Thursday, June 28, 2012

အသုဘရှုတယ်ဆိုတာ...


“အသုဘရှုတယ်၊ အသုဘရှုတယ်” ဆိုတဲ့စကားကို ပြောလေ့ရှိကြတယ်။ တချို့က အသုဘရှုတယ်၊ ရှုတယ် ဆိုတာ ဘယ်လိုရှုရမှာလဲ? တချို့ ကဆောင်းပါးတွေနဲ့ရေးကြတယ်။ အသုဘရှုတယ်ဆိုတာ သုဿန်က သင်္ချိုင်းတွေ သွားပြီးရှုတယ်လို့ တချို့ လည်း အဲလိုရေးတာတွေလည်း တွေ့ဖူးသေးတယ်။ အမှန်က အသုဘရှုတယ်ဆိုတာမိမိခန္ဓာကိုယ်ကို ပြန်ရှုရမှာနော် မှတ်ထားကြ။ မိမိရဲ့ ခန္ဓာကိုယ်ကို ပြန်ရှုရမှာ။ အခု ဒီနေရာမှာ တိုက်ဆိုင်လာလို့ အသုဘရှုနည်းပြောမယ်။

အသုဘရှုနည်းပုံမှန် -
  • မိမိက အိပ်ယာပေါ် ပက်လက်လှန်အိပ်နေလိုက်။ ခြေလက်တွေ ဆန့်ဆန့်ထား၊ မျက်စိမှိတ်ထား၊
  • စိတ်အာရုံဖြင့် မိမိခန္ဓာကိုယ်ကို ကြည့်ပါ။  စိတ်အာရုံဖြင့် မိမိ ခန္ဓာကိုယ်ကို ကြည့်တော့ အိပ်ယာပေါ် ပက်လက်လှန်ဆန့်ဆန့် အိပ်နေပုံမြင်ရမယ်။
  • အခုငါ ၀ိညာဉ်မချုပ်သေးလို့ ဒီတိုင်းရှိတာ။ ၀ိညာဉ် ချုပ်သွားလို့ရှိရင် ငါ့ရဲ့  ဒီခန္ဓာကိုယ်ကြီး သေပြီးတော့ အသုဘကြီးဖြစ်မှာ။ အဲဒီလို နှလုံးသွင်းလိုက်ပါ။
  • အဲဒီတော့ မိမိခန္ဓာကိုယ်ကြီးဟာ အသုဘအဖြစ်ကြီးကို မြင်လာလိမ့်မယ်။ ကိုယ့်ခန္ဓာ ကိုယ့် ဖာသာကြည့်တော့ ကိုယ့်ဖာသာကိုယ်မြင်တယ်။ ကိုယ်နဲ့မဆိုင်သလိုလို ဆိုင်သလိုလိုလည်း ထင်တတ်တယ်။ ပိုင်ပိုင်ကြီးကြည့်ရတယ်။ အဲဒီလိုကြည့်ပါများလာတော့ အသုဘကို ကိုယ့်ဖာသာကိုယ်မြင်ပြီမှတ်။
အသုဘဆိုတာ မတင့်တယ်တာပြောတာ။ အခု အသက်ဝိညာဉ် မချုပ်သေးခင်က အသုဘအစိမ်း ခေါ်တယ်။ ၀ိညာဉ်ချုပ်ပြီးတဲ့အခါကျတော့  ကြွေပြီးအသုဘ ခေါ်တယ်။ အညှာမှ ကြွေပြီးသော သစ်သီးမှည့်ကဲ့သို့ ကြွေပြီးသော အသုဘခေါ်တယ်။ မကြွေခင် ၀ိညာဉ်မချုပ်သေးခင်က သရက်သီးများ အညှာနဲ့ တန်းလန်းရှိသော (သရက်သီး) အသီးကဲ့သို့ အညှာမကြွေသေးတော့ အသုဘအစိမ်းခေါ်တယ်။ တို့ဝိညာဉ်မချုပ်သေးတော့ ဒီခန္ဓာကိုယ်ကတော့ အသုဘတော့ အသုဘပါပဲ။ တင့်တယ်ခြင်းမရှိဘူး။ တင့်တယ်ခြင်းမရှိသော်လည်းပဲ ၀ိညာဉ်တန်းလန်း ရှိနေသောကြောင့်၊ အညှာမှ မကြွေသေးသောကြောင့် အသုဘအစိမ်းခေါ်တယ်။

