Tuesday, July 31, 2012

အကာနှင့်အနှစ်


ဆက်လက်ဖတ်ရှုရန်

ဝိမုတ္တိသုခ..ဝိမုတ္တိရသ များရဲ့ ဖန်တီးရှင် သို့-မွေးနေ့အမှတ်တရ


 လွန်ခဲ့တဲ့ ၄ နှစ်နီးပါး အချိန်လောက်ကစပြီး ဇော်ဂျီ ဖွန့် ပေါ်လာတာ နဲ့ ကျွန်မ သည် *သစ္စာအလင်း* ဆိုတဲ့ မြန်မာ ဘာသာဖြင့် ကိုယ်တိုင်ထုတ်ဝေလို့ရတဲ့ ဘလော့လေး တစ်ခု ဖန်တီးခဲ့ပါတယ်..။

ပိုင်းလော့ဆရာတော် ဘုရားကြီး ရဲ့ အဆုံး အမ နဲ့ လောကအမြင် ပြောင်းလာ ခဲ့တာ ဒုက္ခ နည်းအောင်နေ ထိုင် တတ် သွား ခဲ့တာ တွေ ကို ကျွန်မသိသလို သိစေချင်တဲ့စေတနာ နဲ့ရော..အဝေးမှာ ထားခဲ့ရတဲ့ သာသမီးလေးများ အတွက် မှတ်တမ်းမှတ် ရာ လေးတွေ ဖြစ်အောင် စရေး ဖြစ်ခဲ့တာ ပါ..။

ဒါပေမဲ့ ထိုသို့သော ဓမ္မစာပေ ရေးသားသူများ မည်မျှရှိသည်…ဘယ်သူတွေဖြစ်သည် ကိုတော့ အစက ကျွန်မ မသိခဲ့ပါ..။ ပိုစ့် ၅ခု ၆ခု လောက်တင်ပြီးချိန်မှာတော့ ကျွန်မ နဲ့ လမ်းတစ်ခု ထဲတူတူ လျှောက်နေသူများ က လာရောက် မိတ်ဆက်ကြပြီး  သိကျွမ်း ခင်မင်ခဲ့ရပါတယ်..။
သားသမီး အရွယ် ကလေးများကို ရည် ရွယ် ပြီး ရေးတာမို့ သားသမီး အရွယ် ကျောင်းသားလေးများ ဖြစ်တဲ့ ကိုဦး ( အောင်ဦး-ဓမ္မရသ ) နဲ့ ဖိုးသား(အဖြူရောင်မေတ္တာ ) တို့ကို မိတ်ဆွေ စစ်တွေ အဖြစ် ကျွန်မရရှိခဲ့ပါတယ်..။ ဘုန်းဘုန်း ဦးလောက နာထ ကတော့ကျွန်မ သိချင်တဲ့တရားဓမ္မများ ကို သင်ပြ ဆုံးမ ပေးပါတယ်..။သစ္စာ တရား ကိုဝင်းမြင့်၊ မမေဟန် (Live Dhamma ) ၊ တို့ကတော့ ကွန်ပျူတာ ဆိုင်ရာ နည်းပညာများ ကူညီပေးခဲ့ကြပါတယ်..။

အခု မွေးနေ့ရှင် မောင်လေး Bliss ဝိမုတ္တိသုခ နဲ့ သိကျွမ်းခင်မင် ခဲ့ရတာကတော့ နည်းနည်းလေးအမှတ်တရ ဖြစ်ခဲ့ပါတယ်..။ သူ့ရဲ့ *ဝိမုတ္တိသုခ* ဘလော့လေး(http://www.vimuttisukha.com/) က ရိုးရိုးစင်းစင်း လေး ဖြစ်သလို တည် တည် ညိမ်ညိမ်လေးဖြစ်တာ ကိုတွေ့ရပါတယ်..။ တင်ထားတဲ့ ပိုစ့်တစ်ခု ချင်း ကို ရှာဖွေ ဖတ်ရှု တဲ့အခါ မှာတော့ အထင်ကြီးစရာ တင်ပြချက်များ ကို ထပ်မံတွေ့ရှိရပါတယ်..။

သေသေချာချာ ထဲထဲ ဝင်ဝင် တရားအားထုတ် ထားမှုများကို ပြန်လည်တင်ပြထားတာ မို့ ကျွန်မ စိတ်မဝင်စားပဲမနေနိုင်ခဲ့ပါ..။ ကလေးများအတွက် ဓမ္မ သီချင်းများကို အင်္ဂလိပ်လိုကောသံစဉ် လေးတွေပါ သပ်သပ်ယပ်ယပ် တင်ထား တာ  မို့ ကျွန်မ ကူးယူ သိမ်းဆည်းထားလိုက်မိပါတယ်..။

တစ်နေ့ကျတော့ သူ့ ဘလော့ကို ဖတ်နေကျအတိုင်းဖတ် လိုက်တော့ ဆရာတော်ဦးဇော တိက ရဲ့ မှတ်သားဖွယ်ရာ လေးနက် တဲ့ မှတ်စုများ ကိုဖေါ် ပြထားတာ ဖတ်လိုက် ရပါတယ်..။ အဒီအချိန်တုံးက ဖေ့စ်ဘွတ်မပေါ်သေးတာ နဲ့ စာသားတွေကို ဖြန့်ဝေချင်စိတ် လောကြီးတဲ့ကျွန်မ က ဆရာတော် ရဲ့နာမည် ကိုမဖေါ်ပြပဲ ကျွန်မို့ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရ ကျောင်းသားများ Group Mail မှာ ဖြန့်ဝေလိုက်မိပါတယ်..။ ကျွန်မ လိုပဲ နှစ်သက် သဘောကျ သူကတော့ ညီမ ဒေါက်တာအေးအေးခင် (Malaysia ) က ပါ။ သူက လည်းချက်ချင်းပဲ မလေးရှား မှာ ထုတ် ဝေနေတဲ့ လမ်းသစ် ဂျာနယ် ကို ချက်ချင်းပေးပို့ လိုက်မိကြပါ တယ်..။

ညီမ အေးအေးခင် နဲ့ အွန်လိုင်းစကားစပ်မိတော့ မှာ ပဲ.. ကျွန်မ မှာ သူ့ ဘလော့ မှာ ကွန်မန့်ပေးရင်းကာယကံရှင် ထံမှ ခွင့်ပြု ချက်ရယူဘို့ တောင်းပန်ရပါတယ်..။ ဘလော့လေးက တည် ညိမ်ပြီး လူကြီးဆန်နေတာမို့ ကျွန်မ မှာ အသက် အရွယ်လည်းမမှန်းဆ တတ်တာ နဲ့ သူ့ ဘလော့နာမည် လေးအတိုင်း …Bliss ရေ..လို့ ရေးခဲ့မိပါတယ်..။ ဒီနာမည် လေးက လည်း အဓိပ္ပါယ် မျိုးစုံ ပါဝင်နေတာမို့ ကျွန်မ ကလည်း ဘလော့ပိုင်ရှင် နဲ့ လိုက်ဖက်တယ်လို့လည်း ယုံကြည်မိခဲ့ပါတယ်..။ မောင်လေးကလည်း ခုထိ နှစ်သက်စွာ သုံးစွဲနေဆဲမို့ နာမည်ခေါ်တဲ့ ကျွန်မ မှာ ဝမ်းသာရပါတယ်..။

ဒီလို နဲ့ ပဲ ဒေါက်တာအေးအေးခင် နဲ့ ကျွန်မ ဟာ*ဝိမုတ္တိသုခ* ဘလော့ရဲ့ အမာ ခံ ပရိသတ် ဖြစ်ခဲ့ရပါတယ်..။ကျွန်မ ထက် အသက် များစွာငယ်တယ် ဆိုတာ ကို တော့နောက်ကြာလာမှ သာသိရပါတယ်..။ အော် …Chronological Age  ကကြီးနေခဲ့သည် ကိုး။

နောက် များကျတော့ ကျွန်မတို့ ဓမ္မဘလော့ဂါများ စနေ တနင်္ဂနွေ အားရင် အွန်လိုင်းတရားပွဲ များကို ဘုန်းဘုန်းဦးတိက္ခ ဥာဏ လင်္ကာရ  ရဲ့ ဟောပြောမှု မှ စတင် ပြီး Skype ကထုတ်လွှင့်ခဲ့ကြပါတယ်..။အဲဒီတုံးက Ustream မပေါ်သေးတာ မို့ ၁၆ ယောက်လောက်သောလူများ စုထိုင်နေသလိုပါ။ လူမမြင်ရတာ တစ်ခု သာ ရှိပြီး တယောက်ရှိမရှိကို အစိမ်းရောင် လေးများ နဲ့ ကြည့်ပြီးသိကြရပါတယ်..။

ကျွန်မတို့က ကျောင်းသားတွေမို့ အချိန်အားကြသော်လည်း မောင်လေး ကအလုပ်လုပ်ရပါတယ်..။ အလုပ်ကပြန်လာရင် မောမောပန်းပန်း ဖြစ်နေသော်လည်း အွန်လိုင်းတရားပွဲကို ဝင်လာတတ်တာမို့ သူ့ရဲ့ Status အစိမ်းလုံး လေးပေါ် လာရင် အိမ်သားတစ်ယောက်ပြန်လာသလို ကျွန်မတို့ အားလုံးပျော်ကြ ရတာကတော့ မှတ်မှတ်ရရ ရှိခဲ့ပါတယ်..။

တရားဆွေးနွေး တဲ့အခါ မှာတော့ ကျွန်မ နဲ့ ကို ဝင်းမြင့် (ယခု-ဒေါက်တာဝင်းမြင့်ဇော်) က သိထားတာတွေကို ပြောချင်တာ များပါတယ်..။ မောင် လေးကတော့ သူ့ရဲ့ Counseling အတွေ့အကြုံ အရ စေ့စေ့စပ်စပ် ၊စူးစူး စိုက်စိုက် နားထောင် တတ်တဲ့အရည် အချင်းရှိသူပါပဲ..။ အပြောနည်းပြီး နားထောင်ပေး တတ်သူ တစ်ဦးပါ။

 B.E ( Electronic) နှင့်  MBA ဘွဲ့ များ အထိ မြန်မာပြည်မှာသင်ယူထား ခဲ့တဲ့အပြင် ပြည်ပ သင်တန်းတွေအရလည်း အကြံဥာဏ် ကောင်းတွေ ကလည်း ထွက်ပေါ်လာတတ်ပါသေးတယ်..။ကျွန်မတို့ အားလုံးထဲမှာတော့ အင်္ဂလိပ်စာ အတော်ဆုံး ဟာ သူပါ။

သူဟာ ဆန်းသစ် တဲ့အတွေးအခေါ်ရှိသူလည်းဖြစ်ပါတယ်..။သမရိုးကျမှ ခွဲထွက်ချင်သူ ဖြစ်ပြီး  ကိုယ့်ကိုကို ကိုယ်ရေလည်း မသွေးတတ် ဘူးဆိုတာ အွန်လိုင်း တရားဆွေးနွေး ပွဲများမှ တဆင့် ကျွန်မ သိခဲ့ပါတယ်..။ သူရေးသား တဲ့ တရားဓမ္မ ဆောင်းပါးလေးများ ဟာ သွက်သွက်လက်လက် ၊ ထက်ထက်မြက် မြက် နဲ့ လူငယ်ထု ရဲ့ နှလုံးသား ထဲကို ထိုးဖေါက်နိုင်တာကတော့ ကျွန်မ မချီးကျူး အသိအမှတ်မပြု ပဲမနေနိုင်ခဲ့ပါ..။ ဘလော့ ကနေ အခု ဖေ့ စ်ဘွတ်  ထိ ပရိသတ်အခိုင်အမာ နဲ့ ပါ။ ကျွန်မ ရဲ့ သား ကိုအုတ် ကပင် ဆြာဝိ ဆြာဝိ ဖြင့်ပါးစပ်ဖျားမှ မချ နိုင်တာ အမှန်ပါပဲ..။

နောက်ချီးကျူး မှတ်တမ်းတင် စရာတစ်ခုက *ဝိမုတ္တိရသ* စာမျက်နှာများကို နှစ်များစွာကြာအောင် ထိန်းသိမ်း ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်..။ ကျွန်မတို့တတွေ ကိုဝင်းမြင့်ဇော်နဲ့ မောင်လေးBliss  ဦးဆောင်ပြီး  *ဝိမုတ္တိရသ-၁*ဆိုတာ ကို တည်ဆောက်ကြပါတယ်..။ အားလုံး ပိုစ့်တင်လို့ရအောင်လုပ်ထားတာ ပြီး စာအုပ်တွေကော ဓာတ်ပုံတွေကော ဗီဒီယို ဖိုင်တွေကော ပါ ဝိုင်းဝန်းတင် ကြတာ မို့ သိပ်ကို ဝေဆာ လှပ ခဲ့ပါတယ်..။

အကြောင်းမညီညွတ် တဲ့အချိန်မှာတော့ ဟိုစ့်တင်း(Hosting )ပြဿနာ ကြောင့် ရပ်တန့်ခဲ့ရပါတယ်..။ မောင်လေးကတော့ ဇွဲမလျှော့ပဲ  ဓမ္မဘလော့ဂါ တို့ ရဲ့ ပိုစ့်များ ကို အကုန် လိုက်ဖတ်ပြီး စုစည်းတင်ပြပေးတဲ့ *ဝိမုတ္တိရသ-၂* ကို မုဒိတာ စိတ်အပြည့်အဝ ဖြင့်ထပ်မံဖန်တီးခဲ့ပါတယ်..။

အစ ပိုင်း မှာတော့ ကျွန်မ ကတစ်လှည့်တင် လိုက်၊ သူကတစ်လှည့် တင်.. ဖိုးသား(ပြည့်စုံအောင်) က တစ်လှည့်တင်ကြပါတယ်..။ ဓမ္မ ဘလော့ ပေါင်းစုံ ကိုလည်း သူပဲစေ့စေ့စပ်စပ် လှည့်လည် ဖတ်ရှုနိုင်ပါသေးတယ်..။ တနေ့ကို ပိုစ့်ပေါင်း ဖျမ်းမျှ ၂၅ ခု အထက်မှာ တင်ရတာပါ။

ကျွန်မတို့ကတော့ မြန်မာပြည်မှာ ပြန်နေကတည်းက အဲဒီတာဝန်ကို မထမ်းဆောင်နိုင်တော့ပါဘူး။ မောင်လေးက တော့တည်တံ့ ခိုင်မြဲစွာ ချီတက်နေဆဲဖြစ်ပါတယ်..။ မောင်လေး ရဲ့ ပါရမီဖြည့်ဘက် ( မခရစ္စတယ်) ရဲ့ အားအင်အကူအညီတွေ အခိုင်အမာ ရှိနေတာ လည်း ချီးကျူးစရာကောင်း လှပါတယ်..။သူတို့ ရဲ့ ကသစ်ဝိုင် ဆရာတော်ဘလော့ တို့ ဘာတို့လည်းရှိပါသေးတယ်။

