Thursday, February 26, 2015

တရားထိုင်ချိန်မှာ ဖြစ်တတ်တဲ့ ဥပါဒါန်ကံ



ဒါကြောင့်မို့ ဘုန်းဘုန်းက တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကိုမေးချင်တာ။
တစ်နာရီ ထိုင်မယ်လို့ ဆုံးဖြတ်ချက်ချတယ် မဟုတ်လား။ 
(တင်ပါ့ဘုရား။….) 
ကဲ…. ထိုင်ကြပြီ၊ ရှုကြပြီဆိုပါတော့။ ကိုယ်တိုင်ကို ပြန်မေးကြရအောင်နော်။ ဟာကွက်လေး ကိုဖြည့်ကြ ရအောင်နော်။

တစ်နာရီ အတွင်းမှာ ငါသေမယ် လို့ထင်ရဲ့လား။ 
(မထင်ပါဘူး ဘုရား။) 
ဒါဖြင့်မသေသေးဘူးပေါ့။ 
မသေတဲ့ငါ တစ်နာရီ ပြည့်အောင် ထိုင်မယ်ဆိုတော့ ဥပါဒါန်ပါမနေဘူးလား။ 
(ပါ ပါတယ်ဘုရား။…)
ပါတယ်နော်၊ ဒါဆိုရင် ဝိပဿနာဉာဏ် လမ်းဆုံးကို ရောက်ပါ့မလား။ (မရောက်ပါဘူးဘုရား။)
သေချာတယ်နော်။ -ဟာ-တာကို ဖြည့်ကြနော်။

မိုးကုတ်ဆရာတော်ဘုရားကြီး ပြောခဲ့တဲ့စကားက ဝိပဿနာ ဆိုတာ ကိုယ့်အသေကို ကိုယ် ရှုတာတဲ့ ။ သေသေချာချာ မှတ်ပါ။ မမေ့ပါနဲ့။ 
တရားထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒီတစ်နာရီအတွင်း မှာသေမယ် မထင်ဘူး မဟုတ်လား။ 
( မထင်ပါဘူး ဘုရား။…)

ဒီတော့မသေမဲ့ ငါဟာ ဒီတစ်နာရီအတွင်းမှာ မဂ်ရအောင်လုပ်မယ်ဆိုရင် ဟုတ်ပါ့မလား။ 
(မဟုတ်ပါဘူးဘုရား….။) 
ဆုံးဖြတ်ချက်ချတာ လွဲမနေဘူးလား။ 
(လွဲနေပါတယ်ဘုရား)။ 
ဒီတော့ဥပါဒါန်ပါတာ သေချာနေပြီနော်။ ငါနဲ့ သွားနေတာကိုး။

ဉာဏ်နဲ့ ငါနဲ့ ရော သွားတယ်ခေါ်တယ်။ ဉာဏ်နေရာမှာ ငါရောက်နေတယ် လို့ မှတ်ရမယ်။
သေသေချာချာ မှတ်နော်။ နှစ်ပေါင်းများစွာ တရားကျင့်ပြီး ၊ တစ်ချို့ ခရီးမရောက်တာသည် အဲဒါ ပါပါတယ်။ ကပ်ချော်နေရင် ခရီးမရောက်ဘူး။ နားလည်ကြရဲ့လား။ 

(ပိုင်းလော့ဆရာတော်ဘုရားကြီး) 

Ref:
https://www.facebook.com/notes/thanthan-sein/ဇာတိမလာရေးနှင့်နိဗ္ဗာန်-အမြင်၂-ပိုင်းလော့ဆရာတော်/425683484110284

ဆက်လက်ဖတ်ရှုရန်

နိဗ္ဗာန်ရဲ့  အကြောင်းအထောက်အပံ့ Surgical Mask


* Hay Fever သမားများအတွက် ရာသီစာ smile emoticon *

ကျွန်တော်တို့ မြန်မာပြည်မှာ Surgical Mask ဆိုတာကို ဆရာဝန်တွေ၊ ဓါတ်ခွဲခန်းဝင်ရတဲ့သူတွေနှင့် မကောင်းတဲ့ အနံ့အသက်တွေနှင့် စပ်နွှယ်ပြီး အလုပ်လုပ်နေကြရတဲ့သူတွေ အလုပ်ချိန်အတွင်း ၀တ်ဆင်ကြတာလောက်ပဲ မြင်တွေ့ဖူးပါတယ်။ သာမန်လူတွေအနေနှင့် mask ကို ပုံမှန်အချိန်တွေမှာ သပ်သပ်ဝတ်တာမျိုးကတော့ တော်တော်လေး ရှားမယ်လို့ထင်ပါတယ်။ အခုနောက်ပိုင်း လမ်းမမှာ ဆိုင်ကယ်စီး၊ ကားမောင်းကြတဲ့သူတွေ အိတ်ဇောပိုက်ကထွက်တဲ့ မီးခိုးအနံ့ သက်သာအောင်လို့ ၀တ်နေကြပြီလားတော့ မသိပါဘူး။

အခုလိုရာသီဆို ဂျပန်က လူတွေကြည့်လိုက်ရင်တော့ လူတိုင်းနီးပါး နှာခေါင်းနှင့် ပါးစပ်တွေကို Mask တွေအုပ်ပြီး သွားလာနေကြတာ နေရာတိုင်းမှာဆိုသလို တွေ့ကြရမှာဖြစ်ပါတယ်။ အခုမှ ဂျပန်စရောက်တဲ့သူတွေအတွက်ဆိုရင်တော့ ဒီမြင်ကွင်းဟာ အထူးအဆန်းတစ်ခုလိုဖြစ်နေမှာပါပဲ။

ဖေဖော်ဝါရီလ ဒုတိယပတ်လောက်ကစပြီး ဂျပန်မှာ Hay Fever လို့ခေါ်တဲ့ လေထုထဲ ပန်းဝတ်မှုံပျံ့ နှံ့ မှုကြောင့် Allergy ဖြစ်ပြီး မျက်စိနှင့် နှာခေါင်းတွေယားယံကာ မျက်လုံးတွေရဲ၊ နှာရည်တွေယိုပြီး တော်တော်ခံရခက်တဲ့ ပြဿနာကို လူတွေ အကြီးအကျယ်ခံနေကြရပါတယ်။

