Friday, March 30, 2012

သစ်ပင်စိုက်ပြီးရင် ရေလောင်းပါ - ရဝေနွယ် (အင်းမ)

သစ်ပင်စိုက်ပြီးရင် ရေလောင်းပါ - ရဝေနွယ် (အင်းမ)
ဆက်လက်ဖတ်ရှုရန်

မေတ္တာ၊ ဓမ္မ သာသနာ့အလင်းရောင်တို့၏ အေးမြသော ဆွဲငင်အား - မြသန်းစံ

မေတ္တာ ၊ ဓမ္မ သာသနာ့အလင်းရောင်တို့၏ အေးမြသောဆွဲငင်အား ebook [ မြသန်းစံ ]
ဆက်လက်ဖတ်ရှုရန်

ရဝေနွယ် အသစ် (အမှာစာ)














http://www.scribd.com/doc/84834722/%E1%80%9B%E1%80%B1%E1%81%80%E1%82%8F%E1%80%BC%E1%80%9A%E1%80%B9%E1%80%A1%E1%80%9E%E1%80%85%E1%80%B9-%E1%80%A1%E1%80%99%E1%80%BD%E1%80%AC%E1%80%85%E1%80%AC
ဆက်လက်ဖတ်ရှုရန်

ရှိတဲ့ အတိုင်းလည်းသိဖို့ သိတဲ့ အတိုင်းလည်ရှိနေဖို့ - မြသန်းစံ (၃)

“ ဆရာကြီး ….. ဆရာကြီးရဲ့ ဘ၀မှာ အင်မတန်ကြီးမားတဲ့ ကုသိုလ်ကြီးတွေကို ဆရာကြီး ဆောင်ရွက်ခဲ့ပြီးပါပြီ။ အခုလည်း အမြတ်ဆုံး ရတနာသုံးပါးရဲ့  ကြီးမားတဲ့ ဂုဏ်ဒြပ်တွေကိုလည်း ဆရာကြီး အာရုံပြုခဲ့ပြီးပါပြီ။ အခုအချိန်မှာ ဆရာကြီးနှလုံးသွင်းဖို့ အရေးကြီးဆုံး အကြောင်းအရာကိုပဲ ကျွန်တော်ပြောချင်ပါတယ်။ ဒါကလည်း ဆရာကြီးဆီက သိခဲ့ရတဲ့ ဓမ္မအသိအမြင်တွေနဲ့ပဲ ဆရာကြီးကို ကျွန်တော်ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားပေးပါ ဆရာကြီး၊ ဆရာကြီးအတွက် သည်အချိန်ဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် သိပ်ကို အရေးကြီးနေပါပြီ”

စီစဉ်ထားတာမဟုတ်ပါဘဲ၊ ကျွန်တော့်ရင်ထဲက စကားတွေဟာ တလိမ့်လိမ့်စီးဆင်းနေပါပြီ။ ဆရာကြီးခမျာ မျက်လုံးအစုံမှိတ်ရင်းက စူးစူးစိုက်စိုက် အာရုံပြုနေတာကိုတွေ့ရပါတယ်။ ပြီးတော့ခေါင်း တစ်ချက် ညိတ်ပြပါတယ်။ သူနားထောင်နေတယ်၊ အာရုံပြုနေတယ်။ ဆက်ပြောပေါ့လေ ………။ သည်တော့ ဆရာကြီးအနားမှာ ဓမ္မစကားနဲ့ ကျေးဇူးဆပ်ခွင့်ရနေသူ ကျွန်တော်အဖို့ ပိုပြီးအားတက်ရတာပေါ့။

“ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့  ပထမဆုံးသောတရားစကား၊ တရားကြေညာချက် ဟာ ဓမ္မစကြာ မဟုတ်လား ဆရာကြီး။ သည်ဓမ္မစကြာကို အနှစ်ချုပ်လိုက်ရင် သစ္စာလေးပါးပဲ မဟုတ်လား။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးရဲ့  အနက် အဓိပ္ပါယ်တွေ၊ ဓမ္မစကြာရဲ့ နိဿယတွေကိုလည်း ဆရာကြီးသိခဲ့ပြီးသားပါ။ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးဟာ မဟာစည်ရိပ်သာကြီးကို တည်ထောင်ပြီးခါစမှာ ပထမဦးဆုံး ဟောသွားခဲ့တာလည်း ဓမ္မစကြာ တရားတော်မြတ်ကြီးပဲ မဟုတ်လား။ နောက်ဆုံးဆရာတော်ဘုရားကြီး ခန္ဓာဝန်ချခါနီး မှာလည်း အာရုံပြု နှလုံးသွင်းသွားခဲ့တာလည်း ဓမ္မစကြာ တရားတော်မြတ်ကြီးပါပဲ။ ဒါကိုလည်း ဆရာကြီး သိခဲ့ပြီးပါပြီ”

ဆရာကြီးခမျာ ခေါင်းညိတ်လို့ အသိအမှတ်ပြုနေရှာတော့တယ်။ အခုဆိုရင် ဆရာကြီးရဲ့  အာရုံ နယ်ပယ်ထဲမှာဖြင့် သစ္စာလေးပါးရဲ့ အနက်အဓိပ္ပါယ်တွေဟာ ဓမ္မာရုံအဖြစ်ဖြန့်ကြက်ရောက်ရှိ နေလောက် ပါပြီ။ ဆရာကြီးရဲ့ စိတ်အစဉ်ဟာ သစ္စာလေးပါးကို အာရုံပြုခွင့်ရနေလောက်ပါပြီ။ ဆရာကြီးရဲ့  မျက်နှာ ပေါ်မှာပေါ်နေတဲ့ အရိပ်သဏ္ဌာန်ကို မှန်းဆရင်းနဲ့ပဲ ကျွန်တော် ဆက်ပြောနေဖြစ်ပါတယ်။

“ဆရာကြီး အခုနာကျင်ခံခက်နေတဲ့ ခန္ဓာကြီးဟာ တကယ်တော့ ကျွန်တော်တို့ရော၊ ဆရာကြီးရော၊ တစ်ချိန်မှာ ဒါမျိုးတွေကြုံပြီး အနာကြီးနာပြီး၊ အခံကြီးခံရမယ်ဆိုတာ မသိခဲ့လို့ ဆုတောင်းခဲ့တာမဟုတ်လား၊ မိုးကုတ်ဆရာတော်ဘုရားကြီးဟောခဲ့သလို ကျွန်တော်တို့ ဆရာကြီးတို့ ရထားခဲ့တဲ့ ခန္ဓာကြီးဟာ ဆုတောင်းပြည့်ခန္ဓာကြီး မဟုတ်လား။ အခုကျွန်တော်တို့ ဆုတောင်းပြည့်ခဲ့ပြီ လေ။ ဆုတောင်းပြည့်လို့ ရခဲ့တဲ့ ခန္ဓာကြီးဟာ ကျွန်တော်တို့ကို ချမ်းသာမှုပေးသေးရဲ့ လား။ ကျန်းမာနေတုန်း၊ ငယ်ရွယ်နေတုန်းမှာတော့ ခန္ဓာရဲ့ ဒုက္ခကို မသိမမြင်နိုင်ပါဘူး။ အခုတောင်မှ ဆရာကြီးနဲ့ ကျွန်တော်မှာ ဆရာကြီးဟာ ဒုက္ခဝေဒနာကို အပြင်းအထန် ခံနေရတဲ့သူ၊ ကျွန်တော်က အရွယ်ကောင်းတုန်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရမျှလို့ ရုပ်တရားကြီးက အကြီးအကျယ် မဖောက်ပြန်သေးတော့ ကျန်မာရေး ကောင်းတယ်လို့ ခေါ်လို့ ရနေတုန်းပေါ့။ ဒါပေမယ့် တစ်ချိန်မှာ ကျွန်တော်လည်း ဆရာကြီး လို မလွဲမသွေကြုံရဦးမှာပါ။ အဲဒီအခါ သည်ဆုတောင်းပြည့်ခန္ဓာကြီးဟာ ကျွန်တော့်ကို အကြီးအကျယ် ဒုက္ခပေးဦးမှာပါပဲ။ ပိုးမွှားပေါင်းစုံတွေရဲ့  ကိုက်ခဲမှုဒဏ်ကို ကျွန်တော်လည်း အလူးအလဲ ခံရဦးမှာပါပဲ။ ဒါကြောင့် ခန္ဓာရခြင်းဟာ ဒုက္ခသစ္စာကိုရခြင်းပါပဲလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောတော်မူခဲ့တာ မဟုတ်လား။ အခုလက်ရှိအခြေအနေမှာ ဆရာကြီးဟာ ဒုက္ခသစ္စာကြီးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်တွေ့ မြင်နေရတာ မဟုတ်လား။ သည့်ထက်ရှင်းတဲ့ တရားလည်းမရှိနိုင်တော့ဘူးထင်တယ်။ သည် ဒုက္ခသစ္စာ ခန္ဓာကြီးကို ရှုမြင်နေရတာကိုက မဂ္ဂသစ္စာရဲ့  အလုပ်တွေကို ဆရာကြီးလုပ်နေဖြစ်တာပဲ မဟုတ်လား။ အဲဒါကြောင့် သမုဒယသစ္စာဆိုတဲ့ အတိတ်အကြောင်းဖြစ်တဲ့ အ၀ိဇ္ဇာသင်္ခါရတွေကြောင့် ရခဲ့တဲ့ ဒုက္ခသစ္စာ ခန္ဓာကြီးရဲ့  နှိပ်စက်တတ်တဲ့သဘာဝဟာ တကယ့်ကို ပြောင်ပြောင်တင်းတင်း ကြီးပါပဲ။ အဲဒီတော့ သမုဒယသစ္စာကို ထပ်ပြီးအာရုံပြုမယ်၊ လုပ်ဖြစ်နေဦးမယ်ဆိုရင် ဒုက္ခသစ္စာပဲ ထပ်ရပါလိမ့် မယ်။ ဒါကြောင့်မို့ ဒုက္ခသစ္စာခန္ဓာကြီးကို မဂ္ဂသစ္စာဆိုတဲ့ မဂ္ဂင်ရှစ်ပါးနဲ့ကြည့်ဖြစ်နေဖို့ပါပဲ။ ဒါဆိုရင် အရှုခံ က ဒုက္ခသစ္စာ၊ ရှုဉာဏ်က မဂ္ဂသစ္စာ ဖြစ်မနေဘူးလား ဆရာကြီး၊ ဒီလိုဆက်ပြီး ရှုမှတ်ပွားများနေမယ်ဆိုရင် သမုဒယသစ္စာဘက် အာရုံမလှည့်ဖြစ်တော့ဘဲ မရောက်သေးတဲ့၊ မဆိုက်သေးတဲ့ နိရောဓသစ္စာ ဘက်ဆီကို ရှုဉာဏ်ဖြစ်တဲ့ မဂ္ဂသစ္စာက ခေါ်သွားပါလိမ့်မယ်။ နိရောဓသစ္စာဆိုက်တဲ့ အချိန်မှာတော့ နိရောဓသစ္စာ ဆိုတဲ့ ချုပ်ငြိမ်းခြင်း သဘာဝနဲ့ အတူ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာတွေလည်း တစ်ပြိုင်တည်း ချုပ်ငြိမ်းသွားပါလိမ့်မယ်။ ဒါဟာ သစ္စာလေးပါးစလုံး တစ်ပြိုင်တည်း ဆုံစည်းဖြစ်တဲ့ အချိန်ပဲပေါ့။ အဲဒီအခါ နိရောဓသစ္စာရဲ့  ဆင့်ပွားအဓိပ္ပါယ်ခွဲတွေဖြစ်တဲ့ နိဗ္ဗာနံ- အေးရာဖြစ်တဲ့ နိဗ္ဗာန်၊ မောက္ခော-လွတ်မြောက်ရာဖြစ်တဲ့ နိဗ္ဗာန်၊ တဏှာက္ခယော- တဏှာကုန်ရာ ဖြစ်တဲ့ နိဗ္ဗာန်၊ အသင်္ခတံ-အကြောင်းတရာတို့ မပြုပြင်အပ်တဲ့ နိဗ္ဗာန်ဆိုတဲ့ သဘောသဘာဝတွေဟာ တစ်ပါတည်း အသက်ဝင်လာကြမှာ မဟုတ်လား။ ဒါကြောင့် ဆရာကြီး အခုရသမျှ အချိန်အတောအတွင်းမှာ ဒုက္ခဝေဒနာတွေ အထင်သား ပေါ်လွင်နေတဲ့ ဒုက္ခသစ္စာခန္ဓာကြီးကိုပဲ မယိမ်းမယိုင် မတုန်မလှုပ်တဲ့ ရှုမှတ်စိတ်နဲ့ သည်းခံပြီး ရှုမှတ်ဆင်ခြင် ပွားများ နေပေးပါလို့ ကျွန်တော်တိုက်တွန်း အားပေးစကား ပြောပြရတာပါ။ နိဗ္ဗာန်သို့သွားရာ ယာဉ်ရထားအစစ် အမှန်ဖြစ်တဲ့ မဂ္ဂသစ္စာယာဉ် သို့မဟုတ် မဂ္ဂင်ရှစ်ပါး ရှုမှတ်ပွားများမှုကိုပဲ လုပ်နေပါတော့လို့ ကျွန်တော် ပြောချင်တာပါ။ သည်စကားတွေကို ပြောပြပေးခြင်းအားဖြင့် ဆရာကြီးကို ကျွန်တော်ကျေးဇူးလာဆပ်တာပါ။”

စီစဉ်မထားတဲ့ စကားတွေဟာ ကျွန်တော့်စိတ်နှလုံးအိမ်ထဲက ဘယ်ကဘယ်လို ထွက်ကျလာတယ် မသိပါဘူး။ ကျွန်တော့်စကားဆုံးတော့ ဆရာကြီးက ပက်လက်အနေအထားကနေ ကျွန်တော့်ဘက်မျက်နှာမူပြီး တစောင်းလဲလို့ ဣရိယာပုတ်ကို ရွှေ့ ပြောင်းနေပါတယ်။ ပြီးမှ လက်အုပ် လေးချီးရင်း-

“ကျေးဇူးတင်လိုက်တာ ကိုမြသန်းစံရယ်၊ သည်အချိန်မှာ သည်စကားတွေကြားရတာ တန်ဖိုးရှိလိုက် တာ၊ သာဓု-သာဓု-သာဓုပါ”

စကားအဆုံးမှာ ဆရာကြီးဟာ လက်အုပ်ကလေးချီရင်း (လက်အုပ်က ကွေးကွေးကလေးပါ) ငြိမ်သက်နေပါတယ်။ ဆရာကြီးတရားကို အာရုံပြုနေပါပြီ။ ဆရာကြီး တစ်ဘ၀လုံးမှာ သိခဲ့တာတွေ၊ ကိုယ်သိသလို သူတစ်ပါးကို ပြောခဲ့တာတွေရဲ့  အနှစ်ချုပ် အရေးကြီးဆုံးဖြစ်တဲ့ သစ္စာလေးပါးကို အာရုံပြု ဖြစ်နေပြီထင်ပါရဲ့ ။ ဒါကြောင့်မို့ ကျွန်တော်လည်း ဆရာကြီးရဲ့  နှလုံးသွင်းအာရုံပြုနေတာကို အနှောင့်အယှက်မပေးချင်တော့လို့ ဆရာကြီးကို ဦးချကန်တော့ပြီး၊ ဆရာကြီးရဲ့  အခန်းထဲကနေပြီး အပြင်ဘက်ကို ပြန်ထွက်ခဲ့ပါတယ်။

အခန်းအပြင်ရောက်တော့ တစ်ဖက်ခန်းမှာ သီတင်းသုံးနေတဲ့ မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီးကို ဦးခိုက် ကြည်ညိုဖူးမြော်ရပါတယ်။ အဲဒီတော့မှ ဆရာကြီးရဲ့ ဇနီးဖြစ်သူက ဆရာတော်ကြီးနဲ့ ကျွန်တော့်ကိုမိတ်ဆက်ပေးပါတယ်။

“သြော်-အပ္ပမာဒမဂ္ဂဇင်း ထုတ်တဲ့ မြသန်းစံဆိုတာ မင်းကိုး၊ ငယ်ငယ်ပဲရှိသေးတာ၊ မင်းအသက် ဘယ်လောက်ရှိပြီတုံး”

“၄၇-နှစ်ထဲမှာပါဘုရား”

“အေး-ကောင်းတယ်၊ ဒီအရွယ်ဟာ သဒ္ဒါအား၊ ဉာဏ်အားထက်တဲ့အချိန်ပဲ၊ ဒီအရွယ်မှာလုပ်ထားပေါ့၊ ငါတို့က ၈၄-နှစ်တောင်ရှိပြီဆိုတော့ အိုရင် မင်းမစွမ်းဘူး ဆိုတဲ့အတိုင်း အိုမင်းမစွမ်း ဖြစ်နေပြီပေါ့ ကွာ”

ဆရာတော်ဘုရားကြီးက အနေရိုးသလို၊ အပြောလည်းရိုးပြီး၊ ဆုံးမတော့လည်း ရိုးရိုးကလေးပါပဲ။ သည်ကမ္ဘာမှာ ဘုရားလေးဆူ ပွင့်ထွန်းပေါ်ပေါက်တော်မူပြီးခဲ့တဲ့ ဗုဒ္ဓဘုရားရှင်တွေရဲ့  ထပ်တူညီတဲ့ သံဝေဇနိယလေးဌာနကို မမေ့ဖို့၊ ကျေးဇူးကြီးမားတဲ့မြေအဖြစ် အာရုံပြုနှလုံးသွင်းတတ်ဖို့၊ မမေ့မလျော့ဦးခိုက်ကြည်ညိုတတ်ဖို့ ဆုံးမတော်မူပါတယ်။ ဆရာသမားအဆူဆူထံက အဆုံးအမမှန်သမျှ ရရပါလို ၏ အမြဲဆုတောင်းတတ်တဲ့ ကျွန်တော့်အဖို့ အဖိုးတန်အဆုံးအမတစ်ခု ရလိုက်တာပါပဲ။ ဆရာသမားတွေရဲ့  အဆုံးအမတိုင်းလည်း တန်ဖိုးထားလုပ်ဆောင်လေ့ရှိတဲ့ ကျွန်တော်အဖို့လည်း လုပ်စရာအလုပ်တစ်ခု တိုးလာပြန်ပါပြီ။

ဆရာတော်ကြီးနဲ့ စကားစမြည် ပြောဆိုပြီးတဲ့နောက်ပိုင်းမှာ ဆရာကြီးရဲ့  ဇနီးသည်နဲ့ စကားတွေ ထပ်ပြောဖြစ်ပါသေးတယ်။ ဆရာကြီးရဲ့  နောက်ဆုံးအခြေအနေနဲ့ လက်ကျန်အချိန် နည်းနေပုံတွေကို ဆရာကြီးရဲ့  ဇနီးဖြစ်သူ ကိုယ်တိုင်ရိပ်မိနေပါပြီ။ သည်တော့လည်း ကျန်ရစ်ခဲ့ရတော့ မှာကို ကြိုတင် သိနေသူပီပီ ညှိုးငယ်တဲ့မျက်နှာနဲ့ပဲ ဆရာကြီး အကြောင်းတွေကို ပြောနေရှာပါသေးတယ်။

“အခုနောက်ပိုင်း သုံးနှစ်လောက်မှာ မင်း-ဆရာကြီးဟာ ရှုမှတ်အားထုတ်မှုကို တော်တော်လုပ် သွားခဲ့တာ၊ ဒါကြောင့်မို့ အခုလိုပြင်းထန်တဲ့ ဝေဒနာကို ခံနိုင်ရည်ရှိနေခဲ့တာ၊ ဧည့်သည်တွေ လူမမာလာ မေးကြရင်တောင်မှ ရှုမှတ်မှုပျက်မှာစိုးလို့ သူ့အခန်းထဲကို မခေါ်လာခိုင်းဘူး။ မင်းကတော့ တရားဓမ္မနဲ့ ပက်သက်လို့ ဆွေးနွေးပေးနိုင်မယ်ဆိုတာသိလို့ မင်းကို သူ့အခန်းထဲခေါ်သွားလိုက်တာ။ မင်း-ပြောတဲ့ စကားမျိုးလည်း ဘယ်သူမျှ လာမပြောကြပါဘူး။ များသောအားဖြင့် ဆရာကြီးသက်သာသွားပြီလား၊ နေ ကောင်းရဲ့ လား၊ ဘယ်လောက်ကြာသွားပြီလဲ၊ ဘာရောဂါလဲနဲ့ မေးနေကြတာ။ ဒါတွေတစ်ယောက်ပြီး တစ်ယောက်ဖြေနေရတာ အချိန်ကုန်တယ်။ သည်အချိန်ဟာ ဧည့်ခံအသိပေးဖို့အချိန် မဟုတ်တော့ဘူး လေ၊ ရှုမှတ်နေရမယ့် အချိန်ပဲ မဟုတ်လား”

ဓမ္မအရိပ်အောက်နေလို့ ဓမ္မနဲ့ထိတွေ့ရှင်သန်နေသူပီပီ ဘ၀အမြင်တွေက လင်းလက်လိုက်ပါဘိခြင်း။ အစီအစဉ် မရှိပါဘဲနဲ့ ကျွန်တော်က ဆရာကြီးကိုပြောတဲ့ စကားအနှစ်ချုပ် ထပ်မံပြောဖြစ်ပြန်ပါတယ်။ ဆရာကြီးရဲ့  ဇနီးသည် ဖြစ်သူခမျာ ကျွန်တော့်စကားကို တရားအဖြစ် နှလုံးသွင်းရင်းက မျက်ရည်တွေစို့တက်လာတာကို သတိထားမိပါသေးတယ်။

အဲဒီနောက် ဆရာကြီးအိမ်က အပြန်မှာ ခုနက ဆရာကြီးကို ကျွန်တော်ပြောခဲ့တဲ့ စကားသံတွေ ဟာ ကျွန်တော့်ရင်ထဲမှာ ဒုတိယအကြိမ်မြောက် ပဲ့တင်ထပ်လာပြန်တော့တယ်။ စကားလက်ခံပြောမယ့် သူမရှိတော့လို့ အခုတစ်ကြိမ်မှာတော့ ကိုယ်ကပဲ ပြောသူ၊ ကိုယ်ကပဲ နားထောင်သူ ဖြစ်လို့နေပါတယ်။

“ဟေ့ကောင်-မြသန်းစံ၊ မင်းခုနပြောခဲ့တာတွေဟာ စကားလား၊ တရားလားဆိုတာ ပြန်ခွဲခြား ကြည့်ဦး၊ စာအုပ်ထဲက စကားလုံးတွေကို ပြန်ပြောနိုင်ရုံဟာ ‘စကား’ အဆင့်မှာပဲ ရှိနေဦးမယ်။ ‘တရား’ မ ဖြစ်နိုင်သေးဘူးနော်။ ဖတ်ထား၊ မှတ်ထားတာတွေကို ပြန်ရေးပြနိုင်ရုံဟာ ‘စာ’ အဆင့်မှာပဲ ရှိနေဦးမယ်၊ တရားဖြစ်လာဦးမှာ မဟုတ်သေးဘူးနော်။ ဒါကို မင်းအလေးအနက် သဘောပေါက်ဖို့ လိုလိမ့်မယ်ထင် တယ်။ ခုနမင်းတွေ့ခဲ့တဲ့ ဆရာကြီးဆိုရင် မင်းထက် စာတွေ အများကြီးရေးနိုင်ခဲ့တဲ့သူ၊ အသိဉာဏ်ဗဟုသုတ၊ ဗုဒ္ဓစာပေအရာမှာ ဆရာကြီးကို မီနိုင်ဖို့ဆိုတာ မလွယ်လှဘူး၊ ဒီလိုဆရာကြီးတစ်ဆူတောင်မှ ကြည့်စမ်း ခုတင်ပေါ်မှာလျောင်းစက်ပြီး ဝေဒနာရဲ့  ဖိစီးမှုဒဏ်ကို အပြင်းအထန်ခံနေရတဲ့ အချိန်မှာ နှလုံးသွင်း မမှားဖို့ကို အတော်သတိထားနေရတာ၊ စာသိ-သိရုံ သက်သက်နဲ့၊ ဗဟုသုတများရုံ သက်သက်နဲ့ နောက်ဆုံးထွက်သက်မတိုင်မီ ဖြစ်ပေါ်တတ်တဲ့ ရုပ်တရား၊ ဓာတ်ကြီးလေးပါးရဲ့  အပြင်းအထန်ဖောက်ပြန်မှုကို အံမတုနိုင်ဘူးနော်၊ သတိပဋ္ဌာန်တရားနဲ့အညီ ရှုမှတ်ဆင်ခြင်မှု အလေ့အကျင့်ကို ဖိဖိစီးစီး မလုပ် ထားခဲ့ရင် ဒုက္ခဝေဒနာတွေက “စာသိကလေးလောက်တော့ ရယ်တာပေါ့၊ ဗဟုသုတကလေးလောက်နဲ့ တော့ ရယ်တာပေါ့” လို့ပြောနေလိမ့်မယ်။ လူတိုင်း မလွဲမသွေ သေခါနီးမှာ ကြုံရမယ့် ဒုက္ခဝေဒနာကြီးကို သည်းခံရှုမှတ်နိုင်ဖို့ရာ နေ့စဉ်နဲ့အမျှ သတိပဋ္ဌာန်တရား ရှုမှတ်ပွားများရင်းက ပေါ်လာတတ်တဲ့ ဒုက္ခဝေဒနာ အသေးစားလေးတွေနဲ့ ရင်ဆိုင်ရင်း၊ တွဲဖက်လေ့ကျင့်ထားပါမှ ဒုက္ခဝေဒနာရဲ့  အကြောကိုနားလည် နိုင်မှာ။ ဒီလိုနားလည်နိုင်မှလည်း ဒုက္ခဝေဒနာပေါ်မှာ သည်းခံပြီး ရှုမှတ်သွားနိုင်မှာ။

