Wednesday, November 14, 2012

ဘ၀သခင်




ကျွန်တော် နိုင်ငံခြားကို ထွက်လာခဲ့တဲ့ နှစ်တွေမှာ နေ့တိုင်း အမြဲသတိရနေတတ်တဲ့သူ တစ်ယောက်ရှိပါတယ်။
သူ့ကို သတိရတာက လွမ်းလွမ်းဆွေးဆွေးနှင့် သတိရ အောက်မေ့နေတာမျိုးမဟုတ်ပါဘူး။ 
ကျွန်တော်တို့ မြတ်စွာဘုရားရှင်ရဲ့  ကျေးဇူးတော်တွေကို သတိရဆင်ခြင်သလိုမျိုး၊ ကိုယ့်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာသမားတွေရဲ့  ကျေးဇူးတွေကို သတိရသလိုမျိုးပါ။
ကျွန်တော်လည်း သူ့ရဲ့  ကျေးဇူးဂုဏ်တွေကို အာရုံပြုပြီး ကျေးဇူးတင်တဲ့စိတ်၊ လေးစားတ
န်ဖိုးထားတဲ့ စိတ်နှင့် သတိတရ ဖြစ်မိခြင်းပါဘဲ။

တကယ်လည်း ကျေးဇူးတင်ထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲကိုး။ ကျေးဇူးတင်ရမှာပေါ့။
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတောင်မှ ရတနာသုံးပါးနှင့် တစ်ဂိုဏ်းထဲထားပြီးတော့တောင် ချီးမြှောက်ခဲ့သေးတာဘဲ။ ကျွန်တော်တို့ဆိုရင်တော့ ဘယ်ဆိုဖွယ်ရာရှိတော့မှာလဲ။
ကျွန်တော် နေ့တိုင်း ကျေးဇူးတင် သတိရနေတဲ့ ပုဂ္ဂိုလ်ကတော့ ကျွန်တော့် အဖေပါဘဲ။

ကျွန်တော်က ကျွန်တော့်ဘ၀နှင့် ယှဉ်ပြီး အဖေ့ဘ၀ကို တွေးမိတတ်တယ်။ သူတို့တွေက လွတ်လပ်ရေးမတိုင်ခင် ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်မှာ မွေးလာကြတဲ့သူတွေ။ သူဖြတ်သန်းလာခဲ့ရတဲ့ ဘ၀က ကြမ်းတယ်။ သူ့ငယ်ဘ၀မှာ ကမ္ဘာစစ်ကြောင့် ပညာရေးလည်း ကောင်းကောင်း မလုပ်နိုင်၊ မိသားစုတွေလည်း တကွဲတပြားနှင့် နေပြီး ကြီးပြင်းခဲ့ရတယ်။ ကိုယ့်ထူးကိုယ်ချွန်နဲ့  ဘ၀ကို ရုန်းကန်းခဲ့ရတယ်။ အသက် အစိတ်အရွယ်မှာ အိမ်ထောင်ကျပြီး အဲဒီကတည်းက သူ့တစ်ယောက်စာအတွက်သာမကဘဲ ကျန်တဲ့မိသားစုတာဝန်ကို ထမ်းရတော့တယ်။ သူတို့ခေတ်က Family Planing တို့ သားဆက်ခြားတာတို့ မရှိသေးတော့ သား၊ သမီးတွေလည်း အများကြီးမွေးထားလိုက်သေးတယ်။ အရင်ခေတ် မြန်မာမိသားစုတွေ ထုံးစံအတိုင်း အဖေတစ်ယောက်ရှာတာကို ကျန်တဲ့ မိသားတစ်စုလုံးက ထိုင်စားပေါ့။ ဒီလိုနှင့် သား၊ သမီးတွေ တစ်ယောက်ပြီး တစ်ယောက် ကျောင်းတွေတက်၊ ဘွဲ့ တွေရတဲ့အထိ မနေမနားကို သူ ရုန်းခဲ့ရတာပါ။

မိသားစုကို လူ့အသိုင်းအ၀ိုင်းကြားမှာ တင့်တင့်တယ်တယ်နေနိုင်အောင်၊ သားသမီးတွေ မျက်နှာမငယ်ရအောင် သူ ထားပေးနိုင်ခဲ့ပါတယ်။
သားသမီးတွေ အားလုံးအကုန် ပညာစုံတဲ့အထိ၊ သူ့အသက် (၆၀) ကျော်အရွယ်အထိ မနားမနေ ဖခင်တစ်ယောက်ပီပီသသနှင့် တာဝန်ကျေပွန်ခဲ့ပါတယ်။