ဒီခန္ဓာကိုယ်ကြီး အသုဘကြီးပဲလို့ မြင်ပြီဆိုတော့ နှစ်သက်မှု၊ တွယ်တာမှု ဘာမှမရှိတော့ဘူး။ နှစ်သက်မှု၊ တွယ်တာမှု မရှိတော့ခြင်းက အမြတ်ထွက်လာတယ်။ ခန္ဓာကိုယ်လည်း တွယ်တာမှုမရှိဘူး၊ (ခန္ဓာ)ကိုယ်သာမဟုတ်သေးဘူး။  ပစ္စည်းဥစ္စာလည်း တွယ်တာမှု မရှိဘူး။ ဘုန်းကြီးဆိုလို့ရှိရင် ကျောင်းကန်လည်း တွယ်တာမှုမရှိဘူး။ အသုဘ ကမ္မဋ္ဌာန်း စီးဖြန်းလို့ အသုဘပုံကို ပိုင်ပိုင်မြင်ထားသော ဘုန်းကြီးများ ပစ္စည်းဥစ္စာတွေကို သိမ်းဆည်းထားလေ့မရှိဘူး။ ဘာမှမက်မောခြင်း မရှိဘူး။ အဲဒီလိုဘုန်းကြီးက ကျောင်းကန်နဲ့စပ်လို့ စကားလည်း ပြောလိမ့်မယ် မဟုတ်ဘူး။ စိတ်တွေက အလိုလို အေးချမ်းပြီးတော့ ရဟန္တာပုဂ္ဂိုလ်လိုလိုကို ထင်ရလောက်အောင် စိတ်တွေက အေးချမ်းပျော့ပျောင်း သွားတယ်။ လူလည်း ဒီအတိုင်းပါဘဲနော်။ အဲဒါမှတ်ထားကြ။

အသုသ အသုဘ ဆိုလို့ ခက်ခက်ခဲခဲ ရှုရတာမဟုတ်ဘူး။ ဒီစကားနဲ့ဆက်လို့ ရှေးကဆိုရိုးရှိတယ်။ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့စကား ရှေးလူကြီးတွေစကား။ အသုဘ မသာအိမ်ကို တစ်ခေါက်သွားခြင်းသည် ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့၊ ဥပုသ်စောင့်၊ တရားနာ ဆယ်ခေါက်သွားတာထက် မသာတစ်ခေါက် သွားလိုက်ခြင်းက ပို၍ခရီးရောက်တယ်။ တနည်းအားဖြင့် ညီမျှသော ကုသိုလ်ရှိတယ်လို့ ဆိုတယ်။ ဆိုလိုသည်မှာ အသုဘ ရုပ်ကြီးကြည့်ပြီးတော့ကာ သြော်...သူ့ခမျာ သေရှာလို့ တကယ် အသုဘ အစစ်ဖြစ်ပြီ။ ငါ့ခန္ဓာကိုယ်လည်း ဒီလိုဖြစ်မှာပဲ၊ အဲဒီလိုတွေးဆကြည့်တော့ကာ အသုဘရှုခြင်း အဓိပ္ပါယ်ရောက်တယ်။ ရှေးအခါက အသုဘနဲ့ စပ်လို့ ဘုန်းကြီးတွေပင့်စာရေးသောအခါ ဘယ်ရွာက ဘယ်သူကွယ်လွန်သွားလို့ အသုဘရှုစား ကြွတော်မှုပါလို့ ပင့်လေ့ရှိကြတယ်။ ဘုန်းကြီးတွေကို။ လူများကိုလည်း အသုဘရှု တရားနာကြွကြပါလို့ ဖိတ်စာရိုက်လေ့ရှိကြတယ်။ လူအများ အသုဘရှုလား မရှုလားတော့ မသိဘူး။ အသုဘတော့ပို့ကြတယ်။ အသုဘပို့တယ်ဆိုတာ ဒီလိုအသုဘရှုနည်းကို ကြည့်ကြ။ ရုပ်ခန္ဓာက သေတ္တာထဲထည့်ထားလို့ မမြင်ရသော်လည်း အဲဒီထဲမှာ ရုပ်ကြွင်းခန္ဓာကြီးက နှစ်သက်ဖွယ် မရှိတော့ဘူး။ ပုပ်ပွနေမယ့်၊ မပုပ်ပွသေးသော်လည်း ပုပ်ပွဖို့ရန် ရှေးရှုနေတဲ့ စပ်ဆုတ်ရွံ့ရှာဖွယ် ခန္ဓာကိုယ်ကြီးဘဲ။ ငါ့ခန္ဓာကိုယ်လည်း ဒီအတိုင်းပဲ။ အဲဒီလိုတင်စားကြည့်ရင် အဲဒါအသုဘရှုခြင်းပြီးသွားတယ်နော်။

