Friday, December 14, 2012

The Quality Sleep


ဒီရက်ပိုင်းမှာ ရထားစီးဖြစ်တိုင်း ရထားနံရံပေါ်က မွေ့ရာကြော်ငြာတစ်ခုရဲ့ စာတမ်းက ကျွန်တော့်အာရုံကို ဖမ်းစားပါတယ်။ နာမည်ကြီးအားကစားမယ်လေးရဲ့ ဓါတ်ပုံနှင့် ဂျပန်လိုရေးထားတဲ့ စာသားတွေရဲ့ အပေါ်မှာ အင်္ဂလိပ်လို ထင်ထင်ရှားရှားရေးထားတဲ့ စာကြောင်းက "The Quality Sleep" တဲ့။ ဒီစာကြောင်းကို မြင်တော့ ကျွန်တော် အတွေးနယ်ချဲ့ မိတယ်။ မွေ့ယာကောင်းကောင်း၊ ခေါင်းအုံးကောင်းကောင်းပေါ်မှာ အိပ်လိုက်ရုံနှင့်တော့ လူတွေရဲ့  အိပ်စက်မှုဟာ အရည်အသွေးမြင့်သွားနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဆို ဘယ်လိုမျိုးအိပ်ရင် အရည်အသွေးရှိရှိ အိပ်စက်တယ်လို့ ပြောလို့ရနိုင်မလဲလို့  အဖြေတွေထုတ်ကြည့်မိတယ်။

ကျွန်တော်တို့ လူသားတွေအားလုံး နေ့တိုင်းလို အိပ်စက်ကြရပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်နေတွေ့နေရတဲ့ တိရစ္ဆာန်တွေလည်း သူတို့သက်တမ်းနှင့်လျော်ညီတဲ့ အိပ်ချိန်တွေနှင့် အိပ်နေကြပါတယ်။ လူတွေမှာတော့ ယေဘုယျအားဖြင့် ကလေးအရွယ်တွေမှာ တစ်နေ့တာရဲ့  နာရီတော်တော်များများကို အိပ်ချိန်အဖြစ်လိုအပ်ပြီး အသက်ကြီးလာတာနှင့်အမျှ အိပ်ချိန်က တဖြည်းဖြည်း လျော့သွားပါတယ်။ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် တချို့  (၈)နာရီ ဒါမှမဟုတ် (၆)နာရီလောက် အိပ်ရရင် အိပ်ရေးဝတတ်ကြပါတယ်။ တချို့ လည်း (၄)နာရီ (၅)နာရီလောက် အိပ်ပြီး တစ်နေကုန် နေနိုင်ကြတဲ့သူတွေလည်း ရှိနေတာပါဘဲ။ တကယ်ကတော့ အိပ်စက်ခြင်းဟာ လူသားတွေအတွက် အကုန်အကျအသက်သာဆုံး အပန်းဖြေစရာတစ်ခုလို့ပြောမယ်ဆိုလည်း မမှားနိုင်ပါဘူး။ 

“အိပ်၊ စား၊ ပျော်ပါး” ဒီသုံးပါးဟာ လူနှင့်တိရစ္ဆာန်တွေမှာ အားလုံး အတူတူလို့ ဆိုထားတော့ လူတွေ အိပ်တာနှင့် တိရစ္ဆာန်တွေအိပ်တာ ဘယ်လို ကွာခြားမှု ရှိနိုင်မလဲလို့ နှိုင်းယှဉ်စဉ်းစားချင်စရာ ကောင်းပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတတ်တဲ့ ခွေးလေး ကြောင်လေးတွေ၊ ငှက်လေးတွေ၊ ကြက်လေးတွေကို ကြည့်လိုက်ရင် သူတို့တွေ တစ်နေ့လုံး ကစားချင်ရင် ကစား၊ ဗိုက်ဆာတဲ့အချိန် အစာရှာ၊ စားစရာတွေ့ရင် စား၊ ဆန့်ကျင်ဘက် ရန်သူနှင့်တွေ့ရင် ရန်မူ၊ မျိုးပွားမယ့် ရာသီမျိုးမှာဆို တစ်နေကုန် အဲဒီကိစ္စတွေနှင့် အလုပ်တွေရှုပ်၊ နောက်ဆုံးဘာမှ လုပ်စရာမရှိရင် ထိုးအိပ်နေတတ်ကြပါတယ်။ မြွေလိုအကောင်မျိုးတွေဆို သူအစာစားပြီးလို့ ဗိုက်တင်းသွားတာနှင့် တခြားဘာမှကို မလုပ်တော့ဘဲ ခွေပြီးအိပ်ကြတော့တာပါဘဲ။ 

