Saturday, December 19, 2015

We are what we consume!






ဇင်ဘုန်းတော်ကြီး Thich Nhat Hanh က ပြောဖူးတယ်။

“လူတွေသာ တကယ်လို့များ သူတို့နေ့စဉ်စားသုံးနေကြတဲ့အသား၊ ငါး တွေရဲ့  စားသုံးမှုရာခိုင်နှုန်းကို ၅၀ရာခိုင်နှုန်းလောက်အထိ လျှော့ချလိုက်နိုင်မယ်ဆိုရင် ဒါဟာ မိမိတို့ကိုယ်တိုင်အတွက်နှင့် ကမ္ဘာလောကအတွက် တကယ်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရားကို ပြသလိုက်တာပဲ ဖြစ်လိမ့်မယ်” တဲ့။

မြတ်စွာဘုရားရှင်ကတော့ အသား၊ ငါး မစားဖို့၊ သက်သတ်လွတ်စားဖို့ ပြောလာတဲ့ ရှင်ဒေ၀ဒတ်ရဲ့  ဆန္ဒကို မလိုက်လျောခဲ့ပဲ ငြင်းပယ်ခဲ့ဖူးတယ်။ ဆွမ်းခံပြီး ၀မ်းရေးကိစ္စကို ဖြေရှင်းကြရတဲ့ ရဟန်း၊ သံဃာတော်တွေအနေနှင့် ဒီကိစ္စဟာ ရေရှည်မှာ အခက်အခဲ ဖြစ်လာမှာကို ကြိုမြင်ခဲ့လို့ပဲဖြစ်တယ်။ နောက် သံသရာက ထွက်မြောက်ဖို့ ကြိုးစားကြရာမှာ မှီဝဲရတဲ့ အစားအသောက်က အဓိကမကျပဲ၊ ဒီအစားအသောက်ကို မှီပြီးဖြစ်တဲ့ ရသတဏှာ ကိလေသာကို ပယ်သတ်နိုင်ဖို့က ပိုပြီး အဓိကကျတာလည်း အကြောင်းတစ်ခုပါပဲ။ ဒီတော့ ရဟန်းတွေအတွက် ခဲဖွယ်ဘောဇဉ်ကို အယုတ်အလတ်အမြတ်မရွေး ဆွမ်းခံလို့ ရသမျှနဲ့ ရောင့်ရဲတင်းတိမ်ပြီး ဆွမ်းကိစ္စကို ပြီးစီးစေတော်မူခဲ့ပါတယ်။

ဘုရားရှင်ရဲ့  အဆုံးအမကို လိုက်နာကြတဲ့ လူဝတ်ကြောင်သာဝကတွေ အနေနဲ့လည်း ဒီလမ်းစဉ်အတိုင်းပဲ အစားအသောက်နှင့် ပတ်သက်လာရင် ရသတဏှာကို အကြောင်းပြုမမှီဝဲပဲ တင်းတိမ်ရောင့်ရဲတဲ့ စိတ်အခြေခံနှင့် မှီဝဲသုံးဆောင်နိုင်ကြမှသာလျှင် ဘုရားရှင် အလိုတော်ကျ ဖြစ်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ သာမန်လူဝတ်ကြောင်တွေအတွက် ထည့်စဉ်းစားဖို့ကောင်းတာတစ်ခုရှိနေပါတယ်။ မိမိတို့ရဲ့ ရသတဏှာကိလေသာ ခေါင်းပါးရေးအတွက် ရောင့်ရဲတင်းတိမ်တတ်တဲ့ စိတ်အခြေခံနှင့် အစားအစာကို မှီဝဲစားသောက်ရမှာ ဖြစ်သလို၊ အခြားတစ်ဘက်ကလည်း မိမိရဲ့  အသက်ရှင်နေထိုင်ရပ်တည်ဖို့အတွက် တိရစ္ဆာန်အချို့ ရဲ့  အသက်နှင့် ဘ၀တွေ စတေးပေးနေကြရတာကို သတိထားမိဖို့ဖြစ်ပါတယ်။

မိမိတို့ အစာအဟာရဖြည့်တင်းဖို့အတွက် ကမ္ဘာနှင့်အ၀ှမ်းမှာ နေ့စဉ် တိရစ္ဆာန်တွေ သိန်းနှင့်ချီပြီး အသက်ဆုံးရှုံးနေကြရပါတယ်။ တကယ်လို့များ လူတစ်ယောက်ချင်းစီက မိမိတို့ နေ့စဉ်စားသုံးနေတဲ့ အသား၊ ငါး စားသုံးနှုန်းကို တတ်နိုင်သလောက်များ လျှော့ချပေးနိုင်ခဲ့မယ်ဆိုရင် တိရစ္ဆာန်တွေရဲ့  အသက်ရှင်သန်မှုကို တစ်ဘက်တစ်လမ်းကနေ အားပေးကူညီရာရောက်သွားမှာ ဖြစ်ပါတယ်။ ဇီဝိတဒါန လုပ်လိုက်သလို ဖြစ်သွားမှာပါ။

အစားအသောက်တစ်ခုတည်းတင် မဟုတ်ပါဘူး။ အ၀တ်အစားတွေ၊ ပိုက်ဆံအိတ်၊ ဖိနပ်၊ ခါးပတ်၊ ဇိမ်ခံပစ္စည်းတွေ နှင့် တခြားလူ့ အသုံးအဆောင်ပစ္စည်းတွေမှာ အသုံးပြုနေတဲ့ တိရစ္ဆာန်တွေရဲ့  ခန္ဓာကိုယ်အစိတ်အပိုင်းတွေနှင့် တန်ဆာဆင်ထားတဲ့ ပစ္စည်းတွေကို တတ်နိုင်သလောက် မသုံးပဲ၊ သုံးစွဲမှုရာခိုင်နှုန်းကို လျှော့ချပေးနိုင်မယ်ဆိုရင် ဒါဟာလည်း သူတို့တွေရဲ့  အသက်ကို တစ်ဘက်တစ်လမ်းက ကယ်တင်လိုက်တာ ဖြစ်သွားမှာပါပဲ။

တကယ်တော့ ဒီကမ္ဘာပေါ်မှာ လူ၊ တိရစ္ဆာန်၊ တောတောင်ရေမြေ၊ နှင့် ဓါတ်သတ္တုပစ္စည်းတွေဟာ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်စပ်ပြီး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပုံစံနှင့် တည်ရှိနေကြရတာပါ။ တစ်ခုခုက အလွန်အကျွံ ပျက်စီးဆုံးရှုံးရပြီဆိုရင် ဟန်ချက်ညီမှုပျက်ပြားပြီး အနှေးနဲ့ အမြန်ဆိုသလို တခြား အရာတွေပါ လိုက်ပါပျက်စီးကြမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ တောတောင်ရေမြေသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြသလိုပဲ၊ မိမိတို့နှင့် တစ်မိုးတည်းအောက် အတူနေ အသက်ရှင်သန်နေကြရတဲ့ လူတွေရဲ့  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဖြစ်နေတဲ့ တိရစ္ဆာန်မျိုးစိတ်များကိုလည်း မေတ္တာ၊ ကရုဏာစိတ်နှင့် တတ်နိုင်သလောက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြပါစို့လို့ ဆန္ဒမွန်နှင့် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။


ဆက်လက်ဖတ်ရှုရန်

Monday, December 14, 2015

“သတိ”ကို အထောက်အပံ့ဖြစ်စေနိုင်သော သန္နိဋ္ဌာန် (၅) ချက်






*ပထမသန္နိဋ္ဌာန်*

သက်ရှိဘ၀များ ကစဥ့်ကလျားဖြစ်ကာ ပျက်စီးဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်ခံစားကြရသည့် စိတ်နှလုံး ဆင်းရဲပင်ပန်းမှုများကို အာရုံပြုရင်း ငါသည် ကရုဏာတရားကို ပြုစုပျိုးထောင်ပြီး နေထိုင်သွားပါမည်။

လူများ၊ တိရစ္ဆာန်များ၊ သစ်ပင်များနှင့် ဓါတ်သတ္တုများ၏ သက်ရှင်နေထိုင်မှုကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် နည်းလမ်းများကို သင်ယူလေ့လာသွားပါမည်။

မိမိ၏ပတ်ဝန်ကျင်တွင်လည်းကောင်း၊ အတွေးစိတ်ကူးထဲတွင်လည်းကောင်း၊ ဘ၀ရှင်သန်နေချိန် တလျှောက်လုံးတွင်လည်းကောင်း ငါသည် မည်သည့်သက်ရှိကိုမှ မသတ်ဖြတ်မိဖို့်၊ တခြားတစ်ယောက်ယောက်က သတ်ဖြတ်နေခြင်းကိုလည်း အားမပေးမိဖို့၊ သူတစ်ပါးအသက် သတ်ဖြတ်နေခြင်းကို မသိကျိုးကျွန်ပြု လျစ်လျှူရှုနေခြင်းမျိုး မပြုလုပ်မိဖို့ ဆုံးဖြတ်ချက်ချကာ စောင့်ထိန်းနေထိုင်သွားပါမည်။

*ဒုတိယသန္နိဋ္ဌာန်*

မတရားမှု၊ အဂတိလိုက်စားမှု၊ ခိုးမှု၊ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ဖြစ်ပေါ်ခံစားကြရသည့် စိတ်နှလုံး ဆင်းရဲပင်ပန်းမှုများကို အာရုံပြုရင်း ငါသည် မေတ္တာတရားကို ပြုစုပျိုးထောင်ပြီး နေထိုင်သွားပါမည်။

လူများ၊ တိရစ္ဆာန်များ၊ သစ်ပင်များ နှင့် ဓါတ်သတ္တုများ ချမ်းသာစွာ အသက်ရှင်နေထိုင်နိုင်ဖို့ အတွက် နည်းလမ်းများကို သင်ယူလေ့လာသွားပါမည်။

တကယ်လိုအပ်နေကြသူများအတွက် ငါ၏အချိန်၊ စွမ်းအားနှင့် ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာအရင်းအမြစ်များကို ခွဲခြမ်းဝေမျှရင်း စွန့်ကြဲပေးကမ်းလှူဒါန်းတတ်သည့် အလေ့အကျင့်ကို ပြုစုပျိုးထောင်ယူပါမည်။

ငါသည် သူများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို မခိုးယူမိဖို့၊ မိမိပိုင်ဖြစ်အောင် မကြိုးစားမိဖို့ ကိုယ့်ကိုယ်ကို ကြိုးစားစောင့်ထိန်းပါမည်။

တခြားသူများပိုင်ဆိုင်သော အရာရာတိုင်းကို လေးစားတန်ဖိုးထားပါမည်။
ဆင်းရဲဒုက္ခရောက်နေကြသူများနှင့် တခြားသောသက်ရှိမျိုးနွယ်စုများ အပေါ်မှ မတရားအကျိုးအမြတ်ရှာကြသူများကို တတ်စွမ်းသမျှ တားဆီးကာကွယ်သွားပါမည်။

*တတိယသန္နိဋ္ဌာန်*

ကာမဂုဏ်အာရုံများ၌ လွဲမှားစွာလိုက်စားမှုကြောင့် ဖြစ်ပေါ်ခံစားကြရသည့် စိတ်နှလုံး မချမ်းမြေ့မှုများကို အာရုံပြုရင်း မိမိကိုယ်မိမိ တာဝန်ယူတတ်သည့် အလေ့အကျင့်ကို ပြုစုပျိုးထောင်ယူပါမည်။

လူတစ်ယောက်စီတိုင်း၊ ဇနီးမောင်နှံတိုင်း၊ ချစ်သူစုံတွဲတိုင်း၊ မိသားစုတိုင်း၊ လူ့အသိုင်းအ၀ိုင်းတိုင်း၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ပြည့်စုံကောင်းမွန်မှုအတွက် ကာကွယ်စောင့်ရှောက်နိုင်မည့် နည်းလမ်းများကို သင်ယူလေ့လာပါမည်။
ချစ်ခြင်းမေတ္တာမပါပဲဖြစ်ဖြစ်၊ အနာဂတ်အတွက် အာမခံမှု၊ တာဝန်ယူနိုင်မှုတစ်ခုခု မပေးနိုင်ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်အား ခန္ဓာကိုယ်ချင်း နှီးနွှယ်စပ်ယှက်ခြင်းကို မပြုလုပ်ပဲ ရှောင်ကြဉ်ပါမည်။

မိမိနှင့် တခြားသူတို့၏ ပျော်ရွှင်စိတ်ချမ်းသာမှုကို ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် မိမိကိုယ်တိုင်ကပေးထားသောကတိက၀တ်နှင့် တခြားသူက မိမိအားပေးထားသော ကတိက၀တ်များကို လေးစားတန်ဖိုးထားပါမည်။

ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားခံနေရမှုများနှင့် ဇနီးမောင်နှံနှင့် မိသားစုများ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကိုအကြောင်းပြုပြီး ပြိုကွဲပျက်စီးသွားကြရခြင်းများကို မိမိကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားပါမည်။

*စတုတ္ထသန္နိဋ္ဌာန်*

သတိမမူပဲ စကားကို ပြီးစလွယ်ပြောခြင်းနှင့် တခြားသူများက ပြောလာသည့်စကားကို စိတ်ရှည်စွာ နားထောင်ပေးနိုင်သည့် စွမ်းရည်မရှိခြင်းကြောင့် ဖြစ်ပေါ်ခံစားကြရသည့် စိတ်နှလုံး မအေးချမ်းမှုများကို အာရုံပြုရင်း ငါသည် နှစ်လိုဖွယ်ကောင်းသော စကားကိုသာ ပြောဆိုခြင်းနှင့် တပါးသူရဲ့ ပြောစကားကို သေသေချာချာနားထောင်ပေးတတ်သည့် အလေ့အထကို ပြုစုပျိုးထောင်ခြင်းဖြင့် တပါးသူ၏ စိတ်ချမ်းသာမှုနှင့် ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပြီး ထိုသူတို့၏ စိတ်နှလုံး သက်သာရာရမှုကို အထောက်အပံ့ဖြစ်စေပါမည်။

စကားလုံးများသည် ပျော်ရွှင်မှုကိုသော်လည်းကောင်း၊ စိတ်မချမ်းမြေ့မှုကိုသော်လည်းကောင်း ဖြစ်စေတတ်သည်ဆိုသည့်အချက်ကို သိရှိနားလည်ထားပြီး ငါသည် မှန်ကန်သည့်စကား၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှု၊ ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်ကို ဖြစ်ပေါ်စေတတ်သောစကားများကိုသာ ပြောဆိုနိုင်အောင် ကြိုးစားပါမည်။

မသေချာ မရေရာသော သတင်းစကားများကို ဖြန့်ဝေခြင်း၊ ကိုယ်တိုင်တိတိကျကျ မသိပဲ တစ်စုံတစ်ဦး(သို့) တစ်စုံတစ်ရာအပေါ်၌ ဝေဖန်ခြင်း၊ ပြစ်တင်ရှုံ့ ချခြင်းများကို မပြုလုပ်ပဲ ရှောင်ကြဉ်ပါမည်။

တစ်ယောက်နှင့် တစ်ယောက် စိတ်ဝမ်းကွဲပြားစေမည့် စကားမျိုး၊ မိသားစုများ၊ အဖွဲ့ အစည်းများ ပြိုကွဲပျက်စီးသွားစေနိုင်သော စကားမျိုးများကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါမည်။

