Friday, November 16, 2012

ဆည်းလည်းလေးက ပြတဲ့တရားသံ



ကိုတိုးကြီးတစ်ယောက် နိုဝင်ဘာလ (၁၅)ရက်နေ့က တကယ်ဆုံးပါးသွားခဲ့ပါပြီ။ မိသားစုနှင့် ထပ်တူ၊ ကိုတိုးကြီးရဲ့  လုပ်ဖော်ကိုင်ဖက် မဇ္ဈိမ၀ိုင်းတော်သားများနှင့် ထပ်တူ ၀မ်းနည်းမိ၊ နှမြောမိပါတယ်။

ကျွန်တော့်ဘ၀မှာ သူနှင့်ပတ်သက်ပြီး တိုက်တိုက်ဆိုင်ဆိုင် အမှတ်တရ ဖြစ်ခဲ့တာလေးတွေရှိခဲ့တာမို့ ကိုတိုးကြီး အလွမ်းပြေ အမှတ်တရအဖြစ် ဒီစာစုလေးရေးလိုက်ပါတယ်။



ကျွန်တော် အသက် ဆယ့်သုံးလေးနှစ်အရွယ်အထိ မဇ္ဈိမလှိုင်းအဖွဲ့ ရော၊ ကိုတိုးကြီးသီချင်းတွေကိုရော နားမထောင်ဖြစ်ခဲ့ပါဘူး။ တစ်ခါတော့ အသက်နှစ်ဆယ်ကျော်အရွယ် အသိ အကိုကြီးတစ်ယောက်နှင့် သုံးလေးရက်လောက် ခရီးတစ်ခုမှာ အတူဆုံဖြစ်ခဲ့တယ်။ အဲဒီအကိုက မဇ္ဈိမလှိုင်း Crazy တစ်ယောက်ဖြစ်နေတာကိုး။ ကျွန်တော့်ကို နေ့တိုင်း ကိုတိုးကြီးသီချင်းတွေကို ဆိုပြလိုက်၊ သီချင်းစာသားတွေကို ရွတ်ပြလိုက်၊ အဓိပ္ပါယ်ရှင်းပြလိုက်နှင့်။ ကိုမောင်မောင်က ဘယ်လို၊ ကိုနေ၀င်းကဘယ်လို၊ ကိုရဲလွင်က ဘယ်လို စသဖြင့် သူတို့ရဲ့  သီချင်းရေးဖွဲ့ဟန်တွေကို ခရေစေ့တွင်းကျ ရှင်းပြနိုင်တယ်။ အဲဒီ အကိုနှင့်တွေ့ပြီးနောက်ပိုင်းမှ ကျွန်တော် ကိုတိုးကြီးသီချင်းတွေကို စပြီး နားထောင်ရကောင်းမှန်း သိလာပါတော့တယ်။ 



မဇ္ဈိမလှိုင်းအဖွဲ့ က တီးခတ်တဲ့ဟန်က တခြားအဖွဲ့တွေနှင့် မတူပဲ မူကွဲနေတာကိုတော့ သတိထားမိတယ်။ နောက်ပိုင်း Santana သီချင်းတွေကို နားထောင်ဖြစ်တော့ Lead Guitar သံကြားလိုက်တာနှင့် ဒါ Santana မှန်း တန်းသိသလိုမျိုး၊ မဇ္ဈိမလှိုင်းက ကိုဇော်မျိုးထွဋ်ရဲ့  Lead အသံကြားရင် ဒါ သူတို့အဖွဲ့မှန်း တန်းသိနိုင်တဲ့ ထူးခြားမှုမျိုးရှိပါတယ်။ အခြေအနေပေးတိုင်းလည်း ကိုတိုးကြီးပါတဲ့ Stage Show ပွဲတွေဆို သွားကြည့်ဖြစ်ခဲ့တယ်။



နောက်ပိုင်း တဖြည်းဖြည်းအသက်ကြီးလာလို့ အပေါင်းအသင်းတွေများလာလေ၊ မဇ္ဈိမလှိုင်းကို အားပေးတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ များလာလေ ဖြစ်လာပါတော့တယ်။ တက္ကသိုလ်ကျောင်းသားဘ၀တစ်လျှောက်ကတော့ အထူးပြောစရာမလိုအောင်ပါဘဲ။ ဂစ်တာပဲတီးတီး၊ သီချင်းပဲဆိုဆို၊ ကတ်ဆက်ပဲဖွင့်ဖွင့် ကိုတိုးကြီးနှင့် လွတ်ကင်းလို့မှ မရတာကိုး။