တချို့  လူတွေထဲမှာလည်း တစ်နေ့လုံးနီးပါး အိပ်နေတတ်ကြတဲ့ သူတွေကို သတိထားမိဖူးမယ်ထင်ပါတယ်။ တချို့ လည်း အသက်အရွယ် အိုးမင်းရင့်ရော်လာကြလို့ဘဲဖြစ်ဖြစ်၊ ရောဂါဝေဒနာတစ်ခုခုကြောင့်ဘဲဖြစ်ဖြစ် အိပ်ယာပေါ်မှာ မှိန်းပြီးနေကြရတဲ့အချိန်က တစ်နေ့တာမှာ ပိုများနေတတ်ပါတယ်။ တချို့ ကတော့ စိတ်ကျရောဂါလိုမျိုး စိတ်ပိုင်းဆိုင်ရာချို့ ယွင်းမှုတစ်ခုခုဖြစ်နေတာကြောင့် တစ်နေကုန်အိပ်တတ်ကြပါသေးတယ်။ တချို့ လည်း သွားရင်းလာရင်း တခြားထွေထွေထူးထူးလုပ်စရာမရှိတဲ့အခါမှာ ရထားစီးရင်း၊ ကားစီးရင်း ရတဲ့အချိန်မှာ ရသလောက် အိပ်တတ်ကြတဲ့သူတွေလည်း ရှိပါတယ်။ 

