Tuesday, July 2, 2013

ကုသိုလ်ဟူသည် ဘ၀လမ်းအတွက်





မဋ္ဌကုဏ္ဍလီ သည် အိမ်ပြင် ညောင်စောင်း ထက်၌ လဲလျောင်း နေသည်။ စင်စစ် လဲလျောင်း နေသည် ဟူသည် မှာလည်း မည်ကာ မတ္တ မျှသာ ဖြစ်၏။ ကိုယ်ခန္ဓာ တစ်ခု ညောင်စောင်း ပေါ်တွင် ပုံကျ နေသည် ဟု ဆိုနိုင် ရုံမျှသာ ဖြစ်သည်။ ၀ါထိန် ခြောက်သွေ့ နေသော မျက်လုံးများ ရံဖန် ရံခါ လှုပ်ခတ် သွားသည် ကလွဲ၍ သူ၏ တစ်ကိုယ်လုံး သည် ငြိမ်သက် လျက် ရှိသည်။ မဋ္ဌကုဏ္ဍလီ သည် ခေါင်းကို ကြိုးစား လှုပ်ကြည့် သည်။ လှုပ်၍ မရ ။ ခြေလက် များကို လှုပ်ကြည့် ဖို့ ကြိုးစားသည်။ လှုပ်၍ မရ။ ဆီးဝမ်း များ ထွက်ကျ၍ အညစ်အကြေး အမျိုးမျိုး တို့ ကလည်း အိုင်ထွန်း နေသည်။ သုတ်သင် ၍ မရ။ ယင် တစ်သိုက် က ခန္ဓာကိုယ် အနှံ့ ဆင်းတက် ကျက်စား နေသည်။ ခြောက်ထုတ် ၍ မရ။

အတိတ်က ပျော်ပါးခဲ့ သည်များ ကို စဉ်းစား ကြည့်သည်။ စဉ်းစား၍ မရ။ စိတ်တွေ က အဓိပ္ပါယ် ရေရေ ရာရာရှိအောင် မတွေးနိုင်။ လွင့်ပါး နေသည်။ အလိုလို ကြောက်ရွံ့ နေသည်။ အလိုလို အားငယ် နေသည်။ မကြာမီ အသူရာ နက်သော ချောက်နက်ကြီး ထဲသို့ ပြုတ်ကျ တော့ မလိုလို။ ရင်မှာ လှိုက်လို့ မောရင်း သြော်..အားကိုးရာမဲ့ လှသည်။

ခေါင်းက ကိုက်လှ ချည်ရဲ့။ ကျောက နာလှ ချည်ရဲ့။ ရင်က ပူလှ ချည်ရဲ့။ အို..အမေရဲ့..အိုအဖေရဲ့...သက်သာ အောင် ဆောင်ရွက် ပေးကြပါ...။ စိတ်ထဲမှာ အာခေါင် ခြစ်၍ အော်သည်။ အသံကား တစ်စက်မျှ မထွက်။ မျက်ရည် တွေတွေ စီးကျ၍ နေရသည်။ ကြာတော့ မျက်ရည် တွေပါ ခြောက်ခန်း လာသည်။ ရေတွေ ဆာသည်။ ၀မ်းက လည်း ဟာသည်။ တောင်းဆို ခြင်းကား မပြုနိုင်။ အလိုက် တသိ လာတိုက် လာကျွေး လျင်သာ မျိုနိုင်သည်။ သြော်..ဆင်းရဲတကာ့ ဆင်းရဲ ကြီးပါ တကား။ ပင်ပန်း တကာ့ ပင်ပန်း ကြီးပါ တကား ။