တခြားမကြည့်နဲ့၊ ဘုရားရှင် သက်တော်ထင်ရှားရှိတုန်းက အလှူအတန်း ၀ါသနာပါလွန်းတဲ့ အနာထပိဏ် သူဌေးကြီးလေ၊ သေရာညောင်းစောင်း လဲလျောင်းလို့ ဒုက္ခဝေဒနာတွေ အကြီးအကျယ်ခံ နေရချိန်မှာ လက်ယာရံ မထေရ်မြတ်ကြီးဖြစ်တဲ့ အရှင်သာရိပုတ္တရာက ဝေဒနာကမ္မဋ္ဌာန်းကို ဟောကြားတော့ သူဌေးကြီးခမျာ ချုန်းပွဲချငိုရှာတယ်လေ။ အရင်တုန်းက ဒီလိုတရားတွေ ဘာဖြစ်လို့ မဟောခဲ့တာလဲလို့လည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို ပြန်လျှောက်ခဲ့တယ် မဟုတ်လား။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက “သင်က အလှူအတန်း ၀ါသနာပါလွန်းနေတော့ ဒါမျိုးဟောဖို့က မကြုံဘူးလေ၊ အခုမှကြုံကြိုက်လို့ ဟောရတာပါ” လို့ပြန်နှစ်သိမ့်ရပါတယ်။ ဒါတောင်မှ အနာထပိဏ် သူဌေးကြီးဟာ အရိယာနွယ်ဝင် သောတာပန် ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီးသားပါ။ ရိုးရိုးသာမန် ပုထုဇဉ် မဟုတ်ပါဘူး။ ရုပ်နာမ်သဘာဝ သခီါရတွေကို အထိုက်အလျောက် သိမြင်ခဲ့ပြီး၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ကိလေသာ ဓာတ်ဆိုးနှစ်ခု အပြီးသတ် ကင်းစင်ပြီးဖြစ်တဲ့ သောတာပန်ပုဂ္ဂိုလ်ကြီးတောင်မှ ဒုက္ခဝေဒနာရဲ့  ဒဏ်ချက်ကို သေရာ ညောင်စောင်းမှာ အလူးအလဲ ခံခဲ့ရရှာတာကလား။

နောက်တစ်ဦးကတော့ ဘုရားရှင်ရဲ့  ခမည်းတော်ကြီးဖြစ်တဲ့ သုဒ္ဓေါဓနဘုရင်မင်းတရားကြီးပါ။ သုဒ္ဓေါဓနဘုရင်ကြီးဟာ သားတော်ဘုရားရှင်ရဲ့  တရားတွေနဲ့ပဲ အနာဂါမ်အရိယာဖြစ်ခဲ့ပြီးသားပါ။ ဒါတောင်မှ နောက်ဆုံးခန္ဓာဝန်ချခါနီးမှာ ပြင်းထန်တဲ့ ဒုက္ခဝေဒနာတွေကြောင့် ထီးဖြူအောက်မှာ အလူးလူး အလိမ့်လိမ့်နဲ့ ဖြစ်နေရရှာတယ်လေ။ ဒီအချိန်မှာ သားတော်ဘုရားရှင်ရယ်၊ တူတော်ဖြစ်တဲ့ အရှင်အာနန္ဒမထေရ်မြတ်ရယ်၊ နောက်ထပ်သားတော်တစ်ပါးဖြစ်တဲ့ နန္ဒမထေရ်ရယ်၊ မြေးတော်ဖြစ်တဲ့ အရှင်ရာဟုလာတို့ လေးပါးစလုံး၊ ဘုရင်ကြီးရဲ့ သလွန်ညောင်စောင်းဘေး အရောက် ကြွလှမ်းခဲ့ကြပြီး၊ အသီးသီး အသက-အသက သစ္စာဆိုပြီး၊ ဘုရင်ကြီးရဲ့  ဒုက္ခဝေဒနာတွေ လျော့ပါးလာအောင် သစ္စာအစွမ်းနဲ့ ကုသခဲ့ကြရတယ် မဟုတ်လား။ ပြင်းထန်လှတဲ့ ဒုက္ခဝေဒနာတွေ လျော့ပါးသွားမှပဲ သားတော် ဘုရားရှင် ကိုယ်တော်မြတ်က တရားရေအေး တိုက်ကျွေးမှ အရဟတ္တမဂ်ဆိုက်ရင်းနဲ့ ခန္ဓာဇာတ်ချုပ်ငြိမ်း လို့ ထီးဖြူအောက်မှာပဲ ပရိနိဗ္ဗာန်စံခဲ့ရတယ် မဟုတ်လား။

ဒါကြောင့်မို့ ဒုက္ခဝေဒနာဆိုတာ အနာဂါမ်တည်ပြီးတဲ့ အရိယာပုဂ္ဂိုလ်ကြီးတွေကိုတောင်မှ နှိပ်စက် နိုင်တာမဟုတ်လား။ ဓာတ်ကြီးလေးပါး ညီညွတ်မျှတလို့ သွားသွားလာလာနဲ့ လုပ်ကိုင်နေချိန်မှာတော့ ဒုက္ခဝေဒနာရဲ့ သဘောက သိပ်မပေါ်လွင်လှပေမယ့် လူ့ခန္ဓာတစ်ခုမှာရှိတဲ့ အသက်ဓာတ်ကိုကြွေကျသွားစေနိုင်တဲ့အထိ ဖောက်ပြန်တတ်တဲ့ ဓာတ်ကြီးလေးပါရဲ့  ဖောက်ပြန်ပုံဟာ ဘယ်လောက်ပြင်းထန် လိုက်မလဲဆိုတာ စဉ်းစားကြည့်ရုံနဲ့ ကျောချမ်းစရာပါ။

အဲဒီတော့ ဓမ္မာစာပေတွေ ရေးနေတယ်ဆိုတဲ့ စာရေးဆရာ ကိုမြသန်းစံ၊ မင်းလည်း တစ်ချိန်ချိန်မှာ မင်းဆရာကြီးလိုဖြစ်ဖို့က မလွှဲမသွေပါပဲကွာလို့ ဆရာကြီးခမျာ မင်းကိုပြန်မပြောနိုင် လောက်အောင် အသံတိတ်နဲ့ ကြိတ်ခံရင်းက မင်းကို အသံမထွက်တော့တဲ့ တရားစကားနဲ့ သူ့ခန္ဓာကြီး ကိုပြပြီး ဟောသွားခဲ့ပြီနော်။

အဲဒီတော့ မင်းလည်း ပြင်ဆင်ဖို့လိုလာပြီ။ တရားစကားလေးတွေ ပြောတတ်ရုံ၊ တရားစာလေးတွေ ရေးတတ်ရုံ တရားစာအုပ်ကလေးတွေ လူကြိုက်ကောင်းအောင် ထုတ်ဝေတတ်ရုံ နဲ့မျောနေရင် သေရာညောင်းစောင်းထက် ရောက်တဲ့အခါ မင်းကို ဘယ်သူလာကယ်မလဲ။ ဆရာကြီးကတော့ ကုသိုလ်ကံ ကြီးမားခဲ့တဲ့ လူဆိုတော့၊ သူ့မှာက သူ့နောင်တော် ဆရာတော် ဘုရားကြီးက အနီးကပ် တရားလာဟောပေးရင်း ပြုစုစောင့်ရှောက်လို့၊ မင်းတို့လို ဓမ္မနဲ့နီးစပ်နေတဲ့ တပည့်တပန်းတွေက တရားစကား၊ သစ္စာတရားတွေ လာပြောလို့ဆိုတဲ့ ကုသိုလ်ရဲ့  အကျိုးသတ္တိတွေကို ခံစားခွင့်ရခဲ့ပါရဲ့ ။ မင်းကျရင်ရော ဘယ်သူက လာပြောပေးဦးမှာတဲ့လဲ။ ပြောပေးမယ့်လူကို မင်းကမျှော် နေဦးမှာလား။ သူများပြောတဲ့ အသံကတစ်ဆင့် အာရုံကို မှန်အောင် ( ရုပ်နာမ်ဓမ္မ သင်္ခါရ သဘာဝတွေ ကို အာရုံပြုဖြစ်အောင် ) ကြိုးစားနေရဦးမယ်ဆိုရင် အခက်ကြီးခက်တော့မှာပေါ့။

ဘုရားဟောတာကိုလည်း အခုကတည်းက သေသေချာချာနှလုံးသွင်းထားဦး။ “အတ္တာဟိ အတ္တနောနာထော” - မိမိကိုယ်ကိုသာ အားကိုးရာဆိုတဲ့စကား အလေးအနက် နှလုံးသွင်းနော်။ ကိုယ့်စိတ်သန္တာန်မှာ အခုကတည်းက တရားအစစ် တရားမှန်ကို ခိုင်မြဲအောင်တည်ဆောက်ထား၊ အရွယ်ကောင်းတုန်း၊ ကျန်းမာရေးကောင်းတုန်း၊ သဒ္ဓါတရားကောင်းတုန်း၊ ဘုရားသာသနာနဲ့ ကြုံတုန်း၊ ဆရာသမားတွေရဲ့  အဆုံးအမကို နားဝင်နေတုန်းမှာ ဆက်ပြီးကြိုးစားသွား၊ သတိပဋ္ဌာန်တရားကို သန္ဓေတည်ထားတဲ့ တရားအမှန်က ကိုယ့်ကို ပြန်စောင့်ရှောက်မှာ။ ပြင်ပပုဂ္ဂိုလ်ကို အားကိုးဖို့ဆိုတာ ရေရာလှတာ မဟုတ်ဘူး။ ဘယ်သူနဲ့ ဘယ်အချိန်မှာ ဘယ်လိုတွေ့ရမယ်ဆိုတာက မသေချာလှပါဘူး။ ကိုယ့်စိတ်နဲ့ ကိုယ်သာ အနီးဆုံး။ ဒါကြောင့်မို့ အနီးကပ်ဆုံးမိတ်ဆွေကို မိတ်ဆွေကောင်းအဖြစ် လက်သပ်မွေးထား။ ဒါမှပဲအရေးကြုံရင် သူကဆောင်ထားတဲ့ တရားတွေကို ပြန်ဟောပြမှာ။

ဒါကြောင့်မို့ တရားတော် တကယ်ရှိတယ်ဆိုတာ သိထားဖို့လိုတယ်နော်။ ဒါပေမယ့် လူပြောသူပြောသိ၊ သူများပါးစပ်ကကြားရလို့ သိရတဲ့အသိ၊ ဗဟုသုတအသိ၊ စာအသိလောက်နဲ့ ရပ်မနေ ပါနဲ့။ ကိုယ့်ခန္ဓာနဲ့ စပ်လျဉ်းပြီး ဉာဏ်နဲ့ အမှန်သိဖို့ ဆက်ပြီးကြိုးစားပါဦး။ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောဖော်ညွှန်ပြခဲ့သလို ခန္ဓာအရှိကို ဉာဏ်အသိနဲ့ သိဖို့ပြင်းပြင်းထန်ထန်ကို ဆက်ပြီး ကြိုးစားရဦးမှာ။ ဒုက္ခဝေဒနာတွင်မက၊ ဥပေက္ခာဝေဒနာတွေနဲ့ ရင်ဆိုင်တတ်ဖို့ ဝေဒနာတွေအပေါ်မှာ ကျွမ်းကျင်နိုင်နင်း နိုင်ဖို့၊ သတိပဋ္ဌာန်တရားရှုမှတ်မှုကိုပဲ အားကိုးအားထားပြုရမှာ။

ဒါမှလည်း တရားအမှန်ကို ဉာဏ်အမှန်နဲ့ သိနိုင်မှာ။

ဒီလိုသိလာတဲ့ အသိတရားမှလည်း ကိုယ့်သန္တာန်မှာ အမြဲရှိနေမှာ။

ကိုယ့်သန္တာန်မှာ တရားစစ်၊ တရားမှန် အမြဲရှိနေမှလည်း စိတ်ချရမှာ။

သေရာညောင်စောင်း လဲလျောင်းရမယ့် အနာဂတ်အချိန်အတွက် စိတ်အေးရမှာ။

ဒါကြောင့်မို့ တရားဆိုတာ ရှိတဲ့အတိုင်း သိဖို့လိုသလို သိတဲ့အတိုင်းလည်း ရှိနေဖို့ လိုတယ်ဆိုတာ….

၂၀၀၄ခုနှစ်တွင် ထုတ်ဝေခဲ့သော

“ဥပါဒန်၏ အာရုံ” စာအုပ်မှ

*ဤစာစုအား အစမှအဆုံးတိုင် မေတ္တာစေတနာသဒ္ဓါတရား အပြည့်နှင့် အပင်ပန်းခံ စာစီရိုက်နှိပ်ပေးသော ညီမငယ် မ Monica Pyone အား အထူးကျေးဇူးတင်ရှိပါကြောင်း။*

http://www.scribd.com/doc/86484850/%E1%80%BB%E1%80%99%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%B6-%E1%80%9B%E1%80%AD%E1%80%BD%E1%80%90%E1%80%B2%E1%82%94-%E1%80%A1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8%E1%80%9E%E1%80%AD%E1%80%96%E1%80%AD%E1%80%AF%E1%82%94-%E1%80%9E%E1%80%AD%E1%80%90%E1%80%B2%E1%82%94-%E1%80%A1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%8A%E1%80%B9%E1%80%9B%E1%80%AD%E1%80%BD%E1%80%B1%E1%80%94%E1%80%96%E1%80%AD%E1%80%AF%E1%82%94

http://www.minus.com/mRB4AltR7

http://www.youtu.be/OX0uVb5dfP4

ဆက်လက်ဖတ်ရှုရန်

ရှိတဲ့ အတိုင်းလည်းသိဖို့ သိတဲ့ အတိုင်းလည်ရှိနေဖို့ - မြသန်းစံ (၂)

အဲဒီအချိန်တုန်းက ဦးတည်ချက်က မိုင်းပြင်းမြို့ နယ် သုဝဏ္ဏသျှမ်တောင်ကို သွားကြဖို့။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကို အကြောင်းပြုပြီး လားဟူလီရှော တိုင်းရင်းသားတွေ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကြမယ့် တပေါင်းပွဲတော်။ ဆရာကြီးက ဗုဒ္ဓဘာသာဝင်များ စောင့်ရှောက်ရေး အသင်းကြီးရဲ့  နာယကအဖြစ် တာဝန်ယူလို့။ ကျွန်တော်က အဲဒီအခမ်းအနားကို မြ၀တီရုပ်သံအဖွဲ့နဲ့ မှတ်တမ်းတင်ဖို့ တပည့်လေးယောက်နဲ့ အတူလိုက်ပါလို့၊ လေယာဉ်ခရီး၊ မော်တော်ယာဉ်ခရီး၊ ခြေလျင်ခရီးတွေကို မမောမပန်း မရပ်မနားနဲ့ သွားလာခဲ့ကြလို့။ လွန်ခဲ့တဲ့ (၈)နှစ်ဆိုတော့ အဲဒီအချိန်တုန်းကတောင်မှ ဆရာကြီးက (၆၅)နှစ်ရှိနေပြီ။ ကျွန်တော်က (၃၇)နှစ်ရှိသေး။ သို့ပေမယ့် ကြမ်းတမ်းတဲ့ ခရီးဒဏ်၊ ရာသီဥတုဒဏ်ကြောင့် စစ်မြေပြင်တုန်းက ငှက်ဖျားကအခံရှိပြီးသား ကျွန်တော်က အသက်ငယ်ငယ်နဲ့လမ်းမှာဖျားလို့။ ငှက်ဖျားအတက်ကောင်းလို့။ သည်အချိန်မှာ ဆရာကြီးကတော့ ဒေါင်ဒေါင်မြည်။ ကျွန်တော့်ကိုတောင် အားပေးပြုစု လိုက်သေးတော့။ ရယ်တော့ လည်းရယ်စရာ အကောင်းသား၊ (၆၅)နှစ်ရှိတဲ့ တတိယအရွယ်ထဲ ချဉ်းနင်းဝင်ရောက်နေတဲ့ ဆရာကြီးက (၃၇)နှစ်သာရှိသေးတဲ့ ဒုတိယအရွယ်ထဲက လူငယ်တစ်ယောက်ကို ပြုစုဖေးမခဲ့ပုံလေ။ ကြား-ကြားလို့ပင်ကောင်းနိုင်ပါသေးရဲ့ လား။ အင်း-အဲဒီအကြောင်းတွေကိုလည်း မေတ္တာ၊ ဓမ္မ၊ သာသနာ့ အလင်းရောင် တို့၏ အေးမြသောဆွဲငင်အား ထဲမှာ ကျွန်တော် အသေးစိတ် ရေးခဲ့ပြီးပါပြီ။

သည်ခရီးကို အမှီပြုလို့ ဆရာကြီးဆီက ဓမ္မနဲ့ ပတ်သက်တဲ့ လေ့လာမှုဆိုင်ရာ အသိအမြင်တွေကို အမွေရခဲ့သလို၊ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ထူးခြားတဲ့ အဆုံးအမတွေ ကြောင့် အိပ်နေရာက ရုတ်တရက်လန့်နိုးခဲ့ရသူလို ဖြစ်ခဲ့ရတဲ့ ကျွန်တော်ရဲ့  နှလုံးသွင်း အပြောင်းအလဲ အချိုးအကွေ့ကိုဖြင့် ဘယ်အခါမှ မေ့ရနိုင်မှာမဟုတ်။ ဘာကြောင့်သည်လောက်အပြောင်းအလဲ မြန်ခဲ့ရသလိုဆိုတာကို ဓမ္မအတွက်ဘ၀ကို ပုံပေးရင်းက (၈)နှစ်ကြာ အားထုတ်လာခဲ့တဲ့ သက်တမ်း အတွင်းမှာမှ ပါရမီရဲ့ သဘောသဘာဝကို တစ်စထက်တစ်စ ရိပ်မိလာရတာကလား။

အခုဆိုတော့လည်း တစ်ချိန်တုန်းက စတန့်ထွင် သလိုလို၊ ပုံစံတစ်မျိုးနဲ့ အများအာရုံအစိုက်ခံ ရအောင် တမင်ဖန်တီးလုပ်ခဲ့သလိုလို၊ ပုံစံပြဓမ္မ အရေခြုံပြီး၊ ထင်ရာပဲလုပ်တော့မလိုလိုဆိုတဲ့ လက်ညှိုး ထိုး စွပ်စွဲသံတွေလည်း တိုးတိတ်မှေးမှိန်ပျောက်ပျက်ကုန်ကြပြီပေါ့လေ။ အချိန်ဟာ အကောင်းဆုံး တရားသူကြီးပဲ မဟုတ်လား။

ပါရမီဆိုတာ သူတစ်ပါးက ကိုယ့်ကိုနားလည်ပေးနိုင်ဖို့ နေနေသာသာ ကိုယ့်ကိုယ်ကို နားလည်နိုင်အောင်ကိုပဲ အတော်ကြိုးစားရတာကလား။ ဟိုတစ်ချိန်တုန်းကတော့ ကိုယ့်မှာ ကျင့်ကြံအား မရှိသေးတော့ အူကြောင်ကြောင်ကြီးရယ်။ လက်ရှိလုပ်နေဆဲ အလုပ်တွေကို ဆက်မလုပ်ချင်တော့တာ တစ်ခုကလွဲလို့ ဘာဆက်လုပ်ရမလဲဆိုတာလည်း အဖြေမရှိသေးတဲ့အချိန်။ ခရီးစဉ်မှာ ဆရာကြီး ကတောင် ရယ်ရယ်မောမောနဲ့ ပြောနေပါသေးတယ်။

“ကိုမြသန်းစံ တို့ကတော့ မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့  တရားနဲ့ အရှိုက်ကိုထိသွားပြီထင် တယ်ဟေ့-ဘီယာတွေ၊ ၀ီစကီတွေနဲ့လည်းဝေးရတော့မယ်ထင်တယ်ဟေ့”

ခရီးစဉ်ကပြန်လာ။ ဆရာတော်ဦးဇောတိကနဲ့တွေ့။ သည့်နောက်တရားစအားထုတ်ဖြစ်ခဲ့ပုံမှသည် ယနေ့အချိန်ထိ (၈)နှစ်တာကာလကို အခက်အခဲအမျိုးမျိုးနဲ့ ကျော်လွန်ဖြတ်သန်းခဲ့ရတဲ့ ကာလအတွင်း မှာ ဆရာကြီးနဲ့ အကြိမ်ကြိမ်တွေ့ဆုံခွင့်ရခဲ့။ လူချင်း မတွေ့ဆုံဖြစ်တောင် တယ်လီဖုန်းနဲ့တော့ မကြာခဏ စကားပြောဖြစ်ခဲ့ကြ။ တရားသဘော၊ ဓမ္မသဘောတွေကို ဆွေးနွေးဖြစ်ခဲ့ကြလေရဲ့ ။

ဆရာကြီးနဲ့ မတွေ့ဖြစ်ခဲ့တဲ့ အချိန်ကာလ တွေမှာလည်း ဆရာကြီးရဲ့  အဆုံး အမ တွေကို ဆရာကြီးရဲ့  စာအုပ်တွေကနေတစ်ဆင့် ရနေခဲ့ပြီးသား။ အထူးသဖြင့် ရဟန္တာ နဲ့ ပုဂ္ဂိုလ်ထူးများ၊ သီဟိုဠ် ခေတ် စံတော်ဝင်အရိယာများ၊ ဓမ္မဒူတ၊ ရတနာသုံးပါးကျေးဇူး စတဲ့စာအုပ်တွေထဲမှာ ဆရာကြီး ထောက်ညွှန်ပြခဲ့တဲ့ အသိတရား၊ ဉာဏ်တရားတွေဟာဖြင့် မှတ်သားလို့ မဆုံးနိုင်၊ ဉာဏ်အလင်းရောင် ရလို့မဆုံးနိုင်။ ကျင့်ကြံအားထုတ်မှုအတွက် နည်းစနစ်၊ အားမာန်တွေရလို့ မဆုံးနိုင်။ နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် မပျောက်သွားဖို့ စာအသိ ခန္ဓာအသိတွေနဲ့ ဆရာကြီး ရေးပြပြောပြခဲ့တာတွေဟာ ကျွန်တော်တို့လို “နောက်ပေါက်” တွေအဖို့ ကျေးဇူးများလို့ မဆုံးနိုင်။

သည်အထဲမှာ ထူးထူးခြားခြား အမှတ်တရဖြစ်နေတာက ဆရာကြီးသုံးခဲ့ တဲ့ “အမွှေဓာတ်” ဆိုတဲ့ စကားလုံး။ သည်စကားလုံးက တရားရှာ၊ တရားအားထုတ်နယ်ပယ်မှာ တော်တော် “တာ” သွားတာကလား။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းထဲက မူလနှစ်ဖြာ “အ၀ိဇ္ဇာနဲ့တဏှာ” ကို ကိုယ်စားပြုတဲ့ စကားလုံးပါလားဆိုတာကို အခုနောက်ပိုင်းမှာ ရိပ်မိလာတော့တာ။