တစ်နေကုန် တစ်နေခမ်း အလုပ်လုပ်ကြရတဲ့သူတွေကျတော့ အလုပ်ပင်ပင်ပန်းပန်းလုပ်ခဲ့ကြရလို့ ညဘက် အိမ်ပြန်ရောက်တာနှင့် အိပ်ဖို့ ကိုဘဲ သူတို့ ခေါင်းထဲရှိကြတော့တယ်။ ရေမိုးချိုး၊ ညစာကို မြန်မြန်သွက်သွက်စားပြီး တန်းအိပ်ကြတော့တာဘဲ။ တချို့  သောက်တတ်၊ စားတတ်တဲ့သူတွေကျပြန်တော့ ညဘက်မှာ သောက်ထား၊ စားထားတဲ့ အရှိန်လေးတွေနှင့် ယစ်ယစ်မူးမူး အိပ်ယာထဲ တန်းဝင် အိပ်တတ်ကြပြန်ပါတယ်။ တချို့  တီဗွီ၊ ဗွီဒီယိုဇာတ်လမ်းတွေကို နှစ်ခြိုက်စွဲလန်းကြတဲ့သူတွေ၊ စာအုပ်ဖတ်တာ စွဲတဲ့သူတွေ၊ အင်တာနက်စွဲတဲ့သူတွေ၊ ကာရာအိုကေသီချင်းဆိုတာ ၀ါသနာပါတဲ့သူတွေဆိုရင်လည်း နောက်ဆုံးအိပ်မပျော်ခင်အချိန်အထိ သူတို့စွဲလန်းတဲ့ အာရုံကို အပန်းဖြေတဲ့အနေနှင့် ခံစားရင်း အိပ်တတ်ကြပါတယ်။ တချို့ ကျတော့ ဒီနေ့တစ်နေ့စာ ကြုံဆုံခဲ့ရတာတွေထဲက စိတ်အလိုမကျဖြစ်ခဲ့ရတာတွေ၊ တစ်ဦးဦးအပေါ် မကျေမနပ်ဖြစ်ရတာတွေကို အိပ်ယာထဲရောက်တဲ့အထိ တနုံ့နုံ့ တွေးရင်း၊ စိတ်ဆိုးဒေါသဖြစ်ရင်း နောက်ဆုံး အိပ်ပျော်သွားတတ်ကြတယ်။ အလုပ်ကိုအလွန်အကျွံလုပ်တဲ့သူတွေ၊ ကျောင်းစာကို အလွန်အကျူးကြိုးစားသူတွေကလည်း နောက်ဆုံးအိပ်ပျော်သွားချိန်အထိကို သူတို့ အလုပ်တွေ၊ စာတွေနှင့် လုံးလည်ချာလည်လိုက်ရင်းက အိပ်ပျော်သွားတတ်ပါတယ်။ ကာမဂုဏ်ကိုလိုက်စားပျော်ပါးသူအချို့ ကျပြန်တော့လည်း မအိပ်ခင်လေးမှာ မိမိတို့ အဖော်နှင့် ကာမနှင့် စပ်နွှယ်တဲ့ အာရုံတွေမှာ နစ်မြောစီးဝင်ရင်း အိပ်စက်တတ်ကြပြန်ပါတယ်။ တချို့ လူတွေကျတော့ လွယ်လွယ်နှင့် အိပ်မပျော်တတ်ကြပြန်ဘူး။ သူတို့တွေကျတော့ အိပ်မပျော်ခင်အချိန်မှာ အိပ်ယာပေါ်လှဲနေရင်းက တောင်တောင်အီအီတွေ လျှောက်တွေးရင်း၊ စဉ်းစားရင်းနှင့် နောက်ဆုံး ခန္ဓာကိုယ် တအားပင်ပန်းလာတော့မှဘဲ အိပ်ပျော်သွားတတ်ကြတယ်။ 

အခုပြောခဲ့တဲ့ လူတွေရဲ့  အိပ်စက်ပုံတွေကို စိစစ်ကြည့်လိုက်ရင် စွဲလန်းမှုတွေ၊ ယစ်မူးမှုတွေ၊ လောဘတွေ၊ တဏှာရမ္မက်တွေ၊ ဒေါသတွေ၊ စိတ်ပျံ့ လွင့်မှုတွေ၊ မောဟတွေနှင့် ပြည့်နှက်နေရင်းကနေ အိပ်စက်လိုက်ကြတာမို့ သူတို့တွေ ဘယ်လောက်ကောင်းတဲ့ မွေ့ယာပေါ်မှာဘဲ အိပ်ကြပါစေ၊ သူတို့ရဲ့  အိပ်စက်ခြင်းဟာ အရည်အသွေးရှိရှိ အိပ်တာပါလို့ ပြောဖို့တော့ ခက်ပါလိမ့်မယ်။ အားမနာတမ်းသာပြောရရင် တိရစ္ဆာန်တွေအိပ်တာမျိုးထက် ဘယ်လောက်များ ပိုသာနိုင်မှာတဲ့လဲ။

ကဲ... ဒီတော့ ကျွန်တော်တို့ အရည်အသွေးမြင့်မြင့် အိပ်တတ်ကြတဲ့သူတွေအကြောင်းကို ထပ်ပြီး လေ့လာကြည့်ကြပါအုံးစို့။

