Sunday, May 27, 2012

ဘုန်းဘုန်း အရှင်တိက္ခဉာဏာလင်္ကာရ (TKNN) အတွက် သက်တော် (၃၄) နှစ်ပြည့် မွေးနေ့လက်ဆောင်

ဒီနေ့ Facebook စာမျက်နှာ စစဖွင့်လိုက်ချင်း တွေ့လိုက်ရတယ်။ ဘုန်းဘုန်း ဦးတိက္ခမွေးနေ့တဲ့။ သက်တော် (၃၄) နှစ် ပြည့်တာဆိုပဲ။


ဆောင်းပါးတစ်ပုဒ်ရေးဖို့အတွက် ကျမ်းကိုးချင်လို့ အနားမှာ ဖတ်ဖို့ထုတ်ထားတဲ့ သပြေကန်ဆရာတော်ကြီးရဲ့  ပရိတ်ကြီးနိဿယသစ်က မင်္ဂလသုတ်မှာ အမှတ်စဉ် (၃၄) ခုမြောက် မင်္ဂလာကို ဘာရယ်မဟုတ် သွားဖတ်ကြည့်မိတယ်။ နိဗ္ဗာနသစ်္ဆိကိရိယ တဲ့။


Google ကနေ 34 လို့ ရိုက်လိုက်မိတယ်။ ပေါ်လာတာတွေ အများကြီးထဲက Magic Square တစ်ခုပုံက အာရုံကို ဖမ်းစားသွားတယ်။ အလျား အနံ လေးကွက်ဆီပါတဲ့ စတုရန်းကွက်မှာ ၁ ကနေ ၁၆ အထိ ဂဏန်းတွေကို စနစ်တကျ ဖြည့်လိုက်တော့ ဘယ်လိုပေါင်းပေါင်း အဖြေက ၃၄ ပဲ ရတယ်။



ဗုဒ္ဓတရားတော်နှင့်ပတ်သက်တဲ့ ရေတွက်မှုတွေမှာ (၁၆) ဂဏန်းနှင့်ပတ်သက်တာ ဘာများရှိပါလိမ့်လို့ စဉ်းစားလိုက်တော့ ခေါင်းထဲ ချက်ချင်းပေါ်လာတာက ဉာဏ်စဉ် (၁၆) ပါး ဖြစ်နေတယ်။

**********************************

ဘုန်းဘုန်းရေ.... ဒီနှစ်လည်း မနှစ်ကလိုပဲ ဘုန်းဘုန်းကို အတွေးနယ်ချဲ့ လို့ရအောင် ဂဏန်းတွေ အမှတ်တရ လက်ဆောင်ပေးလိုက်ပါတယ်။

သက်တော် (၃၄)နှစ်ပြည့်တဲ့ နှစ်မှာ လောကီ၊ လောကုတ် နှစ်ဖြာစလုံးမှာ ထူးခြားတဲ့ ပျော်ရွှင်ကျေနပ်မှုတွေနှင့်အတူ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘုရား။


ရိုသေစွာဖြင့်
ဝိမုတ္တိသုခ
၂၇၊ ၅၊ ၂၀၁၂။ (တနင်္ဂနွေနေ့)
ဆက်လက်ဖတ်ရှုရန်

Saturday, May 26, 2012

နံ့ သာထုံလို့ ပူဇော်ရာဝယ်



တလောက မိတ်ဆွေတစ်ယောက် သူ့အိပ်ခန်းခေါင်းရင်းဘက်မှာ ဘုရားကျောင်းဆောင်လေးတစ်ခု လုပ်နေတုန်း ကျွန်တော်ရောက်သွားခဲ့တယ်။ သူက သူ့စိတ်ကြိုက် မြတ်စွာဘုရားပုံတော်တွေ၊ ဓါတ်တော်တွေ၊ တရားစာအုပ်တွေနှင့် မိဘဓါတ်ပုံတွေကို တရိုတသေ နေရာချနေတာကြည့်ပြီး ကျွန်တော် စိတ်ကြည်နူးမိတယ်။ နောက် သူက မြတ်စွာဘုရားကို ဖယောင်းတိုင်မီးနှင့် အမွှေးတိုင်ပူဇော်ဖို့ နေရာစီစဉ်နေတော့ ကျွန်တော် သူ့ကို သတိပေးစကားပြောဖြစ်ခဲ့တယ်။ ဒီနိုင်ငံမှာ နေကြရတဲ့ အခန်းတွေက ကျဉ်းပြီး ရာသီဥတုအခြေအနေအရ တံခါးတွေက အလုံပိတ်တွေနှင့်မို့လို့  လေ၀င်လေထွက်က မကောင်းတဲ့အတွက် အမွှေးတိုင်ပူဇော်တာ သိပ်တော့ မသင့်လျှော်ဘူးထင်ကြောင်း၊ သဒ္ဓါတရားကို ပိတ်ပင်တားဆီးသလိုမျိုး ဖြစ်မှာလည်း စိုးကြောင်း၊ အမွှေးတိုင်အစား တခြားအစားထိုး တစ်ခုခုသုံးပြီး ပူဇော်တာ ပိုကောင်းမယ်ထင်ပါကြောင်း၊ နောက်ပြီး အတူနေတဲ့ အခန်းဖော်မိတ်ဆွေကိုလည်း အမွှေးတိုင်အနံ့ အဆင်ပြေမပြေ အရင်မေးပြီးမှ ပူဇော်တာ ကောင်းမယ်ထင်ကြောင်း ပြောဖြစ်ခဲ့ပါတယ်။

ကျွန်တော် မြန်မာပြည်မှာရှိနေခဲ့တုန်းကတော့ တစ်လျှောက်လုံး မြတ်စွာဘုရားကို ပန်း၊ ဆီမီး၊ ရေချမ်း၊ အမွှေးနံ့သာ ဆိုပြီး အမြဲ အတွဲလိုက် ပူဇော်နေကြပါ။ ကိုယ်က ဘုရားကို ပူဇော်ချင်တဲ့စိတ်က အားကြီးနေတော့ အမွှေးတိုင်ရဲ့  ဘေးထွက်ဆိုးကျိုးကို သိပ်မစဉ်းစားဖြစ်ခဲ့ပါဘူး။ အိမ်မှာ ဒါမှမဟုတ် ဘုရားရင်ပြင်မှာ ပူဇော်ဖြစ်တော့လည်း လေ၀င်လေထွက်က ကောင်းနေတော့ အမွှေးတိုင်အနံ့ကို ပြဿနာလို့ မထင်မိခဲ့တာ အမှန်ပါ။ ဒါပေမယ့် နောက်ပိုင်းတော့ တဖြည်းဖြည်းနှင့် အမွှေးတိုင်ပြဿနာကို စဉ်းစားမိလာဖြစ်ခဲ့ပါတယ်။

