာဘုရားရှင်တောင်မှ အသံဆူညံလွန်းလို့ Soundproof Headphone တပ်ပြီး သမာပတ်ချမ်းသာခံစားနေရတယ်ဆိုတာမျိုး တင်စားပုံဖော်လိုက်သလိုဖြစ်သွားမှာပါ။

အခုပြဿနာကို ကျူးလွန်းတဲ့သူတွေ လုပ်တာ မှားတယ်၊ မှန်တယ် ဆိုတာကို မဝေဖန်ချင်တော့ပေမယ့် အပြစ်ပေးမှုအပိုင်းနှင့် လူတွေပေါက်ကွဲနေကြတာတွေကိုတော့ နည်းနည်းလောက် မရဲတရဲ ပြောကြည့်ချင်တယ်။

ဒီပြဿနာရဲ့  ဇစ်မြစ်ကို ပြောပါဆိုရင် သူတို့တွေ ဘာသာရေးနှင့်ပတ်သက်တဲ့ အခြေခံ အသိအမြင်နည်းပါးခဲ့ကြလို့ ဒါမျိုးလုပ်ဖို့ စဉ်းစားကြတာပဲ။ ဒါတွေက ဘယ်သူ့မှာတာဝန်ရှိလဲ။ အဓိကကတော့ သူတို့တွေကို ဘာသာရေးအသိအမြင်ကို ညွှန်ကြားပြသပေးရမယ့် မိဘ၊ ဆရာသမားတွေနှင့် ဘာသာရေးခေါင်းဆောင်တွေ တာဝန်မကျေခဲ့လို့ သူတို့ အခုလိုမျိုး ဖြစ်ကြရတာပဲ။

သူတို့ကို အခုလို ထောင်ချလိုက်တော့ရော သူတို့အသိအမြင်တွေက ပြန်မှန်သွားမှာတဲ့လား။ အခုဆို သူတို့အပြင် သူတို့နှင့်ပတ်သက်တဲ့ မိသားစုဝင်တွေကပါ ဘာသာရေးအပေါ်အဆိုးမြင်သွားကြပြီ။ အရှုံးထဲက ထပ်ရှုံးသွားတာပါပဲ။

တခါတလေ ဗုဒ္ဓဘာသာကို တခြားဘာသာတွေနှင့် ယှဉ်ထိုးစဉ်းစားနေကြတာ လွဲနေသလိုလိုရှိတယ်လို့ တွေးမိတယ်။ ဒါ ဒီနိုင်ငံမှာမို့လို့ပေါ့။ တခြား ဘယ်နိုင်ငံမှာဆိုရင် ဘာဖြစ်သွားပြီ လို့ ပြောနေကြတော့ ကိုယ်တွေရဲ့  ဗုဒ္ဓ၀ါဒအဆုံးအမတွေက တခြားဘာသာအယူဝါဒတွေနှင့် တူညီလို့ ယှဉ်ထိုးပြောနေကြတာလားလို့ မေးကြည့်ချင်တယ်။

ဗုဒ္ဓက သည်းခံခြင်းနှင့် မေတ္တာတရားကို အခြေခံပြီး ပညာအလင်းနှင့် လွတ်မြောက်မှုရဖို့အတွက် အဆင့်ဆင့် စိတ်ကို ပြုစုပျိုးထောင်ဖို့ လမ်းညွှန်မှုပေးသွားခဲ့တယ်။ တခြား အယူဝါဒ၊ ဘာသာတရားတွေနှင့် ယှဉ်ပြောရအောင် အခြေခံအယူအဆကစပြီး ကွဲနေတာကြီးကို ဘာလို့သွားတန်းညှိချင်နေကြတာလဲမသိဘူး။