ဒါပေမယ့် ဂျပန်တွေအတွက်တော့ ဒီ Mask ကို မျက်နှာမှာ တပ်တာဟာ အခုရာသီကျမှတပ်တာတော့ မဟုတ်ပါဘူး။ ကျန်တဲ့ တစ်နှစ်ပတ်လုံးလည်း လူအများစုရဲ့  မျက်နှာမှာ တပ်ထားတတ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဂျပန်လူမျိုးအများစုဟာ ရထားစီး၊ ကားစီးနှင့် လူတွေကြားထဲသွားလာကြရတဲ့အခါလေထဲမှာ ပျံ့ နှံ့နေတတ်တဲ့ ပိုးမွှားတွေ မိမိဆီ ကူးစက်မလာအောင် ကြိုတင်ကာကွယ်တဲ့အနေနှင့် တပ်ထားကြတာလို့ဆိုပါတယ်။ နောက်ပြီး မိမိကိုယ်တိုင်က နှာစေး၊ ချောင်းဆိုး၊ အအေးမိဖြစ်နေတဲ့အခါမျိုး အပြင်ထွက်ရတဲ့အချိန်မှာ မိမိကြောင့် တခြားလူတွေ စိတ်အနှောက်အယှက်မဖြစ်အောင်၊ မိမိဆီက ရောဂါပိုးမွှားတွေ တခြားသူဆီ ကူးစက်မသွားအောင် ကိုယ့်ကိုယ်ကိုတာဝန်ယူတဲ့ အနေနှင့်လည်း ၀တ်ထားတတ်ကြပါတယ်။ တချို့ ဆို အစားစားချိန်၊ ရေချိုးချိန်ကလွဲလို့ ကျန်တဲ့တစ်ချိန်လုံး Mask တပ်ထားပြီး နေတဲ့သူတွေတောင် မြင်ဖူးပါသေးတယ်။

ဂျပန်တွေကတော့ Mask ကို ကျန်းမာရေးအတွက် အဓိကထားပြီး တပ်ဆင်ကြတာပါပဲ။ (တချို့ ကောင်မလေးတွေကတော့ အလှတပ်ကြတာလည်း ရှိပါတယ်။) ဒါပေမယ့် သူတို့တွေ သတိမထားမိသေးတဲ့ Mask တပ်ခြင်းရဲ့  အကျိုးကျေးဇူးတစ်ခုရှိပါသေးတယ်။ အဲဒါလေးကို ကျွန်တော့်မိတ်ဆွေတွေကို ပြောပြချင်ပါတယ်။

အာနာပါနနှင့် တရားစအားထုတ်ခါစ ယောဂီတွေမှာ စစချင်း ထွက်လေ၊ ၀င်လေကို နှာသီးဖျားမှာ သတိကပ်ပြီး မှတ်ကြရတဲ့အခါ ထင်သလောက် မလွယ်တာ လုပ်ဖူးသူတိုင်းသိကြမှာပါ။ တချို့ ဆို နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကြိုးစားမှတ်ကြပေမယ့်လို့ ဘယ်လိုမှ မှတ်လို့ အဆင်မပြေ၊ မအောင်မြင်ကြတာတွေရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ ဆရာသမားတွေက လေကို ပြင်းပြင်းပြောင်းရှူခိုင်းရတာမျိုး၊ ဂဏန်းရေတွက်ပြီး မှတ်ခိုင်းရတာမျိုး၊ ၀မ်းဗိုက် ပိန်တာဖောင်းတာကို မှတ်ခိုင်းတာမျိုး၊ ထိတာလေးတွေကို လိုက်သိခိုင်းရတာမျိုး၊ စင်္ကြံကမ္မဋ္ဌာန်းပြောင်းပေးရတာမျိုး၊ ကသိုဏ်းတစ်ခုခု ပြောင်းပေးတာမျိုးနှင့် ထင်ရှားတဲ့အရှုခံအာရုံကို ပေးပြီး ယောဂီကို သမာဓိထူထောင်နိုင်အောင် ကူညီပေးကြရပါတယ်။

တကယ်လို့ အာနာပါနနှင့် သမာဓိထူထောင်တဲ့ယောဂီတစ်ယောက်အနေနှင့် ပုံမှန်အခြေအနေမှာ မှတ်ရတာ အခက်အခဲဖြစ်နေခဲ့ရင် Mask ကို ၀တ်ပြီး အားထုတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Mask ၀တ်ထားတဲ့အချိန် စစချင်း အသားမကျသေးခင်မှာတော့ အသက်ရှူလို့ မ၀သလိုမျိုး ခံစားရပေမယ့် နောက်ပိုင်း အသားကျသွားတဲ့အခါ လေရှူသွင်း၊ ရှူထုတ်မှုဟာ အာရုံမှာ အလွန်ထင်ရှားတာကို တွေ့ရပါလိမ့်မယ်။

အသက်ရှူလိုက်တိုင်းမှာ နှာသီးဖျားနှင့် နှာခေါင်းနားတ၀ိုက်မှာ ထင်ရှားတဲ့အာရုံတွေ ဆက်တိုက်လိုဖြစ်ပေါ်သွားတတ်ပါတယ်။ ကိုယ်က မသိချင်ပါဘူးဆိုရင်တောင် မရလောက်အောင်ပါပဲ။ အထူးသဖြင့် အသက်ရှူထုတ်လိုက်ချိန်မှာ နှာခေါင်းတလျှောက် နွေးနေတဲ့လေက တိုးပြီး ပြန်ထွက်သွားတာ၊ Mask အုပ်ထားတဲ့ နှာခေါင်းနှင့် ပါးစပ်နေရာ တ၀ိုက်မှာ နွေးကနဲဖြစ်သွားတာကို အာရုံမှာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။

ဓါတ်ကမ္မဋ္ဌာန်းအားထုတ်နေတဲ့ ယောဂီတွေအတွက်ဆိုရင်လည်း ဒီလို Mask တပ်ပြီး အားထုတ်တာကနေ ဥဏှတေဇောကို ခန္ဓာကိုယ်တစ်ခုလုံး ပွားများယူလို့ ရနိုင်ပါတယ်။