ဒီနိုင်ငံရောက်လာတော့ ကိုယ်နေရတဲ့ အခန်းအနေအထားကို ကြည့်ပြီး ဘုရားကို အမွှေးတိုင်နှင့် ပူဇော်ရင် အဆင်မပြေလောက်ဘူးဆိုတာ သတိထားမိခဲ့ပါတယ်။ စိတ်ထဲမှာ မြတ်စွာဘုရားကိုလည်း အမွှေးနံ့သာတစ်ခုခုနှင့် ပူဇော်ချင်တဲ့စိတ်က ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အီတလီမှာရောက်နေတဲ့ အမ မသစ္စာအလင်း (http://www.facebook.com/thanthan.sein) နှင့် အွန်လိုင်းမှာ ခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ်။ ကျွန်တော့်ကို မြတ်စွာဘုရားကို အမွှေးနံ့သာနှင့် ဘယ်လိုပူဇော်လို့ရတယ်ဆိုတာကို သင်ပြပေးပြီး ဆရာတော်အရှင်ဆန္ဒာဓိကရဲ့  တရားတစ်ပုဒ် နာခိုင်းခဲ့ပါတယ်။ နောက်ပြီး အမက ကျွန်တော်ပူဇော်လို့ရအောင် မြတ်စွာဘုရားရှင်ဓါတ်တော်တွေရယ်၊ ရဟန္တာအရှင်မြတ် ရှင်သီဝလိဓါတ်တော်တွေရယ်၊ နောက် အီတလီရေမွှေးပုလင်း တစ်ပုလင်းရယ်ကို ဓမ္မလက်ဆောင်အဖြစ် လှမ်းပို့ပေးလိုက်ပါတော့တယ်။

ကျွန်တော်လည်း ဆရာတော်ဟောထားတဲ့  “နံ့ သာဖြင့် ထုံမွမ်းအပ်သော” ဆိုတဲ့ တရားကို နာယူဖြစ်ခဲ့ပြီး မြတ်စွာဘုရားရှင်ကို အမွှေးနံ့ သာဖြင့် စနစ်တကျပူဇော်ပုံကို နည်းယူမှတ်သားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ အမလက်ဆောင်ပေးတဲ့ ရေမွှေးကို ပုဝါတစ်ထည်မှာ ဆွတ်ဖြန်းပြီး ဘုရားရှင်ကို အမြဲတမ်း ပူဇော်ဖြစ်ခဲ့ပါတော့တယ်။ အခုဆိုရင် ကျွန်တော့်အခန်းမှာ ဘုရားရှင်ကို ပူဇော်ထားတဲ့ ရေမွှေးနံ့က အမြဲတမ်းသင်းပျံ့ နေပါတယ်။ အပြင်က ပြန်ရောက်လာတိုင်း အခန်းထဲဝင်လိုက်တာနှင့် ရေမွှေးနံ့ကို စတင်သတိထားမိတတ်ပြီး မြတ်စွာဘုရားကို အမွှေးနံ့သာနှင့် ပူဇော်ထားတာပါလား ဆိုတဲ့ အမှတ်ရမှုကို ဖြစ်ပေါ်စေပါတယ်။

ရေမွှေးနဲ့ ပူဇော်တာဟာ အမွှေးတိုင်ထွန်းပြီး ပူဇော်တာထက် အားသာချက်တွေရှိတာကို သတိပြုမိပါတယ်။ အဓိကကတော့ မီးခိုးငွေ့ပြဿနာ လုံးဝမရှိခြင်းပါပဲ။ အမွှေးတိုင်ရဲ့ အငွေ့ဟာ နံ့သာပါတယ်ဆိုပေမယ့်လို့ ရှူမိသူတွေအတွက် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ နောက် အမွှေးတိုင်မီးလောင်ပြီး ကျလာတဲ့ ပြာတွေကလည်း အမှိုက်ပွစေတတ်ပြီး လေတိုက်တဲ့အခါလည်း နေရာအနှံ့ ကို လွင့်တတ်ပါသေးတယ်။ နောက် အမွှေးတိုင်ဆိုတာမျိုးက တစ်ကြိမ်ပူဇော်ရင် မိနစ်အနည်းငယ်သာ အချိန်ကြာမြင့်နိုင်ပါတယ်။ အမွှေးတိုင်ကုန်ရင် အနံ့လည်း ကုန်သွားတာပါပဲ။ ရေမွှေးနှင့် ပူဇော်တာကျတော့ တစ်ခါပူဇော်ထားရင် ရက်နှင့်ချည်ပြီး ရနံ့ က ပျက်ပြယ်မသွားတတ်ပါဘူး။

ရေမွှေးသုံးပြီး ပူဇော်မယ်ဆိုရင်တော့ ဖြစ်နိုင်ရင် ကိုယ်တန်ဖိုးထားပြီး အမြတ်တနိုးသုံးစွဲတဲ့ ရေမွှေးမျိုးနှင့် ဘုရားရှင်ကို ပူဇော်တာကတော့ အကောင်းဆုံးဖြစ်မှာပါပဲ။ ကိုယ်ကိုယ်တိုင်က ရေမွှေးသုံးလေ့သုံးထမရှိဘူးဆိုရင်တော့ အနံ့တအားမပြင်းတဲ့ ရေမွှေးမျိုးကို ရွေးချယ်သင့်ပါတယ်။ နောက်ပြီး ရေချိုးခန်းသုံးရေမွှေးမျိုးတွေ မသုံးမိဖို့လည်း သတိပြုသင့်ပါတယ်။ တချို့ ရေမွှေးတွေမှာ တိရစ္ဆာန်တွေရဲ့  သွေးသားကထွက်တဲ့အဆီအနှစ်တွေကို ထည့်သွင်းအသုံးပြုတတ်ကြတာမို့ အဲဒါမျိုးတွေ မပါရင်တော့ ပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် မိမိရဲ့  စေတနာသဒ္ဓါတရားကသာ အဓိကဖြစ်တာမို့ ရေမွှေးအမျိုးအစားရွေးချယ်မှုကိုတော့ ဒီလောက် ရှေ့ တန်းတင်နေဖို့ တကယ်ကတော့ မလိုပါဘူးလေ။