ပြီးတော့ တို့ခန္ဓာကိုယ်တွေဟာ အသက်မသေသေးခင် အသုဘစိမ်းတွေ လှုပ်ရှားနေကြတာ။ အမှန်စင်စစ် နှစ်သက်ဖွယ်မရှိ၊ မတင့်တယ်သော အသုဘတွေ။ မတင့်တယ်သောကြောင့် ဒီခန္ဓာကိုယ်ကြီး တင့်တယ်စေခြင်း အကျိုးငှာ ရေချိုးပေးရတယ်။ အ၀တ်တန်ဆာ ဆင်ကြတယ်။ သနပ်ခါးနံ့သာတွေ လိမ်းလို့ ပြုကြ ပြင်ကြတယ်။ အသုဘကြီး ပြင်နေကြတာနော်။ သေပြီးသား အသုဘကြီးကို ပန်းကုံးကြီးတွေ ထောင်လို့၊ မတင့်တယ်တာတွေကို တင့်တယ်ပါစေခြင်း အကျိုးငှာ လှပသော အ၀တ်ကလေးတွေဖုံးလို့၊ အဲဒီလို ပြုပြင်ကြသကဲ့သို့ တို့ခန္ဓာကိုယ်ကြီးလည်း မတင့်တယ်သော အသုဘကြီးတင့်တယ်အောင် သနပ်ခါးလိမ်းရတာ၊ မိန်းမတွေ ကျောက်ပြင်ပေါ် သနပ်ခါး တရွှဲရွှဲနဲ့ သွေးကြတယ်။ အဲဒီအသုဘကြီးကို ပြင်ကြတာအဲဒါ။ ငါဟာ အသုဘကြီးကို ပြင်နေတာဘဲလို့ နားလည်ကြနော်။ ငါ့အသုဘကြီး ငါပြင်ထားတာ။ သူကလည်း သူ့အသုဘကြီး သူပြင်လာတာ။ အမယ်.. အသုဘကြီး ပြင်လာလိုက်တာ သနပ်ခါးချောင်းကြီးတွေ ကွက်လို့၊ နှုတ်ခမ်းနီကြီးတွေ ဆိုးလို့၊ ခေါင်းမှာလည်းပန်းတွေ ပန်လို။့ သူတို့ အသုဘကြီးတွေ ကိုယ့်ဟာကိုယ် ပြင်လာကြတာ။ နားလည်ကြရဲ့ လား။ ဟုတ်ကဲ့လား။ ကိုယ့်အသုဘကိုယ် ပြင်ကြတာနော်။ သေပြီးတဲ့အခါ ကိုယ့်အသုဘကို သူများပြင်ကြမှာ။



