Monday, May 12, 2014

~ Creating An Own Religion ~

ဒီလပိုင်းတွေထဲ FB ပေါ်မှာ ဘာသာရေးနှင့်ပတ်သက်ပြီး တက်လာတဲ့သတင်းတွေ၊ ဆွေးနွေးမှုတွေကို ဖတ်ကြည့်ဖြစ်ရင်း တော်တော်လေး စိတ်ထဲ ကသိကအောင့် ဖြစ်မိတယ်။ ဘာသာရေးလို့ ဆိုရာမှာ တစ်ခုက နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်နေပြီး၊ နောက်တစ်ခုကတော့ ပဋိပတ္တိပိုင်းနှင့် ပတ်သက်နေတာပါ။ ဘာသာရေးကို အကြောင်းပြုပြီး လူပုဂ္ဂိုလ်အချင်းချင်း၊ အဖွဲ့အစည်း အသင်းအဖွဲ့တွေ အချင်းချင်း ငြင်းကြ၊ ခုန်ကြ၊ ရန်ဖြစ်နေကြတာမို့ စာတွေဖတ်ရင်းက သံဝေဂတော်တော်ဖြစ်မိတယ်။
တနေ့က ဆရာတော်ဦးဇောတိကရဲ့  စင်္ကာပူမှာ ဒကာ၊ ဒကာမတွေနှင့် Informal Talk လေး လုပ်ထားတာကို ပြန်နားထောင်ဖြစ်ရင်း အတွေးတစ်စပေါ်လာတယ်။
ဆရာတော်က ဖြစ်နိုင်ရင် ကိုယ့်ဖာသာ ကိုယ်နှင့်လိုက်ဖက်သင့်လျှော်မယ့် ဘာသာအယူဝါဒတစ်ခုကို ဖန်တီးယူပါလို့ ပြောသွားတယ်။ ဆရာတော့် စကားနှင့် ပြောရရင် ကိုယ်ပိုင် Religion တစ်ခုကို Create လုပ်ယူပါ တဲ့။
အများတကာတွေ သတ်မှတ်ထားကြတဲ့ ဘာသာအယူဝါဒဆိုတဲ့ ခေါင်းစဉ်တွေအောက်ကနေခွဲထွက်ပြီး မိမိစရိုက်၊ မိမိရဲ့  စံနှုန်းသတ်မှတ်ချက်တွေနှင့် သတ်မှတ်ထားတဲ့ Religion တစ်ခု။
အုပ်ရောရော၊ ကျောက်ရောရောဖြစ်နေတဲ့ လူတွေနှင့် ဖွဲ့စည်းထားတဲ့ ဘာသာအယူဝါဒမျိုးမဟုတ်တဲ့၊
မျက်ကန်းယုံကြည်မှုတွေကနေ ခွဲထွက်ထားတဲ့၊
အမြော်အမြင်ဆင်ခြင်ဉာဏ်နည်းပါးတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့  ဦးဆောင်မှုအောက်ကနေ လွတ်ကင်းတဲ့၊
လူသားအချင်းချင်း ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နိုင်မယ့်၊
မိမိအကျိုး၊ အများအကျိုးကို ရှေးရှုဦးတည်မယ့်၊
အသိဉာဏ်နှင့် စိတ်ဓါတ်အဆင့်အတန်း မြင့်မားမှုကို ဖြစ်စေမယ့်၊
အဆုံးစွန် လွတ်မြောက်မှုနှင့် စင်ကြယ်မှုကို ရရှိစေမယ့်
ကိုယ်တိုင်လည်း သတ်မှတ်စံနှုန်းများအတိုင်း လိုက်နာနိုင်၊ ကျင့်ကြံနိုင်မယ့်
တကယ် ကိုယ်နှင့်အလိုက်ဖက်ဆုံး ဘာသာတစ်ခုကို ဖန်တီးတည်ဆောက်ယူပြီး ကျန်တာအားလုံးကို စွန့်ပစ်ထားလိုက်ချင်တော့တယ်။
လူတွေကတော့ ဒီလိုမျိုးလုပ်မယ်ဆိုရင် ထုံးစံအတိုင်း ကိုယ့်ကို ခေါင်းစဉ်တွေ၊ တံဆိပ်တွေ အမျိုးမျိုး လာကပ်ကြလိမ့်အုံးမယ်။ တတ်နိုင်ဘူးလေ။ ရှိပါစေတော့။
ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ်သတ်မှတ်ရာ၊ ယုံကြည်ရာ ပန်းတိုင်ဆီ ကိုယ့်ခရီး ကိုယ်လျှောက်တာပဲ။
ဘယ်သူတွေ ဘာပြောပြောပေါ့။
ကိုယ်နှင့် ယုံကြည်ချက်တူ၊ ခရီးလမ်းတူ၊ ပန်းတိုင်တူတွေလည်း ရှိနေအုံးမှာပဲလေ။ လျှောက်ကြတဲ့ ခရီးလမ်းချင်း တူရင်တော့ ခရီးဖော်ဖြစ်ကြတာပေါ့....