ပရဟိတ အဖွဲ့များဖွဲ့ ပြီး မြန်မာ နိုင်ငံက ဆင်းရဲဒုက္ခ ရောက်သူများကို အလှူငွေကောက်ခံပေးခဲ့တာ တွေကလည်း မနည်းမနောပါ..။ ဆက်ပြီးတော့လည်း မြန်မာ ပြည် နဲ့ဝေးသော်လည်း စိတ်ဝင်စားမှု အပြည့်ရှိနေပါသေးတယ်..။
ဒါတွေကို ဆောင်ရွက် နိုင်တာမို့ အချိန်တွေ ပေါများ၊ အားလျား နေတဲ့သူတစ်ဦးတော့မဟုတ်ပါ။ ကမ္ဘာ ပေါ်မှာ လုပ်ငန်းခွင် Stress အမြင့်ဆုံးတိုင်းပြည် ဖြစ်တဲ့ ဂျပန်မှာ နေထိုင် အလုပ်လုပ်နေသူ တစ်ဦးပါ..။ အချိန်ကို ခက်ခဲ့ကြပ်တည်းစွာ Manage လုပ်ရရှာတယ် ဆိုတာ နားလည်ပေးရပါတယ်။

အခု သူ့ ရဲ့မွေးနေ့ ( ၃၁-ဂျူလိုင်) မှာ ကျွန်မ တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးချင်ပါတယ်..။ နှစ်ကိုတော့မဖေါ်ပြတော့ပါဘူး။ သူက ငယ်ပါသေးတယ် ..ကျွန်မ က ပင်လယ် ဝ ရောက်နေပြီ ဆိုတော့ သူက မြစ်ဝကျွန်းပေါ် ရောက်နေပြီ တဲ့။

မောင်လေးတို့လို လူများများပေါ်ထွက်လာရင် လူသားအကျိုးပြု လုပ်ငန်းတွေ အသိပညာ အလင်းတိုင်တွေ ထိန်ထိန် ညီးနေမှာ အမှန်ပါပဲ လို့ ကျွန်မ ယုံကြည်ပါတယ်..။ လိုရာဆန္ဒများ လျင်မြန်စွာ ပြည့်စုံပြီး တရားအဆင့်အတန်းများ တိုးတက်ပါစေ..။လွတ်မြောက် မှု သုခ ကို နာမည် နဲ့ လိုက်ဖက် အောင်ရရှိပိုင်ဆိုင် နိုင်ပါစေ။  မိမိသိသလို သူတစ်ပါး သိစေလိုတဲ့ တရားဓမ္မ ဖြန့် ဝေတဲ့ လုပ်ငန်းများလည်းတိုးတက်အောင်မြင်ပါ စေကြောင်း အစ်မ ရင်းချာ သဘွယ် ဆုတောင်း မေတ္တာ ပို့သ အပ်ပါတယ်..။

လေးမြတ်ချစ်ခင်စွာ..
မေတ္တာဖြင့်
အမ သစ္စာအလင်း
မှတ်ချက်..။ အမ ကတော ဖွ ပြန်ပြီ မပြော နဲ့ အုံးနော်..။ အမ က ကုသိုလ် မှတ်တမ်းလုပ်ပေးတာ..။

ဆက်လက်ဖတ်ရှုရန်

ပြောင်းလဲလာသော ဘ၀အမြင်များ

ရိုသေလေးစားခင်မင်ရတဲ့ ဘုန်းဘုန်းပန်းကမ္ဘာ မှ မွေးနေ့အမှတ်တရ ရေးပို့ပေးလိုက်တဲ့ ပို့စ်ဖြစ်ပါတယ်ခင်ဗျာ။ အားလုံးဖတ်လို့ရအောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

***************************************************************


ကိုဝိရေ ခေါင်းစဉ်ကို ကြည့်ပြီး စိတ်ထဲမှာတော့ သိပ်ဟဲဗီးဖြစ်နေမလား လို့ စဉ်းစားမိပါတယ်၊ သို့ပေမယ့် ဆရာကြီး ဦးရွှေအောင်ရဲ့ “အမြင်များ ပြောင်းလဲခြင်း” ခေါင်းစဉ်ကို ကြိုက်နှစ်သက်မိတာကြောင့် အခုလိုပေးလိုက်တာပါ၊ ကိုဝိက မသစ္စာအလင်းရဲ့မွေးနေ့မှာ လူတိုင်းအတွက်လက်ကျန်ဘ၀သက်တမ်းမှာ ဘာတွေ လုပ်သင့်သလဲ ဆိုတာကို ရှုထောင့်အမျိုးမျိုးကနေ စိတ်ကူးပုံဖော် အကြံပေးသလိုမျိုး ဘုန်းဘုန်းလဲ ကိုဝိကိုအကြောင်းပြုပြီး ပေးချင်တဲ့မက်ဆေ့လေးတွေ များလာတာကြောင့် အခုလို ချရေးလိုက်တယ်၊ ဒီနေရာမှာတော့ ကိုဝိက နားထောင်သူပေါ့၊ ကိုယ်တိုင်လဲ အသက် ၃၀ ကျော်ပဲ ရှိသေးတာမို့ ဘုန်းဘုန်းဆိုတဲ့အသုံးအနှုံးကို မသုံးချင်ပါဘူး၊ ဒါကြောင့် ပုံမှန်ရေးနေကျအတိုင်း စာရေးသူလို့ပဲ နာမ်စားအဖြစ် သုံးပါမယ်။ ဘ၀အမြင်များ ပြောင်းလဲလာတာက လူတိုင်းမှာတော့ ကိုယ်စီ ကိုယ်စီ ပြောပြစရာတွေ ရှိနေမှာပါ၊ ဒီဆောင်းပါးမှာတော့ ကိုယ်ကိုယ်တိုင်ရဲ့ အကြောင်းကိုပဲ အဓိက တင်ပြထားပါတယ်။

စာရေးသူ၏ ဘ၀အစ

စာရေးသူရဲ့ ငယ်ဘ၀က တောနယ်မှာပဲ ကြီးပြင်းခဲ့ပြီး ၅ တန်းရောက်တဲ့နှစ်မှာ ရန်ကုန်က နောင်တစ်ချိန် ရှင့်ဒါယိကာမကြီးဖြစ်လာမယ့် ဒကာမကြီး တစ်ယောက်က ရန်ကုန်မှာ ကျောင်းဆက်ထားပေးမယ်၊ ဘ၀တစ်ခုလုံးအတွက် အစစအရာရာ တာဝန်ယူတယ် ဆိုပြီး ကမ်းလှမ်းလာတယ်။ ကိုယ်တိုင်ကလဲ ရန်ကုန်မြို့ကြီးမှာ နေရမယ် ဆိုတော့ ပျော်နေတာပေါ့၊ သို့ပေမယ့် ကံကြမ္မာက ဒီဘက်ကို ပို့လိုက်တယ် ထင်ပါတယ်။ ငယ်ဆရာတော်က မင်း သဒ္ဒါတွေ သဂြိုလ်တွေ ရှင်ကျင့်ဝတ်၊ ရတနာ့ဂုဏ်ရည် တွေအထိ သင်ပေးထားတာ စာသင်ကျောင်းဆက်မလိုက်ရဘူး၊ ကိုရင်ဝတ်ပြီး စာသင်တိုက်ပို့ပေးမယ် ဆိုပြီး ဗီတိုအာဏာနဲ့ သင်္ကန်းစီးခဲ့ရတယ်။ ဒီနေရာမှာ ကိုဝိ ကြားဖူးထားတဲ့ သဒ္ဓါပဗ္ဗဇိတ- သာသနာတော်ကို ချစ်မြတ်နိုးလွန်းလို့ အသက်ပေးပြီး သာသနာ့ဘောင် ၀င်ရောက်ခဲ့တဲ့ အရှင်ရဋ္ဌပါလ တို့၊ အရှင်သုဒိန်တို့လို စိတ်ဓာတ်မျိုး ကလေးငယ်တစ်ယောက်ရဲ့ စိတ်ထဲမှာ မကိန်း အောင်းနိုင်ခဲ့သေးတာ အမှန်ပါပဲ။

နောက်တစ်မျိုးဖြစ်တဲ့ ဘယာပဗ္ဗဇိတ- လူ့ဘ၀ကြီးရဲ့ စားဝတ်နေရေး ဒုက္ခတွေကို ရင်မဆိုင်နိုင်လို့ သာသနာ့ဘောင် ၀င်ရောက်ခဲ့ရိုး မဟုတ်တာလဲ သေချာပါတယ်၊ ဒါဆို ဘယ်လိုရောက်လာသလဲ လို့မေးရင် မသိနားမလည်သေး ဘ၀အကြောင်းတွေကို မစဉ်းစားတတ်သေးဘဲ ယောင်လည်လည် ရောက်လာတယ်လို့ပဲ ပြောရမှာပေါ့၊ ဒါပေမယ့် သာသနာ့ဘောင်ရောက်လာပြီး နောက်မှာတော့ စာသင်စရာ ရှိတာတွေ သင်ယူခဲ့တယ်၊ အောင်သင့်အောင်ထိုက်တဲ့ စာမေးပွဲတွေ မဖြစ်မနေ အောင်အောင် ကြိုးစားခဲ့ပါတယ်။

သာမဏေငယ်ဘ၀မှာ အစပျိုးခဲ့မိတာကတော့ စာဖတ်ခြင်းဝါသနာပါပဲ၊ ငယ်ဘ၀မှာ ကာတွန်းစာအုပ်၊ ၀တ္ထုစာအုပ်မျိုးစုံအပါအ၀င်၊ ကြီးပွားရေးစာအုပ်များအဆုံး စာပေါင်းစုံ ဖတ်ခဲ့ဖူးတယ်၊  ဒီတော့ ပတ်ဝန်းကျင်က သူငယ်ချင်းတွေက မင်းတော့ ပျက်စီးတော့မယ်၊ ဘာညာဆိုပြီး သြဘာပေးခဲ့ကြတာ မှတ်မိနေသေး၊ ဒါပေမယ့် စာရေးသူရဲ့ ခံယူချက်က စာမျိုးစုံကို ဖတ်ရှုပြီး ကောင်းတာ လိုချင်တာကို ယူမယ်၊ မကောင်းတာကို မယူဘူး၊ သိမ်းမထားဘူး ဆိုတဲ့စိတ်နဲ့ ဆိုတော့ အဆိပ်အတောက်ဖြစ်စေတာမျိုးတော့ မရှိခဲ့ပါဘူး။ သာသနာမှာ နေဖို့အတွက် မရှိမဖြစ် လိုအပ်လာတာက သဒ္ဓါတရား အားကောင်းဖို့ ဆိုပြီး ဆရာသမားများက ဆုံးမလေ့ရှိကြတယ်။ အရာရာမှာ သဒ္ဓါတရား အခြေခံရှိထားရင် သာသနာ့ဝန်ထမ်းရှင်ရဟန်းကောင်း ဖြစ်နိုင်ပါတယ်တဲ့။

ပညာသည်သာ အားကိုးရာ

သာမဏေဘ၀မှာ သာသနာအလင်္ကာရ စာမေးပွဲအောင်ပြီးပြန်တော့ အော် သာသနာမှာ ဆက်နေမယ် ဆိုရင် ဒီဘွဲ့ရပြီးပြန်ရင်လဲ ဓမ္မာစရိယ စာချတန်းလောက်တော့ အောင်ထားမှ ဖြစ်မှာပါလေ ဆိုပြီး ဆက်ကြိုးစားဖြစ်ပြန်တယ်၊ ဒီလိုနဲ့ ဘွဲ့ဒီဂရီတွေ တစ်ခုပြီးတစ်ခု ရလာပြန်တော့လဲ နောက်ထပ်နောက်ထပ် လိုချင်တာတွေ များလာတာကို သတိပြု ဖြစ်လာပြီ၊ အော် ငါတစ်ယောက်ထဲမဟုတ်ပဲ လူတိုင်း လူတိုင်းမှာ တခုပြီးတခု လိုအပ်ချက်တွေ ရအောင် လျောက်လှမ်းရင်းနဲ့ အသက်တွေ ကြီးလာတာပါလား လို့လဲ ခံစားတတ်လာခဲ့တယ်။

လက်ရှိဘ၀မှာ ကိုယ်အစွမ်းရှိသလောက် အမြင့်ဆုံး ထိပ်ဆုံးအထိရောက်အောင် တက်လှမ်းမယ်၊ မတက်နိုင်တော့တဲ့ အခြေအနေတစ်ခုကို ရောက်မှ ဘ၀ကို အနားပေးမယ်ပေါ့၊ အဲဒီအချိန်မှာ အညွန့်တစ်လူလူနဲ့  BA. MA. နဲ့ PhD ဘွဲ့တွေဆိုတဲ့  ရည်ရွယ်ချက်တွေ ပန်းတိုင်တွေ ဆန္ဒတွေနဲ့ အနာဂါတ်ဟာ လှပနေခဲ့တယ်။ ဒါကြောင့်လဲ အခုလို မဆုံးနိုင်တဲ့ လမ်းမှာ ဆက်လျှောက်နေရဆဲ ဖြစ်နေတာပါ။

နောက်ပိုင်းမှာတော့ ဘာသာရေးစာအုပ်တွေလက်လှမ်းမှီရာ ဖတ်ဖြစ်လေ့လာဖြစ်ခဲ့တယ်၊ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ၊ သီဟိုရ်ရာဇ၀င်၊ ဇိနတ္တပကာသနီကျမ်း၊ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ချမ်းမြေ့စွာ ဘ၀နေနည်း၊ ချမ်းမြေ့ဆရာတော်ကြီးရဲ့ ဘာသာရေးအမေးအဖြေ များစွာပါဝင်တဲ့ တက္ကသိုလ်ဓမ္မသဘင်၊ စတဲ့စာအုပ်တွေကို ဖတ်ပြီး ပညာကို တန်ဖိုးထားတတ်လာတယ်၊ ပညာစုံလာတဲ့အလျောက် မာန်မာနလေးတွေလဲ ထောင်စပြုချင်လာတယ်။

စာဆိုတော် ရှင်မဟာရဋ္ဌသာရက “ပညာ မုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မာန်စောင်မြောက်ခဲ့” ဆိုပြီး သံဝေဂ ဖြစ်စေခဲ့တယ် မဟုတ်လား၊ နောက်တဖန် “တပိုင်းကြောင် ကျက်စာရရုံနဲ့ ခက်ပါလှ သဘောဥာဏ်၊ ထက်မာန အပြောသန်တယ်၊ ဒေါသမာန် ထူပွား၊ စောဒက တုဖက်လာလျင်၊ သူ့ထက်ငါ ငြင်းတဲ့လူသား၊”  ဆိုပြီး စာပေကျမ်းဂန်ပိဋကတ်တွေ တတ်ကျွမ်းပြီး မာန်ထောင်နေတဲ့ သူတွေကို အစွယ်ချိုးထားတဲ့ လယ်တီဆရာတော်ဘုရားကြီး ရဲ့လင်္ကာကလဲ ရှိသေးတာကိုး။  ကိုယ်လဲ ပုထုဇဉ်လူသားပေမို့ ပညာမာန်တွေ၊ ယောဗ္ဗနမာန်တွေနဲ့ မသိမသာ မာန်တက်ခဲ့ပါတယ်၊

တဆက်ထဲမှာ  ပိဋကတ်ပင်လယ်ကြီးက မဆုံးနိုင်ပါလား၊ လောကကြီးအကြောင်း၊ လိုချင်မှုလောဘ တွေ တဆင့်ထက် တဆင့်များလာတဲ့အကြောင်း သိလာပြီးနောက်မှာတော့ လူ့ဘ၀မှာ လေ့လာသင်ယူစရာတွေ မကုန်ခင်မှာပဲ လူတိုင်းဟာ သင်ယူရင်း လေ့လာရင်း လေ့လာရင်း သင်ယူရင်းနဲ့ ဘ၀တစ်ခုကို နိဂုံးချုပ်ပြီး လက်မြှောက်ခဲ့ရတယ်လို့ တွေးတတ်လာတယ်၊