မဇ္ဈိမလှိုင်းက အဖွဲ့သားတွေအကြောင်းကလည်း လူငယ်တွေကြားမှာ ပြောစရာ topic တစ်ခုပါ။ ဟုတ်တာ၊ မဟုတ်တာ အသာထားလို့ အမျိုးစုံအောင်တော့ ပြောကြတာတွေ ကြားရပါတယ်။ အထူးသဖြင့် ကိုနေ၀င်းတစ်ယောက်ကိုကလည်း ကျောင်းကန်တင်းမှာ ခဏခဏတွေ့ဖြစ်တော့ သူ့ကိုကြည့်ပြီးဘဲ သူတို့အဖွဲ့သားတွေအားလုံးရဲ့  Life Style တွေကို မှန်းကြည့်ဖြစ်ခဲ့ပါတယ်။ အနုပညာအတွက် ဘ၀ကိုလုံးဝပေးထားကြတဲ့ သူတွေအဖြစ် စိတ်ထဲထင်ဟပ်မိတယ်။



ကိုတိုးကြီးနှင့် ပတ်သက်ပြီး အခုအချိန်အထိ စိတ်ထဲ မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ နေ့တစ်နေ့ရှိပါတယ်။ ၁၉၉၇ ရဲ့  လပြည့်နေ့ မနက်ခင်းတစ်ခုပါ။ သူငယ်ချင်းတွေက ရွှေတိဂုံဘုရားသွားမယ်ဆိုတာနှင့် သူတို့နှင့် လိုက်သွားဖြစ်တယ်။ အဲဒီနေ့က လပြည့်နေ့မို့လို့ အထက်ပစ္စယံက Member Card မရှိလည်း မှတ်ပုံတင်ပြပြီးတက်လို့ရတော့ တခါမှ အထက်ပစ္စယံကို မတက်ဖူးသေးတဲ့ ကျွန်တော့်အတွက် တော်တော်အဆင်ပြေသွားတယ်။ ဒါနှင့် အထက်ပစ္စယံပေါ်ကို ရောက်တော့ နေရာသစ်တစ်ခုကို စရောက်တဲ့သူတွေရဲ့  ထုံးစံအတိုင်း ကျွန်တော်လည်း ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်ပေါ့။ အဲဒီလိုနှင့် စေတီတော်ကို လက်ယာရစ်ပတ်ပြီး သွားနေရင်း တစ်နေရာအရောက်မှာ မြင်ကွင်းတစ်ခုက ကျွန်တော့်ကို အံ့သြမှင်သက်သွားစေတယ်။ 



လူတစ်ယောက် ရင်ပြင်တော်ရဲ့  ထောင့်တစ်ခုမှာ ခါးကို ဖြောင့်နေအောင် မတ်ထားပြီး တင်ပလ္လင်ခွေထိုင်၊ လက်နှစ်ခုကို ခြေပလ္လင်ခွေပေါ်မှာ ထပ်တင်ကာ အေးချမ်းငြိမ်သက်တဲ့ မျက်နှာအသွင်အပြင်နှင့် တရားရှုမှတ်နေပါတယ်။ လည်ကတုံးအင်္ကျီအဖြူနှင့် လုံခြည်ကိုဝတ်ထားတယ်။ ကျွန်တော်မြင်တွေ့နေကျပုံစံနှင့် လုံးဝမူကွဲနေတဲ့ ကိုတိုးကြီးပါ။ ကျွန်တော် သူ့ကို အကြာကြီး စိုက်ကြည့်နေမိခဲ့ပါတယ်။ စိတ်ထဲမှာလည်း ထင်မှတ်မထားမိတဲ့ မြင်ကွင်းတစ်ခုမို့လို့ အံ့သြမှုနှင့်အတူ ကြည်နူးမှု၊ လေးစားမှုတွေကို တွဲပြီး ခံစားလိုက်ရတယ်။ သြော်..ကိုတိုးကြီးဟာ တရားသမားတစ်ယောက်ပါလားလို့ မှတ်ချက်ချဖြစ်ခဲ့ပါတယ်။