အမွှေးတိုင်အသုံးပြုတာဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင် ကျွန်တော်တို့တွေအတွက် မကောင်းသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးရှုထောင့်ကကြည့်ရင်လည်း မကောင်းပြန်ပါဘူး။ အမွှေးတိုင်တွေဖြစ်လာဖို့အတွက် အသုံးပြုနေရတဲ့ သစ်ပင်တွေ ၀ါးပင်တွေက တစ်နှစ်တစ်နှစ်ကိုဆို မနည်းပါဘူး။ ဒါတွေဟာ အခုနေမသိသာပေမယ့် ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့်အတူ ဘေးထွက်ဆိုးကျိုးများစွာကို ဖြစ်ပေါ်လာစေမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အခုရော၊ နောင်မှာရော အမွှေးနံ့ သာတိုင်နှင့် ဘုရားရှင်ကို ပူဇော်မယ့်သူတွေကတော့ ရှိနေအုံးမှာပါပဲ။ အခု ကျွန်တော်ရေးတဲ့ ဒီစာဟာ ဒီပုဂ္ဂိုလ်တွေရဲ့  သဒ္ဓါတရားကို တန်ဖိုးမထား၊ ကန့်ကွက်လိုတဲ့ ဆန္ဒနှင့် ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် နံ့သာတိုင်နှင့် ဘုရားကိုပူဇော်သလို တခြားနည်းတစ်ခုနှင့်လည်း ပူဇော်ကြည့်လို့ ရတယ်ဆိုတာလေး မျှဝေပြောပြချင်လို့ပါခင်ဗျာ။

(ရေမွှေးအလှူရှင် အမ မသစ္စာ အား ကျေးဇူးတင်စွာဖြင့် အမှတ်တရ ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။)

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၆၊ ၅၊ ၂၀၁၂။ (စနေနေ့)


ဆက်လက် ဖတ်ရှု နာယူရန်




ဆက်လက်ဖတ်ရှုရန်

Thursday, May 24, 2012

အချိန်တွေ ကျန်ပါသေးတယ်


တစ်နေ့က ဒီမှာ လစဉ်ထုတ်နေတဲ့ ဂျာနယ်တစ်စောင်ကို ဦးစီးနေတဲ့ အကိုတစ်ယောက်နှင့် စကားလက်ဆုံပြောဖြစ်ကြတယ်။ သူက သူ့အကြောင်းတွေ ပြောပြရင်း သူဒီကို ရောက်နေတာ (၁၆) နှစ်ကျော်နေပြီတဲ့။ ရောက်ခါစနှစ်တွေတုန်းက တစ်ရက်ကို (၁၄)နာရီ နေ့တိုင်း (နားရက်မရှိ) အလုပ်လုပ်တယ်တဲ့။ (၆)နာရီအိပ်တယ်။ ပိုနေတဲ့ (၄)နာရီကိုတော့ သူဝါသနာပါတာလေးတွေ လုပ်ပါတယ်တဲ့။ ကျွန်တော်က သူ့စကားကို ကြားတော့ သဘောကျစွာနှင့် ခေါင်းညိတ်ထောက်ခံဖြစ်ခဲ့ပါတယ်။

- - - - - - - -

လွန်ခဲ့တဲ့ (၂)လလောက်က မတွေ့ဖြစ်တာကြာနေတဲ့ မိတ်ဆွေညီငယ်တစ်ယောက်နှင့် အားတဲ့ တစ်ညနေ ချိန်းပြီး စားရင်းသောက်ရင်း လမ်းလျှောက်ရင်းနှင့် ရုပ်ရှင်ရုံတစ်ရုံရှေ့ ရောက်တော့ ဘာကားတွေများ ပြနေလဲဝင်ကြည့်ရင်းက အစီအစဉ်မရှိပဲ ရုပ်ရှင်တစ်ကား ကြည့်ဖြစ်သွားပါတယ်။ ကြည့်ဖြစ်တဲ့ရုပ်ရှင်က Justin Timberlake ရဲ့  In Time ဆိုတဲ့ကားပါ။ (http://en.wikipedia.org/wiki/In_Time) (http://youtu.be/efNzhEKm3w4)

ဇာတ်လမ်းက အချိန်အကြောင်းကို သိပ္ပံစိတ်ကူးယဉ်ဆန်ဆန်ရိုက်ထားပါတယ်။ ၂၁၆၁ ခုနှစ်မှာ လူတွေရဲ့ သက်တမ်းကို ၂၅ နှစ်အထိ သတ်မှတ်ထားပြီး တကယ်လို့ ဒီထက်ပိုပြီး အသက်ရှင်ချင်တယ်ဆိုရင် သက်တမ်းကို ပိုက်ဆံရှာသလို ရှာရပါတော့တယ်။ လူတွေက အဲဒီခေတ်မှာ ငွေကြေးကို မသုံးစွဲကြတော့ပဲ အချိန်ကို ငွေကြေးအစား အသုံးချကြတော့တယ်။ သူတို့ရဲ့ လက်မှာ ဘ၀လက်ကျန် အချိန်တွေကို ဒစ်ဂျစ်တယ်ဂဏန်းတွေနှင့် ဆက်တိုက်ပြပေးနေတယ်။ နှစ်၊ လ၊ ရက်၊ နာရီ၊ မိနစ်၊ စက္ကန့် တွေကို Count Down လုပ်ပြီး ပြပေးနေတယ်။ လူတွေက အဲဒါကို ကြည့်ပြီး တစ်နေ့တာ လုပ်ရမှာတွေကို ချိန်ပြီးလုပ်နေကြရတယ်။