ဟုတ်လိုက်လေ။ “တဏှာ” ဟာတကယ့်ကို ကြီးမားတဲ့ အမွှေဓာတ်ကြီးပေပဲ။ သတိပဋ္ဌာန်တရား ကို ယုံယုံကြည်ကြည် ကြိုးစားအားထုတ်မှုကြောင့် ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာနယ်ပယ်က လွတ်မြောက်ခွင့်ရခဲ့ကြတဲ့ ယောဂီရင့်မကြီးတွေတောင်မှ တဏှာနဲ့ရင်ဆိုင်ရတဲ့ အခါ အတော်များများ ပုံလဲရတော့တာ။ သည်လောက်အထိ တဏှာရဲ့  မွှေချက်ကပြင်းထန်ပါတယ်။ ဒါကြောင့်မို့ အမွှေဓာတ်ကြီးမားလှတဲ့ တဏှာကို ဘုရားရှင်ကိုယ်တော်တိုင် ဗောဓိပင်နဲ့ ရွှေပလ္လင်ရောက်မှ အောင်နိုင်ခဲ့တာ မဟုတ်လား။ တဏှာဆိုတဲ့ အဓိပ္ပါယ်ကို အပြည့်အ၀သိနားလည်ခွင့်ရဖို့ အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီး တောင်မှ လေးသင်္ချေနဲ့  ကမ္ဘာ တစ်သိန်း အချိန်အရင်းအနှီးပြုခဲ့ရတာ။ “တဏှာ တည်းဟူသော လယ် သမား သင့်ကို ငါတွေ့ခဲ့ ပြီ” ဆိုတဲ့စကားကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်ဖို့ ဘုရားအလောင်းတော်တွေတောင် အနည်းဆုံး လေးအသေင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ခဲ့ရတာ။ လွယ်မှတ်လို့။

တစ်ခါတစ်ခါ အမွှေဓာတ်ကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့နေရပေမယ့် ကိုယ့်ဘက်က ပိုင်ပိုင်နိုင်နိုင် နဲ့ ငေါက်ငေါက်ငမ်းငမ်း မပြောနိုင်ခဲ့ပါဘူး။ အမွှေဓာတ်မှန်းလည်း သိနေတယ်။ သူ့သတ္တိကလည်း မကုန် သေးတော့ ခေါင်းငုံ့ခံနေရသလို ဖြစ်နေရင်းနဲ့ ရှုမှတ်နေရတော့တာ။ အဲဒီ ကိလေသာအမွှေဓာတ်တွေ အပြီးသတ်ကုန်ဆုံးသွားမယ့် အချိန်တစ်ချိန်ကို ရောက်ခဲ့ ရင် ဘယ်လောက်လွတ်လပ်သွားလိမ့်မလဲရယ် လို့ တစ်ခါတစ်ခါ တမ်းတမ်းတတ ဖြစ်မိပါရဲ့ ။ ဒါပေမယ့် ရှုမှတ်မှု ဆိုတာက အနာဂတ်ကိုလည်း မမျှော်ရ ဘူး။ အတိတ်ကိုလည်း မပြန်ရဘူးလေ။ ပေါ်ဆဲရုပ်နာမ်- ပစ္စုပ္ပန်ကိုပဲ မှန်မှန်ကြည့်ရမှာ။ သည်တော့ ပေါ်ဆဲရုပ်နာမ် ပစ္စုပ္ပန်မှာဘာတွေ့ရမယ်ထင်သလဲ။ ပညတ်တွေ ခုခံနေချိန်မှာတော့ ဉာဏ်အမြင်မရှင်းလို့ သဲသဲကွဲကွဲ မသိရသေးပေမယ့် ပရမတ်အရှိတရားကို အာရုံပြု ဖြစ်လာတဲ့အထိ အသိဉာဏ်တွေ မြင့်လာ တဲ့အခါမှာတော့ အဲဒီအမွှေဓာတ်ဟာလည်း ဖြစ်ပြီးရင် ပျက်တာပဲဆိုတဲ့ သဘာဝ တစ်ခုကို ရိပ်မိလာပါ တော့တယ်။

ဒါတွေဟာ ရှုမှတ်ရင်း၊ လေ့ကျင့်ရင်းနဲ့ ဘုရားရှင်ရဲ့  တရားတော်တွေအပေါ်မှာ လေးလေး နက်နက်ယုံကြည်မှုက ပေါက်ဖွားလာတဲ့ အသိတရား၊ အသိဉာဏ်တွေပဲပေါ့။ ပညာဉာဏ်တွေပဲပေါ့။ သည်အထိ ခရီးပေါက်အောင် အတော့်ကို ဖြတ်သန်းခဲ့ ရတာကလား။ လွယ်မယ်ထင်လို့လုပ်ကြည့်၊ မရတော့ နောက်ဆုတ်သွား၊ ကြာလာတော့ စိတ်ပျက်၊ ရိုးအီစရာကြီးပါကွာ၊ ဘာမျှလည်းရတာ မဟုတ်ဘူးလို့ ထင်တဲ့လူတွေနဲ့တော့ တရားတော်ဟာ လားလားမျှ မပတ်သက်ချင်ပါဘူး။ ဓမ္မရဲ့  လျှို့ ဝှက်ချက် တွေဆို ကျင့်ကြံအားထုတ်မှုနဲသာ သိခွင့်ရစကောင်းတာ။ သီလကို အလွဲသုံးစားလုပ်တဲ့လူ၊ သမာဓိကို တန်ဖိုးမထားတဲ့လူ၊ ပညာကို အထွတ်မတင်ချင်တဲ့ လူတွေနဲ့တော့ ဓမ္မဟာ လားလားမျှ မထိုက်တန်နိုင်ပါ ဘူး။

ဒါကြောင့်မို့ ဓမ္မရဲ့  ငြိမ်းချမ်းတဲ့ အေးရိပ်မှာ ခိုလှုံချင်ရင်တော့ ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရပါမယ်။ သီလကို လေးစား၊ သမာဓိကို တန်ဖိုးထား၊ ပညာကို ဦးထိပ်တင်ချင်တဲ့ လူမျိုးဆိုရင် ဘယ်သူ ကိုမဆို ဓမ္မဟာ အချိန်မရွေး လက်လှမ်းကြိုနေတာပါ။ ရာထူးရှိတဲ့လူ၊ ငွေရှိတဲ့လူ၊ ရာထူးမရှိတဲ့လူ၊ ငွေမရှိ တဲ့လူဆိုပြီး ခွဲခြားဆက်ဆံတာမျိုးဟာ ဓမ္မမှာ မရှိရိုးထုံးစံပါ။ သုညနိဗ္ဗာန်ဆိုက်ချင်မှတော့ ကိုယ့်ဘက်က လည်းရှိတယ်လို့ ထင်ထားခဲ့တာတွေကို သုညအဖြစ် လုပ်ခဲ့တော့ပေါ့။

ပြောရရင် ဆရာကြီးကိုယ်တိုင်လည်း အမွှေဓာတ်ရဲ့  ဒဏ်ကို ဘယ်လောက်အထိ ခံခဲ့ရသလဲ မသိဘူးနော်။ ဘ၀နဲ့ ယှဉ်တွဲနေတဲ့ ဓမ္မခရီးလမ်းမှာ အမွှေဓာတ်ဆိုတာ မတွေ့မဖြစ်တွေ့ရမယ့် အတားအ ဆီးတစ်ခု မဟုတ်လား။ ဒါတွေကို အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်းရဲ့  တွေ့ဆုံ မေးမြန်း ဓမ္မလမ်း ကဏ္ဍမှာ ဆရာကြီး ကိုယ်တိုင်ဖွင့်ဟ ဖော်ထုတ်ခဲ့ပြီးသားပါ။ ၂၀၀၁ခုနှစ်၊ မေလတုန်းက ဆရာကြီးအိမ်မှာ ဆရာကျော်နန္ဒအောင် မေးမြန်းခဲ့စဉ်တုန်းက ဆရာကြီးဖြေခဲ့ပြီးသားပါ။ (၁၆)နှစ်သားလောက်မှာ မုံရွာ ဇောတိကာရုံကျောင်းတိုက်ရဲ့  သာမဏေဘ၀က စခဲ့တဲ့ ဆရာကြီးရဲ့  ဓမ္မခရီးလမ်းဟာ ထက်မြတ်တဲ့ ပညာဉာဏ်တွေနဲ့ လျှမ်းလျှမ်းတောက်ခဲ့ရတာကိုလည်း ပြန်ပြီးမြင်ယောင် နေမိပါရဲ့ ။ အသက် (၂၃)နှစ် မှာ ဓမ္မစရိယတန်းကို ပါဠိဘာသာနဲ့ ဖြေဆိုအောင်မြင်လို့ မစိုးရိမ်ဆရာတော်ဘုရားကြီး ထံပါးမှာ အနီး ကပ်အလုပ်အကျွေးပြုရင်းနဲ့ စာဝါတွေ ပို့ချလို့၊ အသက်(၂၇)နှစ်မှာ ကမ္ဘာအေးကုန်းမြေကို ရောက်လို့၊ ဆဋ္ဌမသင်္ဂါယနာမှာ အဘိဓဇ မစိုးရိမ်ဆရာတော်ဘုရားကြီးရဲ့  ထံပါးမှာ သင်္ဂါယနာကိစ္စတွေ တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်လို့၊ မဇ္ဈမနိကာယ်သုံးကျမ်းနဲ့ သံယုတ်ပါဠိတော်ငါးကျမ်းကို နိဿယရေးခဲ့လို့ စတဲ့ သာသနာတော်ရဲ့  ကြီးမားတဲ့ တာဝန်တွေကို သက်တော်ငယ်ငယ် ဉာဏ်ထက်ထက်နဲ့ ထမ်းဆောင်ခဲ့တာတွေကို ကြားရတော့ အားကျကြည်ညိုရပါတယ်လေ။

အဲဒီနောက် အသက်(၃၃)နှစ်မှာ လူဝတ်လဲ၊ သာသနာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်း၊ အဲဒီကနေ အဆင့်ဆင့်သော တာဝန်တွေယူ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)မှာ တွဲဖက်ပါမောက္ခအဖြစ်၊ ပြီးတော့ ၁၉၉၃-ခုနှစ် ကစပြီး သာသနာရေးဝန်ကြီးဌာနရဲ့  အကြံပေး ပုဂ္ဂိုလ်အဖြစ် စတဲ့ တာဝန်တွေကို မရပ်မနားထမ်းဆောင်ခဲ့တာတွေကိုလည်း ဆရာကြီးပြောပြချက်အရ ပုံရိပ်တွေကို မှန်းဆပြီး မြင်ယောင်နေမိပါရဲ့ ။

ဆရာကြီးရဲ့ ထင်ရှားကျော်ကြားတဲ့ လက်ရာဖြစ်တဲ့ “ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများ” စာအုပ်ကို ဆရာကြီး အသက်(၄၂)နှစ်မှာ ရေးနိုင်ခဲ့တာကအစ၊ အခုနောက်ဆုံး ဆရာကြီးရဲ့  နောင်တော်ကြီးဖြစ်တဲ့ မောင်းထောင်မြေဇင်းတောရ ဆရာတော် ဘုရာကြီးရဲ့  ၀ိပဿနာရှုနည်းနဲ့ ရန်ကင်းတောင် ၀ိပဿနာ စခန်းမှာ ယောဂီတွေအတွက် အကျိုးများရာများကြောင်း ဟောပြောပို့ချခဲ့တာအဆုံး၊ အားလုံးအားလုံး ဟာ ဗုဒ္ဓသာသနာ အပေါ်မှာထားရှိခဲ့တဲ့ ဆရာကြီးရဲ့ စေတနာ သဒ္ဒါတရားကို မှတ်ကျောက်တင်နိုင်ခဲ့တာ တွေပါ။

ကျွန်တော်လျှောက်ရမယ့် ဓမ္မခရီးလမ်းမှာ မလိုလားအပ်တဲ့ အမွှေဓာတ်ရဲ့  ဒဏ်ရာဒဏ်ချက်ကို မခံရဖို့အတွက် ဆရာကြီးဟာ ကရုဏာတရားရှေ့ ထားပြီး မကြာခဏ ကျွန်တော့်ကို ဆုံးမလေ့ရှိပါတယ်။ ဆရာကြီးက စကားပြောရင် ကိုယ့်ထက်ငယ်တဲ့ သူကို “ကိုရင်” ဆိုပြီးနာမ်စားလေးသုံးပြီးပြောလေ့ရှိပါ တယ်။

“ကိုရင် ဘာမလုပ်နဲ့နော်၊ ညာမလုပ်နဲ့နော်၊ ကိုရင်ကငယ်သေးတာ၊ လမ်းကြောင်း မတိမ်း မစောင်းဖို့ လိုတယ်နော်၊ ဘာကိုတော့ လုပ်နော်၊ ဘာကိုတော့ဖြင့် နှလုံးသွင်းနော်” နဲ့ လောကဓံတရားနဲ့ ပက်သက်လာရင် ကိုယ်တိုင်နာကျင်ခဲ့သူပီပီ ကျွန်တော့်ကို အားမနာတမ်းဆုံးမလေ့ ရှိပါတယ်။ ဆရာကြီး လုပ်ချင်ခဲ့တဲ့ မဂ္ဂဇင်းပုံစံမျိုး ကျွန်တော်လုပ်ဖြစ်လေတော့ “မုဒိတာ” စိတ်အပြည့်နဲ့ အား ပေးလိုက် တာ။

“အပ္ပမာဒဆိုတဲ့ မဂ္ဂဇင်းတစ်စောင်ကို ကိုယ်လုပ်ချင်ခဲ့တာ၊ အခုတော့ ကိုယ်မလုပ်နိုင်ခဲ့ပေမယ့် ကိုရင်က လုပ်နိုင်သွားပြီဆိုတော့ သာသနာအတွက် တစ်အားပဲဟေ့” ဆိုပြီး ကလောင်အားရော၊ လူအားပါ ၀ိုင်းကူပေးခဲ့ရှာပါတယ်။ ဆရာကြီးဇေယျမောင်ကို သွားတွေ့ဖို့ကအစ၊ ဂုရုကြီးဂိုအင်ကာနဲ့ ဆုံတွေ့ဖို့အရေးအထိ ဆရာကြီးခမျာ ကိုယ်တိုင်လိုက်ကူပံ့ပိုးပေးခဲ့ပါတယ်။ ဒါတွေဟာပြောမကုန်နိုင်တဲ့ ကျေးဇူးတရားတွေပဲပေါ့။

သာသနာတော်ကို ရိုသေလေးစား ချစ်မြတ်နိုးတတ်တဲ့ ဆရာသမားတွေများနော်၊ ကိုယ့်တပည့် သားသမီးဟာ သာသနာအတွက် အသုံးဝင်တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်လာရင် ၀မ်းမြောက်ဝမ်းသာ အားပေးချီးမြှင့်လိုက်ကြတာနော်။ သာသနာတော်ကို မျက်နှာမူပြီး အသက်ရှင်သွားကြတဲ့ ဆရာသမား တွေရဲ့  ရင်ထဲကအဖြူဓာတ်ကို ဘယ်လိုအဖြူရောင်မျိုးမျှ လိုက်လို့မမီနိုင်ပါဘူးလေ။

ဆရာကြီးရဲ့  နောက်ဆုံးအခြေအနေကို တွေ့နေရတဲ့ အချိန်မှာ ဆရာကြီးရဲ့ ကျေးဇူးတရားတွေ ဟာ ဓမ္မာရုံထဲမှာ အစီအရီပေါ်လာတာများ ကုန်-ကုန်နိုင်သေးတော့၊ သတိပြန်လည်သလို ဖြစ်လာတဲ့ အချိန်မှာတော့ မျက်စိရှေ့ က မြင်ကွင်းကို နှလုံးသွင်းဖြစ်ပါပြီ။ ကျေးဇူးရှင် မောင်းထောင်မြေဇင်း ဆရာတော်ဘုရားကြီးက ဆရာကြီးကို တရားတော်တွေ အားရပါးရ ချီးမြှင့်ဟောကြားပေးပြီးတဲ့နောက်မှာ ဆရာကြီး အပါးကခွာလို့ အခန်းထဲက အပြင်ထွက်သွားမှ ကျွန်တော်ဟာ ဆရာကြီးအနားကို တိုးကပ်နိုင် ပါတော့တယ်။

ပထမဦးစွာ ဆရာကြီးရဲ့  ရင်ထဲ ဓမ္မဓာတ်ကို ကျွန်တော်အာရုံပြု ကြည်ညိုရင်းက ဂါရဝေါစ မင်္ဂလာတရားနဲ့ ညီစွာ ဦးသုံးကြိမ်ချ ရှိခိုးမိပါတယ်။ သည့်နောက် ဆရာကြီးရဲ့  ခုတင်နားအထိချဉ်းကပ်ပါ တယ်။ ကျွန်တာ့်မျက်နှာနဲ့ ဆရာကြီးမျက်နှာနဲ့ နီးကပ်သည်အထိ တိုးကပ်လိုက်ပါတယ်။ ကျွန်တော်ပြော တဲ့ စကားသံကြားရအောင်လို့ပါ။ ဆရာကြီးဟာ မျက်လုံးကလေးမှေးမှိတ်ထားရာက ခပ်ဖြည်းဖြည်းခပ် လေးလေးကလေး ဖွင့်ဟလာပါတယ်။ ကျွန်တော့်ကိုမြင်တော့ ချက်ချင်းမှတ်မိပါတယ်။ အသံတိုးယဲ့ယဲ့ ကလေးနဲ့ပဲ ဆရာကြီးက စကားစပြောပါတယ်။

“ ကိုမြသန်းစံရေ၊ မစားသာဘူးဟေ့ .... အတော်ခံနေရတာ”

ဆရာကြီးခမျာ ဒုက္ခဝေဒနာနဲ့ ရင်ဆိုင်နေရတဲ့ အပေါ်မှာ ဒေါမနဿဖြစ်မသွားဖို့ အတော်ကြိုးစား သတိထားနေပုံရပါတယ်။ ဒုက္ခဝေဒနာတွေ ပြင်းပြင်းထန်ထန်ဖောက်ပြန်ရင် တော်ရုံတန်ရုံလူတွေဟာ စိတ်မှာ ဒေါမနဿ ဝေဒနာတွေဖြစ်ပေါ်လာတတ်ကြစမြဲပါပဲ။ သုခဝေဒနာနဲ့ ကြုံရင်သာ ပြုံးပြုံး-ပြုံးပြုံးနဲ့ စိတ်ထဲမှာ သောမနဿဝေဒနာတွေဖြစ်လို့၊ ခံစားလို့မ၀အောင် ဖြစ်တတ်ကြတာလည်း တရားသဘောနဲ့ အလှမ်းဝေးကြတဲ့ လူတွေရဲ့ ဖြစ်စဉ် သဘာဝတစ်ခုပေပဲပေါ့။ ဒုက္ခဝေဒနာ မဖြစ်တဲ့ အချိန်၊ သုခဝေဒနာ မဖြစ်တဲ့ အချိန်တွေမှာ ဥပေက္ခာဝေဒနာရဲ့  သဘောသဘာဝဟာ မိမိခန္ခာအစဉ်မှာ အမျှင်မပြတ် တရစပ်ဖြစ်နေတတ်တဲ့ သဘာဝကိုတော့ မောဟဖုံးနေတဲ့လူတွေအဖို့ ရိပ်မိနိုင်ဖို့ အခက်သားလား။ မြင်တွေ့နိုင်ဖို့ အဝေးသားလား။ အာရုံပြုတတ်ဖို့ ဖြစ်နိုင်ခဲသားလား။

ဆရာကြီးရဲ့  စကားအပေါ်မှာ ဘယ်လို တုံ့ပြန်ပြောပြရလေမလဲလို့ စဉ်းစားတဲ့အခါ ဝေဒနာနဲ့ ပတ်သက်လို့ ကိုယ့်ခန္ဓာမှာရှုမှတ်ခဲ့၊ မြင်ခဲ့ရတာတွေက စိတ်သန္တာန်မှာ စုဖွဲ့လာပါတယ်။ ဒါပေမယ့် ဒါတွေ ကိုဆရာကြီးလည်း သိပြီးသားပါလေ။ ဆရာကြီး ကိုယ်တိုင်လည်း စာအုပ်တွေ အတော်များများမှာ ရေးပြ ခဲ့ပြီးသားပဲ။ တရားနဲ့ပက်သက်လို့ နကန်းတစ်လုံးမျှ မသိခဲ့ရတဲ့ ကျွန်တော်တို့တစ်တွေတောင်မှ ဆရာကြီး ရဲ့  စာအုပ်တွေထဲက ဆရာကြီးရဲ့  ရေးသားချက်တွေ အပေါ်မှာမှီပြီးမှ သုတမယဉာဏ်၊ စိန္တာမယဉာဏ်တွေ ဖြစ်ခွင့်ရခဲကြတာ မဟုတ်လား။ ဒါကြောင့်မို့ ဒါတွေကိုသာပြောနေရင် မိကျောင်းမင်း ရေးကင်းပြသလို ဖြစ်နေပါဦးမယ်။ အရေးကြီးဆုံးက ဆရာကြီးမှာ လက်ကျန်အချိန်တွေ သိပ်မရှိတော့ဘူးဆိုတာကို အကင်းပါးပါးနဲ့ သိမြင်နိုင်ဖို့ပါပဲ။ ဒီတော့ ဘာပြောမလဲ။

ဆရာကြီးဟာ ကုသိုလ်တရားနဲ့ ပတ်သက်လာရင် ဒုနဲ့ ဒယ်နဲ့ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါတွေကို ပြန်ပြောင်းအောက်မေ့ ပြောနေမယ်ဆိုရင် အချိန်တွေကုန်ရုံသာ ရှိတော့မယ်။ ပြီးတော့ ခုနကတွင် ဆရာကြီးရဲ့ နောင်တော်ကြီးဖြစ်တဲ့ မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီးက ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိတွေနဲ့ ဆရာကြီးရဲ့  စိတ်အစဉ်ကို ရတနာသုံးပါးလွှမ်းခြုံရင်းနဲ့ သန့်ရှင်း စင်ကြယ်စေခဲ့ပြီ။ ကုသိုလ်စေတသိက် အကြောင်းခံတွေက ဆရာကြီးမှာ ရှိခဲ့ပြီးသား။ လတ်တလော အချိန်ကလေး အတောအတွင်းမှာလည်း ဒုက္ခဝေဒနာကို အာရုံပြုရာက စိတ်အစဉ်ကို ခေတ္တခွာလို့ ရတနာသုံးပါးကို အာရုံပြုဖြစ်နေတဲ့အတွက် ဆရာကြီးရဲ့  စိတ်အစဉ်ဟာ သန့်ရှင်းစင်ကြယ် ကြည်လင် လန်းဆန်း နေတဲ့ကာလ။ ဒါကို အမိအရ ဖမ်းဆုပ်လို့ သည်အချိန်မျိုးမှာ အပြောသင့်ဆုံးစကား က-

(ဆက်လက်ဖော်ပြပေးပါမည်။)

*ဤစာစုအား အစမှအဆုံးတိုင် မေတ္တာစေတနာသဒ္ဓါတရား အပြည့်နှင့် အပင်ပန်းခံ စာစီရိုက်နှိပ်ပေးသော ညီမငယ် မ Monica Pyone အား အထူးကျေးဇူးတင်ရှိပါကြောင်း။*


ဆက်လက်ဖတ်ရှုရန်

ရှိတဲ့ အတိုင်းလည်းသိဖို့ သိတဲ့ အတိုင်းလည်ရှိနေဖို့ - မြသန်းစံ (၁)

သေခြင်းတရားဆိုင်ရာ ဓမ္မဆောင်းပါး

ညသန်းခေါင်ကျော်အချိန်ကြီး ဘယ်ကများ ဖုန်းဆက်တာပါလိမ့်။

နောက်မှ သိလိုက်ရတာက ဆရာကြီးဓမ္မာစရိယ ဦးဌေးလှိုင်ရဲ့  ဇနီး သည်ဆီက ဖုန်းဖြစ်နေတယ်။ “ဆရာကြီး အခုလေးတင်ပဲ ဆုံးသွားပြီ”တဲ့။ အချိန်အတိအကျတော့ နံနက်(၀၁:၂၅) နာရီပေါ့လေ။ ထင်တော့ထင်ထားပြီးသားပါ။ လွန်ခဲ့တဲ့ ငါးရက်တုန်းက ဆရာကြီးဆီကို လူမမာမေးဖို့ သွားကတည်းက သိနှင့်ပြီးသားပါ။ အဲဒီနေ့က မြင်ခဲ့ရတဲ့ မြင်ကွင်းဟာ ဆရာကြီးရဲ့  သက်ရှိထင်ရှားရုပ်ပုံလွှာရဲ့  နောက်ဆုံး မြင်ကွင်းပါပဲ။ သည်မြင်ကွင်းကို မြင်ခဲ့ရြ့ပီးကတည်းက ဆရာကြီး မရနိုင်တော့ဘူးဆိုတာ သိခဲ့ပြီးပါပြီ။ ဆရာကြီး အနေနဲ့လည်း ကိုယ်တိုင် သိပြီးသား ဖြစ်မှာပါ။