မည်မျှပင် သေးငယ်သည့် အရာဖြစ်ပါစေ။ အချင်းချင်း ပြန်လည်သင့်မြတ်မည့်ကိစ္စမျိုး၊ အခက်အခဲပြဿနာများ ပြေလည်သွားစေနိုင်မည့် ကိစ္စမျိုးများတွင် မိမိ၏အစွမ်းအစများကို အကုန်ထုတ်သုံးပြီး ကူညီဆောင်ရွက်သွားပါမည်။

*ပဉ္စမသန္နိဋ္ဌာန်*

သတိမထားပဲ ပေါ့ပေါ့တန်တန် စားသောက်နေထိုင်မှုကြောင့် ဖြစ်ပေါ်ကြရသည့် စိတ်နှလုံး ဆင်းရဲပင်ပန်းရမှုများကို အာရုံပြုရင်း ငါသည် မိမိကိုယ်တိုင်အတွက်၊ မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် စိတ်ရော၊ ကိုယ်ရော ကျန်းမာမှုကို တကယ်ဖြစ်စေရန် သတိဖြင့် စားသောက်နေထိုင်ပြုမူသည့်အလေ့အထကို လေ့ကျင့်ပျိုးထောင်ယူပါမည်။

မိမိ၏စိတ်နှင့် ခန္ဓာကိုယ်၊ မိမိ၏ မိသားစုနှင့် ဆွေမျိုးအသိုင်းအ၀ိုင်း၏ စိတ်နှင့် ခန္ဓာကိုယ်တို့တွင် ကျန်းမာမှု၊ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုကို ဖြစ်စေနိုင်မည့် အစားအသောက်မျိုးများကိုသာ မှီဝဲစားသောက်သွားပါမည်။

ငါသည် အယ်လ်ကိုဟောပါသည့် အရက်နှင့် အခြားမူးယစ်စေတတ်သည့် အစားအစာပစ္စည်းများကို မှီဝဲစားသောက်ခြင်းမှ ရှောင်ကြဉ်ပါမည်။

သတိချွတ်ယွင်းမှုကို ဖြစ်စေတတ်သော အစားအစာများ၊ တီဗွီအစီအစဉ်များ၊ ဗွီဒီယိုများ၊ မဂ္ဂဇင်းများ၊ စာအုပ်များ၊ ရုပ်ရှင်များ၊ အပြန်အလှန်စကားပြောဆိုခြင်းများကို မှီဝဲကြည့်ရှုခြင်း၊ ပြောဆိုခြင်း၊ စားသောက်ခြင်းများမှ ရှောင်ကြဉ်ပါမည်။

ငါသည် မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ရှိသူများ၏ စိတ်၌ ဖြစ်ပေါ်နေသော ရက်စက်ကြမ်းကြုတ်မှုများ၊ ကြောက်ရွံ့ နေမှုများ၊ စိတ်ဆိုးဒေါသထွက်နေမှုများနှင့် စိတ်ရှုပ်ထွေးမှုများ လျှော့ပါးသည်ထက် လျှော့ပါးလာစေရန်နှင့် ကောင်းသည့်ဘက်သို့ အသွင်ကူးပြောင်းလာနိုင်စေရန်အတွက် အပြစ်ကင်း၍ အကျိုးရှိမည့် အစားအစာနှင့် အာရုံများကိုသာ ကြိုးစား၍ ကြည့်ရှု၊ မှီဝဲသုံးဆောင်သွားပါမည်။

TNH
The Art Of Mindfulness

ဆက်လက်ဖတ်ရှုရန်

Tuesday, December 8, 2015

ဗုဒ္ဓဘာသာဝင်တွေ စိတ်ကြီးမ၀င်ကြဖို့




"နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလည်း မဟုတ်ဘူး။ တချို့ များ သူဌေးကြီးတွေ တစ်နေ့သုံးလိုက်တဲ့ အသုံးစရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေရဲ့  တစ်သက်သုံးစာလောက် ဖြစ်နေတယ်တဲ့။ မြန်မာနိုင်ငံက ပစ္စည်းရှိတဲ့သူတွေရဲ့  တစ်သက်လုံး သုံးလောက်တဲ့ စည်းစိမ်ကို သူတို့က တစ်နေ့တည်း သုံးပစ်လိုက်တာပဲတဲ့။ ဒီလောက်ပေါတယ်တဲ့။ ဒါ ဗုဒ္ဓဘာသာ မဟုတ်ဘူးတဲ့။ ပြီးတော့ ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ့ဆုံး ဖြစ်နေတယ်တဲ့။ သီဟိုဠ်တို့၊ လာအိုတို့၊ က
မ္ဗောဒီးယားတို့၊ ယိုးဒယားတို့၊ မြန်မာနိုင်ငံတို့။ ဒီဗုဒ္ဓဘာသာနိုင်ငံကလေးတွေက လူတွေဟာ အညံ့ဆုံး ဖြစ်နေကြတယ်တဲ့။ ဒါ ဘယ်နှယ့် အဓိပ္ဗါယ်တုန်းတဲ့။

ဒါဟုတ်တယ်။ စိတ်ထဲ ဇဝေဇ၀ါ ဖြစ်စရာ။ ဘုန်းကြီးက ပြောချင်လိုက်တာ။ ဘုရားအလောင်းပါရမီဖြည့်စဉ်တုန်းက ဗုဒ္ဓဘာသာဘ၀နှင့် ဘယ်နှစ်ဘ၀များ ရှိခဲ့ဖူးတုန်း။ ကဲ ဇာတ်ကြီး (၁၀) ဘွဲ့ ကို အကြမ်းစား စဉ်းစားကြစို့။ တေမိမင်း။ ဗုဒ္ဓဘာသာဘ၀မဟုတ်ဘူး။ ဘုန်းကြီးမရှိဘူး။ မဟာဇနကမင်း။ ဗုဒ္ဓဘာသာမဟုတ်ဘူး။ သူတို့ကုသိုလ်တွေ သူတို့ ပြုသွားတာပဲ။ မဟာဇနကမင်းကလည်း သူ့ဖာသာ ကုသိုလ်တွေ ပြုသွားတာပဲ။ တေမိမင်းကလည်း ကုသိုလ်တွေပြု၊ တောတွေထွက်၊ တရားတွေကျင့်၊ ဈာန်ရ။ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ သုဝဏ္ဏသျှံ။ တောထဲမှာ မေတ္တာနှင့် နေရှာတာ။ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ မိဘလည်း ဗုဒ္ဓဘာသာ မဟုတ်ဘူး။ နေမိမင်းကြီး။ နာရဒ ဗြဟ္မာမင်းကြီး။ ဗုဒ္ဓဘာသာ မဟုတ်ဘူး။ ဝေဿန္တရာမင်းကြည့်ပါလား။ ဗုဒ္ဓဘာသာ ဟုတ်ရဲ့ လား။ ဘယ်ဘုန်းကြီးက တရားဟောတုန်း။ သူက ရသေ့တွေ အလှူပေးနေတာပဲ။ သူ့ကို ဘယ်သူကမှ လာတရားမဟောဘူး။

ဒီတော့ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ကံပြုတတ်တယ်။ ဗုဒ္ဓဘာသာမဟုတ်ရင် မပြုတတ်ဘူးလို့ဆိုတော့ ဘုရားအလောင်းပါရမီဖြည့်ခဲ့တဲ့ဘ၀တွေက ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘ၀တွေချည်းများတယ်။ ဘုရားအလောင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်စဉ်မှာ နှစ်ကျိပ်လေးဆူသာ ဘုရားပွင့်တယ်။ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာဟာ နှစ်ဆယ့်လေးခါသာ ပေါ်ခဲ့တယ်။ ကျန်တဲ့ အချိန်တွေ ဗုဒ္ဓဘာသာခေတ်ကို မဟုတ်ခဲ့ဘူး။ အဲဒီအတောအတွင်းမှာ ဘုရားအလောင်းတွေ ပါရမီဖြည့်တော်မူလာလိုက်ကြတာ။ ဒီတော့ကာ ဒါလေးကို ပထမဆုံး နားလည်ပါလေ။

ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် သူတို့လည်း သူတို့နည်း သူတို့ဟန်နှင့် လွန်ခဲ့တဲ့ ဖြစ်လေရာ ဘ၀တွေတုန်းက ကုသိုလ်တွေရှိမှာပေါ့။ သေခါနီးကျတော့ နိမိတ်တွေထင်မှာပေါ့။ နိမိတ်တွေထင်တဲ့အခါကျတော့ အမျိုးမျိုးသော ကံကြောင့် တချို့ က ပေါများတဲ့ နိုင်ငံမှာ သွားပြီးတော့ ပဋိသန္ဓေနေကြမယ်။ အဖေက သူဌေးလေ။ အမေက သူဌေးလေ။ သူတို့ကျတော့ သူဌေးလေ။ ဘာပြောစရာရှိလဲ။ ဗုဒ္ဓဘာသာနှင့် ဘာဆိုင်လဲ။ ဗုဒ္ဓဘာသာ ဖြစ်တာ မဖြစ်တာနှင့် ဘာမှမဆိုင်ဘူး။ အဖေသူဌေး၊ အမေသူဌေးနှင့်သာဆိုင်တယ်။ နိုင်ငံကြီးနှင့်သာဆိုင်တယ်။ အဲလိုနှင့် သူတို့ သုံးလို့ မကုန်နိုင်အောင်ပေါကြတယ်။ သုံးလို့မကုန်နိုင်အောင်ပေါတော့ကာ ဒီလူတွေက သုံးချည်းပစ်နေလားဆိုတော့ ဒီလူတွေက ဆေးရုံတွေတည်ဆောက်ကြတယ်။ သူတို့ပိုက်ဆံကြောင့် ဆင်းရဲတဲ့သူတွေ ကျန်းမာချမ်းသာစေချင်တဲ့ မေတ္တာ၊ ကရုဏာကြီးမားလိုက်တာ။ ထူးထူးခြားခြားစာသင်နိုင်အောင်လို့ စာသင်ကျောင်းတွေ ထောက်ပံ့ပေးနေတယ်။ မရှိဆင်းရဲတဲ့သူတွေအတွက် ကြက်ခြေနီအသင်းဆိုပြီးတော့ ငွေတွေထည့်ပြီး ထောက်ပံ့ပေးနေကြတယ်။ ဆေးရုံတွေဆောက်တယ်။ စာသင်ကျောင်းတွေတည်တယ်။ မရှိဆင်းရဲတဲ့သူတွေ ကြီးပွားအောင်လို့ နိုင်ငံတွေကို ထောက်ပံ့ပေးနေတယ်။ နည်းတဲ့သတ္တိတွေလား၊ နည်းတဲ့ကံတွေလား။ ဒီလူတွေက ရှေ့ ကို တက်ကြပါအုံးမယ်။ ရှေ့ ကို တိုးကြပါအုံးမယ်။ အကယ်၍များ အရိမေတ္တေယျဘုရားလက်ထက်မှာ သူတို့တွေက လူ့အဖြစ်နှင့်ဆိုလို့ရှိရင် ဘုရားဆီရောက်ကြပါအုံးမယ်။ ဘုရားဆီရောက်တဲ့အခါကျတော့ ဘုရားဆီက သစ္စာလေးပါးတရားကို နာကြားကြရပါအုံးမယ်။ ဒီလူတွေ၊ ဒီဉာဏ်ရှိတဲ့လူတွေ။ ဒီတော့ကာ ကျွတ်တမ်းဝင်ချင်ရင်လည်း ၀င်သွားမယ်။ ဒါမှမဟုတ် နောက်ဘုရားလက်ထက် ကျွတ်တမ်းဝင်ဖို့ အထောက်အပံ့ကောင်းကောင်းကြီး ရသွားကြပါမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဆိုပြီးတော့ စိတ်ကြီးဝင်မနေကြပါနဲ့။ ကောင်းကောင်းနေကြဖို့ အရေးကြီးပါတယ်။ ဗုဒ္ဓဘာသာဆိုပြီးတော့ အမှတ်တမဲ့နှင့် နေလို့ရှိရင်တော့ တခြားကလူတွေက ဘုန်းကြီးတို့အပေါ် ကျော်ပြီးရင်းကျော်ရင်း၊ ကျော်ပြီးရင်းကျော်ရင်း ဖြစ်သွားကြပါလိမ့်မယ်။ နိုင်ငံငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာဖြစ်နေရတာကတော့ နိုင်ငံငယ်ကလေးတွေမှာ စားစရာလေးတွေရှိတယ်။ ဘုန်းကြီးတွေက စားစရာကိုမှီပြီးတော့ ဘုန်းကြီးတွေဖြစ်ရတယ်။ အဲဒီဘုန်းကြီးတွေက ဟောပြောပြီးပေးတော့မှ သူတို့တွေက အသိဉာဏ်တွေရင့်ကျက်ပြီးတော့ လာခဲ့တယ်။ နဂိုတုန်းက မြန်မာနိုင်ငံရဲ့ အသိဉာဏ်ဟာ မှန်းပြီးတော့ ကြည့်စမ်း။ အရည်းကြီးတွေကို လက်ခံပြီးနေကတည်းကိုက မြန်မာနိုင်ငံရဲ့ အသိဉာဏ်ဟာ ဘယ်လောက်ညံ့နေတုန်း။ အရည်းကြီးတွေကို လက်ခံရမှာမဟုတ်ဘူး။ မောင်းထုတ်ရမှာ။ အဲဒါကို ရှင်ဘုရင်နှင့်တကွ အရည်းကြီးတွေကို လက်ခံပြီး လာကတည်းကိုက မြန်မာနိုင်ငံရဲ့  အသိဉာဏ် ဘယ်လောက်ညံ့နေတုန်း။ ရှင်အရဟံသာ မပါလို့ရှိရင် မြန်မာနိုင်ငံ ဒီ့ထက် အသိဉာဏ်ညံ့ပါမယ်။ ရှင်အရဟံကြွလာပြီး ဗုဒ္ဓတရားတော်တွေပါလာလို့ ဒီအခြေအနေ ဒီအရည်အချင်းတွေကို မြင်ရတာပါ။ အကယ်၍များ ဗုဒ္ဓဘာသာသာ မဖြစ်လို့ ရှိရင် ဗုဒ္ဓမြတ်စွာရဲ့  တရားတော်တွေသာ မပါလာလို့ ရှိရင်တော့ မြန်မာနိုင်ငံ ခုအထိ ဒီထက်ညံ့ပါအုံးမယ်။ အဲဒါလေးကို နားလည်ကြပါ။"

အရှင်ဇနကာဘိဝံသ
၁၇၊ ၄၊ ၁၉၇၃ ပဋ္ဌာန်းတရားတော်မှ ကောက်နုတ်ချက်

ဆက်လက်ဖတ်ရှုရန်

Thursday, September 10, 2015

Sunday, July 26, 2015

Suffering




There are many people who have enormous suffering, and don’t know how to handle it. For many people, it starts at a very young age. So why don’t schools teach our young people the way to manage suffering? If a student is very unhappy, he can’t concentrate and he can’t learn. The suffering of each of us affects others. The more we learn about the art of suffering well, the less suffering there will be in the world.

