Saturday, January 24, 2015

ယဉ်ကျေးလူ့အဖွဲ့အစည်းနှင့် ဇောမကပ်ကြသူများ




ဒီနေ့ ညနေ အလုပ်ကနေ အိမ်ပြန်လာရင်း လမ်းမှာကြုံခဲ့ရတာလေးပါ။

ညနေ အလုပ်ကနေ ကားမောင်းပြီးပြန်လာတော့ ရုံးဆင်းချိန်မို့ ကားတွေက တစ်လမ်းလုံး ကျပ်ပိတ်နေပါတယ်။ ဂျပန်နယ်မြို့ တွေရဲ့  ထုံးစံအတိုင်း လမ်းတွေက အသွားနှင့် အပြန် အတွက် ယဉ်ကြောတစ်ခုစီပဲ ရှိတာမို့ ရှေ့ ကားသွားတဲ့နောက်ကို နောက်ကားတွေက တန်းစီပြီး လိုက်ရုံပါပဲ။ ကျော်တက်လို့လည်း မရပါဘူး။ 

အခုလည်း လမ်းကတောက်လျှောက်ပိတ်နေတာမို့ လမ်းစုံနှစ်ခုကြား မီးပွိုင့်တွေ စိမ်းနေတာတောင်မှ ဘလော့ခ်တစ်ခုစာမက ကားတွေကျပ်နေပြီး ဖြေးဖြေးချင်း တန်းစီမောင်းနေကြ့ရပါတယ်။

ဒီလိုနှင့် လမ်းမတစ်ခုပေါ်ကနေ ကျွန်တော်ကွေ့ဝင်ရမယ့် လမ်းကြားလေးကို ရောက်လာပါတယ်။ ကွေ့ရမှာက ကိုယ့်ယဉ်ကြောကနေ၊ တစ်ဘက်ယဉ်ကြောကို ဖြတ်ပြီး ကွေ့ရမှာပါ။ (ဂျပန်က ဘယ်မောင်းဆိုတော့ ဘယ်ဘက်လမ်းကနေ ညာဘက်မှာရှိတဲ့ လမ်းထဲကို ကွေ့ဝင်ရမှာပါ။) လမ်းကျဉ်းတစ်ခုသာဖြစ်တာမို့ မီးပွိုင့်လည်းမရှိသလို၊ ရပ်မျဉ်းလည်း ပေးမထားပါဘူး။ အခြေအနေကြည့်ပြီး ကွေ့ရမှာပါ။ လမ်းကြော ဟိုဘက်ဒီဘက် ဒီလောက် ယဉ်တန်းကြီးပိတ်စို့နေတာမို့ ကွေ့ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါပဲ။ ကားတွေကလည်း မီးပွိုင့်စိမ်းနေတုန်း ပွိုင့်လွတ်အောင် အကုန် အသည်းအသန် မောင်းနေကြတာပါ။

ကျွန်တော်ကွေ့ဖို့ အချက်ပြမီးကို ပြလိုက်ပြီး ကားကို အရှိန်လျှော့လိုက်ပါတယ်။ စိတ်ကူးတာတော့ မီးပွိုင့်နီတဲ့အချိန်ကျမှ ယဉ်တန်းခဏပါးသွားတုန်းလေး လမ်းထဲ ကွေ့ဝင်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော် အရှိန်လျှော့ပြီး Indicator ပြလိုက်တာနှင့် ကျွန်တော့်ရှေ့  မျက်နှာချင်းဆိုင်က လမ်းမအတိုင်း အတည့်မောင်းလာနေတဲ့ကားဟာ အလိုက်တသိပဲ ရပ်ပေးလိုက်ပါတယ်။ ကျွန်တော် အဲဒီကားဆီကို ကျေးဇူးတင်စွာဖြင့်ကြည့်ရင် သူ့ရှေ့ ကနေ လမ်းထဲ ခပ်သုပ်သုပ်ကွေ့ဝင်မောင်းလာခဲ့လိုက်ပါတယ်။