အဲဒီမှာ ထူးထူးခြားခြားအဖြစ် စဉ်းစားဖြစ်တာလေးကတော့ သာသနာ့ဘောင်မှာလဲ မနေချင်ဘူး၊ လူ့ဘ၀လဲ မသွားချင်ဘူး၊ ဒီဘ၀နှစ်ခုခြားက လွတ်တဲ့ဘ၀တခုရှိရင် ကောင်းမှာပဲလို့ ရူးမိုက်စွာ စဉ်းစားခဲ့ဖူးတယ်၊ ဒါပေမယ့် လူသားတစ်ယောက်ဖြစ်နေမှတော့ လူ့လောကထဲမှာ ကျင်လည်ရမှာ သဘာဝပဲ မဟုတ်လား..။

ရဟန်းဘ၀ဟူသည် ဓားသွားပေါ်က ပျားရည်စက်ပမာ

အဖဘုရားရှင်ကတော့ သုတ္တနိပါတ်မှာ သိခီ ယထာ နီလဂီဝေါ ၀ိဟင်္ဂမော၊ ဟံသဿ နောပေတိ ယဒါ ကုဒါစနံ - တဲ့၊ ဥဒေါင်းငှက်တွေဟာ အဆင်းသဏ္ဍာန်က ဘယ်လောက်လှနေပါစေ- ဟင်္သာငှက်တွေကို  အမြန်နှုံးမမှီနိုင်ပါဘူး၊ အဲဒီလိုပဲ လူ့ဘ၀ဟာ ရဟန်းဘ၀နဲ့ နှိုင်းယှဉ်ရင် သံသရာထွက်မြောက်ရာလမ်းမှာ ဘယ်လိုမှ ယှဉ်လို့ မရနိုင်ပါဘူး တဲ့၊  သို့ပေမယ့် ချွင်းချက်တော့ ရှိသေးတယ်၊ ရဟန်းဘ၀ဆိုတာ ကြိုးတန်းပေါ် လမ်းလျောက်ရသလို သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို လုံခြုံအောင် စောင့်ထိန်းနိုင်ပါမှ တစ်ဖက်ကမ်းကို မြန်မြန်ရောက်နိုင်မှာပါ၊ ပကတိ လူသားတွေထက် သာလွန်မြင့်မြတ်တာပါ၊ ဒါကြောင့်လဲ အခုခေတ် ရိပ်သာများမှာ ဒုလ္လဘရဟန်းခံပြီး ၀ိပဿနာ တရားအားထုတ်ကြတယ် မဟုတ်လား၊

အကယ်၍သာ ကြိုးတန်းပေါ် ကောင်းကောင်း မလျောက်နိုင်ဘူး ဆိုလျင်တော့ ချောက်နက်နက်ကြီးထဲ ကျပြီး ပြန်တက်ဖို့ သိပ်စဉ်းစားစရာ မရှိတော့ဘူး၊ ဆိုလိုတာက လျောက်နိုင်ရင် ကောင်းကောင်း လျောက်ပါ၊ နိဗ္ဗာန်နဲ့ နီးမယ်၊ မလျောက်နိုင်ရင် ပန်းတိုင် ပိုဝေးမယ် လို့ မြတ်စွာဘုရားက အတန်တန် သတိပေး ဆုံးမတော်မူခဲ့တယ်။ကောင်းကောင်းမနေနိုင်ရင် အ၀တ်သင်္ကန်းပတ်ထားတာပဲ (အသွင်ပဲ) ထူးခြားမယ်၊ အကျင့်တော့ ထူးခြားမလာဘူး လို့ ဆိုလိုပါတယ်၊ လူတွေအတွက်လဲ ကောင်းကောင်း လျောက်သူအတွက် လမ်းဆုံးပန်းတိုင် နီးနိုင်သလို ဖြစ်သလိုနေသူများကတော့ ဝေးပြီးရင်း ဝေးနေဆဲပေါ့။

နက်နဲခြင်း ဓမ္မခရီးဆီသို့

အသက် ၂၅ ၀န်းကျင်က ပေါ့၊ ဘုန်းကြီးဘ၀မှာ နေမယ်ဆိုရင် နေ့စဉ် စာဝါချစရာရှိတာ စာဝါချပေးပြီး ဘုရားရှိခိုး၊ ဂုဏ်တော်ပွား၊ ပုတီးစိပ်၊ ပဋ္ဌာန်းရွတ်ကာ နေမယ်ပေါ့၊  ဒီလောက်ဆိုရင် ဘ၀မှာ ပြည့်စုံလုံလောက်ပြီ၊ သံသရာအတွက် သိပ်ပြီး မပူပန်ရတော့ဘူး လို့ တွေးခဲ့ဖူးတယ်၊ အဲဒီအချိန်အထိ အဲဒီအသိလောက်ပဲ ရှိခဲ့တာကိုး၊ နောက်ပိုင်းမှာ ကိုယ်နဲ့ ရင်းနှီးတဲ့ ဒကာ ဒကာမတွေက ၀ိပဿနာ တရားတွေ အားထုတ်ပြီး သူတို့ မသိတဲ့ မရှင်းလင်းတဲ့ အကြောင်းအရာတွေကို အားကိုးတကြီးနဲ့ မေးတာခံရတယ်၊ အမှန်အတိုင်း ၀န်ခံရရင် ကိုယ်တိုင် ဘာမှ မဖြေနိုင်ခဲ့ဘူး၊ ဘုရားစာပေတွေ ပိဋကတ် တော်တွေ သင်ထားပေမယ့် စာသိ သညာသိနဲ့ ကျေနပ်ခဲ့တာကို ကိုယ့်ဘာသာ ရှက်စိတ်ဝင်လာတယ်၊ မဖြစ်ချေဘူး ဆိုပြီး ဓမ္မခရီးကို ကိုယ်တိုင်လျောက်လှမ်းဖြစ်တော့မှ အော် ငါသိထားတာတွေဟာ အပေါ်ယံသက်သက်ဖြစ်ပြီး ဘာမှ မဟုတ်သေးပါလား ဆိုတာ သတိထားမိလာပြန်တယ်။ အထူးသဖြင့် စိတ်ရဲ့ သိမ်မွေ့နူးညံ့လာပုံ၊ လောကဓံကို ခံနိုင်ရည် ရှိလာပုံတွေ လက်တွေ့ခံစားရချိန်မှာတော့ မြတ်စွာဗုဒ္ဓရဲ့ တရားတော်အပေါ်မှာ အကြွင်းမဲ့ ယုံကြည်တတ်လာတယ်။

ဒီနေရာမှာအသိပညာများပြားလာတဲ့လူတစ်ယောက်ဟာသာမာန်ကိစ္စတွေအစ ဘယ်အရာမှာပဲဖြစ်ဖြစ် ကိုယ်တွေ့ လက်တွေ့မကြုံဖူးရင် မယုံနိုင်ပဲ လက်မခံတတ်ကြတာပါပဲ၊ ဓမ္မခရီးကို တစတစ တိုးဝင် မိချိန်မှာတော့ ဘ၀ကိုနေပျော်တတ်လာတယ်၊ သန္ဒိဋ္ဌိကဂုဏ်တော်၊ အကာလိကဂုဏ်တော်၊ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော်တွေကို ရာခိုင်နှုန်းပြည့် ကြည်ညိုတတ်လာတယ်။

ဓမ္မခရီးမှာ တစတစလျောက်လှမ်းရင်း မမြဲတဲ့အပျက်တရားတွေမြင်တတ်လာပြီး မိမိအပါအ၀င် လောကကြီးကို ကြောက်တတ်၊ အပြစ်မြင်တတ်လာတယ်၊ ဒီဘ၀ကြီးကို ဆက်လျောက်ရမှာ ငြီးငွေ့ လာတော့တယ်၊ ဒီဘ၀ကနေ ထွက်ပြေးလွတ်မြောက်လိုစိတ်တွေ မကြာခဏဖြစ်တတ်ပြီး တစ်ချို့ကိစ္စတွေမှာ ဥပေက္ခာတရားကို လက်ကိုင်ထားတတ်လာပြန်ရော.. ဒါကပဲ ဘ၀ထွက်မြောက်ရေး လမ်းစဉ်တွေဖြစ်တဲ့ ဘင်္ဂဉာာဏ်၊ ဘယဉာဏ်၊ အာဒီန၀ဉာဏ်၊ နိဗ္ဗိဒါဉာဏ်၊ မုဉ္စိတုကမျတာဉာဏ်၊ ပဋိသင်္ခါ၊ သင်္ခါရုပေက္ခာဉာဏ်စတာတွေပဲ မဟုတ်လား.. ဒါဟာ ဘ၀ရဲ့ နက်နဲခြင်း သင်္ကေတတစ်ခုပဲလို့ နားလည်လိုက်မိတယ်၊

နောက်ဆုံးမှာ ထူးခြားမှုလေး ရှိသေးတယ်။ ယာ သိခါပတ္တာ၊ သာ သာနုလောမာ သင်္ခါရုပေက္ခာ၊ ၀ုဋ္ဌါနဂါမိနီ ၀ိပဿနာ တိ စ ပ၀ုစ္စတိ- ဆိုတဲ့စာသားလေးကို ၁၅ နှစ်သား ကိုရင်ဘ၀ကတည်းက အဘိဓမ္မာ သဂြိုလ်မှာ ကျက်ခဲ့ဖူးပေမယ့် ဘာမှန်း မသိခဲ့ နားမလည်ခဲ့ဘူး၊ အခုနောက်ပိုင်းကျမှ ဥပေက္ခာဥာဏ်ရဲ့နောက်ပိုင်း အသိမ်မွေ့ဆုံးဖြစ်တဲ့ အနုလောမပိုင်းမှာ ဖြစ်တဲ့ ဥာဏ်ကို ၀ုဋ္ဌာနဂါမိနီ ၀ိပဿနာဥာဏ်ဟု ခေါ်ဆိုကြောင်း သိရပြန်တော့ စိတ်ထဲမှာ တော်တော်လေး ကြည်နူးသွားမိတယ်၊ လက်တွေ့နဲ့ စာတွေ့ ဟာ တစ်ထပ်ထည်းပဲ ဆိုတာ သိစေချင်ရုံသက်သက်ပါ။ 

ဒီနေရာမှာ ၀ိသုဒ္ဓိမဂ်မှာလာတဲ့ ဘင်္ဂဥာဏ်ရဲ့ အကျိုးတရား (၈) ပါးထဲက လက်တွေ့ဘ၀နဲ့ ကိုက်ညီတာလေးတွေကို ပြောပြချင်သေးတယ်။
ဇီဝိတနိကန္တိ ပရိစ္စာဂေါ- ကိုယ့်အသက်ကို တွယ်တာမှု ကင်းလာတတ်တယ်၊
ဝိသုဒ္ဓါ ဇီဝိတတာ- အသက်မွေးမှုကို စင်ကြယ်အောင် ထိန်းသိမ်းချင်လာတယ်၊
ဥဿုက္ကပဟာနံ-ကိစ္စကြီးငယ် အများစုမှာ ကြောင့်ကြပူပင်မှု ဗျာပါရတွေ နည်းနည်းချင်း ကင်းလာတယ်၊
ဝိဂတဘယတာ-ကိုယ့်ကိုယ်ကိုချစ်တဲ့စိတ်နည်းလာလို့ ကြောက်တတ်တဲ့စိတ်လည်း နည်းလာတတ်တယ်၊
ခန္တီသောရစ္စ ပဋိလာဘော- အရာရာမှာ သည်းခံနိုင်စွမ်းအား ကောင်းလာပြီး ကောင်းမှုမှန်သမျှကို လုပ်ချင်လာတတ်တယ်၊
အရတိ ရတိသဟနတာ- သစ်ပင်ဝါးပင်အောက်မှာဖြစ်စေ၊ တိုးတက် ခေတ်မှီနေတဲ့ အဆောက်အဦးပေါ်မှာဖြစ်စေ ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းတတ်လာတယ်..
ဒါတွေ ဟာလဲ နက်နဲခြင်းကို ရှာဖွေရင်းက တွေ့ရှိခံစားလာရတဲ့ သန္တိရသတွေပဲပေါ့။

စာလဲ တော်တော်ရှည်သွားပါပြီ၊ ဒီဆောင်းပါးကို အနှစ်ချုပ်လိုက်ရင် လမ်းဆုံးပန်းတိုင်ကို ရောက်ဖို့အတွက် ဖြတ်သန်းနေရတဲ့ လူ့ဘ၀လေးမှာ အမြင်များ အတွေးများဟာ အသက်အရွယ်အလိုက်၊ လောကဓံအလိုက် တဆင့်ချင်း တဆင့်ချင်း တိုးတက် ပြောင်းလဲနေတယ် ဆိုတာကို သတိပြုမိစေဖို့ ရည်ရွယ်ပါတယ်၊ တခြားမရိုးသားသော ရည်ရွယ်ချက်များ၊ ကိုယ်ရည်သွေးခြင်းများလို့ မထင်မှတ်စေချင်ပါ။ ဗုဒ္ဓဘာသာတို့အတွက် တစ်ကြောင်းတည်းသော လမ်းဟာ ဖြောင့်ဖြူးစွာရှိပြီးသားပါ၊ တိုးတက်ပြောင်းလဲနေတဲ့ ဘ၀အမြင်များကို သတိထားကြည့်ပြီး သံသယကင်းကင်း ရဲရဲဝံ့ဝံ့သာ လမ်းမှန်ကို ရှာဖွေလျှောက်လှမ်းဖို့ လိုပါတယ်။

ဘ၀အောင်မြင်ရေးထက် ဘ၀ကိုတန်ဖိုးရှိစွာ ဖြတ်သန်းရေးက အရေးကြီးတယ် ဆိုပေမယ့် အောင်မြင်မှုရော တန်ဖိုးရှိတာရော နှစ်ခုစလုံး စုံလင်အောင် စွမ်းနိုင်ရင်တော့ ကော ပန ၀ါဒေါ-ဘာပြောစရာ လိုတော့မလဲ၊ အတိုင်းထက်အလွန်ပေါ့၊ ဘ၀ကို အောင်မြင်အောင် ကြိုးစားပြီး တန်ဖိုးရှိစွာ ဖြတ်သန်း နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

ကိုဝိ tag လိုက်တဲ့ ဆရာတော် ဦးဇောတိကရဲ့ စာသားလေးတွေနဲ့ ဒီဆောင်းပါးနဲ့ ကိုက်ညီနေတာမို့  တချိန်ထဲ ခံစားလို့ရအောင် ထည့်ပေးလိုက်ပါတယ်…

One day is exactly the same for me as any other day.
I’m neither happy nor unhappy about the coming new year.
So instead of saying ‘Happy New Year’ to you,
I would rather say ‘Happy every day’, if such a thing could be.
It is the same for me with my birthday;
I don’t know why I should feel happier on my birthday.
But I don’t mind people saying ‘Happy Birthday to you’.