မြန်မာပြည်က ကျင့်သုံးနေတဲ့ တည်ဆဲဥပဒေတွေအကြောင်းကို နားမလည်ပေမယ့် သူတို့တွေ အပြစ်လုပ်ခဲ့တာအပေါ်မှာ အခုလို ထောင်ဒဏ်နှစ်ရှည်မျိုး ချမှတ်မယ့်အစား ဒါပထမဆုံးနှင့် နောက်ဆုံးအကြိမ်းဖြစ်ပါစေဆိုတာမျိုးနှင့် ထောင်ဒဏ်လပိုင်းလောက်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ (ငွေဒဏ်ဆိုတဲ့နေရာမှာ ပိုက်ဆံကို ကျပ်သိန်းရာဂဏန်း၊ ထောင်ဂဏန်း တစ်ခုခုနှင့် သတ်မှတ်ပေးလိုက်)၊ ဒါမှမဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ်တွဲရက်ဖြစ်ဖြစ်၊ နိုင်ငံခြားတိုင်းပြည်တွေမှာလို စာရိတ္တပြုပြင်ပြောင်းလဲရေးလုပ်ငန်းလိုမျိုး၊ လူမှုရေးလုပ်ငန်းတစ်ခုခုမှာလိုမျိုးမှာ ဘယ်နှစ်လ သွားပြီး အလုပ်လုပ်ပါ ဆိုတာမျိုးသတ်မှတ်ပေးလိုက်နိုင်ရင် တော်တော်လေး ကြည့်ကောင်းသွားမယ်။ နောက် ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကနေ ခေါ်ပြီး သြ၀ါဒပေးဆုံးမတာမျိုးလုပ်ပေးလိုက်။

တွေးကြည့်ပုံဖော်လိုက်ပါ။ ဒီလိုမျိုးဆို ဗုဒ္ဓဘာသာရဲ့  သဘောထားကြီးမြတ်မှုဟာ ဘယ်လောက်ထင်ရှားပေါ်လွင်သွားမလဲ။ အရင်က ဘာသာတရားအပေါ် မကြည်ညိုသေးတဲ့သူတွေတောင်မှ တခြားဘာသာတွေနှင့် ယှဉ်စဉ်းစားရင် အော်... ဗုဒ္ဓဘာသာဟာ တကယ် နူးညံ့သိမ်မွေ့တဲ့ဘာသာတစ်ခုပါလား ဆိုတာမျိုး ဖြစ်သွားစေနိုင်ပါတယ်။

ထောင်ချခံလိုက်ရတဲ့ သူတွေရဲ့  မိသားစုဝင်တွေရင်ထဲက ပရိဒေ၀ကို ၀င်ကိုယ်ချင်းစာကြည့်ပါ။ သူတို့စိတ်ထဲ ဘယ်လောက် ပူလောင်နေရှာမလဲ။ တကယ်လို့များ ကိုယ့်မိသားစုဝင်ထဲက အစစအရာရာ မှီခိုအားထားနေရတဲ့ ဖခင်၊ ဒါမှမဟုတ် ခင်ပွန်းယောကျာ်းအိမ်ထောင်ဦးစီးတစ်ယောက် ကိုယ့်မိသားစုကို နှစ်နှစ်ကျော်ခွဲပြီး ချို့ ချို့ တဲ့တဲ့ ဆင်းဆင်းရဲရဲနှင့် တခြားတစ်နေရာကို ထွက်ခွာသွားရမယ်ဆိုခဲ့ရင် စိတ်ထဲ ဘယ်လိုဖြစ်မလဲ။ သူတို့နေရာမှာ ကိုယ်ဆိုရင်ကော ဒေါသအလျှောက် စကားအမှားတွေ ပါးစပ်ထဲက ထွက်မကျလာနိုင်ပါဘူးလို့ ကျိန်းသေပေါက် အာမခံနိုင်မှာလား။

ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့  အဆုံးအမတော်တွေကို နှစ်ခြိုက်ကြည်ညိုယုံကြည်သက်ဝင်ကြလို့ ဘုရားရှင်ရဲ့  တပည့်သာဝကတွေအဖြစ်နှင့် နေ့စဉ်ဘ၀ကို ဖြတ်သန်းနေကြတဲ့သူတွေ မဟုတ်ကြဘူးလား။ ကံနှင့် ကံအကျိုးပေးတရားကို ယုံကြည်ပါတယ်လို့ ပါးစပ်က တဖွဖွပြောနေကြတယ်မဟုတ်ဘူးလား။ ဘာလို့ သူများ ဒုက္ခရောက်နေတာကို အားပေးအားမြှောက်ပြုပြီး မုဒိတာပွားနေကြရတာလဲ။