စိတ်မချမ်းမြေ့မှုကို အကြီးအကျယ် ခံစားနေကြရတဲ့သူတွေ များစွာရှိနေပါတယ်။ ဒါကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကိုလည်း မသိကြဘူး။

လူတော်တော်များများမှာ ဒီလို စိတ်မအေးချမ်းမှုဟာ အသက်ခပ်ငယ်ငယ် အရွယ်လောက်ကတည်းက စတင်ခံစားနေကြရပါတယ်။

ဒို့ ရဲ့ ငယ်ရွယ်နုပျိုတဲ့ လူငယ်လေးတွေကို ဒီခံစားနေရတဲ့ စိတ်မချမ်းမြေ့မှုကိုဘယ်လို ထိန်းချုပ်စီမံနိုင်တယ်ဆိုတဲ့နည်းလမ်းတွေကို ကျောင်းတွေက ဘာလို့ မသင်ပေးကြတာပါလိမ့်။

စိတ်ဆင်းရဲနေတဲ့ ကျောင်းသားတစ်ယောက်ဟာ စိတ်အာရုံကောင်းကောင်းမစူးစိုက်နိုင်သလို၊ ပညာလည်း ကောင်းကောင်း သင်ယူနိုင်မှာ မဟုတ်ဘူး။

တစ်ယောက်စီ၊ တစ်ယောက်စီရဲ့  စိတ်ဆင်းရဲနေမှုဟာ တခြားသူတွေဆီကိုပါ သက်ရောက်မှုရှိနေပါတယ်။

စိတ်မချမ်းမြေ့ မှုအကြောင်းရင်းကို ပိုသဘောပေါက်နားလည်လာလေလေ၊ စိတ်ဆင်းရဲမှုက ပိုလျော့နည်းသက်သာလာလေလေ ဖြစ်လာပါလိမ့်မယ်။

ဆက်လက်ဖတ်ရှုရန်

Friday, July 24, 2015

Happiness is Here

Happiness is Here ~ Thich Nhat Hanh
............................................................

Little by little you must train yourself for life, for happiness. You probably received a college degree that you spent years working for, and you thought that happiness would be possible after you got it. But that was not true, because after getting the degree and finding a job, you continued to suffer. You have to realize that happiness is not something you find at the end of the road. You have to understand that it is here, now.

တဖြေးဖြေးချင်း သင့်ဘဝအတွက်၊ သင့်ရဲ့ ပျော်ရွှင်ချမ်းမြေ့မှုအတွက် သင်ကိုယ်တိုင်ပဲ လေ့ကျင့်ပြုပြင်ယူရမှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ ဘွဲ့ ဒီဂရီတစ်ခုခုကို နှစ်ပေါင်းများစွာအချိန်ပေးယူခဲ့ပြီး၊ ဒီဘွဲ့ ရပြီးခဲ့ ရင်တော့ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်လို့  ထင်ခဲ့ကောင်း ထင်ခဲ့နိုင်ပါတယ်။

ဒါပေမယ့် ထင်ထားသလို မဟုတ်ပါဘူး။ ဘွဲ့ ရပြီးတဲ့နောက် အလုပ်ရဖို့  ရှာရပြန်တော့ စိတ်မအေးချမ်းမှုက ဆက်ပြီးရှိနေပြန်ပါတယ်။

တကယ်တော့ သိထားရမှာက စိတ်ပျော်ရွှင်ချမ်းမြေ့မှုဆိုတာဟာ လမ်းဆုံးပန်းတိုင်ကိုရောက်တော့မှ ရရှိခံစားရမယ့် အရာတစ်ခု မဟုတ်ဘူးဆိုတာပါပဲ။

ပျော်ရွှင်ချမ်းမြေ့မှုဆိုတာဟာ အခု ရောက်နေတဲ့ နေရာ၊ ရောက်နေတဲ့အချိန်မှာပဲ ရှိနေတယ်ဆိုတာကို သင် နားလည်သဘောပေါက်ထားရမှာ ဖြစ်တယ်။



ဆက်လက်ဖတ်ရှုရန်

Sunday, June 14, 2015

ဆားနှင့် ရေ

တကယ်လို့များ ဆား လက်တဆုပ်စာလောက်ကို သောက်ရေခွက်တစ်ခွက်ထဲထည့်လိုက်မယ်ဆိုရင် အဲဒီခွက်ထဲကရေဟာ သောက်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။

ဒါပေမယ့် အဲဒီဆားကိုဘဲ မြစ်ထဲသွားထည့်လိုက်တဲ့အခါ မြစ်ထဲကရေကို လူတွေဟာ ချက်ဖို့၊ လျှော်ဖို့ သောက်သုံးဖို့အတွက် ဆက်ပြီး အသုံးပြုလို့ ရနေကြတယ်။

မြစ်ဆိုတာမျိုးက အရွယ်အစားအားဖြင့် ကြီးမားတယ်။ လက်ခံပေးနိုင်တဲ့၊ ဆီးကြိုထွေးပွေ့နိုင်တဲ့၊ ပြောင်းလဲပုံဖော်ပေးနိုင်တဲ့ စွမ်းအင်တွေ သူ့ဆီမှာ ရှိနေတယ်။

ကျွနု်ပ်တို့ရဲ့  စိတ်နှလုံး သေးငယ်နေချိန်တွေမှာ နားလည်ပေးနိုင်မှုနှင့် ကရုဏာတရားဟာ အကန့်အသတ်နှင့်ဖြစ်နေတာမို့ တစ်ခုခုဆို နာကျင်ခံစားမှု ဖြစ်လွယ်ကြတယ်။

တခြားသူတွေနှင့် သူတို့ရဲ့  အားနည်းမှု၊ ချို့ ယွင်းမှုတွေအပေါ်မှာ လက်ခံမပေးနိုင်သလို၊ သည်းခံလည်း မပေးနိုင်ပဲ သူတို့ဘက်က ပြောင်းလဲပေးလာဖို့ကိုပဲ တောင်းဆိုနေတတ်ကြတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ရဲ့  စိတ်နှလုံး ကြီးမားလာချိန်မှာတော့ တခြားသူတွေရဲ့  ဒီအပြုအမူဆိုးတွေဟာ ကိုယ့်အတွက် အကြီးအကျယ် နာကျင်ခံခက် ထပ်ပြီး ဖြစ်မလာစေတော့ဘူး။

နားလည်မှုတွေ၊ ကရုဏာတရားတွေနှင့် သူတို့တွေကို လက်ခံထွေးပွေ့ပေးနိုင်လာတော့တယ်။

တခြားသူတွေအပေါ် သူတို့ရဲ့  ရပ်တည်မှုပုံစံ အရှိကို အရှိအတိုင်းပဲ လက်ခံပေးနိုင်လာပြီး ကောင်းတဲ့ဘက်ကို သူတို့ ပြောင်းလဲလာနိုင်စေဖို့ အခွင့်အလမ်းတွေ ရရှိလာစေတယ်။

 Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်

အကောင်းဆုံးလက်ဆောင်

ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှု အတွက် ကိုယ်တိုင်ကပဲ အထောက်အကူဖြစ်အောင် လုပ်ပေးတာ၊ လိုအပ်တာတွေ ဖြည့်ဆည်းဆောင်ရွက်ပေးတာဟာ တပါးသူတွေအပေါ် မေတ္တာထားနိုင်လာဖို့ ကိုယ့်ရဲ့ အရည်အသွေးစွမ်းရည်ကို ပြုစုပျိုးထောင်တာပဲ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့  နာကျင်ခံစားနေရမှုအပေါ် နားလည်မှုပေးလိုက်နိုင်တာဟာ တခြားသူတစ်ယောက်အပေါ်ပေးလိုက်တဲ့ “ကိုယ့်ရဲ့ အကောင်းဆုံးလက်ဆောင်” ပဲ ဖြစ်တယ်။

တကယ်တော့ “နားလည်ပေးနိုင်မှု” ဆိုတာဟာ “ချစ်ခြင်းမေတ္တာတရား” ရဲ့  တခြား နာမည်တစ်ခုပါပဲ။

တကယ်လို့ သင်ဟာ တစ်စုံတစ်ယောက်အပေါ် နားလည်မပေးနိုင်သေးဘူးဆိုရင် ဒါဟာ သူ့အပေါ် မေတ္တာ မထားနိုင် သေးတာပဲ ဖြစ်ပါတယ်။

Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်

တန်ဖိုးအရှိဆုံး အမွေ

တကယ်လို့များ တို့ရဲ့ မိဘတွေဟာ တစ်ဦးကို တစ်ဦး နားလည်မပေးနိုင်ကြဘူး၊ မချစ်ကြဘူးဆိုရင် တို့တွေဟာ ချစ်ခြင်းမေတ္တာဟာ ဘယ်လိုမျိုးလဲဆိုတာကို ဘယ်လိုလုပ် သိနိုင်ကြပါ့မလဲ။

မိဘတွေအနေနှင့် သူတို့သားသမီးတွေအတွက် အကောင်းဆုံး၊ တန်ဖိုးအရှိဆုံး ပေးနိုင်တဲ့အမွေဆိုတာဟာ သူတို့နှစ်ဦးရဲ့  စိတ်ချမ်းသာပျော်ရွှင်မှုသာ ဖြစ်ပါတယ်။

တို့ရဲ့  မိဘတွေက တို့တွေအတွက် ငွေကြေးဓနတွေ၊ အိမ်တွေ၊ မြေတွေကို အမွေအဖြစ် ချန်ထားကောင်း ချန်ထားပေးခဲ့နိုင်ပေမယ့် တို့တွေဟာ ပျော်ရွှင်ချမ်းမြေ့တဲ့သူတွေ ဖြစ်ကောင်းမှ ဖြစ်လာနိုင်ပါမယ်။

တကယ်လို့များ စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့စွာနေတတ်ကြတဲ့ မိဘတွေကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ဒါဟာ သားသမီးတွေအဖို့တော့ မိဘတွေဆီကနေ အကောင်းဆုံး ရလိုက်တဲ့ တန်ဖိုးအရှိဆုံး အမွေပါပဲ။

Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်

စစ်မှန်တဲ့မေတ္တာ

တခါတလေ ကိုယ်ခံစားနေရတဲ့ စိတ်ဆင်းရဲမှုတွေ၊ စိတ်ပင်ပန်းမှုတွေကနေ အာရုံလွှဲချင်တာနှင့် တခြားသူတစ်ယောက်ယောက်အပေါ် တကယ် နားလည်မပေးနိုင်ပဲ၊ မေတ္တာမထားနိုင်ပါပဲနဲ့ ခင်မင်တွယ်တာချစ်ခင်လေဟန် ပြုမူဆက်ဆံမိတတ်ကြတယ်။

တကယ် ကိုယ့်ကိုယ်ကို နားလည်နိုင်လာတဲ့အခါ၊ ချစ်ခင်မေတ္တာထားနိုင်လာတဲ့အခါ၊ စစ်မှန်တဲ့ ကရုဏာတရားတွေ ထားနိုင်လာတဲ့ အခါကျမှသာ တခြားသူတစ်ယောက်အပေါ်မှာလည်း စစ်မှန်တဲ့ မေတ္တာနှင့် နားလည်မှုကို ပေးနိုင်လာပါလိမ့်မယ်။

Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်

အထီးကျန်

တခါတလေ ဘ၀ဟာ ဘာမှမရှိပဲ တစ်ခုခုလိုနေသလိုမျိုး ဖြစ်နေတတ်တယ်၊ ဟာလာဟင်းလင်း ဖြစ်နေတယ်။ ကြီးကြီးမားမား တစ်ခုခု ဆုံးရှုံးထားရသလိုမျိုး ဖြစ်နေတတ်တယ်။ အကြောင်းရင်းလည်း ရှာလို့မရဘူး။ မပြတ်မသား မှုံဝါးဝါးနှင့် နားလည်ရခက်နေတယ်။ ဒါပေမယ့် ဒီလို ဟာလာဟင်းလင်း ခံစားရမှုဟာ စိတ်ထဲမှာ တအားပြင်းထန်လို့နေတယ်။

ဒီလို စိတ်ထဲက ပြင်းပြင်းထန်ထန် အထီးကျန်သလို ခံစားနေရတာကို သက်သာသွားစေဖို့ ပိုကောင်းတာတစ်ခုခုဖြစ်လာမလားရယ်လို့ မျှော်လင့်တောင့်တမိတတ်တယ်။

ကိုယ့်ကိုယ်ကို နားလည်ချင်လာတဲ့ဆန္ဒနှင့် ဘ၀ကို နားလည်ချင်လာတဲ့ဆန္ဒတွေဟာ ကြီးမားတဲ့ ဆာလောင်မွတ်သိပ်မှုတွေ ဖြစ်လာကြတယ်။

တစ်ယောက်ယောက်အပေါ်မှာ ချစ်ခင်တွယ်တာချင်လာတဲ့စိတ်နှင့် တစ်ယောက်ယောက်ရဲ့  ချစ်ခင်ဂရုစိုက်မှုကို ခံယူချင်တဲ့ စိတ်ဆန္ဒဟာလည်း မွတ်သိပ်ဆာလောင်လာတယ်။ တစ်ယောက်ယောက်ကို ချစ်လိုက်ဖို့နှင့် အချစ်ခံရဖို့အတွက် အဆင်သင့် ဖြစ်လာတယ်။ ဒါဟာ သဘာဝတစ်ခုပါပဲ။

ဘာ့ကြောင့်ဒီလိုဖြစ်တာလဲဆိုရင် စိတ်ထဲမှာ လစ်ဟာသလို ခံစားနေရတဲ့အတွက် ကိုယ့်ရဲ့  အချစ်စိတ်ကျက်စားနိုင်ဖို့ အာရုံတစ်ခုကို ကြိုးစားရှာဖွေလိုက်တာသာ ဖြစ်ပါတယ်။

များသောအားဖြင့်တော့ ကိုယ့်ကိုယ်ကို နားလည်နိုင်ဖို့ အချိန်ကောင်းကောင်း မပေးနိုင်ခင်မှာပဲ ကိုယ့်ရဲ့  အချစ်စိတ် အာရုံကျက်စားနိုင်ဖို့ တစ်စုံတစ်ယောက် ကိုတော့ ရှာတွေ့ပြီးသား ဖြစ်နေတတ်တယ်။

ဒါပေမယ့်လည်း ကိုယ်မျှော်လင့်ထားသလို၊ တောင့်တထားသလို ကိုယ်ရဲ့  စိတ်အတွင်းထဲက လစ်ဟာခံစားနေရမှု၊ တစ်ခုခုလိုအပ်သလိုဖြစ်နေရမှုကို အဲဒီ တစ်စုံတစ်ယောက်သောသူက မဖြည့်ဆည်းပေးနိုင်တာကို နားလည်သဘောပေါက်လာတဲ့အချိန်မှာတော့ အရင်အတိုင်းပဲ စိတ်ဟာလာဟင်းလင်း ဖြစ်တဲ့ပြဿနာက ပြန်ပေါ်လာပြီး အရင်ထက် ပိုကောင်းနိုင်မယ့် နောက်ထပ် တစ်ခုခုကို ထပ်ရှာချင်လာပြန်တယ်။ ဒါပေမယ့် ဘာကိုရှာရမယ်မှန်းလည်း သေသေချာချာ မသိဖြစ်နေတတ်ပြန်တယ်။

လူတိုင်းမှာ ဒီလိုအပ်ချက်နှင့် မျှော်လင့်တောင့်တမှုဟာ စိတ်အတွင်းတစ်နေရာမှာ အမြဲလို ဖြစ်ပေါ်ခံစားနေကြရတယ်။ အခုအခြေအနေထက် ပိုကောင်းတာ တစ်ခုခုဖြစ်လာဖို့ကို မျှော်လင့်တောင့်တနေမိတတ်ကြတယ်။