 
Typed By: M.Pyone

ဆက်လက်ဖတ်ရှုရန်

Tuesday, June 12, 2012

မေတ္တာ…



ကိုယ့်သန္တန်မှာ ကုသိုလ်ဓါတ်ဖြစ်ပွားဖို့အတွက်က လိုရင်းပဲ။ နားလည်ပြီလား....။ 

အဲဒီတော့ တစ်ဘက်သားကို နှလုံးအေးအောင်၊ စိတ်တိုင်းကျအောင် မေတ္တာနှင့် ယှဉ်ပြီးတော့ကာ ချစ်တဲ့စိတ်နှင့် ပွားရမှာ။

အဲဒီတော့ ချစ်တဲ့စိတ် ပေါ်လာရင် ပေးရတာလည်း ၀န်မလေးတော့ဘူး။ နည်းနည်းချစ်ရင် နည်းနည်း ပေးနိုင်တယ်၊ များများချစ်ရင် များများပေးနိုင်တယ်။ တအားချစ်ရင် အသက်ပါပေးနိုင်တယ်။ သဘောပေါက်လား။ ချစ်တဲ့စိတ်သာ ပေါ်ပါစေ။ ဒါလိုရင်း အချက်ပဲ။ ဒီတော့ ကုသိုလ်အားလုံးရဲ့  လိုရင်းအချက်ဟာ မေတ္တာပဲ။ သဘောပေါက်ပြီနော်။ လိုရင်းဟာ ဘာတဲ့တုန်း။ မေတ္တာ…။

တကယ်ချစ်တဲ့စိတ် ထားရမယ်နော်။ မိခင်ဟာ တစ်ဦးတည်းသော သားလေးအပေါ်မှာချစ်တဲ့စိတ်မျိုးတဲ့၊ အသက်ပါပေးတဲ့ စိတ်မျိုးဖြစ်နေတာ။ အဲဒီစိတ်မျိုးနဲ့ သတ္တ၀ါများအပေါ်မှာ ထားရမယ်။ အပိုင်းအခြားမရှိ ထားရမယ်။ ငါ့မိသားစု၊ သူ့မိသားစု နယ်နိမိတ် မခြားရဘူးတဲ့။ အဲဒီစိတ်မျိုး ထားနိုင်ပြီဆိုရင် ကျန်တဲ့ဒါနကအစ ပါရမီအကုန် အောင်တာပဲ။ ပုညဆိုတဲ့ ကောင်းမှုဝင်တော့မှာပဲ။ နားလည်ပြီလား။

အဲဒီတော့ ဘယ်သူ့အပေါ်ကိုဖြစ်ဖြစ် ကြည့်လိုက်လို့ရှိုရင် အပြစ်မရှာရဘူး၊ အမုန်းမထားရဘူး။ နားလည်ပြီလား။ အတင်းမပြောရဘူး၊ စိတ်ထဲကလည်း မပြောရဘူး၊ ပါးစပ်ကလည်း မပြောရဘူးနော်။ ချစ်တတ်အောင် ကြိုးစားရတယ်။ နားလည် ခွင့်လွှတ်ပြီးတော့ ရင်ထဲမှာ တန်ဖိုးထားရမယ်။

ဒီနေရာမှာ မေတ္တာနဲ့ ချစ်ပုံချစ်နည်းက (တခြားချစ်ပုံချစ်နည်းတွေနှင့်) မတူဘူးနော် ။ သေချာမှတ်ပါ။ အခု ဘုန်းဘုန်းတို့ သိတာတွေနဲ့ တခြားစီပဲနော်။ ကုသိုလ်ရဲ့  အခြေခံလေးကို သေချာမှတ်ကြ။