ကျွန်တော် ဘာသာရေးနှင့်ပတ်သက်ပြီး အတွေးအမြင်တွေပြောင်းအောင် လုပ်ပေးခဲ့တဲ့ သူတွေထဲမှာ ဆရာကြီး ဦးဂိုအင်ကာလည်း ဆရာတစ်ဦးအနေနှင့် ပါဝင်ပါတယ်။ သူ့စာအုပ်တွေနှင့် သူဟောတဲ့တရားတွေကနေတဆင့် ကျွန်တော် ဘာသာရေးအပေါ်သိမြင်ပုံတွေ၊ သဘောထားတွေ ပြောင်းလဲခဲ့ရပါတယ်။ ၂၀၀၀-၂၀၀၁ ခုနှစ် ပတ်ဝန်းကျင်မှာ ဆရာကြီး မြန်မာပြည်ကို ပြန်လာပြီး ဟောပြောပွဲတွေ၊ Seminar တွေ နေရာအချို့ မှာ ခပ်စိပ်စိပ် လုပ်သွားခဲ့ပါတယ်။ ကျွန်တော် ဆရာကြီးလုပ်တဲ့ပွဲတွေကို လက်လှမ်းမီသရွေ့ သွားပြီး နားထောင်ဖြစ်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ပွဲတွေသွားတိုင်းမှာ အမြဲတွေ့ဖြစ်တာကတော့ ကိုတိုးကြီးပါဘဲ။ လက်ထဲမှာ ဗွီဒီယိုကင်မရာတစ်လုံးကိုကိုင်ထားပြီး သာမန် Camera Man တစ်ဦးလို မထင်မရှား ဆရာကြီးနောက်နားမှာ အမြဲပါနေတတ်ပါတယ်။ 



နောက်ပိုင်းတော့ ကိုတိုးကြီးလည်း သီချင်းအခွေတွေ အထွက် ကျဲသွားတာ သတိထားမိတယ်။ စိတ်ထဲမှာ ဘယ်အချိန် ဆရာမြသန်းစံလို ဂီတလောကကို စွန့်လွှတ်လိုက်မလဲမသိဘူးလို့လည်း တွေးနေဖြစ်ခဲ့တယ်။ ကိုတိုးကြီးကို Show ပွဲတွေမှာဖြစ်ဖြစ်၊ အပြင်မှာ ဖြစ်ဖြစ် ဆုံဖြစ်တိုင်း သူ့ကို ဂရုတစိုက်လိုက်ကြည့်ပြီး လေ့လာဖြစ်ပါတယ်။ သွားတာလာတာ ပြောတာဆိုတာတွေမှာ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းရှိပြီး ဣနြေ္ဒရင့်ကျက်မှုကို သတိထားမိပါတယ်။ တရားအလုပ်ကို ပုံမှန်လုပ်နေတဲ့သူဆိုတာ မြင်တာနှင့် သိနိုင်တဲ့ အသွင်အပြင်ပါဘဲ။



နောက်ထပ် ကိုတိုးကြီးနှင့် ပတ်သက်ပြီး တိုက်ဆိုင်တာ တစ်ခုရှိသေးတယ်။ နောက်ပိုင်း ကိုတိုးကြီးနှင့် မျက်နှာချင်းဆင်တဲ့ သူတစ်ယောက်နှင့် ကျွန်တော် ခင်မင်ခွင့်ရလိုက်သေးတယ်။ အဲဒီပုဂ္ဂိုလ်က (ကာတွန်း) ဆရာကံချွန်ပါ။ သူတို့နှစ်ယောက် ရုပ်ချင်းကတော်တော်ဆင်ပါတယ်။ ညီအကိုလို့ ပြောရင် ယုံလောက်တယ်။ ဆရာကံချွန်ကလည်း အဲဒါကို သိတယ်။ တခါတုန်းက ဆရာက နောက်ပြီး ပြောဖူးတယ်။ သူရန်ကုန်ရောက်တော့ ပလက်ဖောင်းပေါ်က မြေပဲသည်ဆီမှာ မြေပဲဝယ်စားတယ်တဲ့။ အဲဒါ မြေပဲသည်က ဆရာ့ကို “ဦးလေး၊ ကိုတိုးကြီးနှင့် ဘာတော်လဲ” လို့ မေးတယ်။ ဆရာကလည်း နောက်ချင်တော့ “ခင်မောင်တိုးက ငါ့တူတော်တယ်” လို့ ဖြေသတဲ့။ အဲဒီမှာ မြေပဲသည်က သဘောတွေကျပြီး ဆရာ့ကို မြေပဲတွေ အများကြီး ပိုထည့်ပေးလိုက်တယ်ဆိုဘဲ။ အဲဒါကို ဆရာက “နာမည်ကြီးတဲ့သူတွေနှင့် ရုပ်ချင်းဆင်ရတာ မြေပဲဝယ်စားရင် ပိုရတယ်” လို့ အရွှမ်းဖောက်ပြီးပြောတတ်တယ်။ 



