Thursday, October 4, 2012

အားသန်ရာကို သိပါလေ....




🔸 အားသန်ရာကို သိပါလေ.... 🔸

အခုရေးမယ့်အကြောင်းအရာက ဘာသာရေးအကြောင်းတော့ မဟုတ်ပါဘူး။ အခုတလော အင်တာနက်ပေါ်မှာနှင့် တခြားနေရာတော်တော်များများမှာ သတိထားမိတာလေးကို အရင်ကသိထားဖူးတဲ့ အကြောင်းအရာတွေနှင့် ပေါင်းပြီး ပြောပြချင်လို့ပါ။ တချို့ လည်း အခုပြောမယ့်ကိစ္စကို သိပြီးသား ဖြစ်ချင်ဖြစ်နေမှာပါ။ မသိသေးတဲ့သူတွေအတွက်တော့ Knowledge Share သဘောမျိုး လုပ်လိုက်ပါတယ်။ သိထားပြီးသား ပုဂ္ဂိုလ်များကလည်း အခုအကြောင်းအရာကို မိမိတို့မြင်တဲ့ရှုထောင့်အသီးသီးကနေ ၀ိုင်းပြီး ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဒါမှ ကျွန်တော်ရော၊ စာလာဖတ်ကြတဲ့သူတွေအားလုံးရော အသိပညာဗဟုသုတတွေ ရှေးကထက်တိုးပြီး စုဆောင်းမိသွားနိုင်မှာ မို့လို့ပါ။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်နီးပါးက ဖြစ်မယ်ထင်ပါတယ်။ စာရေးဆရာမ ဂျူးရဲ့  ၀တ္ထုတိုလေး နှစ်ပုဒ်ကို ထူးအိမ်သင်နှင့် ဟေမာနေ၀င်းတို့က အသံထွက်ဖတ်ပြီး အခွေထုတ်ခဲ့ပါတယ်။ အခုတောင် အွန်လိုင်းမှာ သူတို့ အသံဖိုင်တွေ ရှိနေပါတယ်။ အဲဒီတုန်းကတော့ ဆရာမဂျူးတစ်ယောက် အစမ်းထွင်တယ်လို့ စိတ်ထဲက ထင်မိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဆူနာမီဆရာတော်ဦးဥတ္တမသာရ (ယခု သဘာဝတရားရိပ်သာဆရာတော်) က သူ့ရဲ့  “အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ” ဆိုတဲ့ တရားဖြန့်ချိရေးဌာနမှာ ဆရာကြီးရွှေဥဒေါင်းရဲ့ ဆောင်းပါးတွေကို သူကိုယ်တိုင် အသံဖိုင်ပြန်ပြောင်းပြီး စီဒီခွေလုပ်ပါတယ်။ အဲဒီတုန်းက နိုင်ငံခြားရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က အဲဒီအခွေလိုချင်ပါတယ်ပြောတော့ ကျွန်တော်က သူ့ကိုတောင် ဘာလို့ သူများအသံကြီးနှင့် နားထောင်နေမှာလဲ။ စာအုပ်ပဲဖတ်ပေါ့ လို့ အတွန့်တက်ခဲ့ဖူးပါသေးတယ်။