ဥပမာ အလုပ်လုပ်ရင် ပိုက်ဆံမပေးပဲ အသက်ဆက်ရှင်ဖို့ အချိန်ကို ပေးတယ်။ အချိန်ကို အလုပ်ရှင်က သူတို့ကိုယ်ထဲကို လက်ကနေတဆင့် ထည့်ပေးတယ်။ တစ်ခုခုဝယ်မယ်၊ ဘက်စ်ကားစီးမယ်၊ ပါတီမှာပျော်မယ်ဆိုလည်း ကိုယ့်ရဲ့ သက်တမ်းထဲက အချိန်ကို လက်ကနေတဆင့် ကျသင့်ငွေရှင်းသလို ရှင်းရတယ်။ သူတို့ကိုယ်ထဲမှာ အချိန်က နာရီပိုင်းပဲကျန်တော့တယ်၊ ထပ်ပြီး ဖြည့်ဖို့အတွက် အခြေအနေမပေးတော့ဘူးဆိုရင် လက်က အချိန်က တဖြေးဖြေးနှင့် သုညစက္ကန့်ကို ရောက်ပြီး သွားရင်းလာရင်းနှင့်ပဲ လဲကျသေဆုံးကြရတော့တယ်။ Time is money ဆိုတဲ့စကားကို အတွေးအခေါ်ဆန်းသစ်ပြီး ရိုက်ထားတဲ့ ကားလို့ ထင်မိပါတယ်။

ကျွန်တော် အဲဒီရုပ်ရှင်ကြည့်နေရင်းရော၊ ကြည့်ပြီးသွားတဲ့အချိန်မှာရော အချိန်နှင့် သေခြင်းတရားအကြောင်းကို တောက်လျှောက်စဉ်းစားမိတော့တယ်။ တကယ်တော့ ကျွန်တော်တို့မှာလည်း နေရမယ့်အချိန်ဆိုတာက သတ်မှတ်ထားပြီးသားပါ။ သက်တမ်း နှစ်တစ်ရာဆိုပေမယ့် ဘယ်သူမှ နှစ်တစ်ရာပြည့်အောင် မနေနိုင်တော့တဲ့ ခေတ်ဖြစ်နေပါပြီ။ ဘယ်နေ့သေရမယ်ဆိုတာကို သိမထားလို့သာ ကျွန်တော်တို့အားလုံး ပေါ့ပေါ့တန်တန်နေနေကြတာလို့ ထင်ပါတယ်။ တကယ်လို့ အဲဒီရုပ်ရှင်ထဲကလို လက်မှာ လက်ကျန်အချိန်ကို Count Down စနစ်နှင့်သာ တောက်လျှောက် ပြနေမယ်ဆိုပါတော့။ တော်တော်လေး ရင်ခုန်ဖို့တော့ ကောင်းမှာပါ။ လက်ကျန်သက်တမ်းကို အမြဲတမ်း စစ်လို့ရနေမယ်။ ဥပမာ ဒီလထဲသေရမယ့်သူဆိုရင် သူ့ရဲ့ အချိန်တွေက ရက်၊ နာရီ၊ မိနစ်၊ စက္ကန့် တွေလောက်ပဲ ပြတော့မယ်။ တဖြည်းဖြည်းနှင့် လျှော့လာ လျှော့လာပြီး နောက်ဆုံး နာရီလောက်ပဲကျန်တော့မယ်။ ဒီလိုမျိုးသာဆိုရင် အဲဒီလူ ဘာတွေများဆက်လုပ်မလဲ တွေးမိပါတယ်။ ငါဆိုရင်ကော ဘာတွေလုပ်ဖြစ်မလဲပေါ့။

ကျိန်းသေတာတော့ အပိုတွေကို အချိန်ကုန်ခံပြီး လုပ်တော့မှာ မဟုတ်တော့ပါဘူး။ အချိန်က ကိုယ့်အတွက် အဖိုးအရမ်းတန်နေတော့ တကယ်လိုအပ်မယ့်ကိစ္စတွေ၊ မဖြစ်မနေလုပ်ရမယ့် ကိစ္စတွေကိုပဲ လုပ်ဖြစ်တော့မှာပါ။ ဒီလူတစ်ယောက်အတွက် ဖြုန်းစရာ အချိန်ဆိုတာ မရှိတော့ဘူး။ သူအကျိုးရှိမှာတွေကိုပဲ ရွေးလုပ်ဖြစ်တော့မှာ။ စက္ကန့်ပိုင်းလေးတွေက အစ သူ့အတွက် တန်ဖိုးရှိနေမှာ အမှန်ပါပဲ။

- - - - - - -

ပြီးခဲ့တဲ့ တစ်လလောက်က မြန်မာပြည်မှာတုန်းက မိတ်ဆွေတစ်ယောက်ပြောပြဖူးတာလေးက စိတ်ထဲရောက်လာတယ်။ အချိန်ပေးနိုင်ရင် ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်ကို တစ်ရက်ကို (၂၄)ခေါက်နှုန်းနှင့် (၂၄) ရက် ပူဇော်ကြည့်ဖို့ တိုက်တွန်းဖူးတယ်။ အဲဒါကို စိတ်ထဲက စမ်းကြည့်ပူဇော်ချင်လာတာနှင့် ကိုယ့်မှာ အချိန် လုံလောက်မှုရှိလားလို့ တွက်ကြည့်တော့ တစ်ရက်ကို (၈)နာရီလောက် အချိန်အားရနေတာ သတိထားမိတယ်။ ဒါနဲ့ လုပ်ရင်ဖြစ်လောက်ပါတယ်လေဆိုတဲ့စိတ်နှင့် အဲဒီအဓိဋ္ဌာန်ကို စပြီး ၀င်ဖြစ်လိုက်တယ်။

အဓိဋ္ဌာန်ဝင်ပြီး သုံးလေးရက်လောက်ရှိတဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အလုပ်က တစ်လခွဲလောက် ပုံမှန်ထက် အချိန်တိုးပြီး လုပ်ပေးရဖို့ ဖြစ်လာတယ်။ အဓိဋ္ဌာန်ကလည်း ရက်အတော်ရနေပြီဆိုတော့ ဖျက်လိုက်ရမှာ အတော်လေးနှမြောမိပါတယ်။ ဒါနဲ့ တစ်ရက်၊ နှစ်ရက် စမ်းကြည့်မယ်လို့ စိတ်ကူးလိုက်တယ်။ တစ်ရက် (၂၄) နာရီမှာ အလုပ်အတွက် အချိန်က (၁၄) နာရီ ပေးလိုက်ရတယ်။ (၁၄) နာရီလုံး အလုပ်လုပ်နေရတာ မဟုတ်ပေမယ့် တခြားကိစ္စမလုပ်နိုင်ပဲ သူ့အတွက် စိတ်ရော၊ ကိုယ်ရော အချိန်ဖဲ့ပေးလိုက်ရတာနဲ့ အဲဒီလောက် ဖြစ်သွားတယ်။ အိပ်ချိန်က (၅)နာရီခွဲ ပတ်ချာလည်လောက်ယူလိုက်တယ်။ ကျန်တဲ့အချိန်အားလုံးမှာ ပဋ္ဌာန်း (၂၄)ခေါက်ကို မရ၊ ရအောင် ပူဇော်ပါတော့တယ်။