မဋ္ဌကုဏ္ဍလီ ၏ မိဘတို့ကား ယောက်ယက် ခတ်နေသည်။ သည်းအူ ပြတ်မျှ ပူလောင် နေရသည်။ စိုးရိမ် နေရသည်။ သို့သော် သားဖြစ်သူ ၏ ဒုက္ခကို မိရင်း ဘရင်း တို့သည်လည်း အတိအကျမသိ နိုင်။ ဖယ်ရှား ပေး၍လည်း မရ။ လက်မှိုင် ချ၍ ကြည့်နေရုံ သာ တတ်နိုင် သည်။ စင်စစ် ဤ ဒုက္ခ များသည်ကား ချစ်သူ ခင်သူ မည်သူမျှ ကိုယ်စား ခံပေးလို့ မရသော ဒုက္ခ များပင် တည်း ။ အသီး အသီး သော သတ္တ၀ါတို့ မိမိတို့ ဘာသာ ကိုယ်တိုင် ကိုယ်ကျ ခံစား တွေ့ကြုံ ရမည့် ဒုက္ခများ ဖြစ်ပေ၏။

မဋ္ဌကုဏ္ဍလီ ဟူသည် ကား သာဝတ္ထိ ပြည်တွင် နေထိုင် သော အဒိန္နပုဗ္ဗက သူဋ္ဌေး မောင်နှံ ၏ တစ်ဦး တည်းသော သား ရတနာ ဖြစ်၏။ အသက် ၁၆ နှစ် အရွယ် သာ ရှိသေး သည်။ အသက် ၁၆ နှစ် ဆိုသည်မှာ ယခုကဲ့ သို့ သေရာ ညောင်စောင်း ထက်၌ လဲလျောင်း နေရမည့် အရွယ် မဟုတ် သေး ဟု အများက ဆိုကြ သည်လည်းရှိသည်။ စုတ်သပ် ကြသည် လည်း ရှိသည်။ သို့သော် နာခြင်း တရား၊ သေခြင်း တရား ဟူသည် ကား ငယ်ရွယ် သေး၍ နုပျို သေး၍ မလာပါနှင့် မဖြစ်ပါနှင့် ဟု ကြိုတင် ညှိနှိုင်း ထားလို့ မရ။ ချမ်းသာသူ ဖြစ်၍၊ ချောမော လှပသူ ဖြစ်၍၊ ပညာ တတ်သူ ဖြစ်၍ မလာ ပါနှင့်၊ မဖြစ်ပါနှင့် ဟုလည်း ကြိုတင် ညှိနှိုင်း ထား၍ မရ။ သတ္တ၀ါ အသီး အသီး ကို ဒဏ်ခတ် နှိပ်စက် သတ်ဖြတ် ရန် အတွက် တိကျ ဖြတ်လတ်စွာ၊ အားရ၀မ်းသာစွာ လာကြ၊ ဖြစ်ကြ လေ့ ရှိသည် သာတည်း။