အခုဒီဘက်နှစ်တွေမှာ ဆောင်းပါး၊ ၀တ္ထု၊ ကဗျာနှင့် တရားစာပေတွေကို စာနှင့်ရိုက်ထားတဲ့ပုံစံအဖြစ်ကနေ အသံပုံစံအဖြစ်ပြောင်းတာမျိုး အထူးတလည် လုပ်လာတာ တွေ့နေရပါတယ်။ တချို့ ကလည်း အသံပုံစံကနေ စာပုံစံကို ပြန်ပြောင်းကြပါတယ်။ ဟိုတလောကလည်း မျက်မမြင်တွေအတွက် စာအုပ်တွေကို အသံဖိုင်အဖြစ်နှင့် ပုံစံပြောင်းပြီး အလှူခံကြတာ၊ လှူကြတာ ကျွန်တော့်ပတ်ဝန်းကျင်မှာတွေ့လာရတယ်။ သူတို့တွေလို မျက်စိမမြင်ရတဲ့သူတွေအတွက်တော့ ဒီလို စာတွေကို အသံအဖြစ် ပြောင်းပေးတဲ့ကိစ္စက တကယ့်ကို ရှိသင့်တဲ့ လိုအပ်ချက်ဖြည့်ဆည်းမှုတစ်ခုပါဘဲ။ ဒီတော့ မျက်စိလည်းကောင်း၊ စာလည်းဖတ်တတ်ကြတဲ့ သူတွေအတွက်ရော ဒီအသံပုံစံစနစ်ကို ပြောင်းတဲ့ကိစ္စက တကယ်လိုအပ်ပါသလား?

Peter Drucker ရဲ့  Management Challenges For the 21st Century ဆိုတဲ့ စာအုပ်ထဲကနေ အခုမေးခွန်းနှင့် ပတ်သက်ပြီး ဆရာကြီး သုတေသနပြုပြီး လေ့လာတွေ့ရှိထားတာ အချို့ ကို ပြန်လည်ပြီး ပြောပြချင်ပါတယ်။

Drucker က လူတစ်ယောက်အနေနှင့် မိမိဟာ စာဖတ်သမား (Reader) လား၊ နားထောင်သမား (Listener) လားဆိုတာ ကိုယ့်ဖာသာသိဖို့လိုပါတယ်တဲ့။ တချို့ ကတော့ နှစ်မျိုးလုံးလည်း ဖြစ်နိုင်ပါတယ်တဲ့။ လူတွေတော်တော်များများ ဒါကို သတိမထားမိကြပါဘူး။ Drucker က နိုင်ငံရေးခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနှင့် အောင်မြင်တဲ့စီးပွားရေးသမားတွေကို သုတေသနလုပ်ပြီး ဒီကိစ္စကို ရှင်းပြထားပါတယ်။


တချို့ နိုင်င်ငံရေးခေါင်းဆောင်တွေဟာ သတင်းစာရှင်းလင်းပွဲလိုမျိုးတွေလုပ်တဲ့အခါမှာ ပရိတ်သတ်တွေဘက်ကနေ စာနှင့်ရေးပြီး မေးလာတဲ့ မေးခွန်းမျိုးဆိုရင် ကျေနပ်အားရလောက်အောင် ထိထိမိမိ ပြန်လည်ဖြေဆိုနိုင်ကြပေမယ့် လူချင်းတိုက်ရိုက်တစ်ဦးချင်းဆုံပြီး မေးလာတဲ့အခါတွေမှာတော့ အိုးနင်းခွက်နင်း ဖြစ်တတ်ကြပါတယ်။ တချို့ ခေါင်းဆောင်တွေကျတော့ စာနှင့်ရေးသားတင်ပြလာတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ဖတ်တဲ့အခါ လွယ်လွယ်နှင့် သဘောမပေါက်လို့ အဲဒီစာတွေကို ကိုယ်ရေးအရာရှိတစ်ယောက်ယောက်ကို အသံကျယ်ကျယ်နှင့်ဖတ်ခိုင်းတာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် Presentation လုပ်ခိုင်းတာမျိုးဖြစ်ဖြစ် လုပ်ပြီး နားထောင်မှသာ သဘောပေါက်ပါတယ်တဲ့။