(Sayadaw U Jotika)

မေတ္တာဖြင့်
Date.31.Jul.2012

ဆက်လက်ဖတ်ရှုရန်

ကဗျာမဟုတ်ပါ

ဘုန်းဘုန်း ဦးတိက္ခ မှ မွေးနေ့အမှတ်တရ ပေးပို့လိုက်တဲ့ စာလေးဖြစ်ပါတယ်။ ဘုန်းကြီးရင်း ဒကာရင်းတွေမို့ အကောင်းတွေချည်းရွေးပြောထားတာကို စာဖတ်သူများမှ ကာလာမသုတ်တော်လာ အဆုံးအမတော်များကို နှလုံးမူဆင်ခြင်ပြီး ဖတ်ရှုပေးတော်မူကြပါလို့.... :P

**************************************************

ကိုဝိ

မွေးနေ့မှသည် သိသမျှကျင့် ကျင့်သမျှသိ၍ ဝိမုတ္တိဖြင့် သုခဖြစ်ပါစေဟု ဆန္ဒမွန်ပေးပို့ပါတယ်.

မွေးနေ့ရှင် ဝိမုတ္တိသုခ ဟူသည်…..
ရသမျှတွေး၍ တွေးသမျှရသူ၊
အကောင်းတွေး၍ အတွေးကောင်းသူ၊
အသိရှာ၍ အသာရှိသူ၊
ဓမ္မသိ၍ ဓမ္မကျင့်သူ၊
အကောင်းရေး၍ အရေးကောင်းသူ
လွတ်လပ်မှုဖြင့် အမှုလွတ်သူ၊
သိသမျှကျင့်၍  ကျင့်သမျှသိသူ
ရိုးသားမှုဖြင့် ဘဝတင့်သူ
တည်ငြိမ်မှုဖြင့် ရင့်ကျက်သည့်သူ
ပသာဒဖြင့် သဒ္ဓါပြည့်သူ……
ကျိုးနွံမှုဖြင့် ရိုကျိုးသည့်သူ
ဝိမုတ္တိဖြင့် သုခ ရှာသူ ….
ဝိမုတ္တိဖြင့် ရသ ရှာသူ. …   ကိုဝိဟူလော…

(မွေးနေ့က ဘယ်နေ့မှန်း သေချာတော့ မသိဘူး ကိုဝိ၊ မွေးနေ့နောက်ကျ ဆုတောင်းများ ဖြစ်နေမလားမသိ၊ အမှတ်တရ ရေးပို့လိုက်ပါတယ်၊ ကဗျာ မဟုတ်ပါ)

မေတ္တာဖြင့်
ဘုန်းဘုန်း

ဆက်လက်ဖတ်ရှုရန်

ဘ၀နေမ၀င်မီ

ညီမတော်  Monica Pyone ရဲ့  အမှတ်တရ ပေးတဲ့ မွေးနေ့လက်ဆောင် တရားတော်ပါ။ နာယူကြည်ညိုနိုင်အောင် ထပ်ဆင့်ဝေမျှလိုက်ပါတယ် ခင်ဗျာ။

***********************************************

အခုနေမွန်းတည့်ချိန် ရောက်နေတဲ့ ကိုဝိကို မွေးနေ့လက်ဆောင် အဖြစ် အိမ်အပြန်မျက်နှာပန်းလှပစေဖို့  ဆရာတော်ဘုရားကြီးရဲ့  “ဘ၀နေမ၀င်မီ တရားတော်” ကိုနာရအောင် ပို့ပေးလိုက်ပါတယ်ကိုဝိ။

ကိုဝိ ဆရာတော်ဘုရားကြီး တရားထဲကလို “ရှင်ရင်လည်:မသေတဲ့သူ၊ သေရင်လည်းမသေတဲ့သူဖြစ်အောင်” “ရှင်ရင်လည်းသေတဲ့သူ၊ သေရင်လည်းသေတဲ့သူ မဖြစ်အောင် ”  သတိတရားတွေပြည့်စုံပြီး ကြိုးစား အားထုတ်နိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

“၀မ်းစာရှာထွက်ပြီးတော့ တစ်နေ၀င်ရင်တော့ ကိုယ့်အိမ်ကို တစ်ခေါက်ပြန်ရစမြဲ။ အဲ...နေ၀င်အိမ်ပြန်လို့ ကိုယ့် လွယ်အိတ်ထဲမှာ၊ ကိုယ့်တောင်းထဲ၊ ကိုယ့်ပလုံးထဲမှာ မယ်မယ်ရရ စားစရာ၊သောက်စရာ၊ သုံးစရာမပါရင် အိမ်ပြန် မျက်နှာပန်းလှပါ့လား?
အေး....လူ့ဘ၀လည်း ဒီအတိုင်း တစ်ဘ၀နေပြီးရင် တစ်ဘ၀သေရအုံးမှာပဲ။ တို့သေရွာပြန်ရအုံးမှာ။”

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး) 




ဆက်လက်ဖတ်ရှုရန်

Sunday, July 29, 2012

စိတ်ကိုရှုက ချမ်းသာရ တရားတော် (၃)


ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။ ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။
ဝါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။ ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

ဤစိတ်သည်၊  တဖျက်ဖျက်တုန်၊ တဆတ်ဆတ်ခုန်တတ်၏၊ လျှပ်ပေါ်လော်လီတတ်၏၊ စောင့်ရှောက်ဖို့ရာလည်း ခဲယဉ်း၏၊ မသွားသင့်သောအာရုံဆီ မသွားအောင်  တားမြစ်ဖို့ရာလည်းခဲယဉ်း၏၊ မြားလုပ်သမားသည်၊ မြားကိုဖြောင့်အောင်ပြုသကဲသို့ ၊ အသိအလိမ္မာ၊ ပညာရှိသော ပုဂ္ဂိုလ်သည် ဤစိတ်ကို ဖြောင့်အောင်ပြုရာ၏။

စိတ်ဟာ တုန်တတ်လှုပ်တတ်တယ်။ ကိလေသာနဲ့တုန်တယ်၊ လောဘနဲ့လည်းတုန်တယ်၊ ဒေါသနဲ့လည်း တုန်တယ်၊ မောဟနဲ့လည်း လှုပ်တယ်၊ မာနနဲ့လည်း လှုပ်တယ်။ လျှပ်ပေါ်လော်လီတတ်၏။ တစ်အာရုံတည်းမှာ မနေပဲနဲ့၊ အာရုံအမျိုးမျိုး (လောဘ၊ ဒေါသ၊ မောဟ) သူလျှောက်သွားနေချင်တယ်တဲ့။ အဲဒီလို မသွားအောင် စောင့်ရှောက်ဖို့လည်း ဒီစိတ်ခဲယဉ်းတယ်။ ကဲ…ဒီလောက်တောင်လား၊ ဒီစိတ်မသွားနဲ့ဆိုပြီး သံကြိုးနဲ့ ဖမ်းချည်ထားလိုက်။ ရလား။ မရဘူး။ အဲဒီလောက်ဆိုးတဲ့ စိတ်ပင်ဖြစ်ငြားသော်လည်းပဲ မြားလုပ်တဲ့လူဟာ ကောက်နေတဲ့ မြားကို တဖြည်းဖြည်းမီးကင်ပြီးတော့ ဖြောင့်ယူတဲ့အခါမှာ ဖြောင့်သွားသလို အဲဒီကိလေသာ အညစ်အကြေး တွေနဲ့ ကောက်နေတဲ့ ဒီစိတ်ကို တဖြည်းဖြည်း ပညာရှိဟာ ဖြောင့်လို့ရတယ်၊ ဖြောင့်ပါ။

ရေထဲမှာနေတဲ့ငါးကိုထုတ်ပြီး ကုန်းပေါ်တင်လိုက်တဲ့အခါကျတော့ မနေတတ်၊ မထိုင်တတ်နဲ့ တဖျက်ဖျက်တုန်၊ တဆတ်ဆတ်ခုန် ရေထဲပြန်ဖို့ကိုပဲ ခုန်ကာ၊ ခုန်ကာ ကြိုးစားသလိုပဲတဲ့၊ ကာမဂုဏ်အာရုံတွေနဲ့သာ ပျော်ပါးနေတဲ့ အဲဒီစိတ်ကို ကာမဂုဏ်အာရုံထဲက ထုတ်ဆယ်ပြီးတော့ ရုပ်အာရုံ၊ နာမ်အာရုံခေါ်တဲ့ ကမ္မဋ္ဌာန်းအာရုံပေါ် ပစ်တင်ထားပြီဆိုရင် ဒီစိတ်လည်းပဲမနေနိုင်ဘူး။ ဘယ်ပဲပြန်မလဲဆိုတော့ အိမ်ပဲပြန်မယ်တဲ့။ အိမ်ပြန်တော့ ကာမဂုဏ်အာရုံ တွေ့တာပေါ့။ အဲဒီကာမဂုဏ်အာရုံဆီကိုပြန်ဖို့ကိုပဲ ဒီစိတ်က ကြိုးစားပြီးတော့ တုန်နေ၊ ခုန်နေတော့တာပဲ။

ဘယ့်နှယ့်ပါလဲ။ ငါ့စိတ်ကတွေးနေပါပေါ့ပဲဆိုပြီး ပြန်မဆွဲလိုက်နဲ့၊ ပြန်ဆွဲရင် မောမယ်၊ ပြန်ဆွဲရင် စိတ်ကပြန်ထွက်တယ်။ ထွက်တဲ့စိတ်ကို ပြန်မဆွဲဘဲနဲ့ သူ့ကို ဖြစ်နေတဲ့အတိုင်း နောက်က လိုက်စောင့်ကြည့်။ ဖြစ်တဲ့အတိုင်း စောင့်ကြည့်တဲ့အခါများလာတော့ တဖြည်းတဖြည်း နောက်ကျတော့ ဒီစိတ်ဟာ အသွားအလာအထွက်နည်းလာပြီး တည်ငြိမ်လာလိမ့်မယ်။ အဲဒီလိုတည်ငြိမ်လာတဲ့အခါကျတော့ နောက်ဆုံး ၀ိပဿနာဉာဏ်ရင့်တဲ့အချိန်ရောက်ပြီဆိုတော့ စိတ်ကိုတွန်းလွှတ်တာတောင် ကိလောသာအာရုံဆီ မသွားတော့ဘူး။ အဲဒါနိုင်သွားတာလား၊ ရှုံးနေတာလား။ နိုင်သွားတာနော်။ ဘာလို့နိုင်သွားတာတုန်းဆို ရှုလို့ပေါ့။ အဲဒီနိုင်တဲ့နည်းတွေကို မြတ်စွာဘုရားကပေးထားပါရက်နဲ့ ဒီနိုင်တဲ့ နည်းတွေကို မသုံးပဲနဲ့ စိတ်ရဲ့ အညှင်းဆဲ၊ အနှိပ်စက်ခံနေမယ်ဆိုရင် လူမိုက်လား၊ လူလိမ္မာလား။ လူမိုက်ပေါ့။ အညှင်းဆဲ၊ အနှိပ်စက်ခံမလား၊ သူ့ကိုနိုင်အောင်ချုပ်မလား။ ချုပ်မယ်ပေါ့။

                               “ရေ၌ပျော်ပါး ရေနေငါး၊ ဆယ်ထားကုန်းတွင် တင်လေလျှင်
                         မတည်မရပ်၊ မနေတတ်၊ ဆတ်ဆတ်တုန်ကာ ခုန်သည့်သွင်
                         ကာမဂုဏ်ပျော်ပါး၊ စိတ်မိုက်အား တရားအလုပ်ခွင် တင်လေလျှင်
                         မတည်မရပ်၊ မနေတတ်၊ ဆတ်ဆတ်တုန်ကာ ခုန်မြဲပင်
                         ကာမဂုဏ်ထံ၊ ပြန်ဖို့ရန် ရုန်းကန်တတ်မြဲ အမှန်ပင်
                         စောင့်ရှောက်ရန်ခက်၊ တားရန်ခက်၊ ထိန်းခက် လျှပ်ပေါ်လော်လီချင်
                         ယင်းသည့်စိတ်အား လွှတ်၍ထား များပြားဒုက္ခ မုချပင်
                         ရေမြားသစ်ကို လိုသလို ပုံကိုရအောင် ပြုသည့်အသွင်
                         စိတ်ရိုင်းအစဉ် ယဉ်အောင်ပင် သွန်သင်ဆုံးမ ရမြဲပင်
                         ယင်းသို့သိမြင် ပညာရှင် စိတ်ဆင်ယဉ်ဖို့ ထိန်းမြဲပင်
                         ဘာဝနာခွင် စိတ်ကိုတင် အစဉ်ရှုပွား ဆုံးမလျှင်
                         ကိလေကင်းပ ယဉ်ကျေးရ မုချချမ်းသာရမြဲပင်။”

အဲဒီမြတ်စွာဘုရားရဲ့  ဒေသနာတော်တွေ ထောက်ထားပြီးတော့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ညစ်မည်းပြီးတော့ ရိုင်းစိုင်းနေတဲ့စိတ်ကို လောဘ၊ ဒေါသ၊ မောဟတွေ ကင်းနိုင်သလောက်ကင်းပြီးတော့ ၊ ဖြူစင်တဲ့စိတ် ဖြစ်သည်ထက် ဖြစ်လာပြီး၊ ယဉ်ကျေးလာအောင် ဆုံးမဖို့ရာ နည်းလမ်းဟာဖြင့် ရှင်တော်မြတ်ဘုရားမိန့်ကြားထားတဲ့ ဒီသတိပဋ္ဌာန်နည်းလမ်းပဲလို့ နားလည်ပြီးတော့ စိတ်ဖြစ်သမျှ၊ ရုပ်ဖြစ်သမျှကို မလစ်ရ၊ မလပ်ရအောင် ဖြစ်တိုင်း၊ ဖြစ်တိုင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း ရှုမှတ်ပွားများ ကြိုးစာအားထုတ်ကြခြင်းအားဖြင့် ရိုင်းစိုင်းနေတဲ့ စိတ်အစဉ်မှ ကိလေသာအရိုင်းအစိုင်းတွေ စင်ကြယ်သွားပြီးတော့ ဖြူစင်တဲ့ စိတ်အယဉ်နဲ့ နိဗ္ဗာန်တိုင်အောင် ချမ်းသာဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါစေ။






Typed By: M.N.Pyone

ဆက်လက်ဖတ်ရှုရန်

Friday, July 27, 2012

စိတ်ကိုရှုက ချမ်းသာရ တရားတော် (၂)


ချမ်းမြေ့ဆရာတော်ကြီး


စိတ်မဖြူစင်သေးသမျှ မသိသေးဘူး။ အဲဒီ ဖြူစင်တာကို စိတ္တ၀ိသုဒ္ဓိ လို့ခေါ်တယ်။ အဲဒီဖြူစင်တာက ဘယ်အခါမှ ဖြူစင်သလဲဆိုတော့ အရှုခံအာရုံ အပေါ်မှာ စိတ်အတော်ကြာအောင် တည်နေနိုင်မှဖြူစင်တယ်။ အတော်ကြာအောင် တည်နေနိုင်ရင် အဲဒီတည်နေနိုင်တဲ့အခိုက်အတန့်မှာ ဖြူစင်နေတာပဲ။ ဘေးကို မလွှင့်မထွက် မပြေးမသွားပဲနဲ့ ဖောင်းမှုရုပ်အစဉ်၊ ပိန်းမှုရုပ်အစဉ်ပေါ်မှာပဲ တလှည့်စီ၊ တလှည့်စီတည်တယ်။ စင်္ကြန်လျှောက်တဲ့အခါမှာလည်း ကြွမှု၊ လှမ်းမှု၊ ချမှုပေါ်မှာပဲ တလှည့်စီ၊ တလှည့်စီ တည်တည်သွားတယ်။ အဲဒီလိုတည်ငြိမ်တာကို သမာဓိလို့ခေါ်တယ်။ အဲဒီလို တည်ငြိမ်လို့ သမာဓိရတဲ့အခိုက်မှာ စိတ်ကဖြူစင်နေတယ်။ ဒါကြောင့် အဲဒီဖြူစင်တဲ့အခိုက်အတန့်ကို စိတ္တ၀ိသုဒ္ဓိလို့ခေါ်တယ်။ အဲဒီအချိန်ကစပြီးတော့ သိစရာရှိတာ စိတ်တည်ငြိမ်တိုင်း၊ တည်ငြိမ်တိုင်း သိလာတယ်။ ဖြူစင်တဲ့စိတ်အစဉ်မှာ ပါဝင်တဲ့ အသိဉာဏ်ကထက်လာလို့။ အဲဒီလိုဖြူစင်ဖို့ရာအတွက် အခုဟာက လေ့ကျင့်ပွားများ အားထုတ်နေတာ။