ကျန်းမာ သန်စွမ်း ချိန်ကမူ မဋ္ဌကုဏ္ဍလီ သည် အများနည်းတူ ပျော်ပျော် ပါးပါး နေထိုင် သွားလာ ခဲ့သည် သာ ဖြစ်သည်။ ဤ ရောဂါ ရရှိ လိမ့်မည် ဟု အိပ်မက် မျှပင် မမက်ဖူးခဲ့။ ဤသို့ သေရာ ညောင်စောင်း ထက်တွင် လဲလျောင်း ၍ ဆင်းရဲ ဒုက္ခများ ခံနေ ရမည် ဟု အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဤသို့ မသိ ခဲ့၍လည်း ပျော်ပါး နိုင်ခဲ့ခြင်း ဖြစ်၏။ အကယ် ၍ အခြား သူများ ဝေဒနာ ခံစား နေရသည် သို့မဟုတ် သေအံ့မူးမူး ဖြစ်နေ သည်ကို သတင်းမျှ ကြားရ ပါက မိမိလည်း တစ်နေ့ ဤသို့ ဝေဒနာ ခံစား ရမည်၊ သေအံ့ မူးမူး ဖြစ်ရမည် ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင် ပြုလုပ် ထားမည် ဖြစ်သည်။ သို့မဟုတ် သတင်း ကြားရ သည်ကို အမှုမဲ့ အမှတ်မဲ့ နေမိ သော်လည်း ဝေဒနာ ခံစား ရသောသူ၊ သေအံ့ မူးမူး ဖြစ်နေ သော သူများကို မျက်စိ ရှေ့တွင် တွေ့ရပါက တစ်နေ့ မိမိလည်း ဤသို့ ဖြစ်ရ မည်ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင်ပြုလုပ် ထားမည် ဖြစ်သည်။ သို့သော် မဋ္ဌကုဏ္ဍလီ ကား ဒါန၊ သီလ၊ ဘာဝနာ များကို လည်း ပြုခဲ့ ဖူးသည် မရှိ။ အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံး သွားသည် သာ ဖြစ်သည်။ မိခင် ဖခင်တို့ ကလည်း ဒါန၊ သီလ၊ ဘာဝနာ တို့ကို ပြုလုပ် ရမည်ဟု သင်ကြား ပေးခြင်း မရှိ။ မိခင် ဖခင်တို့ ကိုယ်တိုင် သည်လည်း ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ် သင့်သည် ဟု အကြား အမြင် ဗဟုသုတ မရှိ။ သို့သော် သင်ကြားခြင်း ရှိသည် မရှိသည် ဆိုခြင်း ထက် မိမိက ပြုလုပ် တတ်ဖို့ အရေး ကြီးသည်။ အဘယ်ကြောင့် ဆိုသော် တကယ်တမ်း သေမင်း နှင့် ရင်ဆိုင် ရမည်က မိမိ ကိုယ်တိုင် သာ ဖြစ်ပြီး မိဘ အပါအ၀င် မည်သည့် တစ်ဦး တစ်ယောက် ကမျှ မိမိ ကိုယ်စား အငှား ရင်ဆိုင် ပေး၍ မရသောကြောင့် တည်း။

သေခြင်း တရား ကိုကား သတ္တ၀ါတိုင်း ရင်ဆိုင် ရမည်သာ ဖြစ်သည်။ သို့သော် ဒါန၊ သီလ၊ ဘာဝနာကို အာစိဏ္ဍ ကံမြောက် ပြုထား လျင်ကား သေခါနီး အချိန်၌ အနည်းငယ် စိတ် သက်သာရာ ရနိုင် သေးသည်။ သို့နှင့်တိုင် စိတ်ချရပြီ ဟုကား မဆိုနိုင် သေး။ သေခါနီး၌ ဖြစ်တတ် သော အကုသိုလ် ကံများကို သတိ မူရဦးမည် ဖြစ်၏။ ငယ်တုန်း ရွယ်တုန်း အာစိဏ္ဍကံ မြောက်အောင် ဒါန၊ သီလ၊ ဘာဝနာ အားမထုတ် ထားသူ တို့မှာ အားအင် ပြတ်လပ်၊ စိတ်လက် ညစ်ညူး၊ ဝေဒနာ လှိုက်ဆူ ချိန်၌ အဘယ်သို့လျင် ထိုထို အကုသိုလ် ကံများကို ရှောင်ရှား နိုင်စွမ်း ရှိမည်နည်း။ အဘယ်သို့လျင် သေခါနီး၌ ဖြစ်ပေါ် လာတတ် သော အာရုံဆိုး များကို အကုသိုလ် ကံ မဖြစ်အောင် နှလုံးသွင်း နိုင်စွမ်း ရှိမည်နည်း။ ကလျာဏ မိတ္တ ကိုသာ အချိန်မီ ရရှိခဲ့ခြင်း မရှိလျင် ထိုထို ပုဂ္ဂိုလ်တို့ မှာ သေခါနီး ဖြစ်သော အကုသိုလ် ကံများကြောင့် သေပြီး သည့်နောက် အပါယ် လေးပါး သို့သာ တဖြုတ်ဖြုတ် သက်ဆင်း ကြရမည် ဖြစ်လေသည်။

မဋ္ဌကုဏ္ဍလီ နှင့် သူ၏ မိဘများ အပါအ၀င် သတ္တ၀ါ အများအပြား မှာ အတိတ်ဘ၀ တစ်ခုခုက မြင့်မြတ်သော အလုပ်များကို ပြုလုပ်ခဲ့ ကြသည့် သူတော်ကောင်း များ ဖြစ်ခဲ့ ကြမည်သာ ဖြစ်၏။ ကုသိုလ် ပါရမီ ဟူသည်ကား နိဗ္ဗာန် မရောက် မချင်း ပျောက်ပျက်လေ့ မရှိ။ နိဗ္ဗာန် ဆိုက်သည့် တိုင်အောင် အကျိုး ပေးသည့် ကုသိုလ်မျိုး ဖြစ်၏။

ကုသိုလ် ပါရမီ ပါလာ သည်ကား မှန်၏။ သို့သော် အသုံး မချသူများ ကိုကား ပါရမီ သည် နိဗ္ဗာန် ရောက်အောင် အလိုလို ဆွဲ မခေါ်နိုင်။ မဂ္ဂင်ရှစ်ပါး နှင့် အားထုတ် ရသေးသည် ။ အားမထုတ် မိလျင် သံသရာ လည်ကြ ပြန်ပါ သည်။ ထို့ကြောင့် လည်း မြောက်မြား စွာသော ပါရမီရှိသူ ပုဂ္ဂိုလ်များမှာ အပါယ်လေးပါး၌ တစ်ဝဲလည်လည် နှင့် အချိန်ကုန် နေခြင်း ဖြစ်လေ သည်။

လောက ဓမ္မတာ အရ ပုထုဇဉ် တို့၏ သဒ္ဓါတရား သည်ကား ခိုင်မြဲခြင်း မရှိ ဟူ၍လည်း သိအပ်၏ ။ ပုထုဇဉ် တို့သည် တစ်ဘ၀ ၌ သူတော်ကောင်း ဖြစ်သော်လည်း နောက် တစ်ဘ၀ ၌ သူယုတ်မာ များ ဖြစ်နိုင် သေးသည်။ ယခုဘ၀ ၌ ရတနာ သုံးပါး ကို ကြည်ညို သော်လည်း နောက်ဘ၀များ၌ ရတနာ သုံးပါးကို ရန်မူသူများ လည်း ဖြစ်နိုင် သေးသည်။ ကလျာဏမိတ္တ နှင့် ပေါင်းဖော် မိလျင် သူတော်ကောင်း ဖြစ်ကြ၍ ဒေ၀ဒတ် ကဲ့သို့ ပါပ မိတ္တနှင့် ပေါင်းဖော် မိလျင် သူယုတ်မာ များဖြစ်ကြ ရပြန် သည်။

မဋ္ဌကုဏ္ဍလီ ၏ အချိန်သည်ကား နည်း၍ နည်း၍ သွားပြီ။ နည်းသွား သည်ဆိုသဖြင့် လုံးဝ မရှိတော့ခြင်း တော့ မဟုတ်။ ကုသိုလ် မျိုးစေ့ ကို ချမည် ဆိုလျင်ကား ချနိုင် သေးသည်။ သေရာ ညောင်စောင်း တွင် လဲလျောင်း နေရသည့် ယခု ကာလသည်ပင် ကုသိုလ်ပြု ဖို့ အချိန် ဖြစ်သည်။ တောင်တောင် အီအီ တွေး၍ စိတ်ညစ် နေရမည့် အချိန်မဟုတ်။

မဋ္ဌကုဏ္ဍလီ သည် ပျော့ညံ့သည့် ပုဂ္ဂိုလ် ထဲတွင်တော့ ပါဟန်မတူ။ သေခြင်း တရားကို စွမ်းသလောက် ရင်ဆိုင်မည့် သူ ဖြစ်ဟန် တူ၏။ သို့ဖြစ်၍ လည်း မြတ်စွာဘုရား ၏ ကရုဏာ ဥာဏ်ကွန်ရက် တွင် ကယ်ချွတ် အပ်သူဟူ၍ ပေါ်လာခြင်းဖြစ်သည်။ အလျော့ပေး အရှုံးပေး ထားသူကို မည်သည့် ကရုဏာရှင် ကမျှ ကူညီ၍ ၊ကယ်တင်၍ မရ။ အဘယ်ကြောင့် ဆိုသော် သတ္တ၀ါ ဟူသည့် သဘောမှာ မိမိ ကိုယ်ကို မိမိ အားကိုးရသည့် သဘော ရှိသောကြောင့် ဖြစ်သည်။ ဘုရား အပါအ၀င် ကလျာဏ မိတ္တများကား ဘ၀ကိုကယ်တင်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်။ လမ်းပြပေး နိုင်သော ပုဂ္ဂိုလ်များသာဖြစ်၏။