ဒီ Reader နှင့် Listener ကွဲတာဟာ ဘယ်သန်နှင့် ညာသန်ကွဲတဲ့ပုံစံမျိုးလိုပါဘဲ။ လူဆယ်ယောက်မှာ တစ်ယောက်က ဘယ်သန်ဖြစ်တတ်ကြပြီး၊ Reader နှင့် Listener မှာကတော့ တစ်ဝက်စီလောက် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မဖွံ့ ဖြိုးသေးတဲ့တိုင်းပြည်အချို့ မှာ ဘယ်သန်တွေကို နှိမ်တာတွေ၊ ညာဘက်ကို အတင်းအသုံးပြုခိုင်းတာမျိုးတွေလုပ်ကြတော့ တချို့ လည်း အဆင်ပြေသွားကြပေမယ့် တချို့ တွေမှာ ခါးသီးတဲ့အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ Reader နှင့် Listener တွေကိုလည်း တစ်ခုခုကိုအားသန်အောင် အတင်းမလုပ်ယူပဲ သန်တဲ့အတိုင်းပဲ ထားရှိဖို့ Drucker ကတိုက်တွန်းထားပါတယ်။

ဒါနှင့် ပတ်သက်ပြီး ကျွန်တော်ငယ်ငယ်ကဖြစ်ခဲ့တဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးကိုလည်း ပြောပြချင်ပါသေးတယ်။ ကျွန်တော်က မွေးရာပါ ဘယ်သန်တစ်ယောက်ပါ။ သူငယ်တန်းစတက်တုန်းက အတန်းပိုင်ဆရာမကြီးက ကျွန်တော့်ကို အတင်း ညာဘက်လက်နှင့်စာရေးခိုင်းပါတယ်။ သူငယ်တန်းမတက်ခင်ကတည်းက အမေက ကျွန်တော့်ကို စာရေးတတ်အောင် သင်ထားပြီးသားမို့ တကယ်က ကျွန်တော် ဘယ်လက်နှင့်ကောင်းကောင်းစာရေးတတ်နေပါပြီ။ ဆရာမက ညာလက်နှင့် အတင်းရေးခိုင်းတော့ ကျွန်တော်ဒုက္ခရောက်ရပါတော့တယ်။ ဆရာမအလစ်ဆိုရင် ကျွန်တော်က ဘယ်လက်နှင့်ခိုးခိုးရေးပြီးဆရာမရှေ့ ဆိုရင် ညာလက်နှင့် ရေးပါတယ်။ အဲဒီအချိန်တုန်းက တော်တော်လေး စိတ်ညစ်ခဲ့ရပါတယ်။ ကံကောင်းချင်တော့ ကျွန်တော် သူငယ်တန်းစတက်ပြီး နှစ်လ၊ သုံးလလောက်ရောက်တော့ အဲဒီဆရာမကြီး ပင်စင်ယူသွားပါတော့တယ်။ နောက်ရောက်လာတဲ့ ဆရာမအသစ်ကတော့ လူငယ်ဆရာမတစ်ယောက်မို့ ခေတ်အမြင်ရှိပြီး ကျွန်တော့်ကို ဘယ်လက်နှင့်ဘဲ ဆက်ရေးစေခဲ့ပါတယ်။ နောက် ဘယ်လက်ကိုသုံးတာနှင့်ပတ်သက်ပြီး မြန်မာ့ဓလေ့လူမှုပတ်ဝန်းကျင်မှာ နှိမ့်ချတဲ့အယူအဆတော်တော်များများ ရှိနေသေးတာ အခုအချိန်အထိ တွေ့နေရပါသေးတယ်။ ဘာလို့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ လက်ချင်းအတူတူ အဆင့်အတန်းခွဲနေတယ်ဆိုတာတော့ မပြောတတ်ပါဘူးခင်ဗျာ။