တကယ်လမ်းစည်းကမ်းအရဆိုရင် သူကအဖြောင့်မောင်း၊ ကိုယ်က ကွေ့မယ့်သူမို့ သူရပ်ပေးစရာမလိုပါဘူး။ မျက်နှာချင်းဆိုင်လာနေတဲ့ ယဉ်ကြောဆီက ကားရှင်းမှ ကိုယ်က ကွေ့ဝင်ရမှာပါ။ ဒါပေမယ့် တစ်ဘက်ကားကလူက အလိုက်တသိနှင့် ရပ်ပေးတာဟာ နားလည်မှုနှင့် ကူညီလိုက်ခြင်းသက်သက်ပါ။

ကျွန်တော်ကားမောင်းလာရင်း အတူပါလာတဲ့ မိတ်ဆွေကို ပြောဖြစ်တယ်။ တကယ်လို့ သူ့နေရာမှာ ကိုယ်သာဆိုရင် ဒီလို ရပ်ပေးချင်မှ ရပ်ပေးဖြစ်မယ်လို့။ ဘာလို့ဆို ဒီလောက်ကားပိတ်နေတဲ့အချိန်၊ ပွိုင့်လေးစိမ်းနေတုန်း အမြန်မောင်းနေရတာ။ သူ့ကိုရပ်ပေးလိုက်ရင် ကိုယ်က ပွိုင့်ထပ်စောင့်နေရမှာလို့ တွေးရင် တွေးမိနိုင်တယ်။ ဒီလူတွေ ကားမောင်းတာ ဇောကပ်မနေကြဘူး။ စိတ်အေးလက်အေးရှိကြတယ်။ ကိုယ်တွေပဲ မြန်မာပြည်ကလာလို့လားမသိဘူး။ ကား မောင်းရင်လည်း မြန်မြန်မောင်းတယ်။ ရှေ့ ကားကနှေးနေရင်လည်း စိတ်မရှည်ဘူး။ ကိုယ့်ရှေ့ က ကို့ရို့ ကားယားမောင်းနေရင်လည်း ကလော်တုပ်ချင်တယ် စသဖြင့်ပေါ့။ အကျင့်တွေ ပါလာတာ။

ဒါနဲ့စကားစပ်မိပြီး မနှစ်တုန်းက Facebook မှာ အမေရိကန်က တစ်ယောက်တင်ဖူးခဲ့တဲ့ status လေးတစ်ခုအကြောင်း မိတ်ဆွေကိုပြောဖြစ်တယ်။

အဲဒီလူက ဟာဝိုင်ယီကျွန်းကို သွားလည်တယ်။ အဲဒီမှာ သူ့မိတ်ဆွေတစ်ယောက်နှင့်အတူ ကားမောင်းရင်း မီးပွိုင့်တစ်ခုမှာ မီးနီမိတယ်။ သူတို့ကားက ပွိုင့်ရဲ့ ထိပ်ဆုံးမှာ။ မီးနီကို ရပ်စောင့်ရင်း နှစ်ယောက်သား စကားကောင်းကြတော့ ပွိုင့်ကစိမ်းသွားတာ သူတို့ မသိလိုက်ကြဘူး။ ပွိုင့်က နောက်တစ်ခါပြန်နီသွားတယ်။ အဲဒီအချိန်မှာ သူတို့ကားမှန်ကို အဖွားကြီးတစ်ယောက်က လာခေါက်တယ်။ နောက်စိုးရိမ်တဲ့ပုံစံနှင့် ဘာများဖြစ်လို့လဲ။ ကားများတစ်ခုခုဖြစ်နေလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်များ တစ်ခုခုဖြစ်နေသလား လို့ မေးတယ်။ သူတို့က ရုတ်တရတ်ကြောင်သွားတော့ မီးပွိုင့်မီးစိမ်းတာကို ကားက မောင်းမထွက်လို့ စိုးရိမ်ပြီး နောက်ကားကနေ ဆင်းပြီး လာမေးတာလို့ ပြောမှ သူတို့လည်း သတိရတော့တယ်။ နောက်ကိုကြည့်လိုက်တော့ ကားတန်းကြီးက တောတော်ရှည်ရှည် တန်းစီနေပြီ။ ဒါပေမယ့် ဘယ်သူမှ ဟွန်းမတီးကြဘူး။ သူတို့ကို စိတ်ရှည်လက်ရှည်နှင့် စောင့်ပေးနေကြတယ်တဲ့။