ဆက်လက်ဖတ်ရှုရန်

Friday, January 3, 2014

စိတ်ခွန်အားနှင့် သီလ




မနေ့က စကားပြောဖြစ်တဲ့ မိတ်ဆွေက စိတ်အကြောင်းဆွေးနွေးရင်း စပ်ဆက်မိသွားရာက စိတ်ခွန်အားရှိခြင်း နှင့် ပတ်သက်တဲ့ စကားလမ်းကြောင်းဆီ ရောက်သွားခဲ့ပါတယ်။

သူက တခါတလေ ကောင်းတာတစ်ခုခုလုပ်ချင်တဲ့အခါမျိုး၊ အရေးကြီးတာ တစ်ခုခုလုပ်ဖို့အတွက် ဆုံးဖြတ်ချက်တွေ ချချင်တဲ့အခါမျိုးမှာ စိတ်ထဲမှာ ခွန်အားရှိမနေတာကို သတိထားမိတယ်တဲ့။ ဒီတော့ စိတ်ထဲမှာ ခွန်အားဖြစ်နေအောင် ဘယ်လုပ်လုပ်ရင် ကောင်းမလဲလို့ မေးပါတယ်။

ကျွန်တော်က Will Power ကောင်းဖို့ စိတ်ပညာရှုထောင့်ကနေ ပညာရှင်တွေပြောထားကြတာတွေတော့ အများကြီး ရှိပေမယ့် ဘာသာရေးဘက်ကနေပဲ သူ့ကို ဆွေးနွေးပေးဖြစ်လိုက်တယ်။

လူတစ်ယောက်မှာ အခြေခံအနေနှင့် ကိုယ်ကျင့်သီလကောင်းနေရင်၊ ထိန်းထားနိုင်ရင် စိတ်ထဲမှာခွန်အားဖြစ်ပါတယ်။နေ့စဉ်သွားလာလုပ်ကိုင်ရတဲ့ ကိစ္စမှန်သမျှမှာ စိတ်လုံခြုံမှုရနေစေပါတယ်။

သီလဆိုတဲ့နေရာမှာလည်း ကိုယ်ချင်းစာနာစိတ်ကိုအခြေခံပြီး မိမိကြောင့် တစ်ဘက်သားဒုက္ခမဖြစ်စေရဘူးဆိုတာမျိုးနှင့် စောင့်ထိန်းတာမျိုးမှ၊ ရှောင်ကြဉ်တာမျိုးမှ ပိုကောင်းပါတယ်။

သီလထိန်းတဲ့နေရာမှာ ကျွန်တော့်အကြိုက်ကတော့ တစ်ပါးထိန်းနိုင် တစ်ပါးထိန်း၊ နှစ်ပါးထိန်းနိုင် နှစ်ပါးထိန်း ဆိုတာမျိုးနှင့် ကိုယ်နိုင်သလောက် ထိန်းရတာမျိုးကို သဘောကျမိပါတယ်။ အခြေခံအနေနှင့် ငါးပါးသီလကို လူတိုင်းထိန်းရမယ်လို့ဆိုပေမယ့် ကိုယ့်ရဲ့ လောလောဆယ် ရပ်တည်နေရတဲ့ ဘ၀အခြေအနေပေါ်မူတည်ပြီး ငါးပါးလုံးမထိန်းနိုင်တဲ့အခါမျိုးမှာ ကိုယ် နိုင်သလောက်ကို ရသလောက်ထိန်းသင့်ပါတယ်။

