Tuesday, December 18, 2012

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄၃)


အတွေးကြောင့်ဆင်းရဲခြင်း

ထပ်၍ချဲ့ဦးအံ့။ စိတ်ဆင်းရဲမှုဟူသမျှတို့ကို စစ်ဆေးလိုက်သည်ရှိသော် လက်ငင်းကြုံတွေ့ရသော ဆင်းရဲမှု၊ အတိတ်ကို ပြန်တွေး၍ ခံစားရသော ဆင်းရဲမှု၊ အနာဂတ်အတွက် မှန်းမျှော်တွေးဆမိခြင်းအားဖြင့် ဖြစ်ပေါ်လာသော ဆင်းရဲမှုဟူ၍ သုံးမျိုးသုံးစားရှိသည်ကို တွေ့ရပေလိမ့်မည်။ ဤသုံးခုအနက် လက်ငင်းကြုံတွေ့ရသော အခြင်းအရာကြောင့် စိတ်ဆင်းရဲမှုထက်၊ အတိတ်အဖြစ်အပျက်ကို ပြန်လည် ဖော်ထုတ်မိခြင်းကြောင့် စိတ်ဆင်းရဲမှုနှင့် အနာဂတ်အတွက် မှန်းဆတွေးခေါ်မိခြင်းကြောင့် စိတ်ဆင်းရဲမှု တို့က ကဲလွန်ပုံပေါက်ခြင်းကို တွေ့ကြရပေလိမ့်မည်။ အတိတ်နှင့် အနာဂတ် အဖို့တွင်လည်း အတိတ် အဖြစ်အပျက်ကို ပြန်လည်ဖော်ထုတ် စဉ်းစားမိခြင်းအတွက်ကြောင့် စိတ်ဆင်းရဲရခြင်းက ပိုမိုများပြားခြင်း ကို တွေ့ကြရပေလိမ့်မည် ။ (အတိတ်နှင့် အနာဂတ် တွေးလုံးများကြောင့် စိတ်ကြည်နူးခြင်း များလည်း ရှိသည်မှန်ပါ၏။ သို့ရာတွင် ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ စိတ်ဆင်းရဲမှုမှ သက်သာရာရစေသောနည်းကို ဖော်ပြလိုခြင်းဖြစ်၍ ကြည်နူးမှုကို ချန်လှပ်ထားရပါသေးသည်။) လူသတ္တဝါ အများဆုံးကို အကဲလွန်ဆုံး စိတ်ဆင်းရဲမှု ဖြစ်စေသော အခြင်းအရာမှာ ၊ လွန်လေပြီးသော အတိတ်အဖြစ်အပျက်ကို ပြန်လည်ဖော် ထုတ် တွေးတောခြင်းပင်ဖြစ်လေသည်။

အကြိမ်ကြိမ်ဆင်းရဲရခြင်း

ဆောင်းပါးအစတွင်ဖော်ပြခဲ့သော ဥဒါဟရုဏ်၌ လူတစ်ယောက်ယောက်က မိမိအား ပုတ်ခတ်ကဲ့ရဲ့ခြင်း ခံရသည်ဆိုလျှင်၊ ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဒေါသဖြစ်ကာ စိတ်ဆင်းရဲမှု ဖြစ်ရခြင်းကား ရှိပါစေတော့။ ပုထုဇဉ်ဟူသမျှအနက် မည်သူမဆို ထိုကဲ့သို့ ဖြစ်ကြရမည်ဆိုခြင်းကို မငြင်းလိုပါ။ ချက်ချင်း လက်ငင်း “ပူပူနွေးနွေး” အဖို့ရာ၌ ကဲ့ရဲ့မှု ပြင်းထန်လျှင် ပြင်းထန်သလောက် စိတ်ပေါက်မိခြင်းမှာ ပုထုဇဉ်တို့၏ ဓမ္မတာဖြစ်ပါ၏။ သို့ရာတွင် ထိုသူ၏ကဲ့ရဲ့ရှုတ်ချမှုသည် နောင်တစ်ခဏတွင် အတိတ်ဖြစ် သွားခဲ့ပြီ မဟုတ်ပါလော။ ကဲ့ရဲ့ရှုတ်ချသောသူက တစ်ကြိမ်တည်းမျှသာပြုလုပ်ခြင်းဖြစ်ပါလျက် ခံရသူအဖို့ ရာ၌ စဉ်းစားမိတိုင်း ရင်ထဲက ပူခနဲ နွေးခနဲဖြစ်ကာ ကြိမ်ဖန်များစွာ စိတ်ဆင်းရဲခြင်းဖြစ်ရသည် မဟုတ်ပါလော။ တစ်ကြိမ်မျှသော ပစ္စုပ္ပန်ဖြစ်ရပ် တစ်ခုအတွက် အကြိမ်ပေါင်းများစွာ စိတ်ဆင်းရဲမှု ဖြစ်ရသည်မဟုတ်ပါလော။ ဤအခြင်းအရာကိုထောက်ခြင်းအားဖြင် ပစ္စုပ္ပန် အခြင်းအရာထက် ၊ အတိတ်ကို ပြန်လည်ဖော်ထုတ် စဉ်းစားမိတတ်ခြင်းကြောင့် ခံစားရသော စိတ်ဆင်းရဲမှုသည် သာလွန်ကြီးကျယ်ခြင်းကား ထင်ရှားလောက်ပေပြီ။