ဒါပေမယ့်လည်း စိတ်တည်ငြိမ်ရုံမျှပဲ ရည်ရွယ်ပြီး အားထုတ်ရင်တော့ တည်ငြိမ်ရုံမျှပဲ တည်ငြိမ်တယ်၊ သိစရာရှိတဲ့ ရုပ်သဘာဝ၊ နာမ်သဘာဝမသိဘူး။ တည်ငြိမ်ရုံမျှ ရည်ရွယ်ပြီး လေ့ကျင့်ပွားများအားထုတ်တဲ့ ကမ္မဋ္ဌာန်းကိုသမထကမ္မဋ္ဌာန်းခေါ်တယ်။ တည်ငြိမ်ရုံမျှမဟုတ်ပဲနဲ့ တည်ငြိမ်လို့ စိတ်ဖြူစင်နေတဲ့အခါမှာ ဖြူစင်တဲ့စိတ်ထဲမှာရှိတဲ့ အသိဉာဏ်လေးဟာ အရှုခံဖောင်းကြွတတ်တဲ့သဘော၊ ပိန်ကျသွားတဲ့သဘော၊ အရှုခံကြွ၍၊ လှမ်း၍၊ ချ၍သဘော အဲဒီသဘောတွေကို သူ့သဘာဝအတိုင်း ပိုင်းပိုင်းခြားခြား သိသိ၊ သိသိသွားဖို့ ရည်ရွယ်ချက်နဲ့ အားထုတ်တဲ့ အခါကျတော့ စိတ်ဖြူစင်လာတာနဲအမျှ အဲဒီအသိလေးတွေပေါ်လာပြီ။ ရွေ့ သဘောလေးတွေ ပထမဆုံး သိလာတယ်။ ရွေ့ သဘောသိလာတယ်ဆိုတာ ၀ါယောဓါတ်ရဲ့ သဘာဝလက္ခဏာ သိတယ်ခေါ်တယ်။ ဒီထက်တိုး အားထုတ်လို့ စိတ်ကပိုပိုတည်ငြိမ်လာတဲ့အခါ ကျတော့ ရွေ့ သဘောလေးတွေဟာ တစ်ခုတည်း မဟုတ်ဘူး၊ နှစ်ခု၊ သုံးခု၊ လေးခုပဲ။ ဆင့်ဆင့်ပြီးတော့ ဖောင်းဖောင်း လာတယ်၊ ဆင့်ဆင့်ပြီးတော့ ပိန်ပိန်လာတယ်။ ဒီလိုလည်းသိတယ်။

ဒီထက်ပိုရှင်းလာတဲ့အခါကျတော့ ရွေ့ မှုလေးတွေ အဆက်မပြတ် မြောက်များစွာ အဆင့် ဆင့်ဖြစ်ပေါ်လာတာတွေ့တယ်။ အဲဒီအခါကျတော့ ရွေ့ မှု တစ်ခု ဖြစ်ပေါ်ပြီး ပျောက်တာ၊ နောက်တစ်ခု ဖြစ်ပေါ်လာတာ၊ ပျောက်တာ၊ နောက်တစ်ခုဖြစ်ပေါ်လာတာ၊ ပျောက်တာ ဒါကိုတွေ့တယ်။ အဲဒါဟာ ဖြစ်မှု၊ ပျက်မှု မမြဲတဲ့ အနိစ္စတွေ့တာ။ အဲဒါလည်းပဲ ထက်မြက်တဲ့ အသိဉာဏ်က သူ့အလိုလို သွားသိတာ။ ဘာကြောင့် လဲဆိုတော့ စိတ်ကဖြူစင်နေလို့။ အဲဒါကို ၀ိပဿနာဘာဝနာ ခေါ်တယ်။ သမထဘာဝနာ ကတော့ စိတ်တည်ငြိမ် ရုံမျှလေး ရည်ရွယ်တယ်။ ၀ိပဿနာဘာဝနာကတော့ တည်ငြိမ်ရုံမျှလေးမကဘူး။ သိစရာ ရှိတဲ့ ရုပ်သဘော၊ နာမ်သဘောကိုသိဖို့ ဆိုတဲ့ရွယ်ရည်ချက်။ အခုယောဂီတို့ အားထုတ်နေတာက အဲဒီ ၀ိပဿနာပဲ။ စိတ်တည်ငြိမ်လို့ ဖြူစင်ပြီဆိုရင် ဖြူစင်တဲ့စိတ်ထဲမှာပါတဲ့ အသိဉာဏ်ဟာ ထက်လာပြီးတော့ အခုပြောတဲ့အတိုင်း အရှုခံ ဖောင်းမှု၊ ပိန်မှုရုပ်သဘော၊ ကြွမှု၊ လှမ်းမှု၊ ချမှု ရုပ်သဘော၊ စဉ်းစားစိတ်၊ တွေးစိတ်တွေရှုပြန်တော့ စဉ်းစားစိတ်၊ တွေးစိတ်  နာမ်သဘော အဲဒီလိုသိသိလာတယ်။ မရှုရင်တော့ မသိဘူး။

ဒီကနေ့ တရုတ်ဘုန်းကြီးတစ်ပါး တရားလျှောက်တယ်။ ဘယ်နှယ့်လျှောက်လဲဆိုတော့ သူထိုင်ဝမ်မှာ တရားအားထုတ်တာ ငါးနှစ်ရှိပြီတဲ့။ ငါးနှစ်သာအားထုတ်ခဲ့တယ်။ စိတ်အကြောင်း ဘာမှမသိခဲ့ဘူးတဲ့။ သူကဘယ်လိုအားထုတ်တာလဲဆိုတော့  ထွက်လေ၊ ၀င်လေရှုတာ။ လေထွက်တော့ ထွက်တယ် နှာခေါင်းက၊ ၀င်တော့ ၀င်တယ်၊ ထွက်တယ်၊ ၀င်တယ်၊ ထွက်တယ်၊ ၀င်တယ်နဲ့ နှားသီးဝကနေပြီး လေရဲ့ ဝင်မှု၊ ထွက်မှုကို ဖမ်းပြီးရှုတာ။ စိတ်အပြင်လွင့်သွားရင်လည်း လွင့်တဲ့စိတ်ပြန်ဆွဲ။ ပြန်ဆွဲပြီးတော့ နှာသီးဝပြန်ကပ် ထွက်တယ်၊ ၀င်တယ်လို့ရှု။ စဉ်းစားနေရင်းလည်းပဲ စဉ်းစားမှန်းသိတဲ့အချိန်မှာပြန်ဆွဲ ပြန်ဆွဲပြီးတော့ ထွက်တယ်၊ ၀င်တယ်လို့ အဲဒီလိုရှုတာ။ အဲဒီလိုရှုတော့ သူ့ဟာက စိတ်ကိုသိဖို့ ရှုတာမဟုတ်ပဲနဲ့ နှာသီးဝ ထွက်လေ၊ ၀င်လေပေါ်မှာ စိတ်တည်ငြိမ်ဖို့ ရည်ရွယ်ချက်နဲ့ပဲရှုတာ။ ရှုတော့ ထွက်တဲ့စိတ်၊ လွှင့်တဲ့စိတ်ရဲ့  သဘောကိုလည်းမသိဘူး။ တခါတရံ စိတ်ထွက်နေ၊ လွှင့်နေလည်းပဲ မသိဘူး။အဲဒါကြောင့် သူ ဘာမှမသိခဲ့ဘူးတဲ့။ ငါးနှစ်လုံးလုံး အားထုတ်ခဲ့တာ။ အခုဒီမှာကျတော့ သိလာတယ်တဲ့။ စိတ်ဆိုတာ ဖြုတ်ခနဲ ဖြုတ်ခနဲ ထွက်ထွက်သွားတဲ့သဘော ရှိတယ်ဆိုတာလည်း သိလာတယ်။ ထွက်တဲ့စိတ်ကို လိုက်ရှုရင် ထွက်တဲ့စိတ်ဟာ ရပ်သွားတယ်ဆိုတာလည်း သိတယ်။ နောက်စိတ်တခုသိရင် နောက်စိတ်တခုက ထပ်ပြီးတော့ ပေါ်လာတယ် ဆိုတာလည်း သိလာတယ်။ အဲဒီစိတ်ကိုရှုပြန်တော့လည်း အဲဒီစိတ်ကရပ်သွားတယ်၊ ပျောက်သွားတယ် ဆိုတာ စိတ်ရဲ့ သဘောကို သူသိစပြုလာတယ်။ သိစပြုလာတာနဲ့အမျှ သူ့စိတ်က ပိုပြီးတည်ငြိမ်ပြီးတော့ ချမ်းသာ လာတယ်တဲ့။

ဆိုလိုတာက စိတ်ကိုရှုတဲ့အလေ့အကျင့်လုပ်တဲ့အခါကျတော့ စိတ်ရဲ့ သဘောသိလာတယ်။ သိလာတော့ အရှုခံစိတ်အပေါ်မှာ ရှုတဲ့ စိတ်က တည်ငြိမ်နေတဲ့အခါမှာ အရှုခံစိတ်ရဲ့ သဘာဝလေး သိနေတယ်။ တခြားလောဘ၊ ဒေါသ၊ မောဟ ဖြစ်စရာ အာရုံတွေဆီ စိတ်ကမရောက်ဘူး။ မရောက်တော့ လောဘ၊ ဒေါသ၊ မောဟမဖြစ်ဘူး။ လွင့်တယ်ဆို လွင့်တယ်၊ လွင့်တယ်ရှု၊ စဉ်းစားတယ်ဆို စဉ်းစားတယ်၊ စဉ်းစားတယ်ရှု၊ တွေးတယ်ဆို တွေးတယ်၊ တွေးတယ်ရှု။ ရှုတဲ့အခါမှာ လွင့်စိတ်၊ စဉ်းစားစိတ်၊ တွေးစိတ်အပေါ်မှာပဲ စိတ်ကတည်ငြိမ်၊ တည်ငြိမ်ပြီးတော့ ခုနက လွင့်စိတ်၊ စဉ်းစားစိတ်၊ တွေးစိတ်တွေပျောက်သွားတာလည်းသိတယ်၊ နောက်ထပ်ပြန်ပေါ်လာတာလည်းသိတယ်၊ နောက်တခါ ပျေက်သွားတာလည်း သိတယ်။

အဲဒီတော့ စိတ်ကတစ်တန်းတည်း ဖြစ်နေတာမဟုတ်ဘူး။ ဖြစ်လာတယ်၊ ပျောက်သွားတယ်၊ နောက်တခါလည်း ဖြစ်တယ်၊ ပျောက်တယ် ဆိုတဲ့ သဘောကိုသိတယ်။ အဲဒါကြောင့် စိတ်မမြဲဘူးဆိုတာကို သဘောပေါက်တယ်။ အဲဒီလိုသဘောပေါက်တဲ့ အသိဟာ ၀ိပဿနာဉာဏ်ပဲ။ အဲဒီ ၀ိပဿနာဉာဏ်ဟာ ဖြူစင်တဲ့စိတ် ဖြစ်တဲ့အခိုက်မှာပဲ ဖြစ်ပေါ်တယ်။ ဟာ… စိတ်တွေက ထွက်နေ၊ လွင့်နေ၊ စဉ်းစာနေ၊ တွေးနေလည်း ကိုယ်က လိုက်မမှတ်ဘူး၊ ဒီတိုင်း ကြည့်နေမယ်ဆိုရင် လွင့်မြဲလွင့်၊ ထွက်မြဲထွက်နေတော့ ဟော..စိတ်တွေက အိမ်ရောက် လိုရောက်၊ တောရောက် လိုရောက်၊ အလုပ်ဆီရောက်လိုရောက်၊ မိတ်ဆွေသူငယ်ချင်းဆီ ရောက်လိုရောက်၊ ဘုရား ရောက်လိုရောက်နဲ့ ဗြောင်းဆန်နေတယ်။ အဲဒီအခါကျတော့  စိတ်ကမချမ်းသာတော့ဘူး။ ဘာကြောင့်လဲဆို စိတ်ကမည်းနေတယ်။ ဘာစိတ်နဲ့ မည်းနေတာတုန်းဆိုတော့ လွင့်စိတ်၊ ပျံ့ စိတ်ခေါ်တဲ့ ဥဒ္ဒစ္စ၊ ကုက္ကုစ္စစိတ်နဲ့ မည်းနေတယ်။ အဲဒါဘာကြောင့်  တုန်းဆို စိတ်ကိုမရှုလို့။ မရှုတော့ စိတ်ကသူသွားချင်ရာ အာရုံကိုသွားတယ်။ သူသွားချင်ရာ အာရုံကိုသွားပြီဆိုရင် မချမ်းသာတော့ဘူး။ အဲဒီတော့ စိတ်ကသူသွားချင်ရာသွားတာကို လွှတ်ထားတာ ကောင်းသလား။ အဲဒီစိတ်ကို ရှုခြင်းအားဖြင့် သိအောင်ကြိုးစားတာ ကောင်းသလား။ ရှုခြင်းအားဖြင့် သိအောင် ကြိုးစားတာ ကောင်းတယ်နော်။ ရှုပြီးဆိုရင် သိရော၊ သိပြီဆိုရင် အဲဒီစိတ်ဟာ တဖြည်းဖြည်းကျတော့ ရပ်သွားတာပဲ။

မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍ှ
သူကျလိုရာ ကျတတ်ပါသည့်၊
ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို
ထုသိုက်ဖြေချွတ်၊ ထင်တိုင်းလွှတ်၍
မကွပ်မထိန်း၊ ညွှတ်တိုင်းယိမ်းက
အေးငြိမ်းချမ်းသာ မရပါပဲ၊
ပူစရာဆင့်ကဲ လွန်ဆင်းရဲသည်
မိုက်မဲသူတို့ လမ်းစဉ်တည်း။

စိတ်ကလုပ်ချင်ရာသာ လွှတ်ပေးပြီး လုပ်ပြီဆိုရင်တော့ မကောင်းမှု၊ အကုသိုလ်၊ ဒုစရိုက်တွေပဲ ပြောတယ်၊ ဒုစရိုက် တွေပဲလုပ်မယ်။ လုပ်ပြီဆိုရင်တော့ ဒုက္ခတွေပဲ အဆင့်ဆင့်ပွားတော့တာပဲ၊ သုခဆိုတာမရှိဘူး။

သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။ စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။