ဘာသာရေးစာပေတွေမှာ ဖတ်ကြည့်မိတော့ ပထမဆုံး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ကျိန်းစက်တော်မူပုံကို တွေ့ရပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ညဥ့်သုံးယံမှာ အလယ်မဇ္ဈိမယံကို သုံးပုံပုံပြီး ပထမနှစ်နာရီမှာ ရောက်လာကြတဲ့ နတ်ဗြဟ္မာတွေကို တရားဟောတော်မူပါတယ်။ ဒုတိယနှစ်နာရီမှာတော့ ကျိန်းစက်တော်မူပါတယ်။ အဲဒီလို ကျိန်းစက်တော်မူတဲ့အခါမှာ ထမယ်ဆိုတဲ့ အမှတ်သညာကိုပြုပြီးတော့ စတုတ္ထဈာန် (သို့) ဖလသမာပတ်ကိုဝင်စားပြီး ကျိန်းစက်တော်မူပါတယ်တဲ့။ နှစ်နာရီကျိန်းပြီးတဲ့နောက်မှာတော့ ကျိန်းစက်နေရာကနေ ပြန်လည်ထတော်မူပြီး ကိုယ်လက်သုတ်သင်၊ စင်္ကြံလျှောက်၊ ဒီနေ့အတွက် လောကမှာ ဘယ်သူတွေကို ခြွေချွတ်ရမလဲလို့ ကြည့်တော်မူပါတယ်။ မြတ်စွာဘုရားဟာ တစ်နေ့တာလုံးမှာ နှစ်နာရီဘဲ ကျိန်းတော်မူပြီး ကျန်တဲ့အချိန်တွေကို လောကသားတွေအတွက် အသုံးချတော်မူခဲ့ပါတယ်။

အရှင်မဟာကဿပမထေရ်၊ စက္ခုပါလမထေရ် အစရှိတဲ့ နေသဇ္ဖိဓုတင်ကိုဆောင်ထားကြတဲ့ ကိုယ်တော်ကြီးတွေကတော့ ကျောခင်းပြီးအိပ်စက်တာကိုပယ်တော်မူကြပြီး ထိုင်လျက်သာ အသက်ထက်ဆုံး ကျိန်းစက်တော်မူခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာထင်ရှားတဲ့ ဝေဘူဆရာတော်ဘုရားကြီးတို့၊တောင်ပုလုဆရာတော်ဘုရားကြီးတို့လည်း နေသဇ္ဖိဓုတင်ဆောင်ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကိုရည်မှန်းပြီး ၀ီရိယထန်ထန်နှင့် အားထုတ်ကြိုးပမ်းနေနေကြတဲ့ ရဟန်းပုဂ္ဂိုလ်တွေနှင့် ယောဂီသူတော်စင်တွေဆိုရင်လည်း နေ့စဉ်အချိန်တိုင်းနီးပါး သတိပဋ္ဌာန်တရားကို အပတ်တကုတ်ပွားများ နေကြတာမို့ အိပ်ချိန်အင်မတန်မှကို နည်းပါးကြပါတယ်။ ဒီလို တစိုက်မတ်မတ်အားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို ဆရာသမားများက အိပ်တာနှင့်ပတ်သက်ြပီး သြ၀ါဒပေးဆုံးမတာတွေကလည်း စိတ်ဝင်စားဖို့ကောင်းသလို၊ လိုက်နာကျင့်သုံးဖွယ်ရာလည်းကောင်းပါတယ်။ 