ဒီကုသိုလ်ဓါတ် ဖြစ်ဖို့အရေးက မေတ္တာဓါတ် အခြေခံမှရတာတဲ့။ မေတ္တာဆိုတာ ပါဠိစကားဖြစ်နေတယ်။ ဒါကို ဘာသာပြန်ရတာ အင်မတန် ခက်တယ်။ ဘုရားပေးတဲ့ ဥပမာနဲ့မှ သဘောပေါက်မှာနော်။ မိခင်က သားလေး တစ်ယောက်ထဲ ရထားတဲ့အပေါ်မှာ ထားတဲ့ မေတ္တာမျိုး ဆိုတော့ကာ အချက်တွေက ဆရာတော်ကြီးတွေ ကြိုးစား ပြန်ကြတာနော်။ ကိုယ့်သားလေးကို ကြည့်ပြီးတော့ကာ မတောင်းပဲနဲ့ ကလေးလေးက ဆယ်လသားဆိုရင် စကားမပြောတတ်သေးဘူး။ သို့သော် ကလေးငိုတာနဲ့  အမူအယာကြည့်ပြီးတော့ကာ ကလေးရင်ထဲမှာ ဘာလိုနေတယ်ဆိုတာကို ဖော်နိုင်ကြတယ်။ သဘောပေါက်ရဲ့လား။ အဲဒီတော့ ကိုယ့်ကိုယ်နဲ့ သူ့စိတ် စိတ်ဝင်စားနိုင်ရမယ်။

အဲဒီတော့ ၁) က ကိုယ့်ကိုယ်နဲ့သူ့စိတ် ဖြစ်နေတယ်လို့ မှတ်ရမယ်။ ကိုယ်လုံးကတော့ ကိုယ့်ကိုယ်ပဲ။ စိတ်က သူ့စိတ်တဲ့။ အဲဒီလိုနေနိုင်မယ်ဆိုရင် မေတ္တာရဲ့  အခြေခံ အကြောင်းတစ်ချက်ပေါ်လာတယ်။

ပြီးရင် ၂) က တစ်ဖက်သားကို တကယ်တန်ဖိုးထားရမှာ။ တန်ဖိုးထားရမှာနော်။ ကိုယ့်သားသမီးလေးတွေ ဘယ်လောက် အရုပ်ဆိုးဆိုး ချစ်တာပဲ။ တန်ဖိုးထားတာပဲ။ ဘယ်လောက်မိုက်မိုက် တန်ဖိုးထားကြတယ်မဟုတ်လား။ အဲဒီအတိုင်းပဲ။ တကယ်တန်ဖိုးထားရမှာ။ တဖက်သားကို တန်ဖိုးထားပြီး တကယ်ချစ်ရမယ်။ စိတ်ဝင်စားရမှာ။ နားလည်ပြီနော်။ တဖက်သားကို ဂုဏ်ပျက်အောင် တန်ဖိုးကျအောင် မတွေးရဘူး။ မပြောရဘူး။ တန်ဖိုးမချပစ်ရဘူး။ မုန်းရင် တန်ဖိုးချပစ်တာ။ အလကားပါကွာ။ ဘယ်လောက်ရှိရှိ။ ဒီလိုဟာ တန်ဖိုးချတာ။ နားလည်မလား။ အဲဒီလိုမျိုးမရှိရဘူး။ တန်ဖိုးချရင် ကိုယ့်စိတ်က စွမ်းအားကျသွားပြီ။ အပူဓါတ်ထွက်ပြီ။ တန်ခိုးကျတော့မယ်။ တူသော အကျိုးပေးလိမ့်မယ်။ ကိုယ့်ကိုမုန်းတဲ့ သူတွေပေါ်လာတော့မှာပဲ။ နားလည်မလား။ ဒီ(ကိုယ်)ထဲစွမ်းအားမဟုတ်တာ ၀င်သွားတာကိုး။ စိတ်အစာ စားမှားသွားတာကိုး။ သဘောပေါက်ရဲ့ လား။ သေချာမှတ်နော်။