Reader နှင့် Listener ကွဲတာနှင့် ဆက်နွှယ်ပြီး လူတွေ တစ်ယောက်နှင့် တစ်ယောက် လေ့လာသင်ယူမှု (Learning) လုပ်ပုံ မတူညီကြတာကိုလည်း သိထားဖို့လိုပါသေးတယ်။ ကျောင်းတွေမှာက လူတိုင်းအတွက် သင်ကြားမှုပုံစံကို တစ်မျိုးတည်းဘဲ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် တချို့ လူတွေမှာတော့ ကျောင်းတွေက သတ်မှတ်ကျင့်သုံးနေတဲ့ သင်ကြားလေ့ကျင့်မှုပုံစံနှင့် အံမ၀င်တာမျိုးတွေရှိတတ်ပါတယ်။ ဥပမာ ၀င်စတန်ချာချီဟာ ကျောင်းပညာရေးမှာ အောင်အောင်မြင်မြင် မသင်ယူနိုင်ခဲ့ပါဘူး။ ကျောင်းတက်နေရတာဟာ အနှိပ်စက်ခံနေရသလိုမျိုးဖြစ်နေခဲ့တယ်လို့ ပြောပါတယ်။ တကယ်တမ်း သူဖြစ်တဲ့ပြဿနာကတော့ နားထောင်တာရယ်၊ စာဖတ်တာရယ်ကနေ သူ့အနေနှင့် ပညာသင်ယူလို့မရတဲ့ အခက်အခဲဖြစ်တာပါ။ သူနှင့် အဆင်ပြေတဲ့ သင်ယူနည်းစနစ်ကတော့ စာရေးခြင်း (Writing) ဖြစ်နေတာပါတဲ့။


Drucker ရဲ့ လေ့လာတွေ့ရှိချက်အရတော့ ဒိတ်ဒိတ်ကြဲ စာရေးဆရာအချို့ ဟာ စာရေးတာကနေ သင်ယူမှုကိုလုပ်ကြတယ်လို့ ပြောပါတယ်။ နောက် General Motor ကုမ္ပဏီက Alfred Sloan ကျတော့ အစည်းအဝေးတစ်ခုပြီးတိုင်း အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ လူတစ်ယောက်ဆီကို အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့အဓိကအကြောင်းအရာတွေနှင့်ပတ်သက်တဲ့ စာအရှည်ကြီးတစ်စောင် အချိန် သုံးလေးနာရီယူပြီးရေးပါတယ်တဲ့။ ဘာလို့အဲဒီလိုရေးလဲဆိုတော့ သူဒီလိုမှ စာမရေးလိုက်ရင် ဒီအစည်းအဝေးမှာ ၀ိုင်းပြီးဆွေးနွေးခဲ့ကြတာတွေကို ၂၄နာရီအတွင်း မေ့သွားတတ်လို့ပါလို့ပြောပါတယ်။ ဂီတပညာရှင် Beethoven ကျတော့ သူ သီချင်းစပ်တဲ့အခါတွေမှာ ခေါင်းထဲပေါ်လာတဲ့ သံစဉ်တွေကို စာအုပ်တစ်အုပ်ပေါ်မှာ ချက်ချင်းချရေးလိုက်တတ်ပေမယ့် အဲဒီစာအုပ်ကို နောက်တစ်ခါ ဘယ်တော့မှ ပြန်ကြည့်လေ့မရှိပါဘူးတဲ့။ အဲဒီလိုမှ စာအုပ်ထဲမှာ ချမရေးရရင်လည်း သူက အဲဒီသူ့သီချင်းကို မမှတ်မိတတ်ပြန်ပါဘူး။


သင်ယူမှုပုံစံနောက်တစ်မျိုးကတော့ စကားပြောခြင်း (Talking) ကနေသင်ယူတာပါတဲ့။ အဲဒီပုံစံမှာတော့ တချို့ အလုပ်တွေမှာ အဆင့်မြင့်တာဝန်ထမ်းဆောင်နေရတဲ့ပုဂ္ဂိုလ်တွေဟာ သူ့အောက်ခြေက အရာရှိတွေနှင့် ၀န်ထမ်းတွေကိုခေါ်ပြီး အချိန်အကြာကြီး စကားပြောတတ်ပါတယ်။ တကယ်က သူဟာ အောက်ခြေ၀န်ထမ်းတွေကို တကယ်စကားပြောချင်လို့ ပြောနေတာမဟုတ်ပဲ သူ့အလုပ်နှင့်ပတ်သက်တာတွေကို တခြားသူတွေကို ပြောပြပြီး နားထောင်ခိုင်းတဲ့နည်းနှင့် သူ့ဖာသာ လေ့လာသင်ယူမှုလုပ်နေခြင်းသာဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးနှင့် လေ့လာသင်ယူမှုကို အောင်မြင်နေကြတဲ့ ရှေ့ နေတွေနှင့် ရောဂါရှာဖွေတဲ့ ဆေးပညာရှင်တွေလည်း လုပ်တတ်တယ်လို့ ဆိုပါတယ်။