တောင်ပုလုဆရာတော်ကြီးက ဆရာတော်ဦးဇောတိက စတင်တရားအားထုတ်စဉ် အချိန်တွေတုန်းက တရားတိုးတက်မှုနှင့်ပတ်သက်ပြီး မေးခဲ့တဲ့ မေးခွန်းက “အိပ်မက်ထဲမှာ တရားအားထုတ်ဖူးပြီလား” ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဆရာတော်က ပထမတော့ အိပ်မက်ထဲအထိ ဘာဝနာမရောက်နိုင်ခဲ့သေးပေမယ့် နောင်တော့ အိပ်မက်ထဲမှာတောင် တရားအားထုတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ပဲခူးအောင်သုခဆရာတော်ကြီးကတော့ အရှိန်မပျက် ဆက်လက်အားထုတ်နေတဲ့ ယောဂီများကို အိပ်မပျော်မီအချိန်လေးမှာ မိမိသိထားပြီးသား တရား (သို့) သမာပတ်တစ်ခုခုကို အဓိဋ္ဌာန်ပြုဝင်စားပြီး အိပ်ကြဖို့ ညွှန်းကြားပါတယ်။ အိပ်တာဟာ အချိန်ပိုင်းသေလိုက်တာဘဲမို့ သေခါနီးနောက်ဆုံးအချိန်အတွက်လည်း နေ့ စဉ်ပြင်ဆင်ပြီးသားဖြစ်အောင် လေ့ကျင့်ခိုင်းတဲ့သဘောဖြစ်ပါတယ်။

တရားကို ဇောက်ချလုပ်နေတာမဟုတ်သေးတဲ့ ကျွန်တော်တို့လို ရိုးရိုးလူသာမန်တွေရော ဘယ်လိုနည်းတွေနှင့် အရည်အသွေးရှိရှိ အိပ်စက်နိုင်မလဲလို့ ကျွန်တော် စဉ်းစားမိသလောက် ချရေးကြည့်ပါမယ်။ စာဖတ်သူမိတ်ဆွေတွေကလည်း မိမိတို့သိထားတာလေးတွေ ကျွန်တော့်ကို ပြန်လည်ဝေငှပေးစေချင်ပါတယ်ခင်ဗျာ။

အလွယ်ကူဆုံးစလုပ်လို့ရတာကတော့ အိပ်ခါနီး ကိုယ်လက်သန့်စင်ပြီးတာနှင့် အချိန်လေးနည်းနည်းယူပြီး ဘုရားရှိခိုး၊ သီလယူ၊ ဂုဏ်တော်ပွား၊ မေတ္တာပို့၊ ပုတီးစိပ်၊ အမျှဝေ စသဖြင့် ကိုယ်တတ်နိုင်သလောက်လေး မအိပ်ခင် ကုသိုလ်ယူပြီးမှ အိပ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ဒီအတိုင်းကြီး လှဲအိပ်ပစ်လိုက်တာထက်စာရင် အရည်အသွေးတက်လာမှာ အမှန်ပါဘဲ။

ဒီနေရာမှ ဘုန်းဘုန်းရဝေနွယ်(အင်းမ) ပြောဖူးတာလေးကို အကြောင်းတိုက်ဆိုင်တုန်း မျှဝေပေးချင်ပါတယ်။ ဘုန်းဘုန်းက မင်းကွန်းဆရာတော်ကြီး အဆုံးအမဆိုပြီး ပြောပြတာပါ။ အိပ်ခါနီးသီလယူတဲ့အခါမှာ ရိုးရိုးငါးပါးသီလကို မယူပဲ ရှစ်ပါး၊ ကိုးပါးစတဲ့ ဥပုသ်သီလတစ်ခုခုကို ပြောင်းယူလိုက်ခြင်းဖြင့် အိပ်ပျော်နေတဲ့ အချိန်တစ်လျှောက်လုံးမှာ ကိုယ်က ဥပုသ်စောင့်ပြီးသား ဖြစ်သွားသလို ကိုယ်ယူထားတဲ့သီလကလည်း ကျိုးပျက်စရာ အကြောင်းမရှိတဲ့အတွက် သီလလည်း စင်ကြယ်ပါတယ်တဲ့။ နောက်ပြီး နေ့စဉ်နေ့တိုင်းလည်း ဥပုသ်စောင့်ခွင့်ရသွားပါတယ်။ (အိမ်ထောင်သည်များကတော့ မိမိစောင့်ထိန်းနိုင်သလောက်သာ သင့်လျှော်သလို ဆောက်တည်ကြပါရန်။) အိပ်ခါနီးအချိန်လေးမှာ ငါဟာ ဥပုသ်သည်တစ်ယောက်ပါလား ဆိုတဲ့ ကြည်လင်ဝမ်းမြောက်တဲ့ စိတ်လေးနှင့် အိပ်လိုက်ရတော့ မိမိရဲ့ အိပ်စက်ခြင်းဟာ သာမန်အိပ်စက်ခြင်းထက် ပိုပြီး အရည်အသွေးမြင့်တက်သွားနိုင်ပါတယ်။