အဲဒီလူက ဟာဝိုင်ယီကလူတွေ ကားမောင်းရာမှာ စိတ်ရှည်သည်းခံနိုင်ကြတာကို ချီးကျူးထားတယ်။ ကိုယ်လည်း သူရေးထားတာဖတ်ပြီး အဲဒီလူ မြန်မာပြည်မှာသာဆိုရင် နောက်ကကားတွေ ဟွန်းတီးတဲ့သူကတီး၊ မီးတောက်တဲ့သူကတောက်၊ ခေါင်းထွက်ပြီးဆဲတဲ့သူက ဆဲနှင့် တော်တော်လေး ပွက်လောရိုက်လောက်တယ်လို့ တွေးမိတယ်။ ကိုယ်သာ သူ့ကားနောက်မှာဆိုရင်လည်း အနည်းဆုံး ဟွန်းမတီးဖြစ်ရင်တောင် မီးကြီးလေးတော့ တောက်ပြီး သတိပေးဖြစ်မယ်ထင်တယ်။

ဘာပဲဖြစ်ဖြစ် ကားမောင်းကြတဲ့သူတွေ စိတ်အေးလက်အေး ဇောမကပ်ပဲ မောင်းကြတာကောင်းတယ်။ အစစအရာရာ အတွက် အန္တရာယ်လည်းကင်းတယ်။ နောက် ကားမောင်းသူအချင်းချင်း ကိုယ်ချင်းစာစိတ်လေးထားပြီး ကူညီဖေးမလို့ ဦးစားပေးသင့်တာမျိုးပေး၊ ကိုယ်က လျှော့လို့ရတာမျိုးဆို လျှော့ပေးလိုက်ကြရင် လမ်းဘယ်လောက်ကျဉ်းကျဉ်း ယဉ်ကြောရှင်းမယ်။ အချိန်ကုန်လည်း သက်သာလို့ လိုရာခရီး မြန်မြန်ရောက်စေနိုင်တယ်။

ယဉ်ကျေးလူ့အဖွဲ့ အစည်းတစ်ခု ဖြစ်လာဖို့ဆိုရင် စည်းကမ်းရှိဖို့ တစ်ခုတည်းသာမကပဲ၊ လူအချင်းချင်း တစ်ဦးနှင့် တစ်ဦး ကိုယ်ချင်းစာစိတ်၊ မေတ္တာစိတ်တွေ ထားတတ်ဖို့ နှင့် မှန်မှန်ကန်ကန် စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်တွေ လူတိုင်းကိုယ်စီရှိနေဖို့လည်း လိုလိမ့်အုံးမယ်လို့ အိမ်အပြန် ကားမောင်းလာရင်း စဉ်းစားမိခဲ့ပါတယ်။