အောင်မြင်တဲ့ စာတမ်းတွေကို ရေးနေကြတဲ့ တချို့ တက္ကသိုလ်ပါမောက္ခတွေကျတော့ သူတို့စာသင်နေတဲ့အချိန်မှာ သူတို့အသံကို သူတို့ပြန်နားထောင်ရင်းကနေ အဲဒီကနေ စာတမ်းရေးဖို့အတွက် အထောက်အကူပြန်ဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။ Drucker ကတော့ လူတွေ လုပ်လေ့လုပ်ထရှိတဲ့ သင်ယူပုံသင်ယူနည်း ဒါဇင်ဝက်လောက်ရှိမယ်လို့ ခန့်မှန်းတွက်ပြထားပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်လိုသင်ယူနည်းကို အားသန်လဲဆိုတာကို ကိုယ်တိုင်စီစစ်ပြီး အားသန်ရာအတိုင်းလေ့လာသင်ယူကြဖို့ သူကတိုက်တွန်းထားပါတယ်။

Peter Drucker ရဲ့  ဒီစာကိုဖတ်ပြီးသွားတော့မှ နာမည်ကျော်ပုဂ္ဂိုလ်တွေ တချို့ ကျောင်းစာမှာ ညံ့ဖျင်းကြတယ်ဆိုတာမျိုး၊ တချို့ တက္ကသိုလ်ပညာကို ပြီးအောင်ဆက်မတက်တော့ပဲ ကျောင်းထွက်လိုက်တာမျိုးတွေ ဖတ်ရတုန်းက သူတို့ကို Genius တွေမို့လို့ ဒီလိုမျိုး ဖြစ်ကြတာလို့ တွေးထင်မိခဲ့ဖူးရာကနေ၊ အခုတော့ သူတို့တွေဟာ သူတို့အတွက် ဘယ်လိုသင်ယူမှုပုံစံနှင့် လိုအပ်တဲ့ပညာကိုဆည်းပူးတာက အဆင်ပြေမယ်မှန်း ကိုယ့်ဖာသာ သဘောပေါက်သွားကြလို့ ဒီလိုမျိုး လုပ်လိုက်ကြတာဖြစ်မယ်လို့ မှန်းဆမိလာပါတယ်။ အထူးသဖြင့်တော့ သူများကို ပညာသင်ကြားပို့ချပေးနေရတဲ့ ဆရာတွေအနေနှင့်လည်း မိမိတပည့်တွေ စာမလိုက်နိုင်တာမျိုး တွေ့ရရင် သူတို့ညံ့ဖျင်းမှု၊ မိမိသင်ကြားတာညံ့ဖျင်းမှုကြောင့်လို့ တရားသေမတွက်ပဲ သင်ကြားမှုနှင့် သူတို့ရဲ့ သင်ယူလိုမှုပုံစံ အံမ၀င်လို့များ သူတို့ မလိုက်နိုင်ကြတာလားဆိုတာကို ထည့်စဉ်းစားပေးသင့်တယ်လို့လည်း တွေးမိပါတယ်။