ကြိုးစားလျှင်အောင်ရမည်

လွန်လေပြီးသော အတိတ်အဖြစ်အပျက်ကို တစ်ဖန်ပြန်၍ မစဉ်းစားဘဲ မနေနိုင်ခြင်းမှာ လူသတ္တဝါတို့၏ ဓမ္မတာဖြစ်သည် မှန်သော်လည်း၊ ထိုအတွက်ကြောင့် ခံရသော စိတ်ဆင်းရဲမှုမှလွတ်မြောက်ရေး အတွက်မှာ ဒိဋ္ဌေဒိဋ္ဌမတ္တံတည်းဟူသော ဗုဒ္ဓ၏ ကျင့်စဉ်သည် အကောင်းဆုံးသော ဆေးနည်းဖြစ်သည်ဟု ဆိုလိုပေသည်။ ၎င်းကျင့်စဉ်အရမှာ အတိတ်အဖြစ်အပျက် အနာဂတ်အဖြစ်အပျက်များအကြောင်းကို တွေးတောကြံဆခြင်းမပြုဘဲ အာရုံ ၆ ပါးတို့နှင့် ပတ်သက်၍ မြင်ကာ မတ္တ၊ ကြားကာ မတ္တ၊ နံကာ မတ္တ၊ စားကာ မတ္တ၊ ထိကာ မတ္တ စသည်ဖြင့် လက်ငင်းပစ္စပ္ပုန် အပေါ်၌သာ စိတ်ကို အကုန်အလေ့အကျင့်ပြုလုပ် ရခြင်းဖြစ်လေသည်။ တစ်ဘဝလုံး၊ တစ်သံသရာလုံးက အတိတ်နှင့် အနာဂတ် အခြင်းအရာများအကြောင်း ကိုသာ တစ်လျှောက်ကြီး တွေးတောကြံဆလာခဲ့ကြသော သတ္တဝါများ ဖြစ်သည်အလျောက်၊ လေ့ကျင့်ခါစ ၌ အခက်အခဲတွေ့ကြရမည် မှန်သော်လည်း ချက်ချင်းလက်ငင်းလည်း ပူပန်သောက ကင်းငြိမ်း၍ မဂ်ဖိုလ် နိဗ္ဗာန် သို့တိုင်အောင် ပေါက်ရောက်နိုင်သော ဗုဒ္ဓ၏ ကျင့်စဉ်လည်း ဖြစ်သောကြောင့် ၊ ရုတ်တရက် ချက်ချင်း မအောင်မြင်နိုင်သေးခြင်းအတွက် စိတ်ပျက်အားလျှော့ထိုက်သည် မဟုတ်ပါပေ။ အခြားလူများ အဖို့တော့ လွယ်ကူကောင်းလွယ်ကူပေလိမ့်မည်၊ ငါ့အဖို့တော့ ခဲယဉ်းလှသည်ဟူ၍ မထင်မှတ်ကြပါ လေနှင့်၊ အဖိုးထိုက်တန်သောရည်မှန်းချက်တစ်ခု ပြည့်စုံရေးအတွက် လေ့ကျင့်ရခြင်းဟူသမျှမှာ လောကီ၌ ဖြစ်စေ၊ လောကုတ္တရာ၌ ဖြစ်စေ၊ ဇွဲကောင်းကောင်း နှင့် တပင်တပန်း လေ့ကျင့်ယူရသည်ချည်း ဖြစ်ခြင်းကို သတိပြုကြစေလိုပါသည်။ အတိတ်နှင့် အနာဂတ် အခြင်းအရာများအကြောင်းကို မစဉ်းစားမူ၍ ပစ္စုပ္ပန် အပေါ်၌ စိတ်ကိုထားရသော အလုပ်မှာ ခဲယဉ်းသော်လည်း လက်ငင်း စိတ်ဆင်းရဲမှုမှ သက်သာရာရလို သော (ဝါ) စိတ်ငြိမ်းချမ်းမှုကို လိုလားသော ဆန္ဒပြင်းထန်သူတို့အဖို့မှာ ဇွဲကောင်းကောင်း နှင့် ကြိုးစားပါက မဖြစ်နိုင်သော အလုပ်တစ်ခုမဟုတ်ကြောင်း တာဝန်ခံရဲပါသည်။