သည်ငါးရက်လောက် အတောအတွင်းမှာပဲ ဆရာကြီးဟာ ဝေဒနာတွေကို အလူးအလဲ ခံသွားခဲ့ရမှာပါဘဲ။ ခန္ဓာရခဲ့ခြင်းရဲ့ ဒုက္ခကို ဆရာကြီးခမျာ အသက်ပေးရင်း သိသွားခဲ့မှာပါပဲ။ ဆရာကြီး နေမကောင်းဖြစ်တယ်၊ အိပ်ရာထဲ လဲနေတယ်၊ ဆေးရုံက ဆရာဝန်တွေက လက်လျှော့လိုက်ပြီ၊ အိမ်မှာပဲ နေစေချင်တော့တယ် - စတဲ့ သတင်းတွေကို ကြားကတည်းက ဆရာကြီးအနားကို အပြေးလာချင်တာ။ ထုံးစံအတိုင်းပေါ့လေ။ ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့အတိုင်း လူမှုကိစ္စတွေဟာ ဘယ်တော့မှ အပြီးသတ်တယ်လို့ မရှိဘူး။ ပေါ်လာသမျှ အာရုံအသစ်တွေကို “စိတ်” အသစ်တွေ၊ ရုပ် အသစ်တွေနဲ့ လိုက်လိုက်လုပ်နေရတာ အမျှင်ကို မပြတ်နိုင်ပါဘူး။ ဒါကြောင့် မို့လို့လည်း သူတော်ကောင်းကြီးတွေ မှန်သမျှဟာ ဃရာဝါသ-အိမ်ရာထည်ထောင် လူတို့ဘောင်ကို စက်ဆုပ် ရွံရှာကြတာ မဟုတ်လား။

အင်း-သည်အတိုင်းသာ အချိန်ဆွဲနေရင်၊ အားမယ့်အချိန်ကို ရွေးနေရင် ကိုယ့်အပေါ်မှာ ကျေးဇူးရှိထားတဲ့ ဆရာသမား တစ်ယောက်ရဲ့  နောက်ဆုံး အချိန်ကိုတောင် မီလိုက်မှာ မဟုတ်ဘူး။ အမြန်သွားမှပဲဆိုပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး အတင်းသွားရတော့တာ။ လောကမှာ လူတွေဟာ ကိုယ်လည်း ကိုယ့်ကိစ္စနဲ့ကိုယ်၊ သူလည်း သူ့ကိစ္စနဲ့သူဆိုပြီး ကိုယ်စီ ကိုယ်စီ အလုပ်ရှုပ်နေကြတော့တာ။ ဘယ်တော့မှ အတောမသတ်နိုင်တော့တဲ့ လူမှုစီးပွားရေးကိစ္စတွေနဲ့ အချိန်တွေ ကုန်နေလိုက်ကြတာ။ ထားခဲ့ရမယ့် အရာတွေ(ရာထူး၊ ဥစ္စာ၊ စီးပွား၊ သမီးသား) အတွက် တစ်ဘ၀လုံး အချိန်ကုန်ခံနေကြသ လောက် ယူသွားရမယ့် ကုသိုလ်ရဲ့ သတ္တိအရှိန်အ၀ါအတွက် ငါးမိနစ်၊ ဆယ်မိနစ်လေးလောက်တောင် အချိန်မပေးနိုင်တဲ့ လူတွေ ဒုနဲ့ဒေးပါလား။ ဒါန၊ သီလ၊ ဘာဝနာတို့၊ သီလ၊ သမာဓိ၊ ပညာတို့ဆိုတာတွေ ကို ကြားဖူးနားဝ တောင်မရှိဘဲနဲ့၊ အချိန်ပေးလေ့ကျင့်ရကောင်းမှန်းတောင် မသိဘဲနဲ့ နာရေးကြော်ငြာစာ ရင်းဝင်သွားကြသူတွေ မနည်းလှပါလား ဆိုတာကို တွေးမိတိုင်း ဓမ္မသံဝေဂ အကြီးအကျယ် ဖြစ်ရပါ တယ်။

သစ်ပင်တစ်ပင်ကို မခုတ်ခင်မှာ ကိုယ်လဲစေချင်တဲ့ဘက်ကို အရာပေးပြီးမှ ကျန်တဲ့ဘက်က ခုတ်ရပါတယ်။ သည်လိုမှ မဟုတ်ရင် လဲချင်ရာလဲဆိုပြီး ပင်စည်ပတ်ပတ်လည်ကို ထင်ရာလျှောက် ခုတ်နေရင် ဓါတ်ကြိုးပေါ် လဲကျပြီး ၀ါယာရှော့ ဖြစ်ချင်ဖြစ်မယ်။ သူများအိမ်ခေါင်မိုး၊ ခြံစည်းရိုး၊ လူသွားလမ်း၊ အခြားသစ်ပင်ပေါ်စတဲ့နေရာတွေကို ပရမ်းပတာလွင့်စဉ်ပြီး လဲကျသွားနိုင်ပါတယ်။ အဲဒါဟာ“ ၀ိနိပါတိကဘေး” နဲ့ အလွန်တူပါရဲ့ ။ လဲစေချင်တဲ့ဘက်ကို ခုတ်ရာပေးပြီးမှ အခြားတစ်ဖက် ကနေ ခုတ်တဲ့အပင်ကျတော့ စနစ်တကျနဲ့ လဲလို့ ကိုယ်လိုရာကို ရောက်စေပါတယ်။ ဒါလေးတွေ ကိုတွေ့ထားတော့၊ အင်း-တော်ပါသေးရဲ့ ၊ သတိပဋ္ဌာန်တရားတော်နဲ့အညီ စားစား၊ သွားသွား၊ လာလာနဲ့ လူမှုကိစ္စတွေ ဆောင်ရွက်နေပေလို့သာ။ တစ်ဖက်ကလည်း တရားအတွက် အမှတ်တွေစုဆောင်းပြီး သား၊ တစ်ဖက်ကလည်း လူမှုဝတ္တရားတွေကို မင်္ဂလာတရား နဲ့အညီ ကျေပွန်ပြီးသားဖြစ်နေလို့ ဖြေသာ သေးတာပေါ့လေ။ သို့ပေမယ့်လည်း ဒါဟာ ရသေ့စိတ်ဖြေတဲ့ သဘောလောက်ပဲ ရှိသေးတာ၊ တရားတော်နဲ့ ပက်သက်လို့ အားရလောက်တဲ့ ကျင့်ကြံအားထုတ်မှု မဖြစ်သေးဘူးဆိုတာ ကိုယ့်ကိုယ်ကို သတိထားနေမိပါရဲ့ ။

ဒါကြောင့်မို့လည်း ဆရာကြီးဆီမသွားခင်မှာ မြင်၊ ကြား၊ နံ၊ စား၊ ထိ ဆိုတဲ့ အာရုံတွေနဲ့ အတူရော ၀င်လာတတ်တဲ့ မောဟကိလေသာစိတ်တွေကို အချိန်ပေးပြီး ရှင်းသွားဦးမှ တော်မယ်ဆိုပြီး နီးစပ်ရာဘုရားတစ်ဆူကို အရင်သွားရပါတယ်။ အတော်ပါပဲ။ ဆရာကြီးအိမ်အသွား၊ လမ်းကြောင်းလည်း သင့်တဲ့ စွယ်တော်မြတ်စေတီရဲ့  လိုဏ်ထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့  ကြီးမြတ်တဲ့ဂုဏ်ကို အာရုံပြုနှလုံး သွင်းပြီးသကာလ ရုပ်နမ်ဓမ္မ သင်္ခါရတွေကို ရှုမြင်သုံးသပ်တဲ့ အခြေအနေအထိ ဉာဏ်ခရီးရောက်အောင် ကြိုးစားအားထုတ်လို့ ရင်ထဲက ကိလေသာ အမှိုက်ထုပ်အချို့ ကို စွန့်ပစ်ဖြစ်ခဲ့ပါတယ်။ နှစ်နာရီနီးပါး လောက် ရှုမှတ်ပွားများလိုက်တော့ အမှိုက်စွန့်ပစ်ပြီးခါစ အမှိုက်ပုံးတစ်ခုလို ရင်ထဲက အနံ့ဆိုးတွေ လျော့ပါးလို့ ကိလေသာ အမှိုက်ထုပ် အလေးချိန်တွေကြောင့် ထုံပေပေ၊ မှုန်မှိုင်းမှိုင်းဖြစ်နေတဲ့ ရင်ပတ်ကြီးလည်း ပေါ့ပါးရှင်းလင်းလို့၊ စိတ်တွေလည်း ကြည်နှုးလန်းဆန်းလို့ ဖြစ်ခဲ့ပြီးမှ ဆရာကြီးအိမ်ကို ရောက်ခဲ့တော့တာ။ ဆရာကြီးအိမ်ကိုရောက်တော့ ဆရာကြီးရဲ့  ဇနီးသည်က ဆီးကြိုပါတယ်။ မျက်နှာတော့ မကောင်းရှာဘူး။ စကားမပြောဖြစ်ကြပေမယ့် ဆရာကြီးရှိတဲ့ အခန်းထဲကိုတော့ တစ်ပါတည်း ခေါ်သွားပါတယ်။ အခန်းထဲရောက်လို့ တွေ့လိုက်ရတာက ဆရာကြီးရဲ့  နောင်တော်ကြီးဖြစ် တဲ့ မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီးက ဆရာကြီးကို ဗုဒ္ဓါနုဿတိအာရုံတွေ သွင်းပေး နေ တာကို တွေ့ရပါတယ်။

မောင်းထောင်မြေဇင်းတောရ ဆရာတော်ကြီးက ဆရာကြီးထက် အသက် (၁၁)နှစ်လောက် ကြီးပါတယ်။ အသက်အတော်ကွာတော့ ညီငယ်ဖြစ်သူကို ကရုဏာကြီးဟန်တူပါရဲ့ ။ “မောင်ဌေးလှိုင်ရေ၊ ဒါက ဘုရားဓါတ်တော်ကွ၊ ဒါကဝေဘူဆရာတော်ဘုရားကြီးရဲ့  ဓါတ်တွေကွ၊ မင်းအာရုံပြုထား” ဆိုပြီး ညီဖြစ်သူကို (ကျွန်တော်တို့ရဲ့ ဆရာကြီးကိုပေါ့လေ) ဗုဒ္ဓါနုဿတိ ၊ သံဃာနုဿတိတွေ အထပ်ထပ် အာရုံပြု ခိုင်းနေလေရဲ့ ။ ဆရာကြီးခမျာ ဆရာတော်ဘုရားကြီးရဲ့  အဆုံးအမကို အသံတော်က တစ်ဆင့်အာရုံပြု ကြည်ညိုနေရင်းက ဘယ်တစ်စောင်း လဲလျောင်းရင်းလက်အုပ်ကလေး ချီမိုးနေတော့တယ်။ ဆရာတော်ဘုရားကြီးက ဗုဒ္ဓရုပ်ပွားဆင်းတုတော်တစ်ဆူကို ဆရာကြီးရဲ့  ဦးခေါင်းကို ထိထားပေးရင်းက ပါဠိတော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်နေတော့တယ်။ ပြီးတာနဲ့ ပုလင်းအသီးသီးမှာ ထည့်ထားတဲ့ ဓာတ်တော်တွေကို ဆရာကြီးဦးခေါင်းပေါ်မှာ ပင့်ထိပေးရင်းက နှုတ်ကလည်း တဖွဖွနဲ့ ရွတ်ဆိုနေ ပါတယ်။

ကဲ-မောင်ဌေးလှိုင်ရေ၊ မင်းရဲ့ သွေးသားတွေ သန့်ရှင်းစင်ကြယ်သွားပြီဟေ့၊ ရောဂါတွေလည်း မကြာခင်ပျောက်သွားတော့မှာကွ လို့ အားပေးစကား ပြောနေပါတယ်။ ဒီအားပေးစကားဟာ ဆရာကြီး အတွက် စိတ်အားဆေး တစ်ခွက်ဖြစ်စေလောက်ပါရဲ့ ။ ဒါပေမယ့် ဘေးကနေ ကြည့်နေရတဲ့ ကျွန်တော် အဖို့ ဆရာကြီးရဲ့  ယိုယွင်းညှိုးချုံးနုံးခွေနေတဲ့ ရုပ်ခန္ဓာကြီးဟာ ဘယ်လိုမှ ထူမတ် မလာနိုင်တော့ဘူး ဆိုတာ ရိပ်မိနေပါပြီ။ ကင်ဆာပိုးတွေရဲ့  အတွင်းလှိုက် ကိုက်စားမှုဒဏ်ကြောင့် ဆရာကြီးဟာ ပြုသမျှ နုရမယ့် အနေအထားကို ရောက်နေပါပြီ။

အာဟာရ မသွင်းနိုင်တာ ကြာပြီဖြစ်တဲ့ ရုပ်ခန္ဓာကြီးဟာ ပြိုလဲပုံကျပြီး ခွေခွေကလေးဖြစ်နေရှာ ပါပြီ။ ပိုးမွှားမျိုးစုံ ကိုက်စား မင်းမူနေတဲ့အတွက် အတွင်းပူ၊ အပြင်ပူဖြစ်နေတဲ့ ဆရာကြီးရဲ့  ရုပ်ခန္ဓာကြီးကို ဘေးကတပည့်နှစ်ဦးက ယပ်တောင်တွေခတ်ပေးရင်း၊ ရုပ်တရားကြီးရဲ့ ဖောက်ပြန်မှုကို ပြင်ပလှုံ့ ဆော်မှု အသုံးပြုလို့ အတင်းပြုပြင်ပေးနေရပါပြီ။ ဆရာကြီးခမျာ မျက်လုံးတောင် မဖွင့်နိုင်ရှာတော့ပါဘူး။ ဘုရား၊ တရား၊ သံဃာကို ကြည်ညိုအာရုံပြုနေပေမယ့် လက်အုပ်ကိုတောင် ဘယ်လက်ငါးချောင်း၊ ညာလက်ငါး ချောင်းထပ်ပြီး အာရုံမပြုနိုင်ရှာတော့ပါဘူး။ ဘယ်၊ညာလက်ချောင်းတွေဟာ တစ်ချောင်းကြား တစ်ချောင်းနေရာယူရင်းက ယိုင်ခွေခွေဖြစ်လို့ ဘယ်ညာလက်နှစ်ဖက်ပေါင်း လက်သီးဆုပ်လို့ ပြောရမလို တောင်ဖြစ်နေတဲ့ လက်အုပ်နဲ့ အာရုံပြုနေရရှာတာ။

ဘယ်လောက် သံဝေဂရစရာမြင်ကွင်းပါလဲ။ “ရဟန္တာနဲ့ ပုဂ္ဂိုလ်ထူးများ” စာအုပ်ကို ရေးသားခဲ့တဲ့ ဆရာကြီးတစ်ဦးရဲ့ ကုသိုလ်ကြီးကိုမျှ မထောက်ထား၊ မညှာတာ နှိပ်စက်ရဲလိုက်တဲ့ ဗျာဓိတရားကြီးရယ်။ ဗုဒ္ဓသာသနာတော်အပေါ် ထားတဲ့ စေတနာသဒ္ဓါတရားကိုမျှ မထောက်ထား၊ မညှာတာ ဖောက်ပြန် ၀ံ့လိုက်တဲ့ ရူပက္ခန္ဓာကြီးရယ်။ ဘေးရံ တပည့်တပန်းတွေကိုမျှ အားမနာ၊ ဆေးထိုးဆေးတိုက် အသက် ကယ်တဲ့ စစ်ကူ၊ ပစ်ကူတွေကိုမျှ မကြောက်မရွ့ံ နောက်မတွန့်နဲ့ အောင်လံတံခွန်လွှင့်ထူနေချင်ပြီဖြစ်တဲ့ မရဏမင်းကြီးရယ်။ သြော်-အားလုံးဟာ သူ့သဘော သူဆောင်၊ သူ့အလုပ်သူလုပ်နေကြတာ။ ကိုယ်က ဘာဝင်လုပ်ပေးလို့ ရနိုင်မှာမို့လဲ။

သည်အချိန်မှာပဲ နာခဲ့ဖူးတဲ့ တရားခွေများစွာထဲက မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  တရားစကား တစ်ပိုဒ်စာ ဖျတ်ခနဲဆိုသလိုပဲ အာရုံထဲ ရောက်လာလေရဲ့ ။

“ခင်ဗျားတို့ပဲ အောင်ခြင်းရှစ်ပါးတွေနဲ့ ချီးမွမ်းခန်းဖွင့်ခဲ့တဲ့ ကိုယ်တော်ကြီးလေ၊ ကုသိနာရုံ အင်ကြင်းတောရောက်တော့ ခံနိုင်သေးရဲ့ လား၊ ရူပက္ခန္ဓာကြီးက နှိပ်စက်ပြီလေ၊ ညီတော်အာနန္ဒာရေ…. ငါဘုရားပင်ပန်းတော်မူလှပြီလို့ မပြောရဘူးလား၊ အဲဒါကို ကြည့်ထား၊ ကိလေသာရန်သူတွေကို အောင်နိုင်တော်မူပြီးတဲ့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးတောင်မှပဲ ခန္ဓာရဲ့ ဒုက္ခကို ခံသွားရသေးတာ မဟုတ်လား။ ခင်ဗျားတို့ ကျုပ်တို့လို ပုဂ္ဂိုလ်တွေအဖို့မှာဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲဒါကြည့်ထားပါ။ ဒကာ၊ဒကာမတွေ။ ဒါကိုလေးလေးနက်နက် သဘောပေါက်စေချင်လို့ ဆရာဘုန်းကြီးက မှာနေရတာ။ ဒီကိစ္စတော်တော့်ကို အရေးကြီးပါတယ်။ ပေါ့သေးသေးလို့တော့ မထင်လိုက်ပါနဲ့။ ဒါကြောင့်မို့ ခင်ဗျားတို့ တစ်တွေဝိပဿနာဉာဏ်တွေ ရဖို့အရေး၊ ခန္ခာရဲ့ ဒုက္ခကို ခံနိုင်ဖို့အရေး ဆရာဘုန်းကြီးက မနေမနား ဟောနေရတာပါ။”

တရားနာခဲ့တုန်းကတော့ ဆရာတော်ဘုရားကြီးနှယ် ပြောရက်လိုက်တာလို့ ထင်ခဲ့မိသေး။ နောက်မှ တဖြည်းဖြည်းနဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  တပည့်ဒကာ၊ ဒကာမတွေ အပေါ်မှာ ထားခဲ့တဲ့ မေတ္တာ၊ ကရုဏာတရားတွေကို တရေးရေးနဲ့တွေးကြည့်ရင်းက တစိမ့်စိမ့်နဲ့ သဘောပေါက်ခဲ့ရ တာ။ မိုးကုတ်ဆရာတော်ဘုရားကြီးကိုယ်တော်တိုင်လည်း ခန္ဓာဝန်ချခါနီးမှာ မှာခဲ့တဲ့ နောက်ဆုံး တရားစကားကို ကြည့်ပါ။ ဘယ်လောက်လေးနက်ပြီး၊ ဘယ်လောက် တရားအဆီအနှစ် ပြည့်ဝလိုက်ပါ သလဲ….။

“ငါ့မျက်လုံးတွေပြာလာပြီ၊ ကြည့်ထားကြ၊ ခန္ဓာရတဲ့ လူတိုင်း ငါ့လိုပဲ ခံကြရမယ်၊ ရီကော်ဒါ (Recorder) ထဲမှာ ငါဟောထားခဲ့တဲ့ တရားတိပ်ခွေတွေရှိတယ်။ ဖွင့်ပြီးနာရစ်ကြ"

စိတ်ရဲ့  အလုပ်လုပ်ပုံတွေထဲမှာ “ဓမ္မာရုံ” လောက်နက်နဲသိမ်မွေ့တာ မရှိနိုင်ဘူးထင်တယ်။ နက်နဲ သိမ်မွေ့သလို အာရုံတွေကို ပုံဖော်အသိပေးနေပုံတွေကလည်း လျင်မြန်လွန်းမက လျင်မြန်လှပါကလား။ ဒါကြောင့်မို့လို့လည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လက်ဖျစ်တစ်တွက်အတွင်း ကုဋေတစ်သိန်း ဖြစ်ပျက်ခဲ့တဲ့ စိတ်လို့ ဟောဖော်ညွှန်ပြသွားတာ မဟုတ်လား။

အခုလည်းကြည့်လေ။ ပကတိမျက်စိနဲ့ တွေ့နေမြင်နေရတာက အခန်းကျဉ်းကလေး တစ်ခုထဲမှာ ကျွန်တော် အပါအ၀င် လူငါးယောက်။ ဆရာကြီးက ခုတင်ပေါ်မှာ ခွေခွေကလေး လဲလျောင်းလို့။ မောင်းထောင်မြေဇင်း ဆရာတော်ဘုရားကြီးက ညီဖြစ်သူ (ဆရာကြီး) ကို ကရုဏာဓာတ် အပြည့်အ၀နဲ့ တရားတော်တွေ ချီးမြှင့်နေလို့။ ဆရာကြီးရဲ့  တပည့်နှစ်ဦးက ဆရာကြီးကို ဂရုတစိုက် ယပ်ခတ်ပေးရင်း လိုလေးသေးမရှိ ပြုစုနေလို့။

ဒါပေမယ့် စိတ်များလျင်မြန်ပုံပြောပါတယ်။ ပကတိ မျက်စိနဲ့မြင်ရတဲ့ အဆင်းကို နှလုံးမသွင်းဖြစ် ပြန်ဘူး။ ဓမ္မာရုံထဲမှာကတော့ ၁၉၉၆-ခုနှစ်၊ မတ်လတုန်းက ရန်ကုန်လေဆိပ်မှာဆရာကြီးနဲ့ စဆုံဖြစ်ခဲ့တာကစလို့ တဖျတ်ဖျတ်နဲ့ ပေါ်လာလိုက်တဲ့ ပုံရိပ်တွေ။ တရားရှုမှတ်နေတုန်း အာရုံနဲ့စိတ် တည့်မလို့ရှိသေး၊ အတွေးတစ်ခုပေါ်လာတာနဲ့ အဲဒီအတွေးနောက် လျှောက်လိုက်သွားလိုက်တာ အတွေးကွန်ယက်နယ်ပယ်ကြီးထဲ လွင့်မျောမှန်းမသိ လွင့်မျောရင်း တရားထိုင်ချိန်ကုန်မှ တရားရှုမှတ်ဖို့ ပြန်သတိရလိုက်မိတဲ့ ယောဂီတစ်ယောက်ရဲ့  ဖြစ်ပုံမျိုးနဲ့ ဆင်ဆင်တူနေသေးတော့…။

(ဆက်လက်ဖော်ပြပေးပါမည်။)

*ဤစာစုအား အစမှအဆုံးတိုင် မေတ္တာစေတနာသဒ္ဓါတရား အပြည့်နှင့် အပင်ပန်းခံ စာစီရိုက်နှိပ်ပေးသော ညီမငယ် မ Monica Pyone အား အထူးကျေးဇူးတင်ရှိပါကြောင်း။*


ဆက်လက်ဖတ်ရှုရန်

ငါသေမှအေးမယ်

ငါရှိမှ.....

ငါပါမှ.....

ငါလုပ်မှ.....

ငါသိမှ.....။

ငါ့လောက်သိ.....

ငါ့လောက်တတ်.....

ငါ့လောက်မြတ်.....

ငါ့လောက်နပ်တာ ဘယ်မှာရှိလို့လဲ။

ငါမရှိတဲ့အရပ် ငတ်သေနိုင်တယ်။

ငါ့မပါတဲ့အဖွဲ့ ပဲ့ထွက်နိုင်တယ်။

ငါမပါတဲ့အလုပ် ရှုပ်ထွေးနိုင်တယ်။

ငါမသိသေးတဲ့အကြောင်းအရာ အနှစ်မပါနိုင်။

ငါရှိတဲ့အရပ်.....

ငါပါတဲ့အဖွဲ့.....

ငါလုပ်တဲ့အလုပ်.....

ငါသိတဲ့အကြောင်းအရာ.....