ပြီးရင် ၃) က တန်ဖိုးထားတဲ့ အပြင်မှာ တန်ဖိုးထားရင် မှားချင်သလောက် မှားပါစေ။ နားလည်ခွင့်လွှတ်ရမယ်။ နားလည်ခွင့်လွှတ်တဲ့စိတ် ရှိကိုရှိရမယ်။ ကိုယ့်ကိုယ်ကအစနော်။ အကုန်လုံး ခွင့်လွှတ်ရမှာနော်။ နားလည်ခွင့်လွှတ်ရမှာ။ အဲ… ခွင့်မလွှတ်နိုင်ဘူးဆိုရင်တော့ ပူနေမှာပဲ။ အရာရာကို နားလည် ခွင့်လွှတ်ပေးနိုင်ကြတဲ့စိတ်က မိခင်စိတ်ပဲ။ သားသမီးတွေ ဘယ်လောက်ဆိုးဆိုး နားလည်ခွင့်လွှတ်ကြတာပဲနော်။ ဘယ်လောက်မှားမှား၊ ကြိုက်သလောက်မှား။ တစ်ခါမှားလည်းပဲ ပြောသာပြောတာ။ ခွင့်လွှတ်တာပဲ။ နှစ်ခါမှားလည်း ခွင့်လွှတ်ပဲ။ ဆယ်ခါမှားလည်း ခွင့်လွှတ်ပဲ။ သေသည်အထိ ခွင့်လွှတ်တုန်းပဲ။ ခွင့်လွှတ်လို့ မဆုံးမှ မဆုံးနိုင်တာနော်။ သူက မေတ္တာအားကိုး။ သဘောပေါက်ရဲ့လား။ မေတ္တာတကယ် ရှိသွားရင် နားလည်ခွင့်လွှတ် နိုင်ကြတယ်။ ခွင့်မလွှတ်တော့ဘူး။ တစ်သက်လုံးမုန်းတယ်ဆိုရင် ဒါမေတ္တာ ကင်းမဲ့သွားလို့။ အဲဒီအမုန်းဓါတ်ဝင်ရင် ကိုယ်ပဲစွမ်းအားကျသွားတာပဲ။ သဘောပေါက်လား။ အားလုံးအပေါ်ကို တန်ဖိုးထားရမယ်။ တကယ်ချစ်ရမယ်၊ နားလည် ခွင့်လွှတ်တတ်ရမယ်။

ပြီးရင် နံပါတ်၎) က ကောင်းစားစေချင်တဲ့စိတ် မလျှော့ရဘူး။ သူ့အပေါ် တိုးတက်ကောင်းမွန်တာကိုပဲ တောင့်တရမယ်။ ကောင်းစားစေလိုသောစိတ်တဲ့။ အမြဲရှိရမယ်။

ဒါကိုယ့်ကိုယ်ကို ကြိုးစားကြ။ ကိုယ့်ကိုယ်နဲ့ သူ့စိတ်နော်။ စိတ်ဝင်စားပြီးတော့ တကယ်တန်ဖိုးထားရမယ်၊ ကောင်းစားစေလိုတဲ့ စိတ်ရှိရမယ်၊ နားလည်ခွင့်လွှတ်ရမှာနော်။ အဲဒီလိုစိတ်မျိုးနဲ့ တကယ်ချစ်ရမှာ၊ တကယ်တန်ဖိုးထားရမှာ။ အဲဒီစိတ်သာ ဘုန်းဘုန်းတို့မွေး။ အကုန်အောင်မြင်ပြီသာ မှတ်တော့။ နားလည်မလား၊ ကောင်းပြီနော်။ မခက်ဘူးနော်။