ပထမရက်တွေမှာတော့ အတော်လေး ပင်ပန်းပါတယ်။ ခဏခဏ အဓိဋ္ဌာန်ကို ဖျက်လိုက်ချင်စိတ်တွေ ပေါက်လာပါတယ်။ ဒါပေမယ့် ကိုယ့်ဖာသာ ပြန်ပြန်စီစစ်ပြီး ဆုံးမရပါတယ်။ ဘာလို့ ဖျက်ချင်ရတာလဲ။ ဘာအဆင်မပြေတာရှိလို့လဲ ဆိုပြီးတော့ မေးကြည့်တယ်။ တခြားကိစ္စလုပ်ဖို့တော့ အချိန်ပိုက လုံးဝကို မရှိပေမယ့်လို့ ပဋ္ဌာန်းကိုက ပူဇော်နိုင်လောက်အောင် အချိန်က လုံလောက်နေတာပဲ။ ဘာလို့ စိတ်လျှော့ချင်တာလဲလို့ ပြန်ပြန် အားတင်းဆုံးမရပါတယ်။ ဒီလိုနှင့်ပဲ (၂၄) ရက်ပြည့်သွားခဲ့ပါတော့တယ်။ အခေါက် (၆၀၀) ပြည့်သွားအောင် နောက်ထပ် တစ်ရက်တောင် ထပ်ပြီး ပူဇော်ဖြစ်လိုက်ပါသေးတယ်။

ဒီအကြောင်းသိရတော့ ကျွန်တော့်ကို မေးချင်တဲ့ မေးခွန်းတွေ ရှိလာလောက်တယ်။ ဘာအကျိုးမျှော်ပြီး ရွတ်တာလဲ၊ ဘာအကျိုးများ ရသွားလဲ၊ ပဋ္ဌာန်းကို ဒီလိုရွတ်ရုံနှင့် ဘာအကျိုးရှိမှာလဲ စသဖြင့်ပေါ့။

ရွတ်ဖြစ်တာကတော့ မိတ်ဆွေပြောဖူးတဲ့စကားလေးကို အကောင်အထည်ဖော်ကြည့်ချင်တာရယ်၊ နောက် ဒီလို ရက်ရှည် အချိန်တွေ အများကြီးပေးပြီး လုပ်ရတဲ့ အလုပ်တစ်ခုကို လုပ်ကြည့်ချင်တာရယ်၊ မြတ်စွာဘုရားကို ပဋ္ဌာန်းနှင့် ပူဇော်ဖူးချင်တာရယ်၊ အဓိဋ္ဌာန်ပါရမီ ဖြည့်ချင်တာရယ်ကြောင့်ပါပဲ။

ဘာအကျိုးမျှော်လဲဆိုတော့ နိဗ္ဗာန်အကျိုးကိုပဲ မျှော်တယ်လို့ ပြောချင်ပါတယ်။ ဘာအကျိုးများ ရသွားလဲဆိုရင် ပထမအကျိုးအနေနှင့်ကတော့ အချိန်တွေ ကိုယ့်မှာ တော်တော်များများ ပိုလျှံနေတာ သတိထားလိုက်မိတယ်။ ပုံမှန်တခြားအချိန်တွေမှာသာ တစ်နေ့ (၁၄) နာရီလောက် အလုပ်လုပ်ရမယ်ဆိုရင် အလုပ်က ပြန်ရောက်တာနှင့် ပင်ပန်းတာ အကြောင်းပြပြီး ဘာမှ မယ်မယ်ရရ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အခုတော့ အဓိဋ္ဌာန်တစ်ခုကို ထိန်းထားတယ်၊ ဖြစ်အောင်လုပ်ရမယ် ဆိုတဲ့စိတ်နှင့် အချိန်တွေကို မရ ရအောင်ယူပြီး လုပ်ဖြစ်သွားပါတယ်။ ဘာသာရေး အဓိဋ္ဌာန်မှရယ်မဟုတ်ပါဘူး။ တခြား လောကီရေးဖြစ်တဲ့ ပညာရပ်တစ်ခုခုလေ့လာတာပဲဖြစ်ဖြစ်၊ ၀ါသနာပါတာတစ်ခုခုကို လေ့ကျင့်ပျိုးထောင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စိတ်အေးချမ်းမှုအလေ့အကျင့်ဖြစ်တဲ့ သမထ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခု လုပ်တာပဲဖြစ်ဖြစ် တကယ်လုပ်ချင်တယ်ဆိုရင် ကိုယ့်မှာ အချိန်တွေရှိနေသေးတာ သတိထားမိသွားပါတယ်။

ဒုတိယအကျိုးအနေနှင့်ကတော့ စိတ်စူးစိုက်မှုအလေ့အထတစ်ခုကို ကျင့်မိလျက်သား ဖြစ်သွားခြင်းပါပဲ။ လမ်းသွားရင်း၊ လူကူးမျဉ်းကြားမှာ လမ်းဖြတ်ကူးဖို့စောင့်ရင်း၊ ရထားစီးရင်း၊ ဆူညံသံပေါင်းစုံတွေကြားမှာ ကိုယ်ရွတ်စရာရှိတဲ့ ဘုရားစာကို အာရုံမလွင့်အောင် ထိန်းပြီး ရွတ်ရတာ သမထဘာဝနာတစ်ခုပွားနေရသလိုပဲ ခံစားရပါတယ်။

တတိယအကျိုးအနေနှင့်ကတော့ မနက် မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနှင့် ငါပဋ္ဌာန်းရွတ်ရမယ်ဆိုတဲ့ အသိက စ၀င်လာပြီး အဲဒီအသိက တစ်နေကုန် ဖြစ်နေခြင်းပါပဲ။ နဲနဲလေး မအားလိုက်နှင့်။ အားတာနှင့် ပဋ္ဌာန်းရွတ်မယ် ဆိုတာမျိုး ဖြစ်သွားပါတယ်။ ကိုယ့်ဖာသာလည်း အဲဒီလို ဖြစ်သွားတာကို ကျေနပ်မိပါတယ်။