ငါဆိုတဲ့ငါက လောကကိုအလှဆင်မှာ။

ငါမရှိတဲ့အခါ.....

ငါတွေးပြီး စိတ်ပူမိ။

တွေးမပူပါနဲ့ဗျာ.....

ငကန်းသေ ငစွေပေါ်မှာ.....

ဠင်းတလောက်တော့ ငှက်တိုင်းလှမှာ။

အရူးကိုလည်း ဗုံနှင့်မမြှောက်ချင်တော့ဘူး။

တစ်တီတူးငှက်လိုလည်း မိုးခြေကန် မအိပ်ချင်တော့ဘူး။

အို....

ငါဆိုတဲ့ငါ

စောစောသေ၊ မြန်မြန်သေ၊ အခါမလပ်သေ

တရှိုက်မက်မက်သေ

ငါမရှိလေ ကောင်းလေ။

ငါသေလေ ကောင်းလေ။

ငါရှိနေသမျှ

ငါဆိုတဲ့အတ္တ

ငါက ဒုက္ခပေးအုံးမှာ။

ငါမရှိ၊ ငါမပါ

ငါမလုပ်၊ ငါမသိ

ငါမမြတ်၊ ငါမတတ်၊ ငါမနပ်တဲ့အခါ

လောက သာယာမှာ။

ငါသေ...ငါများများသေ

ငါတွေများများသေလေ

ကမ္ဘာကြီး အေးချမ်းလေပေါ့။

မဂ္ဂင်ဆရာတော်

၇-၁၁-၂၀၁၁

အာဟာရစာစောင် (အမှတ်စဉ် ၁၃၁၊ မတ်လ- ၂၀၁၂)


ဆက်လက်ဖတ်ရှုရန်

ဗုဒ္ဓဘိသေက အနေကဇာတင် ဘုရားရှိခိုးဂါထာတော်

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အနေကဇာတင် ဂါထာ

(က) အနေကဇာတိ သံသာရံ၊ သန္ဓာ ၀ိဿံ အနိဗ္ဗိသံ။

(အနေကဇာတိ သံသာရံ၊ သန်ဓာဝိတ်သံ အနိတ်ဗိသံ။)

ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

(ဂဟကာရံ ဂဝေသန်တော၊ ဒုတ်ခါ ဇာတိ ပုနပ်ပုနံ။)

(ခ) ဂဟကာရက ဒိဋ္ဌော သိ၊ ပုန ဂေဟံ န ကာဟသိ။

(ဂဟကာရက ဒိတ်ထောသိ၊ ပုန ဂေဟံ န ကာဟသိ။)

သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။

(သတ်ဗာတေ ဖာသုကာ ဘက်ဂါ၊ ဂဟကူတံ ၀ိသင်ခတံ။)

ဝိသင်္ခါရ ဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။

(၀ိသင်ခါရ ဂတံ စိတ်တံ၊ တန်နှာနံ ခယ မဇ်ဇဂါ။)

ပဋိစ္စသမုပ္ပါဒ် အနုလောမ


အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ သမ္ဘ၀န္တိ ဧ၀ မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

ပဋိစ္စသမုပ္ပါဒ် ပဋိလောမ


အ၀ိဇ္ဇာယတွေဝ အသေသ ၀ိရာဂ နိရောဓာ သင်္ခါရ နိရောဓော၊ သင်္ခါရနိရောဓာ ၀ိညာဏနိရောဓော၊ ၀ိညာဏနိရောဓာ နာမရူပ နိရောဓော၊ နာမရူပနိရောဓာ သဠာယတန နိရောဓော၊ သဠာယတန နိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာ နိရောဓာ တဏှာနိရောဓော၊ တဏှာ နိရောဓာ ဥပါဒါန နိရောဓော၊ ဥပါဒါန နိရောဓာ ဘ၀နိရောဓော၊ ဘ၀နိရောဓာ ဇာတိနိရောဓော၊ ဇာတနိရောဓာ ဇရာ မရဏံ၊ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿု ပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀ မေ တဿ ကေ၀လဿ၊ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။

ဥဒါန်းဂါထာ


(က) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

(ယဒါ ဟဝေ ပါတု ဘ၀န်တိ ဓမ်မာ၊)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

(အထတ်သ ကင်ခါ ၀ပယန်တိ သတ်ဗာ၊)

ယတော ပဇာနာတိ သဟေတု ဓမ္မာ။

(ယတော ပဇာနာတိ သဟေတု ဓမ်မာ။)

(ခ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

(ယဒါ ဟဝေ ပါတု ဘ၀န်တိ ဓမ်မာ၊)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊

(အထတ်သ ကင်ခါ ၀ပယန်တိ သတ်ဗာ၊)

ယတော ခယံ ပစ္စယာနံ အဝေဒိ။

(ယတော ခယံ ပစ်စယာနံ အဝေဒိ။)

(ဂ) ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊

(ယဒါ ဟဝေ ပါတု ဘ၀န်တိ ဓမ်မာ)

အာတာပိနော ဈာယတော ဗြဟ္မဏဿ။

(အာတာပိနော ဈာယတော ဗြန်မဏတ်သ။)

ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊

(၀ိဓူပယံ တိတ်ဋ္ဌသိ မာရသေနံ၊)

သူရိယောဝ သြဘာသ မန္တိလိက္ခံ။

(သူရိယောဝ အောဘာသယ မန်တိလိတ်ခံ။)

ပဋ္ဌာန ပစ္စယုဒ္ဒေသ


ဟေတုပစ္စယော၊ အာရမ္မဏ ပစ္စယော၊ အဓိပတိ ပစ္စယော၊ အနန္တရ ပစ္စယော၊ သမနန္တရ ပစ္စယော၊ သဟဇာတ ပစ္စယော၊ အညမည ပစ္စယော၊ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယော၊ ပုရေဇာတ ပစ္စယော၊ ပစ္ဆဇာတ ပစ္စယော၊ အာသေ၀န ပစ္စယော၊ ကမ္မ ပစ္စယော၊ ၀ိပါက ပစ္စယော၊ အာဟာရ ပစ္စယော၊ ဣန္ဒြိယ ပစ္စယော၊ ဈာန ပစ္စယော၊ မဂ္ဂ ပစ္စယော၊ သမ္ပယုတ္တ ပစ္စယော၊ ၀ိပ္ပယုတ္တ ပစ္စယော၊ အတ္ထိ ပစ္စယော၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယောတိ။

ဘုရားဂုဏ်တော် ၉-ပါး


ဣတိပိသော ဘဂ၀ါ အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာ စရဏ သမ္ပန္နော၊ သုဂတော၊ လောက၀ိဒူ၊ အနုတ္တရော ပုရိသ ဓမ္မသာရထိ၊ သတ္ထာ ဒေ၀ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂ၀ါ။

အဘိသေက ဂါထာ


(က) ဇယန္တော ဗောဓိယာ မူလေ၊

(ဇယန်တော ဗောဓိယာ မူလေ၊)

သကျာနံ နန္ဒိဝဍ္ဎနော။

(သက်ကျာနံ နန်ဒိဝတ်ဒနော။)

ဧ၀ မေ၀ ဇယော ဟောတု၊

(အေ၀ မေ၀ ဇယော ဟောတု၊)

ဇယဿု ဇယမင်္ဂလေ။

(ဇယတ်သု ဇယမင်္ဂလေ။)

(ခ) အပရာဇိတ ပလ္လင်္ကေ၊

(အပရာဇိတ ပန်လင်ကေ၊)

သီသေ ပုထု ၀ိပုက္ခလေ၊

(သီသေ ပုထု ၀ိပုတ်ခလေ၊)

အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊

(အဘိသေကေ သတ်ဗဗုတ်ဒါနံ၊)

အဂ္ဂပ္ပတ္တော ပမောဒတိ။ ။

(အက်ဂပ်ပတ်တော ပမောဒတိ။ ။)

ဘုရား အနေကဇာတင် ပြီး၏။


မြစိမ်းတောင်ဆရာတော်ဘုရားကြီး ၏ ဘုရားအနေကဇာတင် တရားတော်

http://www.myaseintaung.net/video/Audio/PaYakeTayar/003AhNaKaZarTin.MP3


ဆရာကြီး ဦးဘခင် ၏ ဘုရားအနေကဇာတင် ဘုရားရှိခိုး
http://www.dhammaransi.net/Audio/UThanShwe/UBaKhin-DhammaTalk-04.mp3

ဆက်လက်ဖတ်ရှုရန်

Saturday, March 17, 2012

အရဟတ္တဓဇ ဆင်မြန်းသူများ

(၁)

သောနုတ္တရ၊ နာမ ခေါ်ရိုး၊ တောမူဆိုးသည်၊ ဆဒ္ဒန်အိုင်တွင်းသို့၊ သက်ဆင်းမိလျှင်၊ ဆင်မင်းနေရာ၊ အလာအသွား၊ အထားအနေ၊ ရေဆင်းရေတက်၊ အချက်ချက်ကို၊ ကွယ်ဝှက် ပုန်းအောင်း၊ ချောင်းမြောင်း ဆင်ခြင်၊ သိမြင်သောအခါ၊ ၀ိသာလမာလက အရပ်တွင်၊ ဥမင် ပေါင်းကူး၊ မြေကိုတူး၍၊ မြားဦး စိန်ရွက်၊ ဆင်မင်းချက်နှင့်၊ ချိန်လျက် ထုတ်ချောက်၊ အထက်က ဖောက်ပြီးလျှင်၊ ဒေါက်ချာ ဆံကျစ်၊ ဖန်နှစ် နီမြန်း၊ သင်္ကန်းရဲရဲ၊ ဆင်ဝတ်ကဲ၍၊ လည်ဆွဲပုတီး၊ တရပတ်ကြီးများနှင့်၊ မထေရ် သီလ၀င်၊ တကယ့်ရှင်ကဲ့သို့၊ ဥမင်ထောင့်က၊ သကောင့်သားကြီး၊ အနုကြမ်းစီးမည်ဟု၊ အပြီးစောင့်လျက်၊ နေလင့်၏။ ။

.......

......

.......

ဆင်မင်းဖျားလည်း၊ ဤမြားပစ်ချက်၊ အထက် ရှေ့နောက်၊ တောင်မြောက် ၀ဲယာ၊ လာဘွယ်မရှိ၊ အောက်ကဟု သိလေ၍၊ ဘူမိမြေရပ်၊ ခွါတော်နှင့် ရှပ်သည်တွင်၊ ပျဉ်ချပ် ကျိုး၍၊ မုဆိုးငုတ်တုတ် ပေါ်လေ၏။ ထိုအခါ၊ ယမ်းတိုက်နှင့် မီးစ၊ ထိပါးကြ သကဲ့သို့၊ ဒေါသ ပဋိဃာတ်၊ ခြောင်းခြောင်းလွှတ်၍၊ သတ်တော့မည် အငြိုးနှင့်၊ မုဆိုး၏ ဦးခေါင်းကို၊ နှာမောင်းဖြင့် ဆွဲတော်မူလေ၏။

ထိုအခါ၊ တံငါလုဒ္ဒက၊ အကြံရတည့်၍၊ ကိုယ်က သင်္ကန်းကို ခွါပြီးလျှင်၊ နှာမောင်းတော် အထက်၌၊ ခေါက်လျက် တင်လိုက်လေသတည်း။ ။ ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းလည်း၊ မောင်းမောင်း နီလွင်၊ သင်္ကန်းကို မြင်တည့်လျှင်၊ လေးသင်္ချေနှင့် ကပ္ပါတသိန်း ပတ်လုံး၊ သုံးဆယ် ပါရမီ၊ စာဂီပဉ္စ၊ စရိယ သုံးဆင့်၊ ဆည်းပူးကျင့်၍၊ ပွင့်အံ့ တျားတျား၊ ဖြစ်ပြန်ရကား၊ ပွါးမိသော အမျက်ကို၊ ချက်ချင်း ငြိမ်းစေ၏။ ။ ဤဖန်ရည်သင်္ကန်းကား၊ ရဟန်း ပရမတ်၊ ၀ဋ်ကင်းလွတ်သော၊ အရဟတ္တဖိုလ်၏ တံခွန်၊ မြတ်မွန်လှချေ၏ တကား၊ ဤအ၀တ်ကို၊ ယွင်းချွတ် ထိခိုက်၊ မမှားထိုက်ပေ၊ ရိုသေမြတ်နိုး၊ ရှိခိုးပူဇော် ထိုက်ပေသည်၊ ငါ့ရန်သူကို၊ ငါသတ်လိုလည်း၊ ထိုသူယုတ်၏၊ အမြိုက်ခေါင်ထွတ်၊ သင်္ကန်းမြတ်ကို၊ ၀တ်လျက် ရှိပချေသည်၊ ဘုရား လှိုဏ်ခေါင်း၊ အောင်း၍ မာန်သွေး၊ ဟောင်သည့်ခွေးကို၊ အရေးပြုကာ၊ ခွင့်မသာသကဲ့သို့၊ ထိုသူယုတ်အား၊ သတ်မိငြားသော်၊ တရားတော်ဂိုဏ်း၊ မလွတ်ရာချေဟု၊ ရွှေနှလုံးထား၊ ဘုရားတဆူ၊ မြတ်ထွတ်တော်မူလှ၍၊ ရန်သူမှန်လျက်၊ မုဆိုးပျက်အား၊ အသက်ကို ချမ်းသာပေးတော်မူလေသည်။ ။

...............................

ဦးပုညရေးခဲ့တဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်တော်ထဲက ကျွန်တော် အမှတ်တရသတိထားဖြစ်ခဲ့တဲ့ စာပိုဒ်အချို့ ပါ။

ကျောင်းသားဘ၀တုန်းက ဆဒ္ဒန်ဆင်မင်းဝတ္ထုကို သင်ခဲ့ရပေမယ့် စာမေးပွဲမှာ ဖြေနိုင်ရုံလောက်သာ လေ့လာခဲ့တာမို့ ဇာတ်လမ်းပါအကြောင်းအရာက ဒီလောက် စိတ်ထဲ နက်နက်ရှိုင်းရှိုင်းမ၀င်ရောက်ခဲ့ပါဘူး။ အခုနောက်ပိုင်း ဘာသာရေးနှင့် ဆက်နွယ်လာတော့မှ ဒီဇာတ်လမ်းထဲက အလောင်းတော်ဆင်မင်းရဲ့  သောနုတ္တရမုဆိုးကို သတ်ဖို့ပြင်လိုက်ပြီးကာမှ မသတ်ဖြစ်တော့တဲ့နေရာလေးကို ခဏခဏသတိရမိတတ်ပါတယ်။ မုဆိုးကိုယ်ပေါ်က သင်္ကန်းကိုမြင်လိုက်တဲ့ခဏမှာ ဒီသင်္ကန်းဟာ သူတော်သူမြတ်တို့ရဲ့  အဆင်းတန်ဆာ၊ သံသရာမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ နိဗ္ဗာနဓါတ်ရဲ့  အလံတခွန်အဖြစ် ချက်ချင်းနှလုံးသွင်းလိုက်နိုင်ပြီး ထွက်နေတဲ့ဒေါသတွေ ငြိမ်းသွားတယ်ဆိုတာလေးကို ဖတ်မိတိုင်း အလောင်းတော်ဆင်မင်းရဲ့  စိတ်ထားတော်ကို ကြည်ညိုအားကျလို့မဆုံးဖြစ်မိပါတယ်။ အလောင်းတော်ကြီးတွေများ ကံအခြေအနေအရ တိရစ္ဆာန်တွေသာဖြစ်နေကြတယ်။ အသိဉာဏ်နှင့် စိတ်ထားတော်တွေကတော့ ကျွန်တော်တို့ လူသာမန်တွေ လိုက်မမှီနိုင်အောင် ပါပဲလား။

(၂)

ကျွန်တော် မြန်မာနိုင်ငံမှာ ရှိနေတုန်းက နေ့စဉ်နေ့တိုင်း မြင်တွေ့နေကျ မြင်ကွင်းတွေထဲက တစ်မျိုးကတော့ သင်္ကန်းဝတ်တွေနှင့် သပိတ်တစ်လုံးပိုက်ပြီး အလှူခံကြတဲ့ ကိုရင်ပိစိလေးတွေပါပဲ။ လက်ဘက်ရည်ဆိုင်ပဲထိုင်ထိုင်၊ စားသောက်ဆိုင်ပဲထိုင်ထိုင် ထိုင်ပြီး သိပ်မကြာခင် သူတို့ ရောက်လာတတ်မြဲပါ။ သင်္ကန်းကို ပိုသီပတ်သီရုံရင်း၊ နှပ်ချေးတွဲလောင်း၊ ခေါင်းမှာ ဒတ်အနာတွေနှင့် သပိတ်အစုတ်တစ်လုံးကို မနိုင်မနင်းပွေ့ထားရတဲ့ သူတို့ရဲ့ မြင်ကွင်းဟာ မြင်ရသူအဖို့မှာတော့ သက်တောင့်သက်သာ မရှိလှပါဘူး။ မှန်တာကို ၀န်ခံရရင် ကျွန်တော့်စိတ်ထဲမှာ သူတို့လေးတွေကို တကယ့်ကိုရင်အစစ်တွေလို့ ယုံကြည်မနေမိပါဘူး။ အကြောင်းကြောင်းတွေနှင့် သင်္ကန်းပတ်ပြီး ပိုက်ဆံလိုက်တောင်းနေကြတဲ့ ချာတိတ်တွေလို့ပဲ စိတ်ထဲ ထင်မိပါတယ်။ ဒီတော့ စိတ်ကူးပေါက်တဲ့အခါလည်း အိတ်ထဲပါတဲ့ ပိုက်ဆံ အကြွေတွေ ပေးဖြစ်တယ်။ တခါတလေလည်း ကန်တော့ဆွမ်းပါ လို့ပဲ ပြီးစလွယ် ပြောမိလိုက်တယ်။

ဘာသာခြားမိတ်ဆွေတွေနှင့် ဆိုင်ထိုင်ဖြစ်တဲ့အခါတွေများဆို သူတို့လေးတွေရောက်လာရင် အတော်လေး မျက်နှာပူမိပါတယ်။ မိတ်ဆွေတွေကလည်း ဘာသာခြားပေမယ့် ဗုဒ္ဓဘာသာပါးက ၀နေကြပြီမို့ သူတို့ကတောင် ဦးအောင် ကန်တော့ဆွမ်းပါ လို့ ပြောတတ်ကြသေးတယ်။ ရင်းနှီးတဲ့ ဆရာတော်တွေနှင့်ဆုံတဲ့အခါ သူတို့နှင့်ပတ်သက်ပြီး လျှောက်ဖြစ်ပါတယ်။ ဒီကိုရင်လေးတွေကို ဘုန်းဘုန်းတို့တွေ ကြည့်မထိန်းတော့ဘူးလားရယ်လို့။ သူတို့ကလည်း ရှင်းတော့ရှင်းပြပါတယ်။ အတုအယောင် ကိုရင်လေးတွေအတွက် စီမံချက်တွေ အာဏာပိုင်အဖွဲ့အစည်းတွေနှင့် ပေါင်းပြီးလုပ်တဲ့အကြောင်း၊ တကယ်လို့ ဆိုင်တွေမှာတွေ့ရင် ဘယ်ကျောင်းကလဲ၊ ဘာဘွဲ့လဲစသဖြင့် မေးကြည့်ဖို့အကြောင်း။

တခါတော့ ဓမ္မကထိကဆရာတော်တစ်ပါးကို လျှောက်ဖြစ်တော့ ဆရာတော်က ဆုံးမပါတယ်။ “ဒကာရေ၊ ဦးဇင်းတို့လည်း ကိုရင်ဘ၀က ဒီလို ညစ်တီးညစ်ပတ်၊ စုတ်စုတ်ပြတ်ပြတ်ပါပဲ” တဲ့။ အခုလို လူရိုသေ၊ ရှင်ရိုသေပုံမျိုး ဘယ်ဟုတ်လိမ့်မလဲတဲ့။ ငယ်ဘ၀မှာ အစားဆင်းရဲ၊ အနေဆင်းရဲနှင့် ကိုယ့်ဝမ်းကိုယ်ကျောင်းရတာ ဆိုတော့ အပြင်ပန်းကတော့ ကြည်ညိုချင်စရာ တစ်စက်ကလေးမှ မရှိပါဘူးတဲ့။ သူကတော့ ကိုရင်လေးတွေဘက်က နှိုင်းနှိုင်းချိန်ချိန်လေး ပြောပေးသွားပါတယ်။ ကျွန်တော်ကလည်း ဆရာတော်ကို တပည့်တော်က ကိုရင်အစစ်တွေကို မဆိုလိုပါဘူးလို့၊ သင်္ကန်းဝတ်ပြီး လျှောက်တောင်းနေကြတဲ့သူတွေကိုသာ ပြောချင်တာပါလို့ လျှောက်ခဲ့ဖူးပါတယ်။

(၃)

၁၉၈၈ အရေးအခင်းကာလနောက်ပိုင်းကစပြီး အမြဲတမ်းလိုလိုကြားနေဖြစ်တဲ့ စကားအသုံးအနှုန်းတစ်မျိုးရှိပါတယ်။ အဲဒါက “သင်္ကန်းဝတ်” ဆိုတာပါ။ ဒါကို သတင်းတွေထဲမှာ အမြဲလို ကြားနေ၊ ဖတ်နေခဲ့ရပါတယ်။ တကယ့်သံဃာအစစ်မဟုတ်ပဲ သင်္ကန်းကိုဝတ်ဆင်ထားသူလို့ ပြောချင်ပုံပေါ်ပါတယ်။ သံဃာအစစ်မဟုတ်တဲ့အတွက် သူ့တို့ကို သံဃာလိုဆက်ဆံနေစရာမလိုဘူးလို့ အဓိပ္ပါယ်ဖွင့်ချင်ပုံပေါ်တယ်။ ဒီတော့ လိုအပ်ရင် သာမန်ရာဇ၀တ်သားတွေလိုပဲ ဖမ်းဆီးမယ်၊ ထောင်ချမယ်၊ ကိုယ်ထိလက်ရောက် နှိပ်စက်တာမျိုးလုပ်ချင်လည်းလုပ်မယ်၊ သတ်ချင်လည်း သတ်ပစ်မယ်၊ ဆိုတဲ့ သဘောပါပဲ။ ဒီလိုမျိုးလုပ်ခွင့်ရှိတယ်လို့ ဆိုလိုချင်ပုံရပါတယ်။

၁၉၈၈ ပြည်လုံးကျွတ်အရေးအခင်းကြီးမှာ ပါဝင်ခဲ့တဲ့ ကျောင်းတိုက်အသီးသီးက သံဃာတော်တွေ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ မိုးရေတွေကြားမှာ မေတ္တာပို့လမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော်တွေကို သင်္ကန်းဝတ်တွေလို့ တစ်ချိန်က အုပ်ချုပ်သူအာဏာပိုင်တွေက သုံးနှုန်းခဲ့ကြဖူးပါတယ်။ နံပါတ်တုတ်တွေနှင့် ရိုက်နှက်ခဲ့ကြဖူးပါတယ်။ သေနတ်တွေနှင့် ပစ်သတ်ခဲ့ကြဖူးပါတယ်။ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုကွဲအောင် လုပ်ဖူးခဲ့ကြပါတယ်။ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့ဖူးပါတယ်။ ဥပဒေကြောင်းအရ သင်္ကန်းဝတ် ဆိုတဲ့အသုံးကို သုံးလိုက်ရုံနှင့် ဒါတွေအားလုံးကို သံဃာတွေအပေါ် ပြုကျင့်ခွင့် ရှိပါသလား။ ကျွန်တော် ဥပဒေနှင့် ပတ်သက်တဲ့ စာပေတွေ မလေ့လာမိခဲ့ဖူးလို့ ဒီကိစ္စကို ထဲထဲဝင်ဝင် နားမလည်ခဲ့တာတော့ အမှန်ပါ။

(၄)