များသောအားဖြင့် လူတွေက ကိုယ့်အကြောင်းကိုပဲ စိတ်ဝင်စားပြီးတော့ ကိုယ့်ကိုယ်နဲ့ကိုယ့်စိတ် လုပ်နေကြတာ။ ဒီကစတာ။ အဲဒါ မာနသမားတွေ၊ အယူသမားတွေ။ နားလည်မယ်နော်။ ကိုယ်ဖြစ်ချင်တာပဲ လျှောက်တွေးနေတော့ ကိုယ့်ကိုယ်နဲ့ကိုယ်စိတ်။ သူများဘက်က လှည့်မစဉ်းစားဘူး၊ ဘယ်တော့မှ မအောင်ဘူး၊ နားလည်မလား။ အပူဓါတ်ပဲထွက်နေမှာပဲ။ အဲ…ဖြစ်ရမှာက ကိုယ့်ကိုယ်နဲ့ သူစိတ်ဖြစ်ရမှာ စိတ်ဝင်စားပြီးတော့ တဖက်သားရင်ထဲအေးအောင် ဘာလုပ်ပေးရမလဲဆိုပြီး တန်ဖိုးထားပြီးတော့ကာ ကောင်းစားစေချင်တဲ့စိတ်ကို မွေးရမှာ။ မှားလည်းပဲ နားလည်ခွင့်လွှတ်တယ်။ ပြီးတာ ပြီးခဲ့ပြီ။ ထားပစ်ခဲ့။ တအားချစ်နေရမှာ။ အဲဒီစိတ်မျိုး များများ ထားနိုင်လို့ရှိရင် ဒါနက အစ အကုန်အောင်ပြီပဲ။ အောင်ရင် စွမ်းအား ပြည့်လာတာပဲ။ ဘုရားအလောင်းတော်တွေလည်း ကျင့်ခဲ့ကြတာ ဒီကစတာပဲ။ သဘောပေါက်ပြီလား။ အဲဒီတော့ ရုပ်တွေကအစ အကုန်ကြည်လင်ပြီး ပြောင်းတော့တာပဲ။ ရပြီနော်။

ဒါက နိယာမတရားကြီးတဲ့။ ကမ္ဘာ့အစဉ်အလာ နိယာမတရားကြီးတဲ့။ လမ်းဟောင်းကြီးခေါ်တယ်။ ဘုရား၊ ပစ္စေကဗုဒ္ဓတွေလည်း ဒီကပဲ သွားတာပဲ။ နိဗ္ဗာန်လမ်းအထိ ပေါက်တာနော်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တိုင်းက ဒီကချည်းသွားတာပဲ။ အဲ…ဆန့်ကျင်ဘက် ကျင့်တဲ့ပုဂ္ဂိုလ်ကတော့ ဆုံးရှံးတဲ့အထဲမှာ အကုန်ပါတာပဲ။ အပယ်လေးပါးသွားကြမှာပဲ။



 
Typed By: M.Pyone
ဆက်လက်ဖတ်ရှုရန်

Saturday, June 9, 2012

ပဲခူး အောင်သုခဓမ္မရိပ်သာဆရာတော်ဘုရားကြီး၏ လွယ်ကူရိုးရှင်းသော နမောတဿဘုရားရှိခိုး



အရဟတော = လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ထသော၊
သမ္မာသမ္ဗုဒ္ဓဿ = သစ္စာလေးပါး မြတ်တရားကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူပေထသော၊
တဿ ဘဂ၀တော = အရဟံအစ ဘဂ၀ါအဆုံးရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားအား၊
အဟံ = ရုပ်နာမ်နှစ်ဖြာ ဟုတ်မှန်ရာကို သူငါမှည့်ခေါ် ဘုရား တပည့်တော်၊ တပည့်တော်မတို့သည်၊
နမော နမာမိ = ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား။

(သာဓု၊ သာဓု၊ သာဓု။)


ဆက်လက်ဖတ်ရှုရန်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ၏ နမောတဿ ဘုရားရှိခိုး


နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အရဟတော = တစ်ထောင့်ငါးရာ ကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ မကောင်းမှုတရားတို့ကို ဆိတ်ကွယ်ရာ၌ပင် ပြုတော်မမူ၊ ပြောတော်မမူ၊ စိတ်တော်ကပင် ကြံစည်တော်မမူသဖြင့်၊ ဗြဟ္မာ၊ နတ်၊ လူသုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေထသော။

သမ္မာသမ္ဗုဒ္ဓဿ = သစ္စာလေးပါး မြတ်တရားနှင့် အလုံးစုံသော တရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တတ်အပ်ထင်ထင် သိမြင်တော်မူနိုင် ပါပေထသော။

တဿ ဘဂ၀တော = ထိုဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား။

နမော = ရိုသေမြတ်နိုး မာန်ညွတ်ကျိုးး၍ ရှိခိုးခြင်းသည်။

အတ္ထုဘ၀န္တု = စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။

(သာဓု၊ သာဓု၊ သာဓု။)
 
ဆက်လက်ဖတ်ရှုရန်