သာမန်အချိန် သွားရင်းလာရင်း တရားသတိကပ်ဖို့ကြိုးစားတဲ့အချိန်မျိုးမှာလည်း Mask တပ်ထားတဲ့အခါ အသက်ရှူလိုက်တိုင်း ပျံ့ လွင့်နေတဲ့စိတ်ဟာ လွယ်လွယ်ကူကူပဲ နှာခေါင်းနေရာကို ပြန်လာကပ်နိုင်တာ တွေ့ရပါလိမ့်မယ်။ လေရှူသွင်းချိန်မှာ သတိမထားမိရင်တောင်မှ လေရှူထုတ်တဲ့အချိန်မှာ ရှူထုတ်လိုက်တဲ့လေရဲ့  နွေးထွေးတဲ့ အထိအတွေ့ဟာ အထူးထင်ရှားပါတယ်။

Mask တပ်ပြီး အလုပ်လုပ်နေ၊ သွားနေလာနေကြရတဲ့ ကျွန်တော့် မိတ်ဆွေ အကိုအမတွေလည်း အရင်က ဒါကို သတိမထားမိသေးရင် အခုစမ်းပြီး သတိထားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

"Kafunsho" ဖြစ်နေကြတဲ့ ဂျပန်ကမိတ်ဆွေတွေလည်း Allergy ကြောင့် ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းပြီး ကိုယ်ထဲမှာ ဒုက္ခ၊ ဒေါမနဿတွေဖြစ်နေတာကို Mask အုပ်ထားတဲ့ နောက်ကွယ်က နှာခေါင်းနှင့် ပါးစပ်တ၀ိုက်မှာ အသက်ရှူရင်းဖြစ်လာတဲ့ ထင်ရှားတဲ့အာရုံတွေကို သတိကပ်တာနှင့် အစားထိုးရင်း ဘာဝနာကုသိုလ်စိတ်တွေ အဖြစ် ကြိုးစားပြီး ပြောင်းကြည့်ကြပါလို့ မေတ္တာနှင့် တိုက်တွန်းလိုက်ပါတယ်။ အလကားနေရင်း အကုသိုလ်စိတ်တွေ ဖြစ်နေမယ့်အစား Mask ကနေ ပေးနေတဲ့ ကုသိုလ်တွေကို ယူလိုက်ကြပါလို့။

Mask ဆိုတာ သုံးစွဲဝတ်ဆင်သူအတွက် ရောဂါပိုးမွှားတွေရဲ့  အန္တရာယ်ကို ကာကွယ်ပေးနိုင်သလို သတိနှင့် စောင့်ကြည့်သူအတွက်ဆိုရင်တော့ နိဗ္ဗာန်ရောက်တဲ့အထိ အကြောင်းအထောက်အပံ့ ပေးနိုင်ပါတယ်ဆိုတာလေး စကားလက်ဆောင် ပါးလိုက်ပါရစေ။


https://www.facebook.com/photo.php?fbid=867710286584974&set=a.218762134813129.56131.100000380319925&type=1&theater



ဆက်လက်ဖတ်ရှုရန်

Saturday, February 21, 2015

Unlock Your Mind





တချို့ တွေက တရားအားထုတ်တာကို Deadline သတ်မှတ်ပြီး ဘယ်နှစ်ခုနှစ်မှာ ဘာဖြစ်အောင် အားထုတ်မယ်။ ဘယ်နှစ်နှစ်အတွင်း ဘာဖြစ်ရမယ်။ ဒီနှစ်မကုန်ခင် အရိယာဖြစ်ရမယ် စသဖြင့်ပေါ့။

အဲဒါပုဂ္ဂိုလ်တွေ စိတ်ထဲမှာ တရားရှာတာကို လောကီစီးပွားရှာသလိုမျိုး၊ ပညာရပ်တစ်ခုခု ဆည်းပူးသလိုမျိုး၊ သင်တန်းတစ်ခုခုတက်သလိုမျိုးများ ထင်မှတ်နေကြသလားလို့ တွေးမိတယ်။ တရားကို ငါ ဆိုတာနှင့် ချဉ်းကပ်နေကြသလိုပါပဲ။

တခါတုန်းက ဆရာကြီးဦးဂိုအင်ကာရဲ့  တရား seminar တစ်ခုသွားတက်ဖြစ်တယ်။ အဲဒီမှာ ယောဂီတစ်ယောက်က ထမေးတယ်။ သူ အခု ဥဒယဗ္ဗယဉာဏ်ကို ရနေပါပြီ။ အဲဒါ ဘင်္ဂဉာဏ်ရအောင် ဘယ်လို အားထုတ်ရမလဲ လို့ မေးတယ်။ ဆရာကြီးက သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာသုံးပါးမှာ သီလနှင့် သမာဓိက ကိုယ်ကဖြည့်ဆည်းအားထုတ်ရမယ့်တရားဖြစ်ပြီး ပညာဆိုတာ ကိုယ်လိုသလို လုပ်ယူလို့မရပါဘူးတဲ့။ အကြောင်းလုံလောက်တဲ့အခါ သူ့ဖာသာ ဖြစ်လာတတ်တာမျိုးမို့ ကိုယ်ကြိုးစားဖြည့်ဆည်းရမယ့် တာဝန်ကိုသာ တာဝန်အပြည့်ယူဖြည့်ဆည်းပါတဲ့။ ကျန်တာ ဓမ္မက သူ့ဖာသာ တာဝန်ယူသွားပါလိမ့်မယ်တဲ့။

ကောင်းတာတော့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကြည်ညိုပူဇော်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ဒါနသီလစောင့်တည်တာ၊ တရားအားထုတ်ကြတဲ့နေရာမှာပဲဖြစ်ဖြစ် ဒီကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ ကျေနပ်နှစ်သက်တဲ့၊ ချစ်တဲ့စိတ်နှင့် လုပ်နေတာ ဟုတ်မဟုတ် ကိုယ့်ဖာသာ အရင် စမ်းစစ်ကြည့်သင့်တယ်လို့ ထင်တယ်။