သုဒုဒ္ဒသံ - အလွန်မြင်နိုင်ခဲသော၊ သုနိပုဏံ - အင်မတန် သိမ်မွေ့သော၊ ယတ္ထကာမနိပါတိနံ - သူကျချင်ရာ အာရုံ၌ကျတတ်သော၊ စိတ္တံ - စိတ်ကို၊ မေဓာဝီ - ပညာရှိသည်၊  ရက္ခေထ - ရှုမှတ် ပွားများသောအားဖြင့် စောင့်စည်း၊ထိန်းသိမ်းရာ၏။ ဂုတ္တံ - စောင့်ရှောက်ထိန်းသိမ်း၍ လုံခြုံပြီးသော၊ စိတ္တံ - စိတ်သည်၊  သုခါဝဟံ - နိဗ္ဗာန်တိုင်အောင် ချမ်းသာကို ဆောင်တတ်၏။

စောင့်ရှောက်၍ လုံခြုံပြီးသောစိတ်သည်ဆိုတာ မြင်တိုင်း၊ ကြားတိုင်၊ နံတိုင်း၊ စားတိုင်း၊ ထိတိုင်း၊ ကြံတွေးတိုင်း မြင်တယ်၊ ကြားတယ်၊ နံတယ်၊ စားတယ်နဲ့ ရှုရှု၊ ရှုရှုပေးလိုက်တဲ့အခါ နောက်ကျတော့ မြင်မှုပေါ်မှာလည်း လောဘ၊ ဒေါသ မဖြစ်တော့ဘူး၊ ကြားမှုအပေါ်မှာလည်း လောဘ၊ ဒေါသ မဖြစ်တော့ဘူး၊ နံမှု၊ စားမှုအပေါ်မှာလည်း လောဘ၊ ဒေါသမဖြစ်တော့ဘူး။ မဖြစ်တော့ စိတ်မည်းတွေမရှိတော့ စိတ်ဟာ ဖြူစင်နေရော။ ဖြူစင်နေရင် စိတ်ဟာ စောင့်ရှောက်လို့ လုံခြုံသွားပြီ။ စိတ်ထဲမှာ ကိလေသာ ဘေးရန် မရှိတော့။ အဲဒီလိုဆိုရင် ချမ်းသာပြီတဲ့။ အဲဒီလို သဘောရှိတဲ့ စိတ်ကို သူ့အတိုင်းလွှတ်ထားမှ ချမ်းသာမှာလား၊ သူကို့ ရှုမှတ်ပြီးတော့ စောင့်ရှောက်ပေးမှ ချမ်းသာမှာလား။ စောင့်ရှောက်ပေးမှ ချမ်းသာမယ်။

                                                       “ မြင်နိုင်ခဲစွ၊ သိမ်မွေ့လှ၍ှ
                                              သူကျလိုရာ ကျတတ်ပါသည့်၊
                                              ပမာမျောက်နှိုင်း၊ စိတ်ဆင်ရိုင်းကို
                                              ချင့်နှိုင်းဉာဏ်ယှဉ်၊ သမ္ပဇဉ်နှင့်
                                              အစဉ်ချွန်းအုပ် သတိချုပ်၍ှ
                                              မလှုပ်မယိုင် ကောင်းစွာနိုင်သော်
                                              ဖွံ့ခိုင်ဖြိုးဖြိုး ချမ်းသာတိုးသည်
                                              ကောင်းကျိုး ကြွယ်လိမ့်မည်သာကိုး။”

စိတ်ဆင်ရိုင်းကို သတိချွန်းအုပ်၍ှ ရှုမှတ်ပွားများခြင်းအားဖြင့် စောင့်ရှောက်မှသာ အကုသိုလ်ဖြစ်စရာ အာရုံဆီ မသွားတော့ ကိလေသာတွေ မလုပ်ရှားနိုင်တော့ဘူး။ သတိဖြင့် ရှုမှတ်၍ စောင့်ရှောက်သဖြင့် လုံခြုံပြီးသောစိတ် သည် နိဗ္ဗာန်တိုင်အောင် ချမ်းသာကိုဆောင်တတ်၏။ စိတ်ဆင်ရိုင်းကို ကျုံးသွင်းပြီး ယဉ်အောင်လုပ်တာဝိပဿနာပဲ။ 

(ဆက်ရန်)





Typed By: M.N.Pyone

ဆက်လက်ဖတ်ရှုရန်

Thursday, July 26, 2012

စိတ်ကိုရှုက ချမ်းသာရ တရားတော် (၁)


ချမ်းမြေ့ဆရာတော်ကြီး


တရားအားထုတ်တယ်ဆိုတာ စိတ်ကိုဖြူစင်အောင် လေ့ကျင့်ပွားများတဲ့အလုပ်ပဲ။ အင်္ဂလိပ်ကတော့Mental Culture လို့ ဒီလိုသုံးတယ်။ Mental Development လို့လည်း သုံးတယ်။ Mental Trainingလို့လည်း သုံးတယ်။ စိတ်ကိုလေ့ကျင့်ပေးတာ။ ဖြူစင်အောင်။ စိတ်ကများသောအားဖြင့် ညစ်မည်းနေတာများတယ်။ လိုချင်တပ်မက်တဲ့စိတ် လောဘစိတ်တွေဖြစ်နေတဲ့အခါဖြစ်၊ စိတ်ဆိုးစိတ်ပျက် ဒေါသစိတ်တွေဖြစ်တဲ့အခါဖြစ်၊ ထောင်လွှားတက်ကြွ ဘ၀င်မြင့်တဲ့ မာနစိတ်တွေဖြစ်တဲ့အခါဖြစ်၊ မနာလိုစိတ် ဣဿာ စိတ်တွေ ဖြစ်တဲ့အခါဖြစ်၊ နှမြောတွန့်တိုစိတ် မစ္ဆရိယစိတ် ဖြစ်တဲ့အခါဖြစ်၊ အသိအမြင်မှားတဲ့ ဒိဋ္ဌိခေါ်တဲ့ အသိအမြင်မှားတဲ့ အယူအဆတွေ စိတ်ထဲဖြစ်ပေါ်လိုဖြစ်ပေါ် အစရှိသည်ဖြင့် ညစ်မည်းတဲ့စိတ်တွေပဲ အဖြစ်များတယ်။  ဒါကြောင့်စိတ်ဟာ ရေနဲ့တူတယ်။ ရေများ မြေပေါ်ဖြစ်ဖြစ် တစုံတခုပေါ်ဖြစ်ဖြစ် လောင်းချ လိုက်ပြီဆိုရင် နိမ့်ရာဘက်ပဲ စီးသွားတယ်။ မြင့်တဲ့ဘက်ကို မစီးဘူး။ မြင့်တဲ့ဘက်ကို စီးစေချင်ရင် ရေစီး ကြောင်းရှေ့ က အဆီးအတားလုပ်ပေးမှသာ မြင့်ရာဘက်ကို ပြန်စီးတယ်။ ဒီလိုမဟုတ်ပဲ ရေကို ဒီအတိုင်းသာ သွန်ချလိုက်မယ်ဆိုရင် နိမ့်ရာဘက်ကိုပဲ စီးသွားတယ်။ ထို့အတူပဲ စိတ်ကိုလည်း သတိ၊ ပညာနဲ့ သာမထိန်းကွပ်လျှင် နိမ့်ရာဘက်၊ အကုသိုလ်အာရုံဘက် (လောဘအာရုံ၊ ဒေါသအာရုံ၊ မောဟမာနအာရုံ) ကိုပဲသွားတယ်။ ကုသိုလ်ဖြစ်စရာအာရုံဘက်ကိုမသွားဘူး။

ဘာကြောင့်တုန်းဆို လောကကိုက လောဘ၊ ဒေါသဦးစီးပြီး အားကြီးနေတဲ့ လောက ဖြစ်တော့ လောဘဖြစ်စရာ အာရုံပေါတယ်၊ ဒေါသဖြစ်စရာ အာရုံပေါတယ်၊ မာနဖြစ်စရာအာရုံ ပေါတယ်။ ပေါတော့ လောဘဖြစ်စရာ အာရုံဆီဘက်ပဲ စိတ်ကသွားပြီးတော့ လိုချင်တယ်၊ တပ်မက်တယ်၊ နှစ်သက်တယ်၊ တွယ်တာတယ်။ ဒေါသဖြစ်စရာအာရုံဘက်သွားပြီး စိတ်ဆိုးတယ်၊ စိတ်ပျက်တယ်၊ စိတ်မချမ်းသာဘူး စသည်ဖြင့် မကောင်းတဲ့ စိတ်မည်းတွေ၊ အကုသိုလ်စိတ် (ကိလေသာ) တွေပဲ ဖြစ်တယ်။ စိတ်ကိုညစ်နွမ်းစေတဲ့အတွက် ကိလေသာ လို့ခေါ်တယ်။ လူကို နှိပ်စက်တဲ့စိတ်၊ ဆင်းရဲအောင်လုပ်တဲ့စိတ်၊ ပူလောင်စေတဲ့စိတ်၊ လောင်မြိုက်စေတဲ့စိတ် အဲဒီ စိတ်မည်းတွေရှိနေသမျှ ဆင်းရဲနေတယ်။ အဲဒီ စိတ်မည်းတွေနည်းရင် နည်းသလောက် ချမ်းသာတယ်။ စိတ်ဖြူတွေ များရင်များသလောက် ချမ်းသာတယ်။ ဖြူတဲ့စိတ် (ကုသိုလ်စိတ်၊ ကောင်းတဲ့စိတ်၊ အပြစ်ကင်းတဲ့စိတ်) ဖြစ်နေရင် စိတ်ဟာ ဖြူပြီး ချမ်းသာနေတယ်၊ ကြည်လင်နေတယ်၊ ချမ်းမြေ့ နေတယ်၊ ငြိမ်းချမ်းနေတယ်။ ဒါကြောင့်လူကိုနှိပ်စက်တတ်၊ ပူလောင်စေတတ်တဲ့ စိတ်ညစ်၊ စိတ်မည်း၊ ကိလေသာစိတ်တွေ မ၀င်စေဘဲနဲ့ ကုသိုလ်စိတ်၊ စိတ်ကောင်း၊ စိတ်မြတ်တွေပဲဖြစ်နေအောင် လေ့ကျင့်၊ ပွားများ၊ အားထုတ်တာကို တရားအားထုတ်တယ် (ဘာဝနာ) လို့ခေါ်တယ်။

ဘာဝနာ (တရားအားထုတ်တယ်) ဆိုသည်မှာ မိမိသန္တန်၌ ဖြူစင်သောစိတ် (အပြစ်ကင်းတဲ့ ကုသိုလ်စိတ်) များ ဖြစ်ပွားအောင် အားထုတ်ခြင်း၊ စိတ်ကို လေ့ကျင့်ပေးခြင်းကို ခေါ်တယ်။ ဖောင်းတယ်၊ ပိန်တယ်၊ ထိုင်တယ်၊ ထိတယ် ရှုမှတ်လို့ ကောင်းတဲ့ အခါဖြစ်စေ၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ ရှုမှတ်လို့ကောင်းတဲ့အခါဖြစ်စေ စိတ်ဟာအရှုခံ  ဖောင်းမှု၊ ပိန်မှု အပေါ်မှာဘဲ တည်ငြိမ်နေတာများလာတော့ တခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ၊ စိုးရိမ်စရာ၊ ပူဆွေးစရာ အဲဒီဘက် စိတ်မရောက်ဘဲနဲ့ စိတ်ဟာဖောင်းတာကို တည်လိုက်၊ ပိန်တာကို တည်လိုက်၊ ဖောင်းတာအဆင့်ဆင့်တွေ့လိုက်၊ ပိန်တာအဆင့်ဆင့်တွေ့လိုက်နဲ့ တလှည့်စီ တည်ငြိမ်၊ တည်ငြိမ်ပြီးနေတဲ့အခါမှာ စိတ်က ခုနကပြောတဲ့ လောဘ၊ ဒေါသစိတ် အညစ်အမည်းတွေမရှိဘူး။ မရှိတော့ အဲဒီစိတ်အစဉ်ဟာ ဖြူနေတယ်။ ဖောင်းတာလေး သိလိုက်၊ ဖောင်းတာပြီးသွားပြန်တော့ ပိန်တာလေးသိလိုက်၊ နောက်တခါဖောင်းတာလေးပေါ်လာ ဖောင်းတာလေး သိလိုက်၊ နောက်တခါပိန်တာပေါ်လာ ပိန်တာလေး သိလိုက်နဲ့ ဒီရုပ်သဘောလေးနှစ်ခု၊ လှုပ်ရှားနေတဲ့သဘောလေးနှစ်ခုအပေါ်မှာပဲ စိတ်ကတစ်လှည့်စီတည်နေတယ်။ အဲဒီလှုပ်ရှားနေတဲ့သဘောလေးနှစ်ခုက လိုချင်စရာလည်းမဟုတ်ဘူး၊ စိတ်ဆိုးစရာလည်းမဟုတ်ဘူး၊ စိတ်ပျက် စရာ လည်းမဟုတ်ဘူး၊ ဘာလဲလို့ဆိုတော့ သိစရာလေး။ အဲဒီသိစရာလေးကို သိသိပြီးနေတော့ အဲဒီစိတ်ထဲမှာ စိတ်အညစ်အမည်းမရှိဘူး။ ဖြူစင်တဲ့ အပြစ်ကင်းတဲ့ စိတ်ပဲရှိနေတော့ အဲဒီအချိန်မှာ ယောဂီချမ်းသာတယ်။

ထို့အတူပဲ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ ထိတယ်၊ ဖိတယ် သေသေချာချာ၊ စူးစူးစိုက်စိုက် ရှုလို့မို့လို့ တရွေ့ ရွေ့  ကြွလာတဲ့သဘော၊ တရွေ့ ရွေ့  ရှေ့ လှမ်းသွားတဲ့သဘော၊ တရွေ့ ချင်းတရွေ့ ချင်း အောက်ဘက်ကို ခြေထောက် ကျသွားတဲ့သဘော၊ အောက်ထိလိုက်တဲ့သဘော၊ ထိလိုက်လို့မို့လို့ အေးခနဲ၊ ပူခနဲ ခံစားရတဲ့သဘော၊ နူးညံ့မှု၊ ကြမ်းတမ်းမှု ခံစားရတဲ့သဘော၊ ပြီးတော့ ဖိနင်းလိုက်တော့ ပိသွားတဲ့သဘော အစရှိသည် အဲဒီအပေါ်မှာပဲ စိတ်က တလှည့်စီ စိုက်ပြီးတည်နေရင် ကြွချင်တယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ ထိတယ်၊ ကြွချင်တယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ ထိတယ်။ အဲဒီလို တည်ငြိမ်နေတဲ့အခါ စိတ်က အကုသိုလ်ဖြစ်စရာ အာရုံတွေဆီ မရောက်ဘူး။ သိစရာ ရုပ်အာရုံ၊ နာမ်အာရုံအပေါ်မှာပဲ စိတ်ကစိုက်ပြီးတော့ တည်နေတယ်။ အဲဒီလို တည်နေတော့ အဲဒီအချိန်မှာ လောဘလည်းမဖြစ်ဘူး၊ ဒေါသလည်းမဖြစ်ဘူး၊ မောဟလည်းမဖြစ်ဘူး။ ပကတိ ဖြူစင်တဲ့စိတ် ဖြစ်နေတယ်။ သိရုံမျှ၊ သိရုံမျှ သိသိပြီးတော့။ အဲဒီဖြူစင်တဲ့စိတ်ဖြစ်နေတဲ့အခါမှာလည်း ယောဂီ ချမ်းသာ နေတယ်ဆိုတာ ယောဂီကိုယ်တွေ့ပဲ။