- - - - - -

ဒါကြောင့် ခုန အပေါ်မှာပြောခဲ့တဲ့ ဂျာနယ်ထုတ်တဲ့အကိုက အချိန်အကြောင်းပြောလာတော့ ကျွန်တော် သူပြောတဲ့စကားကို လေးလေးနက်နက်နှင့်ကို ထောက်ခံချက် ပေးမိလိုက်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့အားလုံးမှာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဝါသနာပါတာ၊ တန်ဖိုးရှိတာတွေကို လုပ်ဖို့အတွက် ယူတတ်မယ်ဆိုရင် အချိန်တွေ ကျန်နေပါသေးတယ်။ ကိုယ့်အတွက် မလိုတာတွေ၊ အရေးမကြီးတာတွေကို လုပ်နေမိတဲ့အချိန်တွေကို လျှော့လိုက်ပါ။ လုပ်မယ်လို့ စိတ်ကူးထားတာတွေကို ဖြစ်နိုင်ရင် စိတ်အဓိဋ္ဌာန်တင်ပြီး လုပ်ကြည့်ပါ။ ဒါဆိုရင် လွယ်လွယ်နှင့် လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ထားတာတွေဟာ လုပ်ဖြစ်သွားတာ တွေ့ရပါလိမ့်မယ်။

ကျွန်တော်တို့မှာ နေရဖို့ အချိန်က လက်ကျန်သိပ်မရှိတော့ပါဘူး။ ဖြစ်နိုင်ရင် အချိန်သိပ်မဆွဲနေပါနဲ့တော့။ လုပ်ရမှာ တစ်ခုခုကို စဖြစ်အောင် စလုပ်လိုက်ကြပါလို့...။


(ဒီဆောင်းပါးဖြင့် ကျွန်တော့် Status မှာ တင်ခဲ့တဲ့ သုံးလုံးဂဏန်းတွေရဲ့  အဓိပ္ပါယ်ကို သိချင်နေကြတဲ့ မိတ်ဆွေတွေအားလုံးကို အဖြေပေးလိုက်ပါတယ်နော်။)

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၄၊ ၅၊ ၂၀၁၂။ (ကြာသပတေးနေ့)

ဆက်လက်ဖတ်ရှုရန်

Tuesday, May 22, 2012

မစိုးရိမ်ဆရာတော်ဘုရားကြီးနှင့် ကျွန်တော့်ရဲ့  စိတ်ကူးပေါက်အလှူ


မစိုးရိမ်ဆရာတော်ဘုရားကြီး တိုကျို မြန်မာဘုန်းကြီးကျောင်းကို မေလဆန်းကတည်းကကြွရောက်လာတာကို စရောက်ရောက်ချင်းကတည်းက သိထားခဲ့ပေမယ်လို့  ဘယ်လိုမှ မအားတာနှင့် သွားပြီး မဖူးနိုင်ခဲ့ပါဘူး။ တရားပွဲ နှစ်ပွဲသာလုပ်ပြီးသွားတယ်။ မရောက်ဖြစ်ခဲ့ဘူး။

ဆရာတော်ကြီးအကြောင်းကို မြန်မာပြည်မှာ ရှိတုန်းက နည်းနည်းပါးပါးသိထားခဲ့ပြီး ဒီကိုရောက်တော့မှ အွန်လိုင်းကနေတဆင့် ပိုပြီးအကျွမ်းတ၀င်ရှိလာခဲ့ပါတယ်။ စင်္ကာပူနှင့် အမေရိကားမှာ ဟောထားတဲ့ဆရာတော်ကြီးတရားတော်တွေကို နာဖူးတာတွေရော၊ ဘုန်းဘုန်း ဓမ္မဂင်္ဂါရေးတဲ့ မစိုးရိမ်ဆောင်းပါးများကနေတဆင့်ရော ဆရာတော်ကြီးရဲ့  သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အပေါ်မှာ ကြည်ညိုမှုတိုးရင်း ဖူးချင်နေခဲ့တာ ကြာခဲ့ပါပြီ။

ဆရာတော်ကြီးကို မြန်မာပြည်မှာ ဖူးမြော်ခွင့်ရဖို့ဆိုတာ ကျွန်တော့်အတွက်တော့ တကယ်မလွယ်ကူနိုင်တဲ့ကိစ္စပါ။ မန္တလေးကိုလည်း သွားဖြစ်မှ၊ မစိုးရိမ်ကျောင်းတိုက်ကိုလည်း ရောက်ဖြစ်မှ၊ ဆရာတော်ကြီးကလည်း ကျောင်းမှာရှိနေအုံးမှ၊ ရှိနေရင်တောင် ကိုယ့်ကိုအဖူးခံဖို့အတွက် အချိန်ကပေးနိုင်အုံးမှ။ အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ကိုယ်ရှိတဲ့နေရာအရပ်ကို ဆရာတော်ကြီးက ကြွလာတယ်။ ဖူးချင်ရင် ဘုန်းကြီးကျောင်းသွားလိုက်ရုံပဲဆိုတော့ ဒီလိုအခွင့်အရေးမျိုးက ရခဲပါဘိ။

ဒါနဲ့ ဒီနေ့တော့ ဆရာတော်ကြီးကို သွားဖူးဖြစ်အောင် ဖူးတော့မယ်လို့ စိတ်ဆုံးဖြတ်ပြီး ကျောင်းကို ဖုန်းဆက် အခြေအနေမေးကြည့်လိုက်ပါတယ်။ ဆရာတော်ကြီး ဒီညနေ အပြင်မကြွပဲ ကျောင်းမှာပဲရှိနေမယ်။ လာချင်လာခဲ့လို့ ကျောင်းက ဦးဇင်းက ပြန်ဖြေတော့ အားရ၀မ်းသာစွာနှင့် ဘုန်းကြီးကျောင်းဘက်ကို  ခြေဦးလှည့်ခဲ့ပါတော့တယ်။