ဆက်လက်ဖတ်ရှုရန်

Thursday, January 1, 2015

ဘုရားအာရုံပြုပုံ




ဘာသာခြားပုဂ္ဂိုလ်တွေ သူတို့ဘုရား အာရုံပြုပုံ တွေ့မိကြမှာပေါ့။ ဘယ်လောက် (စိတ်) စိုက်တုန်း။ တခါတလေများ သွားရင်းလာရင်းများတောင်မှ သူတို့လေ မတ်မတ်ရပ်ပြီးတော့ သူတို့ဘုရားကိုအာရုံပြုပြီးတော့ စိုက်နေလိုက်တာ။ အဲဒီဟာ ဒါဈာန်ပဲ။ ဈာန်တရားတွေ ဖြစ်နေတာပဲ။ စိုက်လို့။ နောက်ပြီး သူတို့ဝတ်ကျောင်းများထဲမှာ ငြိမ်လို့။ စိုက်ပြီးတော့ နေလိုက်ကြတာ။ ကုသိုလ်ရတယ် မရဘူးဆိုတာကတော့ အာရုံမှန်မှ ရပါတယ်။ စိုက်တာကတော့ စိုက်နေတာပဲ။ အာရုံယူနေပုံကတော့ အင်မတန်ကို အားရစရာကောင်းတယ်။ အင်မတန်စိုက်ပြီး နေတာပဲ။ ဒီတော့ ဘုန်းကြီးက ဘုန်းကြီးတို့တရားနှင့် သူတို့ကိုကြည့်လိုက်တော့ သဘာဝသိပ်ကျတာပဲ။ ကုသိုလ်ရတာ မရတာ ဘုန်းကြီးပြောတာမဟုတ်ဘူးနော်။ အာရုံကမှန်မှ ကုသိုလ်တော့ရတယ်။ ၀တ်ကျောင်းများထဲမှာ ပရိတ်သတ်တွေစုပြီတော့ စိုက်ပြီး အာရုံယူနေလိုက်တာ။ ဘယ်လောက်ကောင်းလဲ။

ဒီတော့ကာ လောကကြီးထဲမှာ သဘာဝနော်။ သူများလှတာကိုမြင်လို့ရှိရင် ကိုယ့်အိမ်က မလှရင် နဲနဲမကျေနပ်ချင်ဘူး။ ဒါ ထုံးစံ။ သူများလှတာကိုမြင်ရင် ကိုယ့်အိမ်ကလည်း လှနေရင် အင်မတန်ကောင်းတယ်။ ဘုန်းကြီးတို့ ဗမာများက ဘုရားဆိုရင် သွားကြည့်။ ရွှေတိဂုံဘုရားလူကြီးက မိမိတို့ ရွှေတိဂုံကို လှမ်းပြီးတော့ မျှော်ကြည့်။ မဟာမြတ်မုနိဘုရားလူကြီးက မိမိတို့ မဟာမြတ်မုနိကို မှန်းပြီးတော့ ကြည့်။ ဘုရားရှိခိုးလာတဲ့ လူတွေဟာ စိုက်ပြီးတော့ အာရုံယူတာ ဘယ်နှစ်ယောက်လောက်များ တွေ့လိုက်ကြတုန်း။ တွေ့ခဲ့ဖူးကြတုန်း။ ပတ်ဝန်းကျင်ကလည်း ဆူဆူညံညံနဲ့။ တခါတရံ ဘုရားပွဲဆိုရင် ဗြုံးဒိုင်းဗြုံးဒိုင်း ဗြုံးဒိုင်းဗြုံးဒိုင်းနဲ့ ။ ပြီးတော့ ရတဲ့သူကလည်း သူ့အသံကို အသံကုန်ဟစ်ပြီးတော့ တခါတခါ ကြွားချင်ကြွားတာပဲ ဒီအနားမှာလေ။ ဘေးနားက ဘုရားရှိခိုးမရလို့ ခပ်တိုးတိုးလေးခိုးနေတယ်။ ဘုရားရှိခိုးရတဲ့ အသံကောင်းတဲ့သူကလည်း သူ့အသံကို သူဟစ်တာပဲ ဒီအနားမှာ။ ဘယ်မှာလဲပဲ စူးစိုက်တာ။ ဗုဒ္ဓါနုဿတိအာရုံ ဘယ်မှာလဲ စူးစိုက်တာ။