ပြုသူအသစ်၊ ဖြစ်သူအဟောင်းလို့ ကြုံရင် ကြုံသလို ပြောဖူးခဲ့ကြတယ်မဟုတ်လား။ ကိုယ်ကိုယ်တိုင် ပြုသူအသစ် နေရာမှာ မဖြစ်ဖို့ ဓါးခုတ်ရာ လက်ဝင်လျှိုရလောက်အောင် သတိလက်လွတ် မဖြစ်လောက်ကြဘူးလို့တော့ ကျွန်တော့်မိတ်ဆွေတွေကို မျှော်လင့်မိတာပါဘဲဗျာ။

ဆက်မပြောရဲတော့လို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။ တော်ပါပြီဗျာ။ 

ဆက်လက်ဖတ်ရှုရန်

Wednesday, March 4, 2015

Unlock Your Mind


ပြီးခဲ့တဲ့ ရက်ပိုင်းက တရားအားထုတ်ကြတဲ့သူတွေနှင့်ပတ်သက်ပြီး Status အချို့ တင်ခဲ့တာမှာ တချို့ က တရားရိပ်သာတွေကို အပုပ်ချတယ်၊ တရားအားထုတ်မယ့်သူတွေကို discourage လုပ်တယ်လို့ ထင်ကြတာ သတိထားမိပါတယ်။
ကျွန်တော်ပြောခဲ့တာမှာ ရိပ်သာတွေ မကောင်းကြောင်းကို ပြောတာမဟုတ်ပါဘူး။ မကောင်းတဲ့ ရိပ်သာတွေ ရှိနေတဲ့ အကြောင်းကိုပဲ ပြောခဲ့တာပါ။ တရားအားထုတ်နေတဲ့ ယောဂီတွေကို သဘောထားမမှန်ဘူးလို့ စွပ်စွဲတာလည်း မဟုတ်ပါဘူး။ သဘောထားမမှန်တဲ့ ယောဂီတွေ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်ဖို့အတွက် သတိထားမိအောင် ထောက်ပြရုံသက်သက်ပါ။
ကိုယ်ကိုယ်တိုင်လည်း ရိပ်သာတော်တော်များများနှင့် ကျွမ်းဝင်မှုရှိသလို၊ တရားပြဆရာတွေ၊ တစိုက်မက်မက်အားထုတ်နေကြတဲ့ ရိပ်သာအမျိုးမျိုးက ယောဂီတွေနှင့် ခင်မင်ရင်းနှီးနေတော့ ရိပ်သာတော်တော်များများရဲ့  တရားပြပုံ၊ ပြနည်း၊ တရားဆုံးဖြတ်ပေးပုံ၊ ယောဂီတွေရဲ့  တရားအပေါ်ထားတဲ့ သဘောထားအမျိုးမျိုးကို ထဲထဲဝင်ဝင်သိနေပါတယ်။
ဒါကြောင့် တရားကို နည်းစနစ်မှန်မှန်နှင့်ပြသပေးနေတဲ့ ရိပ်သာတွေ၊ တရားပြဆရာတွေရှိနေတာကို သိသလို၊ တရားကို သဘောထားမှန်မှန်နှင့် အားထုတ်နေကြတဲ့ ယောဂီသူတော်စင်တွေလည်း ရှိတယ်ဆိုတာကို ကောင်းကောင်းသိထားပါတယ်။
ရေးခဲ့တဲ့ Status တွေရဲ့  အဓိကဦးတည်ရည်ရွယ်တာကတော့ တရားအားထုတ်နေတဲ့ ယောဂီတချို့ ရဲ့  တရားအပေါ်ထားတဲ့ သဘောထားလွဲနေတာလေးကို ထောက်ပြချင်လို့ပါ။ နောက် တချို့ ရိပ်သာတွေကနေ တရားအားထုတ်ပြီး ထွက်လာကြတဲ့ နောက်ပိုင်း ဆရာသမားတွေကနေ အဆင့်တစ်ခုခု သတ်မှတ်ပေးလိုက်တာကြောင့် ကိုယ့်ကိုယ်ကို ငါတော့ဘာကြီး ဖြစ်ပြီလို့ ထင်နေကြတဲ့ ယောဂီတွေကို သတိပေးချင်လို့ပါ။