ရတနာသုံးပါး ကြည်ညိုတာ ကုသိုလ်ရလို့ ပူဇော်နေတာမျိုးမဟုတ်ပဲ တကယ် ရတနာသုံးပါးရဲ့  ဂုဏ်ကျေးဇူးကို သိမြင်ပြီး ချစ်တဲ့စိတ်နှင့် ပူဇော်ချင်လွန်းလို့ကို ပူဇော်တယ်ဆိုတဲ့စိတ်မျိုးက ပိုကောင်းပါတယ်။ တကယ်လို့ ဘုရားကိုပူဇော်လို့၊ ရတနာသုံးပါးကို ပူဇော်လို့ ကိုယ့်အသက်သေရမယ်၊ ရာထူးစည်းစိမ် ယုတ်လျှော့မယ်၊ ကိုယ်ကိုယ်တိုင်နှင့် မိသားစုတွေအပေါ် ဘေးအန္တရာယ်တွေကျရောက်မယ်လို့ တစုံတယောက်က ပြောလာတယ် ဆိုပါတော့။ ကိုယ့်ရဲ့  ကြည်ညိုပူဇော်မှုကို ရပ်လိုက်မလား၊ လျှော့လိုက်မလား၊ ဒီအတိုင်း ဆက်လုပ်မလား။

တချို့ တွေ ပဋ္ဌာန်းရွတ်ရင် အိမ်စောင့်နတ်က မကြိုက်လို့ မရွတ်သင့်ဘူးလို့ပြောတယ်။ ဒီလိုအခါမျိုးမှာ အိမ်စောင့်နတ်စိတ်ကျေနပ်အောင် မရွတ်ပဲနေမလား။ သူကြိုက်ကြိုက်မကြိုက်ကြိုက် ငါပဋ္ဌာန်းပူဇော်တာကို မစွန့်ဘူးဆိုတဲ့ စိတ်မျိုးနှင့် ဆက်ရွတ်မလား။

တချို့ က အိမ်မှာ ကျောက်ဆင်းတုမပူဇော်ကောင်းဘူး။ အိမ်ခိုက်တတ်တယ်လို့ ပြောကြတာရှိတယ်။ ဒီအခါမျိုးမှာ အိမ်ခိုက်ချင်ခိုက်၊ ငါတော့ ပူဇော်မှာပဲ ဆိုတဲ့ စိတ်မျိုးမွေးနိုင်မလား။

သီလမထိန်းရင် ငရဲကျမယ်၊ နောက်ဘ၀ ယုတ်ညံ့တဲ့ ဘ၀တွေ ရတတ်တယ်လို့ ပြောတယ်။ သီလကို ငရဲကျမှာစိုးလို့၊ ယုတ်ညံ့တဲ့ဘ၀ကို ရောက်မှာစိုးလို့ထိမ်းမှာလား။ ဒါမှမဟုတ် ဒီသီလကိုဖောက်ဖျက်ရင် ခံရတဲ့တခြားသူဘက်မှာ ထိခိုက်နစ်နာမှုတွေဖြစ်မှာကို ကိုယ်ချင်းစာပြီး မေတ္တာစိတ်၊ ကရုဏာစိတ်နှင့် ထိမ်းမှာလား။

ဒါနလုပ်ရင် ချမ်းသာတယ်လို့ပြောတယ်။ ကိုယ်ချမ်းသာဖို့ကို တောင့်တပြီး ဒါနလုပ်မှာလား၊ ဒါမှမဟုတ် ကိုယ်ဒါနပြုလိုက်တဲ့ တခြားသူရဲ့  အဆင်ပြေ၊ ချမ်းသာသွားမှုကို ရှေးရှုပြီးလုပ်မှာလား။

တကယ်တမ်း တရားအားထုတ်တာဟာ ဘာမှ အကျိုးမဖြစ်ပါဘူး။ ခန္ဓာကိုယ် ပင်ပန်းတာပဲ အဖက်တင်တယ်။ အဲဒါလုပ်မယ့်အစား တခြား တစ်ခုခုလုပ်တာက ပိုအကျိုးရှိတယ်လို့ ယုံကြည်လေးစားရတဲ့သူ တစ်ယောက်ယောက်က ပြောလာခဲ့ရင် ကိုယ်လက်ရှိ တရားအားထုတ်နေတာကို ရပ်ပစ်လိုက်မလား။

တရားအားထုတ်နေတဲ့အချိန်မှာ စိတ်ထဲမှာ ဒါဟာ ကောင်းတဲ့အလုပ်မို့လို့ သည်းခံအောင့်အီးပြီး လုပ်နေရတာလား၊ ဒါမှမဟုတ် ကိုယ်တအားသဘောကျ လုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်နေရတာမို့လို့ ကျေနပ်ပျော်ရွှင်တဲ့ စိတ်မျိုးနှင့် စိတ်ဝင်တစားအားထုတ်နေတာလား ဆိုတာကို တရားအားထုတ်နေတဲ့ အချိန်တိုင်း၊ တရားမှတ်နေတဲ့ အချိန်တိုင်း ကိုယ့်စိတ်ကို ပြန်မေးကြည့်သင့်တယ်။

တရားအားထုတ်လို့ ဘာမှဖြစ်မလာလည်း ရတယ်။ အကြောင်းမဟုတ်ဘူး။ ငါလုပ်ချင်တဲ့ အလုပ်ကိုလုပ်နေရတာမို့လို့ ကျေနပ်တယ်။ ဘာပဲဖြစ်ဖြစ်ဆက်လုပ်မယ် ဆိုတဲ့ စိတ်မျိုး ဖြစ်နေလား။

ဆရာတော်ဦးဇောတိက တရားတစ်ပုဒ်ထဲမှာ မိန့်ဖူးသလို “ငါ ဒီအလုပ်ကို ချစ်လို့၊ ကျေနပ်သဘောကျလို့ လုပ်ချင်လို့ကို လုပ်တာ။ ဒီဘ၀လည်း သေတဲ့အထိ ဒီအလုပ်ကို လုပ်နေမယ်။ ဒီဘ၀လုပ်လို့ မပြီးလည်း နောက်ဘ၀ဆက်လုပ်မယ်။” ဆိုတဲ့ စိတ်ထားမျိုးနှင့် တရားကို ဘယ်နှစ်မှာ ဘာဖြစ်အောင် အားထုတ်မယ်၊ မသေခင်မှာ ဘာဖြစ်ရမယ် ဆိုတဲ့ စိတ်မျိုး ဒီနှစ်ခုမှာ ဘယ်တစ်ခုက ကိုယ့်အတ္တကို လျှော့ကျစေမလဲ။ စိတ်တင်းကျပ်မှု၊ စိတ်ဖိစီးမှုနည်းစေမလဲ။

ကျိန်းသေတာတော့ “ငါ” နှင့် ဦးစီးပြီး လုပ်တဲ့ အလုပ်တွေဟာ လောကီနယ်နှင့် တရားဘက်မှာဆိုရင် သမထနယ်အထိတော့ အောင်မြင်မှုရကောင်းရနိုင်ပေမယ့် ၀ိပဿနာနယ်မှာတော့ “ငါ” နှင့်လုပ်လေ ရှေ့ မရောက်လေ၊ လှုပ်လေ မြုပ်လေ ဖြစ်တတ်တယ်ဆိုတာကို တကယ်လုပ်ဖူးသူတိုင်း သိကြပါတယ်။

အကြံပေးချင်တာတော့ တရားအားထုတ်ချင်တဲ့စိတ်ဖြစ်တာကို ချီးကျူးပါတယ်။ နိဗ္ဗာန်ချမ်းသာကို တန်ဖိုးထားလိုချင်တာကို ၀မ်းသာပါတယ်။ အရိယာသူတော်ကောင်း ဖြစ်ချင်တာကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကိုယ်သွားတဲ့လမ်း၊ ကိုယ့်ကျင့်တဲ့တရားကိုတော့ အတ္တမပါပဲ ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရနေလို့ အားရကျေနပ်တဲ့စိတ်၊ ချစ်တဲ့စိတ် သက်သက်နှင့် လုပ်နိုင်အောင် ကြိုးစားကြပါလို့ ဆန္ဒပြုပါတယ်ခင်ဗျာ။
 

ဆက်လက်ဖတ်ရှုရန်

Monday, February 16, 2015

3 Idiots



အခုရက်ပိုင်း အိန္ဒိယကားတွေ ဓါတ်ကျနေတယ်။
မနေ့ကလည်း 3 Idiots ကြည့်ဖြစ်တယ်။
အဲဒီရုပ်ရှင်ကြည့်ပြီး ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဘ၀ကို သတိရမိတယ်။
အိန္ဒိယနှင့် မြန်မာနှင့်က နိုင်ငံချင်းနီးကြလို့လားတော့မသိဘူး။ လူတွေရဲ့  တွေးခေါ်ပုံ၊ ကိုးကွယ်ယုံကြည်ကြပုံ၊ တန်ဖိုးထားကြပုံတွေ တော်တော်လေးနီးစပ်တယ်။
အခုကားမှာလည်း ပညာရေးနှင့်ပတ်သက်ပြီး လူကြီးတွေက ကလေးတွေကို သူတို့ဖြစ်စေချင်တာကို အတင်းအကျပ်စီစဉ်ကြပုံ၊ ကလေးတွေမှာ ကိုယ်စိတ်မပါပဲ ၀ါသနာမပါတာကို ကျိတ်မှိတ်လုပ်ကြရပုံကို သရုပ်ဖော်သွားတယ်။ နောက် ပညာရေးစနစ်ရဲ့  သင်ကြားမှုနည်းလမ်း မှားယွင်းနေတာကိုလည်း ထောက်ပြသွားတယ်။ သင်ကြားပုံစနစ်မှားယွင်းမှုကြောင့် လူတော်တွေပဲမွေးထုတ်နိုင်ပြီး၊ လူကောင်းတွေ ဖြစ်မလာတော့ဘူး။ ကြက်တူရွေးလို စာအုပ်ထဲကစာကို “၏ သည်” မရွေးရွတ်ပြနိုင်ပြီး၊ စဉ်းစားဉာဏ်ထုတ်မသုံးတတ်ကြတော့ဘူး။ အိန္ဒိယရုပ်ရှင်ဆိုပေမယ့် တကယ့်မြန်မာပြည်ရဲ့  လက်ရှိပညာရေးစနစ်နှင့် မိဘနှင့်သားသမီးကြား၊ ဆရာနှင့် ကျောင်းသားကြား အခြေအနေတွေကို ရိုက်ပြထားသလိုပဲ။
မြန်မာပြည်မှာလည်း အခုဆို ရထားတဲ့ဘွဲ့ ကတခြား၊ လုပ်နေတဲ့အလုပ်က တခြား ဖြစ်နေတဲ့သူတွေ အများကြီးပဲ။ နောက် ကိုယ်တကယ်ဝါသနာမပါတဲ့ ဘာသာရပ်တစ်ခုကို လူကြီးမိဘတွေရဲ့  pressure၊ လူမှုပတ်ဝန်းကျင်က ၀ိုင်းသတ်မှတ်ထားတဲ့ Value တွေကြောင့် ကျိတ်မှိတ်လုပ်နေကြရတော့ အဲဒီလူအတွက် ပညာရပ်ပိုင်းဆိုင်ရာမှာ တိုးတက်သင့်သလောက် တိုးတက်မလာတော့ဘူး။ အလုပ်ထဲမှာ စေတနာ၊ မေတ္တာထည့်ပြီး မလုပ်နိုင်တော့ဘူး။ နိုင်ငံနှင့်ယှဉ်ပြီး ဒီလိုလူတွေများလာတဲ့အခါကျတော့ တိုင်းပြည်က ပညာရပ်နယ်ပယ်အသီးသီးမှာ တိုးတက်သင့်သလောက် မတိုးတက်လာတော့ဘူး။
ငယ်ငယ်ကတည်းက ကလေးတွေကို သူတို့ဝါသနာပါတာကိုပဲ ရွေးချယ်လုပ်ခိုင်းပြီး၊ အဲဒီသူတို့ရွေးချယ်လိုက်တဲ့ နယ်ပယ်မှာ ကလေးရဲ့  ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် အစွမ်းကုန်တိုးတက်လာအောင် မိဘတွေ၊ ဆရာသမားတွေက အသိဉာဏ်ရှေ့ သွားတဲ့ စေတနာနှင့် ထိမ်းမတ်ပြုပြင်စောင့်ရှောက်ပေးနိုင်မယ်ဆိုရင် ကလေးတိုင်း သူတို့ရဲ့  မွေးရာပါအရည်အသွေးတွေ ဖွံ့ဖြိုးတိုးတက်လာပြီး ပညာရပ်ပိုင်းဆိုင်ရာမှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ အရည်အသွေးပြည့်ဝတဲ့ တိုင်းပြည်ရဲ့  လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာကြမှာ မလွဲဘူး။
အခု အားလုံးက သူ့ဟာနှင့်သူ လူမှန်နေရာမှန် မရှိကြတဲ့အခါကျတော့ တိုင်းပြည်အနေနှင့်လည်း ဆုံးရှုံးနစ်နာမှုကြီးသလို၊ လူငယ်တစ်ယောက်စီတိုင်းရဲ့  ဘ၀တွေဟာလည်း ကိုယ်လုပ်ချင်တာမလုပ်ရ၊ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရနှင့်။ အညွှန့်တုံးတယ်ပြောရမှာပဲ။ လူတိုင်းတော့ အခုပြောသလို မဟုတ်ပေမယ့် ရာခိုင်နှုန်းတော်တော်များများတော့ အဲဒီအတိုင်းဖြစ်နေတယ်လို့ ပြောရင် လွန်မယ်မထင်ပါဘူးနော်။