လေ့ကျင့်တိုင်းတိုးတက်ရမည်


အစပထမ၌ သတိယှဉ်သောစိတ်မျိုးဖြစ်အောင် (ဝါ) စိတ်ကိုဖြစ်စေ၊ ရုပ်ကိုဖြစ်စေ၊ စောင့်ကြည့်တတ်သော အလေ့အကျင့်ဖြစ်လာအောင် မွေးမြူရခြင်းသည် တော်တော်ကလေး ခက်ခဲခြင်းကား မှန်ပါသည်။ သို့ရာတွင် ဤမျှ လောက်မက စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာ အားထုတ်ကြရသော အခြားကျင့်စဉ်များမှ ယောဂီများကိုလည်း အားကျဖို့ကောင်းပါသည်။ ဤကျင့်စဉ်၏ ထူးခြားချက်တစ်ခုမှာ၊ တရားပေါက်သော အခါမှ အကျိုးထူးခံစားနိုင်သည် မဟုတ်ဘဲ၊ အားထုတ်ဆဲ အချိန်ကာလ အတောအတွင်း၌ပင် စိတ်၏ ငြိမ်းချမ်းမှု ရရှိနိုင်ခြင်းပင်ဖြစ်လေသည်။ ဥပမာ အတိတ်နှင့် အနာဂတ်တို့ အကြောင်းကို မစဉ်းစား စိတ်မကူးဘဲ မြင်ကာမတ္တ၊ ကြားကာမတ္တမျှလောက်ဖြင့်သာ ငါးမိနစ်၊ ဆယ်မိနစ် စသည်ဖြင့် အချိန်အပိုင်း အခြားနှင့် နေတတ်လာသည်ဆိုလျှင်ပင် တစ်မျိုးတစ်မည် သဘောပေါက်လာတတ်ပေသည်။ သဘောပေါက်ပုံကား ဟိုအကြောင်း သည်အကြောင်းများကို တွေးတောကြံစည်ရခြင်းသည် စိတ်မောလှသည်။ ထိုမျှမကသေး၊ နှလုံးမသာယာဖွယ်ဖြစ်သော အတိတ်ကအဖြစ်အပျက်များကို စဉ်းစား မိသောအခါ၌လည်း စိတ်ဆင်းရဲမှု ဖြစ်ရသေးသည်။ ကြံစည်စိတ်ကူးရခြင်းများထက်၊ မျက်စိကလေး အသာမှိတ်ပြီး နားထဲသို့ဝင်လာသောအသံများကို ကြားရသည်ဆိုရုံကလေးမျှ ကြားနေရသော အသံဖြစ် သည်။ ငြိမ်းချမ်းလှပါပေသည်တကား စသည်ဖြင့် သဘောကျလာပေလိမ့်မည်။ ထိုကဲ့သို့ သဘော ပေါက်သော အချိန်မှစ၍ ငါးမိနစ်၊ ဆယ်မိနစ်မျှသာမကဘဲ နာရီဝက်ခန့်မျှ နေနိုင်သည်အထိ တိုးတက်ခြင်းရှိလာသည်ကို တွေ့ရတတ်ပေသည်။

(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)


(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်) 

1 comment:

  1. ဖတ်ခွင့်ရတဲ့ အတွက် အထူးကို ကျေးဇူးတင်မိပါတယ်ရှင် ။

    ReplyDelete