တချို့ ရိပ်သာတွေမှာ သမထကို ၀ိပဿနာလုပ်ပြီး အားထုတ်ခိုင်းနေကြတာမျိုးတွေ ရှိနေပါတယ်။ သမထအစွမ်းကြောင့် သမာဓိအားကောင်းပြီး ခန္ဓာကိုယ်မှာ ထူးခြားတာတွေဖြစ်လာတာ၊ လုပ်နိုင်လာတာတွေကို ၀ိပဿနာဉာဏ်ဖြစ်တယ်၊ တရားထူးရတယ်လို့ အထင်ရောက်အောင် ပြောကြတာမျိုးတွေ ရှိနေပါတယ်။
တချို့ ရိပ်သာတွေမှာ တရားကိုတော့ နည်းမှန်လမ်းမှန်အတိုင်းပြသပေးပါတယ်။ ဒါပေမယ့် နောက်ဆုံး ယောဂီရဲ့  တရားအဆင့်ကို ရဲရဲတင်းတင်းသတ်မှတ်ပေးလိုက်တာမျိုးတွေ ရှိပါတယ်။ ရိပ်သာဘက်ကတော့ ကောင်းမွန်တဲ့ တခြားရည်ရွယ်ချက်တွေနှင့် လုပ်ပေးလိုက်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ယောဂီဘက်မှာကတော့ တရားနှင့်ပတ်သက်တဲ့ ဗဟုသုတပြည့်ပြည့်၀၀မရှိကြတဲ့အတွက် ဆရာ့စကားမှာ လမ်းဆုံးပြီး အန္တရာယ်တော်တော်လေးကြီးသွားနိုင်တာမျိုးတွေရှိတာ တွေ့နေရပါတယ်။
မြတ်စွာဘုရားက တကယ်ကြိုးကြိုးစားစားသာအားထုတ်ရင် မနက်အားထုတ်ရင် ညတရားရမယ်၊ ညအားထုတ်ရင် မနက်တရားရမယ်လို့ ပြောထားတာမို့ တကယ်လုပ်ရင် တကယ်ရတယ်ဆိုတာကို အကြွင်းမရှိ ယုံကြည်ထားပါတယ်။ ရိပ်သာတွေမှာ အားထုတ်ရင်း တကယ်ရသွားကြတဲ့သူတွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့် တကယ် တရားထူး ရမရဆိုတာကိုတော့ ယောဂီကိုယ်တိုင်ကသော်လည်းကောင်း၊ ဆရာကသော်လည်းကောင်း အဆောတလျင်း မဆုံးဖြတ်တာက ယောဂီအတွက် ပိုကောင်းဖို့ရှိပါတယ်။
တချို့ ရိပ်သာတွေမှာ တရားရမရကို အဓိဋ္ဌာန်တွေနှင့် စမ်းခိုင်းတာရှိပါတယ်။ တကယ်လို့ အဓိဋ္ဌာန်အောင်ရင် ကိုယ့်ကိုယ်ကို ရပြီလို့ ဆုံးဖြတ်ခိုင်းတတ်ကြပါတယ်။ ဒီနေရာမှာ သတိထားစေချင်တာတစ်ခုက သီလ၊ သမာဓိနှင့် ကျင့်ထားတဲ့ စိတ်မှာ သာမန်ရိုးရိုးအချိန်နှင့်မတူပဲ စွမ်းအားတမျိုးရနေတတ်ပါတယ်။ အရှေ့ ပိုင်းရက်တွေမှာ ကိုယ်ထူထောင်ထားခဲ့တဲ့ သီလ၊ သမာဓိတို့ရဲ့ အားအရှိန်ကြောင့် စိတ်ညွှတ်လိုက်ရင် ကိုယ်ဖြစ်ချင်တာ ဖြစ်လာတတ်တာမျိုးတွေ ရှိတတ်ပါတယ်။ တခါက ရိပ်သာတစ်ခုမှာ နေရာအခက်အခဲကြောင့် ယောဂီသစ်နှင့် ယောဂီဟောင်းတွေ အတူတူရောထိုင်ကြရပါတယ်။ အဲဒီမှာ တရားပြဆရာက ယောဂီဟောင်းတွေကို တရားထူး ရမရနှင့် ပတ်သက်ပြီး အဓိဋ္ဌာန်တစ်ခုနှင့် ထိုင်ဖို့ ရှေ့ ကနေ တိုင်ပေးလိုက်ပါတယ်။ ဒီအချိန်မှာ အခန်းထဲမှာ အတူတူထိုင်အားထုတ်နေကြတဲ့ ယောဂီသစ်တွေထဲက သမာဓိအားကောင်းသူတချို့ ဟာ ဆရာတိုင်ပေးလိုက်တဲ့ အဓိဋ္ဌာန်အတိုင်း လိုက်ဖြစ်နေတာ တွေ့ရပါတယ်။