မဋ္ဌကုဏ္ဍလီ ကို အကြောင်း ပြု၍ သူ့မိဘ များ အပါအ၀င် သတ္တ၀ါ အများ တရားချမ်းသာ ကို မြည်းစမ်းခွင့် ရမည် ကို မြတ်စွာဘုရား က သိမြင်တော် မူ၏။ သို့ဖြစ်၍ ထိုနေ့က အိမ်စဉ် အလျောက် ဆွမ်းခံ ကြွသည့် အခါ မဋ္ဌကုဏ္ဍလီ တို့ အိမ်ရှေ့ ၌ ရောင်ခြည်တော် ကို လွှတ်၍ ဆွမ်းရပ် သည်။ မဋ္ဌကုဏ္ဍလီ သည် မျက်ဝန်း ထောင့်စွန်း၌ ရောင်ခြည်တော် ကို ဖူးမြင်ရ၍ ဦးခေါင်း ကို စောင်းငဲ့၍ ငေးကြည့် ရှာသည်။ စင်စစ် မဋ္ဌကုဏ္ဍလီသည် ဗုဒ္ဓကို ကြည်ညို ဖူးသူ မဟုတ်။ သို့သော် ကိလေသာ ကင်းစင်သော ပုဂ္ဂိုလ်ထူး ကို ကြည်ညို သည့် စိတ် ဟူသည်ကား အတ္တမာန အတန်ငယ် ကင်းစင် နေသော သူများ၌ ဖြစ်ပေါ် နိုင်စွမ်း ရှိသည်။ ရောဂါ ဝေဒနာ တို့ကြောင့် အတ္တမာန တို့ ခေတ္တ ငုပ်လျှိုး နေသဖြင့် လည်း မဋ္ဌကုဏ္ဍလီ ၏ ဥာဏ်၌ ကြည်ညို ထိုက်သူကို ကြည်ညိုသော အသိဥာဏ် သည် ဖြစ်ပေါ်လာခြင်း ဖြစ်ဟန်တူ၏။

ကိလေသာ ကင်းစင် တော်မူသော မြတ်ဘုရားကို ဖူးတွေ့ ရသဖြင့် မဋ္ဌကုဏ္ဍလီ၏ သန္တန်တွင် ကာမာဝစရ ကုသိုလ်စိတ် ၈ ပါး၏ ပထမ ကုသိုလ်စိတ် သည် ထင်ရှား ဖြစ်ပေါ်လာ၏။ မြတ်ဘုရား၏ ကိလေသာ ကင်းစင် တော်မူသည့် အမူအရာကို စိတ်နှလုံး၌ ထပ်ဖန်တလဲလဲ မြင်ယောင် ၍လည်း ဗုဒ္ဓါနုဿတိ ဘာဝနာ စိတ်သည် ထင်ရှား ဖြစ်ပေါ် လာ၏။ ကြည်ညို လွန်းမက ကြည်ညိုသည့် စိတ်ကြောင့် လက်အုပ် ချီမိုး၍ ကန်တော့ လိုက်ချင်သည်။ သို့သော် လက်ကိုကား မြှောက်၍ မရ။ စိတ်ထဲမှသာ ကန်တော့ လိုက်ရ၏။ လက်အုပ် မချီရသော်လည်း လက်အုပ်ချီ သကဲ့သို့သာ ဖြစ်လေ၏။

မဋ္ဌကုဏ္ဍလီ ၏ သန္တန်တွင် အကုသိုလ် စိတ်များ ကင်းပျောက်၍ ကုသိုလ်စိတ် များ ဖြစ်ပေါ် လာပေပြီ။ မဋ္ဌကုဏ္ဍလီ ၏ ထွက်သက် ၀င်သက် သည်လည်း ငြိမ်၍ ငြိမ်၍ သက်၍ သက်၍ လာပြီ။ ဇောစိတ် များ သည်လည်း အရင်လို ခုနစ်ကြိမ်မျှ မဖြစ်တော့ဘဲ ငါးကြိမ် လေးကြိမ် မျှသာ ဖြစ်တော့ သည်။ နောက်ဆုံးတွင်ကား..မဋ္ဌကုဏ္ဍလီ ၏ စုတိစိတ်သည် ကုသိုလ်ကံ ၏ နိမိတ် ကို အာရုံပြု၍ ချုပ်လေ တော့၏။ စုတိ စိတ် ချုပ်သည်နှင့် စက္ကန့် မခြား ဘဲ ပဋ္ဋိသန္ဓေ စိတ်သည် ဖြစ်ပေါ် လာ၏။ ပဋ္ဋိသန္ဓေစိတ် ဖြစ်သည့် နေရာကား တာဝတိသာ နတ်ပြည်တည်း။

"ဓမ္မ တို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်း ကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆို၊ ပြုလုပ်၊ ကြံစည်ပါက ထို (ပြောဆို ပြုလုပ် ကြံစည်) သောကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ် လိုက်သကဲ့ သို့ ထိုသူသို့ ချမ်းသာသည် အစဉ် လိုက်လေ၏။"

မဋ္ဌကုဏ္ဍလီ ဆုံးပြီး လပိုင်းမျှ အချိန်တွင် မြတ်ဘုရား သည် ဤ တရားကို မဋ္ဌကုဏ္ဍလီ ၏ ဖခင် သူဋ္ဌေးကြီး၏ နေအိမ်တွင် ဟောကြားခြင်း ဖြစ်သည်။ သူဋ္ဌေးကြီး သည် မဋ္ဌကုဏ္ဍလီ သေဆုံးပြီးနောက် သုဿာန်သို့ နေ့တိုင်း သွား၍ငိုသည်။ ထိုအခါ နတ်သား ဖြစ်နေ သော သူဋ္ဌေးသား က ဖခင်ဖြစ်သူ အား ဗုဒ္ဓါနုဿတိ ၏ ကျေးဇူးကို လာရောက် ပြောပြသည်။ သူဋ္ဌေးကြီး သည် ၀မ်းမြောက် ၀မ်းသာ ဖြစ်၍ မြတ်ဘုရား သာသနာ၌ သက်ဝင် ကြည်ညို လေသည်။ ထို့နောက် ဥပသကာ အဖြစ်ကို ရောက်၍ မြတ်ဘုရားကို တရား ဟောပြော ပြသရန် တောင်းပန်ခြင်း ဖြစ်လေ၏။

သဒ္ဓါတရား မရှိသော မိဘကို မဋ္ဌကုဏ္ဍလီ က ဤသို့ ကျေးဇူး ဆပ်ခဲ့၏။ အတု ယူဖွယ်ပင် ဖြစ်၏။ ဤသို့ ဖြင့် များစွာသော လူအပေါင်း နှင့်တကွ သားအမိ သားအဖသုံးဦးတို့သည် မြတ်ဘုရား၏ တရားတော်ကို ဒါနကထာသီလကထာ သဂ္ဂကထာ မဂ္ဂကထာ အစဉ်အတိုင်း နာကြားခွင့် ရကြပြီး၍ လူနတ် ချမ်းသာ၊နိဗ္ဗာန် ချမ်းသာ စသည့် အကျိုးထူး များကို မိမိတို့ ပါရမီ အားလျော်စွာ ရရှိခဲ့ ကြလေတော့သည်။

ကိုးကား
ယမက၀ဂ်-မဋ္ဌကုဏ္ဍလီ-ဓမ္မပဒ ဦးရွှေအောင်

Credit: ကိုမျိုး (ဓမ္မရံသီ)

No comments:

Post a Comment