ဘုန်းကြီးက အသံကျယ်ကျယ်နှင့် ရှိမခိုးရဘူးလို့ မဆိုလိုပါဘူး။ တခါတခါ အသံထုတ်ပြီး ဘုရားအာရုံယူနေတဲ့ ဥစ္စာဟာ အင်မတန်အရသာရှိပါတယ်။ အဲဒီလိုအတွက်ကတော့ အသံလည်း ထုတ်ရင်း။ စိတ်ကလည်း စိုက်ရင်း။ အရသာကိုရှိလို့။ ပီတိကိုဖြစ်လို့။ ဘုရားဂုဏ်တော်တွေရွတ်ပြီးတော့ အသံကျယ်ကျယ်နဲ့။ ဒါက တိတ်ဆိတ်တဲ့ ကိုယ့်အိမ်မှာမျိုး။ တိတ်ဆိတ်တဲ့ ဘုရားရှေ့ တော်မှာမျိုး။ အဲဒီအခါကျတော့ ဒီအရသာပေါ်တယ်။ ဈာန်အရသာပေါ်တယ်။ ဈာန်စိတ်ဖြစ်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးအတွက် ဘုန်းကြီးက ဘာမှ အပြစ်ပြောစရာမရှိဘူး။ အင်မတန်ကောင်းတယ်။ အသံကလည်း ဂုဏ်တော်ကို ထုတ်ပြီး ရွတ်နေတယ်။ အဲဒီအသံအလိုက်လည်း စိတ်က ဂုဏ်တော်ထဲမှာ စွဲပြီးတော့နေတယ်။ ရွတ်ရင်းရွတ်ရင်းကို ပီတိတွေ ဖြစ်ပြီးတော့လာတယ်။ စိတ်ကဘယ်မှ မရောက်ဘူး။ ဒီဂုဏ်တော်အာရုံမှာပဲ ရွတ်ရင်းရွတ်ရင်း စိတ်တည်နေတယ်ဆိုရင် ဒါဈာန်ဖြစ်နေတာပဲ။ အဲဒီလိုပုဂ္ဂိုလ်အတွက်ကတော့ ဘုန်းကြီး ဘာမှ ဝေဖန်စရာမလိုဘူး။ အင်မတန်ကောင်းတယ်။

ယခုတော့ကာ ဘုရားပွဲတွေနဲ့။ ဗြုံးဒိုင်းဗြုံးဒိုင်း။ အသံတွေက ကျယ်ကျယ်လောင်လောင်။ ဟိုကစကားတွေက အမျိုးမျိုးပြော။ ဒီမှာ ဟစ်ကြအော်ကြ။ ဘုရားဂုဏ်တော်တွေ ရွတ်ကြဖတ်ကြတယ်။ ဒါဈာနပစ္စည်းနဲ့။ နိုင်ငံခြားလူများရဲ့ စူးစိုက်မှုနှင့်။ ဘယ်လောက်ရှက်စရာကောင်းတုန်း
ပြီး တဖန် ကိုယ့်အိမ်မှာလည်းပဲ ဘုရားရှိခိုးနေလိုက်ကြတာ။ စိတ်က တခြား။ အသံကတော့ ရတာ ရွတ်နေတာပဲ။ ဣတိပိသော ဘဂ၀ါတို့ ဘာတို့ ရွတ်နေတာပဲ။ ရွတ်သာရွတ်နေတယ်။ စိတ်ကတော့ တခြားရောက်နေတယ်။ ပါးစပ်ကရလို့ရွတ်နေတယ်။ စိတ်ကတခြား။ ဒါ ဈာန် စူးစိုက်မှု မပါပါဘူး။ အဲဒါကြောင့် ဘုန်းကြီးတို့ ဗုဒ္ဓဘာသာတွေဟာ အဆင့်အတန်းမြင့်မြင့်နှင့် ဖြစ်စေချင်လွန်းလို့။ တိုးတိုးရှိခိုး။ စိုက်ပြီးတော့ ဘုရားအာရုံပြု ပြောနေရတယ်။ ရှိခိုးလို့ရှိရင် အသံကောင်းတဲ့သူက တိုးတိုးရှိခိုး။ ဘေးကကြားလို့ရှိရင် သာယာနာပျော်ဖွယ်ရှိအောင် တိုးတိုးလေးရွတ်စမ်း။ အဲဒါကကောင်းတယ်။ ဒီလိုဆူဆူညံညံဘုရားရှိခိုးနည်းတွေကတော့ သဘာဝသိပ်မကျပါဘူး။ နဲနဲပါးပါး အကျိုးရှိတာကတော့ ထားပါတော့။ အကျိုးလုံးလုံးတော့ မဆုတ်ယုတ်ပါဘူး။ ဒါပေမယ့်လို့ ဈာနပစ္စည်းဖြစ်လောက်အောင် စူးစိုက်တဲ့အနေမျိုးရောက်ဖို့ကတော့ မနဲကြီး စဉ်းစားရပါလိမ့်မယ်။