တချို့ ရိပ်သာတွေမှာ တရားရမရကို ဖလသမာပတ်ဝင်စားတာ အချိန်ဘယ်လောက်ရပါစေ ဆိုတာမျိုးနှင့် အဓိဋ္ဌာန်ပြီး စမ်းတာရှိပါတယ်။ အဲဒီမှာ အရှေ့ ပိုင်းအားထုတ်စဉ်က သမထအားကောင်းခဲ့တဲ့သူတွေအနေနှင့် ဖလသမာပတ်မဟုတ်ပဲ ဈာန်နှင့်စပ်နွှယ်တဲ့ သမာပတ်တစ်ခုခု ၀င်သွားတာမျိုး ရှိတတ်ပါတယ်။ နောက်တစ်မျိုး ဖြစ်သွားနိုင်တာက ကိုယ့်ကိုယ်ကို စိတ်ညှို့  အိပ်မွေ့ချလိုက်တာမျိုးပါ။ ဒါကလည်း သမာဓိအားကောင်းနေတဲ့အချိန်မှာ လုပ်လို့ရတတ်တာမို့ သတိမထားမိပဲ ကိုယ့်ကိုယ်ကို စိတ်ညှို့ သလိုမျိုး လုပ်မိသွားတတ်ပါတယ်။ ဒါကြောင့် အဓိဋ္ဌာန်အချိန်အတိုင်း သမာပတ်ဝင်စားနိုင်တယ်ဆိုပေမယ့် ဒါ တကယ် တရားထူးကြောင့် ဟုတ်မဟုတ် ဆုံးဖြတ်ဖို့ဆိုတာ အတော် ခက်ခဲပါတယ်။ (ဒီကိစ္စက တအားသိမ်မွေ့ပါတယ်။ ဆရာတော်ဦးဇောတိကကို ဒကာတစ်ယောက်က မေးလို့ ဒီကိစ္စ ရှင်းထားတာလေး နောက်များ အဆင်ပြေရင် တင်ပေးပါအုံးမယ်။)
ဒီလိုမျိုး တရားအဆုံးအဖြတ်ပေးတတ်တဲ့ ရိပ်သာတစ်ခုက အဓိဋ္ဌာန်အောင်ပြီး ထွက်လာတဲ့ ယောဂီဟောင်း အန်တီကြီးတစ်ယောက်နှင့် ခင်မင်ရင်းနှီးဖူးတယ်။ သူက ဟိုအရင် ရိပ်သာမ၀င်ခင်ကတည်းက နတ်တို့၊ ဘိုးတော်တို့ကို အိမ်မှာ ကျကျနနကိုးကွယ်ထားတယ်။ လောကီ အတိတ်၊ နိမိတ်တွေ၊ ဗေဒင်တွေလည်း ယုံကြည်တယ်။ ကိုယ်တိုင်လည်း တွက်တယ်။ ပြောမယ်ဆို အယူသည်းတတ်သူ တစ်ယောက်ပေါ့။ သူက အရင်ကတည်းက အဲဒီရိပ်သာကို သွားအားထုတ်ချင်တာမှာ အားထုတ်ပြီးရင် သောတာပန်ဖြစ်မယ်ဆိုတဲ့သတင်းကြောင့် သွားတာပါ။ အားထုတ်ပြီး ပြန်လာတော့ လူတွေကို သူသောတာပန်ဖြစ်သွားပြီ။ အပါယ်မကျတော့ဘူး လို့ ၀မ်းသာအားရပြောရှာပါတယ်။ ဒါပေမယ့် ရိပ်သာကပြန်လာပြီးနောက်ပိုင်းမှာ သူ့ရဲ့ ဘာသာရေးအသိအမြင် ဘာမှ တိုးတက်လာတာ မတွေ့ရဘူး။ ဘိုးတော်တွေ၊ နတ်တွေ၊ ဗေဒင်တွေနှင့် ဆက်ပြီးနှစ်ပါးသွားနေတာပါပဲ။ အယူလည်း အရင်လို သည်းနေတုန်းပဲ။