နောက်ထပ် ပိုပြီးအရည်အသွေးတက်အောင်ဆိုရင်တော့ ဘုရားရှိခိုး၊ သီလယူတာတွေ အားလုံးလုပ်ပြီးလို့ လှဲအိပ်လိုက်တဲ့အချိန်ကစပြီး အိပ်ပျော်သွားတဲ့အချိန်အထိ ဂုဏ်တော်တစ်ခုခုကို ပွားတာဖြစ်ဖြစ်၊ မေတ္တာပို့နေတာ ဖြစ်ဖြစ်လုပ်မယ်ဆိုရင်လည်း ဖြစ်တာပါဘဲ။ တရားအားထုတ်ဖူးတဲ့ အလေ့အကျင့်ရှိထားတဲ့သူတွေဆိုရင်တော့ အိပ်ခါနီး ဘုရားရှိခိုးတာ၊ သီလစောင့်တာ၊ စတာတွေလုပ်ပြီးရင် တကယ်လို့ အချိန်လည်းပေးနိုင်ဦးမယ်ဆိုရင် တရားကို မိနစ်ပိုင်းလောက်ဖြစ်ဖြစ် ထိုင်အားထုတ်ပြီးမှ အိပ်မယ်ဆိုရင် စိတ်ကြည်လင်အေးချမ်းပြီးတော့ အိပ်စက်ကြရမှာဖြစ်ပါတယ်။ ဒီထက်လုပ်နိုင်ရင်တော့ အိပ်ယာပေါ်လှဲနေရင်းက အိပ်မပျော်ခင်အထိ ဆက်ပြီး တရားအာရုံပြုနေလိုက်မယ်ဆိုရင်လည်း ဖြစ်တာပါဘဲ။ 