ဆက်လက်ဖတ်ရှုရန်

Saturday, February 14, 2015

ဃဋိကာရသုတ်တော်မှ အချက်အချို့ ကို ဘာသာခြားအမြင်ဖြင့် ခံစားကြည့်ခြင်း

အခုရေးမယ့် အကြောင်းက ဖတ်တဲ့သူတွေစိတ်ထဲ အခန့်မသင့်ရင် အကုသိုလ်ဖြစ်နိုင်တာမို့ Public နဲ့ post မလုပ်တော့ပဲ ကျွန်တော့်အကြောင်းကို တီးမိ၊ ခေါက်မိ၊ သိပြီးဖြစ်ကြတဲ့ လူရင်းတွေကိုပဲ ပေးဖတ်လိုက်ပါတယ်။ 

အထူးသဖြင့် ခင်မင်ကြည်ညိုရတဲ့ ဘုန်းဘုန်းတွေကို တပည့်တော် အမြင်လေးကို လျှောက်ပြီး အကြံဉာဏ်တောင်းတဲ့သဘောပါဘုရား။ နောက် မိတ်ဆွေများ အားလုံးရဲ့  ထင်မြင်ချက်၊ ဆွေးနွေးအကြံပြုချက်လေးတွေကိုလည်း နားထောင်ကြည့်ချင်ပါတယ်ခင်ဗျာ။ 


**************

ဖေဖော်ဝါရီလဆန်းမှာ အိမ်ကို ဒူဘိုင်းကနေ မြတ်စွာဘုရားဆင်းတုတော်တစ်ဆူ သီတင်းသုံး အပူဇော်ခံကြွရောက်လာတာမို့ ဘုရားအနေကဇာတင်ရင်း သံဃာတော်ကို အိမ်မှာပင့်ပြီး ဆွမ်းကပ်၊ တရားနာ ကုသိုလ်ယူချင်တာနှင့် ညီအကိုလို ခင်မင်ရင်းနှီးနေတဲ့ ဦးဇင်းကိုယ်တော်လေးကို ပင့်ခဲ့ပါတယ်။

ဆွမ်းဟင်းတွေကို ကိုယ်တိုင် ချက်မှာဆိုတော့ ဦးဇင်းဆီကို တစ်ရက်ကြိုဖုန်းဆက်ပြီး “ဘာများ ဘုန်းပေးချင်တဲ့ ဆန္ဒရှိလဲဘုရား” လို့ မေးလျှောက်ခဲ့ပါတယ်။ ဦးဇင်းက “ဒကာကြီး၊ ဘာဖြစ်ဖြစ်ရတယ်။ ဟင်းတွေအများကြီး ချက်မနေနှင့်။ ဦးဇင်း ဒီလောက်ကြီး မစားနိုင်ဘူး။ ” လို့ မိန့်တယ်။ ဒါနဲ့ ကျွန်တော်က ချက်ဖို့စီစဉ်ထားတဲ့ ဟင်းတွေကို ရွတ်ပြပြီး “အဲဒီဟင်းတွေ အဆင်ပြေလားဘုရား” လို့ မေးတော့ ဦးဇင်းက ရွတ်ပြတဲ့ ဟင်းတွေထဲက ဘယ်ဟင်း ဘယ်ဟင်းတွေကို တကယ်လို့ ဦးဇင်းအတွက်ဆို ချက်မနေနှင့်။ ဒကာကြီးတို့ ကိုယ့်ဖာသာစားချင်ရင်တော့ ချက် လို့မိန့်ပါတယ်။

အခုလို ဆွမ်းဟင်းကို မချက်မီ ကြိုတင်ပြီး မေးလိုက်တာဟာ ကျွန်တော့်အတွက်တော့ ချက်ပြုတ်စီမံရာမှာ တော်တော်အဆင်ပြေတယ်လို့ တွေးမိပါတယ်။ ဦးဇင်းအနေနှင့် တကယ်ဘုန်းပေးချင်တဲ့၊  စိတ်အာသီသရှိတဲ့ ဟင်းမျိုးကိုပဲ အဓိကထား စီစဉ်ပေးလိုက်နိုင်လို့ဖြစ်ပါတယ်။ ကျွန်တော့်အတွက်လည်း အချိန်ကုန်သက်သာသွားသလို၊ အလေအလွင့်လည်း နဲသွားတယ်လို့ ထင်မိပါတယ်။

