မောင်မောင်ခေါ်လေထီးရိုးရှည်
စိတ်သဘာဝ နှင့် ပတ်သက်၍ တင်ပြလိုသော အချက်တစ်ခု ရှိသေး၏။
များစွာသော သူတို့က “ကိုယ်ဆင်းရဲချင် ဆင်းရဲပါစေ၊ စိတ်တော့ဖြင့် မဆင်းရဲစေချင်ဘူး၊
စိတ်ဆင်းရဲမှာ တစ်ခုတော့ ကြောက်တယ်” ဟု ပြောတတ်ကြလေသည်။ ဟုတ်လည်း ဟုတ်ပေသည်။
ကိုယ်ဆင်းရဲရခြင်းထက် စိတ်ဆင်းရဲရခြင်း က ပို၍ အခံရခက်ပေသည်။ သို့ရာတွင်
စိတ်ဆင်းရဲအောင် ပြုလုပ်သော“လက်သည်” ကို ပမာဆောင်၍ ဖော်ပြပါဦးမည်။
စိတ်သည်
နွဲ့ဆိုးဆိုးတတ်သော ကလေးနှင့်တူ၏။ ကလေးသူငယ်များအား မိဘလုပ်သူများက ယုယပိုက်ထွေး
ပြုလုပ်ကာ၊ အလိုလိုက်လွန်းအားကြီးလျှင် ပျက်စီးတတ်သည်။ (Spoilt child) ဆိုခြင်းမှာ
အရှေ့တိုင်းသားများရော၊ အနောက်တိုင်းသားများပါ နားလည်ကြသော အခြင်းအရာ တစ်ခုဖြစ်၏။ အလိုလိုက်လွန်းသဖြင့်
ပျက်စီးသော သူငယ်တစ်ယောက်သည် တစ်ခုပြီးတစ်ခု တောင်းတတ်၍၊ မရလျှင် နားပူနားဆာ
လုပ်တတ်၏။ အချို့လည်း မြေကြီးပေါ်သို့ ပစ်လှဲကာ လူးလှိမ့် ပူဆာတတ်၏။ မိဘများက
အလိုလိုက်လေလေ ပူဆာတတ်လေလေ ဖြစ်လာ၏။ ကလေးသူငယ်များ ပြုလုပ်တတ်ကြသော
အပြုအမူတစ်ခုကို ဖော်ပြရသော်၊ ကလေးတစ်ယောက်ချော်လဲသည့်အခါ အနီးအနား၌
မည်သူများရှိနေသနည်းဟု လှမ်းကြည့်တတ်၏။ ထူပေးမည့် မိဘအစရှိသော လူကြီးများကို
မြင်သည့်အခါ သူ့ဟာသူ မထတော့ဘဲ ထူပေးမည်ကို စောင့်နေတတ်၏။ လူကြီးမိဘများက ပျာပျာ
သလဲထလာပြီး ပွေ့ထူကာ “လူကလေး ဘယ်နာသွားသလဲ” ဟု ယုယုယယ မေးမိလျှင် ရုတ်တရက် မထတော့ဘဲ ကြမ်းပေါ်၌ လူးလှိမ့်ကာ ငိုကြွေးလိုက်သေး၏။ တစ်ခါတစ်ရံတွင် ကြမ်းပေါ်၌
လဲပြီးနောက် တောင်ကြည့်မြောက်ကြည့် ကြည့်၍ အနီးအနား၌ လူကြီးတစ်ယောက်မျှ
မတွေ့မြင်ရသည့်အခါ ၊ သူ့ဘာသာထ၍ သွားခြင်းကိုလည်း တွေ့မြင်ဖူးကြပေလိမ့်မည်။
စိတ်သည်လည်း ဤနည်းနှင်နှင် ပြုမူတတ်သော သဘာဝရှိ၏။ ငါ့စိတ်ကလေး
မဆင်းရဲစေရအောင်ဆို၍ သူ့အလိုလိုက်ပြီး ယုယုယယ လုပ်မိလျှင်
“မောင်မောင်ခေါ်လေ...ထီးရိုးရှည်” ဟူသော စကားကဲ့သို့ ဟိုဟာလိုချင်၊ သည်ဟာလိုချင် ဖြစ်လာ၍၊ မရလျှင် ကောက်ချင်၊ ကွေးချင်၊ အော်ချင် ငိုချင်ဖြစ်လာ၏။ သူ့ကို သိမ်းပိုက်မိလျှင်
အထက်ပါ ကလေးသူငယ်ကဲ့သို့ နွဲ့ဆိုးဆိုးလာတော့၏။ “မင်းဟာမင်း