တခါ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာက ဘုရားအာရုံပြုတဲ့နေရာမှာသာ အစူးအစိုက်နဲတာ မဟုတ်ဘူး။ မေတ္တာပို့ကြပြီ။ ပါးစပ်က အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု။ စိတ်က တခြားရောက်နေတယ်။ ပါးစပ်က ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ ဆိုပေမယ့် စိတ်က တခြားရောက်နေတယ်။ မစူးစိုက်ဘူး။ အများနှင့်ရောပြီးတော့ သံပြိုင်မေတ္တာပို့ရတာကတော့ ထားပါတော့ပေါ့။ တစ်ယောက်တည်း၊ သံဃာတော် တစ်ပါးတည်း မေတ္တာပို့လို့ရှိရင် နှုတ်ကလေးလှုပ်တယ်ဆိုရုံလောက်လေး။ အရှေ့ အရပ်မှာနေကြတဲ့ သတ္တ၀ါတွေ စိတ်ကအာရုံပြုပြီးတော့ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ ရွတ်ပြန်လို့ရှိရင်လည်း တိုးတိုးကလေးရွတ်ပြီးတော့။ စိတ်ကစူးစိုက်လို့။ ဒါမှ မေတ္တာဈာန်ဖြစ်တယ်။ တောင်ဘက်ကို အာရုံပြုလိုက်တယ်ဆိုလို့ရှိရင်လည်း တောင်ဘက်ကို စိတ်ကစိုက်လို့ တောင်ဘက်အရပ်မှာရှိကြတဲ့ သတ္တ၀ါများ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။ အဲဒီလို အရပ်ဆယ်မျက်နှာ စူးစိုက်ပြီးတော့ အာရုံပြုရပါတယ်။ အဝေရာဟောန္တု စသည်အားဖြင့် ရွတ်ပြီးတော့ စိတ်မပါ့တပါနှင့် မေတ္တာပို့တာကတော့ မေတ္တာကို မဟုတ်ပါဘူး။ စူးစိုက်မှုဆိုတာ အဝေးကြီး။ မေတ္တာကို မဖြစ်ပါဘူး။ ဖြစ်ရင် နဲနဲကလေးဖြစ်မယ်။ စူးစိုက်တာ မဟုတ်တဲ့အတွက် လေးလေးပင်ပင် မေတ္တာမျိုး မဖြစ်ပါဘူး။ ဒါလေးကို နားလည်စေချင်တယ်လေ။