လမ်းမှာ ဆရာတော်ကြီးကို ကြုံတောင့်ကြုံခဲ တစ်ခုခုလှူချင်စိတ်က ဖြစ်လာပါတယ်။ ဘာလှူရင်ကောင်းမလဲလို့ စဉ်းစားမိတယ်။ ဆရာတော်ကြီးအတွက် တကယ်အသုံးတည့်မယ့် ပစ္စည်းတစ်ခုခု လှူချင်တဲ့စိတ်ကဖြစ်လာတယ်။ သင်္ကန်းတို့၊ ဆေးတို့၊ စားစရာသောက်စရာတွေဆိုတာက လူအတော်များများက လှူကြမှာဆိုတော့ ဆရာတော်ကြီးအနေနှင့် လိုအပ်တာထက်ကို ပိုလျှံတောင်နေမှာပါ။ ကျွန်တော်တွေးဖြစ်တာက ဆရာတော်ကြီးက စာချဆရာတော်ကြီးတစ်ပါးမို့ စာပေနှင့် ပတ်သက်ပြီး အထောက်အကူဖြစ်မယ့် ပစ္စည်းတစ်ခုခုလှူရင် ကောင်းမှာပဲလို့ စိတ်ကူးဖြစ်မိတယ်။ ဒါနဲ့ပဲ စာရေးကိရိယာပစ္စည်းတွေရောင်းတဲ့ဆိုင်ထဲ ၀င်ကြည့်လိုက်တယ်။

ဆိုင်ထဲရောက်ပြီး လျှောက်ကြည့်လိုက်တော့ စိတ်ထဲမှာ ၀ယ်ချင်လောက်တဲ့ ပစ္စည်းကရှာမတွေ့သလိုဖြစ်နေတယ်။ ဒါနဲ့ပဲ စာရေးကိရိယာဆိုင်ထဲက ပြန်ထွက်လာခဲ့တယ်။ လမ်းမှာ ကုန်စုံဆိုင်ကြီးတစ်ခုထပ်တွေ့တာနှင့် ဘာရယ်မဟုတ် ၀င်ကြည့်ဖြစ်ပြန်တယ်။ ဟိုကြည့်ဒီကြည့်လုပ်ရင်း ထိုင်ခုံတွေရောင်းတဲ့ဆီကို မျက်စိကရောက်သွားတယ်။ အဲဒီကောင်တာမှာ ကြမ်းပေါ်မှာချပြီး ထိုင်လို့ မှီလို့ရတဲ့ ခေါက်ထိုင်ခုံပုံစံတစ်မျိုးကို သတိထားမိတယ်။ စိတ်ထဲမှာလည်း ဆရာတော်ကြီးက စာရေးတာ၊ စာဖတ်တာ၊ ဆွမ်းစားတာတွေလုပ်ရင် ကြမ်းခင်းပေါ်မှာ ထိုင်လိမ့်မယ်ထင်တယ်။ ဒါဆိုရင် ဒီထိုင်ခုံလေးနှင့်ထိုင်ရရင် သက်တောင့်သက်သာဖြစ်မှာပဲလို့ စိတ်ကူးပုံဖော်မိသွားတယ်။ ဒါနဲ့ပဲ သင်္ကန်းရောင်နှင့်လိုက်ဖတ်မယ့်အရောင်ကိုရွေးပြီး ဆရာတော်ကြီးကိုလှူဖို့ ခုံတစ်လုံး ၀ယ်ဖြစ်သွားတယ်။


ထိုင်ခုံက သိပ်အလေးကြီးမဟုတ်ပေမယ့် နဲနဲတော့ ထုထည်ရှိတယ်။ တကယ်လို့ မြန်မာပြည်ပြန်တဲ့အခါ သယ်ဖို့ အဆင်မှပြေပါ့မလားလို့တော့ တွေးမိတယ်။ ဒါပေမယ့် သယ်သွားတာ မသယ်သွားတာကတော့ ဆရာတော်ကြီး ဆန္ဒပါပဲ။ လှူဖြစ်ဖို့က ကိုယ့်ကိစ္စပဲလို့ နှလုံးသွင်းပြီး ဘုန်းကြီးကျောင်းကို ဆက်ထွက်လာဖြစ်ပါတယ်။

ကျောင်းရောက်တော့ အောက်ထပ်မှာ ကျောင်းကကိုယ်တော်နှစ်ပါးစကားပြောနေကြတယ်။ ဧည့်သည်ဘယ်သူမှမရှိဘူး။ ဒါနဲ့ ဦးဇင်းတွေက ဆရာတော်ကြီး အပေါ်ထပ်မှာ စာဖတ်နေတယ်။ ကိုယ့်ဖာသာမိတ်ဆက်ပြီး သွားဖူးပေတော့ဆိုပြီး အပေါ်ကိုလွှတ်လိုက်ကြပါတယ်။ အပေါ်ထပ်ရောက်တော့ ကုတင်အောက်ကြမ်းပြင်ပေါ်မှာ ဆရာတော်ကြီးကထိုင်နေပြီး ကုတင်ပေါ်မှာ စာအုပ်တစ်အုပ်ကိုတင်ကာ အ၀င်ဝတံခါးကို ကျောပေးလို့ စာကို စိတ်ဝင်တစားဖတ်နေပါတယ်။

ကျွန်တော်လည်း အသံမထွက်အောင် တိတ်တိတ်လေး ၀င်သွားပြီး ဆရာတော်ကြီးနောက်ခပ်လှမ်းလှမ်းမှာ ထိုင်၊ ဦးချပြီး ဆရာတော်ကြီးကို “ဆရာတော်ဘုရား” လို့ အသံပြုပြီး ခေါ်ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးက မကြားဘူး၊ ဒါနဲ့နောက်တစ်ကြိမ်ထပ်ခေါ်တယ်။ ဒါလည်း မကြားဘူး။ အဲဒါနှင့် ဆရာတော်ကြည့်ရတာ စာထဲလုံးဝ စိတ်နှစ်ပြီးဖတ်နေတာနေမယ်ဆိုပြီး မနှောက်ယှက်ချင်တော့တာနှင့် အောက်ပြန်ဆင်းလာခဲ့လိုက်တယ်။ အောက်ရောက်တော့ ဦးဇင်းနှစ်ပါးက ”ရတယ်ဒကာ၊ အားမနာပါနဲ့၊ ထပ်သာ အသံကျယ်ကျယ်ပြုပြီး အော်ခေါ်ပါ” ဆိုတာနှင့် နောက်တစ်ကြိမ် အပေါ်ထပ်ကို ထပ်တက်သွားလိုက်ပါတယ်။ ဒီတစ်ခါတော့ ဆရာတော့်ကျောနားလောက်အထိ သွားပြီး “ဆရာတော်ဘုရား” လို့ ခေါ်တော့မှ ဖျက်ခနဲလှည့်ကြည့်ပါတော့တယ်။ ဟူး.....တော်သေးရဲ့ ။