သေချာစူးစူးစိုက်စိုက်ရှုကြည့်ရင် သေသေချာချာသိတယ်။ ကြွချင်တယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ ထိတယ်။ ကြွချင်တယ်၊ ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ ထိတယ်။ ဒီထက်ပိုနိုင်သေးရင် ကြွချင်တယ်၊ ကြွချင်တယ်၊ ကြွတယ်၊ ကြွတယ်၊ လှမ်းတယ်၊ လှမ်းတယ်၊ ချတယ်၊ ချတယ်၊ ထိတယ်၊ ထိတယ်၊ ဖိတယ်၊ ဖိတယ် စသည်ဖြင့် စူးစူးစိုက်စိုက် ရှုလို့ စိတ်ကအဲဒီအပေါ်မှာပဲ အတည်ငြိမ်များပြီဆိုရင် အဲဒီစိတ်ကဖြူစင်နေတယ်။ ဒါကြောင့်မို့ အဲဒီအခိုက်အတန့်ကို စိတ္တ၀ိသုဒ္ဓိလို့ခေါ်တယ်။ အဲဒီလို စိတ်ဖြူစင်နေရင် စိတ်ချမ်းသာရုံတင်မကဘူး၊ ဖြူစင်နေတဲ့စိတ်ထဲမှာပါတဲ့ အသိဉာဏ်ကလည်း ပိုပြီး ထက်မြက်လာတယ်။ ထက်မြက်လာတော့ သိစရာရှိတာကို ပိုပိုင်းပိုင်းခြားခြားသိလာတယ်။ စိတ်မဖြူစင်သမျှ အသိဉာဏ်မထက်ဘူး။ ဓါးများသံချေးတက်နေတော့ တုံးသလား၊ ထက်သလား၊ တုံးနေတယ်နော်။ အဲဒီသံချေးတွေစင်အောင် ကျောက်ပေါ်မှာသွေးလိုက်တဲ့အခါ သံချေးစင်သွားရင် ထက်လာတယ်။ အဲဒီအတိုင်းပဲ။ စိတ်ထဲမှာ စိတ်အညစ်အမည်း လောဘ၊ ဒေါသစသည့် သံချေးတွေ စိတ်ထဲတက်နေရင် အဲဒီစိတ်ထဲမှာပါတဲ့ ဉာဏ်ဟာမထက်တော့ဘူး၊ တုံးနေတယ်။ အဲဒီလောဘ၊ ဒေါသ၊ မောဟ အညစ်အကြေးတွေ မရှိပဲနဲ့ ဖြူစင်နေတဲ့အခိုက်ဆိုရင် စိတ်ဟာ ဖြူစင်ကြည်လင်ပြီး ချမ်းသာနေတာကတစ်ပိုင်း၊ အဲဒီဖြူစင်ကြည်လင်နေတဲ့အတွက်ပဲ ဉာဏ်ကထက်လာတယ်။ သံချေးတွေပြောင်သွားတဲ့ဓါးဟာ ထက်လာသလို၊ စိတ်အညစ်အမည်း မရှိတဲ့ အခိုက်မှာ စိတ်ဟာအသိဉာဏ်က ထက်လာတော့၊ အဲဒီစိတ်ဖြူစင်တဲ့အချိန်ကစပြီး သိစရာရုပ်သဘော၊ နာမ်သဘောကို သူ့အလိုလို သိသိလာတာ ကျတော့ ၀ိပဿနာဉာဏ်။

(ဆက်ရန်)






Typed By: M.N.Pyone

ဆက်လက်ဖတ်ရှုရန်

Wednesday, July 25, 2012

အနှစ်သုံးပါးတရားတော်


ချမ်းမြေ့ဆရာတော်ကြီး


ပဉ္စန္နံ ဝေရာနံ သာရာဒနဘာဝေန အသာရဿ ဓနဿ ဒါနံ သာရော။

ပဉ္စန္နံ ဝေရာနံ - ရေ၊ မီး၊ မင်း၊ သူခိုး၊ အမွေခံသားသမီးဆိုးတို့နှင့် ၊ သာရာဒနဘာဝေန - မပြတ်အမြဲ ဆက်ဆံနေရသည့်အတွက်ကြောင့် ၊ အသာရဿ  - အနှစ်သာရ ဘာမှမဟုတ်သော၊ ဓနဿ - စီးပွား၊ဥစ္စာ၏၊ သာရော - ထုတ်ယူလို့ ရနိုင်သည့် အနှစ်သည်ကား၊ ဒါနံ -  ပေးကမ်း၊ စွန့်ကြဲ၊ လှူဒါန်းမှု၊ ဒါနအစုတို့ပါပေတည်း။

ဒါဖြင့် ပစ္စည်း၊ ဥစ္စာ၊ ရတနာထဲက အကာကိုထုတ်ယူပါဆိုတော့ သူတပါးကို ပေးကမ်း စွန့်ကြဲ၊လှူဒါန်းလိုက်တဲ့ စေတနာ၊ ဒါနအစုလေးသည် အနှစ်ရသွားတယ်။ အဲဒီစေတနာ၊ ဒါန အနှစ် ကလေးကို တခါ ရေဖျက်လို့ကော ပျက်ဆီးရဲ့ လား၊ မီးဖျက်လို့ကော ပျက်ဆီးရဲ့ လား၊ သူခိုး၊ ဓါးပြတွေယူလို့ကော ရရဲ့ လား၊ အမွေခံ သားဆိုး၊ သမီးတွေကကော ယူသုံးဖြုန်းလို့ ရရဲ့ လား၊ မရဘူးနော်။ လူသာသေမယ် ဒီစေတနာ၊ ဒါန အနှစ် ကလေး ကတော့ မပျက်တော့ဘူး။ ဒါကြောင့် သူ့ကို အနှစ်လို့ခေါ်တယ်။ ဒါဘယ်ထဲကရသွားပါလိမ့်၊ ပစ္စည်း၊ ဥစ္စာ၊ ရတနာ တည်းဟူသော အကာထဲက ထုတ်ယူခဲ့တာ။  

“ဥစ္စာထဲမှာ အနှစ်ရှာ တွေ့တာဒါနပဲ”


*********************************************************

မိမိတို့ ခန္ဓာကိုယ်ကြီး ကြည့်လိုက်။

ဗဟူရောဂါ သာရာဒနဘာဝေန အသာရဿ သရီရဿ သီလ၀န္တေသု အဘိဝါဒနာဒိကမ္မံ သာရော။

ဗဟူရောဂါ သာရာဒနဘာဝေန - ကိုးဆယ့်ခြောက်ပါးသောရောဂါ၊ ဝေဒနာတို့နှင့် မပြတ်အမြဲ ဆက်ဆံနေရသည့်အတွက်ကြောင့်၊ အသာရဿ - အနှစ်သာရ ဘာမျှမဟုတ်သော၊ သရီရဿ - အလျားတစ်လံ၊ အနံတစ်ထွာမျှရှိသော ဟောဒီ့ခန္ဓာကိုယ်ကြီး၏၊  သာရော - ထုတ်ယူလို့ ရနိုင်သည့် အနှစ်သည်ကား၊ သီလ၀န္တေသု - သီလရှိကြကုန်သော သူတော်ကောင်းအပေါင်းတို့၌၊  အဘိဝါဒနာဒိကမ္မံ - အရိုအသေပြုခြင်း၊ လက်အုပ်တင်မိုး ရှိခိုးခြင်းအမှု အစရှိသည်တို့ပါပေတည်း။

တို့ခန္ဓာကိုယ်ကြီး ကြည့်လိုက်စမ်း။ အလျားကတစ်လံလောက်ရှိတယ်၊ အနံကတော့ တစ်ထွာကျော်ကျော်လောက်ရှိတယ်။ ဘယ်လောက်ပဲ သေးငယ်လို့နေနေ ဒီခန္ဓာကိုယ်ကြီးနဲ့ ဆက်ဆံနေရတဲ့ သဘောတွေ ကြည့်လိုက်တော့ ကိုးဆယ့်နဲ့ခြောက်ပါးသောရောဂါ၊ ဝေဒနာတွေနဲ့ ဆက်ဆံနေရတယ်။ဒီခန္ဓာကိုယ်ကြီးက ဘယ်သူနဲ့ ဆက်ဆံရတယ်၊ ရောဂါတွေနဲ့ ဆက်ဆံရတယ်။ တစ်မျိုးတည်းများ ဟုတ်ရဲ့ လား။ ကိုးဆယ့်ခြောက်ပါး၊ များလှသော ရောဂါတွေနဲ့ ဆက်ဆံနေရတဲ့ ခန္ဓာကိုယ်ကြီး။

ခန္ဓာကိုယ်တည်းဟူသော အကာထဲက အနှစ်ကိုထုတ်ယူပါဆိုတော့ သီလ၀န္တေသု - သီလရှိကြကုန်သော သူတော်ကောင်း အပေါင်းတို့၌၊ အဘိဝါဒနာဒိကမ္မံ - အရိုအသေပြုခြင်း၊ လက်အုပ်တင်မိုး ရှိခိုးခြင်း အမှု အစရှိသည်တို့ပါပေတည်း။

ခန္ဓာကိုယ်ထဲက အနှစ်ထုတ်ယူလိုက်ပါဆိုတော့ မိမိထက် အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးမားတဲ့ ပုဂ္ဂိုလ်တွေ၊ မိဘ၊ ဆရာသမား၊ ဘုရား၊ တရား၊ သံဃာ၊ သီလ၊ သမာဓိရှိနေတဲ့ ပုဂ္ဂိုလ်တွေကို အရိုအသေပြုတာ၊ လက်အုပ်တင်မိုးရှိခိုးခြင်း အမှုတွေ ပြုလိုက်လို့ရှိရင် ခန္ဓာကိုယ်တည်းဟူသော အကာထဲက အနှစ်ကိုရသွားပြီ။ ခန္ဓာကိုယ်တည်း ဟူသော အကာထဲက အနှစ်ကိုရတယ်။ အဲဒီ မိမိထက် အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးမားတဲ့ ပုဂ္ဂိုလ်တွေ၊ မိဘတွေ၊ သံဃာတော်အရှင်မြတ်တွေ၊ ဘုရား၊တရားအစရှိတဲ့ သီလရှိတဲ့ ပုဂ္ဂိုလ်တွေကို ရှိခိုးခြင်းအမှုပြုတယ်ဆိုတာ သီလကုသိုလ်၊ အရိုအသေပြုတယ်ဆိုတာ သီလကုသိုလ်။ မိဘတို့ရဲ့ ဝေယျာဝစ္စတွေ လုပ်ကိုင်ဆောင်ရွက် ပေးတာလည်း သီလကုသိုလ်၊ ဆရာသမားတို့ရဲ့  ဝေယျာဝစ္စတွေ လုပ်ကိုင် ဆောင်ရွက်ပေးတာလည်း သီလကုသိုလ်။

ဒါကြောင့်သီလက နှစ်မျိုးနှစ်စားရှိတယ်။ ရှောင်ရမယ့် သီလနဲ့ ဆောင်ရမယ့်သီလ။ ရှောင်ရမယ့် သီလကတော့ ပထမတုန်းက တစ်ပုဒ်ချင်း တစ်ပုဒ်ချင်း ပါဏာတိပါတာ၊ အာဒိန္နာဒါနာ၊ ကာမေသုဆိုတဲ့ သူများအသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ ကာမဂုဏ်တို့ကို မှီဝဲတာတွေကို ရှောင်ကြဉ်ခြင်း။ ဒါကရှောင်ရမယ့် သီလတွေ။ ဆောင်ရမယ့် သီလတွေက ပထမပြောခဲ့သလို မိဘတို့ရဲ့ ဝေယျာဝစ္စ၊ ဆရာသမား တို့ရဲ့  ဝေယျာဝစ္စ၊ ယောဂီ တို့ရဲ့ ဝေယျာဝစ္စ၊ ဘုရားရဲ့ ဝေယျာဝစ္စ အစရှိသည်ဖြင့် သံဃာတော် အရှင်မြတ် တွေရဲ့  ဝေယျာဝစ္စ၊ သီလရှိကြတဲ့ ပုဂ္ဂိုလ်အပေါင်းတို့ရဲ့  ဝေယျာဝစ္စတွေ ရွက်ဆောင်နေတာကတော့ ဆောင်ရမယ့် သီလ။ အဲဒီ ရှောင်ရမယ့် သီလဖြစ်ဖြစ်၊ ဆောင်ရမယ့် သီလဖြစ်ဖြစ်၊ ဒီခန္ဓာကိုယ်တည်းဟူသော အကာထဲကနေ အနှစ်ကိုထုတ်ယူတာ။ ဘယ်ထဲကထုတ်ယူလိုက်ပါလိမ့် ခန္ဓာကိုယ်တည်းဟူသော အကာထဲကနေ သီလ တည်းဟူသော အနှစ်ကို ထုတ်ယူတာ။ ဘာအနှစ်ထုတ်ယူလိုက်ပါလိမ့်၊ သီလအနှစ်ထုတ်ယူလိုက်တာ။ ဒီသီလ အနှစ်က ဘယ်ထဲက ထွက်လာပါလိမ့်၊ ခန္ဓာကိုယ် အကာထဲကထွက်လာတာ။ ခန္ဓာကိုယ် အကာတည်းဟူသော အရာဌာနကနေ ပြီးတော့ သီလတည်းဟူသော အနှစ်ကို ထုတ်ယူလိုက်တာ။ ဒါဖြင့် ဒီခန္ဓာကိုယ်ကြီးသည် အကာလား အနှစ်လားလို့ မေးရင် အကာနော်။ အဲဒီအကာကို အနှစ်ထင်ပြီး ပြုပြင်နေကြတာ။ အဲဒါလူလိမ္မာလား၊ လူမိုက်လား၊ လူမိုက်

အကာကို အကာလို့မြင်ကြပါ။ အေးအဲဒါကြောင့်မို့ ဒီခန္ဓာကိုယ်ကြီးက ဘာပါလိမ့်။ “အကာ”။ အကာ ထဲကအနှစ်ထုတ်ယူပါဆိုတော့ သီလ။ ဘာပါလိမ့် သီလ။ “ခန္ဓာထဲမှာ အနှစ်ရှာ တွေ့တာ သီလပဲ”။

*********************************************************


အနှစ်သုံးမျိုးမှာ တစ်ခုပဲကျန်တော့တယ်။ အဲဒီအနှစ်က ဘာလဲဆိုတော့...

အနိစ္စာဘိဘူတဘာဝေန အသာရဿ ဇီဝိတဿ အနိစ္စာဒိဝသေန ၀ိပဿနာယောဂေါ သာရော။


အနိစ္စာဘိဘူတဘာဝေန - မမြဲသောတရားက အမြဲတမ်းနှိပ်စက်နေသည့် အတွက်ကြောင့်၊  အသာရဿ - အနှစ်သာရဘာမျှမဟုတ်သော၊  ဇီဝိတဿ - ဇီဝိတိနြေ္ဒ ခေါ်ဆိုရသည့် အသက်၏၊ သာရော -  ထုတ်ယူလို့ရနိုင်သည့် အနှစ်သည်ကား၊ အနိစ္စာဒိဝသေန - အနိစ္စ၏ အစွမ်းအားဖြင့်၊ ၀ိပဿနာယောဂေါ -  ၀ိပဿနာတရားတို့ပါပေတည်း။


ပေါ်ရာ ရှုတာ ၀ိပဿနာ ကို ဆက်လက်ဖတ်ရှုပါရန်....

Typed By: M.N.Pyone



ဆက်လက်ဖတ်ရှုရန်

Tuesday, July 24, 2012

အာနာပါန ကမ္မဋ္ဌာန်းကို ပွားများ မှတ်သားနေရုံနဲ့ ...


