Wednesday, May 29, 2013

Invaluable….




(ဘုန်းဘုန်း ဦးတိက္ခဉာဏလင်္ကာရ (https://www.facebook.com/ashintikkha1) ရဲ့  သက်တော် (၃၅) နှစ်ပြည့်မြောက်တဲ့ မွေးနေ့အတွက် မွေးနေ့အမှတ်တရလက်ဆောင် ဓမ္မပူဇာ)

ဘုန်းဘုန်းရေ...

တပည့်တော် ဟိုတစ်နေ့က အင်တာနက်မှာ “သတသဟဿာရဟ ဂါထာတော်”  နှင့် ပတ်သက်တာတွေ လိုက်ရှာဖတ်ရင်းနှင့် စဉ်းစားမိတယ်ဘုရား။ အဲဒီစဉ်းစားမိတာလေးကို ပြောပြချင်တယ်။

ဘုရားရှင်တစ်ဆူတစ်ဆူ ပွင့်ထွန်းပေါ်ပေါက်ပြီးလို့ ဘုရားရှင်ရဲ့  သာသနာတော် ကွယ်ပျောက်တော့မယ့်အချိန်မျိုးမှာ လူလာဖြစ်ကြတဲ့သူတွေရဲ့ ဘ၀ကို တွေးကြည့်မိတယ်ဘုရား။ မြတ်စွာဘုရားရှင်ရဲ့  အဆုံးအမစကားလေး တစ်ခွန်းလောက်ကို ကြားရဖို့ အရင်းအနှီးက တော်တော်များတာဘဲနော်ဘုရား။ ဘုရားအလောင်းတော် မဟာသုတသောမမင်းကြီးဟာ ဂါထာလေး (၄) ပိုဒ်ကို တစ်ဂါထာအဖိုးတစ်သိန်းနှင့် ပူဇော်ပြီး နာယူခဲ့တယ်လို့ ဆိုတယ်။ တပည့်တော်တို့၊ ဘုန်းဘုန်းတို့လို တော်ရုံသာမန်လူတွေသာ အဲဒီအချိန်၊ အဲဒီခေတ်မျိုးမှာ ဒီလိုတရားမျိုးကို ရှိတယ်ဆိုတာလည်း သိတယ်။ နာလည်း နာယူချင်တယ်ဆိုရင် ဘယ်လို လုပ်မလဲ။ တော်ရုံ တန်ရုံ အားထုတ်ကြိုးစားရုံလောက်နှင့်တော့ နာရ၊ သိရဖို့ဆိုတာ မဖြစ်နိုင်၊ မရနိုင်လောက်ဘူးဘုရား။

နောက် ဂါထာတော်တွေရဲ့  အနက်ပြန်ထားတာကို ဖတ်ကြည့်မိတော့ အခုခေတ် တပည့်တော်တို့ တရားစာပေတွေမှာ ဒီလိုအဓိပ္ပါယ်နှင့်ခပ်ဆင်ဆင်တူတဲ့ အဆုံးအမမျိုးတွေ ပိဋကတော်ရဲ့  နေရာတော်တော်များများမှာ ရှာလိုက်ရင် လွယ်လွယ်ကူကူ တွေ့ရတတ်တဲ့ ဂါထာမျိုးလေးတွေဘဲဘုရား။ ခက်ခဲနက်နဲသိမ်မွေ့တဲ့ အဘိဓမ္မာတရားတွေလိုမျိုး၊ အနတ္တလက္ခဏသုတ်တော်လိုမျိုး၊ မဟာသတိပဋ္ဌာနသုတ်တော်လိုမျိုး တရားတွေမျိုး မဟာသုတသောမမင်းကြီးသာ နာဖြစ်ခဲ့မယ်ဆိုရင် ပုဏ္ဏားကို သူဘာတွေနှင့်များ ပူဇော်မလဲ မသိဘူးနော်ဘုရား။ 

အဲဒီဂါထာအကြောင်းဖတ်ပြီး ကိုယ့်အခြေအနေကို ပြန်တွေးရင်း ငါတော်တော်ကံကောင်းတာဘဲလို့ တွေးလိုက်မိတယ်ဘုရား။ အခုလို သာသနာတော်ကြီးနှင့် ကြုံကြိုက်နေတဲ့အချိန်၊ မြန်မာပြည်မှာ မွေး၊ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းထဲမှာ ကြီးပြင်း၊ တရားတော်တွေကို ဖောဖောသီသီနာယူခွင့်၊ မေးမြန်းခွင့်၊ ကျင့်သုံးခွင့်လည်း ရတဲ့ ဘ၀ပေးအခြေအနေမျိုးနှင့် လူလာဖြစ်ရတာ အရတော်တာဘဲလို့ တွေးမိတယ်ဘုရား။ ဒါ့အပြင်ကို အခုလို အင်တာနက်တွေ တွင်တွင်ကျယ်ကျယ်သုံးလာနိုင်တဲ့အချိန်မှာ တရားစာပေနှင့်ပတ်သက်တာ တစ်ခုခုသိချင်ရင် ကွန်ပျူတာမှာ ခလုတ်လေး လေးငါးချက်နှိပ်လိုက်ရုံနှင့် မိနစ်ပိုင်းအတွင်း သိချင်တာကို ရှာဖွေလေ့လာဖတ်ရှုခွင့်၊ နာယူမှတ်သားခွင့်လည်း ဘာအဖိုးအခမှ ပေးစရာမလိုပဲ အလကား ရနေသေးတယ်ဘုရား။ 