တချို့ ရိပ်သာထွက်တွေဆို သူတို့ကိုယ်ကို အပါယ်ပိတ်ပြီးသားသူတွေအဖြစ် ယုံကြည်ပြီး တရားလည်း ရှေ့ ဆက်အားမထုတ်တော့ဘူး။ မကောင်းမှုတွေကိုလည်း အထူးတလည် ရှောင်မနေတော့ပဲ လွယ်လင့်တကူ ပြုလုပ်တတ်ကြပါတယ်။ သူတို့ပြောလေ့ရှိတာက တို့က အညံ့စားသောတာပန်တွေ။ ဒါပေမယ့် သေရင် အပါယ်တော့လွတ်ပြီးသားလို့ ဆိုတတ်ကြပါတယ်။
တရားအားထုတ်တဲ့ ရည်ရွယ်ချက်သဘောထား မမှန်တဲ့အခါမှာ တခါတလေ ကိုယ့်မှန်းချက်နှင့် မကိုက်ဖြစ်တတ်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ တခါက အမျိုးသမီးကြီး တစ်ယောက်နှင့် ကြုံဖူးတယ်။ သူက နောက်ဘ၀ကျရင် ဗြဟ္မာဖြစ်ချင်တယ်လို့ပြောတယ်။ ကျွန်တော်က ဗြဟ္မာဖြစ်ဖို့ဆိုရင် အနာဂါမ်သော်လည်း ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဈာန်တစ်ခုခုကို ရထားရင်တော့ ဖြစ်နိုင်ပါတယ်လို့ သူ့ကိုပြောဖြစ်တယ်။ ဒီလိုနှင့် သူလည်း ခပ်ပြင်းပြင်း အားထုတ်ရတဲ့ ရိပ်သာတစ်ခုမှာ စခန်း သွားဝင်တယ်။ ရိပ်သာကလည်းထွက်လာပြီးရော သူ့ဆီက တရားအားထုတ်ဖို့ဆိုတဲ့ စကား နောက်ထပ် ထပ်မကြားရတော့ဘူး။ တကယ်တော့ အဲဒီအမျိုးသမီးဟာ ၃၁ဘုံမှာ အမြင့်ဆုံးဟာ ဗြဟ္မာ့ဘုံလို့ ကြားဖူးထားလို့ အမြင့်ဆုံးဆိုတာကို လိုချင်ရုံသက်သက်ပါ။ သူထင်တာက ဒါနကောင်းမှုလောက်လုပ်၊ သီလစောင့်တည်၊ ဘာဝနာကို အထိုက်အလျှောက်လောက် ပွားရင် ဗြဟ္မာ့ဘုံရောက်နိုင်လောက်တယ်လို့ တွက်ထားတဲ့ပုံပါပဲ။ တကယ်နင်လား၊ ငါလား ဇွဲနှင့် အားထုတ်ရတဲ့ ရိပ်သာမျိုး သွားဝင်မိတော့ သူထင်ထားတာမျိုး မဟုတ်မှန်း သိသွားပုံရပါတယ်။ ဗြဟ္မာဖြစ်ချင်တယ်လို့လည်း နောက်ထပ်ပြောသံမကြားရတော့ပါဘူး။
ဒီတော့ နောက်ဆုံးပိတ်ပြောချင်တာကတော့ တရားအားထုတ်မယ့်သူတွေအနေနှင့် သဘောထား မှန်မှန်လေးနှင့် တရားကို ချစ်တဲ့စိတ်နှင့် အားထုတ်တတ်ဖို့ ကြိုးစားပေးကြပါ။
တရားစခန်းဝင်ဖို့ ရိပ်သာ ရွေးချယ်ရာမှာ သေသေချာချာ မေးမြန်းစုံစမ်း စိစစ်ပြီးမှာ ၀င်ကြပါ။ ဒီရိပ်သာဝင်ပြီးသွားရင်တော့ သောတာပန်ဖြစ်ပြီ၊ အပါယ်တံခါးပိတ်ပြီဆိုပြီး ဘာမှမစူးစမ်းပဲ ၀င်လိုက်တာမျိုး မဖြစ်မိဖို့ သတိထားကြပါ။