ဘုန်းကြီးတို့တရားတော်က အင်မတန်တိကျရဲ့ သားနဲ့ လူတွေက တိတိကျကျမလိုက်နိုင်လို့မို့ မိမိတို့တရားတော်ကို အထင်သေးလို့။ အဲဒီလိုဖြစ်နေလို့မို့ နေရာတိုင်း တိတိကျကျလိုက်ကြစမ်းပါ။ ဗုဒ္ဓမြတ်စွာကိုအာရုံပြုပြီးတော့ စူးစိုက်ပြီးတော့ တရားရသွားတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ တိတ်တိတ်ဆိတ်ဆိတ် စူးစူးစိုက်စိုက်နှင့် ဘုရားပူဇော်ရင် အခုလည်းပဲ တရားရနိုင်တယ်။ ဒါကြောင့် ဘုန်းကြီးက ဘုရားရှေ့ တော်မှာ သန့်ရှင်းကြပါ။ တိတ်ဆိတ်ကြပါ။ မိမိရဲ့  အိမ်မှာ ဘုရားကိုပူဇော်လို့ရှိရင် ရှုပ်ရှုပ်ထွေးထွေးနှင့် မပူဇော်ပဲနှင့် သန့်သန့်ရှင်းရှင်းနှင့် သက်တော်ထင်ရှားဘုရားရှေ့ မှာ မိမိရောက်နေသလိုအထိ ပူဇော်လိုက်ကြစမ်းပါ။ အင်မတန်ကောင်းပါတယ်။

ဗုဒ္ဓဘာသာမဟုတ်တဲ့သူများက မေတ္တာပို့ကြလို့ရှိရင် တိတ်လို့၊ ငြိမ်လို့။ သဘောကျလိုက်တာ။ ဘုန်းကြီးက ပြောင်းပြန်ပြန်လိုက်ချင်တာ။ တို့ဗမာလူမျိုးတွေက သွားဟိုဘက်။ အဲဒီလူတွေကလာ တို့ဗုဒ္ဓဘာသာဘက်ကို။ သူတို့က မေတ္တာပို့နေလိုက်ကြတာ ငြိမ်လို့။ တခါတုန်းကများ လေးရာလောက် စည်းဝေးနေကြတာ တုပ်တုပ်မှမလှုပ်ဘူးတဲ့။ ငြိမ်လို့ သူတို့အာရုံနှင့် သူတို့ယူနေကြတာ။ မေတ္တာပို့ကြစို့ ဆိုလို့ရှိရင် မေတ္တာပို့လို့ ငြိမ်နေကြတယ်။ ဒီက ဘုရားဒကာကြီးတွေရဲ့ ၊ ဘုရားလူကြီးတွေရဲ့  ဘုရားဝိုင်းထဲမှာတော့ ၀ုန်းဒိုင်းဝုန်းဒိုင်း ၀ုန်းဒိုင်းဝုန်းဒိုင်းကြားက မေတ္တာပို့တဲ့သူတွေကလည်း မေတ္တာပို့ကြ။ ရွတ်တဲ့သူတွေကလည်း ရွတ်ကြ။ ဆွမ်းတော်တင်တဲ့သူတွေကလည်း ဆွမ်းတော်တင်ကြ။ ဆွမ်းတော်ကောက်တဲ့သူတွေကလည်း ဆွမ်းတော်ကောက်ကြနဲ့။ ရှုပ်လို့။

ဒီတော့ ဘုန်းကြီးတို့ရဲ့  အကောင်းတွေကို ဘယ်ကယူနေကြလဲဆိုတော့ ဘုန်းကြီးတို့ ဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တွေကယူပြီးတော့ အသုံးချနေကြတယ်။ ဘုန်းကြီးတို့ဘာသာဝင်တွေကတော့ မိမိတို့ဖာသာမိမိတို့ ဟုတ်လှပြီလို့ ထင်ပြီးတော့ ဘယ်နှယ့်ကြောင့် ဒီလို ကြမ်းကြမ်းတမ်းတမ်းအသံတွေနှင့် ဘာသာရေးကိစ္စကို အသုံးချနေကြသလဲ။ သိပ်စဉ်းစားစရာကောင်းပါတယ်။