ဘုန်းဘုန်းတို့သံဃာတော်တွေဆိုရင်လည်း အင်မတန် ဘုန်းကံကြီးကြ၊ ကံထူးကြတာပါဘဲ။ ဘုန်းဘုန်းတို့ ဟိုးငယ်ငယ် ကိုရင်ဘ၀ကတည်းက အခုအသက်အရွယ်အထိ လေ့လာကျက်မှတ်အာဂုံဆောင်ထားတဲ့ ပါဠိဂါထာတော်တွေဆိုတာ အရေအတွက်အားဖြင့်ဆိုရင် ထောင်ဂဏန်း၊ သောင်းဂဏန်းမက ရှိနေမှာဘဲ။ တစ်ဂါထာကို တစ်သိန်းနှင့်တွက်ကြည့်လိုက်ရင် ဘုန်းဘုန်းတို့ဆောင်ထားတဲ့ ပါဠိဂါထာတော်တွေဟာ နည်းတဲ့ တန်ဖိုးမဟုတ်ဘူးနော်ဘုရား။ 

ဒါက တပည့်တော်က အပေါ်ယံ ငွေကြေးဓနနှင့် တန်ဖိုးတွက်ကြည့်တာဘဲရှိသေးတာဘုရား။ တကယ်က ဘုန်းဘုန်းတို့၊ တပည့်တော်တို့တွေ ဖတ်မှတ်လေ့လာ၊ အာဂုံဆောင်ထားတဲ့ ဂါထာတော်တွေရဲ့  အနှစ်အသားဆိုလိုရင်း အနက်အဓိပ္ပါယ်တွေက လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီတော်တွေဖြည့်ကျင့်ပြီးမှ ဟောထားတဲ့ မြတ်စွာဘုရားရှင်ရဲ့  နှုတ်ထွက်တော်စကားတွေ။ ဘယ်လောက်များ တန်ဖိုးကြီးလိုက်လဲလို့။

ဒါကြောင့် ဒီလို အခွင့်အခါကောင်း၊ အခြေအနေကောင်းကြီးကို ရထားတဲ့ အခုဒီဘ၀မှာ တပည့်တော်တို့၊ ဘုန်းဘုန်းတို့ တတွေ ကိုယ်ရထားတဲ့ဘ၀ရဲ့ တန်ဖိုးကြီးပုံကို နားလည်သဘောပေါက်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး အလိုတော်ကျ သံသရာကနေ ထွက်မြောက်ရာလမ်းကို အားသွန်ကြိုးပမ်းလျှောက်လှမ်းသင့်တယ်လို့ မြင်မိပါတယ်ဘုရား။ ကိုယ်ရည်မှန်းတောင့်တရာ ဗောဓိဉာဏ်တစ်ခုခုအတွက် ဖြည့်ဆီးရမယ့် ပါရမီတွေကို ဒီဘ၀မှာ နေ့စဉ် အချိန်နှင့်အမျှ ဖြည့်ဆည်းဆောင်ရွက်နေသင့်ပါတယ်။ တော်နေကြာ အခွင့်အခါကောင်းတွေနှင့် ကြုံဆုံနေရတဲ့ ဒီဘ၀မှာ ဘာမှမယ်မယ်ရရ မလုပ်ဖြစ်လိုက်ပဲ သာသနာကွယ်တဲ့အချိန်ကျကာမှ လူသွားဖြစ်ပြီး တရားနာချင်လို့ ဟောပေး၊ ပြောပေးမယ့်သူ လိုက်ရှာနေရရင်ဖြင့် သိပ်မချောင်လှဘူးလို့ တွေးမိတယ် ဘုရား။

အဲဒါကြောင့် ဒီနှစ် ဘုန်းဘုန်းရဲ့  သက်တော် (၃၅) နှစ်ပြည့်မြောက်တဲ့ မွေးနေ့အခါသမယမှာ မိမိရရှိထားတဲ့ ဒီဘ၀၊ ဒီခန္ဓာ၊ ဒီရပိုင်ခွင့်တွေရဲ့ တန်ဖိုးကို ကြိမ်ဖန်များစွာ နှလုံးသွင်းဆင်ခြင်လို့ တစ်ဘက်က အများအကျိုးအတွက်လည်း ဆောင်ရွက်ရင်း၊ အခြားတစ်ဘက်ကလည်း မိမိရဲ့ အကျိုးဖြစ်တဲ့ သံသရာကလွတ်မြောက်ကြောင်း ဘ၀ပေးတာဝန်ကို ကျေပွန်စွာထမ်းရွက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဒီစာစုလေးကို မွေးနေ့လက်ဆောင်အဖြစ်ပေးရင်း ဓမ္မညီအကိုအချင်းချင်း သတိပေးစကားလေး ပြောကြားလိုက်ရပါတယ်ဘုရား။

ဘုန်းဘုန်း သက်တော်ရာကျော်ရှည်လို့ ကိုယ်တွင်း၊ ကိုယ်ပ သာသနာပြုနိုင်ပါစေဘုရား....။

ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
၂၉၊ ၅၊ ၂၀၁၃။ (ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment