Wednesday, December 5, 2012

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄၂)


ရဲရဲကြီးထောက်ခံသော ကျင့်စဉ်

ဤဘဝအတွင်း၌ ဒိဋ္ဌလက်ငင်း ပူလောင်ခြင်းမှ သက်သာရာရခြင်း ဟူသည်မှာ သဥပါဒိသေသ နိဗ္ဗာန်ကို ရည်ရွယ်ခြင်း မဟုတ်သေးဘဲ၊ အားထုတ်ဆဲ အခိုက်အတန့်၌ပင် စိတ်နှလုံးပူပန်ဆင်းရဲခြင်းမှ အထိုက်အလျှောက် သက်သာရာရစေနိုင်ခြင်းကို ဆိုလိုပေသည်။ လက်ငင်းချက်ချင်း သက်သာရာရစေဖို့ အားထုတ်ကြရာတွင်လည်း ဂေါတမဗုဒ္ဓသည် နည်းအမျိုးမျိုး ညွှန်ပြတော်မူခဲ့ပေရာ၊ (ကျွန်ုပ်အဖို့ရာ၌ ကိုယ်တိုင် အထိုက်အလျောက်ခံစားရ၍) လက်တွေ့အနေဖြင့် ကျေနပ်ဖွယ် အကောင်းဆုံးသော ကျင့်စဉ် တစ်ခုအနေဖြင့် မဆိုင်းမတွ ထောက်ခံရဲသည်မှာ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” တည်းဟူသော ကျင့်စဉ်ပင်ဖြစ်လေသည်။

အလေ့အကျင့်ပြုလုပ်ဖို့လိုခြင်း

အထက်တွင်ဖော်ပြခဲ့သော ပန်းချီဆရာ ဥပမာ၊ ကလေးဆိုးဥပမာတို့မှာ စာထဲက တွေ့ရသော ဥပမာများ မဟုတ်၊ ကျွန်ုပ်ကိုယ်တိုင် ၎င်းကျင့်စဉ်အရ အားထုတ်ခဲ့သဖြင့် တွေ့ရသော စိတ်သဘာဝကို ပေါ်လွင်အောင် ဥပမာဆောင်ခြင်းမျှသာဖြစ်လေသည်။ ဤစာကို ဖတ်ရသောသူက “ကောင်းပါပြီ၊ ပန်းချီဆရာဥပမာကို သဘောကျ၍ ကလေးဆိုး ဥပမာကိုလည်း ကျေနပ်ပါသည်။ သို့သော် မိမိအား ပုတ်ခတ်ကဲ့ရဲ့ခြင်း ခံရမှုကို တစ်ဖန်ပြန်၍ မစဉ်းစားဘဲလည်း မနေနိုင်ပါ။ စိတ်ဆင်းရဲမည်ကိုလည်း စိုးရိမ်မြဲတိုင်း စိုးရိမ်၍ ဥပေက္ခာပြုထားရန် မတတ်နိုင်ပါ။ ထိုကဲ့သို့ မဖြစ်အောင် ဘယ်နည်းနှင့် ပြုလုပ်ရပါမည်နည်း” ဟုမေးငြားအံ့။ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းအားဖြင့် အလေ့အကျင့် ပြုလုပ်ပါ” ဟူ၍ ဖြေဆိုရပေမည်။

ဆင်းရဲခြင်းနှစ်မျိုး

ချဲ့ဦးအံ့။ သတ္တဝါတို့အဖို့၌ ကိုယ်၏ဆင်းရဲခြင်း ၊ စိတ်၏ဆင်းရဲခြင်းဟူ၍ ဒုက္ခနှစ်မျိုးရှိပေရာ၊ ကိုယ်၏ ဆင်းရဲခြင်းဟူသည်မှာ ရံဖန်ရံခါမျှသာ ကြုံတွေ့ရတတ်သော ဒုက္ခမျိုးဖြစ်၍ စိတ်ဆင်းရဲမှုသည်သာလျှင် (မနေတတ်သူများအဖို့၌) မကြာခဏ ကြုံတွေ့ရတတ်သော ဒုက္ခမျိုးဖြစ်၏။ ပင်ပန်းကြီးစွာနှင့် အလုပ်ကြမ်း လုပ်ကြရသူများမှတစ်ပါး၊ ကိုယ်ဆင်းရဲမှုဟူသည်မှာ ဆာလောင်မွတ်သိပ်ခြင်း၊ အလွန်အမင်း ချမ်းအေးခြင်း ၊ အလွန်အကျွံ ပူအိုက်ခြင်း၊ နာဖျားမကျန်းဖြစ်ရခြင်း အစရှိသော အခိုက်အတန့်များ၌သာ ကြုံတွေ့ရ တတ်ပေသည်။ ကိုယ်ဆင်းရဲမှုဟူသည်မှာ ပရံပရ အကုသိုလ်ကံအလျောက် ကြုံတွေ့ရခြင်းဖြစ်၍ ဘုရားရဟန္တာများသော်မှ ရှောင်ကွင်းရန် မတတ်နိုင်ဘဲ ကျိတ်၍ခံကြရသော ဒုက္ခမျိုးဖြစ်ချေသည်။

လက်ငင်းသက်သာရာရသောနည်း

ကိုယ်ဆင်းရဲမှုထက် အခံရခက်၍ လူသတ္တဝါတိုင်းက ကြောက်လှပါသည်ဟု ဝန်ခံကြရသော ဒုက္ခမျိုးမှာ စိတ်ဆင်းရဲခြင်းပင်ဖြစ်၏။ မည်မျှလောက် ကျန်းမာသောသူ၊ ကြွယ်ဝသောသူ၊ တန်ခိုးကြီးသောလူ၊ အာဏာ လက်ကိုင်ရသောသူ၊ ထင်ပေါ်ကျော်စောသောလူပင် ဖြစ်လင့်ကစား (စိတ်ထားမတတ်လျှင် မတတ်သလောက်) စိတ်ဆင်းရဲမှုနှင့် ကြုံတွေ့ကြရမည်ချည်းဖြစ်၏။ အာသဝေါ ကုန်ခန်းပြီးသော ဘုရားရဟန္တာများသည်သာလျှင် စိတ်ဆင်းရဲခြင်းအမျိုးမျိုးတို့မှ လုံးဝကင်းလွတ်သည်ဟု စာဆိုရှိ၏။ သို့ရာ တွင် ဘုရားရဟန္တာများကဲ့သို့ လုံးဝကင်းလွတ်မှုမျိုးမဟုတ်သေးစေကာမူ၊ အထိုက်အလျောက် သက်သာခွင့် ရစေနိုင်သောနည်းမှာ “ဒိဋ္ဌေဒိဋ္ဌမတ္တံ” တည်းဟူသော ကျင့်စဉ်ပင်ဖြစ်ပေသည်။ 

(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


No comments:

Post a Comment