ဆင်းရဲချင် ဆင်းရဲစမ်းကွာ” ဟု သဘောထားကာ ပစ်ထားနိုင်ပါမူကား၊ ထင်သလောက် မဆင်းရဲတော့ဘဲ
သူ့ဟာသူ အလိုက်သင့်နေတတ်ခြင်းကို တွေ့ရပေလိမ့်မည်။ နက်နဲသော စိတ်သဘာဝအကြောင်းကို
သဘောမပေါက်သေးလျှင် ရှိစေဦး၊ ဤအခြင်းအရာမျှလောက်ကို သဘောပေါက်သည်ဆိုလျှင်ပင်
အတော်ကြီး သက်သာရာရခြင်းကို တွေ့ရပေလိမ့်မည်။ ဤအခြင်းအရာကို ထောက်ခြင်းအားဖြင့်
စိတ်ဆင်းရဲဖို့ ကြောက်တတ်သည်ဆိုကာ ယုယုယယလုပ်မိခြင်းသည်ပင်လျှင်
အမှားကြီးတစ်ခုဖြစ်ကြောင်း ထင်ရှားလောက်ပေပြီ။
အကျိုးမများသော မေးခွန်းများ
ဤခေတ်လူငယ်များက “သံသရာဆိုတာ ရှိပါသလား” ၊ “အတိတ်ဘဝ
အနာဂတ်ဘဝရှိပါသလား” ၊ “သံသရာအစဟာ ဘယ်လိုပါလဲ”၊ “နိဗ္ဗာန်ဆိုတာ ဘယ်လိုနေပါသလဲ” ၊
“ဘာမှ မရှိဘူးဆိုတာ ဟုတ်ပါသလား” ၊ “ဘာမှမရှိလျှင်
ဘယ်နှယ်လုပ်ပြီး လိုချင်နိုင်မှာလဲ” အစရှိသော မေးခွန်းမျိုးတို့ကို ကျွန်ုပ်အား
ကြိမ်ဖန်များစွာ မေးတတ်ကြလေသည်။ ထိုကဲ့သို့ မေးတတ်သော လူငယ်များအား ကျွန်ုပ်က
ပြန်ဖြေရသည်မှာ သံသရာအစကို သိရခြင်းအားဖြင့် မောင်တို့၌ ဘယ်လိုအကျိုးရှိပါမည်နည်း။
အတိတ်ဘဝ ရှိမရှိ ၊ အနာဂတ်ဘဝ ရှိမရှိ အကြောင်းကို ကျွန်ုပ်ဖြေရလျှင် ၊ မောင်တို့လည်း ယုံချင်မှယုံကြည်မည်။ ကျွန်ုပ်လည်း သက်သေသာဓက မထူနိုင်။ (ဤ အကြောင်းကို ရှုမ၀မဂ္ဂဇင်း ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့ဖူးလေပြီ။) နိဗ္ဗာန်
ရှိမရှိ ၊ နိဗ္ဗာန်၌ အဘယ်အရာမျိုး ရှိ မရှိအကြောင်းကို ပြောပြလျှင်လည်း
မောင်တို့နားလည်မည် မဟုတ်သောကြောင့် အကျိုးရှိမည် မဟုတ်ကြောင်း၊ ထို့ကြောင့်
နားလည်းမလည်၊ အကျိုးလည်း ရှိနိုင်မည်မဟုတ်သော အကြောင်းအရာများကို ဖယ်ထား၍ ၊
နားလည်ပြီး အကျိုးရှိနိုင်သော အကြောင်းအရာများကို လေ့လာသင့်ကြောင်း၊ အကျိုးရှိသော
အကြောင်းအရာများကို လေ့လာ၍ သဘောပေါက်နားလည်လာသောအချိန်တွင် မောင်တို့မေးသမျှသော
အထက်ပါမေးခွန်းများသည် အလိုအလျောက် ပြေလည်သွားနိုင်မည်ဖြစ်ကြောင်းနှင့် ပြန်ပြောကာ
ဗုဒ္ဓတရားတော်၏ သန္ဒိဋ္ဌိက ဂုဏ်အကြောင်းကို ရှင်းလင်းဟောပြရလေသည်။
လက်ငင်းငြိမ်းချမ်းမှုရသောတရား