ဒါကြောင့်လည်း နေ့တိုင်း မကြာခဏဆိုသလို အီးမေးလ်စစ်ဖြစ်တယ်။ (Facebook ခဏခဏ ကြည့်ဖြစ်နေကြတယ်။)

Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်

Tuesday, May 5, 2015

ခွင့်လွှတ်တယ်






ခဏလောက် တရားအားထုတ်ကြရအောင်။

အရင်ဆုံး အသက်ရှူတာလေးမှာ စိတ်ကို စူးစိုက်ထားမယ်။ ခန္̕ဓာကိုယ်ကို သက်တောင့်သက်သာ ဖြစ်အောင် ထိုင်မယ်။ လက်တွေ၊ ခြေထောက်တွေနှင့် မျက်နှာကို သက်တောင့်သက်သာ ဖြစ်အောင် ထားမယ်။ ခန္ဓာကိုယ်နှင့် စိတ်ကို သက်သာသလိုလေး ထားဖို့ အရေးကြီးပါတယ်။ နှစ်သက်တဲ့ ပုံစံနှင့် ထိုင်လို့ရပါတယ်။ ဒါပေမယ့် အသက်သာဆုံး ပုံစံမျိုး ဖြစ်အောင်တော့ကြိုးစားပြီး ထိုင်ပါ။ မျက်လုံးတွေ၊ နှုတ်ခမ်းတွေ၊ လျှာတွေ၊ မျက်နှာတွေကို သက်တောင့်သက်သာဖြစ်အောင်လို့ လျှော့ချထားပြီး အသက်ကို မှန်မှန်လေး သဘာဝအတိုင်းရှူနေပါ။ အသက်ရှူတာကို တမင်ထိန်းပြီး မရှူပါနဲ့။ သက်သက်သာသာနှင့် ပုံမှန်လေး ရှူနေပါ။

အသက်ရှူသွင်း၊ ရှူထုတ်တာမှာ သတိကို ကပ်ထားပါ။ အသက်ရှူသွင်းလိုက်တဲ့အခါမှာ လေစစရှူတာကနေ လေရှူသွင်းတာဆုံးသွားတဲ့အထိ သတိကို အပြည့်ကပ်ပြီး သိနေပါ။ လေပြန်ရှူထုတ်တဲ့အခါမှာလည်း အစကနေ အဆုံးအထိ သိနေလိုက်ပါ။ နှာသီးဝလေးမှာ သတိကို ကပ်ထားပါ။

အတွေးတစ်ခုခုဝင်လာတဲ့အခါမှာ ညှင်ညှင်သာသာလေး ၀င်လာတဲ့အတွေးတွေကို စောင့်ကြည့်ပြီး သိပေးပါ။ ပြီးရင်တော့ အသက်ရှူနေတဲ့ဆီကို သတိကို ညှင်ညှင်သာသာလေး ပြန်ပို့လိုက်ပါ။

အခု ကိုယ်က နာကြင်အောင် လုပ်ခဲ့ဖူးတဲ့သူ တစ်ယောက်ယောက်အကြောင်းကို စဉ်းစားလိုက်ပါ။ နာကြင်အောင် ဆိုတဲ့နေရာမှာ သူ့ကို နာကြင်ထိခိုက်သွားအောင် ပြောဆိုခဲ့တာ၊ မျက်လုံးတွေနှင့် ကြည့်ခဲ့တာတွေကအစ ပါပါမယ်။ သူ ဘယ်လို နာကြင်ခဲ့ရမယ်၊ ဘယ်လို ခံစားခဲ့ရမယ် ဆိုတာကို တွေးကြည့်လိုက်ပါ။

ဒီလိုစဉ်းစားနေတဲ့အချိန်မှာ တစ်ဘက်ကလည်း စိတ်ကို အတတ်နိုင်ဆုံး အေးချမ်းနေအောင် ထားထားပါ။ စိတ်ထဲကနေ အဲဒီလူကို ရိုးရိုးသားသားနှင့် “ငါမှားသွားခဲ့ပါတယ်။ ငါ့ကို ခွင့်လွှတ်ပါ။” လို့ စိတ်ကူးထဲကနေ ပြောလိုက်ပါ။ တကယ်လို့ အဲဒီလိုမျိုး မပြောနိုင်သေးရင်လည်း ကိစ္စမရှိပါဘူး။ ဒီလို မတောင်းပန်နိုင်သေးဘူးဆိုတာလေးကိုပဲ ကိုယ့်ဖာသာ သိပြီး လက်ခံလိုက်ပါ။ ဒီလူနှင့် ပြဿနာဖြစ်ခဲ့တာဟာ သိပ်မကြာသေးခင်အချိန်တုန်းက ဖြစ်ခဲ့တာ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက်က ဖြစ်ခဲ့တာလည်း ဖြစ်ချင်ဖြစ်မယ်။

ဒီလူအကြောင်းကို စဉ်းစားပြီး နူးနူးညံ့ညံ့၊ ရိုးရိုးသားသား စိတ်နှင့် “ငါမှားသွားခဲ့ပါတယ်။ ငါ့ကို ခွင့်လွှတ်ပါ။” လို့ ပြောပါ။ ဒီလိုစိတ်ထဲကနေ ရိုးရိုးသားသားနှင့် တောင်းပန်လိုက်တဲ့အခါမှာ စိတ်ထဲမှာ ဘယ်လို ခံစားရလဲဆိုတာကို ကြည့်ကြည့်ပါ။ စိတ်ထဲမှာ နေရာပိုထွက်လာသလိုမျိုး ဖြစ်တာကို တွေ့ရလိမ့်မယ်။ ဒီလို စိတ်ထဲမှာ နေရာလွတ်သွားသလို ဖြစ်သွားပြီဆိုရင် စိတ်ကို အသက်ရှူနေတာလေးမှာ တခါပြန်ပြီး သတိကပ်ပေးလိုက်ပါ။ စိတ်ထဲမှာ အေးချမ်းမှုနှင့် ငြိမ်းချမ်းနေပါစေ။

အခုတခါ ကိုယ့်ကို နာကြင်အောင် လုပ်ခဲ့ဖူးတဲ့ တစ်ယောက်ယောက်အကြောင်းကို စဉ်းစားလိုက်ပါ။ စိတ်ထဲ ဘယ်လိုခံစားရလဲ။ နာကြင်မှုကို ခံစားလာရမယ်။ မတရားအလုပ်ခံခဲ့ရလို့ ဒေါသတွေ ဖြစ်လာမယ်။ ဘာ့ကြောင့် သူက ငါ့ကို ဒါမျိုးလုပ်ခဲ့ရတာလဲ။ ငါ့ကို ဒီလိုမျိုး လုပ်ခဲ့ရတဲ့ အကြောင်းက ဘာလဲဆိုတာကို ကြည့်ပါ။ ဒါကို မတရားဘူးလို့ ခံစားရမယ်။ အနိုင်ကျင့်ခံလိုက်ရတယ်လို့ ခံစားရမယ်။ ကိုယ့်ဖာသာ စိတ်ထဲကနေ “ငါဟာ စိတ်ဓါတ် ခိုင်မာသူ တစ်ယောက် ဖြစ်တယ်။” လို့ ပြောပါ။ “ငါဟာ စိတ်ဓါတ် ခိုင်မာတဲ့သူ၊ နားလည်ပေးနိုင်စွမ်း၊ ခွင့်လွှတ်နိုင်စွမ်း ရှိတဲ့သူဖြစ်တယ်။ ငါ မင်းကို ခွင့်လွှတ်တယ်။ ခွင့်လွတ်ခြင်းကို ငါရွေးချယ်တယ်။” လို့ စိတ်ထဲကနေ ပြောလိုက်ပါ။

အခုဒီတခါတော့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ရမယ့် အချိန်ရောက်ပြီ။ ကိုယ့်အကြောင်းကို ကိုယ့်ဖာသာ စဉ်းစားကြည့်ပါ။ ကိုယ်လုပ်ခဲ့မိပြီး ကိုယ့်ဖာသာ ခွင့်မလွှတ်နိုင်တဲ့ကိစ္စတွေကို စဉ်းစားကြည့်လိုက်ပါ။ ကောင်းကောင်းမွန်မွန် မလုပ်ခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ၊ မအောင်မြင်ခဲ့တဲ့အတွက် အပြစ်တင်နေတာတွေ၊ ခွင့်မလွှတ်နိုင်ဖြစ်နေလို့ ကိုယ့်ကိုယ်ကို ပြန်ပြီး အပြစ်တင်နေတာတွေ အားလုံးကို စဉ်းစားပါ။

သိမ်မွေ့အေးချမ်းနေတဲ့ စိတ်နှင့် ကိုယ့်အကြောင်းကို စဉ်းစားပြီး ကိုယ့်ဖာသာပြောလိုက်ပါ။

“ငါ့ကိုယ်ငါ ခွင့်လွှတ်ပါတယ်။ အခု “ငါ” ဖြစ်နေတဲ့ ငါ့ကိုငါကို ချစ်ပါတယ်။”

ဒီလိုမျိုးပြောလိုက်တဲ့အခါ စိတ်ထဲမှာ ဘာဖြစ်သွားလဲ ကြည့်ကြည့်ပါ။ ဒီလိုပြောလိုက်တာကို လက်ခံလို့ရလား။

ငါဟာ လေ့လာသင်ယူဖို့၊ နားလည်လက်ခံဖို့အတွက် အခု ဒီနေရာကို ရောက်နေတယ်။
ငါအပါအ၀င် အားလုံးကို သည်းခံခွင့်လွှတ်ဖို့အတွက် ဒီနေရာကို ရောက်နေတယ်။
ငါ့မှာ တခြားပိုပြီးတော့ အရေးကြီးတာတွေ လုပ်ဖို့ ရှိနေသေးတယ်။
ငါဟာ လွတ်လပ်မှုဆီရောက်ဖို့အတွက် ရှေ့ ကို တက်လှမ်းနေတဲ့သူဖြစ်တယ်။
အားလုံးအပေါ် နားလည်ခွင့်လွှတ်လိုက်ခြင်းဖြင့် ငါဟာ အားလုံးကို လွတ်လပ်ခွင့် ပေးလိုက်တယ်။
ငါလက်ရှိရောက်နေတဲ့ အခြေအနေအတွက် ဘယ်သူ့အပေါ်မှာမှ အပြစ်ပုံမချဘူး၊ တာဝန်မခံစေဘူး။
ငါ့ဘ၀ကိုငါ လွတ်လွတ်လပ်လပ်နှင့် နေထိုင်မယ်။
ငါ့ရဲ့  စိတ်ဓါတ်အရည်အသွေးမြင့်မားတိုးတက်မှုအတွက် ငါဟာ လွတ်လပ်နေတဲ့သူ ဖြစ်တယ်။
ငါဟာ စိတ်ဓါတ် ကြီးမြတ်တဲ့သူဖြစ်တယ်။
ငါဟာ စိတ်ဓါတ်ခိုင်မာတဲ့သူဖြစ်တယ်။
ငါဟာ သဒ္ဓါတရား အားကောင်းတဲ့သူဖြစ်တယ်။
ငါဟာ ခွင့်လွတ်နိုင်တဲ့သူဖြစ်တယ်

စိတ်ကလေး ငြိမ်းချမ်းနေတဲ့အခါမှာ ကိုယ့်စိတ်ကို လိုသလို ညွှန်ကြားလို့ရတယ်။ ဒါကြောင့် စိတ်ကို ကောင်းတဲ့ ကုသိုလ်တရားတွေဘက်မှာပဲ ပျော်မွေ့နိုင်အောင် ထိန်းကြောင်း ညွှန်ကြားနိုင်တဲ့ အနည်းဆုံးလိုအပ်တဲ့ စိတ်အေးချမ်းမှုနှင့် ငြိမ်းချမ်းမှု အခြေအနေ၊အတိုင်းအတာတစ်ခု ရှိနေအောင် ပြုစုပျိုးထောင်ထားဖို့ အရေးကြီးပါတယ်။

Ven Sayadaw U Jotika
(From Forgiveness)

(အင်္ဂလိပ်လိုရေးထားတဲ့ ဆရာတော့်တရားကို မြန်မာလို ဆီလျှော်အောင် ဘာသာပြန်ဆိုထားတာဖြစ်လို့ အမှားအယွင်း တစ်စုံတစ်ရာ ပါခဲ့ပါလျင် ကျွန်တော့်ရဲ့  ဘာသာပြန် ချို့ ယွင်းအားနည်းမှုသာ ဖြစ်ကြောင်း အသိပေးတောင်းပန်အပ်ပါတယ်။)

ဆက်လက်ဖတ်ရှုရန်

Monday, May 4, 2015

သတိနှင့်နေထိုင်ခြင်း




ငြိမ်ငြိမ်လေး ထိုင်ပြီး တရားမှတ်နေတဲ့ အချိန်တစ်ခုတည်းမှာသာ ငြိမ်းငြိမ်းချမ်းချမ်းနှင့
် သတိကပ်ပြီး နေလို့ရတာမျိုး မဟုတ်ပါဘူး။ မတ်တပ်ရပ်နေတဲ့အချိန်၊ လှဲလျောင်းနေတဲ့အချိန်၊ လမ်းလျှောက်နေတဲ့အချိန် နှင့် အလုပ်လုပ်နေရတဲ့ အချိန်တွေမှာတောင် စိတ်ကို ငြိမ်းချမ်းအောင်ထားထားလို့ရပါတယ်။ ဘယ်လိုအရာကများ သတိဆိုတဲ့ အလင်းနေရောင်ခြည်ကို လမ်းလျှောက်နေတဲ့အချိန်၊ လက်ဖက်ရည်၊ ကော်ဖီ ဖျော်နေတဲ့အချိန်၊ အ၀တ်လျှော်နေတဲ့အချိန်မျိုးတွေမှာ ၀င်လာလို့မရအောင် တားထားနိုင်မှာလဲ။

ဘုန်းကြီးကျောင်းမှာ ကိုရင်အဖြစ်နှင့် စရောက်တဲ့ အချိန်တွေတုန်းက ဥယျဉ်ထဲက အပင်တွေကို ပေါင်းသင်ရတာ၊ ကန်ပတ်လည်တစ်လျှောက် သစ်ပင်ပေါ်က သစ်ရွက်တွေကို သပ်ရပ်အောင်လို့ ဖြတ်ရတာ၊ မီးဖိုချောင်ထဲက ပန်းကန်တွေကို ဆေးရတာ စတဲ့ လုပ်ဆောင်မှုတိုင်းမှာ သတိနှင့် လုပ်တတ်ဖို့ကို လေ့ကျင့်ခဲ့ရပါတယ်။ နေ့စဉ်သတိနှင့်လုပ်ဆောင်တတ်ဖို့ ပြဋ္ဌာန်းထားတဲ့ သင်ရိုးစာအုပ်လေးအတိုင်း လေ့ကျင့်ခဲ့ရတယ်။ ဒီစာအုပ်လေးက ညွှန်ကြားတဲ့အတိုင်း လှုပ်ရှားမှုတိုင်းမှာ သတိလိုက်ကပ်ပေးရတယ်။ အိပ်ယာက နိုးနိုးချင်း နိုးပြီဆိုတာကို သိပေးရတယ်။ အင်္ကျီကို ကြယ်သီးတပ်နေတဲ့အချိန်မှာဆိုရင် ကြယ်သီးတပ်နေတာကို သိနေရတယ်။ လက်တွေကို သန့်ရှင်းအောင် ဆေးကြောနေချိန်မှာလည်း လက်ဆေးနေတာလေးကို သိနေရတယ်။ ဒီလို လက်ဆေးနေတဲ့အချိန်၊ ကြယ်သီးတပ်နေတဲ့အချိန်တွေမှာ သတိပိုခိုင်မြဲအောင်လို့ သင်ရိုးစာအုပ်လေးထဲမှာပါတဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းနှင့် သက်ဆိုင်တဲ့ လင်္ကာအတိုလေးတွေကို လိုက်ပြီး ပါးစပ်ကနေ ရွတ်ဆိုပေးရတယ်။