ကျွန်တော် သူ့နေရာကနေ ၀င်နေကြည့်မိတယ်။ သူ တော်တော်ပင်ပန်းမှာဘဲ။ ကျွန်တော်သာ သူ့လိုမျိုး မိသားစုဝန်ကို ထမ်းရမယ်ဆိုရင် သူ့လောက် လုပ်နိုင်ပါ့မလားဆိုတာ မကျိန်းသေးပါဘူး။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ဘဲ ပြောပြော ငါ့အဖေ အတော် တော်တာဘဲ လို့ တွေးမိတာတော့ အမှန်ပါဘဲ။

ပုဗ္ဗာစရိယ မိနှင်ဖ ဆိုတဲ့စကားအတိုင်း ကျွန်တော့်ငယ်ငယ်က ကျောင်းမနေခင်ကတည်းက စာရေးတတ်၊ ဖတ်တတ်အောင် စသင်ပေးခဲ့တာက အမေပါ။ မူကြိုကျောင်းလည်း မသွားဖြစ်လိုက်ဘူး။ အိမ်မှာဘဲ အမေက စာသင်ပေးတယ်။ အင်္ဂလိပ်စာတွေကျတော့ အဖေက သင်ပေးတယ်။ မှတ်မှတ်ရရ ကျွန်တော် ငယ်ငယ်က ဆိုးတာ သတိရမိသေးတယ်။ အဖေက အင်္ဂလိပ်စာသင်တော့ အသံထွက်မပီရင် မပီ ပီအောင် ဆိုခိုင်းတော့ ကြာလာတော့ ကျွန်တော်က စိတ်ညစ်ပြီး အဖေနှင့် စာမသင်ချင်တော့ဘူး။ အဲဒါ ညဆို အဖေစာသင်တော့မယ်ဆိုရင် ကျွန်တော် အင်္ဂလိပ်စာ စာအုပ်ကို ၀ှက်ထားတတ်တယ်။ ဒါလည်း မရပါဘူး။ နောက်ဆုံးတော့ သင်ရတာပါဘဲ။ :P

ကျွန်တော်နှင့် ဂီတကို ငယ်ငယ်တည်းက ရင်းနှီးကျွမ်းဝင်အောင် လုပ်ပေးတာလည်း အဖေပါဘဲ။ သူက ဂီတကို ၀ါသနာပါသလို Harmonica (ဘာဂျာ) ကို သူကျွမ်းကျွမ်းကျင်ကျင် မှုတ်တတ်တယ်။ အဖေက မြန်မာအဆိုတော်ထဲမှာဆိုရင် ဦးအံ့ကြီးကိုလည်း တော်တော်ကြိုက်တယ်။ ညနေဘက်တွေ သူအားရင် ဦးအံ့ကြီးသီချင်းကို ဖွင့်နားထောင်ရင်ထောင်၊ မထောင်ရင် Harmonica နှင့် ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ဦးအံ့ကြီး သီချင်းတွေကို အေးအေးလူလူ မှုတ်နေတော့တာဘဲ။ ကျွန်တော်လည်း ဒီလိုနှင့် အဖေ့အကြောင်းပြုပြီး အသက်ငါးနှစ်ခြောက်နှစ်ကတည်းက ဦးအံ့ကြီး ပရိတ်သတ်ဖြစ်သွားရပါတယ်။ တခြားအနောက်တိုင်း ဂီတအမျိုးမျိုးကိုလည်း အဖေ့အကြောင်းပြုပြီး ကျွန်တော်အသက်ငယ်ငယ်နှင့် နားထောင်ခံစားတတ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့  ညံ့ဖျင်းမှုများထဲက တစ်ခုကတော့ အခုအချိန်အထိ ဘာတူရိယာပစ္စည်းမှာ ကျွမ်းကျွမ်းကျင်ကျင် မတီးတတ်၊ မမှုတ်တတ်ခြင်းပါဘဲ။ :)

အဖေက ကံတော့ အတော်ကောင်းတယ် ပြောရမယ်။ သူ ငယ်ငယ် ကျောင်းတက်လာရတာက အင်္ဂလိပ်ကျောင်းတွေ၊ ပတ်ဝန်းကျင်မှာ ထိတွေ့ဆက်ဆံခဲ့ရတဲ့သူတွေကလည်း ဘာသာခြားတွေဖြစ်ခဲ့တော့ သူ့  ခေါင်းထဲမှာ ဘာသာခြားတွေရဲ့  သြဇာလွှမ်းမိုးမှုက တော်တော်များခဲ့တယ်။ သူ့မွေးချင်းမောင်နှမတွေ အားလုံးနီးပါး ဘာသာခြားတွေအဖြစ် ခံယူသွားကြတယ်။ သူ့ကိုတော့ ဗုဒ္ဓဘာသာကို အထူးသက်ဝင်ကိုင်းရှိုင်းတဲ့ဆရာမတစ်ယောက်ကနေ သားသမီးလို စောင့်ရှောက်ခဲ့တာရယ်၊ အမေနှင့် အိမ်ထောင်ကျလိုက်တာရယ်ကြောင့် ဘာသာခြားတော့ ဖြစ်မသွားခဲ့ဘူး။ ဒါပေမယ့် သူ့ဘ၀တစ်လျှောက်မှာ ဗုဒ္ဓဘာသာကို ဒီလောက် လေးလေးနက်နက်ရှိလှတယ်မဟုတ်ဘူး။

ဒါပေမယ့် အဖေ့မှာ စိတ်ဝင်စားဖို့ကောင်းတာ စိတ်ပိုင်းဆိုင်ရာ စွမ်းအားမြင့်မားမှုက မွေးရာပါလား၊ သူ့ဖာသာ ကျင့်ထားတာလားတော့မသိဘူး။ တော်တော်လေးမြင့်တာကို သတိထားမိတယ်။ စိတ်ဓါတ်ခိုင်မာတယ်။ ပြတ်သားတယ်။ သမာဓိအားကောင်းတယ်။ နောက် သူက အိန္ဒိယက ကျင့်စဉ်တွေကိုတော့ တော်တော် စိတ်ဝင်စားတယ်။ နောက်ပိုင်း သူအလုပ်တွေ နားလိုက်တဲ့အချိန်မှာ မိတ်ဆွေတစ်ယောက်တိုက်တွန်းမှုကနေ တရားစအားထုတ်ဖြစ်သွားတယ်။ အဲဒီကနေ တစ်စတစ်စ ဗုဒ္ဓဘာသာကို သူစိတ်ဝင်တစားလေ့လာတော့တယ်။ သင်တန်းတွေတက်တယ်။ တရားတွေ နာတယ်။ စာအုပ်တွေဖတ်တယ်။ ရိပ်သာတွေ ၀င်တယ်။ ပရိယတ်၊ ပဋိပတ်ကို စနစ်တကျ လုပ်နေတယ်လို့ ပြောရမှာပါဘဲ။

ကျွန်တော် ၀ိမုတ္တိသုခ နာမည်နှင့် အွန်လိုင်းမှာ စာရေးနေတာ သူမသိပါဘူး။ ဟိုတလောက ကျွန်တော့်အမတစ်ယောက်က ကျွန်တော် အဲဒီနာမည်နှင့် ဘာသာရေးစာတွေရေးနေကြောင်း အဖေ့ကို ပြောတော့ သူက ဒီကောင် ဘာသာရေးအကြောင်း ဘာနားလည်လို့ စာတွေလျှောက်ရေးနေတာလဲ။ ဘာသာရေးစာဆိုတာ ရမ်းတုတ်ပြီး ရေးလို့ မရဘူး လို့ ဒီကောင့်ကို ပြောလိုက်လို့ ဆိုသတဲ့။ နောက် ကျွန်တော်လေ့လာဖို့ဆိုပြီး အဘိဓမ္မာနှင့် ပတ်သက်တဲ့စာအုပ်တွေ ၀ယ်ပြီး ပို့ခိုင်းလိုက်ပါတယ်။ အခုထိတော့ ကျွန်တော့်ဆီမရောက်လာသေးတော့ ဘာစာအုပ်တွေ ပို့ပေးလိုက်တယ်တော့ မသိဘူး။ :)