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ (ဖျာပုံတိုက်သစ်)
---------------------------------------------------------------------

ဒကာ။ ။ ကိုယ်ထဲ အမြဲဖြစ်ပေါ်နေတဲ့ ထွက်လေ ၀င်လေ ထိသိ သတိ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများ မှတ်သားနေရုံနဲ့ ကိလေသာ ကင်းကွာ ငြိမ်းအေးခြင်း၊ စိတ်ချမ်းသာခြင်း၊ တန်ခိုးသိဒ္ဓိရှိခြင်း စတဲ့ လောကီ လောကုတ္တရာ အကျိုးတရားစုတွေ ခံစားရတယ်ဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်၊ ရှင်းပြပေးပါဦးဘုရား။

ဆရာ။ ။ ဒကာကြီးတို့ရဲ့ မေးလိုရင်းက အသက်ရှူနေကြတဲ့ ၀င်လေ ထွက်လေရဲ့ နှာခေါင်းဝအသား ထိ ထိသွားတဲ့ အထိကလေးကိုလိုက်ပြီး သိ သိနေတဲ့ အသိစိတ်ရဲ့ တန်ခိုးသိဒ္ဓိကို မေးတာလား။

ဒကာ။ ။ မှန်ပါတယ်ဆရာတော်၊ ထွက်လေ ၀င်လေရဲ့ “ထိ သိ သတိ” ဆိုတဲ့ အသိစိတ်ရဲ့ တန်ဖိုး အကျိုးခံစားခွင့်ကို မေးတာပါဘဲ ဆရာတော်။

ဆရာ။ ။ အင်း….သိမှတ်မည့်ယောဂီဟာ မိမိရဲ့နှာသီးဝမှာ သိစိတ်ကိုထားပြီးတော့ ၀ါယောရုပ် လေက ကာယရုပ်အသား၌ တိုးထိသွားတာကိုပဲ မမေ့တဲ့သတိနဲ့ သိ သိ မှတ် မှတ် ရှု ရှု နေရမည်တဲ့။
အဲဒါကို အာနာပါန ဖုသန ကမ္မဋ္ဌာန်းလို့ခေါ်တယ်၊ ဘုရားသာသနာတော်မှာ ဒီကမ္မဋ္ဌာန်းဟာ ရှုမှတ်ရလည်း အလွယ်ဆုံး၊ အသက်ရှူနေတဲ့ လူတိုင်းနဲ့လည်း အသင့်လျော်ဆုံးပဲ၊ ဒါပေမဲ့ ကိုယ်အသက်ရှူနေတာကို မသိမမှတ်တဲ့ သူတွေကသာ များနေတာနော်၊ ဒါကြောင့် ဒကာကြီးလည်း သိဒ္ဓိရှင်ဖြစ်ချင်ရင် ယင်းအတိုင်း ရှုမှတ်ကြည့်ပေါ့၊ သမာဓိရှိသလောက် တန်ခိုးသိဒ္ဓိတွေ ရောက်မှာပဲ။

ဒကာ။ ။ ထိ သိ သတိ ရှုမှတ်ပုံ ထင်ရှားအောင် နည်းနာယများလည်း ပြောပြပါဦး ဆရာတော်၊ ဘယ်လိုစိတ်ထားရမည် ဆိုတာကိုပါသိရအောင်၊ နည်းကလေးများ ပေးသနားပါဦးဘုရား။

ဆရာ။ ။ ကိုင်း…ပြောပြမည်၊ သေချာစွာ မှတ်သားနားထောင်ပါ၊ ၀ိပဿနာဉာဏ်ဆိုက်အောင် ပို့ဆောင်ပြောကြားပေးလိုက်မယ်၊ ဉာဏ်နားနဲ့ မိအောင်နားထောင်ပါ။

၁။ ၀င်လေ ထွက်လေ ၀ါယောရုပ်က နှာသီးဖျား ကာယရုပ်ကို လာထိသည်၊ ငါ့ကို ထိတာမဟုတ်၊ ငါမရှိ၊ ရုပ်ကို ထိ၏၊ အဲဒီလို သိမှတ်ပါ၊ အတ္တဒိဋ္ဌိကို တိတိပပ ဖြတ်ချလိုက်ပါ။

၂။ နာမ်ခေါ်တဲ့ အသိစိတ်ကလေးတွေက ထိတာကို သိ သိ သွားကြသည်၊ ငါသိတာ မဟုတ်၊ စိတ်နာမ်က သိသည်၊ ငါမရှိ၊ စိတ်နာမ်သာရှိ၏၊ အဲဒီလို သိမှတ်ပေါ့။

၃။ ဤ ထွက်လေ ၀င်လေသည် ရှူချင်တဲ့စိတ်ကြောင့်သာ ဖြစ်ပေါ် ဖြစ်ပေါ်လာတာ၊ ငါ့ကြောင့်ဖြစ်တာ မဟုတ်၊ စိတ်ကြောင့်ဖြစ်တဲ့ရုပ်လို့ သိမှတ်ပါ၊ အကြောင်းစိတ်နဲ့ အကျိုးရုပ်ကို ပိုင်းခြားသိထားပါ။

၎။ အဲဒီ ထိတဲ့ရုပ်တွေဟာလည်း ထိထိပြီးတော့ ပျက်ပျက်သွားကြတာပဲ၊ ခိုင်မြဲမှု လုံးဝမရှိတဲ့ အနိစ္စတရားတွေပဲလို့ သိမှတ်ပါ။

၅။ မခိုင်မြဲလို့ ပြန်ပြန် ရှူရှိုက် ရှူရှိုက်ကာ ဒီကိုယ်ကောင်ကြီးကို ပြုပြင်ပေးနေရတဲ့ ကာယသင်္ခါရကလည်း ဒုက္ခဆင်းရဲ သက်သက်တွေပဲလို့ သိမှတ်ပါ။

၆။ ယင်း အနိစ္စ-မခိုင်မမြဲ ပျက်စီးနေတဲ့ တရားစုတွေကို နိစ္စဖြစ်အောင်၊ ဆင်းရဲဒုက္ခကို သုခချမ်းသာဖြစ်အောင်၊ လုပ်လို့မရနိုင်တဲ့ ငါစိုး ငါပိုင် မဟုတ်သောကြောင့် ငါ့အလိုမလိုက် ငါ့အကြိုက်မပါ ငါလုပ်တိုင်း မအောင်မြင်သော အတ္တမဟုတ်တဲ့ အနတ္တ သဘောတရားတွေပဲလို့ ဉာဏ်ထဲမှာ စွဲလာအောင် စိတ်ကိုလေ့လာ စေစားပေးရမည်တဲ့။
ကဲ…..အခုပြောပြခဲ့တာတွေ ဒကာကြီးတို့ရဲ့ အသိဉာဏ်ထဲမှာ စွဲရဲ့ မိရဲ့ ထိရဲ့ နားလည်ရဲ့လား။

ဒကာ။ ။ မှန်ပါ့၊ ဖြစ်ပေါ် ဖြစ်ပေါ်နေတဲ့ ရုပ်နာမ်တွေထဲမှာ ငါဆိုတဲ့ အတ္တ မပါစေဘဲ သတိမြဲမြဲနဲ့ ရှုမှတ်နေရမည့် သဘောကို သိရပါပြီ ဆရာတော်၊ ဆက်လက် မိန့်ကြားပါ ဘုရား။

ဆရာ။ ။ ခုပြောပြီးခဲ့တဲ့အတိုင်း ထွက်လေ ၀င်လေရဲ့ ထိသိကိုမှတ်နေတဲ့ အသိစိတ်ဓာတ်ကို ထိ သိ တင်ရပ်မနေဘဲ ထိတဲ့ရုပ်လည်းပျက်၊ သိတဲ့ စိတ်လည်းပျက်၊ ထိသိပျက်တိုင်အောင် အသိစိတ်ကို အနိစ္စလက္ခဏာသို့ ရောက်အောင် ပို့ဆောင်ပေးရမည်၊ အလေ့အကျင့်ပြုလုပ်ပေးရမည်၊ အဲဒါက ပိုပြီးအရေးကြီးတယ်နော်။
အဲဒီအတိုင်း ဖြစ်ပျက်ထဲမှာ အလေ့အကျင့် ရပါများလာသောအခါ သိစိတ်အစဉ်ဟာ နှာသီးဖျား၊ နှာခေါင်းဝ ထိသိ အမှတ်ထဲက ထွက်ပြီးတော့ တခြား မြင်ခိုက် ကြားခိုက် နံခိုက် စားခိုက် တွေ့ထိခိုက် ကြံစည်ခိုက် စသည်တို့ဖြစ်ပေါ်လာသော ခဏတိုင်း၌လည်း ဖြစ်ဖြစ်ချင်း၊ ချက်ချင်းပင် အပျက်သဘောထဲ သက်ရောက် သိမှတ်သွားတော့တာပဲ၊ ငါ သူတပါး ယောက်ျား မိန်းမနဲ့ အသိ မလုပ်တော့ဘူး၊ ရုပ်နာမ်ဖြစ်ပျက်နဲ့သာ အသိလုပ်နေတော့တယ်၊ ခု ပြောကြားနေတာတွေ စိတ်ဝင်စား နားလည်ရဲ့လား ဒကာကြီးတို့၊ စိတ်မ၀င်စားလည်း မောတာနဲ့ ညောင်းတာ အဖတ်တင်ရုံပဲ ရှိနေမှာနော်။

ဒကာ။ ။ စိတ်ဝင်စားစွာနဲ့ နားထောင် မှတ်သားနေပါတယ် ဆရာတော်၊ နားလည်တာတွေက များပါတယ်၊ နားမရှင်း မသိတဲ့အချက်ကလေးတွေလည်း နည်းနည်းပါးပါးတော့ ရှိသေးတာပေါ့ ဘုရား၊ ဆက်လက် မိန့်ကြားပါဦးဆရာတော်။

ဆရာ။ ။ စိတ်ရဲ့သဘာဝက အာနာပါန ထိသိအာရုံကို သိနေဖို့ အကျင့်သာ လုပ် လုပ်ပေးပါ၊ အာရုံနဲ့ အသိအကျွမ်းဝင်အောင် လုပ်ပါများတော့ အကျင့်ပါသွားရောပဲ။
အဲဒီလို အလေ့အကျင့်တွေများများလာလို့ အကျင့်ပါသွားတာနဲ့ တပြိုင်နက် မိမိသိနေကျ လမ်းအတိုင်းသာ အသိလုပ်သွားနေတော့သဖြင့် တခြားအာရုံ လမ်းကြောင်းထဲသို့ စိတ်မပြောင်းသောကြောင့် မိမိသွားနေကျ ကိလေသာအာရုံ ကာမဂုဏ်ထဲ မသွားရောက်တော့ဘဲ မြင် သိ ပျက်၊ ကြား သိ ပျက်၊ နံ သိ ပျက်၊ စား သိ ပျက်၊ ထိ သိ ပျက်၊ ကြံစည်တွေးတော သိ ပျက်၊ ခဏတိုင်း ခဏတိုင်း သိ ပျက် နေတဲ့ ဥဒယ ၀ယ ခဏိက သမာဓိထဲ ရောက် ရောက်ပြီး တည်ငြိမ်နေတော့သတည်းတဲ့။

အဲဒီ ထွက်လေ ၀င်လေ အာနာပါန ထိ သိ ကို သတိထားရှုမှတ်တဲ့ အလေ့အထဟာ သတိရင့်ကျက်လာတဲ့အခါ အဲဒီလို ဥဒယ ၀ယ ခဏိက သမာဓိထဲ သက်ရောက်လေ့ရှိလို့ အလွန်ကောင်းသော အတိုင်းမသိ တန်ဖိုးရှိသော ကမ္မဋ္ဌာန်းလို့ ဟောခဲ့တာပေါ့၊ ဒကာကြီးတို့ရ။
ခု၊ ပြောပြခဲ့တဲ့ အလေ့အထဟာ လက်တွေ့အားဖြင့် လောဘ ဒေါသတို့ မလာနိုင် မလိုက်နိုင်တဲ့ အကျင့်မြတ်ပဲ။
ရှေးသူတော်ကောင်းတို့လုပ်ငန်း လမ်းဟောင်းလမ်းမှန် အကျင့်မြတ်ပေါ်သို့ တက်ရောက် လျှောက်သွား ရှုမှတ်နေသောကြောင့် တွေဝေ ငေးမောကာ အမှားထဲ၌ မေ့မြောနေသော မောဟနှင့် ကင်းဝေးလျက် ၀ိဇ္ဇာဉာဏ်ဘက်သို့ သက်ရောက်ကူးဝင်လာသော အကျင့်လည်း ဖြစ်တယ်တဲ့။

အဲဒါကြောင့် အဲဒီ ထွက်လေ ၀င်လေ ထိသိ သတိကို မမေ့မလျော့ ကြိုးစားမှတ်သားနေတဲ့ သူဟာ၊ သူရဲ့ သမာဓိ အားကောင်းသလောက် လောကီဘက်ဆိုင်ရာ ဈာနသမာပတ်အထိ သိဒ္ဓိတန်ခိုး အကျိုးအမျိုးမျိုးတွေကို ရရှိခံစားနိုင်တယ်၊ မယုံမရှိနဲ့ လုပ်ကြည့်ပါ၊ သိဒ္ဓိရှင် ဖြစ်သွားနိုင်တယ်။

အဲဒီ ထွက်လေ ၀င်လေ ထိသိ သတိကိုပဲ မမေ့မလျောတဲ့ သမ္မာသတိမဂ္ဂင် အားကောင်းကောင်းနဲ့ ရှုမှတ် ပွားများနေသော ယောဂီဟာ လေ့လာလုပ်ယူမှုသတိအပိုင်းက လွန်မြောက်လျက် သတိရင့်ကျက်ကာ အာရုံပေါ်ပေါ်လာတိုင်း သတိနဲ့ ကပ်ခနဲ ကပ်ခနဲ ချက်ချင်းပဲ သိပျက် သိပျက် နေသော “ဥပဋ္ဌာနသတိ” က ဉာဏ်နဲ့တွဲကာ မဂ်ဖိုလ် နိဗ္ဗာန်အထိ လောကုတ္တရာ အကျိုးတရားတွေကို ခံစားရအောင် ပို့ဆောင်ပေးတာလည်း အမှန်ပဲ၊ အဲဒီ အကျိုးကျေးဇူးတရားတွေကို ခံစားချင်ရင် ကိုယ်တိုင် အားထုတ်ကြည့်ပါ၊ ကိုယ်လုပ်သလောက် လုပ်ခ ရမှာကတော့ အမှန်ပဲ၊ ကဲ….ကျေနပ်ရဲ့လား၊ တတ်နိုင်ရင် အခုပဲ တနာရီလောက် ပါရမီ ကုသိုလ်သဘောနဲ့ ထိုင်မှတ် အားထုတ်သွားစမ်းပါလေ။

ဒကာ။ ။ အားထုတ်ပုံ နည်းနယနဲ့ စုံလင်စွာသိရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ တတ်နိုင်သမျှ ကြိုးစား အားထုတ်မှုများလည်း ပြုပါမည် ဘုရား၊ အိမ်ကိစ္စတွေက ရှိနေလို့ ခုတော့ သည်းခံပါ၊ ဆရာတော်ဘုရား ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုနိုင်ပါစေ။ 


ဆက်လက်ဖတ်ရှုရန်