ဒီအကြောင်းကို ကျွန်တော့်အသိ ဗီယက်နမ်မိတ်ဆွေကို ကြုံတော့ ပြောပြဖြစ်တယ်။ သူကလည်း ဗုဒ္ဓဘာသာတစ်ယောက်ပါပဲ။ ဒါပေမယ့် သူတို့ယုံကြည်လက်ခံတဲ့ ဗုဒ္ဓဘာသာက မဟာယာနဘက်ကနေဆင်းသက်လာတဲ့ ဂိုဏ်းကွဲတစ်ခုဖြစ်နေတယ်။ (အဲဒီဂိုဏ်းအကြောင်း သီးခြား ပို့စ်တစ်ပုဒ် နောက်တော့မှ ရေးပါအုံးမယ်။)

ကျွန်တော်ပြောလိုက်တော့ သူက အံ့သြတဲ့အမူအရာနှင့် ဘုန်းကြီးက အသားစားသလား၊ နောက် သူဘာတော့စားမယ်၊ ဘာတော့ မစားဘူး ဆိုတာမျိုး ပြောလို့ရသလား လို့ ကျွန်တော့်ကို  ပြန်မေးပါတယ်။

သူ မေးခွန်း ပြန်မေးလိုက်တော့မှ သူနှင့် ကိုယ်ရဲ့  ဘာသာရေး background ချင်း မတူတာကို သတိရမိတော့တယ်။ ဟုတ်တာပဲ။ ကိုယ်တွေအနေနှင့်က အခုလိုကိစ္စမျိုးကို ဘာမှ ထူးခြားတယ်လို့ မထင်မိပေမယ့် သူတို့ အနေနှင့်ကျတော့ ဒါဟာ မြန်မာဘုန်းကြီးတွေအပေါ် အမြင်စောင်းစရာ ကိစ္စမျိုးလို ဖြစ်သွားတယ်။

သူ့ကိုတော့ မြန်မာပြည်က ဘုန်းကြီးတွေက သက်သတ်လွတ် မစားကြကြောင်းနှင့် အခုကိစ္စကလည်း အဲဒီဦးဇင်းနှင့် ကျွန်တော်နှင့်က ညီအကိုလိုခင်မင်နေလို့ ဒီလိုမေး၊ ဒီလိုဖြေလုပ်ကြတဲ့အကြောင်းတော့ ပြန်ရှင်းပြလိုက်ပါတယ်။

သူ ကျွန်တော့်အဖြေအပေါ် စိတ်ကျေနပ်မှုရသွားတယ်၊ ရမသွားဘူးကတော့ ကျွန်တော်လည်း မသိဘူးပေါ့ခင်ဗျာ။


===============================

ဟိုတစ်နေ့က ပါချုပ်ဆရာတော်ကြီး တရားတွေနာရင်း “ဃဋိကာရသုတ်” ဆိုတာကို နာဖြစ်သွားတယ်။ 

အဲဒီဇာတ်ဝတ္ထုကြောင်းက ဟိုးအရင်ကတည်းက သိထားပြီးဖြစ်ပေမယ့် အခုတစ်ခေါက် ဆရာတော်ကြီး သုံးသပ်ချက်တွေနှင့် နာတဲ့အချိန်မှာ စိတ်ထဲ တွေးစရာတွေက ဖြစ်လာတော့တယ်။ 

အဓိက အာရုံစိုက်မိတဲ့ အကြောင်းအရာကတော့ ကိကီဘုရင်ကြီးကို ကဿပဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဃဋိကာရ အိုးထိန်းသည်နှင့် ဘုရားရှင်တို့ ဘယ်လောက်ရင်းနှီးအကျွမ်းဝင်တယ်ဆိုတာကို သိစေချင်လို့ ဟောတဲ့နေရာမှာဖြစ်ပါတယ်။

တခါမှာ ကဿပဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဃဋိကာရ မရှိတဲ့အချိန် သူ့အိမ်ကို ဆွမ်းခံကြွပြီး ဃဋိကာရရဲ့  မိဘနှစ်ပါးခွင့်ပြုချက်နှင့် အိုးထဲက ဆွမ်းထမင်း၊ ဆွမ်းဟင်းတွေကို ကိုယ်တိုင်ခပ်ယူ၊ ဘုန်းပေးသုံးဆောင်ပြီး ပြန်ကြွသွားတယ်လို့ ဆိုထားတယ်။ နောက်တစ်ကြိမ်လည်း အဲဒီလိုပဲ။ ဃဋိကာရ မရှိတဲ့အချိန်မှာ အိမ်ကိုဆွမ်းခံကြွပြီး မုယောမုန့်နှင့် ဆွမ်းဟင်းတွေကို ကိုယ်တိုင်ယူငင်ဘုန်းပေးတယ်လို့ ဆိုထားပြန်တယ်။

ဒီနေရာမှာ ပါချုပ်ဆရာတော်ကြီးကတော့ ကဿပဘုရားရှင်လက်ထက်မှာ ရဟန်းတော်တွေအနေနှင့် ဆွမ်းထမင်း၊ ဆွမ်းဟင်းတွေကို ကပ်တဲ့သူရှိမှ အကပ်ခံပြီး ဘုန်းပေးရမယ်ဆိုတဲ့ ၀ိနည်းစည်းကမ်း သတ်မှတ်ချက် ရှိပုံမပေါ်ဘူးလို့ သုံးသပ်ထားတယ်။ 

ဆွမ်းကို ဘုရားရှင်က ကိုယ်တိုင် အိုးထဲကခပ်ယူပြီး ဘုန်းပေးတယ်ဆိုတဲ့ အချက်က ကျွန်တော့်အတွက် သိပ်ပြီး ပြဿနာမရှိသေးပေမယ့် နောက်ထပ် ရင်းနှီးမှုကို ဖော်ပြတဲ့ အချက်တစ်ခုကတော့ စိတ်ထဲ သိပ်ဘ၀င်မကျသလို ဖြစ်မိပါတယ်။