မိဘကျေးဇူးကြီးတယ်ဆိုတာကို ဗုဒ္ဓဘာသာကို ယုံကြည်လက်ခံကိုးကွယ်ကြတဲ့သူတွေအတွက် ထွေထွေထူးထူး ရှင်းပြရမယ့်ကိစ္စတစ်ခုတော့ မဟုတ်ပါဘူးလေ။ အားလုံး နားလည်ထားပြီး၊ သိထားပြီးသား အကြောင်းအရာ တစ်ခုပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့တွေ လူမှုရေး၊ စီးပွားရေး ကိစ္စတွေနှင့် လုံးလည်လိုက်ရင်း တခါတလေ မိဘတွေကို မေ့နေတတ်ကြတယ်။ သတိရရင်တောင်မှ မိတ်ဆွေ သူငယ်ချင်းကို သတိရသလိုမျိုး ပေါ့ပေါ့တန်တန်လောက်နှင့် ပြီးသွားတတ်ကြတယ်။ မိဘတွေကတော့ သားသမီးတွေကို သတိရတဲ့အခါမှာ ကိုယ်တွေလိုမျိုး ပေါ့ပေါ့တန်တန် သတိရတာမျိုး မဟုတ်မှာတော့ ကျိန်းသေပါတယ်။

မိခင်နှင့် ဖခင်ဆိုတာ ကိုယ့်ကို မွေးပြီးပြီးချင်း နှစ်ယောက်လုံး ဆုံးပါးသွားခဲ့ရင်တောင်မှ ပဋ္ဌာန်းတရားတော်အရကြည့်မယ်ဆိုရင် သူတို့ရဲ့  အထောက်အပံ့ကျေးဇူးတရားတွေက သားသမီးရဲ့  ဘ၀တစ်လျှောက်လုံး၊ အသက်သေတဲ့အထိ အမြဲတမ်း တပါတည်းလိုက်ပါနေတာမျိုးပါ။ မင်္ဂလသုတ်တော်မှာ မြတ်စွာဘုရားရှင်က မိဘကို လုပ်ကျွေးပြုစုတာကို မင်္ဂလာတစ်ပါးအနေနှင့် မာတာပိတု ဥပဋ္ဌာနံ ဆိုပြီးတော့ ဟောထားသလို၊ ကျေးဇူးရှင်ကို ကျေးဇူးပြန်လည် ပြုတာကိုလည်း မင်္ဂလာအဖြစ်နှင့် ကတညုတ-ကတဝေဒီ လို့လည်း ပြောထားခဲ့ပါတယ်။ အရှင်မြတ်ကြီး ကိုယ်တော်တိုင်လည်း မိခင်ကျေးဇူးကို ဘ၀တစ်ပါးပြောင်းသွားတဲ့ နတ်သားဘ၀ရောက်သွားတာတောင် ရအောင် အဘိဓမ္မာတရားဟောပေးပြီး ကျေးဇူးဆပ်ခဲ့သလို၊ ဖခင်ဖြစ်သူကိုလည်း သေရာညောင်စောင်းလဲလျောင်းနေရတဲ့ နောက်ဆုံးအချိန်မှာ အရဟတ္တမဂ်တည်သွားနိုင်အောင် တရားပြ ကျေးဇူးဆပ်တော်မူခဲ့ပါတယ်။

ဘုရားရှင်ရဲ့  တပည့်သားတွေဖြစ်တဲ့ ကျွန်တော်တို့တွေလည်းဘဲ မိဘကို ကိုယ့်ရဲ့  ကိုယ်စွမ်းဉာဏ်စွမ်းလေးရှိသလောက် ပြန်ပြီး ကျေးဇူးတုံ့ပြန်ကြရမှာပါဘဲ။ အနည်းဆုံးတော့ ကိုယ့်ကို အကြောင်းပြုပြီး ကိုယ့်မိဘ စိတ်မဆင်းရဲရအောင် ကိုယ့်ကိုယ်ကို တာဝန်ယူဆောက်တည်နိုင်ဖို့ လုပ်ရမယ်လို့ တွေးမိတယ်။ သူတို့နောက်ဆုံးမျက်စိနှစ်လုံးမှိတ်တဲ့အချိန်မှာ ငါ့သားသမီးလေးတော့ အဆင်မှ ပြေပါ့မလားဆိုတဲ့ အတွေးမျိုး မ၀င်မိသွားရလေအောင် အမြဲတမ်း သတိထားကြိုးစားနေထိုင်သွားရမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးမိပါတယ်။

ဘာရယ် မဟုတ်ပါဘူး။ ဒီနေ့ အဖေ့မွေးနေ့မို့လို့ အမှတ်တရ ဒီစာလေး ချရေးမိတာပါ။

မိခင်ဖခင်တိုင်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိကြပါစေ။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
၁၄၊ ၁၁၊ ၂၀၁၂။


No comments:

Post a Comment