ကျွန်တော်ကိုယ်တိုင် အွန်လိုင်းပေါ်မှာ တရားနှင့်ပတ်သက်တဲ့ စာတွေရေး၊ သူများရေးတဲ့စာတွေ၊ တရားတော်တွေ မျှဝေတာလုပ်တော့လည်း သတိထားမိလာပါတယ်။ တချို့ တွေ စာဖတ်တာကို အားမသန်ကြပါဘူး။ စာကို ဖတ်လိုက်ပေမယ့်လို့ စာရဲ့ ဆိုလိုရင်းကို သဘောမပေါက်တာတွေ့ရပါတယ်။ တချို့ လူတွေကို တရားခွေတွေ ပေးနားထောင်ခိုင်းတဲ့အခါမှာလည်း အဲဒီအတိုင်းပါဘဲ။ တချို့ တွေ နားထောင်တာမှာ အားမသန်တာကို တွေ့ရပါတယ်။ ဒီတော့ အကြောင်းမသိရင် ဒီလူတွေကဘဲ ပါရမီဓါတ်ခံနည်းနေသလိုလို၊ အကုသိုလ်ဓါတ်ခံများနေသလိုလို ထင်မှတ်စရာဖြစ်နေပါတယ်။ တကယ်ဖြစ်နိုင်ချေရှိတာကတော့ သင်ယူမှုပုံစံလွဲနေတာဘဲ ဖြစ်ဖို့ရှိပါတယ်။ ဒီတော့ ဓမ္မဒါနဖြန့်ဝေတဲ့အလုပ်လုပ်ချင်တဲ့သူအနေနှင့် လူတွေ များများတရားတွေနားလည်အောင်ဆိုရင်တော့ ဖြန့်ဝေမှုပုံစံအမျိုးမျိုးကို သုံးကြည့်သင့်တယ်လို့ ယူဆပါတယ်။

ဒီတော့ စစချင်းမေးထားခဲ့တဲ့မေးခွန်းဆီကို ပြန်သွားကြရအောင်ပါ။

မျက်စိလည်းကောင်း၊ စာလည်းဖတ်တတ်ကြတဲ့ သူတွေအတွက်ရော ဒီအသံပုံစံစနစ်ကို ပြောင်းတဲ့ကိစ္စက တကယ်လိုအပ်ပါသလား?

ကျွန်တော် ကိုယ့်ဖာသာ ဖြေမိတဲ့အဖြေကတော့ - တကယ်လိုအပ်ပါတယ်။ လူတွေအတွက်အကျိုးရှိမယ့် လောကီနှင့် လောကုတ္တရာစာပေတွေကို တတ်နိုင်သလောက်၊ လက်လှမ်းမီသလောက် အသံပုံစံအဖြစ်ပြောင်းပေးသင့်သလို၊ အသံတွေကိုလည်း စာအဖြစ်အသွင်ပြောင်းပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေ တစ်ဦးနှင့်တစ်ဦး အကြောင်းအရာတစ်ခုကို သဘောပေါက်နားလည်သွားအောင် သင်ယူကြတဲ့ပုံစံချင်း မတူညီလို့ပဲ ဖြစ်ပါတယ်။

ဒီအလုပ်ဟာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်တာတော့ ကျိန်းသေပါတယ်။ လူအင်အား၊ ငွေအင်အား၊ အချိန်အင်အားတွေတော့ အများကြီးစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ တစ်ဦးချင်း လုပ်တာထက် အုပ်စုဖွဲ့ပြီးလုပ်တာမျိုး၊ အဖွဲ့အစည်းတစ်ခုထူထောင်ပြီးလုပ်တာမျိုးဆိုရင် ပိုပြီး လွယ်ကူထိရောက်မှု ရှိနိုင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် လုပ်နိုင်တဲ့ အင်အားရှိသူများ ဦးစီးဦးဆောင်ပြုပြီး လုပ်သွားပေးကြဖို့ အပြုသဘောဆောင်ပြီး တိုက်တွန်းလိုက်ပါတယ်။ စာဖတ်သူများကရော ဒီကိစ္စအပေါ် ဘယ်လိုတွေးမိထားလဲဆိုတာလေး ပြောပေးနိုင်ရင် အများအတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်းခင်ဗျာ။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
October 4, 2012

No comments:

Post a Comment