ဥပမာအနေနှင့် အင်္ကျီကြယ်သီးတပ်နေတဲ့အချိန်မှာ ဒီကဗျာလေးကို ရွတ်ရတယ်။

အင်္ကျီကြယ်သီး တပ်နေချိန်
အားလုံး သတ္တ၀ါတွေ
စိတ်နှလုံး နွေးထွေးလုံခြုံ ရှိကြပါစေ။

ဒီလို ကဗျာလင်္ကာလေးတွေရဲ့  အကူအညီနှင့်ပဲ သတိအလင်းရောင်ဟာ ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုတွေမှာသာမကပဲ အတွေးတွေနှင့် စိတ်ခံစားမှုတွေအပေါ်မှာပါ လွယ်လွယ်ကူကူနှင့် ဖြာကျလာစေခဲ့ပါတယ်။

ငယ်ငယ်တုန်းက အမေက အမတွေကို မိန်းခလေးဆိုတာ သွားလာလှုပ်ရှားမှုတိုင်းမှာ သတိထားပြီး လုပ်ရမယ်လို့ ဆုံးမတာမျိုးကို ခဏခဏကြားရတတ်တယ်။ ဒီလို အမေက အမတွေကို ဆုံးမတဲ့အခါမျိုးမှာ ငါတော့ယောကျာ်းလေးဖြစ်နေလို့ သူတို့တွေလိုမျိုး သတိထားနေစရာမလိုဘူးလို့ တွေးပြီး ၀မ်းသာခဲ့ရဖူးတယ်။ ဒါပေမယ့် တရားကို စပြီး အားထုတ်တတ်တဲ့ အချိန်ရောက်လာတော့မှ ကိုယ့်ရဲ့  လှုပ်ရှားမှုတွေအပေါ်မှာ ထားရတဲ့သတိဟာ အမတွေ ထားခဲ့ရတဲ့ သတိထက် အဆရာထောင်မက ပိုပြီး ပေးရတယ်ဆိုတာကို သဘောပေါက်ခဲ့ရတော့တယ်။ လှုပ်ရှားမှုတွေမှာသာ မကပါဘူး၊ ကိုယ့်ရဲ့  အတွေးတွေနှင့် ခံစားမှုတွေ အပေါ်မှာပါ သတိက လိုက်ပြီး ထားပေးရပါတယ်။

လှုပ်ရှားမှုတိုင်းမှာ သတိလေးနှင့် လုပ်နေတဲ့ မိန်းခလေးတစ်ယောက်ဟာ ပိုပြီး ဣနြေ္ဒရလာတယ်၊ကျက်သရေရှိလာတယ် ဆိုတာကို အမေတွေက သိထားကြတယ်။ သူ့ရဲ့  လှုပ်ရှာမှုတွေဟာ ဟော့ဟော့ရမ်းရမ်း မဖြစ်တော့ဘူး၊ ပျာရိပျာယာမဖြစ်တော့ဘူး။ ဒီမိန်းခလေးဟာ သိမ်မွေ့ အေးချမ်းပြီး ကျက်သရေရှိလာတော့တယ်။ တကယ်တော့ အဲဒီအချိန်တွေတုန်းက အမေဟာ သတိမထားမိပဲ အမတွေကို တရားအားထုတ်နည်းစနစ်ကို သင်ကြားပေးနေခဲ့တာသာ ဖြစ်ပါတယ်။

ဒီနည်းအတိုင်းပါပဲ။ တစုံတစ်ယောက်ဟာ သတိနှင့် နေထိုင်တဲ့နည်းစနစ်ကို လေ့ကျင့်နေပြီဆိုရင် သူ့ကိုမြင်ရကြည့်ရတာဟာ အလွန်ကိုပဲ ကျက်သရေရှိလှပါတယ်။ တရားပြဆရာလုပ်သူအနေနှင့် မိမိတပည့်ရဲ့  တရားအဆင့်ကို သိဖို့အတွက်ဆိုရင် သူ ဘယ်လို ခေါင်းလောင်းထိုးနေသလဲ၊ တံမြက်စည်းကို ဘယ်လိုလှည်းနေသလဲ၊ စားသောက်ဖို့အတွက် စားပွဲဘယ်လိုပြင်ဆင်နေသလဲဆိုတာမျိုးတွေကို ကြည့်ပြီး ခန့်မှန်းသိရှိနိုင်ပါတယ်။ ဒီလှုပ်ရှားမှုပုံစံတွေဟာ သတိကိုလေ့ကျင့်ပျိုးထောင်ရာကနေ ထွက်ပေါ်လာတဲ့ သူ့ရဲ့  တရားရင့်ကျက်မှု အခြေအနေ (သို့မဟုတ်) သတိနှင့် နေထိုင်ခြင်းရဲ့  အသီးအပွင့်အနှစ်အရသာပဲဖြစ်ပါတယ်။

Thich Nhat Hanh
(From "The Sun My Heart")

ဆက်လက်ဖတ်ရှုရန်

Sunday, May 3, 2015

ပျက်စီးခြင်းတရားနှင့် လူ့သဘာဝ




ဗုဒ္ဓဘာသာဝင်တွေ သြကာသကန်တော့ချိုးနှင့် ဘုရားရှိခိုးကြတဲ့အခါမှာ ရွတ်ဆိုဆုတောင်းကြတဲ့ ဗျသနတရား (၅)ပါး ကို အားလုံး သိထားကြမှာပါ။ မြန်မာလိုအဓိပ္ပါယ်ပြန်ရင်တော့ ပျက်စီးခြင်း (၅)ပါး ဖြစ်ပါတယ်။ ဘာတွေလဲဆိုတော့ 

၁။ ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ပျက်စီးခြင်း။
၃။ ရောဂဗျသန = ရောဂါနှိပ်စက်၍ပျက်စီးခြင်း
၎။ ဒိဋ္ဌိဗျသန = အယူလွဲမှား၍ပျက်စီးခြင်း။
၅။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း။

တို့ ဖြစ်ပါတယ်။ ဒီတရား ငါးပါးဘေးကနေ ကင်းလွတ်ခွင့်ရဖို့ ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးရင်း ဆုတောင်းတတ်ကြပါတယ်။

ဒါပေမယ့်လည်း လူရယ်လို့ဖြစ်လာပြီဆိုရင် ဒီပျက်စီးခြင်း (၅)ပါး ဘေးကနေ လွတ်ကင်းဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။

လူတိုင်း ဆွေမျိုးပျက်စီးခြင်းဆိုတဲ့ဘေးကို တစ်နေ့မဟုတ် တစ်နေ့ မလွဲမသွေ ရင်ဆိုင်ကြရမှာပါပဲ။ မိခင်၊ ဖခင်၊ ညီအကို၊ မောင်နှမတွေ၊ ချစ်ခင်ရတဲ့ ဆွေမျိုးတွေနှင့် သေကွဲကွဲကြရမှာကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူတိုင်း ကြုံကြရမှာပါ။ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

ကိုယ်ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေ၊ ပိုင်ဆိုင်မှုတွေ ဆိုတာဟာလည်း ရန်သူမျိုးငါးပါးဘေးရန်ကြောင့် ပျက်စီးဆုံးရှုံးသွားရတာမျိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်တောင် နောက်ဆုံး ကိုယ်သေရတော့မယ်ဆိုတဲ့အချိန်မှာ အားလုံးကို ချန်ထားခဲ့ရမှာပါပဲ။ အမြဲတမ်း ကိုယ်နှင့် မခွဲမခွာ ဆောင်ထားလို့ မရနိုင်ပါဘူး။

အနာရောဂါကြောင့် ပျက်စီးရတယ် ဆိုတာဟာလည်း အထူးပြောနေစရာလိုမယ်မထင်ပါဘူး။ လူ့သက်တမ်းတစ်လျှောက်မှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကျန်းမာရေးမကောင်းကြလို့ ဆေးရုံဆေးခန်းပြရ၊ ဆေးတွေသောက်ရနှင့် တစ်သက်လုံး ခန္ဓာကိုယ်ကို ဂရုတစိုက် စောင့်ရှောက်နေကြတာတောင် နောက်ဆုံး သေဖို့အချိန်တန်လာရင် ဘယ်လိုမှ ကုလို့မပျောက်တော့ပဲ သေကြရမှာ အားလုံး အသိပါပဲ။

ဒီပျက်စီးခြင်း(၃)မျိုးထဲက တစ်ခုခုနှင့် ကြုံလာကြပြီဆိုရင် လူအများစုဖြစ်တတ်တာကတော့ စိုးရိမ်ပူပန်မှုတွေ ဖြစ်တတ်ကြတယ်။ ငိုကြွေးတတ်ကြတယ်။ ဆောက်တည်ရာမရဖြစ်တတ်ကြတယ်။ ဒါပေမယ့်လည်း ဒီပျက်စီးမှု (၃) မျိုးလုံးဟာ ကိုယ်က ပြုပြင်စီမံလို့မရပဲ သဘာဝနှင့် ကံအကျိုးပေးတရားတွေကြောင့် ဖြစ်လာကြတာမို့ ဘယ်သူမှ ရှောင်လွှဲလို့ မရသလို မဆုံပါရစေနှင့်လို့ ဆုတောင်းနေလို့လည်း ဆုတောင်း မပြည့်နိုင်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လူတိုင်း ကြုံတွေ့ကြရမှာ ကျိန်းသေပါပဲ။

ကိုယ့်ရဲ့  စဉ်းစားတွေးခေါ်နိုင်တဲ့ ဉာဏ်ရည် မပြည့်စုံမှု၊ ဆရာတင်မှားမှု၊ မိရိုးဖလာအစွဲအလန်းကြီးမှု၊ တယူသန်မှု စတာတွေကြောင့် ဘ၀မှာ သတိမထားမိပဲ အတွေးအခေါ်အယူအဆ လွဲမှားမှုဆိုတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီလို အယူလွဲမှုကြောင့် လောကီ၊ လောကုတ် အဘက်ဘက်မှာ အကျိုးယုတ်လျှော့ပျက်စီးရမှုဒဏ်ကို ခံစားရတတ်ပါတယ်။ မကောင်းတာကို ကောင်းတယ်ထင်ပြီး စွဲစွဲမြဲမြဲ လုပ်နေမိတတ်ပါတယ်။ တခါတလေလည်း တချိန်ချိန်မှာ မကောင်းတာ ဖြစ်လာမယ်မှန်း သိသိနှင့် လတ်တလောကောင်းနေတဲ့အပေါ်မှာ သာယာပြီး လုပ်နေမိတတ်တာမျိုးလည်း ရှိနေတတ်ပါသေးတယ်။

သီလမှာ ရှောင်ရမယ့် သီလနှင့် ဆောင်ရမယ့်သီလ ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ များသောအားဖြင့်တော့ လူတွေက ရှောင်ရမယ့် သီလလောက်ကိုသာ အပြောများတတ်ပါတယ်။ သီလကို ရှောင်ရမယ့် သီလတစ်ခုတည်းပဲ ပြောမယ်ဆို မပြည့်စုံနိုင်ပါဘူး။ ဆောင်ရမယ့် သီလကိုလည်း လိုက်နာကျင့်ဆောင်ဖို့ လိုအပ်ပါသေးတယ်။ ဗုဒ္ဓအဆုံးအမတော်အရပြောမယ်ဆိုရင် ငါးပါးသီလဆိုတာ လူတိုင်း ဘယ်သူမဆို ရှောင်ရမယ့်သီလမျိုး ဖြစ်ပါတယ်။ မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ ဆရာ့ဝတ်၊ တပည့်ဝတ်တွေဆိုတာက ဆောင်ရမယ့် သီလတွေဖြစ်ပါတယ်။ ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းဖြစ်ဖို့အတွက် ခေတ်အခြေအနေ၊ ဓလေ့ထုံးစံတွေနှင့် ညှိပြီး လူအများသဘောတူ သတ်မှတ်ထားတဲ့ ပြည်သူ့နီတိလိုမျိုး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ table manner, media ethics, business ethics စတာမျိုးတွေလည်း ရှိပါသေးတယ်။ ဒီသီလတွေကို မလိုက်နာဘူး၊ မထိမ်းသိမ်းဘူးဆိုရင် သီလပျက်စီးတာလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ဒီ ပျက်စီးခြင်း (၂) မျိုး မဖြစ်အောင်ကတော့ ကိုယ်တိုင်က သတိထားပြီး ကြိုးစားထိမ်းသိမ်းမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ကိုယ့်အပေါ်မှာပဲ အဓိကမူတည်ပါတယ်။ ဒီပျက်စီးခြင်း တရား (၂)ပါးနှင့် မကြုံတွေ့ပါရစေနှင့်လို့ ဆုတောင်းနေရုံနှင့် မလုံလောက်ပါဘူး။ ကိုယ်တိုင်က မပျက်စီးအောင် ကြိုးစားထိန်းသိမ်း စောင့်ရှောက်ပေးရမယ့် တရား (၂)မျိုး သာဖြစ်ပါတယ်။

ဆွေမျိုးမိဘတွေ ပျက်စီးဆုံးရှုံးရတဲ့အခါ၊ စည်းစိမ်ဥစ္စာတွေ ပျက်စီးဆုံးရှုံးတဲ့အခါ၊ အနာရောဂါနှိပ်စက်တဲ့အခါမှာ လူတွေ ငိုကြွေးတတ်ကြပေမယ့် အသိအမြင် အယူအဆ လွဲမှားသွားတဲ့အခါ၊ ထိန်းသိမ်းရမယ့် သီလတစ်ပါးပါး ကျိုးပေါက်တဲ့အခါမှာတော့ ငိုတဲ့သူ တစ်ယောက်မှ မရှိတတ်တာ သတိပြုမိကြမှာပါ။ ဒီနေ့တော့ ငါ လိမ်ပြောလိုက်မိလို့ သီလဗျသန ဖြစ်ရလေခြင်းဆိုပြီး ငိုတဲ့သူ မရှိပါဘူး။

ဗုဒ္ဓရဲ့  အဆုံးအမတော်အတိုင်း စဉ်းစားကြည့်မယ်ဆိုရင် မိသားစု ဆွေမျိုးတွေပျက်စီးလို့၊ ပစ္စည်းဥစ္စာတွေပျက်စီးဆုံးရှုံးလို့၊ အနာရောဂါတွေက နှိပ်စက်လို့ ဒီလူအဖို့ အခု ပစ္စုပ္ပန်ခဏမှာ ပူဆွေးသောကကြုံရပေမယ့် သံသရာမှာ မကောင်းတဲ့အကျိုးဆက်ဆိုတာ ဘာမှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် အယူလွဲမှားမိပြီ၊ သီလကျိုးပေါက်မိပြီဆိုရင်တော့ ဒီဘ၀မှာရော၊ သံသရာမှာပါ ဆုတ်ယုတ်ဖို့ အကြောင်း လုံလုံလောက်လောက် ရှိသွားပြီ ဖြစ်ပါတယ်။ ကိုယ်သာမက ကိုယ့်ရဲ့  အယူမှားမှု၊ သီလမစောင့်ထိမ်းမှုကြောင့် ကိုယ်နှင့် ထိစပ်ပက်သတ်နေတဲ့ ပတ်ဝန်းကျင်က လူတွေကိုပါ ဒုက္ခဖြစ်စေ၊ အနှောက်အယှက် ဖြစ်သွားစေတတ်ပါတယ်။