သီလထိန်းတာကို ပိုက်ဆံစုသလိုမျိုး စဉ်းစားကြည့်ရင် ပိုမြင်လွယ်ပါတယ်။ ပိုက်ဆံစုတဲ့သူတစ်ယောက်ဟာ တစ်ကျပ်ရ တစ်ကျပ်စု၊ တစ်မတ်ရ တစ်မတ်စု ဆိုတာမျိုးနှင့် စုရင်းကနေ နောင်မှာ ပိုက်ဆံတွေအများကြီး စုမိလာသလို သီလထိန်းတဲ့သူအနေနှင့်လည်း တစ်ပါးရ တစ်ပါးထိန်း၊ နှစ်ပါးရ နှစ်ပါးထိန်းရင်းက အချိန်ကြာလာရင် ကိုယ့်ရဲ့  စောင့်စည်းနိုင်မှုက စိတ်ခွန်အားကို ကြီးလာစေပါတယ်။

ဥပမာ ငါးရောင်းတဲ့ဈေးသည်တစ်ယောက်ဟာ ပါဏာတိပါတ သီလကို မိမိစားဝတ်နေရေးအလုပ်အတွက် မထိန်းနိုင်ပေမယ့် ကျန်တဲ့ လေးပါးကိုတော့ ထိန်းမယ်ဆို ထိန်းလို့ရပါတယ်။ ငါးပါးလုံးထိန်းနိုင်မှ ထိန်းတော့မယ်ဆိုရင်တော့ ငါးပါးစုံအောင်ဘယ်အချိန်ထိ စောင့်နေမှာလဲ။ ငါးပါးလုံးမစောင့်နိုင်သေးတဲ့ကြားအချိန်တွေမှာ ဒီလိုပဲ ပေါ့ပေါ့လျော့လျော့နဲ့ နေလိုက်ရတော့မလားဆိုတာ တွေးစရာရှိပါတယ်။

ဥပုသ်သီလစောင့်တာလည်း ဒီအတိုင်းပဲလို့ထင်ပါတယ်။ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတဲ့ အခြေအနေအရသော်လည်းကောင်း၊ ကျန်းမာရေးအခြေအနေအရသော်လည်းကောင်း သီလကို (၈)ပါးလုံး၊ (၉ )ပါးလုံး ပြည့်အောင် စောင့်ထိန်းဖို့ဆိုတာ တခါတလေမှာ ခဲယဉ်းတတ်ပါတယ်။ (၈)ပါးလုံးပြည့်အောင် မစောင့်ထိန်းနိုင်လို့ စောင့်နိုင်တဲ့အချိန်ရောက်မှပဲ ဥပုသ်စောင့်ပါတော့မယ်လေ လို့ တချို့ လူတွေ ပြောတတ်ကြတယ်။ တကယ်ဥပုသ်စောင့်ချင်စိတ်ရှိရင်တော့ ဒီသီလ (၈)ပါးထဲက ကိုယ်မစောင့်နိုင်တဲ့သီလ ဘာရှိလဲ ကြည့်လိုက်ပြီး၊ အဲဒီမစောင့်နိုင်တဲ့ သီလကို ချန်၊ ကျန်တဲ့သီလတွေကို ထိန်းထားလို့ ကော မရနိုင်ဘူးလား စဉ်းစားစရာကောင်းပါတယ်။

ဥပမာ အစာအိမ်ရောဂါရှိလို့ ၀ိကာလဘောဇနာသီလကို မထိန်းနိုင်ရင် အဲဒီသီလကို ချန်ထားလိုက်ပြီး ကျန်တဲ့ (၇)ပါး စောင့်လိုက်ရင် ကိုယ့်အတွက် ပိုမကောင်းဘူးလား တွေးကြည့်သင့်ပါတယ်။ (၈)ပါးပြည့်အောင် မစောင့်နိုင်လို့ လုံးဝမစောင့်ဖြစ်တာထက်စာရင် (၇)ပါးထိန်းထားတော့ရော အကျိုးယုတ်လျှော့သွားမှာမို့လို့လားဆိုတာ မေးစရာရှိပါတယ်။