ရိပ်သာတစ်ခုခုကထွက်လာပြီးလို့ ကိုယ့်ကိုယ်ကို အရိယာဖြစ်ပြီလို့ ထင်ခဲ့ရင်သော်လည်းကောင်း၊ ဆရာသမားက အရိယာဖြစ်ပြီလို့ သတ်မှတ်ပေးလိုက်ရင်သော်လည်းကောင်း အဲဒီနေရာမှာတင် ကျေနပ်ပြီး ရပ်မနေပါနဲ့။ တခြား စာပေတတ်ကျွမ်းတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေ၊ တခြားရိပ်သာက တရားပြဆရာသမားတွေ၊ တကယ်အားထုတ်ထားတဲ့ ၀ါရင့်ယောဂီတွေနှင့် ထပ်ဆင့် မေးမြန်းညှိနှိုင်း တိုက်စစ်ယူကြပါ။
များသောအားဖြင့် ရိပ်သာကနေ ထွက်လာပြီးချိန်မှာ ပါလာတဲ့ သမာဓိအရှိန်တွေကြောင့် တော်ရုံကိလေသာအကြမ်းစားတွေက မိမိစိတ်အစဉ်မှာ မပေါ်ပဲ အခိုက်အတန့်အားဖြင့် မြုံနေတတ်တာမို့ အရိယာတွေရဲ့  အင်္ဂါရပ်တွေနှင့် ညီနေသလိုမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုး ကိုယ့်မှာဖြစ်နေပြီဆိုရင် လယ်တီဆရာတော်ဘုရားကြီး ဆုံးမထားတာလေးကို သတိရပေးပါ။ ကိုယ့်ကိုယ်ကို တရားထူးရပြီလို့ ထင်ရင် (၇) နှစ် စောင့်ကြည့်ပါတဲ့။ အဲဒီ (၇)နှစ်အတွင်းမှာ ဆိုင်ရာကိလေသာတွေ တကယ်ထပ်မပေါ်လာတော့ဘူးဆိုမှ ၀န်ခံပါတဲ့။
ရိပ်သာတွေဘက်က ယောဂီကို တရားအဆင့်သတ်မှတ်ပေးလိုက်မိတဲ့ ဆိုးကျိုးတွေကတော့ ယောဂီက ကိုယ့်ကိုယ်ကို ငါအရိယာ ဖြစ်ပြီဆိုပြီး မာန်တက်သွားတတ်တာရယ်၊ ငါဘာလုပ်လုပ် အပါယ်မကျတော့ဘူးလို့ တွေးထင်ယုံကြည်ပြီး မကောင်းမှုအကုသိုလ်တွေကို လက်ရဲရဲနှင့် လုပ်ဖြစ်သွားတတ်ကြတာရယ်၊ တရားအလုပ်ကို ဆက်မလုပ်လည်း ရနေပြီလို့ အတွေးဝင်ပြီး ဘယ်ဘာဝနာအလုပ်ကိုမှ ထိထိရောက်ရောက် မလုပ်ကြတော့တာရယ်တွေကို သတိထားမိပါတယ်။ ဒါကြောင့် ရိပ်သာတွေဘက်က ယောဂီကို ဖြစ်နိုင်ရင် တရားအဆုံးအဖြတ် ဘာမှမပြောပဲထားတာ ယောဂီအတွက် ပိုကောင်းဖို့ရှိပါတယ်။ (ဉာဏ်စဉ်တရား နာခိုင်းတာကို မဆိုလိုပါ။)
တရားအားထုတ်နေတဲ့သူတွေအနေနှင့် တရားကိုရှုမှတ်ပွားများခြင်းဖြင့် မြတ်စွာဘုရားရှင်ကို တရားနှင့် ပူဇော်မယ်၊ တရားကို ချစ်တဲ့စိတ်နှင့် အားထုတ်မယ် ဆိုတဲ့ စိတ်အခြေခံမျိုးမွေးပြီး လေးလေးစားစား ကြိုးစားအားထုတ်ကြမယ်ဆိုရင်၊ တရားပြဆရာများဘက်ကလည်း ယောဂီရဲ့  တရားတိုးတက်မှုအပေါ် အဆောတလျင် အဆင့်သတ်မှတ်ပေးလိုက်တာမျိုးမလုပ်ပဲ အချိန်ယူကာ သတိနှင့် စောင့်ကြည့်တည့်မတ် စောင့်ရှောက်ပေးကြမယ်ဆိုရင် နှစ်ဦးနှစ်ဘက်အတွက် ပိုမိုအကျိုးရှိမှာမို့ မေတ္တာရှင်ဆရာတော်စကားယူသုံးပြောရရင် ဒါဟာ “အရှုံးမရှိတဲ့ဒဿန” ဖြစ်မှာပါပဲလို့ ပြောလိုက်ချင်ပါတယ်။