ဒါကြောင့် ဗျသနတရား (၅) ပါးကို သေသေချာချာနားလည်သဘောပေါက်ပြီး သြကာသကန်တော့ချိုးမှာ ထည့်ဆိုကောင်းရုံအဆင့်နှင့် တင်းတိမ်ကျေနပ်ရောင့်ရဲမနေကြပဲ ဗုဒ္ဓဘုရားရှင်အလိုတော်ကျဖြစ်အောင် တစ်ပါးချင်းဆီရဲ့  အနက်အဓိပ္ပါယ်ကို သေသေချာချာ နှလုံးသွင်းဆင်ခြင်ပြီး လိုက်နာကျင့်သုံးနိုင်ကြသူများဖြစ်အောင် ကြိုးစားကြဖို့ စေတနာအရင်းခံနှင့် တိုက်တွန်းရေးသားလိုက်ရပါတယ်ခင်ဗျာ။

(ပါချုပ်ဆရာတော်ကြီး၏ တရားတော်မှ တဆင့် သင့်လျှော်သလို ပြန်လည် ကောက်နုတ်ရေးသား ဖော်ပြခြင်း ဖြစ်ပါသည်။)

ဆက်လက်ဖတ်ရှုရန်

Sunday, April 12, 2015

မမြဲတဲ့သဘောကို နှလုံးသွင်း၍ နေထိုင်ခြင်း




လူသားများအတွက် မိမိတို့ ဦးနှောက်အသိဉာဏ်နှင့် တွေးခေါ်မြော်မြင်နိုင်သလောက် ဆင်ခြင်စဉ်းစားမှုတွေဟာ အရာရာတိုင်းအတွက် အမြဲမှန်ကန်မှု မရှိနိုင်ပါဘူး။ လူအများစုဟာ ဘာလုပ်သင့်တယ်၊ ဘာတွေဖြစ်လာမယ်ဆိုတာကို သိထားကြပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့ သိထားသလို မလုပ်ဖြစ်တတ်ကြတာများပါတယ်။ ဒါကြောင့် ကိုယ်တကယ်သိထားတဲ့အတိုင်း လက်တွေ့မှာလည်း တကယ်ကျင့်သုံးနိုင်ဖို့ဆိုရင် အလေ့အကျင့်လုပ်ယူမှသာ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။

ဥပမာအနေနှင့်ပြောရရင် အရာရာမမြဲဘူးဆိုတာကို လူတိုင်းသိထားကြ၊ လက်ခံထားကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ လူတွေဟာ အရာရာကို မြဲနေသယောင် ပုံစံမျိုး သဘောထားပြီး လုပ်ကိုင်ပြောဆိုဆောင်ရွက်နေတတ်ကြပါတယ်။ တကယ်လို့များ မမြဲခြင်းတရားကို အမြဲ နှလုံးသွင်းဆင်ခြင်နိုင်ကြမယ်ဆိုရင် မိမိကိုယ်တိုင်ရော၊ တခြားသူတွေကိုပါ စိတ်ချမ်းသာမှု ပျက်စီးသွားစေမယ့် လုပ်ဆောင်မှုမျိုးတွေကို လုပ်ဆောင်ကြတော့မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအားလုံးပါ စိတ်နှလုံးအေးချမ်းပျော်ရွှင်စေမယ့် ကိစ္စတွေကိုသာ အတတ်နိုင်ဆုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားလုပ်ဆောင်လာကြမှာ ဖြစ်ပါတယ်။

လူတွေဟာ ကိုယ်ချစ်ခင်ရတဲ့သူတစ်ဦးဦးက ကိုယ့်ကို စွန့်ခွာသွားတဲ့အခါ၊ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုကြုံရတဲ့အခါမျိုးတွေမှာ ၀မ်းနည်းပူဆွေးကြ၊ မျက်ရည်ကျတတ်ကြတယ်။ တကယ်တမ်း အဲဒီမိမိချစ်ခင်ရတဲ့သူ ကိုယ့်အနီးမှာရှိနေတဲ့အချိန်တွေမှာတော့ ဒီပုဂ္ဂိုလ်ကို စိတ်ချမ်းသာအောင်၊ ပျော်ရွှင်အောင် ထားဖို့ စိတ်မကူးမိကြဘူး။ သူ့အပေါ် တန်ဖိုးထားရကောင်းမှန်းလည်းမသိကြဘူး။

ဒါကြောင့် မမြဲခြင်း အနိစ္စတရားဆိုတာကို စာသိ သိရုံ၊ တွေးတောကြံစည်ပြီးသိရုံ၊ ပါးစပ်က တဖွဖွ ရွတ်ဆိုတတ်ရုံလောက်နှင့် ကျေနပ်တင်းတိမ်ရောင့်ရဲမနေသင့်ပဲ ဘာဝနာမယဉာဏ်အဆင့်နှင့် နေ့စဉ်ဘ၀မှာ အချိန်တိုင်း မမြဲခြင်းတရားကို နှလုံးသွင်းပွားများပြီး နေထိုင်နိုင်တဲ့ သမာဓိအဆင့်မျိုး ရောက်တဲ့အထိ ကျင့်ကြံကြိုးကုတ် အားထုတ်သင့်လှပါတယ်။

သတိနှင့် ပစ္စုပ္ပါန် အချိန်တိုင်းကို နေနိုင်အောင် ကြိုးစားဖို့ လိုအပ်လှပါတယ်။ တကယ်လို့သာ သတိရှိနေမယ်ဆိုရင် လက်ရှိပစ္စုပ္ပာန်မှာ မိမိနှင့် ထိတွေ့ဆက်ဆံနေရတဲ့ အရာဝတ္ထုတွေအပေါ်၊ လူပုဂ္ဂိုလ်တွေအပေါ်မှာ တန်ဖိုးထားပြီး လေးလေးနက်နက် ထိတွေ့ ဆက်ဆံနိုင်လာပါလိမ့်မယ်။ သတိတရားမှာ ဒီလိုလုပ်ဆောင်နိုင်တဲ့ စွမ်းရည်သတ္တိတွေ ရှိနေပါတယ်။ စိတ်ထဲမှာ သတိရှိနေတဲ့အခါမှာ မိမိလတ်တလော တွေ့ကြုံနေရတဲ့ အခြေအနေအပေါ် အမှန်အတိုင်း သိမြင်သုံးသပ်နိုင်တဲ့ အသိဉာဏ် ဖြစ်ပေါ်လာမှာဖြစ်ပြီး ဒီထက်မကတဲ့ မမြဲတဲ့သဘာဝတရား၊ အရာဝတ္ထုတစ်ခုနှင့်တစ်ခုကြား၊ သက်ရှိတစ်ဦးနှင့်တစ်ဦးကြားအပြန်အလှန် ကျိုးကြောင်းစပ်ဆက်ပတ်သက်နေတဲ့ သဘာဝတရား၊ မိမိအလိုကျမဟုတ်ပဲ သူ့သဘောသူဆောင်နေတတ်တဲ့ သဘာဝတရားတွေကိုပါ သိမြင်နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။

ဆရာတော် Thich Nhat Hanh

ဆက်လက်ဖတ်ရှုရန်

Sunday, April 5, 2015

သတိဖြင့် ဒေါသထွက်ခြင်း






ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဒေါသတရားကို မိခင်က မိမိရဲ့ ရင်သွေးငယ်လေးကို ကိုင်တွယ်ကြည့်ရှုစောင့်ရှောက်သလိုမျိုးလေး သဘောထားကြည့်လိုက်ပါ။ ဘာလို့လဲဆိုတော့ မေတ္တာတရားဆိုတာဟာ ကိုယ့်ရဲ့  ရင်တွင်းမှာ ဖြစ်ပေါ်လာတဲ့ သဘာဝတရားတစ်ခုဖြစ်သလို၊ ဒေါသတရားဆိုတာဟာလည်း စိတ်ထဲမှာ အကြောင်းတိုက်ဆိုင်လာရင် ဖြစ်ပေါ်လာတတ်တဲ့ သဘာဝတရားတစ်ခုပါပဲ။

ဒါကြောင့် စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ သဘာဝတရားတစ်ခုက အခြားသဘာဝတရားတစ်ခုကို ဂရုတစိုက် စောင့်ကြည့်ခြင်းသဘောပါပဲ။ ဒေါသတရားဆိုတာ ကိုယ်တွင်းက ထွက်ပေါ်လာတဲ့ စွမ်းအင်တစ်ခုဖြစ်သလို၊ မေတ္တာတရား (သတိတရား) ဆိုတာဟာလည်း စွမ်းအင်တစ်ခုပါပဲ။

ဒါကြောင့် ခန္ဓာကိုယ်မှာ ဒေါသတရားဖြစ်ပေါ်လာပြီဆိုရင် သတိစွမ်းအင် (သို့) မေတ္တာစွမ်းအင်ကို ဒေါသဖြစ်နေတဲ့နေရာဆီကို ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ဖို့အတွက် သူ့ကို ဖိတ်ခေါ်ပေးလိုက်ပါ။

ပြီးတဲ့အခါမှာတော့ သတိကပ်ပြီး အသက်ကို မှန်မှန်ရှူသွင်း၊ ရှူထုတ်တာကို ဆက်တိုက်ပြုလုပ်လိုက်ပါ။ ဒီလိုပြုလုပ်တာဟာ ဖြစ်ပေါ်နေတဲ့ ဒေါသကို မသိကျိုးကျွန်ပြုလိုက်တာမဟုတ်ပဲ လက်တွေ့ကျကျ သတိနှင့် လက်ခံ စောင့်ကြည့်လိုက်တာသာ ဖြစ်ပါတယ်။

~ “ငါဟာ ဒေါသဖြစ်နေတာကို သိနေတယ်” လို့ နှလုံးသွင်းပြီး လေကို ရှူသွင်းလိုက်ပါ။
~ “ငါဟာ ဒေါသကို သတိနှင့် လက်ခံစောင့်ကြည့်နေတယ်” လို့ နှလုံးသွင်းရင်း လေကို ပြန်ရှူထုတ်လိုက်ပါ။

ဒါကိုပဲ “သတိဖြင့် ဒေါသထွက်ခြင်း” လို့ ခေါ်ချင် ခေါ်လို့ရနိုင်ပါတယ်။ တကယ်တော့ ဒီလုပ်ငန်းစဉ်ဟာ သတိရဲ့ စွမ်းအင်ကို အသုံးပြုပြီး ဒေါသကို ကိုင်တွယ်ဖြေရှင်းနေတာ ဖြစ်ပါတယ်။ ဒီလို အသက်ရှူတာလေးမှာ ဆက်တိုက်သတိကပ်ရင်း အချိန်တစ်ခုကြာလာတဲ့အခါမှာတော့ ဖြစ်ပေါ်နေတဲ့ ဒေါသဟာ အသွင်ကူးပြောင်းသွားပါလိမ့်မယ်။

ဘာနှင့် ဥပမာတူလဲဆိုရင် မနက်ခင်းအစောပိုင်း နေအလင်းရောင် ထွက်ပေါ်မလာသေးခင်မှာ ပန်းဖူးလေးတစ်ခုရဲ့  ပွင့်ချပ်တွေဟာ ပွင့်အာမလာကြသေးပါဘူး။ နေရောင်ထွက်ပေါ်လာပြီးတဲ့နောက် နေရောင်ခြည်က ပန်းဖူးလေးရဲ့  အပေါ်ကို တဖြေးဖြေးကျရောက်လို့လာပါတယ်။ နေရောင်ခြည်နှင့်အတူပါလာတဲ့ အနွေးဓါတ်ဟာ ပန်းဖူးလေးရဲ့  အပြင်ပိုင်းပတ်ချာလည်ကိုသာ မကပဲ၊ ဟိုးအတွင်းပိုင်း အထဲထိကို တစ်စတစ်စနှင့် စိမ့်ဝင်လို့သွားပါတယ်။ ဒီလိုနှင့် အချိန်တစ်ခုရောက်တဲ့အခါမှာတော့ ဒီပန်းဖူးလေးဟာ ပွင့်ချပ်တွေပွင့်အာလာပြီး ပန်းပွင့်လေးတစ်ပွင့်အဖြစ် အသွင်ကူးပြောင်းသွားပါတော့တယ်။

ပန်းဖူးလေးဟာ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါသတရားကို ကိုယ်စားပြုပြီး နေရောင်ခြည်ဆိုတာကတော့ သတိစွမ်းအားပဲပေါ့။

ဒေါသတရားကို စွမ်းအင်တစ်ခုအနေနှင့် အသုံးပြုပြီး ပြဿနာဖြေရှင်းကြတာကို တချို့ တွေက နည်းလမ်းတစ်ခုအနေနှင့် အသုံးပြုတတ်ကြတယ်။ ဒေါသဟာ စွမ်းအင်အရင်းအမြစ်တစ်ခုဖြစ်ပေမယ့် ဒီစွမ်းအင်ကို အသုံးပြုတာဟာ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ ဒေါသနှင့် ပြောသမျှ၊ လုပ်သမျှအရာတိုင်းဟာ ပျက်စီးမှုတွေဆီကို ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့် ဒေါသစွမ်းအင်အစား တခြားစွမ်းအင်အမျိုးအစားတွေဖြစ်တဲ့ ကရုဏာစွမ်းအင်နှင့် နားလည်ပေးနိုင်မှုစွမ်းအင်တွေကို အသုံးပြုပြီး ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။

သိပ္ပံသဘောအရ စွမ်းအင်တွေဟာ အမျိုးအစားတစ်ခုကနေ အခြားတစ်ခုကို ပြောင်းလဲပစ်လို့ရသလိုမျိုးပါပဲ။ ဒေါသစွမ်းအင်ကိုလည်း ကရုဏာစွမ်းအင်နှင့် နားလည်ပေးနိုင်မှုစွမ်းအင်တွေအဖြစ် ပြောင်းလဲပေးလို့ ရပါတယ်။ ဒီလိုပြောင်းလဲဖို့အတွက်ဆိုရင် ဒေါသကို စွန့်ပစ်လိုက်ဖို့ မလိုပါဘူး။ မိမိတို့အနေနှင့် စွမ်းအင်ပုံစံတစ်မျိုးကနေ နောက်စွမ်းအင်ပုံစံတစ်မျိုးကို ဘယ်လိုပြောင်းလဲလို့ရတယ်ဆိုတဲ့ နည်းစနစ်ကို သိရှိထားဖို့ပဲ လိုအပ်ပါတယ်။


ဆက်လက်ဖတ်ရှုရန်

Sunday, March 22, 2015

တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူ -




ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္̔ဒမာလာဘိဝံသ

အပိုင်း (၁)

တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူလို့ ဆိုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်မှုကို လောကမှာ မြတ်နိုးတဲ့သူဟာ ဘယ်သူလဲဆိုရင် ဗုဒ္ဓအရှင်မြတ်ဘုရားပဲဖြစ်တယ်။ မြတ်စွာဘုရားရှင်ဟာ တိတ်ဆိတ်ငြိမ်သက်မှုကို အလွန်မြတ်နိုးတော်မူတယ်။ လောကသားတွေက ဆူညံတာကို နှစ်သက်ကြတယ်။ ဒါကြောင့်မို့လို့ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာ အလွန်ရှားပါးတဲ့ နေရာတစ်ခုဖြစ်တယ်။

ဗုဒ္ဓကို ကိုးကွယ်မြတ်နိုးတဲ့ ဗုဒ္ဓဘာသာနိုင်ငံလို့ ပြောကြတဲ့ မြန်မာနိုင်ငံမှာ ဆူညံမှုက အလွန်များတယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဥရောပကနိုင်ငံတွေတို့၊ အမေရိကန်နိုင်ငံတို့၊ ရောက်ဖူးတဲ့သူတွေ သိပါလိမ့်မယ်။ ဘယ်နေရာသွားသွား တိတ်ဆိတ်ငြိမ်သက်နေတာပဲ။ အိမ်ထဲမှာဆိုရင် လူရှိတယ်လို့တောင် မထင်ရဘူး။ Supermarket တွေထဲ ၀င်သွားရင်လည်း လူရှိတယ်လို့တောင် မထင်ရဘူး။ အင်မတန်မှ ငြိမ်သက်ကြတယ်။ ရုံးပြင်ကနားတွေမှာလည်း အင်မတန်မှ ငြိမ်သက်တယ်။ ဆူဆူညံညံစကားပြောနေတာ မရှိသလောက်ကို အံ့သြဖွယ်ရာ တွေ့ရတယ်။

သို့သော် ဗုဒ္ဓဘာသာလို့ အမည်ခံတဲ့ မြန်မာနိုင်ငံမှာ တိတ်ဆိတ်တဲ့နေရာဆိုတာ အလွန့်ကိုရှားတယ်။ ဒါလည်း ဆင်ခြင်စဉ်းစားစရာ အင်မတန်မှကောင်းတယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က တိတ်ဆိတ်ငြိမ်သက်မှုကို အလွန့်ကိုမြတ်နိုးတယ်။ ဒါကြောင့်မို့ ပါဠိစာပေမှာ ဗုဒ္ဓကိုချီးကျူးတဲ့ စကားလုံးလေးတွေရှိတယ်။ အဲဒါကို ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ သိတဲ့ပုဂ္ဂိုလ်လည်းသိမယ်၊ မသိတဲ့ပုဂ္ဂိုလ်လည်း မသိသေးဘူး။ သို့သော် သိအောင်ပြောရမယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကို ချီးမွှမ်းတဲ့စကားလုံးတွေထဲမယ် ဒါက တခြားဘာသာဝင်တွေကပါ ချီးမွှမ်းတဲ့စကားလုံး။ မြတ်စွာဘုရားကို ချီးမွှမ်းတဲ့အခါမှာ “အသံတိတ်ဆိတ်မှုကို လိုလားတယ်” တဲ့။ မြတ်စွာဘုရားဟာ အသံတိတ်ဆိတ်မှုကို လိုလားတယ်ဆိုတာ တခြားဘာသာဝင်တွေကပါ သိတယ်။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားကို ခပ်လှမ်းလှမ်းက မြင်လိုက်တာနှင့်ပဲ စကား ကျယ်လောင်ကျယ်လောင်ပြောဆိုမှုတွေကို ထိန်းချုပ်ပြီးတော့ ငြိမ်ငြိမ်လေးနေကြတယ်။ ဒီအကျင့်ဟာ စာပေကျမ်းဂန်ထဲမှာ မကြာခဏ ထိုထိုသုတ္တန်တွေထဲမှာ တွေ့ရတယ်။ တခါ မြတ်စွာဘုရားဟာ တပည့်သာဝကတွေကို တိတ်ဆိတ်ငြိမ်သက်စွာနေတတ်ဖို့ ဆုံးမသွန်သင်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ တိတ်ဆိတ်ငြိမ်သက်မှုရဲ့  ဂုဏ်ကျေးဇူး ချီးမွှမ်းစကားကို ပြောကြားတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ တခြားဘာသာဝင်တွေကပါ ချီးမွှမ်းထောမနာမှုပြုကြတယ်။

အဲဒီတော့ ဒါတွေဟာ ဘုရားရဲ့ အကြိုက်ပြောရမယ်ဆိုလို့ရှိရင် တိတ်ဆိတ်ငြိမ်သက်မှု၊ အသံတိုးတိတ်မှုဟာ အင်မတန်မှ အရေးကြီးတယ်လို့။ အခုလို တရားပွဲတွေ ကျင်းပနေတဲ့အခါမှာ ဆူညံတဲ့အသံတွေဟာ ဘယ်လိုမှ တရားဟောလို့ မဖြစ်နိုင်ဘူး။ နာတဲ့ပုဂ္ဂိုလ်ကလည်း နားထဲမှာ နှစ်သံဝင်နေသည့်အတွက်ကြောင့် သမာဓိမရနိုင်ဘူး။ ဟောတဲ့ပုဂ္ဂိုလ်အနေနှင့်ကလည်း သမာဓိမရနိုင်ဘူး။ မရနိုင်သည့်အတွက်ကြောင့် တရားထူးတရားမြတ်ရဖို့ဆိုတာ ဝေးလေစွပဲ။ တရားထူးတရားမြတ်ရဖို့ မပြောနှင့်။ ဟောတဲ့တရားမှတ်မိဖို့တောင်မှ ခဲယဉ်းတယ်နော်။

အဲဒီတော့ ဘုရားတရားတော်ဆိုတာ Profound Dhamma လို့ဆိုသည့်အတိုင်း အလွန်လေးနက်တယ်။ ဂမ္ဘီရ - နက်နဲတယ်။ နက်နဲတယ်ဆိုတဲ့တရားကို မြတ်စွာဘုရားကဟောတိုင်း ဟောတိုင်း တပည့်သာဝကတွေကို ဘယ်လိုသတိပေးသလဲဆိုရင် နားစိုက်ထောင်ကြပါ။ စိတ်ထဲမှာ နှလုံးသွင်းထားကြပါလို့။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားရဲ့  အဆုံးအမတစ်ခု ပြည့်ပြည့်၀၀နှင့် ရင်ထဲနှလုံးထဲ ရောက်ဖို့ဆိုတာဟာ အင်မတန်ကောင်းကောင်း နှလုံးသွင်းမှုပေါ်မှာမူတည်တယ်။ ကောင်းကောင်းနှလုံးသွင်းနိုင်မှ မြတ်စွာဘုရားတရားတော်ဟာ ရင်ထဲရောက်မယ်။ အသိဉာဏ်ထဲကို ရောက်လာနိုင်မယ်။ နို့မဟုတ်လို့ရှိရင်တော့ မြတ်စွာဘုရားတရားတော်ဟာ ရင်ထဲနှလုံးထဲရောက်လာဖို့ အင်မတန်မှ ခဲယဉ်းတယ်။

ဒါက သီချင်းဆိုတာလည်း မဟုတ်ဘူး။ Stage Show ပြတာလည်း မဟုတ်ဘူး။ အဲဒီတော့ ဘုရားတရားတော်ဆိုတာ အလွန် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမျိုး ရွေးချယ်သင့်တယ်။ တိတ်ဆိတ်ငြိမ်သက်စွာ နာယူသင့်တယ်။ ဓမ္မဂါရ၀ဆိုတာနှင့် ပတ်သက်ပြီး ပြောတဲ့နေရာမှာ တရားဟောတဲ့နေရာမှာ တိုးတိုးတိုးတိုး စကားပြောခြင်းဟာ တရားကို မလေးစားရာရောက်တယ်လို့ စာပေကျမ်းဂန်မှာ ဒီလိုဆိုတယ်။ ဒါကြောင့်မို့လို့ ဘုရားရဲ့  တပည့်သား သာဝကတွေဟာ အင်မတန်မှ ယဉ်ကျေးသိမ်မွေ့တဲ့ ဓမ္မဂါရ၀ - တရားတော်ကို လေးစားစွာ နာယူမှတ်သားကြရတယ်။

ဒါကပညာရပ်တစ်ခုကို နာယူနေတာ။ တရားနာတယ်ဆိုတာ တကယ်ကတော့ အပျော်နာတာ မဟုတ်ဘူး။ ဘ၀သံသရာမှာ တို့တတွေ ဘယ်လို အဖြေမှန်ထုတ်နိုင်မလဲ။ ဘ၀ရဲ့  အကြောင်းကို ဘယ်လိုသိအောင်လုပ်ရမလဲ။ဘ၀မှာ ပျော်စရာဆိုတာ ဘာရှိသလဲ။ ထိုဘ၀ကြီးရဲ့  အပြစ်အနာအဆာဆိုတာ ဘာရှိသလဲ။ ဘ၀ကြီးက ထွက်မြောက်ဖို့ လမ်းကြောင်းရော ရှိရဲ့ လား ဆိုတာတွေ အသေးစိတ်နားလည်အောင် တရားဓမ္မကို နာယူကြရတာဖြစ်တယ်။ အဲဒီလို နာယူနိုင်မှ ဘ၀ရဲ့  သာယာမှုဆိုတာလည်း တွေ့အောင်ရှာနိုင်တယ်။ သာယာမှုတင်ရှိသလားဆိုတော့ မဟုတ်ဘူး။ ဘ၀မှာ အပြစ်အနာအဆာတွေ မြောက်မြားစွာရှိတယ်။ အဲဒီအပြစ်အနာအဆာတွေမြောက်မြားစွာရှိတဲ့ ဘ၀ကြီးက လွတ်ချင်တယ်ဆိုရင်ကော ထွက်ပေါက်ရှိရဲ့ လားဆိုတော့ ထွက်ပေါက်ကိုပြတယ်။

အဲဒီလို ဘ၀နှင့်ပတ်သက်တဲ့ ရှုမြင်သုံးသပ်မှု၊ ရှုထောင့်သုံးခုကနေ မြတ်စွာဘုရားက သုံးသပ်ဆင်ခြင်ပြီးတော့ ပြထားတယ်။ ဒီတော့ အဲဒီလောက် လေးနက်တဲ့တရား၊ နက်နဲတယ်၊ မြင်ဖို့အင်မတန်ခက်တယ်၊ တရားဟာ အင်မတန်မှ သိမ်မွေ့တယ်။ သိမ်မွေ့တဲ့အရာ၊ သေးငယ်တဲ့အရာဆိုတာ အားကုန်စိုက်မှ မြင်နိုင်မယ်၊ သိနိုင်မယ်ပေါ့။ သာမန်ပုဂ္ဂိုလ်တွေ နားမလည်နိုင်ဘူး။ ပညာရှိတဲ့ ပုဂ္ဂိုလ်သာ နားလည်နိုင်တယ်လို့ မြတ်စွာဘုရားကိုယ်တိုင်က အကြိမ်ကြိမ်ထုတ်ဖော်ပြောရတဲ့ ဒီတရားမျိုးဟာ အင်မတန်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမျိုးမှာနာရမှသာ။

ဒါကြောင့်မို့လို့ လောကမှာ တိတ်ဆိတ်ငြိမ်သက်မှုကို အမြတ်နိုးဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲဆိုရင် မြတ်စွာဘုရားပဲဖြစ်တယ်။ ဘာ့ကြောင့် ဒီစကားကို ပြောရတာလဲ ဆိုလို့ရှိရင် တုံဏှိဘာဝ ဆိုတဲ့ စကားလုံးလေးရှိတယ်။ တုံဏှိ ဆိုတာ စကားမပြောဘူးဆိုတဲ့ အဓိပ္ပါယ်။ စကားဟာ လိုအပ်တဲ့အခါမှာ ပြောတယ်။ အသံထွက်အောင် မလုပ်ဘူး။

မြတ်စွာဘုရားကို တစ်စုံတစ်ယောက်က ဆွမ်းပင့်တာမှာဖြစ်စေ၊ တခြားကိစ္စအရ ပင့်ဖိတ်တာပဲဖြစ်စေ မြတ်စွာဘုရားက လက်ခံတယ်ဆိုလို့ရှိရင် နှုတ်ကနေပြီးတော့ အေး...လာခဲ့မယ်လို့ ဘယ်တော့မှ မပြောဘူးနော်။ တိတ်ဆိတ်ငြိမ်သက်စွာ နေပြခြင်းဖြင့် လက်ခံတယ်။ သံဃာတွေကိုလည်း ဒီစနစ်ပေးထားတယ်။ ၀ိနည်းကိစ္စဆောင်ရွက်တဲ့အခါမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က သဘောတူ၊ မတူ မေးမြန်းတဲ့အခါမှာ နှုတ်ကနေ ထုတ်ပြောနေစရာမလိုဘူး။ ရဟန်းခံတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ တခြားသံဃာ့ကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာပဲဖြစ်ဖြစ် သံဃာပရိတ်သတ်ဟာ တိတ်ဆိတ်ငြိမ်သက်နေရမယ်။ ဒါကြောင့်မို့လို့ စကတည်းက အရှင်ဘုရားတို့၊ သံဃာဟာ တပည့်တော်ပြောတာ နားစိုက်ထောင်ပါ။ နားထောင်တယ်ဆိုတာ ဆူညံနေလို့ရှိရင် ဘယ်လိုလုပ် နားထောင်မတုန်း။

(ဆက်ရန်)
 
ဆက်လက်ဖတ်ရှုရန်

Saturday, March 21, 2015

ကျောခိုင်းသွားဖို့ အချိန်ရောက်လာရင်.....