တခါမှာ ကဿပဘုရားရှင်ကိုယ်တော်မြတ်ရဲ့  သီတင်သုံးရာ ဂန္ဓကုဋီ မိုးမလုံလို့ ရဟန်းတွေကို ဃဋိကာရရဲ့  အိုးဖုတ်တဲ့တဲမှာမိုးထားတဲ့ သက်ကယ်အမိုးတွေကို သွားခွာယူခိုင်းပါတယ်။ ဒါကို ရဟန်းတွေက ဘယ်သူ့ကိုမှ ခွင့်မတောင်းပဲ ခွာယူကြပါတယ်။ ဃဋိကာရရဲ့  မျက်မမြင်မိဘနှစ်ပါးက ဘယ်သူတွေ အမိုးခွာနေတာလဲလို့ မေးတော့မှ ရဟန်းတွေဖြစ်ကြောင်းသိရတော့တယ်။

ဒီနေရာမှာ ပထမဆွမ်းကိစ္စတုန်းကတော့ ဒီဆွမ်းက ဘုရားရှင်အတွက် ရည်ရွယ်ထားတယ်။ ဘုရားရှင်ကလည်း အိမ်ကို ဆွမ်းခံရပ်တယ်။ မိဘနှစ်ပါးက မျက်မမြင်တွေမို့လို့ သူတို့ မစီစဉ်နိုင်လို့ ကိုယ်တိုင်ခပ်ယူ ဘုန်းပေးသုံးဆောင်တယ်ဆိုတာကို ကျွန်တော့်အနေနှင့် လက်ခံပေးလို့ရပါတယ်။

အမိုးခွာတဲ့ကိစ္စကတော့ စိတ်ထဲတွေးကြည့်၊ မျက်စိထဲမြင်ယောင်ကြည့်တာ သိပ်အဆင်မပြေသလို ဖြစ်နေတယ်။ 

ကိုယ့် ဂန္ဓကုဋီမိုးမလုံလို့ ဒကာအလုပ်လုပ်တဲ့ အလုပ်တဲက အမိုးကို ပိုင်ရှင်ကို အသိမပေး၊ ခွင့်မတောင်းပဲ ရဟန်းတွေက တက်ခွာနေတဲ့ image က စိတ်မျက်စိထဲမှာ ရိုင်းနေသလိုဖြစ်နေတယ်။ 

ဗုဒ္ဓဘာသာဝင်တစ်ယောက်၊ မြန်မာလူနေမှုအသိုင်းအ၀ိုင်းထဲမှာ ကြီးပြင်းလာတဲ့သူတစ်ယောက်အနေနှင့် မတွေးပဲ တခြားအသိုင်းအ၀ိုင်းတစ်ခုခုမှာ ကြီးပြင်းလာတဲ့သူ၊ တခြားအယူဝါဒရှိတဲ့သူတစ်ယောက်အနေနှင့် ဒီဖြစ်စဉ်နှစ်ခုလုံးကို လေ့လာကြည့်မယ်ဆိုရင် လူတစ်ယောက်အနေနှင့် လူမှုပတ်ဝန်းကျင်မှ ထိန်းသိမ်းလိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းနှင့် မကိုက်ညီတာမျိုးလို ဖြစ်နေတယ်လို့ထင်မိတယ်။

==========================

ကျွန်တော် တခါတလေ ဗုဒ္ဓစာပေတွေနှင့် အဆုံးအမတွေကို လေ့လာဖတ်ရှုတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဘာသာခြားတစ်ယောက်လိုမျိုး စိတ်ထဲထားပြီး လေ့လာတတ်တဲ့ အကျင့်တစ်ခုရှိပါတယ်။ အခုလည်း ပါချုပ်ဆရာတော်ကြီးဟောတဲ့ ဃဋိကာရသုတ်တော်ကို နာပြီး အထက်က ဗီယက်နမ်မိတ်ဆွေက ကျွန်တော်ပြောတာကို အထူးအဆန်းဖြစ်၊ ဘ၀င်မကျသလိုမျိုး ကျွန်တော်လည်း စိတ်ထဲမှာ နဲနဲဘ၀င်မကျချင်သလိုဖြစ်မိပါတယ်။ 

ဒီဝတ္ထုကြောင်းဟာ ဘုရားဟော ပါဠိတော်ထဲမှာ သုတ်တော်တစ်ခုအဖြစ် ပါဝင်နေတာမို့ နောက်ပိုင်းမှ ချဲ့ ကားရေးကြတဲ့ စာပေအမျိုးအစားမျိုးမဟုတ်ဘူးဆိုတာတော့ ကျိန်းသေသလောက်ရှိပါတယ်။

ဒီလို အကြောင်းအရာမျိုးကို တကယ်လို့  နိုင်ငံခြားသားမိတ်ဆွေတွေ၊ ဘာသာခြားမိတ်ဆွေတွေကို ပြောပြဖြစ်ရင် သူတို့ ဘယ်လို တုန့်ပြန်လာနိုင်မလဲ။ ထင်မြင်ယူဆသွားနိုင်မလဲ။ 

ဒီလို ပိဋကတ်တော်လာ ၀တ္ထုကြောင်းတွေကို ဘာသာခြား၊ လူမျိုးခြားတွေအပြင် ဗုဒ္ဓဘာသာမြန်မာတွေထဲကမှ သဒ္ဓါတရား အားနည်းကြသေးတဲ့သူတွေကို အကြောင်းတိုက်ဆိုင်လာလို့ ပြောပြဖြစ်ခဲ့ရင်၊ ဒါမှမဟုတ်လည်း သူတို့ဖာသာ ရှာဖွေတွေ့ပြီး ဖတ်ဖြစ်ခဲ့ကြရင် အကုသိုလ်အတွေးမ၀င်နိုင်အောင်၊ ဘယ်လို ပြေလည်လက်ခံအောင် ရှင်းပြပေးသင့်လဲဆိုတာလေးကို ဘုန်းဘုန်းများနှင့် မိတ်ဆွေများက ၀ိုင်းဝန်းဆွေးနွေး အကြံပြုပေးကြပါလို့ ရိုသေခင်မင်စွာနှင့် ဖိတ်ခေါ်လျှောက်ထားလိုက်ရပါတယ်ဘုရား။


Ref: 


http://dhammadownload.com/MP3Library/Dr-Nandamalabhivamsa/MP3Disc01/029-DrNandamalabhivamsa-KaTeatKaLaEatBawaTaSateThaMinePoneYate.mp3
ဆက်လက်ဖတ်ရှုရန်