ဆက်လက်ဖတ်ရှုရန်

Sunday, March 1, 2015

တိတ်ဆိတ်မှု ငြိမ်သက်မှု





အသံဟာ လူကို တော်တော် မအီမသာ ဖြစ်စေတယ်၊၊ အသံဆူညံတဲ့ နေရာမှာ နေရတဲ့သူဟာ စိတ် ပိုတိုတယ်၊၊ အသံဆူညံတဲ့ နေရာမှာ နေတဲ့သူဟာ သတိ ပိုမေ့တတ်တယ်တဲ့၊ အလုပ်တွေ မှားတယ်တဲ့၊၊ 

အသံဆူညံလို့ အိပ်ရေး ပျက်တာဟာ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေတယ်၊၊ ဒါကြောင့် တချို့ နိုင်ငံတွေမှာ အသံဆူညံမှု ထိန်းသိမ်းရေးဆိုတာကို အခု တော်တော်ကိုပဲ ကြိုးစားနေတယ်၊၊ မြန်မာပြည်မှာလည်း အသံဆူညံမှု ထိန်းသိမ်းရေး ဆိုတာမျိုး လုပ်သင့်တယ်၊၊ ရန်ကုန်မြို့မှာ အသံမျိုးစုံ ဆူညံတယ်၊၊

Noise pollution has become a major problem.
ဆူညံသံဆိုတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်လာပြီ၊၊
တိတ်ဆိတ်မှုဟာ သန့်ရှင်းမှုတမျိုး ဖြစ်တယ်၊၊ ဆူညံသံ ညစ်ညမ်းမှုဆိုတာကို တော်တော် လေးလေးနက်နက် စဉ်းစားသင့်တဲ့အချက် ဖြစ်တယ်၊၊ အသံချဲ့စက် ဝယ်နိုင်တဲ့သူတိုင်း ကိုယ်ကြိုက်သလို အသံကျယ်ကျယ် ဆူညံသံကို လုပ်ခွင့်ရနေတာဟာ ညစ်ညမ်းမှုကို လုပ်ခွင့် ရနေတာပါပဲ၊၊

တိတ်ဆိတ်တဲ့ အချိန် တိတ်ဆိတ်တဲ့ နေရာ ဆိုတာ တော်တော်ရှားသွားပြီ၊၊ တိတ်ဆိတ်မှုဟာ အသိဉာဏ် လေးနက်မှု အတွက် အရေးကြီးတယ် ဆိုတာကို မသိကြတော့ဘူး၊၊

Silence and serenity are an essential part of beauty.
တိတ်ဆိတ်နေခြင်း အေးချမ်းနေခြင်း ငြိမ်သက်နေခြင်းဟာ လှပခြင်းရဲ့ အနှစ်သာရတစ်ခု ဖြစ်ပါတယ်၊၊

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )

“ တွေးမိတိုင်းပျော်တယ် ”
စာအုပ်မှ ကောက်နုတ်ချက်

ဆက်လက်ဖတ်ရှုရန်