သူတို့နှစ်ယောက်က တကယ်တော့ ရုပ်ချင်းသာ ဆင်တာမဟုတ်ပါဘူး။ ဘ၀ကူးမယ့် ရောဂါချင်းလည်း ဆင်တယ်လို့ ပြောရမှာပါ။ ဆရာကံချွန်လည်း အကောင်းကြီးကနေ ချက်ချင်းဆိုသလို အသည်းကင်ဆာဖြစ်ပြီး လပိုင်းနှင့်ကွယ်လွန်ရှာတယ်။ အခုကိုတိုးကြီးလည်း အသည်းနှင့်ပဲ ဆုံးရှာတယ်။ နှစ်ယောက်လုံးက ကျွန်တော်တို့ခေတ်ရဲ့  အနုပညာစွမ်းရည်ရော၊ နှလုံးစွမ်းရည်ပါ လှကြတဲ့ ပုဂ္ဂိုလ်နှစ်ဦးပါ။ တကယ်နှမြောဖို့ကောင်းပါတယ်။



ပြီးခဲ့တဲ့ တစ်ပတ်ထဲက ကိုတိုးကြီး ဆုံးပြီလို့ ပြောကြတော့ ကိုတိုးကြီးရဲ့  ထပ်မရနိုင်တော့တဲ့ အနုပညာတွေအတွက် နှမြောမိပေမယ့် အသေလှမယ့်ပုဂ္ဂိုလ်ဆိုတာ သိနေမိလို့ သူ့အတွက် စိတ်ချနေမိတယ်။ နောက် ဆုံးတဲ့သတင်းမဟုတ်ဘူးလို့ ကြားရတော့ တခါပြန် ၀မ်းသာမိတယ်။ အသက် ၆၀ကျော်ဆိုတာ လူ့သက်တမ်းမှာ ဆက်နေမယ်ဆိုရင် အများကြီးဆက်နေလို့ရသေးသလို၊ အနုပညာလုပ်ငန်းပဲဖြစ်ဖြစ်၊ ဘာသာရေးကိုပဲဖြစ်ဖြစ် ဆက်လုပ်မယ်ဆိုလည်း အများကြီး လုပ်လို့ရနေသေးတော့ ကိုတိုးကြီးအတွက် ၀မ်းသာမိပြန်တယ်။ ဒီတစ်ခါ တကယ်ဆုံးသွားပြီဆိုပြီး ဓါတ်ပုံတွေနှင့် မြင်ရတော့ ဓမ္မသံဝေဂပွားရုံကလွဲလို့ တခြားဘာများတတ်နိုင်အုံးမှာလဲ။



ကျွန်တော်တို့ရဲ့  Senior အကိုကြီး ကောင်းရာသုဂတိလားမယ်ဆိုတာ သိနေပြီးသားမို့ သူ့အတွက်တော့ စိတ်ချနေပြီးသားပါ။ ကျန်ခဲ့တဲ့ ကျွန်တော်တို့တွေအဖို့တော့ ဆက်ပြီး သူ့အနုပညာဖန်တီးမှုတွေ၊ သူ့အသံအေးအေးတွေ ကြားခွင့်မရတော့တာကိုတော့ စိတ်မကောင်းဘူးပေါ့။ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲလေ။ လူဆိုတာက သေမျိုးဘဲမဟုတ်လား။ 



ဆည်းလည်းလေးများ ပြတဲ့တရားသံကို...
စမ်းချောင်းလေးတို့ ဇွဲနဲ့အားမာန်နှင့်....
ပေါင်းစပ်ပြီး ကျင့်ခဲ့ရင်...
အေးငြိမ်းတဲ့ သစ်ရိပ်မှာ...
စွန့်လွှတ်မှုနှင် ခွင့်လွှတ်စဉ်...
ငြိမ်းသွားလိမ့်မယ်တဲ့....




ကိုတိုးကြီးက ကျွန်တော့်ကိုတော့ “အသေမဦးခင် ဉာဏ်ဦးအောင်လုပ်” ဆိုတဲ့ ဆည်းလည်းသံ message တစ်ခုပေးပြီး တရားပြသွားတယ်လို့ပဲ စိတ်ထဲ ခံယူမိလိုက်ပါတော့တယ်ခင်ဗျာ



လေးစားစွာဖြင့်

ဝိမုတ္တိသုခ

၁၇၊ ၁၁၊ ၂၀၁၂။


No comments:

Post a Comment