ဘာပဲဖြစ်ဖြစ် သီလကို တစ်ပါးပဲရရ၊ နှစ်ပါးပဲရရ ကိုယ်နိုင်သလောက်ထိန်းထားမယ်၊ စင်ကြယ်အောင် စောင့်ရှောက်ထားမယ်ဆိုရင် အရေးကြုံရင် သက်လုံကောင်းမှ ဆိုသလို တကယ်အကြောင်းကြီးငယ်ပေါ်လာလို့ စိတ်ခွန်အားသုံးရတော့မယ်အချိန်တွေမှာ သီလထိန်းထားတဲ့စိတ်က ခွန်အားအပြည့်နှင့် ကိုယ့်ကို စောင့်ရှောက်တော့တာပါပဲ။

စိတ်ဆိုတာမျိုးက သူလုပ်ချင်ရာ လုပ်ပါစေ၊ သူဖြစ်ချင်ရာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထား၊ အလိုလိုက်ခံထားရတဲ့စိတ်ထက် အမြဲတမ်း စည်းကမ်းပေးပြီး ထိန်းကြောင်းခံထားရတဲ့စိတ်က ပိုအင်အားပြည့်ပြီး အရည်အသွေးရှိနေတတ်ပါတယ်။ ဒါကြောင့်လောကီကြီးပွားရေး ကိစ္စကိုပဲလုပ်လုပ်၊ လောကုတ္တရာရေးကိုပဲ အားထုတ်အားထုတ် သီလနှင့် ထိန်းကြောင်းခံထားရတဲ့စိတ်က ခွန်အားအပြည့်နှင့် ကိုယ့်ရဲ့  လုပ်ငန်းအပေါ် အထောက်အကူပေးတော့တာပါပဲ။

တချို့ ကတော့ မိမိစောင့်ထိန်းထားတဲ့ သီလကိုအာရုံပြုဆင်ခြင်ပြီး ကိုယ်လိုချင်တဲ့ အကျိုးတစ်ခုခုအတွက် အဓိဋ္ဌာန်ပြုဆုတောင်းကြတာမျိုး လုပ်ကြတာမျိုးလည်း ရှိပါတယ်။ အဓိဋ္ဌာန်အနေနှင့်မလုပ်ရင်တောင်မှ ကိုယ်စောင့်ထိန်းထားတဲ့သီလကို ပြန်ဆင်ခြင်ပြီး အားရကျေနပ်မှုဖြစ်ရာကနေ ပီတိ၊ ပဿဒ္ဓိတွေဖြစ်ပြီး အဲဒီကနေ တဆင့်တက်လို့ နောက်ဆုံးတရားထူးတွေရသွားကြတဲ့ သာဓကတွေလည်း စာပေထဲမှာ အများကြီးရှိပါတယ်။

များသောအားဖြင့် သတိ၊ သမာဓိအားကောင်းတဲ့သူတွေဟာ စိတ်ဓါတ်ခွန်အားကြီးကြတယ်လို့ လူပြောများပေမယ့် သူတို့ ဒီလို သတိ၊ သမာဓိ အားကောင်းလာအောင်ဆိုတာက သီလစောင့်ထိန်းမှုအပိုင်းမပါဘဲ မဖြစ်နိုင်တာမို့ သီလက ပိုပြီး အခြေခံကျတယ်လို့ ပြောရင်ရနိုင်ပါတယ်။

သီလစောင့်ထိန်းတာကို ဘာသာရေးရှုထောင့်ကနေမဟုတ်ဘဲ စိတ်ကလုပ်ချင်တာကို စောင့်စည်းသည်းခံတဲ့၊ အလိုမလိုက်တဲ့ စိတ်လေ့ကျင့်ခန်းလုပ်နေတယ်လို့ သဘောထားလိုက်ရင် စိတ်ပညာရှင်တွေ၊ တက်ကျမ်းဆရာတွေ ပြောကြတဲ့ Will Power တက်အောင်လုပ်နေတာနှင့် အတူတူလို ဖြစ်သွားပါတယ်။