ဘုရားရှင်လက်ထက်က ဘုရားရှင်ကို သူတို့သားအရင်းတစ်ယောက်လိုသဘောထားပြီး သိပ်ချစ်ကြတဲ့ နကုလပိတာသူကြွယ်လင်မယားနှစ်ယောက်အကြောင်းကို ပိဋကတ်စာပေလေ့လာဖူးကြတဲ့သူတွေဆို ရင်းရင်းနှီးနှီးကို သိကြမှာပါ။ ဒီသူကြွယ်ကြီးအတွက် ရည်ရွယ်ပြီး ဘုရားရှင်ဟောခဲ့တဲ့ “ကိုယ်သာနာပါစေ၊ စိတ်မနာပါစေနဲ့” ဆိုတဲ့ တရားဆိုရင် ၀ိပဿနာတရားအားထုတ်နေကြတဲ့ ယောဂီတွေ အကြိမ်ပေါင်းများစွာ၊ ထပ်ခါထပ်ခါ ကြားဖူး၊ နာဖူး၊ ဖတ်ဖူးပြီးသား တရားတစ်ပုဒ်လို့ ပြောမယ်ဆိုရင်မလွဲနိုင်ပါဘူး။

ဒီသူကြွယ်လင်မယားကို အကြောင်းပြုပြီး မြတ်စွာဘုရားရှင်ဟောခဲ့တဲ့ သုတ်တော်တွေထဲက အိမ်ထောင်ရှင်လင်မယားတွေရဲ့ ကြားမှာ အတုယူအားကျပြီး ကြိုးစားပြုလုပ်သင့်တဲ့ အချက်တွေပါတဲ့၊ လူအများကြား သိပ်ကြားဖူးနေကြမဟုတ်တဲ့ သုတ်တော်တစ်ခုကို အိမ်ထောင်သည်ဓမ္မမိတ်ဆွေတွေအတွက် ဝေမျှပြောပြချင်ပါတယ်။ သိပြီးသား မိတ်ဆွေများကတော့ နာဖူးထပ်မံဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကိုယ့်ရဲ့  ဇနီးခင်ပွန်းသည်လုပ်သူဟာ တစ်ချိန်ချိန်မှာ အနာရောဂါနှိပ်စက်လာလို့ လူ့လောကကို ကျောခိုင်းစွန့်ခွာ ထွက်သွားရတော့မယ့် အချိန်တစ်ခုဟာ အိမ်ထောင်သည်တိုင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မဖြစ်မနေရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဘေးနားကပြုစုပေးနေတဲ့ ဇနီးခင်ပွန်းသည်ဟာ အဲဒီအချိန်မျိုးမှာ ပရိဒေ၀သောကမီးတွေ တောက်လောင်နေတတ်ကြပြီး မကြာမီအားလုံးကို စွန့်ခွာသွားတော့မယ့် ချစ်ခင်သူအတွက် အသိဉာဏ်နှင့်ယှဉ်တဲ့ လိုအပ်တဲ့ပြင်ဆင်တည့်မတ်ပေးမှုမျိုးကို လုပ်မပေးလိုက်နိုင်ကြတာများပါတယ်။ တချို့ အဆင်ခြင်ဉာဏ်နည်းကြတဲ့ လူမမာ ပြုစုပေးကြတဲ့ သူတွေကြောင့်တောင် သွားလေသူမှာ ပစ္စည်းသံယောဇဉ်၊ မိသားစုသံယောဇဉ်တွေနှင့်ငြိပြီး ဘ၀ကူးမကောင်းဖြစ်ကြရတဲ့ သာဓကတွေလည်း အများကြီး ပါပဲ။

အခုသုတ်တော်မှာလည်း တစ်ချိန်တော့ နကုလပိတာသူကြွယ်ကြီးဟာ အကြီးအကျယ်နာမကျန်းဖြစ်ပါတော့တယ်။ ဒီအခါမှာ လူမမာယောကျာ်းကို ပြုစုပေးနေတဲ့ ဇနီးဖြစ်သူ သူကြွယ်မဟာ သူ့ယောကျာ်းရဲ့  ဘေးကနေ ပြောပေးခဲ့တဲ့ အားပေးစကားလေးတွေကို ကျွန်တော်တို့ လေ့လာ အတုယူမှတ်သားကြည့်ရအောင်ပါ။

သူကြွယ်မက သူ့ယောကျာ်းလူမမာကို ဘယ်လိုတွေ ပြောပေးလဲဆိုတော့....

“ယောကျာ်းရေ...။ မိန်းမကို ငဲ့ကွက်ပြီးတော့ မသေလိုက်ပါနဲ့။ အဲဒီလို ငဲ့ကွက်ပြီး သေရတာမျိုးဟာ မကောင်းပါဘူး။ ဘုရားရှင်ကလည်း ဒီလိုသေခြင်းမျိုးကို ကဲ့ရဲ့ ပါတယ် ယောကျာ်းရေ။”

“ယောကျာ်းရေ...။ ငါတကယ်လို့ သေရင် ငါ့မိန်းမတော့ သားတွေ၊ သမီးတွေနှင့် အိမ်ထောင်စီးပွားကို နိုင်နိုင်နင်းနင်း ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး လို့လည်း စိတ်ထဲမှာ တွေးပူမနေပါနဲ့။ ကျွန်မ ဗိုင်းငင်ချည်ရက်တဲ့အလုပ်ကို တတ်ကျွမ်းပါတယ်။ ဒီအလုပ်နှင့် သားတွေ၊ သမီးတွေကို ကောင်းကောင်း လုပ်ကျွေးစောင့်ရှောက်နိုင်ပါတယ်။ ဒါကြောင့် မိသားစုကို ငဲ့ကွက်တဲ့စိတ်နှင့်လည်း မသေလိုက်ပါနဲ့။ အဲဒီလိုသေရတာ မကောင်းပါဘူး။ ဘုရားရှင်လည်း မချီးမွှမ်းပါဘူး။”

“ယောကျာ်းရေ...။ ငါသေခဲ့ရင် ငါ့မိန်းမတော့ နောက်အိမ်ထောင်ပြုလိမ့်မယ်ထင်တယ် လို့လည်း စိတ်ပူမနေပါနဲ့။ ဗြဟ္မာ့စရိယအကျင့်ကို ကျင့်သုံးလာတာ အခုဆို တစ်ဆယ့်ခြောက်နှစ် ရှိလာပြီဆိုတာ ရှင်လည်းသိပါတယ်။ ကျွန်မလည်း သိပါတယ်။ နောက်အိမ်ထောင်ပြုမှာကို စိုးရိမ်တဲ့စိတ်နှင့်လည်း မသေပါနဲ့။ အဲဒီလိုသေရတာ မကောင်းပါဘူး။ ဘုရားရှင်လည်း မနှစ်သက်ပါဘူး။”

“ယောကျာ်းရေ...။ ငါသေပြီးတဲ့နောက် မိန်းမတော့ ဘုရားရှင်နှင့် သံဃာတော်တွေဆီ ဆည်းကပ်ပူဇော်တော့မှာ မဟုတ်ဘူး လို့လည်း တွေးမပူပါနဲ့။ တကယ်လို့ ရှင်မရှိတော့ရင် အချိန်တောင်ပိုရသွားတာမို့ မြတ်စွာဘုရားရှင်နှင့် သံဃာတော်တွေဆီကို အရင်ကထက်တောင် ပိုပြီး ဆည်းကပ်ပူဇော်လုပ်ကျွေးနိုင်အုံးမှာပါ။ ဒါကြောင့် ဒီကိစ္စကိုလည်း တွေးပူပြီး မသေလိုက်ပါနဲ့။ အဲဒီစိတ်နှင့် သေရတာ ဆင်းရဲလှပါတယ်။ ဘုရားရှင်လည်း ကဲ့ရဲ့ တော်မူပါလိမ့်မယ်။

“ယောကျာ်းရေ....။ တကယ်လို့ ငါသေသွားရင် မိန်းမတော့ သီလတွေကို လုံခြုံအောင်စောင့်ထိန်းတော့မှာ မဟုတ်ဘူးလို့လည်း တွေးမပူလိုက်ပါနဲ့။ သီလကို ဖြည့်ကျင့်စောင့်တည်တဲ့ ဘုရားရှင်ရဲ့  လူဝတ်ကြောင် တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။ မယုံရင် ဘုရားရှင်ကို မေးလျှောက်ကြည့်လို့ရပါတယ်။ ဒါကြောင့် ဒီကိစ္စကို အကြောင်းပြုပြီး တွေးပူပြီး မသေလိုက်ပါနဲ့။ ဒီလိုသေရတာ ဆင်းရဲသလို ဘုရားရှင်လည်း ကဲ့ရဲ့ ပါလိမ့်မယ်။”

”ယောကျာ်းရေ....။ စိတ်ထဲမှာ မိန်းမကတော့ အတွင်းစိတ်နှလုံးငြိမ်းချမ်းအောင် သမထဘာဝနာတစ်ခုခုစီးဖြန်းပြီး နေနိုင်သူ မဟုတ်သေးဘူးလို့လည်း မတွေးလိုက်ပါနဲ့။ အတွင်းစိတ်နှလုံးငြိမ်းချမ်းအောင် သမထဘာဝနာစီးဖြန်းပြီး နေနိုင်တဲ့ ဘုရားရှင်ရဲ့  တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ မယုံဘူးဆိုရင် ဘုရားရှင်ကိုသာ မေးလျှောက်ကြည့်ပါ။ ဒီကိစ္စကို တွေးပူပြီးတော့လည်း မသေလိုက်ပါနဲ့။ ဒီလိုသေရခြင်းဟာ ဆင်းရဲပါတယ်။ ဘုရားရှင်လည်း ချီးမွှမ်းတော် မမူပါဘူး။”

“ယောကျာ်းရေ...။ ငါ့မိန်းမကတော့ ဘုရားရှင်ရဲ့  သာသနာတော်မှာ သို့လော သို့လော သံသယတွေ မကင်းသေးတဲ့၊ အယူအမြင် မစင်ကြယ်သေးတဲ့၊ မြတ်စွာဘုရားရှင်မှတစ်ပါး တခြားအားကိုးရာ ရှိနိုင်သေးတယ်လို့ ထင်တတ်တဲ့သူမျိုးပဲ ဖြစ်နေလိမ့်အုံးမယ်လို့လည်း မထင်လိုက်ပါနဲ့။ မြတ်စွာဘုရားရှင်ရဲ့  သာသနာတော်မှာ ထောက်တည်ရာရပြီးဖြစ်တဲ့ လူဝတ်ကြောင်တပည့်မတွေထဲမှာ ကျွန်မလည်း တစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ တကယ်လို့ မယုံကြည်ရင် မြတ်စွာဘုရားရှင်ကို မေးလျှောက်ကြည့်နိုင်ပါတယ်။ ဒီကိစ္စကြောင့်လည်း စိတ်မဖြောင့်ပဲ မသေလိုက်ပါနဲ့။ ဒီလိုသေရတာမျိုးဟာ ဆင်းရဲပါတယ်။ ဘုရားရှင်လည်း ကဲ့ရဲ့ တော်မူပါလိမ့်မယ်။”

ဒီလိုမျိုးစကားတွေကို လူမမာ သူကြွယ်ယောကျာ်းရဲ့  ဘေးကနေပြုစုလုပ်ကျွေးရင်း မိန်းမလုပ်တဲ့သူက ပြောပေးလိုက်တော့ ယောကျာ်းလုပ်သူခမျာ စိတ်နှလုံးငြိမ်းအေးသက်သာရာရသွားပြီး ခံစားနေရတဲ့ အနာရောဂါတွေဟာလည်း ခဏချင်းပဲ သက်သာသွားခဲ့ပါတယ်။

ဒီအကြောင်းကို ပြန်ကြားသိရတဲ့ မြတ်စွာဘုရားရှင်ကလည်း နကုလပိတာသူကြွယ်ကို “ဒီလို ဇနီးမယားမျိုးကို ရထားတဲ့ ဒကာကြီးဟာ အရတော်လိုက်တာ၊ လူဖြစ်ရကျိုးနပ်လိုက်တာ” လို့ ချီးမွှမ်းစကား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီနေရာမှာ မကျန်းမမာဖြစ်နေတဲ့ နကုလပိတာသူကြွယ်ဟာ သေချိန်မကျသေးလို့ အနာရောဂါတွေ သက်သာပျောက်ကင်းပြီး ပြန်လည်နလန်ထလို့ ချမ်းသာရာရသွားခဲ့တယ်လို့ ဆိုစေအုံး။ တကယ်သေရတော့မယ့် လူမမာတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်လည်း အခုလိုသတိပေးစကားမျိုးတွေသာ ကြားခွင့်ရမယ်ဆိုရင် ဘယ်လောက် စိတ်တင်းကျပ်နေတာတွေ၊ စိုးရိမ်ထိတ်လန့်နေရတာတွေ လျှော့ကျသွားမလဲဆိုတာ စဉ်းစားကြည့်လို့ရနိုင်ပါတယ်။ တရားနှလုံးသွင်းဖို့ မေ့နေတဲ့ လူမမာတောင်မှ ကိုယ့်ဇနီးခင်ပွန်းရဲ့  ဒီလို သတိပေးစကားမျိုးကို ကြားရရင် တရားအားရုံဘက်ကို စိတ်က ညွှတ်သွားစေနိုင်တဲ့ ခွန်အားကိုဖြစ်စေတဲ့ အနေအထားမျိုးပါပဲ။

ကျွန်တော်တို့အားလုံးဟာ ကိုယ်ချစ်တဲ့ သူတွေနှင့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ နောက်ဆုံး သေကွဲကွဲရမှာက ရှောင်လွှဲလို့မရတဲ့ အမှန်တရားတစ်ခုပါ။ ဒါကို ခေါင်းအေးအေးထားလက်ခံနိုင်ဖို့နှင့် ရောက်လာမယ့် အဲဒီအချိန်အတွက် ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ၊ ကိုယ့်ကိုယ်ကို ဘာတွေ ကြိုတင်ပြင်ဆင်ထားကြမလဲဆိုတာကို အခုကတည်းက စနစ်တကျကြိုတင်လေ့ကျင့်ထားသင့်ကြပါတယ်။

ဇနီးကပဲ အရင်စွန့်ခွာစွန့်ခွာ၊ ခင်ပွန်းသည်ကပဲ အရင်စွန့်ခွာစွန့်ခွာ ဘယ်သူကပဲဖြစ်ဖြစ် နောက်ဆုံး ကျောခိုင်းနှုတ်ဆက်ရတော့မယ့်အချိန်မှာ သွားမယ့်သူ စိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်စေဖို့ ကိုယ်ကိုယ်တိုင်က သူစိတ်ဖြောင့်နိုင်မယ့် အခြေအနေ၊ အနေအထားမျိုး ဖြစ်နေအောင် ကြိုးစားထားသင့်ကြပါတယ်။

ဒါမှသာ အခု နကုလမာတာသူကြွယ်မကြီးက သူယောကျာ်းကို ပြောသလို သတိပေးစကားမျိုးတွေ ကိုယ့်ဇနီးခင်ပွန်းလုပ်တဲ့သူကို အားပေးပြောကြားနိုင်ပါလိမ့်မယ်။ မဟုတ်ရင် လူမမာဘေးမှာ ခြေမကိုင်မိ၊ လက်မကိုင်မိ၊ မျက်ရည်တွေ ဒရဟောကျ၊ သူတော့ သေတော့မှာပဲ ဆိုတဲ့ အပူရုပ်ကြီးနှင့် လူမမာကို ကြည့်နေမိရင် အကြည့်ခံရတဲ့သူရဲ့  စိတ်ထဲမှာလည်း ဘယ် အဆင်ပြေနိုင်ပါ့မလဲ။ ဒီလိုနှင့် ဘာကောင်းရာကောင်းကြောင်းမှ နှလုံးမသွင်းနိုင်ပဲ သေကြရတော့ လားရာဂတိလည်း ကောင်းလာနိုင်စရာ အကြောင်းမရှိတော့ဘူးပေါ့။

အခုသုတ်တော်လာ အကြောင်းအချက်တွေကို အတုယူအားကျဆင်ခြင်ပြီး အချိန်မနှောင်းသေးခင် အားလုံး ကိုယ်စီ တစ်ယောက်ကို တစ်ယောက် ရဲရဲရင့်ရင့် အားပေးစကားပြောကြားနိုင်တဲ့ အခြေအနေမျိုးထိ ရောက်အောင် ကိုယ်တိုင် ကြိုးစားအားထုတ်သွားကြပါလို့ ခင်မင်ရတဲ့ မိတ်ဆွေများအားလုံးကို မေတ္တာဖြင့် တိုက်တွန်းသတိပေးရင်း ဓမ္မစကားလက်ဆောင်ပါးလိုက်ရပါတယ်ခင်ဗျာ။

(အဂုင်္တ္တရနိကာယ်၊ ဆက္ကနိပါတ်၊ နကုလပိတုသုတ်တော်မှ ထုတ်နုတ်ရေးသားပူဇော်ပါသည်။)

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၁၊ ၃၊ ၂၀၁၅။ (စနေနေ့)

ဆက်လက်ဖတ်ရှုရန်