နိုင်ငံရပ်ခြားမှာ နှစ်ပေါက်အောင် နေလာမိတော့ မင်္ဂလသုတ်ထဲပါတဲ့ မင်္ဂလာတရားတစ်ခု အလိုလို ကိုယ့်မှာ ချို့ တဲ့နေမှန်း သတိထားမိလာပါတယ်။ အဲဒါကတော့ “သာမဏာနဉ္စ ဒဿနံ” ဆိုတဲ့ မင်္ဂလာတရားပါပဲ။ ရဟန်းသံဃာများကို ဖူးမြော်ရခြင်းဟာ မင်္ဂလာတရားပါတဲ့။ မြန်မာပြည်မှာနေတုန်းက ဒီမင်္ဂလာတရားက ကိုယ့်မှာ နေ့စဉ်လွယ်လွယ်ကူကူ ဖြစ်ပေါ်နေတာကို တန်ဖိုးထားရကောင်းမှန်းမသိခဲ့ပါဘူး။ နေ့စဉ် မနက်မိုးလင်းလို့ အိပ်ယာထ မျက်နှာသစ်ပြီး အိမ်ရှေ့ ထွက်လိုက်တာနှင့် လမ်းမမှာ ဆွမ်းခံကြွနေကြတဲ့ ကိုရင်ငယ်၊ ဦးဇင်းငယ်လေးတွေကို ဖူးတွေ့နေရတာဟာ အထူးအဆန်းတစ်ခု ဖြစ်မနေခဲ့ပါဘူး။ ဒီရှုခင်းဟာ မနက်အစောပိုင်းတွေမှာ တစ်နေရာရာကနေ ဖွင့်ထားလေ့ရှိတတ်တဲ့ ကြာနီကန်ဆရာတော်ရဲ့  ပရိတ်တရားသံလို၊ ဦးဥတ္တမသာရဆရာတော်ကြီးရဲ့  မေတ္တာပို့တရားသံတွေလိုမျိုး ထပ်တူထပ်မျှ သိပ်မထူးခြားလှတဲ့ နေ့စဉ်ဘ၀ထဲက အပိုင်းအစတွေ အဖြစ်ပဲ သဘောထားမိခဲ့ပါတယ်။

ဒါပေမယ့် ပူပြင်းတဲ့ နွေရာသီရက်မျိုးတွေမှာ နေပူကျဲကျဲ ကတ္တရာလမ်းမပေါ် ဖိနပ်မပါ ခြေဗလာချည်းနှင့် ဆွမ်းခံကြွနေကြတဲ့ ကိုယ်တော်လေးတွေကို ဖူးရတဲ့အခါမျိုးတွေဆိုရင်တော့ လုပ်လက်စ အလုပ်တွေ ခဏရပ်ထားပြီး အဲဒီကိုယ်တော်လေးတွေကို စိတ်ထဲက ကြည်ညိုအားကျစိတ်နှင့် ဦးညွှတ်အရိုအသေပြုမိတတ်ပါတယ်။ အော်...ငါမလုပ်နိုင်တဲ့ အလုပ်ကို လုပ်နေကြတဲ့ အာဇာနည်ပုဂ္ဂိုလ်မြတ်တွေပါလား...ရယ်လို့ စိတ်ထဲက အကြိမ်ကြိမ် ချီးမွှမ်းစကားဆိုမိတတ်ပါတယ်။

အခုလောလောဆယ် ရောက်နေတာက သာသနာမထွန်းကားတဲ့ အရပ်ဒေသတစ်ခုမှာ ဖြစ်နေတော့ ရဟန်းသံဃာကို ဖူးမြော်ရဖို့ဆိုတဲ့ အခွင့်အလမ်းက တော်တော်ကို နည်းပါးတာပါ။ ဘုန်းကြီးကျောင်းကို တကူးတကသွားမှပဲ သံဃာတော် တစ်ပါးစ၊ နှစ်ပါးစ ဖူးရတတ်တာမျိုးပါ။ သံဃာတော်တွေ ဆွမ်းခံကြွတဲ့မြင်ကွင်းမျိုးဆိုတာ မြင်ရဖို့ဆိုတာ ဝေးစွ။ တခါတလေ လမ်းသွားရင်း သင်္ကန်းရောင်နှင့် ခပ်ဆင်ဆင်တူတာမျိုး လှမ်းမြင်မိရင် အပြေးအလွှားလိုက်ကြည့်ရတယ်။ သံဃာတစ်ပါးပါးများ ဖြစ်နေမလားပေါ့။ လမ်းသွားရင်း သံဃာတစ်ပါးကို မြင်ရဖို့ဆိုတဲ့ ဖြစ်နိုင်ချေအခွင့်အလမ်းက အကြိမ်တစ်ရာမှာ တစ်ကြိမ်တောင် ဖြစ်ဖို့ အင်မတန်ခဲယဉ်းလှပါတယ်။ မြတ်စွာဘုရား ဟောခဲ့တဲ့ သာသနာနှင့်ကြုံရဖို့ ခဲယဉ်းတယ်ဆိုတဲ့စကားက ဒီလိုမျိုးနှင့်များ ခပ်ဆင်ဆင်တူနေမလားရယ်လို့ တွေးကြည့်ဖြစ်ပါတယ်။

(၅)

ကိုယ့်တိုင်းပြည်ကိုယ်နေတုန်းက နေ့စဉ် သံဃာတော်တွေကို လှူဒါန်းဖို့ဆိုတဲ့ကိစ္စက အင်မတန်လွယ်ကူတာမျိုးပါ။ သံဃာတော်တွေကို အိမ်ပင့်ပြီး သီးခြားအလှူဒါနပြုတာမျိုးကို ခဏထားလို့ နေ့စဉ် အိမ်ကိုဆွမ်းခံကြွတဲ့ ကိုယ်တော်တွေကိုပဲ ဆွမ်းလောင်းလှူမလား၊ လမ်းပေါ်ထွက်ပြီး ဆွမ်းခံကြွနေတဲ့ ကိုယ်တော်လေးတွေကိုပဲ ဆွမ်းလောင်းလိုက်မလား၊ နီးစပ်ရာ ဘုန်းကြီးကျောင်းတစ်ခုခုသွားပြီး လှူမလား ကြိုက်သလို လုပ်လို့ရပါတယ်။ ကုသိုလ်မျိုးစေ့ကြဲချဖို့ဆိုတာ လွယ်ကူလိုက်တယ်ဖြစ်ခြင်း.....။

နိုင်ငံရပ်ခြားရောက်လာတော့မှ ဒီအခွင့်အရေးဟာ ရတောင့်ရခဲ အခွင့်အရေးတစ်ခုဆိုတာကို သဘောပေါက်လာခဲ့ရပါတော့တယ်။ အခုများ သံဃာတော်တစ်ပါးပါးကို လှူဒါန်းဖို့ဆိုတာ တကူးတက သီးသန့်အချိန်ပေးပြီး လုပ်ယူရတဲ့ အခြေအနေဖြစ်လို့နေပါပြီ။ အနုတ္တရံပုညက္ခေတ္တံလောကဿ = လောကသားတို့၏ ကုသိုလ်ကောင်းမှု မျိုးစေ့စုကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူအပ်ပါပေသောသံဃာတော် ဆိုတဲ့ သံဃာ့ဂုဏ်တော်တွေထဲက တစ်ပါးဟာ လူတွေအတွက် ရတောင့်ရခဲ ကြုံဆုံရန်ခက်ခဲတဲ့ အခွင့်အရေးတစ်ခုပါလားဆိုတာ အတွေ့အကြုံနှင့်ရင်းပြီး သဘောပေါက်လာခဲ့ရပါတယ်။ အခုနေများ တစ်ချိန်က ကိုယ်အမြင်မကြည်ခဲ့တဲ့ ညစ်စုတ်စုတ်ကိုရင်ပေါက်စလေးတွေ လာပြီး အလှူခံရင်တောင် ၀မ်းသာအားရနှင့် ကြည်ကြည်နူးနူး ရိုရိုသေသေ လှူဒါန်းဖြစ်မှာ ကျိန်းသေပါတယ်။

ဒါတောင် သာသနာတွင်းကာလမှာ လူလာဖြစ်ပြီး၊ သာသနာထွန်းကားတဲ့ အရပ်နှင့်ဝေးတဲ့ဆီမှာရောက်နေတာရှိပါသေးတယ်။ တကယ်လို့များ သာသနာပကာလမှာများ လူဖြစ်ခဲ့ရင်လို့ ဆက်ပြီးတွေးလိုက်မိတော့ အတော်လေးလန့်သွားမိပါတယ်။ မြတ်စွာဘုရားရှင်ရဲ့  သာသနာတော်စည်ပင်ထွန်းကားနေတဲ့အချိန်မှာ လူလာဖြစ်ရတာ ကျွန်တော်တို့တွေ အင်မတန်ကံထူးကြတာပဲ။ ဒီအခွင့်အရေးကို အမိအရ အသုံးချတတ်ဖို့တော့ လိုမယ်ဆိုတာလေး သတိပြုမိလာပါတယ်။

(၆)

ဆရာတော်ကြီးတစ်ပါးရဲ့  အဆုံးအမတစ်ခု မှတ်သားဖူးခဲ့ပါတယ်။ သံဃာတစ်ပါးအနေနှင့် ဒကာ၊ ဒကာမကြည်ညိုအောင် လုပ်ဖို့ဆိုတာက လွယ်ကူပါတယ်တဲ့။ အဲဒါထက် သီတင်းသုံးဖော် သံဃာအချင်းချင်းက ကိုယ့်အပေါ်ကြည်ညိုအောင် လုပ်ဖို့က ပိုခက်ပါတယ်တဲ့။ အဲဒါတွေထက်တော့ ကိုယ့်ဖာသာကိုယ် ကြည်ညိုဖို့က အခက်ဆုံးပါပဲ တဲ့။

ရဟန်းတော်တွေမှာ လိုက်နာဖို့ မြတ်စွာဘုရားရှင်က စတုပါရိသုဒ္ဓိသီလ ဆိုတာကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။

( ၁ ) ပါတိမောက္ခသံဝရ သီလ - အကျဉ်းအားဖြင့် ၂၂၇-သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော် သိက္ခာပုဒ်တို့ စောင့်ထိန်းရခြင်း။

( ၂) ဣန္ဒြိယသံဝရ သီလ - ဣနြေ္ဒတို့ကို စောင့်ထိန်းရခြင်း။

( ၃ ) အာဇီဝပါရိသုဒ္ဓိ သီလ - အသက်မွေးမှု စင်ကြယ်ရခြင်း။

( ၄ ) ပစ္စယသန္နိဿိတ သီလ- ပစ္စည်းလေးပါးတို့ကို ဆင်ခြင်၍ သုံးဆောင်ရခြင်း

ဆိုပြီးတော့ လေးမျိုးရှိပါတယ်။ ဒီလေးမျိုးသတ်မှတ်ထားပေမယ့် ကျွန်တော်တို့တွေ အပြောများ အသိများကြတာတော့ ၀ိနည်းသီလလို့ခေါ်တဲ့ ပါတိမောက္ခသံဝရသီလပဲဖြစ်ပါတယ်။

ဝိနည်းစည်းကမ်းနှင့် ပတ်သက်ပြီး ရဟန်းတော်တွေအပေါ် ဒကာ၊ ဒကာမတွေဘက်က ဝေဖန်ကြတဲ့ အသံတွေ အခုနောက်ပိုင်း အတော်စိပ်စိပ်ကို ကြားလာရပါတယ်။ လူတွေဘက်ကပြောကြတယ်ဆိုရာမှာ များသောအားဖြင့်တော့ ရဟန်းတစ်ပါးရဲ့  အပြင်ပန်းမြင်နေရတဲ့ အသွင်အပြင်ကိုပဲ ကြည့်ပြီး ဝေဖန်ကြတဲ့သူတွေက များနေတတ်ပါတယ်။

တလောက ဒီနိုင်ငံမှာ ရောက်တာ ကြာပြီဖြစ်တဲ့ အန်တီတစ်ယောက်နှင့် စကားပြောဖြစ်ခဲ့တယ်။ သူက ဒီမြို့ က ဘုန်းကြီးကျောင်းရဲ့  ဝေယျာဝစ္စတွေ၊ သံဃာတော်တွေရဲ့  စားရေးသောက်ရေးတွေကို အမြဲလို စီစဉ်ပေးနေရတဲ့သူပါ။ သူက ပြောပြတယ်။ ဟိုးအရင် ဒီမှာ ဂျပန်လူမျိုး ဘုန်းကြီးတစ်ပါး သီတင်းသုံးခဲ့ဘူးတယ်။ မြန်မာပြည်မှာ ရဟန်းသွားခံပြီး နာမည်ကြီးရိပ်သာတစ်ခုမှာ အချိန်အကြာကြီး တရားအားထုတ်ပြီး ပြန်လာခဲ့တာတဲ့။ ဒီကျောင်းမှာ သီတင်းသုံးတော့လည်း ဒကာ၊ ဒကာမတွေက အင်မတန်ကြည်ညိုကြတယ်။ လူမျိုးခြား ဗုဒ္ဓဘာသာရဟန်းဖြစ်နေတာကြောင့်လည်း ပါတာပေါ့။ သူက ၀ိနည်းကိုလည်း အရမ်းထိမ်းတယ်။ ၀တ္ထုငွေကြေးကို လုံးဝမကိုင်ဘူး။ လက်နှင့်တောင်မထိဘူး။ ဒီမှာက ဟိုသွား၊ ဒီသွားရထားစီးရရင် လပေးလက်မှတ်ကဒ်တွေ သုံးကြတော့ အဲဒီဦးဇင်းက အဲဒီကဒ်တောင်မှ မကိုင်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ အဲဒီကဒ်ကလည်း ၀တ္ထုငွေသဘောမျိုးဆန်ဆန် ဖြစ်နေလို့ပါတဲ့။ ဒါကြောင့် သူအပြင်သွားပြီဆိုရင် ဘုန်းကြီးကျောင်းက တစ်ယောက်ယောက်က ဘူတာမှာ လိုက်ပြီး လက်မှတ်လိုက်ဝယ်ပေးရပါတယ်တဲ့။

အဲဒီအန်တီက ဒီဂျပန်ဦးဇင်းအတွက် ဆွမ်းကိစ္စတွေ စီစဉ်ပေးရတယ်။ အစပိုင်းတော့ အာရုံဆွမ်းကော၊ နေ့ဆွမ်းကော စီစဉ်ပေးနေရာက နောက်ပိုင်းတော့ အဲဒီဦးဇင်းလေးက အာရုံဆွမ်းကို မစီစဉ်ခိုင်းတော့ဘူးတဲ့။ ဘာလို့လဲဆိုတော့ သူ့ကို ဂျပန်လူမျိုး ဒကာတစ်ယောက်က နေ့စဉ် လာကပ်ပေးမှာ မို့လို့လို့ ပြောလာပါတယ်တဲ့။ ဒါနဲ့ အဲဒီအန်တီလည်း အဲဒီအချိန်ကစလို့ နေ့ဆွမ်းကိစ္စကိုပဲ စီစဉ်ပေးရပါတော့တယ်။ တခါတော့ မနက်ပိုင်းဆွမ်းလာကပ်တဲ့ ဂျပန်လူမျိုးနှင့် ဘုန်းကြီးကျောင်းမှာ တိုက်တိုက်ဆိုင်ဆိုင်ဆုံမိကြတော့ အန်တီက မေးကြည့်ပါတယ်တဲ့။ မနက်အာရုံဆွမ်းကို ဘာတွေကပ်ဖြစ်လဲလို့။ ဒီတော့ ဂျပန်ဒကာက ပြန်ဖြေပါတယ်။ ဦးဇင်းလေးက သူဘုန်းပေးချင်တယ်ဆိုပြီး ကပ်ခိုင်းလို့ ဆူရှီ လာလာကပ်ပေးရပါတယ်တဲ့။ ဆူရှီဟာ ဘယ်လို အစားအစာမျိုးလဲ ဆိုတာတော့ အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်။

(၇)

ကျွန်တော် မြန်မာပြည်မှာရှိတုန်းက တအားရင်းနှီးတဲ့ ဦးဇင်းတစ်ပါးရှိပါတယ်။ စာချတန်းပြီးထားပြီး စာသင်တိုက်ကြီးတစ်ခုမှာ စာပေလည်း ပို့ချသင်ကြားရင်း ကျောင်းရဲ့  စီမံခန့်ခွဲမှုကိစ္စတွေရော၊ မြို့ နယ်သံဃာ့အဖွဲ့ အစည်းက ကိစ္စတွေရော လုပ်ပေးနေရတဲ့ ကိုယ်တော်ပါ။ သူနေတဲ့ အခန်းလေးထဲဝင်လိုက်ရင် ကွန်ပျူတာက အမြဲတမ်းဖွင့်ထားတတ်ပါတယ်။ ကြမ်းပြင်ပေါ်မှာတော့ လျှပ်စစ်ပစ္စည်းတစ်ခုခုကို ပြုပြင်ဖို့ လုပ်လက်စ ပြန့် ကျဲနေတဲ့ ပစ္စည်းအစုအပုံကို မြင်ရတတ်ပါတယ်။ ကုတင်ပေါ်ကိုကြည့်လိုက်ရင် ဘောလုံးသတင်းဂျာနယ်တွေက ပွစာကျဲနေတတ်ပါသေးတယ်။ သူရှိနေတဲ့ အချိန် ဖုန်းတွေလာလို့ နားထောင်လိုက်ရင် များသောအားဖြင့် နှစ်လုံး၊ သုံးလုံး ကိစ္စတွေက များပါတယ်။ ဘောလုံးပွဲရာသီဆိုရင် စလောင်းက လာတဲ့ အစီအစဉ်တွေနှင့် တီဗွီတစ်လုံးနှင့် လုံးလည်ချာလည်လိုက်နေတတ်သေးတယ်။ အကြောင်းမသိတဲ့ တစ်စိမ်းတစ်ယောက်သာ သူ့ကိုမြင်လိုက်ရရင်တော့ ကြည်ညိုချင်စရာ မကောင်းပါဘူး။

ဒါပေမယ့် သူ့ကို ကျောင်းက စာသင်သားသံဃာတွေအားလုံးက ချစ်ကြောက်ရိုသေကြပါတယ်။ ဆရာတော်ကြီးတွေကလည်း အားကိုးကြတယ်။ ဘုန်းကြီး ကျောင်းဂေါပကအဖွဲ့ဝင်တွေနှင့်လည်း အဆင်ပြေတယ်။ တစ်မြို့ လုံးက ဘာသာရေး အသင်းအဖွဲ့ တွေကလည်း သူ့ကိုဆို လေးစားချစ်ခင်ကြတယ်။

ကျွန်တော် သတိထားမိတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်ကတော့ ရိုးသားခြင်းပါပဲ။ နောက် အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါနှင့် စနစ်တကျ လုပ်ကိုင်တတ်တယ်။ စကားပြောရင် ပွင့်လင်းပြတ်သားတယ်။ ငယ်သားတွေအပေါ်ညှာတာတတ်တယ်။ ထေရ်ကြီး ၀ါကြီးတွေကို ရိုသေလေးစားတယ်။ ကျွန်တော် တရားစာပေတွေနှင့် ပတ်သက်ြပီး သိချင်တာရှိလို့ သူ့ကိုသွားမေးရင် စိတ်ရှည်လက်ရှည် ပြောပြတတ်တယ်။ မသိရင်လည်း မသိဘူးလို့ပြောတယ်။ သိသလိုလိုနှင့် လျှောက်မပြောတတ်ဘူး။ လိုအပ်တဲ့ ကျမ်းစာအုပ်တွေကို သူကိုယ်တိုင်ရှာပေးတတ်တယ်။ အကြောင်းအရာတစ်ခုအပေါ်မှာ Open Mind နှင့် သုံးသပ်ဝေဖန်ပြတတ်တယ်။ သူနှင့် အကြောင်းအရာတစ်ခုကို ဆွေးနွေးလိုက်ရရင် စိတ်အဆာပြေသွားတတ်တာများတယ်။

သူ့ ဗီဇ၀ါသနာက စက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေကို ပြုပြင်ချင်တာ။ အတွက်အချက်ကို စိတ်ဝင်စားတာ။ ယောကျာ်းလေးသဘာဝ ဘောလုံးပွဲ စိတ်ဝင်စားတာပါ။ ဒါတွေကို ကျော်ပြီး သူ့ နှလုံးသားနှင့် ဦးနှောက်ထဲမှာ ကိန်းနေတဲ့ ပိဋကတ်စာပေတွေ၊ ရိုးသားကြင်နာတတ်မှုတွေ၊ အတွေးအခေါ် ကြီးမြင့်မှုတွေကို မြင်အောင်ကြည့်နိုင်ခဲ့ရင်တော့ သူ့ကို မကြည်ညိုနိုင်စရာမရှိပါဘူး။ တခါတလေ ကျွန်တော်က ဦးဇင်းကို ဘုန်းဘုန်း တရားလေး ဘာလေး အားမထုတ်ဘူးလား ဘုရားလို့ မေးမိရင် သူပြန်ဖြေတာက ရှင်းပါတယ်။ ၀ါသနာ မပါဘူးတဲ့။ အဲဒီလို ဟန်ဆောင်မှုကင်းတဲ့ ဦးဇင်းပါပဲ။

(၈)

ကျွန်တော် မြန်မာနိုင်ငံမှာရှိတုန်းက ရဟန်းသံဃာတော်များနှင့် အတော်လေး နီးနီးစပ်စပ်နေဖူးခဲ့တော့ သူတို့တွေအကြောင်း ကောင်းတာတွေရော၊ မကောင်းတာတွေရော စုံနေအောင် ကြားဖူး၊ မြင်ဖူးခဲ့ပါတယ်။ မာတုဂါမနှင့် ရှုပ်ကြတဲ့ ဘုန်းကြီးတွေ၊ ဘောလုံးကန် ခြင်းခတ် ဘောလုံးပွဲလောင်းတဲ့ ဘုန်းကြီးတွေ၊ အာဏာပိုင်တွေနှင့် ပေါင်းပြီး စီးပွားရေးသောင်းကျန်းနေတဲ့ဘုန်းကြီးတွေ၊ ကျောင်းလုနေတဲ့ ဆရာတော်တွေ၊ တရားရိပ်သာထောင်ပြီး အနေချောင်ဖို့ လုပ်နေတဲ့ ဘုန်းကြီးတွေ၊ ဓမ္မကထိကလုပ်ပြီး ပိုက်ဆံစုချင်တဲ့ ဘုန်းကြီးတွေ၊ နိုင်ငံခြားထွက်ပြီး သာသနာပြုအမည်ခံ အလှူငွေထွက်ရှာချင်တဲ့ ဘုန်းကြီးတွေ၊ အချီကြီးမိရင် လူထွက်ဖို့ ချောင်းနေတဲ့ ဘုန်းကြီးတွေ၊ တရားခွေဗွီဒီယိုရိုက်ရင် ရုပ်ထွက်လှအောင် မိတ်ကပ်လိမ်းပြီးမှ ပလ္လင်ပေါ်တက်တဲ့ ဓမ္မကထိကတွေ၊ တရားဟောရင် လေအေးလေးနှင့် အင်မတန်နူးညံ့သိမ်မွေ့ပြီး တကယ့်ပုံမှန်အချိန်စကားပြောတဲ့အခါ အမေ၊ နှမနှင့်နှိုင်းပြီးဆဲတဲ့ စကားမျိုး ပြောတတ်တဲ့ ဓမ္မကထိကတွေ၊ စသဖြင့် အဲဒီလိုမျိုး သံဃာတွေကို မြင်ဖူး၊ ကြုံဖူးခဲ့သလို အခြားတဘက်မှာလည်း တကယ့်ကို ပရိယတ္တိ၊ ပဋိပတ္တိကို အားသွန်ကြိုးပမ်း ထမ်းရွက်နေကြတဲ့ သံဃာတော်တွေ၊ ၀ိနည်းကို လူအမြင်ကောင်းအောင်မဟုတ်ပဲ တကယ်ကို ကြိုးစားထိန်းသိမ်းနေတဲ့ သံဃာတော်တွေ၊ အပြောအဆိုအနေအထိုင်ကြမ်းပေမယ့် စိတ်ထားနူးညံ့သိမ်မွေ့တဲ့ သံဃာတော်တွေ၊ လူတွေကို သိပ်ရောရောနှောနှောမလုပ်ပဲ ကိုယ့်တရားနှင့်ကိုယ်ပဲနေနေတတ်တဲ့ သံဃာတော်တွေ၊ ပရဟိတလုပ်ငန်းအတွက် မိမိကိုယ်ကျိုးတွေကို စွန့်ပြီး စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့သံဃာတော်တွေ၊ သာသနာစည်ပင်ဖွံ့ဖြိုးဖို့ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားနေကြတဲ့ ပြည်တွင်းပြည်ပသာသနာပြုသံဃာတော်တွေ လည်း ကြုံစုံခဲ့ရပါတယ်။

ကျွန်တော်တို့ လူတွေမှာ ဖြစ်နေတတ်တဲ့ Mind-Set က သံဃာဆိုရင် တကယ့်ကို ကိုယ်ဣနြေ္ဒ၊ နှုတ်ဣနြေ္ဒတွေအားလုံး သိမ်းကျုံး ထိမ်းသိမ်းထားပြီး ကြည်ညိုဖွယ်အတိနှင့် နေမှ သံဃာအစစ်ရယ်လို့ သတ်မှတ်ချင်နေတတ်တဲ့ စိတ်အခံက အတော်လေး အားကြီးကြပါတယ်။ ဒီတော့ အဲလိုမျိုး ကိုယ်မျှော်မှန်းထားတဲ့ အနေအထားမျိုးနှင့် သံဃာတစ်ပါးကို မဖူးတွေ့ရဘူးဆိုရင် စိတ်ထဲကရော၊ အပြင်ကရော အပြစ်တင်ဆို ချင်ကြပါတော့တယ်။ တကယ်တော့ သံဃာဆိုတာလည်း ကိုယ်တွေလို ကိလေသာတွေ၊ ၀ါသနာဗီဇတွေ မပယ်နိုင်သေးတဲ့ လူသာမန်တွေပဲ ဆိုတာလေးကို ဖြည့်စဉ်းစားပေးလိုက်ဖို့ပါ။ တနည်း အလွယ်ပြောရရင် လူကိုသာ သင်္ကန်းစည်းထားကြတာပါ။ စိတ်ကို သင်္ကန်းစည်းထားနိုင်ကြသေးတာမှ မဟုတ်တာ။ သူတို့တွေလည်း သိက္ခာပုဒ်တွေကို တတ်နိုင်သလောက်တော့ စောင့်စည်းနေကြတာပါပဲ။ ဒီကြားထဲက သူ့စရိုက်ဝါသနာ၊ အထုံဗီဇတွေကြောင့် သိက္ခာပုဒ်အချို့  မထိန်းနိုင်တာတွေကတော့ ရှိကို ရှိနေမှာပါပဲ။ အဓိကက ဘုရားရှင် အဓိက ပညတ်ထားတဲ့ ပါရာဇိကလေးပါး လုံနေသမျှတော့ သံဃာစာရင်းဝင်နေအုံးမှာပါပဲ။

(၉)

သံဃာမှ ဒုဿီလ မရှိဘူး ဆိုတဲ့ စကားကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ တကယ်တမ်း သံဃာ့ဂုဏ်တွေကို အာရုံပြုထားနိုင်မယ်ဆိုရင် သံဃာဘက်က ဘယ်လောက်ပဲ အခြေအနေဆိုးရွားနေပါစေ။ ကိုယ့်ရဲ့  သဒ္ဓါတရားက ပျက်သွားစရာရှိမှာမဟုတ်ပါဘူး။ တကယ်တော့ ကိုရင်ဖြစ်စေ၊ ရဟန်းဖြစ်စေ ဘုန်းကြီးတစ်ပါးကို ရှိခိုးပူဇော်တယ်ဆိုတာ မျက်စိနှင့်မြင်နေရတဲ့ ရုပ်အဆင်းကို ပူဇော်ရှိခိုးနေတာမဟုတ်ပဲ ဒီမြင်နေရတဲ့ သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ကနေတဆင့် သံဃာ့ဂုဏ်ကို အာရုံညွှတ်ယူပြီး ရှိခိုးပူဇော်ကြရမှာသာဖြစ်ပါတယ်။ ဒါဆို မျက်စိနှင့် ကိုယ့်ရှေ့ မှာ မြင်နေရတဲ့ ကိုယ်တော် ဘာကြီးပဲဖြစ်နေပါစေ၊ ကိုယ်အာရုံပြုထားတာက သံဃာ့ဂုဏ်တွေဖြစ်နေလေတော့ ကိုယ့်အတွက် ကုသိုလ်က တစ်ပြားသားမှ လျှော့ပါးသွားစရာ အကြောင်းမရှိပါဘူး။

ကျွန်တော် စစချင်းမှာ ပြောခဲ့တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို ပြန်သုံးသပ်ကြည့်ရအောင်ပါ။ အခုခေတ် ကျွန်တော်တို့တွေ မျက်စိထဲ အမြင်မတော်ဖြစ်နေတဲ့ သံဃာတွေ၊ သံဃာတုတွေ (ကိုယ့်ဖာသာယူဆတာ)၊ သင်္ကန်းဝတ်တွေ ဆိုတာဟာ သောနုတ္တရ မုဆိုးလောက်တော့ အခြေအနေမဆိုးသေးတာ အမှန်ပါ။ အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ ဆင်တောင်မှ သင်္ကန်းကိုတွေ့တဲ့အချိန်မှာ ဒါဟာ ကြည်ညိုလေးစားတန်ဖိုးထားရမယ့်အရာ၊ အရိုအသေပြုအပ်တဲ့အရာ၊ ဒီသင်္ကန်းကို လွှမ်းခြုံထားသူဟာ လူယုတ်မာဖြစ်နေပါစေ အန္တရာယ်မပြုအပ်တဲ့ ပုဂ္ဂိုလ်ရယ်လို့ သိသေးတယ်ဆိုရင် လူသားလည်း ဖြစ်နေ၊ ဗုဒ္ဓတရားအဆုံးအမတွေကိုလည်း လိုက်နာကျင့်သုံးနေပါတယ်ဆိုတဲ့ ကျွန်တော်တို့တွေဟာ ဒီဆင်မင်းကြီးလောက်တောင်မှ အသိဉာဏ်မရှိသင့်ဘူးလားရယ်လို့ ကျွန်တော် စဉ်းစားကြည့်မိနေပါတယ်ခင်ဗျား။

“ အဇ္ဇ တဂ္ဂေ ပါဏုပေတံ သံဃံ သရဏံ ဂစ္ဆာမိ။ ”

လေးစားစွာဖြင့်

ဝိမုတ္တိသုခ

၁၇၊ ၃၊ ၂၀၁၂။ (စနေနေ့)


ဆက်လက်ဖတ်ရှုရန်

သမိုင်းကောင်းအောင် ပြုပြင်ပေးပါ

မရမ်းကုန်းမြို့ နယ်၊ ကံဦးဇေတ၀န်ဆရာတော်ကြီး ဘဒ္ဒန္တနန္ဒသာမိဘိဝံသ
ဟောကြားတော်မူသော
"သမိုင်းကောင်းအောင်ပြုပြင်ပေးပါ တရားတော်"

အပိုင်း (၁)





အပိုင်း (၂)





အပိုင်း (၃)





အပိုင်း (၄)



ဆက်လက်ဖတ်ရှုရန်

ဝိဝေက

ဝိဝေက ဆိုတာ ဘာလဲ?

There are three types of detachment ( ၀ိဝေက သုံးမျိုး)

(1) Kāyaviveka (physical detachment), ( ကာယ၀ိဝေက)

(2) Cittaviveka (mental detachment) and, ( စိတ္တ၀ိဝေက)

(3) Upadhiviveka (detachment from clinging to rebirth).(ဥပဓိဝိဝေက)

(1) Kāyaviveka (physical detachment): ( ကာယ၀ိဝေက)

The habit of dissociating oneself from companions, colleagues and society in general; the habit of moving about, eating, sleeping, etc.

(2) Cittaviveka (mental detachment): ( စိတ္တ၀ိဝေက)

As it is, however, not enough just to practice Kāyaviveka (physical detachment) in fulfilling the nine supramundane dhammas, it is necessary also to perform the preliminary duties that should be performed before kasiṇa meditation in order to attain the eight stages of jhana. These jhana attainments are the Cittaviveka (mental detachments) that cleanse the mind of those hindrances which are the defilements.

(3) Upadhiviveka (detachment from clinging to rebirth): (ဥပဓိဝိဝေက)

Again, because it is not enough just to attain the eight jhānas for the fulfillment of the nine supramundane dhammas, the jhāna attainments form the basis for vipassāna bhāvanā meditation leading to the realization of the Noble Truths of Suffering and of the Origin of Suffering. These dhammas of formations (saṅkhāra) are to be perceived in the light of the three characteristics (anicca, dukkha, anatta) up until the attainment of Arahant Fruition. That Arahant Fruition-Nibbāna is called Upadhiviveka (detachment from clinging to rebirth).

This Nibbāna is free from sensual pleasures (kāmupadhi)( ကာမူပဓိ); free from defilements (kilesupadhi)(ကိလေသူပဓိ); free from the dhammas of accumulation of kamma (abhisaṅkhārupadhi) (အဘိသင်္ခါရူပဓိ) which would result in the round of rebirths and, free from the five aggregates (khandupadhi). The dhammas of Nibbāna is called Upadhiviveka (detachment from clinging to rebirth) because of the absence of these four upadhi (attachments). The bhikkhu who is contented and happy in these three stages of detachment (viveka) exhorts all those who arrive in his presence to appreciate these three states of detachment and to dwell in them. He then lets them leave and diligently continues in his practice of samatha-vipassanā bhāvanā.

ဝိဝေက သုံးမျိုး ရှိပါတယ်။

(က) ကာယဝိဝေက = တစ်ပါးထီးတည်း တစ်ကိုယ်ထီးတည်း နေထိုင်ခြင်း၊

(ခ) စိတ္တဝိဝေက = လောကီဈာန်သမာပတ် (လောကုတ္တရာဈာန် သမာပတ်)တွေကို ဝင်စားကာ နီဝရဏ ကိလေသာအညစ်အကြေး အမျိုးမျိုးတို့မှ ကင်းဆိတ်နေတဲ့ စိတ်ဖြင့် နေထိုင်ခြင်း၊

(ဂ) ဥပဓိဝိဝေက = ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်ရာ နိဗ္ဗာန်ကို အာရုံ ပြု၍ နေထိုင်ခြင်း ..

ပေါင်းလိုက်တော့ ဝိဝေက သုံးပါး ဖြစ်တယ်။ ဒီ (၃)မျိုးကို ထပ်ပြီးတော့ ရှင်းလင်းကြရအောင် ..။

ကာယဝိဝေက ---- ဒီသာသနာတော်မှာ ရဟန်းတော်တစ်ပါးဟာ .. တောကျောင်း, တောင်ကျောင်း, သစ်ပင်ရင်းကျောင်း, ချောက်ကမ်းပါး, လိုဏ်ဂူ, သုသာန်, တောအုပ်, လွင်တီးခေါင်, ကောက်ရိုးပုံ စတဲ့ ဆိတ်ငြိမ်တဲ့ ကျောင်းအိပ်ရာနေရာတွေကို မှီဝဲကာ တစ်ကိုယ်ရေ တစ်ကာယ နေထိုင်လေ့ ရှိတယ်၊ အပါင်းအဖော်တွေနှင့် ကင်းကင်းရှင်းရှင်း နေထိုင်လေ့ရှိတယ်။ တစ်ပါးတည်း သွားတယ်၊ တစ်ပါးတည်း ရပ်တယ်၊ တစ်ပါးတည်း ထိုင်တယ်၊ တစ်ပါးတည်း အိပ်တယ်၊ တစ်ပါးတည်း ဆွမ်းခံသွားတယ်၊ တစ်ပါးတည်း ဆွမ်းခံရွာမှ ပြန်လာတယ်၊ တစ်ပါးတည်း ဆိတ်ကွယ်ရာအရပ်မှာ နေထိုင် တယ်၊ ကမ္မဋ္ဌာန်း အာရုံပေါ်မှာ စိတ်ဓာတ်ကို ဆောက်တည်ထားကာ တစ်ပါးထီးတည်း စင်္ကြံကြွလေ့ရှိတယ်၊ တစ်ပါးထီးတည်း ကျောင်းဝင်းထဲမှာ လှည့်လည်သွားလာလေ့ရှိတယ်၊ တစ်ပါးထီးတည်း သီတင်းသုံးလေ့ရှိတယ်၊ တစ်ပါးထီးတည်း ဣရိယာပုထ်ကို မျှတအောင် စောင့်ရှောက်ကာ တရား ဘာဝနာကို ကြိုးစားအားထုတ်လေ့ရှိတယ်၊ ဒီလို တစ်ပါးထီးတည်း နေထိုင် တာမျိုးကိုတော့ ကာယဝိဝေက (= တစ်ကိုယ်ရေ တစ်ကာယ ကင်းကင်း ရှင်းရှင်း နေထိုင်ခြင်း)လို့ ခေါ်ဆိုပါတယ်။

သွားလည်း တစ်တွဲတွဲ, ရပ်လည်း တစ်တွဲတွဲ, ထိုင်လည်း တစ်တွဲတွဲ, အိပ်လည်း တစ်တွဲတွဲ, စားလည်း တစ်တွဲတွဲ စသည်ဖြင့် တစ်တွဲတွဲလုပ်နေတဲ့ အလုပ်မျိုးကို ဘုရားရှင်ဟာ နှစ်ခြိုက်တော်မမူပါဘူး။ တစ်ပါးထီးတည်း တစ်ကိုယ်ထီးတည်း အပေါင်းအဖော်တွေနှင့် ကင်းကင်းရှင်းရှင်း နေထိုင်တဲ့ လုပ်ငန်းမျိုးကိုသာ ဘုရားရှင်ဟာ နှစ်ခြိုက်တော်မူပါတယ်။

စိတ္တဝိဝေက ----

နောက်တစ်ခု .. စိတ္တဝိဝေကအကြောင်းကို ပြောကြ ရအောင် ..။

အာရုံ ငါးပါး ကာမဂုဏ်တရားတို့အပေါ်မှာ လိုလားတပ်မက်မှု ကာမစ္ဆန္ဒ နီဝရဏ၊ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့အပေါ်၌ ဖျက်ဆီးပစ်လိုမှု သို့မဟုတ် သူတစ်ပါးတို့ ဂုဏ်သိက္ခာကျအောင် ဖျက်ဆီးလိုမှု ဗျာပါဒနီဝရဏ၊ ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ် တွန့်ဆုတ်နေမှု ပျင်းရိမှု ထိနမိဒ္ဓနီဝရဏ၊ ဘာဝနာလုပ်ငန်းခွင်အာရုံမှ ပြင်ပအာရုံအမျိုးမျိုးတွေမှာ စိတ်ဓာတ် ပျံ့လွင့် ပြေးသွားနေမှု + ပြုပြီးဒုစရိုက်အမျိုးမျိုး မပြုမိလိုက်တဲ့ သုစရိုက်အမျိုးမျိုးတို့ အပေါ်မှာ နောင်တတစ်ဖန် ပူပန်နေမှုဆိုတဲ့ ဥဒ္ဓစ္စ+ကုက္ကုစ္စနီဝရဏ၊ ရတနာ သုံးတန် ကံ-ကံရဲ့အကျိုးတရား စသည်တို့အပေါ်မှာ ဟုတ်လေသလား မဟုတ်လေသလား, ယခုလိုခေတ်မှာ ဈာန်သမာပတ်တွေ ရမှရနိုင်ပါ့မလား မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရမှရနိုင်ပါ့မလား စသည်ဖြင့် သို့လောသို့လော တွေးတောယုံမှားမှု ဝိစိကိစ္ဆာနီဝရဏ --- ဒီနီဝရဏ ငါးပါးကတော့ ဈာန်မဂ်ဖိုလ် တရားတွေကို မရအောင် တားမြစ်နှောင့်ယှက် ပိတ်ဆို့ထားတတ်တဲ့ ကိလေသာ အပိတ်အဖုံးတွေ ဖြစ်ကြတယ်။

မိမိတို့ရဲ့ စိတ်အစဉ်မှာ ဒီနီဝရဏကိလေသာ အညစ်အကြေးတွေမှ ကင်းဆိတ်သွားအောင် ကင်းဆိတ်ရာ ကင်းဆိတ်ကြောင်းဖြစ်တဲ့ ပထမဈာန် သမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းကို စိတ္တဝိဝေကလို့ ခေါ်ဆိုတယ်။ ဝိတက် ဝိစာရတို့မှ ကင်းဆိတ်ရာဖြစ်တဲ့ ဒုတိယဈာန်သမာပတ်ကို, ပီတိမှ ကင်းဆိတ်ရာဖြစ်တဲ့ တတိယဈာန်သမာပတ်ကို, သုခဒုက္ခမှ ကင်းဆိတ်ရာ ဖြစ်တဲ့ စတုတ္ထဈာန်သမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းကိုလည်း စိတ္တ ဝိဝေကလို့ ခေါ်ဆိုတယ်။

နောက်တစ်ခုကတော့ အာကာသာနဉ္စာယတနဈာန်ကို ဝင်စားလျက် နေထိုင်မည်ဆိုလျှင် ရူပသညာ နာနတ္တသညာ ပဋိဃသညာတွေမှ ကင်းဆိတ် နေတယ်။ ရူပသညာဆိုတာကတော့ ပထဝီကသိုဏ်းမှသည် အာလောက ကသိုဏ်းသို့တိုင်အောင် ကိုးမျိုးသော ကသိုဏ်းရုပ်တွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ ရူပါဝစရဈာန်တွေနဲ့ ယှဉ်တွဲနေတဲ့ သညာကို ရူပသညာလို့ ခေါ်ဆိုတယ်။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို အာရုံပြုကာ ဖြစ်ပေါ်လာကြတဲ့, သက်ဆိုင်ရာဝတ္ထုနှင့် သက်ဆိုင်ရာအာရုံတို့ ထိခိုက်ခြင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ဥပမာ --- စက္ခုဝတ္ထုနှင့် ရူပါရုံ, သောတဝတ္ထုနှင့် သဒ္ဒါရုံ, ဃာနဝတ္ထုနှင့် ဂန္ဓာရုံ, ဇိဝှါဝတ္ထုနှင့် ရသာရုံ, ကာယဝတ္ထုနှင့် ဖောဋ္ဌဗ္ဗာရုံ တို့ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စက္ခုဒွါရဝီထိ သောတဒွါရဝီထိ ဃာနဒွါရဝီထိ ဇိဝှါဒွါရဝီထိ ကာယဒွါရဝီထိတွေရဲ့အတွင်းမှာ တည်ရှိနေကြတဲ့ ကာမာဝစရစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့ အဆင်း ရူပါရုံကို မှတ်သားတဲ့ ရူပသညာ, အသံ သဒ္ဒါရုံကို မှတ်သားတဲ့ သဒ္ဒသညာ, အနံ့ ဂန္ဓာရုံကို မှတ်သားတဲ့ ဂန္ဓသညာ, အရသာ ရသာရုံကို မှတ်သားတဲ့ ရသသညာ, အတွေ့ ဖောဋ္ဌဗ္ဗာရုံ ကို မှတ်သားတဲ့ ဖောဋ္ဌဗ္ဗသညာ -- ဒီသညာအမျိုးမျိုးကိုတော့ ဝတ္ထုနှင့် အာရုံတို့ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာကြတဲ့ သညာတွေ ဖြစ်နေကြတဲ့အတွက် ပဋိဃသညာလို့ ခေါ်ဆိုတယ်။ မနောဓာတ် မနောဝိညာဏဓာတ်လို့ ခေါ်ဆို တဲ့ ကာမာဝစရကုသိုလ် အကုသိုလ် ဝိပါက် ကိရိယာစိတ်တွေ ရှိကြတယ်။ ဒီစိတ်တွေဟာ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံလို့ ခေါ်ဆိုတဲ့ အာရုံအမျိုးမျိုးတွေကို အာရုံပြုကြတဲ့အတွက် ယင်းစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့ သညာကို အာရုံအမျိုးမျိုး ရှိနေတဲ့ နာနတ္တသညာလို့ ခေါ်ဆိုတယ်၊ အာရုံ အမျိုးမျိုးရှိနေတဲ့ ထူးထွေကွဲပြားတဲ့ သညာလို့ ဆိုလိုတယ်။

အာကာသာနဉ္စာယတနဈာန်ကို ဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ယင်း အာကာသာနဉ္စာယတနဈာန်စိတ်က ပထဝီကသိုဏ်းရုပ်စတဲ့ ကသိုဏ်းရုပ်ကို နှလုံးမသွင်းတော့ဘဲ ကသိုဏ်းရုပ်ကို ခွာပြီးမှ ရရှိလာတဲ့ အနန္တအာကာသလို့ ခေါ်ဆိုအပ်တဲ့ အဆုံးအပိုင်းအခြား မရှိတဲ့ ကောင်းကင်ပညတ်ကိုသာ အာရုံ ပြုနေတဲ့အတွက် ရူပါဝစရဈာန်တွေနှင့် ရူပါဝစရဈာန်တွေရဲ့ အာရုံမှလည်း ဆိတ်သုဉ်းနေတယ်၊ ရူပသညာ ပဋိဃသညာ နာနတ္တသညာတို့မှလည်း ဆိတ်သုဉ်းနေတယ်။ ဒီလို ဆိတ်သုဉ်းနေတဲ့အတွက်ကြောင့် အာကာသာနဉ္စာ ယတနဈာန်စိတ်ကိုလည်း စိတ္တဝိဝေကလို့ ခေါ်ဆိုတယ်။ အလားတူပဲ ဝိညာဏဉ္စာယတနဈာန်သို့ ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အာကာသာ နဉ္စာယတနဈာန်မှ ဆိတ်သုဉ်းနေတယ်၊ အာကိဉ္စညာယတနဈာန်သို့ ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဝိညာဏဉ္စာယတနဈာန်မှ ဆိတ်သုဉ်း နေတယ်၊ နေဝသညာနာသညာယတနဈာန်သို့ ဆိုက်ရောက်နေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အာကိဉ္စညာယတနဈာန်မှ ဆိတ်သုဉ်းနေတယ်။ ဒါကြောင့် ဒီ ဝိညာဏဉ္စာယတနဈာန် အာကိဉ္စညာယတနဈာန် နေဝသညာနာသညာ ယတနဈာန်တွေကို ဝင်စားလျက် နေထိုင်ခြင်းကိုလည်း စိတ္တဝိဝေကလို့ ခေါ်ဆိုတယ်။ဒီလို စိတ္တဝိဝေကနယ်ပယ်မှာ သီတင်းသုံးနေထိုင်နေခြင်းကိုလည်း မြတ်စွာဘုရား နှစ်ခြိုက်တော်မူပါတယ်။ အချိန်တွေ ဖြုန်းပြီးတော့ အကျိုး မရှိတဲ့ ဈာန်မဂ်ဖိုလ်နဲ့ မဆက်စပ်တဲ့ စကားအမျိုးမျိုးတွေကို ပြောဆိုကာ နေထိုင်နေခြင်းမျိုးကိုတော့ ဘုရားရှင်သည် အမြဲ ရွံရှာစက်ဆုပ်တော်မူ ပါတယ်။

မဟာနိဒ္ဒေသပါဠိတော်နှင့် မဟာနိဒ္ဒေသအဋ္ဌကထာတို့မှာတော့ခုပြောခဲ့တဲ့ ဈာန်သမာပတ် ရှစ်ပါးတွင်သာမက လောကုတ္တရာစိတ်တွေ ကိုလည်း မိမိတို့ ပယ်ရှားရမည့် ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့မှ ကင်းဆိတ် နေကြတဲ့အတွက် စိတ္တဝိဝေကလို့ ခေါ်ဆိုကြောင်း ရှင်းလင်းတင်ပြထားတော် မူပါတယ်။

သောတာပတ္တိမဂ်ဉာဏ် ----

ခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့အပေါ်၌ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် စွဲလမ်းယုံကြည်မှု (= အယူမှားမှု), အသက်ကောင် လိပ်ပြာကောင် ဝိညာဏ် ကောင် အတ္တကောင်လို့ စွဲလမ်းယုံကြည်မှု (= အယူမှားမှု) ..ဆိုတဲ့ သက္ကာယ ဒိဋ္ဌိသံယောဇဉ် (= ဒိဋ္ဌာနုသယ)၊ ရတနာသုံးတန် ကံ-ကံရဲ့ အကျိုးတရား စသည်တို့အပေါ်၌ ဟုတ်လေသလား မဟုတ်လေသလား, ယခုလိုခေတ်မှာ ဈာန်သမာပတ်တွေ ရမှရနိုင်ပါ့မလား, မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရမှရနိုင်ပါ့ မလား စသည်ဖြင့် သို့လောသို့လော တွေးတောယုံမှားမှု (= ဝိစိကိစ္ဆာ သံယောဇဉ် = ဝိစိကိစ္ဆာနုသယ)၊ ''နွားအကျင့် ခွေးအကျင့် စသည်တို့ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်တယ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက် နိုင်တယ်''လို့ ဒီလို အမှားမှား အယွင်းယွင်း သုံးသပ်တတ်တဲ့ သီလဗ္ဗတပရာ မာသသံယောဇဉ် - ဆိုတဲ့ ကိလေသာတွေကိုလည်းကောင်း, ယင်းကိလေသာ တို့နှင့် တူသောတည်ရာအာရုံ ရှိနေကြတဲ့ (တဒေကဋ္ဌ) ယင်းကိလေသာတို့ နောက်သို့ အစဉ်တစိုက် လိုက်ပါနေကြတဲ့ (တဒနုဝတ္တက) ကိလေသာ အပေါင်းအဖော်တွေနှင့် ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကိုလည်းကောင်း-ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုပါတယ်။

အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရား အားလုံးကို သောတာပတ္တိမဂ်ဉာဏ်က အကြွင်းမဲ့ ပယ်ရှားထားပြီး ဖြစ်တဲ့အတွက် သောတာပတ္တိမဂ်ဉာဏ်ဟာ အဇ္ဈတ္တ သင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးမှ ကင်းဆိတ်နေတယ်။ အလားတူပဲ သောတာပတ္တိဖလသမာပတ်ကို ဝင်စားနေတဲ့ သောတာပန် အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိပါတယ်။

သကဒါဂါမိမဂ်ဉာဏ် ----

ရုန့်ရင်းကြမ်းတမ်းတဲ့ ကာမရာဂသံယောဇဉ် (= ကာမရာဂါနုသယ)နှင့် ရုန့်ရင်းကြမ်းတမ်းတဲ့ ပဋိဃသံယောဇဉ် (= ပဋိဃာ နုသယ) - ဆိုတဲ့ ကိလေသာတွေကိုလည်းကောင်း, ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ ရှိနေကြတဲ့ (တဒေကဋ္ဌ) ယင်းကိလေသာတွေရဲ့ နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့ (တဒနုဝတ္တက) ကိလေသာ အပေါင်းအဖော်တွေနှင့် ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကိုလည်းကောင်း- ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုပါတယ်။ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား အားလုံးကို သကဒါဂါမိမဂ်ဉာဏ်က ပယ်ရှားထားပြီးဖြစ်တဲ့အတွက် သကဒါဂါမိမဂ်ဉာဏ်ဟာ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား အားလုံးတို့မှ ကင်းဆိတ်နေတယ်။ အလားတူပဲ သကဒါဂါမိဖလသမာပတ်ကို ဝင်စားနေတဲ့ သကဒါဂါမ်အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား အားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိပါတယ်။

အနာဂါမိမဂ်ဉာဏ် ----

သိမ်မွေ့နူးညံ့နေတဲ့ ကာမရာဂသံယောဇဉ် (=ကာမရာဂါနုသယ)နှင့် သိမ်မွေ့နူးညံ့နေတဲ့ ပဋိဃသံယောဇဉ် (= ပဋိဃာ နုသယ) - ဆိုတဲ့ ကိလေသာတွေကိုလည်းကောင်း, ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ ရှိနေကြတဲ့ (တဒေကဋ္ဌ) ယင်းကိလေသာတွေရဲ့ နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့ (တဒနုဝတ္တက) ကိလေသာ အပေါင်းအဖော်တွေနှင့် ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကိုလည်းကောင်း- ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုပါတယ်။ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်းအကုသိုလ်တရားအားလုံးကို အနာဂါမိမဂ်ဉာဏ်က အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီးဖြစ်တဲ့ အတွက် အနာဂါမိမဂ်ဉာဏ်ဟာ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်နေတယ်။ အလားတူပဲ အနာဂါမိဖလသမာပတ်ကို ဝင်စားနေတဲ့ အနာဂါမ်အရိယာသူတော်ကောင်း ရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်း အကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိပါတယ်။

အရဟတ္တမဂ်ဉာဏ် ----

ရူပဘဝအပေါ်မှာ တွယ်တာမက်မောနေတဲ့ ရူပရာဂသံယောဇဉ်နှင့် အရူပဘဝအပေါ်မှာ တွယ်တာမက်မောနေတဲ့ အရူပ ရာဂသံယောဇဉ်ဆိုတဲ့ ဘဝရာဂါနုသယ, စိတ်ဓာတ်တက်ကြွ ထောင်လွှားခြင်း မာနသံယောဇဉ် (= မာနာနုသယ), စိတ်ဓာတ်ပျံ့လွင့်မှု ဥဒ္ဓစ္စသံယောဇဉ်, သစ္စာလေးပါး အမှန်တရားတွေကို မသိမှု ပြောင်းပြန်လှန်ကာ ယောက်ျား မိန်းမ စသည်ဖြင့် အမှားတွေကို သိနေမှု အဝိဇ္ဇာသံယောဇဉ် (= အဝိဇ္ဇာ နုသယ) - ဆိုတဲ့ ကိလေသာတွေကိုလည်းကောင်း, ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ ရှိနေကြတဲ့ (တဒေကဋ္ဌ) ယင်းကိလေသာတွေရဲ့ နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့ (တဒနုဝတ္တက) ကိလေသာ အပေါင်းအဖော်တွေနှင့် ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကိုလည်းကောင်း- ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုပါတယ်။ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးကို အရဟတ္တမဂ်ဉာဏ်က အကြွင်း အကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီးဖြစ်တဲ့အတွက် အရဟတ္တမဂ်ဉာဏ် ဟာ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်နေတယ်။ အလားတူပဲ အရဟတ္တဖလသမာပတ်ကို ဝင်စားတော်မူ နေတဲ့ ရဟန္တာအရိယာသူတော်ကောင်းရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိပါတယ်။

ဒါတွင်မကသေးဘူး၊ အရဟတ္တမဂ်ဉာဏ်က အကြွင်းအကျန်မရှိ ကုန်စင် အောင် ပယ်ရှားလိုက်ပြီးဖြစ်တဲ့ အကုသိုလ်တရား (= အကုသိုလ်ခန္ဓာ) အားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့ ခေါ်ဆိုထားတဲ့အတွက် ယင်းအဇ္ဈတ္တ သင်္ခါရ (= အကုသိုလ်ခန္ဓာ)မှ ထောက်ဆကာ ကြွင်းကျန်နေကြတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားအားလုံးတို့ကို (အဇ္ဈတ္တသန္တာန်မှာ တည်ရှိနေကြတဲ့ သင်္ခါရတရား တွေပဲ ဖြစ်ချင်ဖြစ်ကြပါစေ, ဗဟိဒ္ဓသန္တာန်မှာ တည်ရှိနေကြတဲ့ သင်္ခါရတရား တွေပဲ ဖြစ်ချင်ဖြစ်ကြပါစေ အားလုံးကိုပဲ) 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' (= ဗဟိဒ္ဓသင်္ခါရ တရားတွေ)လို့ ခေါ်ဆိုပါတယ်။ အရဟတ္တမဂ်ဉာဏ်ဟာ ယင်းအဇ္ဈတ္တသင်္ခါရ အမည်ရတဲ့ အကုသိုလ်ခန္ဓာနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။ အလားတူပဲ အရဟတ္တ ဖလသမာပတ်ကို ဝင်စားတော်မူနေတဲ့ ရဟန္တာအရှင်မြတ်ရဲ့ သန္တာန်မှာလည်း ယင်းအဇ္ဈတ္တသင်္ခါရအမည်ရတဲ့ အကုသိုလ်ခန္ဓာနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည် ရတဲ့ ဗဟိဒ္ဓသင်္ခါရတရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။

သို့သော် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့မှာတော့ အရိယမဂ်ဉာဏ် (၄)ပါးလုံးတို့မှာပဲ ---- မိမိတို့ဆိုင်ရာ အရိယမဂ်တရား အသီးအသီးက ပယ်ရှားထားပြီးဖြစ်တဲ့ အဇ္ဈတ္တသင်္ခါရအမည်ရတဲ့ အကုသိုလ် ခန္ဓာအားလုံးနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရတရားအားလုံး တို့မှ ကင်းဆိတ်နေကြောင်းကို ဟောကြားထားတော်မူခဲ့ပါတယ်၊ ဖွင့်ဆိုထား တော်မူခဲ့ပါတယ်။ အလားတူပဲ လေးမျိုးသော ဆိုင်ရာဆိုင်ရာ ဖလသမာပတ် အသီးအသီးကို ဝင်စားတော်မူနေကြတဲ့ ဆိုင်ရာဆိုင်ရာ အရိယာသူတော် ကောင်းတွေရဲ့ သန္တာန်မှာလည်း ဖလသမာပတ်အသီးအသီးအခိုက်မှာ မိမိတို့ ဆိုင်ရာ အရိယမဂ်တရားအသီးအသီးက ပယ်ရှားထားပြီးဖြစ်တဲ့ အဇ္ဈတ္တသင်္ခါရ အမည်ရတဲ့ အကုသိုလ်ခန္ဓာအသီးအသီးနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရတရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။

အကြောင်းပြချက်ကတော့ ဒီလိုပါ။ အရိယမဂ်ဉာဏ်အားလုံးတို့နှင့် အရိယဖိုလ်ဉာဏ်အားလုံးတို့ဟာ သဗ္ဗသင်္ခါရသမထအမည်ရတဲ့ သင်္ခါရတရား အားလုံးတို့မှ ငြိမ်းအေးရာဖြစ်တော်မူတဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကို, သဗ္ဗူပဓိနိဿဂ္ဂအမည်ရတဲ့ ဥပဓိလေးဖြာတို့ကို စွန့်လွှတ် ရာဖြစ်တဲ့ ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်း ဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အသီးအသီး အာရုံပြုကာ ဖြစ်ပေါ်နေကြတဲ့ လောကုတ္တရာတရားထူး တရားမြတ်တွေ ဖြစ်ကြပါတယ်။ မိမိတို့ရဲ့ အာရုံ ဖြစ်တဲ့ အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးဟာလည်း သင်္ခါရတရား အားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်၊ မိမိတို့ဆိုင်ရာ အရိယမဂ်ဉာဏ် အသီးအသီး ဖြစ်ခိုက်မှာလည်း ဆိုင်ရာဆိုင်ရာ အရိယမဂ် စိတ်စေတသိက် တွေသာ ဖြစ်ခွင့်ရှိကြတဲ့အတွက် အခြားသင်္ခါရတရားတွေလည်း ဖြစ်ခွင့်မရှိ ကြတဲ့အတွက် ပြောခဲ့ပြီးတဲ့ ဆိုင်ရာဆိုင်ရာ အဇ္ဈတ္တသင်္ခါရ အမည်ရတဲ့ အကုသိုလ် ခန္ဓာအသီးအသီးနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။ အလားတူပဲ အရိယ ဖိုလ်ဉာဏ်အသီးအသီး ဖြစ်ခိုက်မှာလည်း ဆိုင်ရာဆိုင်ရာ အရိယဖိုလ် စိတ် စေတသိက်တွေသာ ထင်ရှားဖြစ်နေကြတဲ့အတွက် အခြားသင်္ခါရတရားတွေ လည်း ဖြစ်ခွင့်မရှိကြတဲ့အတွက် ပြောခဲ့ပြီးတဲ့ ဆိုင်ရာဆိုင်ရာ အဇ္ဈတ္တ သင်္ခါရ အမည်ရတဲ့ အကုသိုလ်ခန္ဓာအသီးအသီးနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရတရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပါတယ်။

ဒီလောကုတ္တရာစိတ်တွေကတော့ အကောင်းဆုံးသော အမြတ်ဆုံးသော ဘုရားရှင် အနှစ်ခြိုက်ဆုံး ဖြစ်တော်မူတဲ့ စိတ္တဝိဝေကတရားတွေ ဖြစ်ကြ ပါတယ်။

ယခုလို အဆင့်အတန်း မြင့်မားလှတဲ့ စိတ္တဝိဝေကနှင့် ဆက်စပ်နေတဲ့ တရားစကားတွေကို ဆွေးနွေးနေတာ တိုင်ပင်နေတာ ပြောကြားနေတာ တွေကိုလည်း ဘုရားရှင်က နှစ်ခြိုက်တော်မူပါတယ်၊ ကြားလည်း ကြားလိုတဲ့ သဘော ရှိတော်မူပါတယ်။ ဘုရားရှင်ဘက်ကတော့ မိမိတည်ထောင်ထားတော်မူတဲ့ သာသနာတော် ကို မှီတင်းနေထိုင်ကြတဲ့ တပည့်သာဝကတွေဟာ ယခုလို အဆင့်အတန်း မြင့်မားလှတဲ့ စိတ္တဝိဝေက နယ်ပယ်မှာ နေထိုင်သီတင်းသုံးနေတာကို နှစ်ခြိုက် တော်မူပါတယ်၊ မြင်လည်း မြင်တော်မူလိုပါတယ်၊ နေထိုင်သီတင်းသုံးနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်မြောက်ရေးအတွက်လည်း ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ တိုက်တွန်းတော်မူခဲ့ပါတယ်။

‎''ချစ်သားရဟန်းတို့ ...ဤသည်တို့ကတော့သစ်ပင်ရင်းကျောင်းတွေ ဖြစ်ကြတယ်၊ ဤသည်တို့ကတော့ .. ဆိတ်ငြိမ်တဲ့တောကျောင်း တောင်ကျောင်းတွေ ဖြစ်ကြတယ်၊ ချစ်သားရဟန်းတို့ ... ဒီလို သစ်ပင်ရင်းကျောင်း တွေမှာ နေထိုင်ပြီးတော့ ဒီလိုဆိတ်ငြိမ်တဲ့ တောကျောင်း တောင်ကျောင်းတွေ မှာ နေထိုင်ပြီးတော့ လောကီဈာန် လောကုတ္တရာဈာန်တွေကို ဝင်စားကာ သင်ချစ်သားတို့ရဲ့သန္တာန်မှာ တည်ရှိနေကြတဲ့ ကိလေသာတောချုံပုတ်တွေကို လောင်ကျွမ်းသွားအောင် ရှို့မြှိုက်ကြစမ်းပါ၊ သမထ ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေထိုင်ကြပါကုန်လင့်၊ နောင်သောအခါ သေခါနီးကာလကျမှ မကောင်းတဲ့ အာရုံနိမိတ်တွေ ထင်လာ တဲ့အတွက် ''ငါတော့ မှားခဲ့လေပြီပေါ့''လို့ စိတ်နှလုံး မသာမယာ မဖြစ်ကြပါ ကုန်လင့် ..။

ဒီအဆုံးအမကတော့ သင်ချစ်သားတို့အတွက် ငါဘုရားရှင် တို့က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမနေတဲ့ အဆုံးအမ (= အနု သာသနီ) တရားစကားတော်ပဲ ဖြစ်ပါတယ်။''

ဒီလို ဘုရားရှင်က ထပ်ကာထပ်ကာ တိုက်တွန်းတော်မူခဲ့ပါတယ်။

နောက်တစ်ခု --- ဥပဓိဝိဝေကအကြောင်းကို ပြောကြရအောင် ..။

ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်နေတဲ့ နိဗ္ဗာန်တရားတော်မြတ်ကို ဥပဓိ ဝိဝေကလို့ ခေါ်ဆိုပါတယ်။ ဥပဓိ လေးဖြာဆိုတာကတော့ ကာမူပဓိ၊ ခန္ဓူပဓိ၊ ကိလေသူပဓိ၊ အဘိသင်္ခါရူပဓိတို့ ဖြစ်ကြတယ်။

ကာမူပဓိ

အဆင်း အသံ အနံ့ အရသာ အတွေ့အထိလို့ ခေါ်ဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ---- ယင်းအာရုံအသီးအသီးတို့အပေါ်၌ တွယ်တာ မက်မောမှု သာယာနှစ်သက်မှု ကာမတဏှာလျှင် အကြောင်းရင်းခံ ရှိနေတဲ့ ဝမ်းမြောက်ဝမ်းသာ ခံစားမှု သောမနဿ (= သုခဝေဒနာ)ရဲ့ တည်ရာဖြစ်လို့ ကာမူပဓိလို့ ခေါ်ဆိုပါတယ်။

ခန္ဓူပဓိ

ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ---- ယင်းခန္ဓာလျှင် အကြောင်းရင်းခံ ရှိနေတဲ့ ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခ, အိုရခြင်း ဇရာဒုက္ခ, ဖျားနာရခြင်း ဗျာဓိဒုက္ခ, သေကျေပျက်စီးရခြင်း မရဏဒုက္ခ, အိုနာသေရေး ဒုက္ခဘေးမှ ကင်းဝေးရန် အလိုရှိပါသော်လည်း တောင့်တပါသော်လည်း အလိုရှိတိုင်း တောင့်တတိုင်း မရနိုင်တဲ့အတွက် စိတ်ဆင်းရဲရခြင်းဒုက္ခ, ချစ်နှစ်သက်အပ်တဲ့ သတ္တဝါ သင်္ခါရတွေနှင့် ကွေကွင်းခွဲခွာရလို့ ဖြစ်ပေါ်လာတဲ့ စိတ်ဆင်းရဲရခြင်း ဒုက္ခ, မချစ်မနှစ်သက်အပ်တဲ့ သတ္တဝါ သင်္ခါရတွေနှင့် ပေါင်းသင်းဆက်ဆံ နေရလို့ ဖြစ်ပေါ်လာရတဲ့ စိတ်ဆင်းရဲရခြင်းဒုက္ခ, သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတွေ ဖောက်ပြန်ပျက်စီးမှုကို အကြောင်းပြုကာ ဖြစ်ပေါ်လာတဲ့ စိုးရိမ် ရခြင်း သောက, ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝ, ကိုယ်ဆင်းရဲရခြင်း ဒုက္ခ, စိတ်ဆင်းရဲရခြင်း ဒေါမနဿ, ပြင်းစွာပူပန်ရခြင်း ဥပါယာသဆိုတဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ရာဂမီး ဒေါသမီး မောဟမီး စတဲ့ ကိလေသာ အပူမီးတွေရဲ့ လောင်မြိုက်မှုကြောင့် ဖြစ်ပေါ်လာရတဲ့ ဆင်းရဲဒုက္ခ --- ဒီဆင်းရဲဒုက္ခအဝဝတို့ရဲ့ တည်ရာဖြစ်လို့ ခန္ဓူပဓိလို့ ခေါ်ဆိုပါတယ်။

ကိလေသူပဓိ

ရာဂ, ဒေါသ, မောဟ, မာန်မာန စတဲ့ ကိလေသာတွေကိုလည်း ---- အပါယ်သံသရာဝဋ်ဆင်းရဲသို့ ရောက်ခြင်း ရခြင်းရဲ့ အကြောင်းရင်းစစ် ဧကန် ဖြစ်နေကြတဲ့အတွက် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝတို့ရဲ့ တည်ရာဖြစ် လို့ ကိလေသူပဓိလို့ ခေါ်ဆိုပါတယ်။

အဘိသင်္ခါရူပဓိ

ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတွေဟာလည်း ဘဝသစ်ကို ဖြစ်ပေါ်လာအောင် ပြုပြင်တည်ထောင်ပေးတတ်တဲ့ တရားတွေ ဖြစ်ခြင်း ကြောင့် အဘိသင်္ခါရတရားတွေလို့ ခေါ်ဆိုတယ်။ ဒါကြောင့် ဒီ ကုသိုလ်အဘိ သင်္ခါရတရား အကုသိုလ်အဘိသင်္ခါရတရားတွေကိုလည်း ဘဝဒုက္ခ သံသရာ ဝဋ်ဒုက္ခအဝဝတို့ရဲ့ တည်ရာဖြစ်လို့ အဘိသင်္ခါရူပဓိလို့ ခေါ်ဆိုပါတယ်။

နိဗ္ဗာန်တရားတော်မြတ်ကြီးမှာ ခုပြောခဲ့တဲ့ ဥပဓိ လေးပါးစလုံးတို့ဟာ မတည်ရှိကြဘူး၊ ဥပဓိလေးဖြာတို့မှ အမြဲတမ်း ကင်းဆိတ်လျက် ရှိနေတယ်။ ဒါကြောင့် ဒီနိဗ္ဗာန်တရားတော်မြတ်ကို ဥပဓိဝိဝေကလို့ ခေါ်ဆိုပါတယ်။

ဒီလို ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်ရာဖြစ်တဲ့ နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုလျက် ဖလသမာပတ်တွေ ဝင်စားကာ နေထိုင်ခြင်းကိုလည်း ဘုရားရှင် က အလွန်နှစ်ခြိုက်တော်မူပါတယ်။ ဒီလို ဥပဓိဝိဝေကနှင့် ဆက်စပ်နေတဲ့ တရားစကားတွေကို ဆွေးနွေးနေခြင်း တိုင်ပင်နေခြင်း ပြောကြားနေခြင်း ကိုလည်း ဘုရားရှင်က ကြည်ဖြူစွာ ခွင့်ပြုတော်မူလျက်ပင် ရှိနေပါတယ်။

*မှတ်ချက်..*

(ဖါးအောက်တောရဆရာတော်ဘုရား၏ဟောစဉ်တရားတော်မှကောက်နှုတ်တင်ပြပါသည်။)

ဆရာတော် Ven Dhammapala ဆီမှ ပြန်လည်မျှဝေဖော်ပြခြင်းဖြစ်ပါသည်။

ဝိဝေက အခေါ်အဝေါ်များ

ဝိဝေကတရား ၃-ပါး

(၁) ကာယ ၀ိဝေက ကိုယ်၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သော အပေါင်းအသင်း တပည့်သားမြေး ကာပဂုဏ်တရားတို့မှ ကင်းကွာစွာ နေခြင်းမျိုး၊

(၂) စိတ္တ ၀ိဝေက-စိတ်၏ ဆိတ်ငြိမ်ခြင်းဟု ဆိုအပ်သောသမာပတ်ရှစ်ပါး ၀င်စားခြင်း၊ သမာဓိအလုပ်တရား ကမ္မဋ္ဌာန်းအားထုတ် နေခြင်းမျိုး၊

(၃) ဥပဓိ ၀ိဝေက- သန္တိသုခအေးမြ, ဆိတ်ငြိမ်ရာ နိဗ္ဗာန်တရားမြတ်ကို ဖိုလ်စိတ်ဖြင့် ၀င်စားကာ အာရုံပြုနေခြင်းမျိုး။

*မူလပဏ္ဏာသ ။ပါ။ ၁၉၉ ။ဋ္ဌ။ ဒု-အုပ်။ ၄၉-၌အကျယ်ရှုပါ။

*၀ိဝေကတရား၊ မျိုး ၃-ပါး။ ဖြေကြား တနည်းလာ။ ။ ပဋိသမ္ဘိဒါမဂ် ဒု-အုပ်၊ ပည၀ဂ္ဂ ၃၀၆-၌ ရှုပါ။ ကိလေသာတို့မှ ဆိတ်သုဉ်းခြင်း တရားမျိုး ၃-ပါး။

(၁) တဒင်္ဂ ၀ိဝေက၊

(၂) သမုစ္ဆေဒ ၀ိဝေက၊

(၃) နိဿရဏ ၀ိဝေက၊ အဓိပ္ပါယ် (ပဟာန်ငါး)နှင့် တူ၏။

ဝိဝေကတရား မျိုး ၅-ပါး၊ တနည်း။ ။

(၁) တဒင်္ဂ၀ိဝေက၊

(၂) ၀ိက္ခမ္ဘန၀ိဝေက၊

(၃) သမုစ္ဆေဒ ၀ိဝေက၊

(၄) ပဋိပဿဒ္ဓိ ၀ိဝေက၊

(၅) နိဿရဏ၀ိဝေက။ အဓိပ္ပါယ် (ပဟာန် ၅-ပါး)နှင့် တူ၏။

ပဟာန်အပြား မျိုး၅-ပါး

(၁) တဒင်္ဂ ပဟာန်- ကာမကုသိုလ် တရားစုဖြင့် ပြုဆဲခဏ၌ ပယ်ခြင်း၊

(၂) ၀ိက္ခမ္ဘန ပဟာန်- မဟဂ္ဂုတ်ကုသိုလ်စုဖြင့် ခေါင်းပါးအောင် ပြုခြင်း၊

(၃) သမုစ္ဆေဒ ပဟာန်- မဂ်ကုသိုလ်စုဖြင့် အပြတ်ပယ်ခြင်း၊

(၄) ပဋိပဿဓိ ပဟာန်- ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှုပြုခြင်း၊

(၅) နိဿရဏ ပဟာန်-ပရိနိဗ္ဗာန ဓာတ်ဖြင့် ဖြတ်တောက်ထွက်မြောက်သွားခြင်း။

*ဓမ္မသင်္ဂဏီပါဠိတော် ၂၀၈။ ၎င်းင်းအဋ္ဌကထာ ၃၈၆။ ပဋိသမ္ဘိဒါမဂ် ။ပါ။ ၁၃၇။ဋ္ဌ။ဒု-အုပ်။ ၅၂။ ကိလေသာ အယုတ်တရားစုကို ပယ်မှုငါးပါး။


ဆက်လက်ဖတ်ရှုရန်