သီလလုံရင် ဘ၀လုံခြုံပါတယ်။ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုကို တိုးစေပါတယ်။ စိတ်မှာ ခိုင်ခန့်မှုရှိနေစေပါတယ်။ ဒီလို ခွန်အားပြည့်တဲ့ စိတ်နှင့် ဘ၀ပြဿနာတွေကို တည်တည်ငြိမ်ငြိမ်၊ ရဲရဲဝံ့ဝံ့နှင့် ဆုံးဖြတ်လုပ်ကိုင်နိုင်ပါတယ်။ သမထ၊ ၀ိပဿနာအားထုတ်တဲ့အခါမှာလည်း စိတ်ကို အထူးကြည်လင်စေပြီး သဒ္ဓါ၊ ၀ီရိယကို တက်စေပါတယ်။

ဒါကြောင့် စိတ်ထဲမှာ ခွန်အားဖြစ်နေအောင် သီလကိုနိုင်သလောက် လုံအောင်ထိန်းဖို့ မိတ်ဆွေကို ကျွန်တော် ပြောပြဖြစ်ခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Thursday, January 2, 2014

စိတ်ကို ပြုပြင်ခြင်း




ဒီနေ့ည မိတ်ဆွေတစ်ယောက်နှင့် စိတ်အကြောင်း၊ ကံအကျိုးပေးတွေအကြောင်း၊ သဒ္ဓါတရား ကျတတ်တဲ့အကြောင်း စသဖြင့် အတော်လေး စကားပြောဖြစ်လိုက်တယ်။

သူက လူတော်တော်များများဟာ ကိုယ့်စိတ်ကို မသိကြဘူး။ နားမလည်ကြဘူး တဲ့။ တချို့ လူတွေရဲ့  စိတ်ဓါတ်တွေဟာ တအားအစွန်းရောက်ကြတယ်။ ကိုယ်ကလွဲပြီး တခြားသူတွေအပေါ် သင်္ကာမကင်းတဲ့စိတ်၊ မယုံကြည်တတ်တဲ့ စိတ်အခံမျိုးတွေ ရှိကြတယ်။ သံသယတွေနှင့် တစ်ဘက်လူကို ဆက်ဆံတတ်ကြတယ်။ ဒါကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ မဖြစ်သင့်တဲ့၊ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကြရတယ်။ သူတို့နှင့် ဆက်ဆံရတဲ့ သူတွေအပေါ် အနှောက်အယှက်ပေးမိလျက်သား ဖြစ်နေတတ်ကြတယ် တဲ့။ သူတို့ကိုယ်သူတို့ အဲဒါကို မှားနေမှန်းမသိသလို၊ ပြင်ရကောင်းမှန်းလည်း မသိကြဘူး တဲ့။
လူတွေ ဒီလိုမျိုး မဖြစ်ရအောင် ဘယ်လို လုပ်ပေးလို့ရနိုင်မလဲ လို့ မေးလာပါတယ်။

ကျွန်တော်က လူတွေ အဲလိုဖြစ်ကြရာမှာ များသောအားဖြင့် မွေးရာပါ ဗီဇဓါတ်ခံကြောင့်လည်း ဖြစ်နိုင်သလို၊ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်၊ မိဘတွေရဲ့  သားသမီးတွေအပေါ် ပြုစုဆက်ဆံပုံ၊၊ နောက်ပြီး ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေကြောင့် ဒီလိုစိတ်အခြေအနေမျိုးတွေ ဖြစ်သွားတတ်ကြတယ်လို့ မြင်ကြောင်း ပြောဖြစ်တယ်။

ဒီလိုမျိုးတွေ မဖြစ်ဖို့ဆိုရင်တော့ ကာယကံရှင်ကိုယ်တိုင်က ဒီစိတ်အခြေအနေမျိုးဖြစ်နေတာကို မူမှန်မဟုတ်ဘူးဆိုတာ သိဖို့နှင့် ကိုယ့်ကိုယ်ကို ပြုပြင်ချင်စိတ် ရှိဖို့က ပထမ အရေးအကြီးဆုံးအချက်ဖြစ်တယ်လို့ မြင်ကြောင်း၊ နောက်ပြီး ဒီလိုစိတ်အခြေအနေမျိုးဆိုတာက တစ်သက်လုံး ပြင်မရတော့တာမျိုးမဟုတ်ဘဲ တဖြေးဖြေး ပြုပြင်ယူသွားလို့ရတယ်ဆိုတာကိုလည်း သိဖို့လိုကြောင်း၊ ကိုယ်တိုင်တော့ နည်းလမ်း (၂) မျိုးတော့ စမ်းဖူးတဲ့အကြောင်း ပြောပြဖြစ်တယ်။