တခါ မေတ္တာပို့တာသာမဟုတ်ဘူး။ အသုဘဘာဝနာလည်း ဈာန်လိုပဲ စိုက်ပြီးတော့ ရှုလိုက်လို့ရှိရင်လေ တကယ့်ကိုတရားပေါက်တယ်။ အသုဘရှု၊ အသုဘရှုဆိုတာ ဒီဈာနပစ္စည်းနှင့် တွဲပြီးတော့ ရှေးက သုံးထားဟန်တူတယ်။ ဘုန်းတော်ကြီးများ အသုဘရှုကြွတော်မူပါ။ အသုဘရှုလိုက်ကြပါ။ အဲဒီလို တရားနှင့်ခေါ်တာပဲ။ အသုဘပို့တဲ့နေရာမှာလည်း ဘုန်းကြီးတို့ ဗမာတွေ ဘုန်းကြီးတွေရော၊ လူတွေရော။ ဟိုက ဖိတ်တော့ အသုဘရှု၊ အသုဘပို့နဲ့ ဖိတ်ကြပါရဲ့ ။ ပွဲနေပွဲထိုင်သွားတာလောက်သာ မမှီတာ။ အထိုက်အလျှောက်ပြင်လို့ဆင်လို့။ မော်တော်ကားကြီးတွေနဲ့။ ခမ်းခမ်းနားနားနဲ့။ စကားစမြည် ရောင်းမှု ၀ယ်မှုတွေပြောလို့။ ဟိုကိစ္စ ဒီကိစ္စတွေပြောလို့။ မလိုက်မကောင်းလို့ လိုက်လာကြတာ။ ဘုန်းကြီးတို့ ဘုန်းတော်ကြီးတွေကိုယ်တိုင်ကလည်း ဘယ်လိုဆိုတဲ့ဥစ္စာ သုဿန်သွားပြီးတော့ ကြည့်ကြပေါ့လေ။

ဒီတော့ ဘုန်းကြီးတို့ရဲ့  အသုဘရှုကလည်း အသုဘဘာဝနာက တကယ်ရှုရင် တကယ့်ကို တရားရလောက်တဲ့ဥစ္စာကို အသုဘကို တကယ်မရှုပဲနဲ့ ၀တ်ကျေတန်းကျေရှုပြီးတော့ နေကြတဲ့အတွက် ဘာမှအကျိုးမရတဲ့အပြင် ဘာသာခြားတွေ၊ နိုင်ငံခြားကလူတွေကလာပြီ။ အသုဘပို့။ ငြိမ်လို့။ တိတ်ဆိတ်လို့။ အ၀တ်များတောင်မှ အသုဘအခမ်းအနားအတွက် အ၀တ်ကို တမျိုးဝတ်လို့။ တယ်ကြည်နူးစရာကောင်းတယ်။ အသုဘနှင့်စပ်တဲ့အတွေးကိုတွေးလို့။ ငါတို့လည်း ဒီလိုသေရအုံးမယ်ဆိုတဲ့ အတွေးမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဗုဒ္ဓဘာသာဆိုတဲ့သူတွေက ဘုရားတရားက ဒီလောက်ညွှန်ပြထားပေမယ့် ဘယ်လောက်များတွေးလိုက်ကြတုန်း။ ဘယ်လောက်များ တရားများရကြတုန်း။ ငိုတဲ့သူက ငို။ တချို့ များ အော်ဟစ်ပြီးတော့ လူးလိမ့်ပြီးတော့ငို။ ဘေးက နဲနဲပါးပါး နီးစပ်ရာတွေက ချော့တန်တဲ့သူက ချော့။ ဘေးက ခပ်ဝေးဝေးလူတွေက အမှတ်တမဲ့။

ဘုန်းကြီးတို့ရဲ့  ဘာသာရေးဟာပေါ့လေ။ သူများက အထင်သေးတာ ဘာသာက ညံ့လို့မဟုတ်ပါဘူး။ ဒီဘာသာကို လက်ကိုင်လုပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့  ညံ့မှုကြောင့် ဘာသာကြီးပါ အထင်သေးခံနေရပါတယ်။

အရှင်ဇနကာဘိဝံသ
အခြေပြုပဋ္ဌာန်းတရားတော် (ဈာနပစ္စည်း)
(၂၃၊ ၄၊ ၁၉၇၃)

ဆက်လက်ဖတ်ရှုရန်