ကျွန်ုပ်တို့ မြန်မာပြည် ဗုဒ္ဓဘာသာလောက၌
ချွတ်ယွင်းချက်ကြီးတစ်ခု တွေ့ရှိရသည်မှာ ဗုဒ္ဓဘာသာဝင်တို့၏ “ပန်းတုံးတိုင်” ဖြစ်သော
နိဗ္ဗာန်အကြောင်းကို ဟောပြောကြရာတွင် ၊ ၃၁ ဘုံ၌ ကျင်လည်ရခြင်းသည်
ဝဋ်ဆင်းရဲကြီးတစ်ခုဖြစ်၍၊ ဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်အောင်
ကြိုးစားအားထုတ်ထိုက်ကြောင်းများနှင့်သာ ဟောပြောလေ့ရှိကြခြင်းပင် ဖြစ်လေသည်။
လူချမ်းသာ တစ်ယောက်ဖြစ်ရခြင်းကို ဝဋ်ဆင်းရဲကြီးအနေဖြင့် မြင်တတ်ဖို့ ခဲယှဉ်းလှသော
ပုထုဇဉ်ပုဂ္ဂိုလ်များအဖို့မှာ ဝဋ်ဆင်းရဲမှ ကျွတ်လွတ်ခြင်းဟူသည်
အဓိပ္ပာယ်မရှိသကဲ့သို့ဖြစ်၍၊ ဘာမျှမရှိသော နိဗ္ဗာန်ဆိုသည်မျိုးကိုလည်း
မလိုချင်တတ်ဘဲ ရှိတတ်လေတော့သည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ နားလည်ထိုက်ကြသည်မှာ၊ သေသောအခါမှ နိဗ္ဗာန်သို့ရောက်၍ နိဗ္ဗာန်ချမ်းသာနှင့် တွေ့ရခြင်းကို အပထား၍ ဗုဒ္ဓတရားတော်၏ သန္ဒိဋ္ဌိက ဂုဏ်သတင်းအကြောင်းကို အလေးပေးကာ နှလုံးသွင်းသင့်ကြပေသည်။ သံဒိဋ္ဌိကဂုဏ်ဟူသည်မှာ နောင်တမလွန်ကျမှ အကျိုးခံစားရခြင်းမျိုးမဟုတ်။ ဤဘဝအတွင်း၌
လက်ငင်းချက်ချင်း အပူငြိမ်းသော တရား၊ စိတ်ဆင်းရဲခြင်းအမျိုးမျိုးတို့မှ
လွတ်ကင်းချမ်းသာ သက်သာရာရ၍ စိတ်ငြိမ်းချမ်းသော တရားဟူ၍ ဆိုလိုပေသည်။ နောင်ဘဝမှ လူ့စည်းစိမ်
နတ်စည်းစိမ် စသည်တို့ကို မျှော်မှန်းကာ ဒါန အစရှိသည့် ကုသိုလ်ကောင်းမှုမျိုးကိုပင် ပြုတတ်ကြသော မြန်မာလူမျိုးတို့သည်၊ ဒိဋ္ဌလက်ငင်း ပူလောင်ခြင်းမှ
သက်သာရာရသော တရားမျိုးဖြစ်သည်ဟု မုချဆတ်ဆတ် ယုံကြည်တတ်ကြပါလျှင်
လိုချင်စကောင်းသည်ဟု နားလည်ကြဖို့ မျှော်လင့်ထိုက်ပေသည်။
(ကျွန်တော်ဆက်လက် ပို့စ်တင်နိုင်ရန်အတွက် ဒိဋ္ဌေဒိဋ္ဌမတ္တံစာအုပ်ကို အစအဆုံး စေတနာမေတ္တာဖြင့် ကူညီစာရိုက်ကုသိုလ်ပြုပေးတဲ့ ဒေါက်တာဝင်းလွင် ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။)
(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)
(ဆရာကြီးရွှေဥဒေါင်း ၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် တင်ပြီးသမျှ အတွဲ (၁) မှ ယခုအထိ ဖတ်လိုလျင်)
No comments:
Post a Comment