ပထမတစ်နည်းက Psychology ကို တီးမိခေါက်မိရုံ နားလည်အောင် လေ့လာပြီး သိစိတ်၊ မသိစိတ်တွေအကြောင်း သဘောပေါက်မယ်။ အဲဒီကနေမှတဆင့် Behaviour နှင့် Personality ပြုပြင်တဲ့နည်းတွေကို လေ့လာပြီး စနစ်တကျ လိုက်လုပ်ကြည့်မယ်ဆိုရင် တဖြေးဖြေးနှင့် အမူအကျင့်တွေ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ပြောင်းလဲလာနိုင်ကြောင်း ပြောဖြစ်တယ်။

ဒုတိယတစ်နည်းကတော့ စိတ္တနုပဿနာကို လုပ်ကြည့်ဖို့ ပြောဖြစ်တယ်။ တစ်နေ့တာ အတွင်း ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အတွေးလေးတွေကို သတိထားမိတိုင်း လိုက်သိပေးနေမယ်ဆိုရင်လည်း ထိရောက်မှုရှိတဲ့အကြောင်း၊ ကိုယ့်ကိုယ်ကို အာရုံပြုမိတိုင်း “ငါ အခု ဘာတွေ တွေးနေလဲ၊ အဲဒီအတွေးကြောင့် စိတ်မှာ ဘယ်လို ခံစားမှုတွေဖြစ်နေလဲ။ ကောင်းနေလား၊ ဆိုးနေလား၊ အကောင်းလည်း မဟုတ်၊ အဆိုးလည်း မဟုတ်တာလား။” ဆိုတာလေးကို သတိထားကြည့်ပေးရင်းက ကြာလာလေ စိတ်အကြောင်းကို ပိုနားလည်လာလေ ဖြစ်လာနိုင်ကြောင်း၊ မကောင်းတာတွေကို တွေးမိတိုင်း စိတ်ထဲပင်ပန်းဆင်းရဲနေရတာကို ကိုယ်တိုင် ခံစားပြီး သိလာရတော့ မကောင်းတာတွေကို တွေးမိတဲ့ ကြိမ်နှုန်းပာာ သူ့အလိုလို နည်းသွားတတ်ကြောင်း၊ ဒီလိုလုပ်ရင်း အချိန်တစ်ခုအတွင်းမှာ Personality က သူ့အလိုလို မသိမသာ ပြောင်းသွားတတ်ကြောင်း ပြောဖြစ်တယ်။

အဲဒါနှင့် တခါတည်း ဆက်ပြီး စိတ်ကို စောင့်ကြည့်ရင်းက တခါတလေ စိတ်ထဲ ဘာမှ မယ်မယ်ရရ မတွေးဖြစ်တဲ့အချိန်မျိုး၊ စိတ်ကို မှတ်လို့မရတဲ့ အချိန်မျိုးမှာ ကိုယ့်ခန္ဓာကိုယ်ဘက် အာရုံစိုက်ပြီး ခန္ဓာကိုယ်ပေါ်မှာဖြစ်နေတဲ့ အေးမှု၊ ပူမှု နှင့် လှုပ်ရှားနေမှု သဘောတစ်ခုခုထဲက ထင်ရှားရာတစ်ခုကို လိုက်သိပေးနေမယ်ဆိုရင်လည်း တစ်နေ့တာ လူတွေကြားထဲမှာနေနေရင်းက တရားအားထုတ်လို့ရနိုင်တဲ့အကြောင်း ပြောဖြစ်လိုက်ပါတယ်။

(ဒီရက်ပိုင်း Living Meditation အကြောင်း Post တင်ဖြစ်တာနှင့် ကြုံကြိုက်သွားလို့ပါ။ ကျန်တဲ့ ကံအကျိုးပေးအကြောင်းနှင့် သဒ္ဓါကျတတ်တဲ့အကြောင်း အချိန်ရခဲ့ရင်တော့ နောက်ရက်မှ ဆက်ရေးပါအုံးမယ်။ )

ဆက်လက်ဖတ်ရှုရန်