ဒီနေရာမှာ လှဲအိပ်ရင်းတရားမှတ်ဖို့အတွက် သင့်လျော်တဲ့ အားထုတ်နည်းတစ်ခုက Body Sweeping Meditation (Body Scan Meditation)  နည်းပါ။ တရားအားထုတ်တဲ့အလုပ်ကို မလုပ်ဖူးသေးတဲ့သူတွေအနေနှင့်လည်း စမ်းပြီးလုပ်ကြည့်ဖို့ရာ လွယ်ကူပါတယ်။ အားထုတ်နည်းကတော့ အိပ်ယာပေါ်မှာ လှဲအိပ်လိုက်ပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် ထားလိုက်ပါ။ အသက်ကို မှန်မှန်လေးဘဲ ရှူသွင်းရှူထုတ်လုပ်နေလိုက်ပါ။ ပြီးရင် ဦးခေါင်းငယ်ထိပ်ကို သိစိတ်ကလေးကိုပို့လိုက်ပါ။ ငယ်ထိပ်နေရာမှာ လောလောဆယ်ဖြစ်နေတဲ့ တင်းမှုတောင့်မှု၊ ပူမှုအေးမှု စတာ တစ်ခုခုနှင့် သိမ်သိမ်မွေ့မွေ့ တုန်ခါနေမှုမျိုးလေးတွေကို သတိထားမိလာပါလိမ့်မယ်။ အဲဒါလေးတွေထဲက ထင်ရှားတာတစ်ခုခုကို သိပြီးနေလိုက်ပါ။ အဲဒီငယ်ထိပ်နေရာကနေ ဦးခေါင်းရဲ့  အောက်ဘက်ပိုင်းဆီ သိစိတ်ကလေးကို တဖြည်းဖြည်းချင်း ပို့ပေးပါ။ စိတ်ကလေးရောက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ လတ်တလောဖြစ်ပေါ်ပြောင်းလဲနေတဲ့ ထင်ရှားတဲ့အခြေအနေတိုင်းကို သိသိပေးပါ။ ဦးခေါင်း၊ မျက်နှာ၊ လည်ပင်း၊ ဂုတ်၊ ပခုံး၊ လက်နှစ်ဘက်၊ ရင်ဘတ်၊ ၀မ်းဗိုက်၊ ကျော၊ ဆီးခုံ၊ တင်ပါး၊ ခြေထောက်တွေအထိ အဆင့်ဆင့်ဆင်းလာပြီး နောက်ဆုံး ခြေချောင်းလေးတွေဆီရောက်တဲ့အထိ စိတ်ကလေးနှင့် ကြည့်ပေးပါ။  ခေါင်းကနေ ခြေထောက်အထိရောက်ဖို့အတွက် အနည်းဆုံး (၁၅)မိနစ်လောက် အချိန်ကြာတတ်ပါတယ်။ ပိုအသေးစိတ်နိုင်လေ ပိုကြာလေပါဘဲ။ ဒါပေမယ့် အိပ်ပျော်ခါနီးမှာ ပြုလုပ်တာဖြစ်တဲ့အတွက် ခြေထောက်ရောက်တဲ့အထိကို ခံမှာ မဟုတ်ပါဘူး။  လမ်းတစ်ဝက်မှာတင် အိပ်ပျော်သွားတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရင်း အိပ်ပျော်သွားတဲ့အခါမှာ နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်ပျော်သလို၊ နိုးလာတဲ့အခါမှာလည်း ခန္ဓာကိုယ်ရော၊ စိတ်ရော လန်းဆန်းနေတတ်ပါတယ်။ တကယ်လို့များ ခြေချောင်းတွေအထိရောက်ပြီး ဆုံးသွားတဲ့တိုင်အောင်မှ အိပ်မပျော်သေးဘူးဆိုရင် ငယ်ထိပ်ကနေ တစ်ခါပြန်စပြီး ခုနကအတိုင်း ခန္ဓာကိုယ်ကို အစကနေအဆုံး ပြန်ကြည့်ပေးရုံပါဘဲ။

အိပ်ခါနီး ပွားများဖို့သင့်လျှော်တဲ့ တခြားကမ္မဋ္ဌာန်းတွေကတော့ အသုဘကမ္မဋ္ဌာန်းနှင့် မရဏာနုဿတိကမ္မဋ္ဌာန်းတွေဘဲဖြစ်ပါတယ်။ တကယ်တော့ အိပ်တယ်ဆိုတာ နာရီပိုင်းသေတာမို့ ကိုယ့်ခန္ဓာကိုယ်ကို လူသေကောင်အဖြစ် နှလုံးသွင်းသဘောထားပြီး အသုဘဘာဝနာစီးဖြန်း အိပ်မယ်ဆိုလည်း ရတာပါဘဲ။ ဒီလိုမှမဟုတ်လည်း မိမိကိုယ်ကို ဒါငါသေရတော့မယ် နောက်ဆုံးအချိန်ပါလားလို့ နှလုံးသွင်းပြီး ငါအခုသေရင် ဘယ်လိုစိတ်မျိုးနှင့် သေမှာလဲဆိုတာကို ကိုယ့်ဖာသာဆင်ခြင်သတိပေးရင်း ကိုယ်ကျွမ်းကျင်ရာ နှစ်သက်ရာ ဘာဝနာတစ်ခုခုကို နှလုံးသွင်းအိပ်စက်မယ်ဆိုလည်း အိပ်စက်ခြင်းဟာ ပုံမှန်ထက်တော့ အရည်အသွေးမြင့်သွားမှာ အမှန်ပါဘဲ။

