Saturday, January 24, 2015

ယဉ်ကျေးလူ့အဖွဲ့အစည်းနှင့် ဇောမကပ်ကြသူများ




ဒီနေ့ ညနေ အလုပ်ကနေ အိမ်ပြန်လာရင်း လမ်းမှာကြုံခဲ့ရတာလေးပါ။

ညနေ အလုပ်ကနေ ကားမောင်းပြီးပြန်လာတော့ ရုံးဆင်းချိန်မို့ ကားတွေက တစ်လမ်းလုံး ကျပ်ပိတ်နေပါတယ်။ ဂျပန်နယ်မြို့ တွေရဲ့  ထုံးစံအတိုင်း လမ်းတွေက အသွားနှင့် အပြန် အတွက် ယဉ်ကြောတစ်ခုစီပဲ ရှိတာမို့ ရှေ့ ကားသွားတဲ့နောက်ကို နောက်ကားတွေက တန်းစီပြီး လိုက်ရုံပါပဲ။ ကျော်တက်လို့လည်း မရပါဘူး။ 

အခုလည်း လမ်းကတောက်လျှောက်ပိတ်နေတာမို့ လမ်းစုံနှစ်ခုကြား မီးပွိုင့်တွေ စိမ်းနေတာတောင်မှ ဘလော့ခ်တစ်ခုစာမက ကားတွေကျပ်နေပြီး ဖြေးဖြေးချင်း တန်းစီမောင်းနေကြ့ရပါတယ်။

ဒီလိုနှင့် လမ်းမတစ်ခုပေါ်ကနေ ကျွန်တော်ကွေ့ဝင်ရမယ့် လမ်းကြားလေးကို ရောက်လာပါတယ်။ ကွေ့ရမှာက ကိုယ့်ယဉ်ကြောကနေ၊ တစ်ဘက်ယဉ်ကြောကို ဖြတ်ပြီး ကွေ့ရမှာပါ။ (ဂျပန်က ဘယ်မောင်းဆိုတော့ ဘယ်ဘက်လမ်းကနေ ညာဘက်မှာရှိတဲ့ လမ်းထဲကို ကွေ့ဝင်ရမှာပါ။) လမ်းကျဉ်းတစ်ခုသာဖြစ်တာမို့ မီးပွိုင့်လည်းမရှိသလို၊ ရပ်မျဉ်းလည်း ပေးမထားပါဘူး။ အခြေအနေကြည့်ပြီး ကွေ့ရမှာပါ။ လမ်းကြော ဟိုဘက်ဒီဘက် ဒီလောက် ယဉ်တန်းကြီးပိတ်စို့နေတာမို့ ကွေ့ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါပဲ။ ကားတွေကလည်း မီးပွိုင့်စိမ်းနေတုန်း ပွိုင့်လွတ်အောင် အကုန် အသည်းအသန် မောင်းနေကြတာပါ။

ကျွန်တော်ကွေ့ဖို့ အချက်ပြမီးကို ပြလိုက်ပြီး ကားကို အရှိန်လျှော့လိုက်ပါတယ်။ စိတ်ကူးတာတော့ မီးပွိုင့်နီတဲ့အချိန်ကျမှ ယဉ်တန်းခဏပါးသွားတုန်းလေး လမ်းထဲ ကွေ့ဝင်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော် အရှိန်လျှော့ပြီး Indicator ပြလိုက်တာနှင့် ကျွန်တော့်ရှေ့  မျက်နှာချင်းဆိုင်က လမ်းမအတိုင်း အတည့်မောင်းလာနေတဲ့ကားဟာ အလိုက်တသိပဲ ရပ်ပေးလိုက်ပါတယ်။ ကျွန်တော် အဲဒီကားဆီကို ကျေးဇူးတင်စွာဖြင့်ကြည့်ရင် သူ့ရှေ့ ကနေ လမ်းထဲ ခပ်သုပ်သုပ်ကွေ့ဝင်မောင်းလာခဲ့လိုက်ပါတယ်။

တကယ်လမ်းစည်းကမ်းအရဆိုရင် သူကအဖြောင့်မောင်း၊ ကိုယ်က ကွေ့မယ့်သူမို့ သူရပ်ပေးစရာမလိုပါဘူး။ မျက်နှာချင်းဆိုင်လာနေတဲ့ ယဉ်ကြောဆီက ကားရှင်းမှ ကိုယ်က ကွေ့ဝင်ရမှာပါ။ ဒါပေမယ့် တစ်ဘက်ကားကလူက အလိုက်တသိနှင့် ရပ်ပေးတာဟာ နားလည်မှုနှင့် ကူညီလိုက်ခြင်းသက်သက်ပါ။

ကျွန်တော်ကားမောင်းလာရင်း အတူပါလာတဲ့ မိတ်ဆွေကို ပြောဖြစ်တယ်။ တကယ်လို့ သူ့နေရာမှာ ကိုယ်သာဆိုရင် ဒီလို ရပ်ပေးချင်မှ ရပ်ပေးဖြစ်မယ်လို့။ ဘာလို့ဆို ဒီလောက်ကားပိတ်နေတဲ့အချိန်၊ ပွိုင့်လေးစိမ်းနေတုန်း အမြန်မောင်းနေရတာ။ သူ့ကိုရပ်ပေးလိုက်ရင် ကိုယ်က ပွိုင့်ထပ်စောင့်နေရမှာလို့ တွေးရင် တွေးမိနိုင်တယ်။ ဒီလူတွေ ကားမောင်းတာ ဇောကပ်မနေကြဘူး။ စိတ်အေးလက်အေးရှိကြတယ်။ ကိုယ်တွေပဲ မြန်မာပြည်ကလာလို့လားမသိဘူး။ ကား မောင်းရင်လည်း မြန်မြန်မောင်းတယ်။ ရှေ့ ကားကနှေးနေရင်လည်း စိတ်မရှည်ဘူး။ ကိုယ့်ရှေ့ က ကို့ရို့ ကားယားမောင်းနေရင်လည်း ကလော်တုပ်ချင်တယ် စသဖြင့်ပေါ့။ အကျင့်တွေ ပါလာတာ။

ဒါနဲ့စကားစပ်မိပြီး မနှစ်တုန်းက Facebook မှာ အမေရိကန်က တစ်ယောက်တင်ဖူးခဲ့တဲ့ status လေးတစ်ခုအကြောင်း မိတ်ဆွေကိုပြောဖြစ်တယ်။

အဲဒီလူက ဟာဝိုင်ယီကျွန်းကို သွားလည်တယ်။ အဲဒီမှာ သူ့မိတ်ဆွေတစ်ယောက်နှင့်အတူ ကားမောင်းရင်း မီးပွိုင့်တစ်ခုမှာ မီးနီမိတယ်။ သူတို့ကားက ပွိုင့်ရဲ့ ထိပ်ဆုံးမှာ။ မီးနီကို ရပ်စောင့်ရင်း နှစ်ယောက်သား စကားကောင်းကြတော့ ပွိုင့်ကစိမ်းသွားတာ သူတို့ မသိလိုက်ကြဘူး။ ပွိုင့်က နောက်တစ်ခါပြန်နီသွားတယ်။ အဲဒီအချိန်မှာ သူတို့ကားမှန်ကို အဖွားကြီးတစ်ယောက်က လာခေါက်တယ်။ နောက်စိုးရိမ်တဲ့ပုံစံနှင့် ဘာများဖြစ်လို့လဲ။ ကားများတစ်ခုခုဖြစ်နေလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်များ တစ်ခုခုဖြစ်နေသလား လို့ မေးတယ်။ သူတို့က ရုတ်တရတ်ကြောင်သွားတော့ မီးပွိုင့်မီးစိမ်းတာကို ကားက မောင်းမထွက်လို့ စိုးရိမ်ပြီး နောက်ကားကနေ ဆင်းပြီး လာမေးတာလို့ ပြောမှ သူတို့လည်း သတိရတော့တယ်။ နောက်ကိုကြည့်လိုက်တော့ ကားတန်းကြီးက တောတော်ရှည်ရှည် တန်းစီနေပြီ။ ဒါပေမယ့် ဘယ်သူမှ ဟွန်းမတီးကြဘူး။ သူတို့ကို စိတ်ရှည်လက်ရှည်နှင့် စောင့်ပေးနေကြတယ်တဲ့။

အဲဒီလူက ဟာဝိုင်ယီကလူတွေ ကားမောင်းရာမှာ စိတ်ရှည်သည်းခံနိုင်ကြတာကို ချီးကျူးထားတယ်။ ကိုယ်လည်း သူရေးထားတာဖတ်ပြီး အဲဒီလူ မြန်မာပြည်မှာသာဆိုရင် နောက်ကကားတွေ ဟွန်းတီးတဲ့သူကတီး၊ မီးတောက်တဲ့သူကတောက်၊ ခေါင်းထွက်ပြီးဆဲတဲ့သူက ဆဲနှင့် တော်တော်လေး ပွက်လောရိုက်လောက်တယ်လို့ တွေးမိတယ်။ ကိုယ်သာ သူ့ကားနောက်မှာဆိုရင်လည်း အနည်းဆုံး ဟွန်းမတီးဖြစ်ရင်တောင် မီးကြီးလေးတော့ တောက်ပြီး သတိပေးဖြစ်မယ်ထင်တယ်။

ဘာပဲဖြစ်ဖြစ် ကားမောင်းကြတဲ့သူတွေ စိတ်အေးလက်အေး ဇောမကပ်ပဲ မောင်းကြတာကောင်းတယ်။ အစစအရာရာ အတွက် အန္တရာယ်လည်းကင်းတယ်။ နောက် ကားမောင်းသူအချင်းချင်း ကိုယ်ချင်းစာစိတ်လေးထားပြီး ကူညီဖေးမလို့ ဦးစားပေးသင့်တာမျိုးပေး၊ ကိုယ်က လျှော့လို့ရတာမျိုးဆို လျှော့ပေးလိုက်ကြရင် လမ်းဘယ်လောက်ကျဉ်းကျဉ်း ယဉ်ကြောရှင်းမယ်။ အချိန်ကုန်လည်း သက်သာလို့ လိုရာခရီး မြန်မြန်ရောက်စေနိုင်တယ်။

ယဉ်ကျေးလူ့အဖွဲ့ အစည်းတစ်ခု ဖြစ်လာဖို့ဆိုရင် စည်းကမ်းရှိဖို့ တစ်ခုတည်းသာမကပဲ၊ လူအချင်းချင်း တစ်ဦးနှင့် တစ်ဦး ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်တွေ ထားတတ်ဖို့ နှင့် မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်တွေ လူတိုင်းကိုယ်စီရှိနေဖို့လည်း လိုလိမ့်အုံးမယ်လို့ အိမ်အပြန် ကားမောင်းလာရင်း စဉ်းစားမိခဲ့ပါတယ်။

No comments:

Post a Comment