ဒါနဲ့ ဆရာတော်ကြီးကို “တပည့်တော် လာဖူးတာပါဘုရား၊ ဒါလေးလည်း လှူချင်လို့ပါ။”ဆိုပြီး သယ်လာတဲ့ စက္ကူပုံးကို ကပ်ဖို့လုပ်တော့ ဆရာတော်ကြီးက “အဲဒါဘာလဲဒကာ” ဆိုတော့ ”ထိုင်ခုံပါဘုရား၊ ကြမ်းပေါ်မှာ ထိုင်လို့ရတဲ့ ခုံပါ” ဆိုတော့ ဆရာတော်ကြီးက “ဟေ...ဟုတ်လား၊ ဒါဆို ကပ် ဒကာ။ အခု ထိုင်ကြည့်ရအောင်။” တဲ့ဗျာ။

ထိုင်ခုံပုံးကို ကပ်တော့ ဆရာတော်ကြီးတိုင်ပေးတာကို နောက်ကလိုက်ဆိုပြီးတဲ့နောက် ပုံးကိုဖောက်၊ အထဲက ထိုင်ခုံကိုထုတ်ပြီး ဆရာတော်ကြီးကို ထိုင်လို့ရအောင် နေသားတကျပြင်ပေးလိုက်တော့ ဆရာတော်ကြီးက ခုံပေါ်ကို ပြောင်းပြီး သီတင်းသုံးတော်မူပါတော့တယ်။ စိတ်ထဲ ကြည်နူးလိုက်တယ်ဖြစ်ခြင်း....။


ပြီးတော့ ဆရာတော်ကြီးနှင့် စကားစမြည်ပြောဖြစ်ပါတယ်။ ဆရာတော်ကြီး ပြောသွားတာတွေထဲက မှတ်မိသလောက် ပြန်ပြောပြရရင် အင်္ဂလိပ်စာကို စနစ်တကျ ကြိုးစားသင်ယူဖို့၊ သင်ယူပြီးရင်လည်း မြန်မာပြည်ပြန်ရောက်တဲ့အခါ လူငယ်တွေကို ပြန်လည်သင်ကြားပို့ချပေးဖို့၊ ဆင်းရဲနွမ်းပါးသူတွေကို အလကားသင်ပေးဖို့၊ ဦးသန့်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို အသက်ငယ်ပေမယ့် အင်္ဂလိပ်စာတော်တဲ့သူတွေဖြစ်အောင်လုပ်ဖို့၊ ဘာသာစကားတွေကို များများတတ်ကျွမ်းနားလည်အောင် ကြိုးစားဖို့၊ စာကို များများဖတ်ဖို့၊ ဘယ်စာကိုမှ မရွေးပဲ လက်လှမ်းမှီသမျှ အကုန်ဖတ်ဖို့ တိုက်တွန်းမိန့်တော်မူပါတယ်။ နောက် နိုင်ငံခြားရောက်နေတဲ့ မြန်မာမိဘတွေက သားသမီးတွေကို မြန်မာစကားကို စနစ်တကျနှင့် ပီပီသသပြောတတ်အောင် လေ့ကျင့်သင်ကြားပေးဖို့လိုကြောင်း၊ သူရောက်ခဲ့ဖူးတဲ့ နိုင်ငံတွေမှာ မြန်မာကလေးတွေ မြန်မာစကား ကောင်းကောင်းမပြောတတ်ကြတာတွေ တွေ့ခဲ့ကြောင်း၊ ဒါမျိုးက မဖြစ်သင့်ကြောင်း၊ မိဘတွေဘက်က ဒီကိစ္စမပေါ့ဆသင့်ကြောင်းလည်း မိန့်ကြားပါတယ်။ နောက် မှန်တာကို ပြောရဲ၊ ဆိုရဲ လုပ်ရဲဖို့လိုကြောင်း၊ ဒီအတွက်သတ္တိရှိရမှာဖြစ်ကြောင်းလည်း ဆုံးမတော်မူပါတယ်။

ကျွန်တော်နှင့် စကားလက်ဆုံပြောနေတုန်းမှာပဲ ဆရာတော်ကြီးကို လာဖူးကြတဲ့ တခြားဒကာ၊ ဒကာမတွေလည်း ရောက်လာတာနှင့် ဆက်လက်ပြီး ထွေရာလေးပါး ပြောဖြစ်ကြပါတယ်။ ဆရာတော်ကြီးက သူ့ရဲ့  ထောင်တွင်းအတွေ့အကြုံတွေကို ဗဟုသုတအဖြစ် မိန့်ကြားတော်မူပါသေးတယ်။ စကားကောင်းတုန်းမှာပဲ ည ကိုးနာရီခွဲသွားတာနှင့် ဆရာတော်ကြီးက သူကျိန်းတော့မယ်လို့ ပြောလာပြီး ကျွန်တော်တို့အားလုံးလည်း ၀တ်ချနှုတ်ဆက်ကန်တော့ကာ ဆရာတော်ကြီးအခန်းထဲကနေ ပြန်ထွက်လာခဲ့ကြပါတော့တယ်။

အမြဲတမ်း ဓါတ်ပုံတွေထဲမှာ ဖူးတွေ့ရတဲ့အခါတိုင်း ခါးကိုမတ်ပြီး အမြဲထိုင်တတ်တဲ့၊ အသံသြဇာနှင့် ပြည့်စုံတဲ့၊ ပြတ်ပြတ်သားသား စကားပြောလေ့ရှိတဲ့ သက်တော် (၇၉) နှစ်ဖြစ်ပေမယ့် ကျန်းမာရေးကောင်းနေတုန်းရှိသေးတဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး အားကျအတုယူချင်စဖွယ် ဂုဏ်တော်တွေနှင့် ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးကို အနီးကပ်ပူဇော်ကြည်ညိုခွင့်ရလိုက်လို့ အတိုင်းမသိကြည်နူးမှုတွေနှင့်အတူ ဓမ္မမောင်နှမတွေကို ပြန်လည်ဖောက်သည်ချချင်လို့ ဒီစာကို ရေးလိုက်ရပါတော့တယ်ခင်ဗျာ။

(ဘုန်းဘုန်း ဓမ္မဂင်္ဂါရေးတဲ့ မစိုးရိမ်အလွမ်းများဆောင်းပါးတွေကို ဒီလင့်ခ်မှာ  သွားရောက်ဖတ်ရှုနိုင်ကြောင်းပါ။)

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၂၂၊ ၅၊ ၂၀၁၂။ (အင်္ဂါနေ့)

ဆက်လက်ဖတ်ရှုရန်