အဘိဓမ္မာထဲက စကားနှင့်ပြောမယ်ဆိုရင်တော့ အိပ်ပျော်နေတဲ့အချိန်ဟာ ဘ၀င်စိတ်တွေ ဖြစ်နေတဲ့အချိန်ပါ။ ဘ၀င်စိတ်ဆိုတာ ဘယ်အာရုံကိုမှ မယူ၊ မသိတဲ့ စိတ်တစ်မျိုးပါဘဲ။ တစ်နေ့တာမှာ အကြောင်းအားလျော်စွာ မြင်ကြားနံသိစတဲ့ အာရုံငါးပါးနှင့်ဆိုင်တဲ့ ၀ိညာဉ်အသိစိတ်တွေပေါ်လာတဲ့အခိုက်လေးတွေမှာ ဘ၀င်စိတ်က ခဏပြတ်သွားတတ်ပါတယ်။ ဒါတောင် အသိစိတ်တစ်ခုနှင့်တစ်ခုကြားမှာ ဘ၀င်စိတ်တွေက ခိုနေတတ်ပါသေးတယ်။ ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ထိနမိဒ္ဓတွေ အားကြီးသွားတဲ့အခိုက်မှာ သိစိတ်တွေပြတ်ပြီး ဘ၀င်စိတ်တွေဆက်တိုက်ဖြစ်သွားတဲ့အချိန်ကိုဘဲ အိပ်တယ်လို့ခေါ်ရတာပါ။ တကယ်တော့ ဘ၀င်စိတ်ဖြစ်တဲ့အချိန်ဟာ သတိကင်းမဲ့တဲ့အချိန်ဘဲဖြစ်ပါတယ်။ သတိအားကောင်းလာတဲ့သူမှာ ဘ၀င်စိတ်ဖြစ်တဲ့အကြိမ်ရေက နည်းနည်းလာပါတယ်။ ဒါကြောင့်လည်း တရားနှလုံးသွင်းနေကြတဲ့ သူတော်ကောင်များ အိပ်ချိန်နည်းပါးသွားကြတာဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့  လိုအပ်ချက်အတွက်သာ မဖြစ်မနေအိပ်လိုက်ကြရပေမယ့် ပြန်ထမယ်ဆိုတဲ့ အမှတ်သညာကို စိတ်ကညွှတ်ထားတဲ့အတွက် အချိန်တိုအတွင်းမှာ အိပ်နေရာကနေ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းနှင့်  ပြန်လည်နိုးထလာတတ်ကြတာ ဖြစ်ပါတယ်။ 

အခုပြောသွားတာတွေကနေ ကျွန်တော်တို့တွေ ကိုယ့်ဖာသာ ပြန်လည် စိစစ်ပြီး အဖြေထုတ်ကြည့်နိုင်လောက်မယ် ထင်ပါတယ်။ ငါတို့တွေ နေ့စဉ်နေ့တိုင်း အိပ်နေကြတာ အရည်အသွေးမီအိပ်စက်ခြင်းမှ ဟုတ်ပါရဲ့ လားဆိုတာ။ ဒီအဖြေကို ကိုယ်ကိုယ်တိုင်ဘဲ ပြန်ဖြေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မြတ်စွာဘုရားရှင်နှင့် သူတော်ကောင်းတွေ အိပ်စက်ကြပုံကို အတုယူအားကျပြီး ကျွန်တော်တို့လည်း တတ်နိုင်သလောက် အရည်အသွေးမီအိပ်နိုင်အောင် ကြိုးစားကြည့်ကြရအောင်လားဗျာ။

ကဲ...စာဖတ်နေကြတဲ့ မိတ်ဆွေတွေအားလုံး  Quality Sleep နှင့် နေ့စဉ် အိပ်စက်နိုင်ကြပါစေဗျာ။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၁၄၊ ၁၂၊ ၂၀၁၂။ 

1 comment:

  1. ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete